သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, June 8, 2011

အမေရိကန် လွတ်လပ်ရေး ဘခင် ဘင်ဂျမင် ဖရန်ကလင်။ (အပိုင်း ၁)

အမေရိကန် လွတ်လပ်ရေး ဘခင် ဘင်ဂျမင် ဖရန်ကလင်။ (အပိုင်း ၁)

အမှန်အားဖြင့်- ပါရမီရှင် ပညာရှင်တွင် အခန်းတွင်- ဘင်ဂျမင် ဖရန်ကလင်၏ အကြောင်းကို ရေးသား ရန် မူလက စိတ်ကူးခဲ့သော်လည်း- ထူးခြားသော ပညာရှင် ပါရမီရှင် ဖြစ်ရုံမျှ မက- တိုင်းပြည် တစ်တိုင်းပြည်၏ လွတ်လပ်ရေး ဘခင်၊ တည်ဆောက်မှု ဘခင် ဖြစ်နေသောကြောင့် သီးသန့် ရေးထုတ်လိုက်ရပါသည်။

  • သူသည်-အမေရိကန် နိုင်ငံ၏ လွတ်လပ်ရေး ဘခင်တစ်ဦး ဖြစ်သည်။
  • သူသည်- စာရေးဆရာ နှင့် ပုံနှိပ်ထုတ်ဝေသူ တစ်ဦးသာမက- သတင်းစာ သမား တစ်ဦးလည်း ဖြစ်သည်။
  • သူသည်- နိုင်ငံရေး သမား နှင့် နိုင်ငံခေါင်းဆောင် ဖြစ်သည်။
  • သူသည်- သံတမာန် တစ်ဦးဖြစ်သည်။ (ပထမဆုံး ပြင်သစ်ဆိုင်ရာ သံအမတ်ကြီး)
  • သူသည်- ရူပဗေဒပညာရပ်တွင် လျှပ်စစ်ကို စတင်တွေ့ရှိသူ သိပ္ပံပညာရှင် ဖြစ်သည်။ (ပထမဆုံး မိုးကြိုးလွှဲ စနစ်ကို တီထွင်ခဲ့သူလည်း ဖြစ်သည်။)
  • သူသည်- အမေရိကန် တို့အား နားမျက်စိ အသိဥာဏ် ဖွင့်ပေးခဲ့သူ ဖြစ်သည်။
  • သူသည်- ပထမဆုံး အများ ကြည့်ရန် စာကြည့်တိုက်၊ ပထမဆုံး စာတိုက်စနစ်၊ ပထမဆုံး မီးသတ်ဌာန၊ ပထမဆုံး လမ်းမီးတိုင် စနစ် တို့ကို စတင် တည်ထောင် ခဲ့သူဖြစ်သည်။
  • သူသည်- လီယိုနာဒို ဒါဗင်ချီ လိုမျိုး၊ သိပ္ပံပညာရှင် ကြီး အိုင်းစတိုင်း လိုမျိုး ထူးချွန်သူ ဖြစ်၍ သူ၏ အိုင်ကျူ (I.Q) ပမာဏ ၁၆၀ ရှိသူဖြစ်သည်ဟု သတ်မှတ်ခြင်း ခံရသူ ဖြစ်သည်။
ထို့ကြောင့် သူ့အား “ပထမဆုံး အမေရိကန်” ဟူ၍လည်းကောင်း၊ “the most accomplished American of his age and the most influential in inventing the type of society America would become" သူတို့ခေတ်ကာလတွင် အောင်မြင်မှု အများဆုံး အမေရိကန် တစ်ယောက် နှင့် အမေရိကန် နိုင်ငံ အနေဖြင့် ဖြစ်လာမည့် - တီထွင် ဖန်တီးမှု လူ့အဖွဲ့အစည်း တွင်- အရေးပါ အရာရောက်ဆုံးသူ” ဟူ၍လည်း သတ်မှတ်ခဲ့ကြသည်။
ထို့ကြောင့်လည်း သူ၏ ရုပ်တုသာမက-သူ၏ ပုံဖြင့် အမေရိကန် ဒေါ်လာ ငွေစက္ကူတွင် လည်းကောင်း၊ စာတိုက် တံဆိပ်ခေါင်းများတွင် လည်းကောင်း နောင်လာ နောက်သားများ အမှတ် ရစေရန် ဂုဏ်ပြုထားခြင်း ခံခဲ့ရသည်။
  
သို့သော်-အခြားသူများထက် ပို၍ ထူးခြားနေသည်သေးသည်က-
  • သူသည်- အမေရိကန်တွင် ထိုအချိန်က ရေပန်းစားခဲ့သော- (တစ်နှစ်လျှင် အုပ်ရေ တစ်သောင်း ဖြင့် ၂၅-နှစ်တိုင်တိုင် ရောင်းချနိုင်ခဲ့သည် Poor Richard's Almanack ခေါ် သံဒိဋ္ဌ ဂြိုဟ်သွားပြက္ခဒိန်ကို Richard Saunders ဆိုသော ကလောင် အမည် ကိုသုံး၍- ရေးသားခဲ့သူ နက္ခတ် ဗေဒင် ပညာရှင် တစ်ဦး ဖြစ်သည်။ ဂြိုဟ်သွား ပြက္ခဒိန် တွက်ခြင်း ဂဏိတ အတတ်မှာ သင်္ချာပညာ ထူးချွန်ရန် အင်မတန် လိုသော ပညာရပ် ဖြစ်သည်။
  • သူသည်- အလွန်တရာ အဆင့်မြင့်သော အင်း (Magic Square) ပညာကို တတ်ကျွမ်း၍ ကိုယ်ပိုင် Magic Square ကို တီထွင်ခဲ့သည်။ ဆောင်းပါး နောက်ပိုင်းတွင် သူ၏ အင်းပညာ အဆင့်မြင့်ပုံကို ဖေါ်ပြပေးပါမည်။
အောက်ပါ စာတမ်းသည်ကား ဘင်ဂျမင် ဖရန်ကလင် အနေဖြင့် အသက် ၂၆-နှစ် အရွယ်- ၁၇၃၂ -ခုနှစ်၊ ဒီဇင်ဘာလ ၂၈-ရက်မှ စတင် ထုတ်ဝေခဲ့သော Poor Richard's Almanack ပါ ရေးသားချက်များပင် ဖြစ်ပါသည်။ 
"နက္ခတ်ဗေဒင် ပညာသည် ပညာရှိလူသား၊ မြင့်မြတ်သော မဟာ လူသားတို့၏ အဆင့်မြင့်သော ရှေးဟောင်း သိပ္ပံပညာရပ် တစ်ခုဖြစ်၏။ ယခင် ရှေးအခါ များက ဆိုလျှင်- စစ်ထိုးရာတွင် ဖြစ်စေ၊ ငြိမ်းချမ်းရေး ပြုရာတွင် ဖြစ်စေ၊ တိုက်ခိုက်မှု တစ်ခုခု ပြုရာတွင် ဖြစ်စေ- (တိုတို ပြောရမည် ဆိုလျှင်)- ကောင်းကင်မှ ဂြိုဟ် နက္ခတ်တာရာတို့၏ အမြင်၊ အယှဉ်တို့ကို စစ်ဆေး၍ ကောင်းမြတ်သော အချိန်အခါကို တင်ပြ နိုင်သော နက္ခတ်ပညာရှင်တို့နှင့် ဦးစွာ မတိုင်ပင်ပါပဲလျှက် မည်သည့် မင်းညီမင်းသား ကမျှ - မည်သည့် အရေးပါသော ကိစ္စကိုမျှ ဆောင်ရွက်ခြင်း မရှိခဲ့ ပါချေ။ ယခု အခါတွင်တော့- ထိုမြင့်မြတ်သော ၀ိဇ္ဇာပညာ ရပ်ကြီးသည် (ကျွန်တော့်တို့ ရောက်နေသော ခေတ်အတွက် ရှက်မိပါသည်။) သူတကာ အထင်သေး အမြင်သေး ခံရသော အဆင့်အထိ သေးသိမ် နိမ့်ကျနေပါတော့၏။ ကြီးမြတ်သူတို့သည် ကျွန်တော်တို့အား လျှစ်လျှူရှုကြ၏။ အင်ပါယာ ပြည့်ရှင်တို့သည် အသင်းအဖွဲ့ကြီးများ၊ ပါလီမာန် ဥပဒေများ ကျွန်တော်တို့အား မတိုင်ပင်ပါလျှက်- ပြုလုပ်ဆောင်ရွက် ကြ၏။-------------------"
ဤသို့သော - အမေရိကန် နိုင်ငံ၏ အထူးခြားဆုံးသော ပညာရှင်၊ သိပ္ပံ၊ ၀ိဇ္ဇာပညာရှင်၊ အမေရိကန် လွတ်လပ်ရေး ကြေညာစာတမ်းကို လက်မှတ်ရေးထိုးသော နိုင်ငံခေါင်းဆောင်ကြီး ဖြစ်ခဲ့သူ ဘင်ဂျမင်သည်-
  •  ကုန်ခြောက်ဆိုင် အသေးလေးပိုင်ရှင်၊ ဖယောင်းတိုင်၊ ဆပ်ပြာတို့ကို ပြုလုပ်ရောင်းချသော ဘခင်ဖြစ်သူ ဂျိုးဆီရယ့် ဖရန်ကလင် (ဘခင် ဘက်မှ အဘိုးဖြစ်သူ သောမတ် ဖရန်ကလင်သည် ပန်းပဲ ဆရာ ဖြစ်သည်။) မှ မွေးဖွားလာသူ ဖြစ်ပြီး- မွေးချင်း ၁၇-ဦး ရှိခဲ့သည်။
  • အသက် ၁၀-နှစ်သားတွင် ပညာရေး အဆုံးသတ်ခဲ့ရသည်။ ထိုအချိန်မှ စပြီး ဘခင် အလုပ်ကို ကူလုပ်ခဲ့ရပြီး- အသက် ၁၂-အရွယ်တွင် အကိုဖြစ်သူ၏ ပုံနှိပ်စက်တွင် အကူအလုပ်သမား အဖြစ်နှင့် လုပ်ခဲ့သည်။ စာပေ ပညာရပ်များကို မိမိကိုယ်တိုင် စာဖတ်ခြင်းဖြင့် လေ့လာ တတ်မြောက် လာခဲ့ရသည်။ အကိုဖြစ်သူသည် ဘင်ဂျမင် - ၁၅-နှစ် အရွယ်တွင် ကိုယ်ပိုင် The New-England Courant သတင်းစာ ပုံနှိပ်လုပ်ငန်း ကို တည်ထောင် ခဲ့သည်။ ဘင်ဂျမင်သည်- စာရေးချင်လွန်း သဖြင့် အကိုဖြစ်သူကို ခွင့်တောင်းသော်လည်း မရခဲ့ သဖြင့်- သူ့ကိုယ်သူ လူလတ်ပိုင်း မုဆိုးမ ဖြစ်သော Mrs. Silence Dogood ဟူသော ကလောင် နာမည် ဖြင့်- အကိုမသိအောင် စာမူများ ရေးသားခဲ့ရာ- တစ်မြို့လုံးက စိတ်ဝင်စားသော - အချို့သူများ ကပင် လက်ထပ်ခွင့် တောင်းခြင်း ခံရသော ကလောင် အမည် ဖြစ်ခဲ့သည်။ ထိုစဉ်က- သူသည် ၁၆-နှစ်သား အရွယ်ဖြစ်သည်။ အကိုဖြစ်သူ သိသွားသော အခါတွင်- သူ၏ အကိုလုပ်ငန်း အကူ အလုပ်သမား ဘ၀ ပါ ဇတ်သိမ်း သွားခဲ့ရသဖြင့်- ၁၇-နှစ်သား တွင် ဖီလာ ဒဲလ်ဖီးယား သို့ အိမ်ပြေး အဖြစ်ဖြင့် လာယင်း ဘ၀ကို စတင် ခဲ့ရသည်။
 ဤသည်ကား- ကမ္ဘာ့သမိုင်း အမေရိကန် သမိုင်းတွင်- နှစ်ပေါင်း ၃၀၀ ကျော်သည် အထိ ထင်ရှားသည့်- အမေရိကန် ဘခင်ကြီး ဘင်ဂျမင် ဖရန်ကလင်၏ ဘ၀ အစပင် ဖြစ်တော့သည်။ အောက်တွင် ဖေါ်ပြထားသည်မှာ- Richard Saunders အမည်ဖြင့် ရေးသား၍၊ ဘင်ဂျမင် ဖရန် ကလင် အနေဖြင့် ပုံနှိပ် ထုတ်ဝေသူ အနေဖြင့် နှစ်ပေါင်း ၂၅-နှစ်တိုင်တိုင် အောင်မြင်ခဲ့သည့် Poor Richard's Almanack သံဒိဋ္ဌ ဂြိုဟ်သွား ပြက္ခဒိန် ပင်ဖြစ်ပါသည်။
နက္ခတ်ပညာ ၏ မူရင်း ရှေးပညာများတွင်- မပါခဲ့ပဲ- နောက်တိုး စာရင်းဝင် ဖြစ်လာသည့် ယူရေးနပ်စ်၊ နက်ပ်ကျွန်း၊ ပလူတို (ပလူတိုကို ၁၉၃၀ ကြမှ စတင် တွေ့ရှိပြီးနောက်- ၂၀၀၆ ခုနှစ် တွင် Astronomer များမှ Dwarf Planet အဖြစ် အဆင့်ဖြုတ်ချလိုက်သော်လည်း- အနောက်တိုင်း ဗေဒင် ပညာရှင် အများစု တို့ကမူ-ဗေဒင် ကိစ္စတွင် ဆက်လက် သုံးစွဲနေဆဲ ဖြစ်သည်။) တို့ကို ထိုစဉ်က ဘင်ဂျမင် ဖရန်ကလင် အပါအ၀င် အနောက်တိုင်း ပညာရှင်များ မသုံးခဲ့သည် သာမက-  ယခုအခါ အနောက်တိုင်း ပညာရှင်တို့ အသုံးမပြုသော ရာဟု (Dragon's Head) နှင့် ကိတ် (Dragon's Tail) တို့ကို သူ၏ ပြက္ခဒိန် တွင် ပါဝင်သောကြောင့်- သာယန မူ ဖြစ်သည်က လွဲ၍- အရှေ့တိုင်း ဝေဒ ပညာ နှင့် တူသည်ဟု ပင် ဆို၍ ရပါသည်။ (ပညာရှင်များ အနေဖြင့် မူရင်း နက္ခတ်ပညာ ကို သတိပြုမိစေရန် ဖြစ်ပါသည်။)
နျူမာန် (မိုးတား)

