သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, June 10, 2011

ဆယ်.ကိုး ဂျွန်မွေးမေမေ

အမေ...
ဒုက္ခကိုခါးစီးထားသူ
အမေ...
အမှောင်ကမ္ဘာကိုအလင်းဆောင်ချင်သူ
အမေ...
အတ္တကိုသင်းဂြိုလ်ထားသူ
အမေ...
အားတွေကိုစုစည်းတတ်သူ
အမေ...
အာဏာရှင်အန်တုဝံ.သူ
အမေ...
အဟိံသလမ်းကိုင်စွဲထားသူ

ပီတိကိုရိုက်ချိုးခြင်း

ပီတိကိုရိုက်ချိုးခြင်း

by Kyaw Thu on Friday, June 10, 2011 at 11:12pm
နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၏ နောင်တော် သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်)ကို ၈.၆.၂၀၁၁ မှစ၍ စမ်းသပ်ဖွင့်လှစ်ကာ ရဟန်းရှင်လူအပေါင်းတို့၏ ကျန်းမာရေး ကိစ္စအ၀၀ကို အခမဲ့ကုသပေးလျှက်ရှိရာ ၉.၆.၂၀၁၁ ရက်နေ့အထိ လူနာပေါင်း (၈၉) ဦးတို့ကို ကုသပေးပြီးဖြစ်သည်။ ဆရာဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အတူ ဆရာဝန် (၄)ဦးတို့မှ ကုသိုလ်ဖြစ် ပရဟိတစိတ်ဓါတ်ပြည့်ဝစွာ လာရောက်ကုသပေးမှုကြောင့် ပြည်မြို့ ရေနံချောင်း၊ ပုတီးကုန်း၊ သဲကုန်း၊ ပေါက်ခေါင်း၊ နှောကုန်း အစရှိသည့် မြို့ရွာများရှိ ကျန်းမာရေးချို့တဲ့သော ရဟန်း သံဃာ အများပြည်သူတို့မှာ များစွာဝမ်းသာပီတဖြစ်ခဲ့ရသည်။ ထိုနည်းတူ ကုသပေးသော ဆရာဝန်ကြီး များ၏ပီတိ၊ ဦးဆောင်ဦးရွက်ပြုလုပ်ခဲ့သော ပြည်မြို့ မိုးမေတ္တာပရဟိတလူငယ် သွေးလှူအဖွဲ့တို့၏ ပီတိ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ပီတိတို့ကား အတိုင်းအဆမရှိဖြစ်ခဲ့ရသည်။

သို့သော် ထိုပီတိတို့ကို ရိုက်ချိုးခြင်း ခံခဲ့ရပြီဖြစ်သည်။ မိုးမေတ္တာပရဟိတအဖွဲ့၏ စေတနာ မေတ္တာ၊ ဂရုဏာ၊ အကြင်နာတို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဗြဟ္မစိုရ်တရား (၄) ပါးကိုပါ ပိတ်ဆို့ခြင်းခံခဲ့ရသလို ဖြစ်စေခဲ့သည်။ အကြောင်းမှာ ဇွန်လ (၁၀) ရက်နေ့ နေ့စွဲပါ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး အောင်ဇော်ထက်၏ စာကြောင့်ပင်ဖြစ်တော့သည်။ “အသင်းအဖွဲ့ ဖွဲ့စည်းခွင့် လျှောက်ထားမှုတင်ပြခြင်းကိစ္စ” ဟူသော အကြောင်းအရာပါစာအရ … ရည်ညွှန်းချက် (၁)ပါ အချက်အလက်များသည် လုပ်ရိုးလုပ်စဉ် အချက်များဖြစ်သည်။ သို့သော် ကျွန်တော်တို့သည် စီးပွားရေးလုပ်ငန်းလုပ်ခွင့် လျှောက်ထားခြင်း မဟုတ်။ နိုင်ငံတော်မှငွေချေးခြင်းကိစ္စ မဟုတ်။ အများပြည်သူအကျိုးကို (အခမဲ့) ထမ်းဆောင်ပေးမည့် နိုင်ငံတော်အား တဖက်တလမ်း အကျိုးပြုမည့်အဖွဲ့ဖြစ်သည်။ ရည်ညွှန်းချက် (၁/ခ) အရ - နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံချက်မှာ ယခုလက်ရှိ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ လျှောက်လှမ်းရာတွင် မလိုအပ်တော့ဟု၎င်း၊ လက်ရှိစီးပွားရေးကုမ္ပဏီကြီးများ လက်ရှိကြံခိုင်ဖွံ့ဖြိုးရေးအသင်းများသည်၎င်း၊ နိုင်ငံရေး/ပါတီနိုင်ငံရေး ကင်းရှင်းပါ၏လားဟု စဉ်းစားမိသည်။

ထို့အပြင် ရည်ညွန်းချက် (၂)အရ ပြည်ထဲရေးဝန်ကြီးဋ္ဌာန အသင်းအဖွဲ့ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြည့်ကြပ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရရှိမှီ ကာလအတွင်း ယင်းအသင်းအဖွဲ့၏ လုပ်ငန်းများ လှုပ်ရှား ဆောင်ရွက်ခြင်း မပြုကြောင်းဟု ရေးသားထားပြန်သည်။ ယခု မြန်မာပြည် တွင်းရှိ လူမှုရေးအသင်း အဖွဲ့များ၊ NGO အဖွဲ့များ၊ ဖောင်ဒေးရှင်းများတို့သည် တရားဝင်မှတ်ပုံတင် ချပေးခြင်းမရှိသေးပဲ ဆောင်ရွက်နေခြင်းဖြစ်သည့်အပြင် အချို့သော အသင်းအဖွဲ့များ၏ ဆောင်ရွက်မှုများ၊ အလှူခံကိစ္စများ ကို တရားဝင် နိုင်ငံတော် သတင်းစာများ၊ စာစောင်/ဂျာနယ်များအတွင်း ဖော်ပြနေခြင်းကိုတော့ မသိ ကျိုးနွှံပြုနေသလားဟု တွေးတောမိသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမှုရေးသက်သက်သာ လုပ်ဆောင်နေ သော ပရဟိတလူငယ်စစ်စစ်များနှင့် ဖွဲ့စည်းထူထောင်ထားသော မှတ်ပုံတင်အမှတ် (၁၈၉၇)နှင့် လုပ်ဆောင်ပေးနေသော လူမှုရေးအဖွဲ့ဖြစ်သည်။ နိုင်ငံရေးပါတီ ဖွဲ့စည်းထားသော အဖွဲ့မဟုတ်။ ဆင်းရဲ ချမ်းသာ လူမျိုးဘာသာမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို မိမိတို့ နိုင်သလောက် အင်အားနှင့် ကူညီဖေးမပေးနေသော နိုင်ငံတော်အား တဖက်တလမ်းအကျိုးပြုပေးနေသော အဖွဲ့ဖြစ်သည်။
ထိုနည်းတူစွာ ပြည်မြို့ မိုးမေတ္တာပရဟိတလူငယ် သွေးလှူအဖွဲ့သည်လည်း လူသားချင်း စာနာစိတ်ဖြင့် “သွေးဖြင့် အသက်ကယ်” လုပ်ငန်းကို လုပ်ဆောင်ပေးဆပ်ခဲ့ရာ သွေးပုလင်းပေါင်း တစ်ထောင်ကျော်ခဲ့ပြီဖြစ်သည်။ တနည်းအားဖြင့် လူပေါင်းတစ်ထောင်ကျော်၏ အသက်ကို ကယ်ဆယ် နိုင်ခဲ့သော မြတ်ဗုဒ္ဓ၏ ဆိုဆုံးမကို လိုက်နာကျင့်သုံးသော ပရဟိလူငယ်များပင်ဖြစ်သည်။ ထို့အပြင် မိုးမေတ္တာပရဟိတလူငယ် သွေးလှူရှင်များအသင်းသည် လူငယ်ပြုပြင်ရေးအတွက် စာပေဟောပြောပွဲ များ ကျင်းပခဲ့ရာ လိမ္မာယဉ်ကျေးသော လူငယ်/ရွယ်များ၊ ဗြဟ္မစိုရ်တရား (၄)ပါးကို လက်ခံကျင့်သုံး သော ပရဟိတလူငယ်များ ပေါ်ပေါက်လာခဲ့သည်။

