သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, May 24, 2011

လူ့အခွင့်အရေးနေ့ (တံဆိပ်ခေါင်းများ) ဦးအုန်းကျော်


လူ့အခွင့်အရေးနေ့ (တံဆိပ်ခေါင်းများ)
ဦးအုန်းကျော်
မေ ၁၀၊ ၂၀၁၁
‘‘တို့နိုင်ငံဟာ ၁၉၄၈ ဇန္န၀ါရီလ (၄) ရက်နေ့မှာ လွတ်လပ်ရေးရခဲ့တယ်။ အဲဒီနှစ်ထဲမှာဘဲ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့တယ်။ အဖွဲ့ဝင်ဖြစ်ရတဲ့ ရက်စွဲအတိအကျကတော့ ၁၉၄၈၊ ဧပြီလ (၁၉) ရက်နေ့၊ အဖွဲ့ဝင်နိုင်ငံနံပါတ်က - ၅၈။ အဲဒါတွေကိုတော့ ... ငါ့တူသိပြီးသားပါကွာ။ ဒါပေမယ့် အဲ့ဒီကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း (The Universal Declaration of Human Rights) နဲ့ လူ့အခွင့်အရေးနေ့ (Human Rights Day) အကြောင်းကတော့ ငါ့တူအနေနဲ့ နဲနဲစိမ်းနေလိမ့်မယ်။ ကြားဖူး ချင်မှတောင် ကြားဖူးမယ်။’’

‘‘ဟုတ်တယ်ဦးလေးရ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကြားဖူတာတောင် သိပ်မကြာလှသေးပါဘူး။ အဲဒါကလဲ internet တွေထဲမှာ ပါ ပါလာလို့ ပါ။ ပြည်ပက Website တွေထဲမှာလဲ မကြာ မကြာတွေ့နေရလို့ပါ။ မကြားဖူး တာကို အပြစ်မတင်ပါနဲ့ ဦးလေးရာ။ ကျောင်းမှာကော၊ တက္က သိုလ်ကောလိပ်တွေမှာကော၊ ဘယ်မှာသင်ရ လို့တုန်း။ မဂ္ဂဇင်းတွေ - စာစောင်တွေမှာကော ဘယ်မှာ ဖတ်ရလို့တုံး။ ရှင်းရှင်းပြောရရင် ဘယ် လိုအချက်တွေပါ မှနဲ့ ရေရေရာရာ ဂဃနဏ မသိပါဘူးဦးလေးရာ။’’
‘‘တို့ကိုအုပ်ချုပ်တဲ့ ဒီစစ်အစိုးရတွေရဲ့အောက်မှာ အဲ့ဒီလူ့အခွင့်အရေး (Human Rights) ဆိုတဲ့ စကားလုံးကို မင်းတို့၊ ငါတို့တတွေ ကြား တောင် မကြားဖူးရလေအောင် တမင်တကာအညှိုးကြီးကြီးနဲ့ လုပ်ထားတာ ကွ။ မွေး ကထဲကပါလာတဲ့ မွေးရာပါ လူ့အခွင့်အရေးတွေ လူတိုင်းမှာ ရှိနေပါတယ်ဆိုတကို မသိအောင် လုပ်ထားတာ ကွ။’’
‘‘ဟုတ်တယ်နော် ... လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ဖြန့်ဝေတဲ့လူငယ်တွေ၊ အဖွဲ့အ စည်းတွေကိုလဲ နှိပ်ကွပ်တယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့လဲ ကြားပါတယ်။”
‘‘အေး .. တကမ္ဘာလုံးမှာတော့ ဒို့နိုင်ငံနဲ့ တခြားစီဘဲ။ ငယ်ငယ်ကလေးထဲက အဲ့ဒီလူ့အခွင့်အရေးဆိုတာကို သိအောင်၊ နားလည်အောင်၊ ကြားဖူးနားဝရှိအောင် ကျောင်းတွေမှာသင်ပေးကြတယ်။ ပြောပြ - ဖတ်ပြ- ဖြန့်ဝေ - ပညာပေးကြတယ်။ ကလေးတွေနားလည်အောင် ဘယ်လို ဘယ်လိုပြောပါဆိုတဲ့ လက်စွဲစာအုပ် ကလေးေ တွတောင်ရှိသေးတယ်။ အဲ့ဒီလူ့အခွင့်အရေး ကြေညာစာတမ်းကို ကမ္ဘာပေါ်မှာ ရှိရှိ သမျှ ဘာသာစကားပေါင်း စုံနဲ့ ဘာသာပြန်ပြီး (မသိတဲ့သူ တယောက်မှ မရှိရလေအောင်) ဖြန့်ဝေကြ - ဟောပြောကြတယ်။ ကမ္ဘာ့စံချိန် တင်စာရင်းများ (Guinness World Records) ထဲမှာဆိုရင် အများဆုံးဘာသာပြန်ခံရသော မှတ်တမ်း (The Most Translated Document) အ ဖြစ်နဲ့တောင် စာရင်းသွင်းခံထားရတယ်။’’