ဦးနေဝင်း

ဦးနေဝင်း

ဗိုလ်ချုပ်ကြီးနေဝင်း
မွေးနေ့ ၆ ဇူလိုင် ၁၉၁၀
ကွယ်လွန် ဒီဇင်ဘာလ (၅) ၊၂ဝဝ၂
မွေးဖွားရာဒေသ ပေါင်းတလည်မြို့
ရာထူးအလုပ်အကိုင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော် သမ္မတ ၊ နိုင်ငံတော် ကောင်စီဥက္က​ဌ၊ ပါတီ ဥက္က​ဌ
လူသိများခြင်းမှာ ရဲဘော်သုံးကျိပ်ဝင်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ကွန်ယက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ဦးနေဝင်းသည် ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ တွင် တိုင်းပြည်အာဏာသိမ်းယူခဲ့ပြီး ၁၉၈၁-ခုနှစ်၊ နိုဝင်ဘာလ ၉-ရက်နေ့အထိ နိုင်ငံတော်သမ္မတ တာဝန် ထမ်းဆောင်ခဲ့သည်။


ငယ်စဉ်ဘဝ

သခင်ရှုမောင်၊ (ခ) ဗိုလ်နေဝင်း၊ ပြည်မြို့ အနီးရှိ ပေါင်းတလည်မြို့၌ ၆ ဇူလိုင် ၁၉၁၀ ပြည့်နှစ်တွင် [1] မွေးဖွားသည်။ ငယ်နာမည် ရှုမောင် ဖြစ်သည်။ တရုတ်ကပြားစပ် တစ်ဦးဖြစ်သည်။ ၁၉၂၉ နှစ်ဦးပိုင်းတွင် ရန်ကုန် တက္ကသိုလ် တွင် ဇီဝဗဒေ ဘာသာရပ်ကို သင်ကြားခဲ့ပါသည်။ ကိုရှုမောင်သည် ဂျပ်ဆင် ကောလိပ်တွင် တက်ရောက် ပညာသင်ကြားခွင့် ရခဲ့သော်လည်း ၁၉၃၁ ခုနှစ်တွင် ဘွဲ့မရဘဲ ကျောင်းထွက်ခဲ့ရပြီး၊ ယခင်ချာချီလမ်း (ယခု ကိုယ့်မင်းကိုယ်ချင်းလမ်း) ရှိ ရန်ကုန်မြို့၊ ဆင်ခြေဖုံး ရပ်ကွက် စာတိုက်ခွဲတခုတွင် အငယ်တန်းစာရေးလေး ဖြစ်ခဲ့သည်။ ထိုသို့ စာတိုက်စာရေး၊ ထို့နောက် သခင်ဗစိန်သခင်ထွန်းအုပ်တို့၏ နောက်လိုက် ဘဝမှ ရဲဘော်သုံးကျိပ်ဝင် ဖြစ်လာပြီး၊ သခင် ရှုမောင် မှ ဗိုလ်နေ၀င်း ဟုအမည်ပြောင်းလဲခဲ့သည်။ ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ ဗမာ့အမျိုးသား တပ်မတော်၏ စစ်ဦးစီးမှူး ဖြစ်သည်။ ဗမာ့အမျိုးသား တက်မတော် တွင် Commander အဖြစ်ဖြင့် ဂျပန်များ နှင့် အလံနီကွန်မြူနစ် ပါတီတို့ကို ချေမှုန်းခဲ့သည်။ ၁၉၅၈ အောက်တိုဘာလ ဖဆပလ နှစ်ချမ်းကွဲချိန်တွင် ဦးနေ၀င်းသည် အိမ်စောင့်အစိုးရ အဖြစ်ဖြင့် အာဏာသိမ်းယူကာ ၁၉၆၀ ဧပြီလတွင် အနိုင်ရ ပါတီ ဖြစ်သော သန့်ရှင်းဖဆပလ ကို အာဏာလွှဲ ပြောင်းပေးခဲ့သည်။
၁၉၁၁ ခုနှစ်တွင် မွေးဖွားခဲ့သည့် တရုတ်-မြန်မာ ကပြားဖြစ်သူ ငယ်နာမည် ရှုမောင် (ခေါ်) ဦးနေဝင်းသည် ဦးနုထက် ၄ နှစ်ငယ်ပြီး ဗိုလ်ချုပ်အောင်ဆန်းထက် ၅ နှစ်ကြီးသူ ဖြစ်သည်။ ဖက်ဆစ်ဂျပန် တော်လှန်ရေး ပြီးနောက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးကို ဇောက်ချလုပ်နိုင်ရန် အတွက် ဗမာ့ တပ်မတော်မှ နှုတ်ထွက်သွားသော အခါ မဟာမိတ် တပ်ပေါင်းစု သေနာပတိချုပ် 'လောဒ့်လူးဝစ် မောင့်ဘက်တန်' အား မြန်မာ့ တပ်မတော်သစ်တွင် မြန်မာတို့ဘက်မှ ထိပ်တန်း ရာထူး နေရာအတွက် ဗိုလ်လင်္ကျာကို ထောက်ခံ အမည် ပေးခဲ့သည်။ ဗိုလ်နေဝင်းကို မဟုတ်ခဲ့ချေ။ တချိန်တည်း၌ပင် ဗိုလ်လက်ျာ၏ လုပ်ဖော်ကိုင်ဖက် နေရာကို ယူရန်အတွက် အမြဲတမ်း ဗမာ့တပ်မတော်မှ အဆင့်အမြင့်ဆုံး ကရင် အရာရှိ ဖြစ်သည့် ဗိုလ်မှူးကြီး စောကြာဒိုး ကို ခန့်အပ်ရန် စဉ်းစားပေးစေလိုကြောင်း မေတ္တာ ရပ်ခံခဲ့လေသည်။
ထို့ကြောင့် ရဲဘော်သုံးကျိပ် အဖွဲ့ဝင် ဖြစ်ပင် ဖြစ်သော်ငြားလည်း ဦးနေဝင်းသည် ၁၉၄၆ ခုနှစ်၊ နောက်ပိုင်းကျမှသာ ယှဉ်ပြိင်သူများကို ရက်ရက်စက်စက် ဖယ်ရှားပြီး ထိပ်ပိုင်းနေရာသို့ မရမနေ စတင် တက်လှမ်းလာနိုင်ခဲ့ခြင်း ဖြစ်သည်။ ၁ သြဂုတ်လ ၁၉၄၈ တွင် နေဝင်းအား ဒု-စစ်ဦးစီးချုပ်နှင့် ဒု-သေနာပတိ (တပ်ပေါင်းစု) အဖြစ် ခန့်အပ်ခဲ့ပြီး၊ ၁၃ သြဂုတ်တွင် 'ဗိုလ်ချုပ်' အဆင့်သို့ ရာထူး တိုးမြှင့်ပေးခဲ့သည်။ ၁ ဖေဖော်ဝါရီ ၁၉၄၉ တွင်မှ ဗမာ့ တပ်မတော် စစ်သေနာပတိချုပ် အဖြစ် တာဝန် ပေးအပ်ခဲ့ပြီး၊ ၃ မတ်မှာမှ ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် ရာထူး ရခဲ့သည်။ ၁ ဇန်နဝါရီ ၁၉၅၆ တွင် ဗိုလ်ချုပ်ကြီး ရာထူး တိုးမြှင့်ပေးခြင်း ခံရသည်။
ထို့အပြင် လွတ်လပ်ရေး ရပြီးနောက် ကွန်မြူနစ်များ၊ ပြည်သူ့ ရဲဘော်များ တောခိုသွားပြီး အမှတ် (၁) နှင့် အမှတ် (၃) ဗမာ့ လက်နက်ကိုင်တပ်များ ပုန်ကန်ထကြွသည့် အချိန်တွင် ဗိုလ်နေဝင်း၏ အမှတ် (၄) ဗမာ့ လက်နက်ကိုင်တပ်သည် အစိုးရ အတွက် တခုတည်းသော မှီခိုအားထားရာ အဓိကမဏ္ဍိုင် ကြီးဖြစ်လာခဲ့သည်။ သို့သော်လည်း နိုင်ငံတော် ကာကွယ်ရေးကို တပြည်လုံး ဖြန့်ကျက်ထားနိုင်ရန် အတွက် ဦးတင်ထွဋ်၏ ပြည်ထောင်စု အရန် တပ်ဖွဲ့များ ကဲ့သို့သော တပ်ဖွဲ့ အသစ်များကို ထူထောင်ခဲ့ရသည်။
ထို့နောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၂ ခုနှစ် အထိ တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ဆောင်ရွက်ကာ၊ ၁၉၆၂ ခုနှစ်တွင် စစ်တပ်ဖြင့် နိုင်ငံတော် အာဏာကို သိမ်းယူခဲ့သည်။ ထို့ကြောင့် ၁၉၆၂ ခုနှစ်မှ ၁၉၇၄ ခုနှစ် အထိ တော်လှန်ရေး ကောင်စီ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ၁၉၇၄ ခုနှစ်မှ ၁၉၈၁ ခုနှစ် အထိ ဆိုရှယ်လစ်နိုင်ငံ သမ္မတ အဖြစ် လည်းကောင်း၊ ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ပြိုင်ဝံ့သူမရှိ ဆောင်ရွက်ခဲ့သည်။
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ရာထူးမှ နောက်ဆုံး နုတ်ထွက်သည့် ၁၉၈၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ တိုင်အောင် ဗိုလ်ချုပ်ကြီး နေဝင်း၏ (၂၆) နှစ်တာ အာဏာရှင် အုပ်စိုးမိုးမှု ကာလ အတွင်း ပထမဆုံးမှ နောက်ဆုံးအထိ ဗိုလ်ချုပ်ကြီး နေဝင်းသည် မည်သို့သော ပြိင်ဆိုင်မှုနှင့် ဆန့်ကျင်မှုကိုမျှ လက်သင့် မခံခဲ့ချေ။ သူ အာဏာရယူပြီး မကြာမီပင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများက အနည်းငယ်မျှ ဆန့်ကျင်မှု ပြုရာတွင် သူ၏ အမိန့်အာဏာကို သူက ကြေညာပြခဲ့သည်။ သူ၏ လက်မရွံ့ စစ်ဗိုလ် ဗိုလ်မှူးကြီး စိန်လွင်က သူ၏ အမိန့် (တပ်မတော်ကို ထိလာရင် ဓားဓားချင်း၊ လှံလှံချင်း ရင်ဆိုင်မယ်) အတိုင်း လက်နက်မဲ့ ကျောင်းသား လူငယ်များကို ရာနှင့်ချီ၍ သတ်ဖြတ် ပစ်ခဲ့သည်။ အမှန်မှာမူ သူ့ကို ထိလာလျှင် တုံ့ပြန် လက်စားချေရန် ဆိုလိုရင်း ဖြစ်သည်။ ဇူလိုင်လတွင် ရာထူးမှ နုတ်ထွက်သော အခါတွင်လည်း "တနိုင်ငံလုံးက လူထုတွေကိုပြောမယ်၊ ဆူဆူပူပူ လုပ်လို့ ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်" ဟု အားကိုးရာမဲ့ တိုင်းသူပြည်သားများအား ကြိမ်းဝါး၍ စစ်တပ်အား လမ်းညွှန် သွားခဲ့သေးသည်။ နောက် ၂ လ အတွင်းတွင် 'သတ်မတော်' အဖြစ် သူပြောင်းလဲခဲ့သော တပ်မတော်သည် မိမိတို့ သွေးရင်းသားရင်း ပြည်သူများကို ထောင်နှင့်ချီ၍ မညှာမတာ သတ်ဖြတ်ပစ်ပြီး သူ့ မိန့်ကြားချက်ကို ချက်ချင်း အကောင်အထည်ဖော် အတည်ပြုပေးခဲ့သည်။
အာဏာရှင်က သူ၏ မဆလ ဥက္ကဋ္ဌ ရာထူးနှင့် ဗိုလ်ချုပ်ကြီး စန်းယု နုတ်ထွက်ပေးထားသော သမ္မတ ရာထူးတို့ကို သူ၏ အရင်းနှီးဆုံး ခြံပေါက်များ ဖြစ်သည့် ပထမဦးစွာ စိန်လွင် (၂၀ ရက် သက်တမ်း) နှင့် ထို့နောက် ဒေါက်တာမောင်မောင် (၃၀ ရက် သက်တမ်း) တို့ထံ မသိမြဲ မသိဘာသာဖြင့် လက်လွှဲပေးခဲ့သည်။ နိုင်ငံသားများက အုံ့ကလာရာတွင် နေဝင်းကိုယ်တိုင် တပ်မတော်၏ ထိပ်ပိုင်း ဗိုလ်ချုပ်များနှင့် အရာရှိများကို ဆင့်ခေါ်ပြီး အမြင့်ဆုံး ရာထူးရှင် ဗိုလ်ချုပ်ကြီး စောမောင်ကို စက်တင်ဘာ ၁၈ ရက်တွင် အာဏာသိမ်းခိုင်းပြီး နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ငြိမ်ဝပ်ပိပြားရေး ကောင်စီ (ယခု နအဖ - နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အဖြစ် အမည်ပြောင်းထား) ကို ဖွဲ့စည်းစေခဲ့သည်ဟု ယုံကြည်ရသည်။
ရှုမောင်သည် အငယ်တန်း စာရေးလေး အဖြစ် အလုပ်လုပ်ဖက် ဒေါ်တင်တင်ကို ၁၉၃၀ ခုနှစ်လည်တွင် လက်ထပ်ခဲ့ပြီး သား ၂ ဦး ထွန်းကားခဲ့သည်။ သူတို့ ကွဲပြီးနောက် မနာလို ဝန်တိုပြီး ဒေါသနှင့် အာဃာတတရား ကြီးမားလှသည့် ဗိုလ်ချုပ်ကြီး နေဝင်း အဖြစ် မစ္စစ် ကေတီတောင်ကြီး (ခ) ကေတီဘသန်း (ခ) ခင်မေသန်းကို ၁၉၅၀ ခုနှစ် အစောပိုင်းတွင် လက်ထပ်ခဲ့သည်။ သူ့တွင် သမီး သုံးဦး ပါရှိလာခဲ့ပြီး နေဝင်းနှင့် သမီး ၂ ယောက်၊ သား ၁ ယောက် ရရှိခဲ့သည်။ သူသည် ၁၉၇၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ၁၉၇၀ ခုနှစ်လည်တွင် ဒေါ်ကြာဆန်ဟု ခေါ်သော ရခိုင် အမျိုးသမီး တဦးကို ဇနီးမယား ပြုခဲ့သည်ဟု ကောလာဟလ ဖြစ်ခဲ့သည်။ ကုန်းဘောင်မင်းဆက်မှ ဘုရင် မင်းတုန်းမင်း၏ မြစ်တော်သူ ဂျွန်ရို့စ် ဘယ်လာမီ (June Rose Bellamy) (ခ) ရတနာနတ်မယ်ကို ၁၉၇၅/၇၆ ခုနှစ်တွင် တရားဝင် လက်ထပ်ခဲ့ပြန်သည်။ ယင်းအိမ်ထောင်မှာလည်း ခေတ္တမျှသာ ခံပြီး အိမ်တွင်း ရန်ဖြစ်မှု အတွင်း ဆေးလိပ်ပြာ ဖန်ခွက်ဖြင့် ပစ်ပေါက်မှုနဲ့ အဆုံးသတ် သွားခဲ့သည်။ မည်သူက စပစ်ပေါက်သည်နှင့် ပတ်သက်၍ သတင်းပြန့်ပွားမှု အတွင်း ဝိဝါဒ ကွဲလွဲမှုများ ရှိခဲ့သည်။ နောက်ဆုံး သိရှိရသည့် လက်ထပ်ထိမ်းမြားမှုမှာ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ သုတေသန ကထိက ဒေါ်နီနီမြင့်နှင့် ဖြစ်သည်။ သူ့နှင့် ကွဲပြီး ပြန်လည် လက်ထပ်ပြန်သည့် အတွက် ယင်းကို နှစ်ကြိမ်ဟု တွက်လျှင် စုစုပေါင်း (၆) ကြိမ် ရှိသည်။
၂၀၀၂ ခုနှစ်၊ မတ်လ ၇ ရက်နေ့၌ နေဝင်း၏ ကြာမြင့်လှသော တဦးတည်း စစ်အာဏာရှင် အုပ်စိုးမှုသည်လည်း နောက်ဆုံးတွင် အပြီးတိုင် လုံးဝဥဿုံ ပြိုကျ ပျက်ဆီးသွားခဲ့ပြီး၊ သူ့မိသားစုသည်လည်း အလားတူ ကျဆုံး သွားရတော့သည်။ သူ၏ အချစ်ဆုံး သမီး ခင်စန္ဒာဝင်း၏ ယောက်ျား အေးဇော်ဝင်းနှင့် သူတို့၏ သားသုံးဦး ဖြစ်သူ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့မှာ မအောင်မြင်သော အာဏာသိမ်းရန် ကြံစည်မှုဖြင့် ဖမ်းဆီး ခံခဲ့ကြရသည်။ ထိုအမှုတွင် ခင်စန္ဒာဝင်းလည်း အတွင်းကျကျ ပါဝင် ပတ်သက်ခဲ့သည်ဟု ဆိုသော်လည်း အစွပ်စွဲခံရသော ယောက်ျား ၄ ဦးကိုသာ ထောင်ထဲ ဆွဲသွင်းခဲ့ပြီး စန္ဒာဝင်းနှင့် သူ့၏ အဖေ အာဏာရှင်အိုကြီးကို အိမ်တွင်း အကျယ်ချုပ် ချခံခဲ့ကြရသည်။ နိုင်ငံတော် အာဏာကိုသိမ်းရန် ပူးပေါင်း ကြံစည်မှုဖြင့် တရားစွဲခံရသူ ၄ ဦးကို ၉ လကြာ နိုင်ငံတော် ပုန်ကန်မှုဖြင့် စစ်ဆေး တရားစီရင်ကာ သေဒဏ် အပြစ် ပေးခဲ့သည်။ သူတို့အား စီရင်မည့်ရက်ကို မသတ်မှတ်သေးသော်လည်း၊ သူတို့မှာ သေဒဏ်ကျခံရန် ထောင်တွင်း တနေရာတွင် ရှိနေဆဲ ဖြစ်သည်။ ထို့နောက် အာဏာရှင်အိုကြီးမှာ အကျယ်ချုပ် ကျနေစဉ် ၂၀၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့၌ ရန်ကုန်မြို့ နေအိမ်တွင်ပင် သေဆုံးသွားသည်။
'[2]