ထို့အပြင် ဘာသာတရားကိုင်းရှိုင်းရန်၊ လူယဉ်ကျေး များပေါ်ပေါက်ရန်၊ ပရဟိတစိတ်ဓါတ်များ မွေးဖွားလာရန်၊ အယူသည်းမှုကို တိုက်ဖျက်နိုင်ရန် ရည်ရွယ် ၍လည်း ဆရာတော်ဘုရားကြီးများအား ပင့်ဖိတ်၍ တရားပွဲများ ကျင်းပပေးခဲ့သော လူငယ်အဖွဲ့ ဖြစ်သည်။
သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဟူ၍ ဖွင့်လှစ်ရာ၌ ဆေးခန်းတည်နေရာသည် သာသနာပိုင် နယ်မြေဖြစ်သည့်အတွက် သက်ဆိုင်ရာ သာသနာရေးဦးစီးအဖွဲ့ အဖွဲ့ဝင်ဆရာတော်ကြီးများနှင့် ဆေးခန်းတည်ရှိရာ မာန်အောင်ကျောင်းဆရာတော်ကြီးမှလည်း ၀မ်းမြောက် ၀မ်းသာ ခွင့်ပြုကြိုဆို ခဲ့သည်။ “ဆေးခန်း” ဟူရာ၌ သက်ဆိုင်ရာကျန်းမာရေးဦးစီးအဖွဲ့မှလည်း ဆေးဝါး (အခမဲ့) ကုသိုလ်ဖြစ် ကုသပေးမည့် ဆရာဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ယခုမူ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တားမြစ်မှုသည် အဘယ်ကြောင့် တားမြစ်ရပါသနည်းဟု အဖြေရှာမရတော့ချေ။ အများပြည်သူတို့ လိုအပ်နေသော ကျန်းမာရေးကို လှစ်လျူရှုချင်ပါ၍လားဟု စဉ်းစားမိသည်။ ရဟန်းရှင်လူ အများပြည် သူတို့၏ မျက်နှာများ၊ အလှူရှင်တို့၏ မျက်နှာများကို တစ်ချက်လေးတော့ ငဲ့ကြည့်သင့်သည်။

                   ပရဟိတ၏ ဆန့်ကျင်ဘက် -    အတ္တဟိတ
                   သုခ၏ ဆန့်ကျင်ဘက်       -   ဒုက္ခများ ဖြစ်စေချင်ပြီလားဟူ၍ တွေးမိပြန်သည်။

  အချုပ်ဆိုရသော . . .
  • ကျွန်တော်တို့သည် ပါတီနိုင်ငံရေး လှုပ်ရှားသူများမဟုတ်။ 
  • ကျွန်တော်တို့သည် နိုင်ငံတော်အာဏာ လုမည့်သူများမဟုတ်။ 
  • ကျွန်တော်တို့သည် ပြည်သူလူထုအကျိုးကို တတ်စွမ်းသလောက် ထမ်းဆောင် ပေးဆပ်နေသူများဖြစ်သည်။ ကျွန်တော်တို့သည် ပရဟိတသမားစစ်စစ်များဖြစ်သည်။ 
  • ကျွန်တော်တို့သည် မြတ်ဗုဒ္ဓ၏စကားကို လိုက်နာကြသည့်သူများဖြစ်သည်။ 
  • ကျွန်တော်တို့သည် မြန်မာ(ဗမာ)ပြည်သားစစ်စစ်များဖြစ်၏။
                                              မြန်မာ(ဗမာ့)သွေးသည် ရဲသည်။
          ထို့ကြောင့် စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီး၏ ဆုံးမစကားဖြစ်သော -
“အများအကျိုး၊ ရွက်သယ်ပိုးက … အနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း … မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို … စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့” ဟူသော သြ၀ါဒအတိုင်း ကျင့်သုံးရန်သာရှိတော့သည်။

ကိုယ်ပြုသောကံ ပဲ့တင်သံ … ကိုယ့်ထံပြန်လာမည်
                                                                                   (ကျော်သူ)


10.06.2011နေ.စဉ်သတင်းများ(ဗမာ.သွေးပေးပို.ပါသည်)

ဖိအားအောက်က NLD စာသင်ကျောင်းများ
သဲသဲ | ကြာသပတေးနေ့၊ ဇွန်လ ၀၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၃ မိနစ်



နယူးဒေလီ (မဇ္ဈိမ) ။       ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထူထောင်ထားသော အခြေခံပညာ အခမဲ့ အခြေခံပညာ စာသင်ကျောင်းအဖြစ် ကြေညာလိုက်ပြီးနောက် ကျောင်းအတွက် လိုအပ်နေသော အဆောက်အအုံ ပြုပြင်မှုကို မြောက်ဥက္ကလာပ မြို့နယ်အာဏာပိုင်များက တားမြစ်လိုက်သည်။

“အခုသင်နေတဲ့ ကျောင်းမှာ ကလေးတွေ မဆန့်တော့လို့ နာဂစ်တုန်းက ပျက်သွားတဲ့ ကျနော့်အိမ်ကို  ပြန်ပြင်ဆောက်ပြီး ရွှေ့ဖို့လုပ်တာ။ အဲဒါကို အထက်က အမိန့်မလာမချင်း ဆက်မဆောက်ပါနဲ့လို့ လာပြောသွားတယ်” ဟု ကျောင်းတာဝန်ခံ ဦးအေးမြင့်က မဇ္ဈိမကို ပြောသည်။

ဇွန်လ ၇ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက လာရောက်တားမြစ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

NLD ပါတီဝင် ဦးအေးမြင့်က မြောက်ဥက္ကလာပ ၂ ရပ်ကွက်၊ မာဃလမ်း၊ အမှတ် ဃ/၉၄ သူပိုင်နေအိမ်တွင် ဆင်းရဲနွမ်းပါးသော ကလေး ငယ်များ အတွက်  ယခင်ကတည်းက ပညာသင်ကြားပေးနေခဲ့သည်။

“ကျနော်က အရင်ကတည်းကနေ စေတနာအလျောက် သင်ပေးနေတုန်းက ဘာမှမပြောဘဲနဲ့ အမေ့အိမ်လို့ ပြောင်းလိုက်ခါမှ ဒီလို တုံ့ပြန်မှုတွေ ရှိလာတယ်လို့ ယူဆပါတယ်” ဟု ဦးအေးမြင့်က ဆိုသည်။