‘‘ဟာ ဒါဆိုရင် ကျနော်တို့ ခုချိန်ထိမသိသေးဘဲ ယောင်ဝါးဝါးဖြစ်နေတာ ရှက်စရာကြီးပေါ့နော်။’’
‘‘ဟဲ ဟဲ၊ မင်းရှက်တတ်ရင်ပေါ့လေ။ အဲဒီလောက် တကမ္ဘာလုံး ရှိရှိသမျှ လူအပေါင်း (လှည်းနေ လှေအောင်း - မြင်းေ ဇာင်းမကျန်) အားလုံး သိကြတာကို မင်းတို့ ငါတို့တွေ ခု ဒီအရွယ်ကြီးတွေ ရောက်တဲ့အထိ၊ မသိသေး တာ၊ မဖတ်ဘူးသေးတာ နာသကွာ’’
‘‘ဒါနဲ့ ဟိုတလောကတော့ မြန်မာ့လူ့အခွင့်အရေးနေ့အဖြစ် ကိုဖုန်းမော်ကျဆုံးတဲ့ (မတ်လ ၁၃ ရက်) ကို သတ်မှတ်ပြီး ကျင်းပတဲ့အကြောင်းတော့ Internet တွေမှာ တွေ့လိုက်မိသေးတယ်။’’
‘‘အေး ဦးလေးလဲ တွေ့လိုက်မိပါတယ်။ ဒါပေမယ့် တကမ္ဘာလုံးက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးနေ့ကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့ကွ။ အဲဒီကြေညာစာတမ်းကို အတည်ပြုခဲ့တဲ့ ၁၉၄၈၊ ဒီဇင်ဘာ ၁၀ ရက်ကို အထိမ်း အမှတ်ယူထားတာပေါ့ကွာ’’
‘‘အဲ့ဒီကြေညာစာတမ်းကို ဘယ်သူရေးတာလဲဟင်’’
‘‘နိုင်ငံတကာပညာရှင်တွေ ဆွေးနွေးတိုင်ပင်ပြီး ရေးကြတာကွ။ ဒို့အာရှတိုက်ကဆိုရင် တရုတ်ပြည်ကတောင်ပါေ သးတယ်။ တက်တက်ကြွကြွ လုပ်ခဲ့ကြတဲ့ သူတွေထဲမှာဆိုရင်လဲ အဲဒီတုန်းက အမေရိကန်သမတ ရုစဗဲ့ရဲ့မိန်းမ (Eleanor Roosevelt) ဆိုရင် ထင်ရှားတယ်။ အဲဒီကြေညာစာတမ်းမှာ စုစုပေါင်း အပိုဒ် ၃၀ ပါတယ်။ ဟောဒီမှာ မင်းတို့အတွက် ဦးလေး အဆင်သင့် ကော်ပီတွေကူးထား တယ်။ ယူသွားပြီး အေးအေးဆေးဆေး စိမ်ပြေနပြေဖ တ်ကြ၊ ဆွေးနွေးကြပေါ့ကွာ။ ဗမာလိုကော၊ အင်္ဂလိပ်လို မူရင်းကော’’
‘‘ဗမာလိုက ဘယ်သူပြန်တာလဲဟင်’’
‘‘အဲ့ဒါတော့ ဦးလေးလဲမသိဘူးကွ။ မင်းတို့လူငယ်တွေ ရှာဖွေပြီး သုတေသနလုပ်ကြည့်ပေါ့ကွာ။ သိရင်လဲ ဦးလေးကို ပြန်ပြောဦး။ ဦးလေးလဲ မှတ်ထားရတာပေါ့။’’
‘‘ဟုတ်ကဲ့ပါ ဦးလေး”
‘‘ဒီနေ့တော့ အပိုဒ်နံပါတ် (၂၀) ကို ငါ့တူကို ဖတ်ပြရမယ်။ သေသေချာချာ နားထောင်နော်။ ဗမာလိုကော အင်္ဂလိပ်လိုကော။