အာဏာသိမ်းခြင်း

တော်လှန်ရေးကောင်စီ အမည်တွင်သော ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်သည် ဝန်ကြီးချုပ် ဦးနု ဦးဆောင်သော ဖဆပလ အစိုးရထံမှ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ မှာ အာဏာသိမ်းခဲ့သည်။

နိုင်ငံခေါင်းဆောင်ကာလ

မြန်မာနိုင်ငံ ၀န်ကြီးချုပ်အဖြစ် ၁၉၅၈ မှ ၁၉၆၀ ခုနှစ်အထိ ၎င်း၊ ၁၉၆၂ မှ ၁၉၈၈ အထိ နိုင်ငံတော်သမ္မတ၊မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌ၊နိုင်ငံတော်ကောင်စီ ဥက္ကဌ တာဝန်များ ကိုထမ်းဆောင် ခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဖွဲစည်း တည်ထောင် ခဲ့သူလည်းဖြစ်ပါသည်။ ၁၉၆၂ တွင် တော်လှန်ရေးကောင်စီ အာဏာရလာကာ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ၀န်ကြီးချုပ်ဖြစ်လာခဲ့သည်။ သွေးမြေမကျ တော်လှန်ရေးဟု ကမ္ဘာမီဒီယာများမှ ဖော်ပြခဲ့သော်လည်း သမ္မတဟောင်း စဝ်ရွှေသိုက်‎ ၏သားငယ်မှာ စစ်သားတစ်ဦး၏ သေနတ်ဒဏ်ကြောင့် ကွယ်လွန်ခဲ့သည်။ ၁၉၆၂-တွင် တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြကြရာ တက္ကသိုလ်ကျောင်းသားတစ်ရာကျော်မျှ ပစ်ခတ်ခံရကာ ကျောင်းသားသမဂ္ဂအဆောက်အဦး လည်းပျက်စီးခဲ့ရသည်။ ထိုနေ့ညနေ ၈ နာရီ တွင် ဗိုလ်ချုပ်ကြီးနေ၀င်းသည် “ဆူပူလှုပ်ရှားမှုများ ရပ်တန့် ခြင်းမရှိပါက ဓါးကိုဓါးဖြင့် သော်၎င်း၊ ၊ လှံကိုလှံဖြင့် သော်၎င်း တုန်ပြန်မည်”ဟု ၅-မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၂၆နှစ်ကြာ ၊ ၁၉၈၈ တွင် ဦးနေ၀င်းမကျောင်းသားသမ္မက အဆောက်အဦးကို မိုင်းခွဲရန် စေခိုင်းသူမှာ သူမဟုတ်ရပါကြောင်း ၊ ဗိုလ်အောင်ကြီးသာ တရားခံဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ဦးနေဝင်း

မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်

မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် ဆိုသည်မှာ ဦးနေ၀င်းမှ ရေးဆွဲထားသော စနစ်တစ်ခုဖြစ်သည်။ ဦးနေ၀င်းသည် “မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကိုတည်ထောင်ကာ တစ်ပါတီစနစ်ဖြင့် ၁၉၆၂ မှ ၁၉၈၈ အထိ အုပ်ချုပ်ခဲ့သည်။ ထိုအစိုးရသည် နိုင်ငံရေးသမားများကို ထောင်သွင်း အကျဉ်းချခြင်း အပါအ၀င် တိုင်းရင်းသားများ နှင့် ကွန်မြူနစ်များကို စစ်တပ်ဖြင့် ချေမှုန်းခဲ့သည်။ ၁၉၇၄ မတ်လ ၂ ရက်နေ့တွင် “ပြည်ထောင်စု ဆိုရှယ်လစ် မြန်မာနိုင်ငံတော်” အဖြစ် ပြောင်းလဲဖွဲ့စည်းကာ ဗိုလ်ချုပ်စိန်ဝင်းသည် ၀န်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၁၉၈၁-ခုနှစ်တွင် ဗိုလ်ချုပ်ကြီးစန်းယုသည် သမ္မတ ဖြစ်လာခဲ့သော်လည်း ၁၉၈၈-ခုနှစ်အထိ ဗိုလ်ချုပ်ကြီးနေ၀င်းသည် ပါတီခေါင်းဆောင်အဖြစ် ရပ်တည်ခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ မိသားစုဘဝ

အိမ်ထောင်ငါးဆက်ကျခဲ့သည်။

  • ပထမဆုံး ဒေါ်တင်တင် နှင့် အိမ်ထောင်ကျကာ ဦးငွေစိုး ကို မွေးဖွားခဲ့သည်။
  • ဒုတိယ ဒေါ်ခင်မေသန်း နှင့် အိမ်ထောင်ကျကာ ဒေါ်ကြေးမုံဝင်း ၊ ဒေါ်စန္ဒာဝင်း တို့ကို မွေးဖွားခဲ့သည်။
  • ဒေါ်ခင်မေသန်း ၁၉၇၂-နှစ်တွင် ကွယ်လွန် သောအခါ ဒေါ်နီနီမြင့် နှင့် လက်ဆက်ခဲ့သည်။
  • ထို့နောက် ရတနာနတ်မယ်နှင့် အိမ်ထောင်ပြုခဲ့သည်။
  • နောက်ဆုံး ဒေါ်နီနီမြင့် နှင့် ပြန်လည်အိမ်ထောင်ပြုခဲ့ပါသည်။

ကွယ်လွန်ခြင်း

၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့်အချိန်တွင် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၉၂)နှစ် ဖြစ်သည်။ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရသည် ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) ၏ ဈာပနကို သမီးဖြစ်သူ ဒေါ်စန္ဒာဝင်းနှင့် လူ (၂၅) ယောက်ခန့်သာ လိုက်ပါ ပို့ဆောင်ခွင့်ပေးခဲ့သည်။ မီးသင်္ဂြိုဟ်ပြီး အရိုးပြာကို ရန်ကုန်မြစ်အတွင်း မျှောခဲ့သည်။