သူငယ်တန်းမှ ၇ တန်း ကျောင်းသားအထိ ကျောင်းသား ၁ဝဝ ခန့်ကို ကျောင်းပြင်ပ ကျူရှင်အဖြစ် အစိုးရကျောင်း သင်ရိုးညွန်းတမ်းအတိုင်း  သင်ကြားပေးလျက် ရှိသည်။

အစိုးရသစ်က လွှတ်တော်ပြင်ပ အတိုက်အခံ ပါတီကြီး၏ သြဇာကျယ်ပြန့်လာမှာကို စိုးရိမ်မှု လွန်ကဲနေဟန်ရှိသည်ဟု ပညာရှင်များကပြောသည်။ တဖက်ကလည်း ပညာသင်စရိတ်ကြီးမြင့်လာမှု၊ ဆင်းရဲနွမ်းပါးမှုက အခမဲ့ ပညာသင်ကျောင်းများကို အားကိုးရမှုများ တိုးမြင့်လာနေသည်။

NLD အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် အမေ့အိမ် ပညာဒါန ကွန်ယက်ကျောင်းများကို ၂ဝ၁၁ ဇန်နဝါရီမှစ၍ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့ပြီး ပါတီက ကူညီပံ့ပိုးပေးလျက်ရှိသည်။

အလားတူ မြောက်ဥက္ကလာပမြို့နယ် သုမာလာလမ်းမကြီးတွင် ဖွင့်လှစ်ထားသည့် နောက်ထပ် အမေ့အိမ် အင်္ဂလိပ်စာ သင်ကျောင်းကိုလည်း ကျောင်းပြောင်းပေးရန်အတွက် အာဏာပိုင်များက အိမ်ရှင်မှတဆင့် ဖိအားပေးသဖြင့် ဇွန်လ ၂၂ ရက်တွင် နောက်ဆုံးထား ပြောင်းပေးရတော့မည်။

ပြောင်းရွှေ့ဖွင့်လှစ်ရန် နေရာခက်ခဲပြီး ရပ်ကွက်အတွင်း ကျောင်းဖွင့်ရန် အိမ်ငှားပါက အိမ်ကို ချိတ်ပိတ်မည်ဟု ဒေသအာဏာပိုင်များက ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်။

“အိမ်တအိမ်ကို သွားမေးလိုက်တယ်၊ ငှားမယ် အဆင်ပြေတယ်ပေါ့။ နောက်ရက် အကျိုးအကြောင်း သွားမေးရင် မငှားတော့ဘူး၊ အဲလိုချည်း ဖြစ်နေတာ။ ဘေးကနေပြီး စုံစမ်းကြည့်တော့ အာဏာပိုင်တွေက အခု အိမ်ရှင်လိုပဲ ဆက်ငှားရင် ချိတ်ပိတ်မယ်တို့ ဘာတို့ လာပြောလို့ပေါ့ဆိုပြီး ပြန်ပြောကြတယ်” ဟု ကျောင်း တာဝန်ခံ မသီတာဆွေက မဇ္ဈိမကို ပြောသည်။

စာသင်ချိန်များတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ စရဖက လာရောက်စောင့်ကြည့်မှုများ ရှိနေသဖြင့် ကျောင်းသားမိဘအချို့ စိုးရိမ်နေကြသည်ဟု ဆိုသည်။

“လူစုလူဝေးကို ကြောက်လို့ပဲ အဲဒီလို လိုက်ဖျက်နေတာလား မသိဘူး” ဟု မသီတာဆွေက ပြောသည်။

ထိုကျောင်းတွင် စေတနာ့ဝန်ထမ်း ဆရာ ၅ ဦး ရှိပြီး၊ ကျောင်းသား ၄ဝ ခန့် တက်ရောက်နေသည်။ ဘွဲ့ရ၊ တက္ကသိုလ် ကျောင်းသားနှင့် အထက်တန်းကျောင်းသားများ ပါဝင်ပြီး အခြေခံ အင်္ဂလိပ်စာသင်တန်းနှင့် ၉ တန်း၊ ၁ဝ တန်း ဘာသာရပ်များလည်း သင်ကြားသည်။

“ကလေးတွေက တကယ်ပဲ ပညာလိုချင်နေတာ။ အခု ပြောင်းဖို့လည်းနီး အိမ်ကလည်း မရဆိုတော့ ကျောင်းဆက်မဖွင့်နိုင်မှာကို ကျမ အရမ်းစိတ်ပူနေရတယ်” ဟု မသီတာဆွေက ပြောသည်။

အမေ့အိမ်ကျောင်းတက် သင်တန်းသားတဦးက “အခုသင်နေတာတွေ အပြင်မှာတက်ရင် ၆ လ တန်းခွဲ တခုကို လေးသောင်းလောက်ကုန်မှာ။ ကျနော်တို့ ဒီမှာက ပိုက်ဆံမကုန်တဲ့အပြင် Critical thinking လို ပညာရပ်တွေလည်း သင်ခွင့်ရတယ်။ ကျောင်းမဖွင့်နိုင်တော့ရင် ဒီရပ်ကွက်က ကျောင်းတက်နေတဲ့ ကျနော်တို့အတွက် ဆုံးရှုံးတာပေါ့”ဟု ပြောသည်။

အမေ့အိမ်ပညာဒါန ကျောင်းများတွင် အခြေခံပညာ မူလတန်းနှင့် အထက်တန်း ဘာသာရပ်များ၊ အခြေခံ အင်္ဂလိပ်စကားပြော နွေရာသီသင်တန်းများ ကို ပို့ချပေးလျက်ရှိသည်။

“အမေ့အိမ်(ပညာဒါန)” အမည်ဖြင့် ကျောင်းခွဲ ၃ ခုရှိပြီး လှိုင်သာယာ ၁၄ ရပ်ကွက် မေခလမ်းရှိ အိမ်အမှတ် ၅၄၈ တွင်၎င်း၊ မြောက်ဥက္ကလာ ၂ ရပ်ကွက် မာဃလမ်းရှိ အမှတ် ၂၆ တွင်၎င်း၊ မြောက်ဥက္ကလာ သုမာလာ လမ်းမကြီး အမှတ် ၄ ကျောင်းအနီးတွင်၎င်း အသီးသီးဖွင့်လှစ်ထားသည်။

NLD နှင့် ဆက်သွယ်ချိတ်ဆက်သော ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ဗေဒါကျောင်းကိုလည်း အာဏာပိုင်များက ဖိအားပေး ခြိမ်းခြောက်သဖြင့် ၂ ကြိမ် ပြောင်းရွှေ့ခဲ့ရပြီး၊ လက်ရှိအိမ်ရှင်ကလည်း ဆက်မငှားတော့ဘဲ ကျောင်းပြောင်းပေးရန် တောင်းဆိုနေသည်။


အရှုံးပေါ် နိုင်ငံပိုင် ရေကြောင်းပို့ဆောင်ရေး အသုံးစရိတ် လျော့ပြီ
  မျိုးသိဏ်း | ကြာသပတေးနေ့၊ ဇွန်လ ၀၉ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၅ မိနစ်