♦ အပိုဒ် ၂၀
(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူကိုမျှ အဖွဲ့အစည်းတခုသို့ဝင်စေရန် အတင်းအကြပ်မပြုရ။

♦ Article 20
(1)  Everyone has the right to freedom of peaceful assembly and association.
(2)  No one may be compelled to belong to an association.

‘‘ဟာ ကောင်းလိုက်တာ ဦးလေးရာ။ ကျနော်တို့မှာ အဲ့ဒီအခွင့်အရေးတွေ ဘယ်တော့များမှ ရပါ့မလဲ။’’
‘‘ဒါတောင် တပိုဒ်ထဲဘဲရှိသေးတာ ငါ့တူ။ အပိုဒ် ၃၀ စလုံးကို ဖတ်ပြီးရင် အဲဒီအထဲက ဘယ်အခွင့်အရေးတွေရှိေ နပြီလဲဆိုတာ ... မင်းသိလာ လိမ့်မယ်။’’
‘‘အဲ့ဒီအခါကျရင် ဘာအခွင့်အရေးမှ မရှိဘူးဆိုတာ တွေ့ရတော့မယ်ဆိုပါတော့ ... ဒီလိုလား။’’
‘‘အဲ့ဒါတော့ မင်းဘာသာမင်း သိလာလိမ့်မပေါ့ကွာ။ ဒီနေ့တော့ တံဆိပ်ခေါင်းတွေအကြောင်း ဆက်ကြဦးစို့။ တကမ္ဘာလုံးက ပလူပျံအောင် ထုတ်နေပေမယ့် ဒို့နိုင်ငံကတော့ တလုံးမှ မထုတ်ခဲ့ပါဘူးကွာ။’’
‘‘တကယ်လား ဦးလေးရာ။ ကုလသမဂ္ဂနဲ့ပတ်သက်တာတွေတာ့ ထုတ်နေသားဘဲ မဟုတ်လား’’
‘‘အေး ...ကြိုကြား၊ ကြိုးကြားထုတ်နေတာတွေတော့ရှိပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး (Human Rights) နဲ့ပတ်သက်တာကိုတော့ တခု မှ မထုတ်ခဲ့ဘူးကွာ။ ဒီလူ့အခွင့်အရေးဆိုတာကို နားထဲ သံရည်ပူလောင်းထည့်ခံရ သလို .. အခံရခက်တယ်ထင်ပါရဲ့။ အာဏာရှင်နိုင်ငံ တွေ လူ့အခွင့်အရေးချိုးဖောက်တဲ့နေရာမှာ နာမည်ကြီး တဲ့နိုင် ငံတွေကတောင် (ဟန်ပြလေးဖြစ်ဖြစ်) တလုံးတလေ ထုတ်ကြသေးတယ်။ တို့နိုင်ငံကတော့ လုံးဝဆို လုံးဝ ဘဲ။’’
‘‘လူ့အခွင့်အရေးဆိုတဲ့ နာမည်တောင် မကြားချင်ဘူးဆိုတဲ့ သဘောပေါ့နော်။’’
‘‘သူတို့မကြားချင်တဲ့အပြင် မင်းတို့၊ ငါတို့ ကြားသွားမှာကိုလဲ သိပ်ကြောက်နေတာကွ။ တို့အာရှတိုက် က နိုင်ငံခေါင်းဆောင် အချို့ ကလဲ ဒီမိုက ရေစီနဲ့ လူ့အခွင့်အရေးဟာ အာရှတိုက်သားတွေအတွက် ပုံတူကူးချ ဘို့ မလိုဘူး ...လိုလို (အသံတွေပစ်နေတာ) ငါ့တူလဲ ကြားမှာပေါ့။
တရုတ်ပြည်က ထိပ်ဆုံးကပေါ့ကွာ။
အဲ့ဒါကိုကြည့်ရင် အာဏာရှင်လုပ်ချင်နေတဲ့ကောင်တွေက ဒီစကားလုံးတွေကို အရမ်းမုန်းနေတာ မင်းသိသာေ လာက်ပြီပေါ့ကွာ။ ကဲ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (United Nations Human Rights Council - UNHCR) ရဲ့ အထိမ်းအမှတ်တံဆိပ် (logo)။ အပြာရောင်မီးတောက်ကလေးနဲ့။ ဒီမှာကြည့်ပါဦး။