သံဝေဂရဖွယ်

ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း)၏ ဈာပနကို မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံ အရ ခုနှစ်ရက်(ရက်သတ္တ တစ်ပါတ်) ထားရှိ ခွင့်မရရှိခဲ့ပေ။ သေဆုံသည့် နေ့ နေ့တွင်းခြင်းပင် သဂြိုလ်ခဲ့ရသည်။ ထို့အပြင် ရဲဘော်သုံးကျိပ်ဝင် ဖြစ်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချူပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူး သော ဗိုလ်ချုပ်ကြီးနေဝင်း(ငြိမ်း) သည် သူ၏ဈာပနကို တပ်မတော်စစ်သချိုင်း (မင်္ဂလာဒုံ) ၌ စစ်အခမ်းအနားဖြင့် ကျင်းပခွင့်လည်း မရရှိခဲ့ပေ။ အဆိုးဝါးဆုံးမှာ အထိမ်းအမှတ် အုတ်ဂူ ပြုလုပ်ခွင့်မရရှိဘဲ မီးသဂြိုလ်ပြီး အရိုးပြာများ ကို ရန်ကုန်မြစ်အတွင်းသို့ မျောချခြင်းကို ခံခဲ့ရသည်။

 ထင်ရှားသောလုပ်ဆောင်ချက်များ

  • ပြည်တွင်းလက်နက်ကိုင်ဆူပူသောင်းကြမ်းမှု့ ကိုအောင်မြင်ခြင်း၊
  • ကူမင်တန်တရုတ်ဖြူတို့၏ ပြည်ပကျူးကျော်မှု့ကိုအောင်မြင်ခြင်း၊
  • ဆိုရှယ်လစ်စနစ်ကိုထူထောင်ခြင်း၊
  • ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကိုပြည်သူပိုင်သိမ်းယူခြင်း၊
  • မဟာဝိဇယျစေတီတော်ကိုတည်ဆောက်ခြင်း၊
  • နိုင်ငံတော်မှလှည့်လှယ်သုံးစွဲနေသောငွေကြေးများကို တရားမ၀င်ငွေစက္ကူများအဖြစ် အကြိမ်ကြိမ်ကြေငြာခဲ့ခြင်း၊

ဦးကျော်ငြိမ်း၊ ဂိုရှယ်စစ်တမ်းနှင့် သောင်းကျန်းမှု စစ်မီးတောက်ဖောက်ခွဲခဲ့သူ ဗမာပြည်ကွန်မြူနစ်ပါတီ

ဦးကျော်ငြိမ်း၊ ဂိုရှယ်စစ်တမ်းနှင့် သောင်းကျန်းမှု စစ်မီးတောက်ဖောက်ခွဲခဲ့သူ ဗမာပြည်ကွန်မြူနစ်ပါတီ