့ရန်ကုန် (မဇ္ဈိမ) ။       ။ အရှုံးပေါ်နေသော နိုင်ငံပိုင် ရေကြောင်း ပို့ဆောင်ရေး လက်အောက်ရှိ ရေကြောင်း ခရီးစဉ်များတွင် ခေါက်ရေ လျော့ချခြင်းနှင့် သင်္ဘောငယ်များ အစားထိုး ပြေးဆွဲမှု ဇွန်လ ၁ ရက် မှ စတင် လျော့ချလိုက်သည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနမှ အငယ်တန်း အရာရှိတဦးက ပြောသည်။

“ရန်ကုန်-ပုသိမ် နေ့စဉ်ဆိုရင် အခု တပတ် ၃ ရက်၊ ကျုံမငေးဆိုရင် အရင်က အကြီးနဲ့ တပတ် ၃ ရက် ထွက်တယ် အခု သင်္ဘောအသေးနဲ့ တပတ် ၃ ရက် အဲ့လိုတွေ လျှော့လိုက်ရတယ်”ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

စက်သုံးဆီပမာဏ ထိန်းချုပ်မှုကြောင့် လူစီးနှင့် ကုန်တင်သင်္ဘော ခရီးစဉ်များ သုံးပုံတပုံကျော် လျှော့ချလိုက်ရသည်ဟု သူက ပြောသည်။

ဧရာဝတီတိုင်း ဒေသအသီးသီးသို့ ရေလမ်းခရီးဖြင့် သွားလာသည့် စရိတ်စကသည် ကုန်းလမ်းခရီးဖြင့် သွားလာခြင်းထက် အနည်းဆုံး ငါးဆမှ ဆယ်ဆနီးပါးအထိ ကွာခြားမှု ရှိသည်။

“ပုသိမ်ကို ရိုးရိုးကားတောင် ကားခ ၄,ဝဝဝ၊ ၄,၅ဝဝ၊ အိတ်စပရက်စ် ဆို ၇,ဝဝဝ ကျော်တယ်။ သင်္ဘောက ၉ဝဝ မပြည့်ဘူးလေ။ အဲ့တာ ခရီးသည် နားနေဆောင်မှာပဲ တရက်အိပ်ပြီး စောင့်နေလိုက်တာ” ဟု ရန်ကုန်-ပုသိမ် သင်္ဘောခရီးစဉ်ဖြင့် လိုက်ပါမည့် သူတဦးက ပြောသည်။

လျော့ဈေးဖြင့် တမင် ပြေးဆွဲပေးနေသော ပို့ဆောင်ရေး ဝန်ကြီးဌာနအောက်ရှိ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး လုပ်ငန်း၏ အသုံးစရိတ် လျှော့ချမှု အစီအစဉ် ဖြစ်ကြောင်း အခြားဝန်ထမ်းတဦးက မဇ္ဈိမကိုပြောသည်။

“ပြီးခဲ့တဲ့ လဆန်းလောက်ကတည်းက ဝန်ကြီးအစည်းအဝေးမှာ ဌာနအသုံးစရိတ်လျှော့ဖို့ သတ်မှတ်တယ်၊ တန်ဆာခ၊ လူစီးခတွေ မြှင့်မလား ညှိနှိုင်းအစည်းအဝေး လုပ်သေးတယ်၊ နောက်မှ အခုလို ဆီကိုတာဖြတ်ဖို့  သတ်မှတ်လိုက်တာ” ဟု အဆိုပါဝန်ထမ်းက ပြောသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၏ မူလအစမှာ ၁၈၆၅ ခုနှစ်တွင် တည်ထောင်ခဲ့သည့် IRRAWADDY FLOTILLA Co., Ltd ဖြစ်ပြီး လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဇွန်လ ၁ ရက် တွင် “ ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့”  ၁၉၇၂ ခုနှစ် မတ်လ၁ ရက်တွင် “ ရေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း” ၁၉၈၉ ခုနှစ် ဧပြီလ ၁ရက်တွင် “ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး” စသဖြင့် အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။


သိန္နီရေပူဂိတ်၌ ပစ္စတိုသေနတ် ၃၀ နီးပါး ဖမ်းမိ
Thursday, 09 June 2011 19:40 သျှမ်းသံတော်ဆင့်



သျှမ်းပြည်မြောက်ပိုင်း သိန္နီရေပူစစ်ဆေးရေးဂိတ်၌ တရုပ်နယ်စပ်ဖက်မှလာသည့် ဆိုင်ကယ်တစီးထံမှ ပစ္စတို သေနတ် အလက်ပေါင်း ၃၀ နီးပါး ဖမ်းဆီး ရမိကြောင်း အာဏာပိုင်များနှင့်နီးစပ်သူ သိန္နီသား တဦးကပြော သည်။“ဆိုင်ကယ်တစီး က ကွန်ပြူတာ ကြပ်ဖါတခု သယ်လာတယ်။

ဂိတ်စောင့်တွေက တားတယ်။ ဘာတွေလဲ လို့မေးတော့ ကလေးသုံးဖို့ကွန်ပြူတာပါ- စစ်ဆေးမနေနဲ့ဗျာ လို့ပြန်ပြောတယ်။ နောက်ဆုံး ပြောမရ တော့  အစစ်ဆေးခံတယ်။ စစ်ဆေးနေတုန်း ဆိုင်ကယ်မောင်းသူက  ဒေါက်ထောက်ရပ်ထားပြီး လစ်ထွက်သွားတာ။  မဖမ်းမိလိုက်ဘူး”Pistolsပစ္စတို သေနတ်များဂျွန် ၆ ရက်က ဆိုင်ကယ်သမားတဦး ကွန်ပြူတာကြပ်ဖါထဲ၌  ပစ္စတို  လက်နက် ငယ် ၂၈ လက် တင်ဆောင် လာသည်ကို  ဌာနဆိုင်ရာများက တားဆီးစစ်ရေးရမိသော်လည်း ပိုင်ရှင်မှာမူထွက် ပြေးလွတ်မြောက် သွားကြောင်း အာဏာပိုင်များနှင့် နီးစပ်သည့်ကုန်သည်တဦးက ပြောပါသည်။

အဆိုပါလက်နက်ငယ်များဖမ်းဆီးရမိသည့်နောက်ပိုင်း ဌာနပေါင်းစုံချထားသည့် ရေပူဂိတ်၌အစစ်အဆေး ပိုထူပြောလာကြောင်း၊ ခရီးသွားများအတွက် နှောင့်နှေးကြန့်ကြာမှု  ကြုံတွေ့နေရကြောင်း အဆိုပါကုန်သည် ကပြောသည်။“အဲဒီသေနတ်တွေက ဘယ်အဖွဲ့အစည်းဟာလဲ၊ ဘယ်သူ့ဟာလဲ မသိဘူး။ ထောက်လှမ်းရေးတွေ လိုက်နေ တုန်း။   အဲဒီကိစ္စကြောင့် အခု ဆိုင်ကယ် ကယ်ရီတွေကို ဂိတ်ပေးမဖြတ်တော့ဘူး။ ခရီးသွားတွေ၊ကုန်သည် တွေကိုလဲ အရမ်းစစ်တယ်”သိန္နီရေပူဂိတ်သည်   လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လားရှိုး အေတီ ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်မှ သိန္နီမြို့ ရေပူစမ်းကျေးရွာသို့ ပြောင်းရွေ့ချထားသည့်ဂိတ်ဖြစ်သည်။