UNHCR

 
‘ကဲ ! မင်းတို့ခေတ်ရောက်ရင် ဘယ်လိုဒီဇိုင်းကလေးနဲ့ထုတ်ရင်ကောင်းမလဲ စဉ်းစားထားပေါ့ကွာနော်။’’
‘‘သြစတြေးလျကထုတ်တဲ့၊ နှင်းဆီပန်းနဲ့ သံဆူးကြိုး ဒီဇိုင်းလေးကို ကျနော်အကြိုက်ဆုံးဘဲ။ ကျနော်တို့က ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ကြာပန်း ကလေးနဲ့ သံဆူးကြိုး ဒီဇိုင်းလေး လုပ်လိုက်ရင် မကောင်းဘူးလား။’’
‘‘ဟာ ... ကောင်းလိုက်တဲ့ အကြံလေးပါလားကွာ’’

ၾသစေၾတးလ်
 

♦ ♦ ♦
၁၉၅၈ (၁၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

အင်ဒိုနီးရှား

သီရိလင်္ကာ

ဗီယက်နမ်

ပါကစ္စတန်

မလေးရှား


လာအို

ဂျပန်

၁၉၆၈ (၂၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

တောင်ကိုရီးယား

အိန္ဒိယ

ဟောင်ကောင်

ယိုးဒယား

ဂျာမဏီ

ကမ္ဗောဒီးယား


ဘရူနိုင်း

လာအို


၁၉၇၈ (၃၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

နီပေါ

အနှစ် ၃၅ နှစ် UN


၁၉၈၈ (၄၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

ဖိလစ်ပိုင်


၁၉၉၈ (၅၀ နှစ်မြောက်အထိမ်းအမှတ်ထုတ် တံဆိပ်ခေါင်းများ)

ၾသစေၾတးလ်

နီပေါ

၁၉၇၃ ယိုးဒယား

  Next >

မြန်မာ့သမိုင်းတကွေ့မှ အဓိပတိကြီး ဒေါက်တာဘမော် ( သန်းဝင်းလှိုင်)