အောင်စွမ်း
( ဗကပနဲ့ ပတ်သက်တဲ့ ဆောင်းပါးများကို ခပ်စိတ်စိတ်လေး ရေးတာလာတဲ့ ဆရာအောင်စွမ်းက ဗကပ တောခိုအောင် လုပ်ခဲ့တဲ့ တရားခံဟာ ဦးကျော်ငြိမ်း ဖြစ်တယ်။ ပြည်တွင်းစစ်ဟာ ဦးကျော်ငြိမ်းကြောင့် ဖြစ်ခဲ့ရတယ် ဆိုပြီး တင်ပြ လာပါတယ်။ ဘိုဘိုကျော်ငြိမ်းရဲ့ သူ့ဖခင်အကြောင်း ရေးသားချက်များနဲ့ ယှဉ်ဖတ်သင့်တဲ ဆောင်းပါး ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ထုတ်၊ Northern Star ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ )
ဖွားဖက်တော်ပြည်တွင်းစစ်
မြန်မာပြည်သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် လွတ်လပ်ရေး ရခဲ့သည်။ လွတ်လပ်ရေး ရရှိပြီး (၈၃)ရက်အကြာ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီ တောခို သွားခဲ့သည်။ ပြည်တွင်းစစ် မီးတောက်လောင် ခဲ့သည်။ သို့ဖြစ်၍ ပြည်တွင်းစစ်သည် လွတ်လပ်ရေး၏ ဖွားဖက်တော်သဖွယ် ဖြစ်ခဲ့သည်။ သို့သော် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်သည် ဗြိတိသျှ နယ်ချဲ့သမားတွေ လက်နက် ထုတ်ပေးခဲ့သည့် ဂဠုန်ဦးစော ခေါင်းဆောင်သည့် အာဏာရူးများ၊ နယ်ချဲ့ အလိုတော်ရိများ၊ လက်ယာ ဂိုဏ်သားများက တစ်ဖက်နှစ် ဗမာပြည် ကွန်မြူနစ် ပါတီ၊ ဆိုရှယ်လစ် ပါတီ၊ ပြည်သူ့ ရဲဘော် အပါအဝင် တိုးတက်သည့် အင်အားစုများက တစ်ဖက် အပြန်အလှန် အကြီးအကျယ် တိုက်ခိုက် ခဲ့ကြသည့် ပြည်တွင်းစစ် မဟုတ်ခဲ့ပေ။ ဖဆပလ ဆိုရှယ်လစ်များက တစ်ဖက်နှင့် ဗမာပြည် ကွန်မြူနစ် ပါတီက တစ်ဖက် ထိပ်တိုက် ရင်ဆိုင်ခဲ့ကြသည့် စစ်မီးသာ ဖြစ်ပါသည်။ ဤစစ်မီးသည် စစ်ကိုမလိုလားသည့် ပြည်သူလူထုကိုပင် ခြွင်းချက်ထားလေ့ မရှိပါ။ ပြည်သူလူထုကိုလည်း သွေးချောင်းစီးအောင် သတ်ဖြတ်၊ သေကျေ၊ ဒုက္ခပင်လယ် ဝေစေခဲ့ပါသည်။ အစွမ်းကုန် လောင်မြိုက် ဖျက်ဆီး ဝါးမြိုပစ်ခဲ့သည်။
သို့ဖြစ်ရာ “တရားခံ ဘယ်သူလဲဟေ့” ဟု မေးရတော့မည် ဖြစ်ပါသည်။ ဗမာပြည် ကွန်မြူနစ်ပါတီလော၊ အာဏာရ ဖဆပလ အစိုးရလော၊ စိစစ်စောကြော ရတော့မည် ဖြစ်ပါသည်။
ဖဆပလ အစိုးရ၏ တင်ပြချက်
ထိုစဉ်က အာဏာရ ဖဆပလ အစိုးရက သက်သေ သက္ကာယ အဖြစ် လက်ဆုပ်လက်ကိုင် ဖော်ထုတ် တင်ပြခဲ့သည့် တင်ပြချက် တစ်ရပ် ရှိခဲ့ပါသည်။ ယင်းတင်ပြချက်မှာ “ဂိုရှယ်စစ်တမ်း” ဖြစ်ပါသည်။ “ဂိုရှယ်စစ်တမ်း” တွင် “လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ အာဏာ သိမ်းယူဖို့၊ ပြည်တွင်းစစ် ပြုရေး လမ်းစဉ်ကို ဆုပ်ကိုင်ပြီး ပြည်တွင်းစစ် လမ်းကြောင်း အတိုင်း လျှောက်လှမ်းဖို့” ဆိုသည့် အကောက်အယူများ ပါရှိသည်။ ဖဆပလ အစိုးရက ယင်းအတိုင်း ကောက်ချက် ဆွဲပြလေ့ ရှိသည်။ အားလုံးကလည်း ထိုသို့ပင် မှတ်ယူခဲ့ကြသည်။ တကယ်တော့ ၄င်းတို့ လက်ညှိုး ထိုးပြလေ့ ရှိသည့် “ဂိုရှယ် စစ်တမ်း” ဆိုသည်မှာ အမှန်တကယ် မရှိခဲ့ပေ။ ကာယကံရှင် ကိုယ်တိုင်ကလည်း ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။ ခြေရာ ကောက်ကြည့်သည့် အခါ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရှိ ပြတိုက်တစ်ခုတွင် “မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ သုတေသန အချက်အလက် ဖိုင်တွဲများ” သိမ်းဆည်းထားခြင်း ရှိပါသည်။ ယင်းဖိုင်များထဲတွင် “ဗမာပြည် ကွန်မြူနစ် ဝါဒနှင့် ပတ်သက်သော စာရွက်စာတမ်းများ (၁၉၄၅-၁၉၇၇)” ဆိုသည့် ဖိုင်တွဲ တစ်တွဲလည်း ရှိနေပါသည်။ ယင်းဖိုင်တွဲ စာမျက်နှာ (၈၃)တွင် “ဗမာပြည် မျက်မှောက် နိုင်ငံရေး အခြေအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်များ” ရေးသူဘတင်၊ ၁၉၄၈ ခုနှစ် မတ်လဆိုသည့် စာတမ်း တစ်စောင်လည်း သိမ်းဆည်းပါရှိ နေပါသည်။ ဖဆပလ အစိုးရက လက်ညှိုးထိုးပြသည့် “ဂိုရှယ် စစ်တမ်း” ဆိုသည်မှာ အဆိုပါ စစ်တမ်းပင် ဖြစ်ပါသည်။ ခေတ် အဆက်ဆက် ယင်းစာတမ်းကိုပင် ရည်ညွှန်း ကိုးကား ပြောဆိုလေ့ ရှိပါသည်။
ဗကပ ဗဟိုကော်မတီဝင်ဟောင်း နှစ်ဦးဟ ပြောကြားချက်
ဤနေရာတွင် စကားစပ်၍ တင်ပြရလျှင် ဗကပ ဗဟို ကော်မတီဝင်ဟောင်းများ ဖြစ်သည့် ဆရာရာဂျန်တို့၊ လေထီး ဦးအုန်းမောင်တို့ကို သွားရောက် တွေ့ဆုံမေးမြန်း ခဲ့ဖူးပါသည်။ ယင်း ဆရာကြီးများက “ဂိုရှယ်စစ်တမ်း” ဆိုသည်ကို တွေ့လည်း မတွေ့ဖူး၊ ကြားလည်း မကြားဖူးကြောင်း ငြင်းဆိုကြ သည်ကိုလည်း ပြန်လည် သတိရ မိခဲ့ပါသည်။ တကယ်တမ်း တွင် “ဂိုရှယ်စစ်တမ်း” ဟုဆိုသော အဆိုပါ စာတမ်းကို မြင်တွေ့ ဖတ်ရှုခဲ့ရသူမှာ နှစ်ဦးသာ ရှိခဲ့ပါသည်။ ယင်းပုဂ္ဂိုလ်နှစ်ဦးမှာ ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် အတိုက်အခံ နိုင်ငံရေးသမား ဦးသိန်းဖေမြင့်တို့ ဖြစ်ပါသည်။
ဦးနု၏ မှတ်တမ်းတင် ရေးသားချက
ဝန်ကြီးချုပ်ဟောင်း ဦးနုက ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်သည့် “တာတေ စနေသား” စာအုပ်တွင် အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့ပါသည်-
သခင်သန်းထွန်းနှင့် ဂိုရှယ်တို့ အိန္ဒိယက ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ထိုစဉ်က ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်း လာတွေ့သည်။ သူနှင့်အတူ စာတမ်းတစ်စောင် ပါရှိလာသည်။
“ကျွန်တော်တို့ လူတစ်ယောက် ပေါ်လစ်ဗြူရိုထဲမှာ သွင်းထားပါသည်။ သူ့ဆီက ဒီစာတမ်းရတာ”
“အော်”
“ဒီလူက ဘယ်သူလဲ ဆိုတာ အထိတော့ မမေးပါနှင့်တော့။ ဝန်ကြီးချုပ်ကို ကျွန်တော် တောင်းပန်ပါတယ်”
ဦးကျော်ငြိမ်းသည် သခင်နုကို သူ့လက်ထဲက စာတမ်းကို လှမ်းပေးလိုက်သည်။ သခင်နု ဖတ်ကြည့်သည့်အခါ “မြန်မာ နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး အခြေအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်” ဆိုသည့် ခေါင်းစဉ်ကို တွေ့ရပါသည်။
“ဒီကိစ္စကို ကျွန်တော်တို့ ပြတ်ပြတ်သားသား လုပ်မှ ဖြစ်လိမ့်မယ်။ ဝန်ကြီးချုပ် ချီတုံချတုံ လုပ်နေလို့ မဖြစ်ဘူး။ ဒီ ကွန်မြူနစ် တွေ သူပုန်ထမှာ ဧကန်ပဲ”
မင်းဘယ်လို ပြတ်ပြတ်သားသား လုပ်ဖို့ စိတ်ကူးထားသလဲ ကျော်ငြိမ်း”
“ကွန်မြူနစ် ခေါင်းဆောင်တွေ အခုလို ရန်ကုန်မှာ စုနေတုန်း သူတို့ကို ဗြုန်းကနဲ ဖမ်းပြီး ထောင်ထဲ ထည့်ထားချင်တယ်” လို့ ပြောကြားလိုက်သည်။
ဦးသိန်းဖေမြင့်၏ မှတ်တမ်းတင် ရေးသားချက်
အလားတူပင် အတိုက်အခံ နိုင်ငံရေး သမားဟောင်း ဦးသိန်းဖေမြင့် ကလည်း ၎င်း၏ ပင်ကိုရေး “ကျော်ငြိမ်း” အတ္ထုပ္ပတိ စာအုပ်တွင် အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့ပါသည် -
“ကျော်ငြိမ်းမှာ ပြည်ထဲရေးဝန်ကြီး ဖြစ်သဖြင့် ယခု ကျွန်တော့်ထံ ယူလာသော ဆောင်းပါး သာမက ဂိုရှယ်က ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီတွင် လျှို့ဝှက်စွာ ဝေထားသော စာတမ်းကြီး တစ်စောင်ကိုလည်း ရထားသည်ဟု သိရသည်။ ပါတီက ကျွန်တော့်အား ထိုစာတမ်းကို ပေးသည် မဟုတ်ချေ။ ပါတီမှ ထွက်လာပြီးနောက် အတန်ကြာမှ ကျော်ငြိမ်း ယူလာ၍ ဖတ်ရသည်” ဟု ဖော်ပြထားပါသည်။
သို့ဖြစ်ရာ ဂိုရှယ်စစ်တမ်းကို ကြည့်မြင် ဖတ်ရှုဖူးသူမှာ ဦးနုနှင့် ဦးသိန်းဖေမြင့်တို့ နှစ်ဦးသာ ဖြစ်ကြောင်း ထင်ရှားပါသည်။ အချိန်ကာလ အားဖြင့် ၁၉၄၈ ခုနှစ် မတ်လဆန်းလောက် ဖြစ်ပါလိမ့်မည်။ ဖတ်ရှုခဲ့ရသူ နှစ်ဦးလုံး၏ ဖော်ပြချက်အရ “ဂိုရှယ် စစ်တမ်း” ကိုပေးသူက တစ်ဦးတည်းသာ ဖြစ်နေပါသည်။ ထိုပုဂ္ဂိုလ်မှာ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း ဖြစ်ပါသည်။
ဖြစ်နိုင်ချေ ရှိ / မရှိ
ဤတွင် ဦးကျော်ငြိမ်း ပြောကြားသကဲ့သို့ ဟုတ်/မဟုတ် ချိန်ထိုးသုံးသပ်ဖို့ လိုအပ်ပါသည်။ ယင်းကာလက ဗမာပြည် ကွန်မြူနစ် ပါတီတွင် နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ပေါ်လစ်ဗျူရို သုံးဦးသာ ရှိပါသည်။ အထွေထွေ အတွင်းရေးမှူး သခင် သန်းထွန်း၊ ရဲဘော်ဘတင် (ခ) ဂိုရှယ်နှင့် သခင်ဗသိန်းတင်တို့ ဖြစ်ပါသည်။
ပထမ ပုဂ္ဂိုလ်ဖြစ်သည့် သခင်သန်းထွန်းသည် ပါတီ၏ နံပါတ်တစ် ခေါင်းဆောင် ဖြစ်ပါသည်။ ပါတီကို သဘောတရား ရေးအရ ဦးဆောင်နေသူ ဖြစ်ရကား လုံးဝ မဖြစ်နိုင်ပါ။ ဒုတိယ ပုဂ္ဂိုလ်ဖြစ်သည့် ရဲဘော်ဘတင် (ခ) ဂိုရှယ်မှာ စွပ်စွဲခံရသူ ဖြစ်ပါသည်။ ကာယကံရှင် ဖြစ်နေပါသည်။ ဂိုရှယ်သည် ပဲခူးရိုးမ၊ ဖြုတ်ထုတ်သတ် ကာလ၊ သေမင်းနှုတ်ခမ်း ၀င်ရောက် နေချိန်မှာပင် နိုင်ငံတကာ အင်တာနေရှင်နယ် သီချင်းဆိုကာ လည်စင်းပေးခဲ့သည့် ကွန်ဆာဗေးတစ် ကွန်မြူနစ် တစ်ယောက် ဖြစ်ပါသည်။ လုံးဝ၊ လုံးဝ မဖြစ်နိုင်ပါ။ တတိယ ပုဂ္ဂိုလ်ဖြစ်သည့် သခင်ဗသိန်းတင်သည် ပါတီ၏ အရန် ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။ တစ်သက်ပန်လုံး ကွန်မြူနစ်ဝါဒနှင့် ဖက်တွယ် ပျော်မွေ့သွားသူ ဖြစ်ပါသည်။ ၎င်းလည်း လုံးဝ၊ လုံးဝ၊ လုံးဝ မဖြစ်နိုင်ပါ။
ယင်း ပေါ်လစ်ဗျူရို အဖွဲ့ဝင် (၃)ဦးလုံးသည် ကွန်မြူနစ် ထိပ်သီးရင့်မာ ကြီးများ ဖြစ်ပါသည်။ ဦးကျော်ငြိမ်းနှင့် ပတ်သက် ဆက်နွယ်ရန် အကြောင်းမရှိ။ အလဲအထပ်ပြုရန် အကြောင်းမရှိ၊ သတင်းပေး သတင်းယူရန် နီးစပ်မှုမရှိ၊ မျက်စပစ်မည့် သူများ မဟုတ်သလို ရေလာမြောင်းပေး ပြုလုပ်မည့်သူများလည်း မဟုတ်ကြ။ သို့ဖြစ်ရာ ဦးကျော်ငြိမ်းသည် ၀န်ကြီးချုပ်၏ ယုံကြည်ကိုးစားမှု ရယူရန်အတွက် “ပေါ်လစ်ဗျူရိုဝင်” ဆိုသည့် စကားလုံးသုံးပြီး အယုံသွင်းခဲ့ခြင်း ဖြစ်ပါသည်။ ဦးနှောက်ထက် နှလုံးသားက ပိုကြီးနေသော ဦးနုကလည်း စဉ်းစားခဲ့မိပုံ မပေါ်။ ကျောင်းသား သမဂ္ဂမှ စ၍ ပေါင်းသင်း လာခဲ့သော ပြည်ထဲရေး ၀န်ကြီး၏ ပြောစကားအပေါ် ယုံစားမိခဲ့ခြင်း ဖြစ်ပါသည်။
ဂိုရှယ်အယူအဆ
ယင်းကာလက ဂိုရှယ် အယူအဆမှာ “သပိတ်စုံ သူပုန်ထရေး” လမ်းစဉ် ဖြစ်ပါသည်။ ဂိုရှယ် စစ်တမ်းပါ အချက်များနှင့် လုံးဝ ဆန့်ကျင် ကွဲလွဲပါသည်။ ဂိုရှယ်သည် သခင်သန်းထွန်းနှင့် သခင်ဗသိန်းတင် တို့၏ “ကျေးလက် အခြေခံ မြို့ဝိုင်းရေး” လမ်းစဉ်ကိုပင် တစ်လျှောက်လုံး ဆန့်ကျင်ခဲ့သူ ဖြစ်ပါသည်။ ကျောက်ကြီးပေါက်နှင့် စွယ်တော်မြိုင် တို့တွင် ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေး လေးကြိမ်စလုံးတွင် မိမိ အယူအဆကို ခိုင်ခိုင်မာမာ ကိုင်စွဲ ခုခံခဲ့သူ ဖြစ်ပါသည်။ ဒီတော့ “ဂိုရှယ် စစ်တမ်း” ဆိုသည်မှာ ဗမာပြည် ကွန်မြူနစ် ပါတီကို တရားဝင် ရပ်တည်ခွင့် မပေးလိုသည့် အတွက် တစ်စုံ တစ်ဦးက လုပ်ကြံလီဆယ် ရေးသားထားသည့် စစ်တမ်းသာ ဖြစ်ကြောင်း ကောက်ချက် ချရတော့မည် ဖြစ်ပါသည်။ ကာယကံရှင် ဂိုရှယ် ကိုယ်တိုင်ကလည်း ငြင်းဆို ထားပါသည်။ ယင်း စစ်တမ်း မရှိခဲ့ကြောင်း ဗကပ ဗဟို ကော်မတီဝင်ဟောင်း နှစ်ဦးကလည်း ပြောဆိုခဲ့ဖူးပါသည်။ စစ်တမ်းကို တွေ့မြင်ခဲ့ရသူ နှစ်ဦးကို တင်ပြခဲ့သူ မှာလည်း တစ်ဦးတည်းသော ဖြစ်နေပါသည်။ ယင်း တစ်ဦးတည်းသော ပုဂ္ဂိုလ်ထံမှစပြီး ယင်းထံမှာပင် လမ်းဆုံးနေပါသည်။ ရောက်လွယ်အောင် ပြောရလျှင် ပြည်ထဲရေး ၀န်ကြီး ဦးကျော်ငြိမ်းထံမှ စပြီး ဦးကျော်ငြိမ်းဆီမှာ လမ်းဆုံးနေသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။
ပူးတွဲတရားခံ
ဦးကျော်ငြိမ်း၏ ပင်ကိုယ်စိတ် အရင်းခံမှာ အစိုးရိမ် လွန်ခြင်း ဖြစ်ပါသည်။ တစ်ပါတည်းမှာပင် လက်ဦးမှု ရယူလိုစိတ် ကလည်း ရှေ့ဆောင်နေပါသည်။ ယင်းသဘော အခုအခံဖြင့် ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် အရာရာ တိုင်းသည် ဦးကျော်ငြိမ်း မျှော်လင့်သလို ဖြစ်မလာခဲ့ပါ။ အခံဘက်က မနေလိုသော သခင်သန်းထွန်း ခေါင်းဆောင်သည့် ဗမာပြည် ကွန်မြူနစ် ပါတီမှ ထိပ်တန်း ခေါင်းဆောင်များသည် သပိတ် မစုံသေးခင်မှာပင် တောပုန်း လိုက်ရတော့သည်။ ဗဟိုတွင် အငြင်းအဆုံ ပြုဆဲမှာပင်၊ ဆုံးဖြတ်ချက်တစ်ရပ် ပီပီပြင်ပြင် မချမှတ်ရသေးခင်မှာပင် တောထဲ ရောက်သွား ရတော့သည်။ ပြည်တွင်းစစ် သန္ဓေသားသည် အသေမွေးမလာ။ အူဝဲသံဖြင့် မွေးလာသဖြင့် မီးတောက်သွားခြင်း ဖြစ်သည်။ ဦးကျော်ငြိမ်းအဖို့ မပြေးသော်လည်း ကန်ရာ ရှိသွားသည်။ မီးလောင်ရာ လေပင့် ဖြစ်သွားသည်။
  • ဗမာပြည် ကွန်မြူနစ် ပါတီသည် ပြည်တွင်းစစ်၏ တစ်တရားခံဟု ဆိုလျှင် ဦးကျော်ငြိမ်း၏ ပြုမူ ဆောင်ရွက်ချက် များကြောင့် ၄င်းသည်လည်း ပူးတွဲတရားခံ ဖြစ်ထိုက်ပါသည်။
  • ဗမာပြည် ကွန်မြူနစ်ပါတီသည် တိုင်းပြည်ကို မီးလောင်တိုက် သွင်းခဲ့သူ ဖြစ်လျှင် ဦးကျော်ငြိမ်းသည် ဓာတ်ဆီ လောင်းခဲ့သူ ဖြစ်ပေလိမ့်မည်။
  • ဗမာပြည် ကွန်မြူနစ်ပါတီသည် လက်နက်ကိုင် ဆူပူသောင်းကျန်းမှု လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသွားသူ ဖြစ်လျှင် လမ်းခင်းပေးသူမှာ ဦးကျော်ငြိမ်းဟု မှတ်ယူရပေလိမ့်မည်။

ဦးကျော်ငြိမ်း (သို့မဟုတ်) နိုင်ငံရေးသမား တဦး၏ အလင်း အမှောင်ဘဝများ

ဦးကျော်ငြိမ်း (သို့မဟုတ်) နိုင်ငံရေးသမား တဦး၏ အလင်း အမှောင်ဘဝများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


….“မင်းတို့မှာ အတွေးအခေါ်လွတ်လပ်မှု မရှိဘူး။
မော်စကို၊ ပီကင်း၊ ပုံစံချပေးတဲ့အတိုင်း တွေးခေါ်တယ် ပြောတယ်။
ဒါကြောင့် မင်းတို့ ကွန်မြူနစ်တွေ ငါမုန်းတယ်….
မင်းတို့မှာ မျိုးချစ်စိတ် မရှိဘူး…..”