သျှမ်းတပ်နှင့်တိုက်နေသည့် စစ်ဗျူဟာမှူးများ ပြောင်းရွှေ့
Thursday, 09 June 2011 19:34 သျှမ်းသံတော်ဆင့်


လတ်တလော လားရှိုးမြို့ အခြေစိုက်အရှေ့မြောက် ပိုင်းတိုင်းစစ်ဋ္ဌဌာနချုပ် (ရမခ)အတွင်း စစ်အရာရှိ ကြီးများ နေရာပြောင်း ရွှေ့မှုတွင် တန့်ယန်းနှင့် မိုင်းရယ် စစ်ဗျူဟာမှူးနှစ်ဦးလည်း ပါဝင်ကြောင်း စစ်ဘက်အသိုင်းအဝိုင်း အဆိုအရ သိရသည်။


ရမခစစ်တိုင်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီးမျိုးချစ် အပါအဝင် တန့်ယန်းမြို့ အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ခိုင်ဇော်နှင့် မိုင်းရယ် မြို့ လှုပ်ရှားစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကြီးမြင့်တို့ ၃ ဦးအား အဆိုပါနေရာများမှ ပြီးခဲ့သည့် အပတ်သောကြာနေ့က ပြောင်းရွှေ့ လိုက်ခြင်း ဖြစ်သည်။


ပြောင်းရွှေ့သွားသော အဆိုပါ စစ်ဗျူဟာမှူးနှစ်ဦးသည် သျှမ်းပြည်တပ်မတော်နှင့်တိုက်ပွဲဖြစ်နေသည့် နေရာတွင် ကွပ်ကဲမှု တာဝန်ယူထားရသူများ ဖြစ်ကြောင်း သိရသည်။


ယခုအခါ ဗိုလ်မှူးကြီးခိုင်ဇော်သည် ကယားပြည်နယ် ဘော်လခဲဒေသသို့ လည်းကောင်း ဗိုလ်မှူးကြီးကြီးမြင့်သည် ရန်ကုန် တိုင်း အတွင်းသို့ လည်းကောင်း အသီးသီးပြောင်းရွှေ့သွားကြောင်း သိရသည်။


တန့်ယန်းနှင့်မိုင်းရယ်မြို့နယ်များအတွင်း သျှမ်းတပ်နှင့်မြန်မာတပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွား နေရာ တန့်ယန်းမြို့ နယ် အတွင်း၌ ယမန်နေ့က နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားပြီး  မြန်မာစစ်တပ်အရာရှိအကြပ် တပ်သားများ ဆယ်ဂဏန်းနှင့်ချီသေ ဆုံးကြောင်း သိရသည်။


ကချင်မှာ သေနတ်ပေါက်ပြီ
 ဧရာဝတီ Thursday, 09 June 2011 18:46



ကချင်ပြည်နယ် မိုးမောက် မြို့နယ်တွင် အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ စစ်ရေးတင်းမာနေရာမှ ယနေ့တွင် တိုက်ပွဲ စတင်ဖြစ်ပွားကြောင်း သတင်းရရှိသည်။


တရုတ်-မြန်မာနယ်စပ်ရှိ KIA ဗဟိုဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ ဒေသခံ ကိုစန်းအောင်က “တိုက်ပွဲအနီးက ဒေသခံတွေက သေနတ်ပစ်သံတွေ မနက် ၂ နာရီထိုးလောက်မှာ စကြားရတယ်ပြောတယ်။ နေ့လည် ၁၂ ရီအထိ ဆက်ကြားနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

“အစိုးရတပ်တွေက KIA ကို ခြိမ်းခြောက်ချင်ပုံရပါတယ်။ KIA က သူတို့ထိန်းချုပ်တဲ့ နယ်မြေကို မကျော်ဖို့ အရင်က သတိပေးထားတော့ KIA ကို အစိုးရတပ်တွေက သွေးတိုးစမ်းတာထင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မိုးမောက် အခြေစိုက် KIA တပ်မဟာ ၃ နှင့် အစိုးရတပ်များ လအတန်ကြာ စစ်ရေးတင်းမာနေပြီးနောက် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း KIA နှင့် နီးစပ်သူတဦးက ဆိုသည်။

KIA တပ်မဟာ ၃ လက်အောက်ရှိ တပ်ရင်း ၁၅ နှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီး နှစ်ဘက် အထိအခိုက်စာရင်းကို မသိရသေးကြောင်း၊ နှစ်ဘက်စလုံး အထိအခိုက်များမည်ဟု ယူဆရကြောင်း ကိုစန်းအောင်က ဧရာဝတီသို့ ပြောသည်။

ယခင်လကတည်းက KIA က ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေထဲသို့ မဝင်ရောက်ရန် သတိပေးခဲ့သော်လည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာထဲသို့ အစိုးရတပ်များ ဝင်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခင်လကလည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဧရိယာအတွင်း တိုက်ပွဲဖြစ်ခဲ့ပြီးကတည်းက အစိုးရတပ်များနှင့် စစ်ရေးတင်းမာနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် ဗန်းမော် တောင်ပိုင်းတွင်လည်း အစိုးရတပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ တပ်မှူးတဦး ကျဆုံးသည်ဟု ကချင်သတင်းရပ်ကွက်က ဆိုသည်။

၂၀၁၀ ပြည့်နှစ်ကတည်းက KIA တပ်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် စစ်အစိုးရက ဖိအားပေးခဲ့ရာမှ ဆက်ဆံရေး တင်းမာနေခဲ့သည်။

KIA ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ်းဒေါင်က “နယ်ခြားစောင့်တပ် ပြောင်းတယ်ဆိုတာက အစိုးရရဲ့ ထိန်းချုပ်မှုအောက်ကို လုံးလုံးကြီး ရောက်သွားတာနဲ့ အတူတူပဲ” ဟု ပြောသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေးရုံးကို အစိုးရတပ်များက ဝင်ရောက်စီးနင်းပြီး KIO အရာရှိ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။

ရက်အနည်းငယ်အကြာတွင် အစိုးရထိန်းချုပ်သော သတင်းစာများက KIA ကို “သောင်းကျန်းသူ” ဟု ပြန်လည် သုံးနှုန်းခဲ့ပြီးနောက် ၁၉၉၄ ခုနှစ်တွင် သဘောတူထားခဲ့သော အစိုးရတပ်နှင့် KIA အကြား အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။

ယမန်နှစ် စက်တင်ဘာလအတွင်းကလည်း လိုင်ဇာမြို့ရှိ KIO ဌာနချုပ်အနီး ဖြတ်သန်းသွားသော ထူးကုမ္ပဏီပိုင် ရဟတ်ယာဉ်တစင်းကို KIA တပ်များက ခြောက်လှန့် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။



ဒေါ်လာဈေးပြန်တက်ဖို့ လောလောဆယ်မမြင်
BBC News ။  ။  09-06-2011


မြန်မာနိုင်ငံမှာ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်မှု နှုန်းထားမှာ အမေရိကန် ဒေါ်လာဈေးက အလွန် ကျဆင်း နေပြီး ဒီကနေ့ ပေါက်ဈေးဟာ ဆိုရင် ဈေးကွက်မှာ အမေရိကန်တဒေါ်လာကို မြန်မာငွေ ၇၆၀၊ ၇၇၀ ကျပ်ပဲ ဈေးပေါက် တယ်လို့ သိရပါတယ်။


US dollarsပြည်တွင်းမှာ များနေတဲ့ ဒေါ်လာတွေဒီလိုဈေးကျတာကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ၊ ဒေါ်လာနဲ့ လစာရသူတွေ၊ ပြည်ပမှာ စီးပွားရှာပြီး ပြည်တွင်းက မိသားစုကို ငွေပြန်ပို့နေသူတွေကတော့ ထိခိုက်နေပြီး ဒီ ဒေါ်လာဈေး ပြန်တက်ဖို့တော့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးနှင်းဦးက ပြောပါတယ်။
သူအကြောင်းပြတာကတော့ ပြည်တွင်းမှာ ရှိနေတဲ့ ဒေါ်လာတွေက လိုတာထက် များနေလို့လို့ ဆိုပါတယ်၊ ဒေါ်လာဈေး ကျနေတာဟာ စိုးရိမ်စရာ ကောင်းပြီး အနုတ် လက္ခဏာ ဆောင်နေတယ်လို့ သုံးသပ်ရတဲ့ အကြောင်း ဦးနှင်းဦးက ပြောပါတယ် ။

မြန်မာနိုင်ငံကို မကြာခင်က ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတယ်၊ ချေးငွေတွေ ရလာတယ်၊ လူသားချင်း စာနာမှုအတွက် အကူအညီ ရတာတွေ ရှိတယ်၊ ဒါကြောင့် ဒေါ်လာတွေ ဝင်လာလို့ အမေရိကန် ပြည်ထောင်စု၊ အမေရိကန် တက္ကသိုလ်က စီးပွားရေး ပညာရှင် ဦးဇော်ဦးက သုံးသပ် ပါတယ်။

အခုလို ဈေးတွေ ကျတော့ ပို့ကုန်လုပ်ငန်းရှင်တွေ၊ ပို့ကုန်ကို အခြေခံတဲ့ ထုတ်လုပ်သူတွေ၊ လယ်ယာကို အခြေခံတဲ့ လယ်သမားတွေ၊ ခြံသမားတွေ အကုန် ထိခိုက်မှာပဲလို့ သူက ဆိုပါတယ်။မြန်မာ့စီးပွားရေးတည်ဆောက်ပုံကိုက ကသောင်းကနင်း ဖြစ်နေတယ်၊ သဘာဝ သယံဇာတ ထုတ်ရောင်းတာတွေနဲ့ ချေးငွေ ရယူတာတွေက များနေပြီး ကုန်ထုတ်လုပ်ငန်း ဦးစီးတဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲမှု မရှိသေး သရွှေ့တာ့ ဒီလိုပဲ ငွေကြေးနဲ့ စီးပွားရေး ပြဿနာ တွေ ဖြစ်နေဦးမှာပဲလို့ ဦးဇော်ဦးက သုံးသပ်ပါတယ်။



ဆီးရီးယား အရေး ကမ္ဘာက ရေငုံ နှုတ်ပိတ် မနေသင့်
BBC News ။  ။  09-06-2011


ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ပြီး တချို့မြို့တွေကို အစိုးရ တပ်ဖွဲ့တွေ ဝင်ရောက် စီးနင်း ထားတာကို ချက်ခြင်း ရပ်တန့်ပေးဖို့ တောင်းဆိုချက်တွေ ပါတဲ့ ပြန်လည် သုံးသပ်ထားတဲ့ အစီရင်ခံစာ မူကြမ်း တစောင်ကို ဗြိတိန်နဲ့ ပြင်သစ်တို့ က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်သွင်း ခဲ့ပါတယ်။

အဲဒီ မူကြမ်းကို အမေရိကန်က ထောက်ခံခဲ့တယ်လို့ သိရပြီး ဆီးရီးယားမှာ အစိုးရက လက်နက်နဲ့ အကြမ်းဖက် နှိမ်နင်းနေတဲ့အပေါ် တကမ္ဘာလုံးက ရေငုံနှုတ်ပိတ် မနေသင့်ဘူး ဒါကြောင့် လာမယ့် ရက်ပိုင်း အတွင်း ဒီ မူကြမ်းကို အတည်ပြုဖို့ မဲခွဲ ဆုံးဖြတ်နိုင် ပါလိမ့်မယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mark Lyall Grant က ပြောပါတယ်။

ဒါပေမယ့် လစ်ဗျားမှာ နိုင်ငံတကာက ဝင်ရောက်ခဲ့ တာမျိုး မဖြစ်ရအောင် ဒီမူကြမ်းကို ဗီတိုနဲ့ ပယ်ချမယ်လို့ ရုရှားက ခြိမ်းခြောက်ခဲ့ တာကြောင့် ဆီးရီးယား ကိုယ်တိုင် ပူးပေါင်း ပါဝင်ပြီး ဦးဆောင် ဖြေရှင်းရမယ် ဆိုတဲ့ စာသားကို နောက်ဆုံးမှာ ဖြည့်သွင်း ပေးခဲ့ရတယ်လို့ ဆိုပါတယ်။



NLD နိုင်ငံရေးသင်တန်း အကန့်အသတ်မရှိ ရက်ရွှေ့ဆိုင်း
 သဲသဲ | ကြာသပတေးနေ့၊ ဇွန်လ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၉ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။       ။ သင်တန်းပို့ချမည့် နိုင်ငံခြားသား ပါမောက္ခများ မအားလပ်သဖြင့်ဟုဆိုကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟိုရုံးချုပ်တွင် ပြုလုပ်မည့် ပါတီလူငယ်လူကြီး အရည်အသွေး မြှင့်တင်ရေးအတွက် ရည်ရွယ်သည့် နိုင်ငံရေးသိပ္ပံ သင်တန်းကို ရက်ရွှေ့ဆိုင်းလိုက်ပြီဟု NLD က ပြောသည်။

ဇွန်လ ၂ဝ ရက်မှ ၂၈ ရက်နေ့အထိ ၉ ရက်ကြာ သင်တန်းရက် သတ်မှတ်ခဲ့ပြီး ဟောင်ကောင် စီးတီးတက္ကသိုလ်မှ အာရှနှင့် နိုင်ငံတကာရေးရာဌာနမှ လက်ထောက်ပါမောက္ခ ဒေါက်တာကျော်ရင်လှိုင် အပါအဝင် စင်္ကာပူ အမျိုးသားတက္ကသိုလ် NUS နှင့် အရှေ့တောင်အာရှ လေ့လာရေးကျောင်းမှ ပါမောက္ခများ ပထမဆုံးအကြိမ် လာရောက်ပို့ချရန် စီစဉ်ထားသည်။