(ကျော်ငြိမ်း)

….“ တို့ ကွန်မြူနစ်တွေ မျိုးချစ်စိတ် ရှိမရှိ။ မင်းအသိထိုက်ဆုံးပေါ့။
မသိဘူးဆိုရင်တော့…. လွတ်လပ်ရေးတိုက်ပွဲမှာ
မင်းမပါခဲ့ဘူးလို့ ဆိုရာရောက်သွားမှာပဲ….”

(သိန်းဖေမြင့်)

(က)

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် လူငယ်ကျောင်းသားတို့၏ ပါဝင်မှုအခန်းကဏ္ဍသည် ကြီးမား၏။ ဤသို့ဆိုလိုက်လျှင် …. ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း၊ ကိုလှဖေ၊ ကိုဗဆွေ၊ ကိုသန်းထွန်း …. စသည့် အမည်များက ထင်ရှားစွာနှင့် ပေါ်လာသည်။ ထိုအထဲ၌ သူတို့နှစ်ဦး၏ အမည်များကိုလည်း ချန်လှပ်ထား၍မရ….။ စာရင်းတို့၌ ထည့်သွင်းကြရမည်ပင်…။ သူတို့နှစ်ဦးဟူသည်က ….. (ဦး)သိန်းဖေမြင့်နှင့် (ဦး)ကျော်ငြိမ်းတို့ဖြစ်၏။

(ဦး) သိန်းဖေမြင့်က …. (ဦး) ကျော်ငြိမ်းအကြောင်းကို … “ကျော်ငြိမ်း” ဟူ၍ ရေး၏။
(ဦး) ကျော်ငြိမ်းကို နိုင်ငံရေးဇာတ်ခုံပေါ်တွင် ထား၍ (ဦး) သိန်းဖေမြင့်က ကလောင်နှင့် မီးမောင်းထိုးပြခြင်းဖြစ်၏။ “ကရောင်း” ရိုက်ချက်အမျိုးမျိုးအကြား၌ မီးမောင်းသည်လည်း ရွှေ့ပြောင်းရ၏။ အနီးအဝေးရွှေ့၏။ အလင်းအမှောင်ကွဲ၏။

နှစ်အပိုင်းအခြားအရဆိုပါမူ …. ၁၉၃၃ မှ ၁၉၆ဝ ခုနှစ်အတွင်း (ဦး)ကျော်ငြိမ်းနှင့် မြန်မာ့နိုင်ငံရေးခရီး …. (သို့မဟုတ်) “တွဲရေး ခွဲရေး” မှသည် “သန့်ရှင်း၊ တည်မြဲ” သို့ဟု ဆိုရမည်။
“ကျော်ငြိမ်း” ကို (ဦး) သိန်းဖေမြင့် ရေးသည့်အချိန်က ….
၁၉၆၁ ခုနှစ် ….. ၂ ဦး။

ထိုစဉ်က ….. တည်မြဲခေါင်းဆောင်ကြီး (ဦး) ကျော်ငြိမ်းသည် မြန်မာ့နိုင်ငံရေးတွင် အာဏာစက်ဝန်း၏အပြင်၌ ရောက်နေသည့်အချိန်….။

အာဏာစက်ဝန်းအတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အားယူပြင်ဆင်နေသည့်ကာလ…..။
(ခ)
kyaw
စာအုပ်အမည်                   ကျော်ငြိမ်း
စာရေးသူအမည်               သိန်းဖေမြင့်
ထုတ်ဝေသူ                      မောင်စိုးဝင် (ရွှေပြည်တန်စာအုပ်တိုက်)
အုပ်ရေ                           ၅၀၀၀
တန်ဖိုး                            ၂ ကျပ်

ဦးသိန်းဖေမြင့်နှင့် ဦးကျော်ငြိမ်းတို့ ၂ ဦး ဦးကျော်ငြိမ်း၏ နေအိမ်ဧည့်ခန်းအတွင်း ထိုင်ရင်း နိုင်ငံရေး နောက်ကြောင်း၊ ပြန်ပြောကြသည့် “ဟန်” နှင့် ကျော်ငြိမ်းကို စ၍ဖွင့်သည်။
၁၉၃၂-၃၃….။     

ထိုစဉ်က …. မန္တလေးဥပစာကောလိပ်တွင် ဦးကျော်ငြိမ်းနှင့် ဦးသိန်းဖေမြင့်တို့ ၂ ဦးသည် I.S.C နှင့် I.A အထက်တန်းများတွင် ပညာသင်ကြား၍ နေခဲ့၏။

မန္တလေး ဥပစာ ကောလိပ်က ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ ဥပစာကောလိပ်ဖြစ်သည်။ ထိုနှစ်က …. ရန်ကုန်တက္ကသိုလ် ကောင်စီသည် မန္တလေးဥပစာကောလိပ်ကို နောင်နှစ်တွင် ဖြုတ်ပစ်ရန် ဆုံးဖြတ်လိုက်၏။

ထိုဆုံးဖြတ်ချက်ကို မန္တလေး ဥပစာကောလိပ်ကျောင်းသား (ကို) သိန်းဖေနှင့် (ကို) ကျော်ငြိမ်းတို့ မကျေနပ်ကြ….။ ကန့်ကွက်ရန် လှုံ့ဆော်၏။ ကျောင်းသားထုအတွင်း ….. မန္တလေးမြို့သူမြို့သားများအတွင်း….။ ထိုမှ …. သူတို့ ၂ ဦးသည် မန္တလေးဥပစာကောလိပ်၏ ကျောင်းသားခေါင်းဆောင်များ ဖြစ်လာခဲ့ကြ၏။

ထိုခေတ် မြန်မာ့နိုင်ငံရေးက …. မြန်မာနိုင်ငံကို အိန္ဒိယပြည်မှ ခွဲရေးနှင့် တွဲထားရေး …. ဟူသည့် အယူအဆ ငြင်းခုန်နေကြသည့်ကာလ….။ တွဲရေးခွဲရေးအတွက် လူထုဆန္ဒခံယူမည်။ သူတို့ ၂ ဦးလုံးကမူ ခွဲရေးသမား ကျောင်းသားခေါင်းဆောင်များဖြစ်၏။
(ဂ)
၁၉၃၃-၃၄ တွင် သူတို့ ၂ ဦးစလုံး … ရန်ကုန်တက္ကသိုလ်သို့ ရောက်၏။ မန္တလေး ဥပစာမှ I.S.C အောင်ခဲ့သည့် (ဦး) ကျော်ငြိမ်းသည် ရန်ကုန်တက္ကသိုလ်တွင် B.S.C ဆက်၍မတတ်ဘဲ …. အင်္ဂလိပ်စာဂုဏ်ထူးတန်း တက်၏။

ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူတို့သည် …. နတ်မောက်မှ ကိုအောင်ဆန်း၊ မြစ်ဝကျွန်းပေါ်မှ ကိုနု၊ ထားဝယ်မှ ကိုဗဆွေ၊ ဆရာဖြစ်သင်ကောလိပ်မှ ကိုသန်းထွန်း…. စသည့် …. စသည့် လူငယ်ကျောင်းသားများနှင့် ရင်းနှီးခွင့် ရခဲ့ကြ၏။။ ထိုမှ တက္ကသိုလ်ကျောင်းသားသမဂ္ဂ စင်မြင့်တွင်အတူ လက်တွဲခဲ့ကြပြီး ….. မြန်မာ့လွတ်လပ်ရေးခရီး၏ ခြေလှမ်းသစ်ကို စတင်ကာလှမ်းခဲ့ကြ၏။

ကိုအောင်ဆန်း၊ ကိုနု၊ ကိုသိန်းဖေ ….. စသည့် ကျောင်းသားခေါင်းဆောင်များက သမဂ္ဂစင်မြင့်မှသည် တို့ဗမာအစည်းအရုံးသို့ကူး၍ “သခင်” ဝန်းကျင်ကို ချဲ့ကြ၏။ အစားဆင်းရဲခံ၊ အနေဆင်းရဲခံ၍ သခင်နိုင်ငံတော်သစ်ကို တို့ဗမာအစည်းအရုံးအတွင်းမှ တည်ဆောက်ကြ၏။ ကိုကျော်ငြိမ်းက …. သမဂ္ဂမှ ထွက်ပြီးနောက် …. တက္ကသိုလ်တွင်ပင် နည်းပြဆရာ ဝင်လုပ်၏။ ပြီးလျှင်… “အကောက်တော်ဌာန” ၌ ရာပြတ်အလုပ် ဝင်လုပ်ပြန်သည်။ ဤအကြောင်းကို …. ဆရာသိန်းဖေမြင့်က … ကျော်ငြိမ်းတွင်…
“ကျော်ငြိမ်းကား …. တို့ဗမာအစည်းအရုံးထဲမရောက်၊ လူထုလူတန်းစားတိုက်ပွဲများနှင့် ခပ်ဝေးဝေးဖြစ်နေလေသည်။ တဖက်မှာ ကျောင်းမှာ နည်းပြဆရာလုပ်ရခြင်း၊ အကောက်တော် ဌာနတွင် ရာပြတ်အရာရှိလုပ်ရခြင်း စသည်တို့ကြောင့် နိုင်ငံရေးတိုက်ပွဲများတွင် ရှေ့တန်းမှ ဗြောင်မပါနိုင်ချေ။ နောက်ကွယ်မှသာ ရဲဘော်ရဲဘက်များနှင့် ဥမကွဲ သိုက်မပျက် ရှိနေနိုင်၏။ အဓိကအားဖြင့် လျှို့ဝှက်နိုင်ငံရေးကိုသာ လုပ်နိုင်လေသည်။ ဤသို့သော … လူနေမှုဘဝနှင့် နိုင်ငံရေးဘဝသည် ကျော်ငြိမ်း၏ သဘောတရားနှင့် ဝါဒရေးရာ အတွေးအခေါ်များကို ပြုပြင်ပဲ့ကိုင်လျက်ရှိရာ၊ မာ့က်စ်ဝါဒနှင့် ကင်းကွာစေပြီး ပြင်းထန်သော အမျိုးသားရေး ဝါဒသြဇာအောက်သို့ ပို့ဆောင်ပေးလေသည်။” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၁၈-၁၉ မှ)
(ဃ)
ဦးသိန်းဖေမြင့်က “ကျော်ငြိမ်း” တွင် မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်မှ ဦးကျော်ငြိမ်းကို မီးမောင်းထိုး၍ပြထားသည့် နိုင်ငံရေးဇာတ်ကွက်အချို့ ဆွဲထုတ်၍ဖော်ပြလိုသည်။

ဂျပန်ခေတ်တွင် ဦးကျော်ငြိမ်းသည် ဂျပန်၏ ရုပ်သေးအစိုးရ အဖွဲ့အတွင်း၌ ပထမတွင် “ အစိုးရအဖွဲ့အတွင်းဝန်” လုပ်၏။ နောင်တွင်မူ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူ၏။ နိုင်ငံခြားရေးဝန်ကြီးက ဦးနုဖြစ်သည်။

တဖက်တွင်လည်း ဖက်ဆစ်တော်လှန်ရေးအတွက် “ပြည်သူ့အရေးတော်ပုံပါတီ” ကို ဦးဗဆွေ၊ သခင်ချစ် (နောင်တွင် …. ဗမာပြည်ကွန်မြူနစ်ပါတီ၊ ပဲခူးရိုးမ၌ ကျဆုံး)၊ သခင်မြတို့နှင့် အတူဖွဲ့စည်းထား၏။ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီတို့က ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွက် ညီညွှတ်သော တပ်ပေါင်းစုတရပ် တည်ဆောက်ရန် ကြိုးပမ်းရင်းနှင့်ပင်…၊

ပကတိဘာဝအခြေအနေအရ ဖက်ဆစ်တော်လှန်ရေးကြီးက ရင့်မှည့်၍ လာသည်။ ဤတွင် …. ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ဗမာ့မျိုးချစ်တပ်မတော်တို့ ပူးပေါင်း၍ “ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေး” (ဖတပလ) ကို ဖွဲ့စည်း၏။ တပ်ပေါင်းစုနှင့် ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲရန်ဖြစ်သည်။

(ဖတပလ) က ဖက်ဆစ်ဂျပန်ကို လက်နက်ကိုင်တော်လှန်ရန်အတွက် စစ်တိုင်းများခွဲ၏။ စစ်တိုင်းများအလိုက် တာဝန်ယူကြမည့် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်များ တာဝန်ပေး၏။ ဦးကျော်ငြိမ်းက စစ်တိုင်း ၆ တွင် နိုင်ငံရေးခေါင်းဆောင်အဖြစ် တာဝန်ယူရ၏။ စစ်တိုင်း ၆ ၏ စစ်ရေးခေါင်းဆောင်က ဗိုလ်ရဲထွဋ် (ရဲဘော်သုံးကျိပ်ဝင်) ဖြစ်သည်။ တိုင်း ၆ ၏ တာဝန်ကျရာနယ်မြေက… ပျဉ်းမနား၊ မိတ္ထီလာ၊ တောင်ငူနှင့် တောင်ပိုင်းရှမ်းပြည် ဒေသများဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပင် ရန်ကုန်မြို့၌ “အနီးကပ်ဆုံးရန်သူအား ရှာတိုက်ကြ” ဟူ၍၊ တပ်ထွက်မိန့်ခွန်းပေးပြီး သူကိုယ်တိုင်လည်း တာဝန်ကျရာ မြေထဲ၊ အောင်လံသို့ စစ်ထွက်၏။ ဦးကျော်ငြိမ်းကမူ ဖက်ဆစ်တော်လှန်ရေးကြီးအတွင်း၌ သူတာဝန်ကျရာ စစ်တိုင်း၊ တိုင်း ၆ သို့ မသွား….။ ရန်ကုန်တွင်ပင် နေခဲ့၏။