“ပါမောက္ခများကလည်း သူတို့ရဲ့ သင်ကြားရေးဆိုင်ရာ အစည်းအဝေးတွေ ဒီရက်ထဲမှာ ရုတ်တရက် ပေါ်လာလို့တဲ့။ ဒီအစည်းအဝေးတွေနဲ့မို့လို့ သူတို့ တက္ကသိုလ်တွေကနေ အပြင်ကို သိပ်မသွားချင်သေးဘူးတဲ့။ အဲဒီလို ပြောတယ်။ ဒီ ဇွန်ထဲမှာပေါ့ဗျာ။ အဲဒီဟာလည်း ကျနော်တို့ဆီကို ရောက်လာပါတယ်” ဟု NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ထို့အပြင် ပါတီအထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ပွဲနှင့် ဂီတပွဲ ကျင်းပရန် ပါတီတွင်း ပြင်ဆင်နေခြင်း၊ သင်တန်း၌ ဘာသာပြန်ပေးမည့် ပါတီတာဝန်ရှိသူများ မအားလပ်ခြင်းကြောင့်လည်း
 ဖြစ်သည်ဟု ဆိုသည်။

သင်တန်း ပြန်ဖွင့်မည့်ရက်ကို သိရပါက အကြောင်းကြားမည့် အကြောင်း NLD ဗဟိုက ပြည်နယ်နှင့် တိုင်း တာဝန်ရှိများထံ ကြာသပတေးနေ့တွင် စာပို့ကာ အသိပေးလိုက်သည်။ သင်တန်းသားများမှာ ပါတီဝင် လူငယ်လူကြီး စုစုပေါင်း ၈၀ ကျော် ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသော အဖွဲ့ဟု လူသိများသော Myanmar Egress မှ ညွှန်ကြားရေးမှူးတဦး
 ဖြစ်သော ဒေါက်တာကျော်ရင်လှိုင် ပါဝင်သင်ကြားမည်ဆိုသော သတင်းက ပါတီတွင်းနှင့် ပါတီပြင်ပ အတိုက်အခံများ အတွင်း ဆွေးနွေးစရာ အကြောင်းအရာတခု ဖြစ်ခဲ့သည်။

သင်ကြားမည့် ဘာသာရပ်များမှာ Research Method (သုတေသနပြု လုပ်ငန်းလုပ်ဟန်များ)၊ ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေ၊ ဥပဒေနည်းကျ တွေးခေါ်မြော်မြင်ပုံ၊ အသွင်ကူးပြောင်းရေး ကာလဆိုင်ရာ သီအိုရီများ၊ Culture Anthropology (ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒ) နှင့် Good Governance (ကောင်းမွန်သော အုပ်ချုပ်ရေး) တို့ ဖြစ်သည်။

၂ဝ၁ဝ နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ် အထိန်းသိမ်းခံမှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက် ပါတီဝင်များ ဖွံ့ဖြိုးရေးအတွက် အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ သတင်းစာ သင်တန်းများ ပြုလုပ်ခဲ့သလို၊ လယ်သမားများအတွက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ခေတ်မီစိုက်ပျိုးနည်းစနစ် သင်တန်းဖွင့်ခဲ့သည်။ ထို့အပြင် အမျိုးသမီးများအတွက်ပါ သင်တန်းများ ပြုလုပ်သွားမည် ဖြစ်သည်။


မြန်မာ့အလုပ်သမားအရေး တိုးတက်မှု တင်ပြဖို့ ILO ဆုံးဖြတ်ချက် မူကြမ်းထွက်
By မသင်းသီရိ  ကြာသပတေး, 09 ဇွန် 2011

မြန်မာအစိုးရအနေနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်အောင် ဘယ်လောက် လက်တွေ့လုပ်ထားပြီလဲ ဆိုတာနဲ့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှု အခြေအနေတွေ ရှိနေတဲ့ အကြောင်းကို လာမယ့် နိုဝင်ဘာလအတွင်း ILO ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကို တင်ပြရမယ်ဆိုတဲ့ ဆုံးဖြတ်ချက် မူကြမ်းတရပ် ဒီကနေ့ ထွက်လာပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ILO အဖွဲ့ချုပ် အစည်းအဝေးတွင်း အခုလို မြန်မာနိုင်ငံဆိုင်ရာမူကြမ်း ထွက်လာတာဖြစ်ပြီး ဒီမူကြမ်းထဲက အချက်တွေအတိုင်း မြန်မာအစိုးရဟာ သက်သေပြနိုင်တာ မရှိဘူးဆိုရင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့အထိ ဖြစ်လာနိုင်တယ်လို့လည်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ အကြိမ် ၁၀၀ မြောက် ILO အဖွဲ့ကြီးရဲ့ အစည်းအဝေးအတွင်း မြန်မာနိုင်ငံက အဓမ္မ လုပ်အားစေခိုင်းမှုတွေနဲ့ ပတ်သက်လို့ အကြမ်းဖျင်း သဘောတူညီချက်တရပ် ထွက်လာသလို မနေ့ကတော့ လွတ်လပ်တဲ့ သင်းပင်းဖွဲ့စည်းမှု ကိစ္စတွေ ဆွေးနွေးအပြီး ဒီကနေ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းတရပ် ထွက်လာခဲ့တာ ဖြစ်ပါတယ်။

အဓိကတော့ လာမယ့် နိုဝင်ဘာလမှာ နောက်တကြိမ် ကျင်းပမယ့် ILO အဖွဲ့ချုပ်ရဲ့ ဦးဆောင်ကော်မတီ အစည်းအဝေးတွင်းမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုဆိုင်ရာ ကိစ္စတွေအတွက် မြန်မာအစိုးရက သက်သေတင်ပြရမယ် ဆိုတဲ့ အချက်တွေ ပါဝင်သလို ဒီအခြေအနေတွေ မြန်မာနိုင်ငံထဲမှာ မတိုးတက်လာဘူးဆိုရင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖြစ်လာနိုင်တဲ့ အခြေအနေအထိ ရှိလာနိုင်မယ်လို့ ဒီ ILO အစည်းအဝေးကို တက်နေတဲ့ FTUB မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

“မြန်မာပြည်မှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုဆိုတဲ့ ပဋိညာဉ်ကို လိုက်နာမှု မရှိသေးဘူး။ ဒါနဲ့ ပတ်သက်တဲ့ ဥပဒေလည်း ပြင်တာ မရှိသေးဘူး။ ပြင်တယ်၊ ပြင်တယ်လို့ ပြောပေမဲ့ ဆယ်စုနှစ်တခု ကျော်လာပြီတဲ့၊ လက်တွေ့ ဘာမှ မတွေ့ရသေးတဲ့ အတွက်ကြောင့် လက်ရှိ အစိုးရ အနေနဲ့ လာမယ့် နိုဝင်ဘာလ အုပ်ချုပ်မှုဆိုင်ရာ အစည်းအဝေးမှာ ဒီဟာကို လက်တွေ့ တင်ပြဖို့လိုတယ်။ စာရွက်စာတမ်းတွေနဲ့ တကွ လုပ်ထားတဲ့ လုပ်ငန်းတွေ တင်ပြဖို့လိုတယ်။

“အဲဒီလိုမှ မတင်ပြဘူး ဆိုရင်တော့ Commission of Enquiry on Freedom of Association ပေါ့၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ မရှိဘူး၊ တားမြစ်ပိတ်ပင်ခြင်း ခံရတယ် ဆိုတဲ့ဟာကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ဆိုတဲ့ဟာကို ILO က ပြောနေပါတယ်။”

ဒီနေ့ ထွက်လာတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို လာမယ့် ဇွန်လ ၁၆ ရက် ကြာသပတေးနေ့မှာ ပြုလုပ်မယ့် စုံညီ အစည်းအဝေးတွင်း အတည်ပြုပြီး ဆုံးဖြတ်ချက် ချမှာလည်း ဖြစ်ပါတယ်။ အခုပြုလုပ်နေတဲ့ ILO ဆွေးနွေးပွဲ အတွင်းမှာ ရန်ကုန်မှာရှိတဲ့ ILO ရုံး ဆက်သွယ်ညှိနှိုင်းရေး အရာရှိ မစ္စတာ စတိဗ် မာရှဲလ် (Steve Marshall) ကလည်း မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ တရပ်ကို တင်သွင်းခဲ့ပါသေးတယ်။

အထူးသဖြင့်ကတော့ မြန်မာနိုင်ငံထဲမှာ အလုပ်သမားရေးရာတွေ အတွက် လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းမှုတွေ မရှိလာဘူးဆိုရင် အဓမ္မ လုပ်အားပေး ခိုင်းစေမှု ပပျောက်ရေးတုန်းကလိုမျိုး မြန်မာနိုင်ငံတွင်း ရုံးဖွင့် စုံစမ်းစစ်ဆေးတာတွေ ဖြစ်လာနိုင်တယ်လို့လည်း ဦးမောင်မောင်က ပြောပါတယ်။

“ဒါကို အထူးသဖြင့် အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ ဆိုတဲ့ အထဲမှာ အလုပ်သမားနဲ့ အလုပ်ရှင် ကိုယ်စားလှယ်တွေက၊ ခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ပြောဆိုထားတဲ့ အတွက်ကြောင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုနဲ့ ပတ်သက်လို့ တင်ပြမှု မရှိရင်၊ ထူးခြားမှု မရှိရင်တော့ ILO က ဆက်လက် အရေးယူသွားဖို့ဆိုတဲ့ အနေအထားမျိုး Commission of Enquiry စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖြစ်လာနိုင်ပါတယ်။

“၁၉၉၈ ခုနှစ်တုန်းက လုပ်တဲ့ကိစ္စမှာဆိုရင် ပထမဆုံး အုပ်ချုပ်တဲ့ အစိုးရပိုင်းက အပြင်းအထန် ကန့်ကွက်တယ်၊ သဘောမတူဘူးလို့ ပြောတယ်။ သို့သော် နောက်ဆုံးတော့ မြန်မာပြည်မှာ ILO ဆက်ဆံရေးရုံးဆိုတာ ပေါ်လာပြီး အဲဒီကနေ အဓမ္မ လုပ်အားပေး ပပျောက်ဖို့အတွက် တတ်နိုင်သလောက် ၀ိုင်းဝန်းပြီး လုပ်နေတယ်။”
FTUB မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့ချုပ်က အတွင်းရေးမှူး ဦးမောင်မောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ အဓမ္မ လုပ်အားပေး စေခိုင်းမှုတွေ၊ ကလေးစစ်သား စုဆောင်းမှုလို ကိစ္စတွေအပြင် အလုပ်သမား သမဂ္ဂလို အသင်းအပင်း အဖွဲ့အစည်းတွေ မရှိတာအတွက် ILO နဲ့ အရင် စစ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်တာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်ပေမဲ့ တိုးတက်တာတွေ မရှိလာသလို ILO အဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ အားနည်းတယ်လို့လည်း ဝေဖန်နေကြတာ ရှိပါတယ်။ ဒါကြောင့်မို့ အခု မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းထဲမှာ ပြောခဲ့တဲ့ ကတိစကားအတိုင်း အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ဖို့ တိုက်တွန်းထားတယ်လို့ ILO ဆက်သွယ်ညှိနှိုင်းရေး အရာရှိ မစ္စတာ စတိဗ် မာရှဲလ်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“လူတိုင်းသိထားတဲ့ အချက်က မြန်မာအစိုးရက အလုပ်သမား သမဂ္ဂ အသင်းအပင်းတွေ ဖွဲ့စည်းခွင့် ပေးရေးနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ မကြာတော့တဲ့ အနာဂတ်မှာ တင်သွင်းတော့မယ်လို့ ပြောခဲ့တဲ့ အချက်ပါပဲ။ ILO ထံကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေ ပြဋ္ဌာန်းရေးနဲ့ ပတ်သက်လို့ အကြံအဉာဏ်တွေ တောင်းခံထားတာ ရှိပါတယ်။ ဒီကနေတဆင့် ILO နဲ့ မြန်မာအစိုးရအကြား အပြန်အလှန် ဆွေးနွေးနိုင်ဖို့ကိုလည်း ကျနော်တို့က မျှော်လင့်ပါတယ်။

“အလုပ်သမား သမဂ္ဂတွေ၊ အဖွဲ့အစည်းတွေကို မြန်မာအစိုးရက ဖွဲ့စည်းခွင့်ပြုမယ် ဆိုတဲ့ အပြုသဘောဆောင်တဲ့ အရိပ်လက္ခဏာရပ်တွေ တွေ့ရတဲ့ အတွက်လည်း ဒီကနေတဆင့် ပိုမိုကျယ်ပြန့်တဲ့ ကိစ္စရပ်တွေဖြစ်တဲ့ မြန်မာနိုင်ငံအတွင်း အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့ လမ်းဖွင့်ပေးရာ ရောက်မယ်လို့ ဆိုရမှာပါ။”

ရန်ကုန်အခြေစိုက် ILO ဆက်သွယ်ညှိနှိုင်းရေး အရာရှိ စတိဗ် မာရှဲလ် ပြောပြခဲ့တာ ဖြစ်ပါတယ်။





ကုလ မြန်မာ့အရေး ကြိုးပမ်းမှု NLD ကြိုဆို
By ဦးဝင်းမင်း  ကြာသပတေး, 09 ဇွန် 2011

ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ဖြစ်လာတဲ့ ပြဿနာတွေကြောင့် တိုင်းပြည်ရဲ့ အနာဂတ်ကို ထိခိုက်မှာမို့ ဒါတွေကို ၀ိုင်းဝန်း ဖြေရှင်းပေးဖို့ အလေးအနက် ဆန္ဒရှိတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။

ဒီပြောကြားချက်ကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ကြိုဆိုလိုက်ပေမဲ့ ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးကို အရင်ကထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။

မစ္စတာ ဘန်ကီမွန်းက မနေ့က ကုလသမဂ္ဂ ရုံးချုပ်မှာလုပ်တဲ့ ၁၄ နိုင်ငံပါတဲ့ မြန်မာ့မိတ်ဆွေများ အဖွဲ့မှာ အခုလို ရေရှည်ပြဿနာတွေကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်ကို စိုးရိမ်တာအပြင် ဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ ၀ိုင်းကူဖို့ရှိတယ် ဆိုတာကို ပြောလိုက်တာ ဖြစ်ပါတယ်။ အခုလို ပြောလိုက်တာဟာ မြန်မာအစိုးရသစ် တက်လာအပြီးမှာ မြန်မာ့မိတ်ဆွေများ အဖွဲ့နဲ့ ပထမဆုံးတွေ့တဲ့ အစည်းအဝေးမှာ ပြောလိုက်တာ ဖြစ်ပါတယ်။