တာဝန်ကျရာအရပ်သို့ ဦးကျော်ငြိမ်း၊ မသွားဖြစ်သည့်အကြောင်းကို ….. ကျော်ငြိမ်းတွင်…
“ကျော်ငြိမ်းသည် ပျဉ်းမနား ဗိုလ်ရဲထွဋ်ထံသို့ လိုက်သွားရန် တာဝန်ကျသော်လည်း မလိုက်ဖြစ်တော့ချေ။ ကျော်ငြိမ်း တောခိုလျှင် သခင်မြနှင့် သခင်နုတို့အား ဂျပန်က လုံးဝယုံတော့မည်မဟုတ်ဟု ယူဆလေသည်။ သို့သော် … မတ်လ ၂၇ ရက်နေ့မတိုင်မီ စစ်ကိုင်း၊ မန္တလေးဘက်တွင် ဗိုလ်ဗထူး ဦးစီးသော တပ်မတော်သားများက ဂျပန်အား ထချလေရာ ဗိုလ်ချုပ်အောင်ဆန်းတို့က ဟန်ဆောင်ပြီး မည်မျှပင် အဆက်ဖြတ်ဖြတ် ဂျပန်က ဗမာ့တပ်မတော်အား မယုံတော့ချေ။” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၅၉)

(င)
ဖက်ဆစ်တော်လှန်ရေး ပြီးသည့်နောက် …. ဆင်းမလားမှ စစ်ပြေးကိုလိုနီ အုပ်ချုပ်ရေးအဖွဲ့သည် ရန်ကုန်သို့ ပြန်လည်၍ ရောက်ရှိခဲ့သည်။ (ဖဆပလ) က အင်အားအတောင့်တင်းဆုံး၊ အတိုက်အခံ အဖွဲ့အစည်းကြီးအဖြစ်နှင့် လွတ်လပ်ရေးခရီး ချီတက်လျက်ရှိသည်။ ဖဆပလအတွင်း … အားပြိုင်မှုများကလည်း ကြီးမား၏။

ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့၏ အားပြိုင်မှုများ ဖြစ်သည်။ (ဖဆပလ) အထွေထွေအတွင်းရေးမှူး နေရာမှ သခင်သန်းထွန်း ထွက်သွားပြီးသည့်နောက်တွင် (ဖဆပလ) ၏ အထွေထွေအတွင်းရေးမှူး နေရာအတွက် ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီတို့မှ အပြိုင်အဆိုင် ရရှိရေးအတွက် ကြိုးစားကြ၏။ ကွန်မြူနစ်ပါတီမှ (ဦး) သိန်းဖေမြင့်ကို ထိုနေရာသို့ ရရန် ကြံစည်ကြသကဲ့သို့ ပြည်သူ့အရေးတော်ပုံပါတီမှလည်း (ဦး) ကျော်ငြိမ်းကို တင်ရန် လုံ့လပြု၏။ (ဖဆပလ) ၏ နိုင်ငံလုံးဆိုင်ရာ ဦးစီးအစည်းအဝေး၌ မဲခွဲရာ (ဦး) ကျော်ငြိမ်းက မဲအသာနှင့် အထွေထွေအတွင်းရေးမှူးနေရာ ရရှိ၏။

နေရာအတွက် ယှဉ်ပြိုင်ကြသည်သာမက ….. အယူအဆရေးရာများတွင်လည်း မတူကွဲပြားမှုများနှင့်….။
၁၉၄၆ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံ၌ အထွေထွေအလုပ်သမားသပိတ်ကြီး ဖြစ်လာ၏။ ပြီးလျှင် … သပိတ်သည် အစိုးရအမှုထမ်းများ၊ ပုလိပ်များဆီသို့ပင် ကူးစက်၏။ ဤသို့သော အခြေအနေအပေါ် …. ပြည်သူ့အရေးတော်ပုံနှင့် ကွန်မြူနစ်တို့အကြား၊ အယူအဆရေးအရ၊ အမြင်ချင်းက မတူကြ….
“ကျော်ငြိမ်းသည် အစိုးရအမှုထမ်းများကို ဆိုင်းထားစေလိုသည်။ တဖက်က လက်နက်စုဆောင်း ပြင်ဆင်ထားပြီးမှ အထွေထွေသပိတ်ကြီးကို ပုလိပ်သပိတ်အထိ မြှင့်တင်ဆင်နွှဲလိုသည်ဟူ၍ အကြောင်းပြသည်။ ကျနော်နှင့်တကွ ကွန်မြူနစ်များက လက်နက်စုဆောင်းပြီးအောင် စောင့်နေဖို့မလို၊ အထွေထွေ သပိတ်ကြီးကို နက်ရှိုင်းစေရမည်။ ပုလိပ်သပိတ်အထိသာမက .. စစ်တပ်သပိတ်အထိ မြှင့်တင်သွားရမည်ဟု တောင်းဆိုကြသည်” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၈ဝ မှ)
သိန်းဖေမြင့်က … ထိုစဉ်ကာလ (ဖဆပလ) အတွင်း ပြည်သူ့အရေးတော်ပုံပါတီနှင့် ကွန်မြူနစ်ပါတီတို့ ပဋိပက္ခအား …..

“စက်တင်ဘာ အရေးတော်ပုံမတိုင်မီနှင့် အရေးတော်ပုံအတွင်းတွင်၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်ပဋိပက္ခသည် သဘောတရားရေးနှင့် နိုင်ငံရေး နယ်ပယ်ထဲမှာသာ နေသည်။ စက်တင်ဘာ အရေးတော်ပုံသည် (ပဆပလ) မှ ကြားဖြတ်အစိုးရ ဖွဲ့စည်းပြီး၊ အာဏာယူခြင်းနှင့် အဆုံးသတ်သွားသောအခါ အာဏာပဋိပက္ခ ဖြစ်လာလေသည်။
ထိုအချိန်အခါတွင် ပုဂ္ဂိုလ်ရေးတွေ လွှမ်းမိုးလာသည်။ ကွန်မြူနစ်ပါတီသည် (ဖဆပလ) ကြားဖြတ်အစိုးရအား ထောက်ခံနေရာမှ ဆန့်ကျင်သော လမ်းစဉ်သို့ ကူးပြောင်းသောအခါတွင်…၊ ရာထူးမရသော သခင်သန်းထွန်း၏ ပယောဂဖြစ်သည်ဟု ကျော်ငြိမ်းတို့ ဆိုရှယ်လစ်များက စွပ်စွဲကြသည့် နည်းအတူ ကြားဖြတ်အစိုးရဖွဲ့စေပြီး (ဖဆပလ) အား သစ္စာဖောက်လမ်းစဉ်ကို လိုက်စေခြင်းမှာ ဦးဘဖေနှင့် ကျော်ငြိမ်းကြောင့်ဖြစ်သည်ဟု စွပ်စွဲကြပြန်လေသည်။

ကွန်မြူနစ်ပါတီသည် ဝန်ကြီး ၂ နေရာ ရအောင်လုပ်ပြီး ကြားဖြတ်အစိုးရ အာဏာကို လက်ဝါးကြီးအုပ်ရန် ကြံစည်ခြင်းဖြစ်ကြောင်း၊ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုပင် သစ္စာဖောက်အဖြစ်ဖြင့် ထိပါးတိုက်ခိုက်လျက်ရှိပြီး ဖဆပလအစိုးရအား ဖြိုချရန် ကြိုးစားနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် အခုကတည်းက ထိုရန်ကို ဖျက်ဆီးပစ်ရန်လိုကြောင်း ကျော်ငြိမ်းသည် ဖဆပလတွင်းမှာ အတိအလင်း ပြောဆိုလာလေသည်။” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၈၃-၈၄ မှ)
ပြီးလျှင် …. (ဦး) ကျော်ငြိမ်းအား ဆရာသိန်းဖေမြင့်က … ဤသို့တည့်တည့်ပင် ဝေဖန်၏။

“ကျော်ငြိမ်းတွင် နိုင်ငံရေးလုပ်နည်းနှင့် ပတ်သက်ပြီး အယူအဆတခု ဝင်လာပြီဖြစ်၏။ မိမိနှင့်ပြိုင်ဘက် တဖက်သော အင်အားစုတွင် အန္တရာယ်မြင်လျှင် မလိုလားအပ်သော ကိုယ်ဝန်သားငယ်ကို မမြင်သလို မြင်ရမည်ဖြစ်ကြောင်း၊ ကိုယ်ဝန်သားငယ်ကို နေ့စေ့လစေ့ ကြီးရင့်ခွင့်မပေးဘဲ ဖျက်ချရမည်ဖြစ်ကြောင်း၊ သားလျှောကျစေရမည်ဖြစ်ကြောင်း နည်းကောင်းလမ်းကောင်းအဖြစ်ဖြင့် မြင်နေလေသည်” (သိန်းဖေမြင့်၏ ကျော်ငြိမ်း၊ စာမျက်နှာ ၈၄ မှ)

(စ)
လွတ်လပ်ရေး ရရှိပြီးသည့်နောက်ပိုင်း မြန်မာ့နိုင်ငံရေးသမိုင်းတွင် အာဏာရ (ဖဆပလ) ၏ အခန်းကဏ္ဍသည် ကြီးမား၏။ ထိုအထဲမှ …. (ဖဆပလ) အတွင်း၌ ဦးဆောင်မှုအခန်းကဏ္ဍတွင် တည်ရှိနေခဲ့ကြသည့် နိုင်ငံရေး ခေါင်းဆောင်ကြီးများ၏ အခန်းကဏ္ဍက ပို၍ အရေးပါသည်ဟု ဆိုရမည်။ သူတို့၏ တွေးမှု၊ မြင်မှု၊ လုပ်ဆောင်မှုများက လွတ်လပ်ရေးအလွန် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို ပြဋ္ဌာန်း၏။ မြန်မာနိုင်ငံ၏ လူမှုဘဝ၊ နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝ …. ဘဝအထွေထွေကို ထုဆစ်နိုင်ကြသည့်သူများဟု ဆိုရမည်။ ထိုအထဲ၌ …. ဦးကျော်ငြိမ်းသည်လည်း ပါ၏။ ထိုစဉ်က (ဖဆပလ) ၏ အထွေထွေအတွင်းရေးမှူး ဦးကျော်ငြိမ်း၊ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း….။

ဦးနု

ဦးနု

ဦးနု
မွေးနေ့ ၂၅၊မေ၊၁၉၀၇
ကွယ်လွန် ၁၄ဖေဖော်ဝါရီ၊၁၉၉၅
မွေးဖွားရာဒေသ မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့
ရာထူးအလုပ်အကိုင် နိုင်ငံရေးသမား၊၀န်ကြီးချုပ်
လူသိများခြင်းမှာ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးခဲ့သည့် ကာလပတ်လုံးတွင် နေလတစ်ပါးနှယ်ထင်ရှားသည့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ
တည်ထောင်ခဲ့သည့် အဖွဲ့အစည်း သန့်ရှင်း ဖ.ဆ.ပ.လ (နောင်တွင် ပြည်ထောင်စုပါတီ)
ကွန်ယက်
ဦးနုသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချိန်မှစကာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော်မှ အာဏာသိမ်းယူသည့်အချိန်ထိ၊ ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးခဲ့သည့် ကာလပတ်လုံးတွင် နေလတစ်ပါးနှယ်ထင်ရှားသည့် မြန်မာ့နိုင်ငံရေးခေါင်းဆောင် တစ်ဦးဖြစ်သည်။

ငယ်စဉ်ဘဝ

ဦးနုကို အဖ ဦးစံထွန်း၊အမိ ဒေါ်စောခင်တို့မှ ၁၉၀၇ ခုနှစ်၊မေလ၊၂၅ ရက် စနေနေ့၌ မြောင်းမြခရိုင်၊ ၀ါးခယ်မမြို့ တွင် မွေးဖွားသည်။ မွေးချင်းနှစ်ဦးတွင် အကြီးဆုံးဖြစ်၍ ညီငယ်အမည်မှာ မောင်ဥ ဖြစ်သည်။
၁၉၂၀ ခုနှစ်၊ တက္ကသိုလ်ကျောင်းသားသပိတ်တွင် ၀ါးခယ်မမြို့အစိုးရကျောင်း၌ ပဉ္စမတန်းမှ ပါဝင်ခဲ့သည်။ ၆-တန်း၌ ပညာသင်ကြားနေစဉ် ၀ါးခယ်မ အမျိုးသားကျောင်းတွင် ဆရာ အခက်အခဲ ရှိနေ၍ ဆရာတစ်ဘက် ကျောင်းသားတစ်ဘက် ဆောင်ရွက်ခဲ့သည်။

၁၉၂၅-ခုနှစ်တွင် ရန်ကုန် မြို့မ အထက်တန်းကျောင်းမှ ဆယ်တန်းအောင်မြင်ခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ် ဆက်တက်ခဲ့သည်။
၁၉၂၉-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘီ.အေ (၀ိဇ္ဖာ)ဘွဲ့ကို ရယူခဲ့သည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံး တည်ထောင်ရာတွင် ကမကထလုပ်၍ ပါဝင်ခဲ့သည်။ဦးသန့်၏ တိုက်တွန်းချက်အရ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင် ကျောင်းအုပ်အဖြစ် တာဝန် ထမ်းဆောင်သည်။ သုံးခွမြို့ အမျိုးသားကျောင်းသို့ ကျောင်းအုပ် အဖြစ် ပြောင်းရွေ့ခဲ့သည်။ ပန်းတနော်မြို့ အမျိုးသားကျောင်း ကော်မတီ ဥက္ကဌသမီး ဒေါ်မြရီ နှင့် အိမ်ထောင်ကျသည်။ ပန်းတနော် အမျိုးသားကျောင်းတွင် ပြန်လည်၍ တာဝန် ထမ်းဆောင်သည်။ ဦးနုတွင် သားနှစ်ဦး၊ သမီး နှစ်ဦး မွေးဖွားခဲ့သည်။ သားအကြီးမှာ ဦးသောင်းထိုက်ဖြစ်ပြီး ယခုအခါ အမေရိကန်တွင် နေထိုင်သည်။

နိုင်ငံရေး

၁၉၃၄ ခုနှစ်တွင် B.L ခေါ် ဥပဒေတန်း တက်သည်။ တက္ကသိုလ် သမဂ္ဂ အမှုဆောင်အဖြစ် ရွေးချယ်ခံရသည်။
၁၉၃၅ ခုနှစ်တွင် တက္ကသိုလ် သမဂ္ဂ ဥက္ကဌအဖြစ် ရွေးချယ်ခံရသည်။ B.L (ဥပဒေဘွဲ့)ရရှိသည်။
၁၉၃၆ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသား သပိတ်ကို ဦးဆောင်ခဲ့သည်။ ကျွန်ပညာကို အလိုမရှိ ဟူသောသဘောဖြင့် B.A ဘွဲ့ကို ပြန်အပ်သည်။
၁၉၃၇ ခုနှစ်

လွတ်လပ်ရေးကြိုးပမ်းမှုကာလ

ဦးနုသည် ရန်ကုန်တက္ကသိုလ်ကျောင်းသား ဘ၀ကပင် နိုင်ငံရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ဥက္ကဌ ရာထူးဖြင့် တာဝန်ယူခဲ့ဖူးသည်။ ထိုစဉ်က အတွင်းရေးမှုးမှာ အောင်ဆန်း ဖြစ်သည်။ ၁၉၃၀ အရောက်တွင် ဒို့ဗမာအစည်းအရုံး ၀င်များဖြစ်လာပြီး သခင် အမည်ကိုခံယူခဲ့ရာမှ သခင်နု ဟုထင်ရှားလာခဲ့သည်။၁၉၃၇ တွင် သခင်သန်းထွန်း နှင့်ပူးပေါင်းကာ အမျိုးသားရေး နှင့် လက်ဝဲဆန်သည့် နဂါးနီစာအုပ်တိုက် ကိုထူထောင်ခဲ့သည်။ ပြည်သူ့အရေးတော်ပုံပါတီ ကို တည်ထောင်သူတစ်ဦး အနေဖြင့် ဆက်လက်ထင်ရှားလာပြီး မကြာမီတွင် ပြည်သူ့ အရေးတော်ပုံပါတီသည် ဆိုရှယ်လစ်ပါတီအဖြစ်ပြောင်းလဲသွားသည်။ ဂျပန်ခေတ်လွန် ကာလများတွင် ဖ.ဆ.ပ.လ အဖွဲ့ချုပ်တွင် ပါဝင်လှုပ်ရှားကာ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ၁၉၄၇၊ဇူလိုင်လ ၁၉ရက်နေ့တွင် လုပ်ကြံခံခဲ့ရသဖြင့် လွှတ်တော် ဥက္ကဌအဖြစ်မှ ဖ.ဆ.ပ.လ အဖွဲ့ချုပ် ခေါင်းဆောင်အဖြစ် နိုင်ငံလွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း လုပ်ဆောင်ဆဲဖြစ်သည့် အင်္ဂလိပ်တို့နှင့် ဆက်လက် ဆွေးနွေးရေးကို ဆောင်ရွက်ခဲ့သည်။

နိုင်ငံခေါင်းဆောင် ကာလ

လွတ်လပ်ရေးရသည်နှင့်တပြိုင်နက် မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ်မှာ ဦးနုပင် ဖြစ်လာခဲ့သည်။ သို့သော် နုနယ်သည့် နိုင်ငံတစ်ခု၏ ကြုံတွေ့ရသည့် အခက်အခဲ များလှသည် ဖြစ်သကဲ့သို့ ဦးနု တစ်ယောက် ရင်ဆိုင်ရသည့် နိုင်ငံရေးအကျပ်အတည်း များမှာလည်း မနည်းလှပေ။ ဈေးဦးပေါက် ရင်ဆိုင်ရသည့် အခက်အခဲမှာ ကရင်တို့၏ ခွဲထွက်ရန် ကြိုးပမ်းမှုများ ဖြစ်သည်။ မြန်မာ့တပ်မတော် အတွင်းရှိ ကရင်တပ်သားများ လက်နက်နှင့်တကွ တောခိုကာ ပုန်ကန်ကြသည်။ တရုတ်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားခြင်းကြောင့် စစ်ရှုံး တရုတ်ဖြူ (ကူမင်တန်) တပ်များ အရှေ့တောင်အာရှ နိုင်ငံများအတွင်း ဆုတ်ပြေးရာမှ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင်လည်း ၄င်းတို့တပ်များလာရောက် ကျူးကျော် တပ်စွဲထားသည်ကို တိုက်ထုတ်ရသေးသည်။ ထို့နောက် ပြည်တွင်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် ၄င်း၏ ပါတီကွဲများ အန္တရာယ်မှာ ရှေ့တန်း ပြဿနာတစ်ရပ် ဖြစ်လာပြန်သည်။ ထိုသို့ဖြင့် ဆန့်ကျင်ဖက်ပါတီအဖွဲ့များကြောင့် ပြည်တွင်းစစ် ဖြစ်ပွားရ တော့မည့် အခြေအနေတွင် ဖ.ဆ.ပလ အဖွဲ့ချုပ်အတွင်း တွင်လည်း ဦးဗိုလ် အုပ်စု သခင် အုပ်စုများ ကွဲကြပြီး နောက်ဆုံးတွင် ဦးနု၊ ဦးတင်(သခင်တင်)တို့ ဦးဆောင်သည့် နုတင်အုပ်စု နှင့် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သည့် ဆွေငြိမ်း အုပ်စု ဟူ၍ အုပ်စုကြီး နှစ်ခု သိသာစွာပင် ကွဲကြပြီး ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာတော့သည်။ ထူးခြားချက်မှာ ထိုစဉ်က နိုင်ငံရေးတွင် လူသိမများလှသည့် ဦးသန့်မှာ ဦးနုအစိုးရအဖွဲ့တွင် ဦးနု၏ တိုက်တွန်းချက်ဖြင့် အတွင်းဝန်ရာထူး ထမ်းဆောင်ခဲ့ခြင်း ပင်ဖြစ်သည်။ နောင်တွင် တည့်တည့်မှန်မှန် လုပ်တတ်သော၊ မှန်သည်ထင်လျှင် အလျော့မပေးတတ်သော ဦးသန့် နှင့် တိုင်းပြည် ခေါင်းဆောင်ဖြစ်သည့် ဦးနုတို့ မသင့်မမြတ်ဖြစ်ရာမှ ၁၉၅၇ ခုနှစ်တွင် ဦးသန့်အား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ကာ တာဝန်ထမ်းဆောင်ရန် အမေရိကန် ပြည်ထောင်စုနယူးရော့ခ်မြို့သို့ စေလွတ်ခဲ့သည်။
သို့ဖြင့် ၁၉၅၆ ဇွန်လ တွင် ၀န်ကြီးချုပ်အာဏာကို ပြိုင်ဖက်ဖြစ်သူ ဦးဗဆွေအား တစ်နှစ်ကြာလွဲပေးခဲ့ရသည်။တစ်နှစ်ပြည့်သည့် ၁၉၅၇ ဇွန်လတွင် နုတင်အုပ်စု က သန့်ရှင်း ဖ.ဆ.ပ.လ ဟူ၍လည်းကောင်း၊ဆွေငြိမ်း အုပ်စုက တည်မြဲဖ.ဆ.ပ.လ ဟူ၍လည်းကောင်း သီးခြားယှဉ်ပြိုင်ရာ သန့်ရှင်း ဖ.ဆ.ပ.လ ရွေးကောက်ပွဲအနိုင်ရသဖြင့် ဦးနုတစ်ယောက် ၀န်ကြီးချုပ် ရာထုးကို ပြန်လည်ရယူခဲ့ပြန်သည်။ သို့သော် ၁၉၅၈ စက်တင်ဘာ ၂၆ ရက်နေ့တွင် တစ်နေ့တစ်ခြားဆိုးရွားလာသည့် တိုင်းပြည်၏အခြေအနေကို ထိန်းသိမ်းနိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းအား ဖွဲ့စည်းပုံအခြေခံ ဥပဒေ တွင်ပြဌာန်းထားရှိသည့် အတိုင်းအာဏာလွဲအပ်ကာ အိမ်စောင့်အစိုးရအဖွဲ့ ကိုဖွဲ့စည်းစေခဲ့သည်။
ထိုအိမ်စောင့်အစိုးရ၏ သက်တမ်းမှာ ၁၂ လ(တစ်နှစ်)အထိသာပြဌာန်းထားသော်လည်း အခြေအနေ အကြောင်းအကြောင်း ကြောင့် ၁၇ လ အထိကြာမြင့်ခဲ့ရသည်။ သို့ဖြင့် ၁၉၆၀၊ဖေဖော်ဝါရီလ တွင် အထွေးထွေရွေးကောက်ပွဲကျင်းပရာ ဦးနုဦးဆောင်သည့် ပြည်ထောင်စုပါတီ(ပ.ထ.စ) အောင်ပွဲခံနိုင်ခဲ့ပြီး ဦးနုလည်း ၀န်ကြီးချုပ်အဖြစ် သုံးကြိမ်မြောက် ရွေးချယ်ခံရပြန်သည်။
သို့သော် ပြည်ထောင်စုမှ ခွဲထွက်ရန် ကရင်တို့ အကြီးအကျယ် သူပုန်ထခြင်း၊ ရှမ်းစော်ဘွားများက ပင်လုံစာချုပ်ပါအချက်များကို ထောက်ပြကာ ခွဲထွက်ခွင့်အတွက် ဖယ်ဒရယ်မူ(ရှမ်းမူ)ကို စုပေါင်းရေးဆွဲကာ တင်သွင်းရန် ကြိုးပမ်းလာသည့်အတွက် ၁၉၆၂-ခုနှစ် မတ်လ ၂ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သည့် မြန်မာ့တပ်မတော်က အာဏာသိမ်းယူလိုက်သဖြင့် ဦးနုသည် ၀န်ကြီးချုပ်အဖြစ်မှ ဖြုတ်ချခံလိုက် ရတော့သည်။


ကွယ်လွန်ခြင်း

၁၉၉၅-ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်တွင် အသက် (၈၇)နှစ် အရွယ်ရှိ ဦးနုသည် ရန်ကုန်မြို့နေအိမ်၌ ကွယ်လွန်သည်။ သားသမီးများမှာ ဒေါ်စန်းစန်းနု၊ ဒေါ်သန်းသန်းနု တို့ဖြစ်သည်။

ထပ်ကာသာဆဲပေးပါဗျို.

ထပ်ကာသာဆဲပေးပါဗျို.

by Tharchit Zaw on Wednesday, June 8, 2011 at 6:33pm
ဗမာပြည်နိုင်ငံရေးသုံးသပ်ချက်သည်တဖန်
တိုက်ပွဲဆန်ရုန်းမထွက်နိုင်ပ
၂ယောက်ရှိ၂ယောက်ကွဲ
လက်ညှိုးထိုးသူ.ဝေဖန်
အပြစ်ဖို.ရန်မှတပါးအခြားမရှိတော.ဟန်
အဖြူကောင်.အားကိုးမိုက်ဖို.ပဲတို.တွေကြံ