မြန်မာ့သမိုင်းတကွေ့မှ အဓိပတိကြီး ဒေါက်တာဘမော်
သန်းဝင်းလှိုင်
ဧပြီ ၂၈၊ ၂၀၁၁

            ဒေါက်တာဘမော်သည် ကိုလိုနီခေတ်၊ ဂျပန်ခေတ်၌ ထင်ရှားခဲ့သော ပထမဆုံး ပါရဂူဘွဲ့ရ နိုင်ငံရေးသမားနှင့် ခေါင်းဆောင်တဦးဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ နိုင်ငံရေးတွင် ကျင်လည်၍ နိုင်ငံရေးပါး ဝသည်။ ထို့ပြင် မြန်မာတိုင်းရင်းသားများထဲမှ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် ပထမဆုံးသော ကထိကရာထူးရခဲ့သူဖြစ်ပြီး၊ လန်ဒန် ဂရေးအင်းဥပဒေကျောင်းမှ (Bar of Law) ဝတ်လုံဘွဲ့နှင့် ပြင်သစ်နိုင်ငံ ဘောလ်ဒိုးတက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (ပါရဂူ)ဘွဲ့ကို ပထမဆုံးရခဲ့သူဖြစ်သည်။ သူသည် ကိုလိုနီခေတ် ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးကာလတွင် ပညာရေးဝန်ကြီးချုပ်၊ နန်းရင်းဝန် (ဝန်ကြီးချုပ်)၊ ဂျပန်ခေတ်တွင် နိုင်ငံတော်အကြီးအကဲ (အဓိပတိ) တာဝန်များကိုထမ်းရွက်ခဲ့သူ ဖြစ်သည်။
          ဒေါက်တာဘမော်ကို ၁၈၉၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်ဗုဒ္ဓဟူးနေ့တွင် မအူပင်မြို့၌ အဖ ဦးကျေး၊ အမိ ဒေါ်သိန်းတင်တို့မှ ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ယောက်တွင် အငယ်ဖြစ်သည်။ အစ်ကို ဖြစ်သူမှာ ဥပဒေပါမောက္ခ ဒေါက်တာဘဟန် (၁၈၉၀-၁၉၆၉) ဖြစ်သည်။ ဖခင် ဦးကျေး (ဦးမောင်မောင်ကျေး)မှာ သာသနာပြုဆရာကြီး ဒေါက်တာမှတ်၏ တပည့်ရင်းတဦးဖြစ်၍ မန္တလေး သံထဲကျောင်းတွင် မင်းတုန်းမင်း၏ သားတော်မင်းညီမင်းသားများနှင့်အတူ ပညာသင်ကြားခဲ့သူ ဖြစ်သည်။ အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် သထုံဒေသ တော်လှန်ပုန်ကန်မှု တွင်ပါဝင်၍ ထိုင်းနိုင်ငံသို့ တိမ်းရှောင်သွားခဲ့သည်။
          ဒေါက်တာဘမော်သည် ငယ်စဉ်က ခရစ်ယာန်ဘာသာဝင်ဖြစ်ပြီး ဥရောပမှပြန်လာပြီးနောက် ဗုဒဘာသာဝင်ဖြစ်လာသည်။ ငယ်စဉ်ကစိန်ပေါကျောင်း (အ.ထ.က (၆) ဗိုလ်တထောင်) မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်၍ ၁၉၁၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ရန်ကုန် အစိုးရအထက်တန်းကျောင်းတွင် ကျောင်းဆရာအဖြစ် ခေတ္တဝင်ရောက်လုပ်ကိုင်ပြီး ကာလကတ္တား တက္ကသိုလ်မှ ၁၉၁၇ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့(M.A) ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနတွင် ပထမဆုံး ဗမာလူမျိုး ကထိကအဖြစ် ၁၉၁၆ မှ ၁၉၂၀ အထိ လေးနှစ်တာမျှ ဆောင်ရွက်ခွင့်ရရှိခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် အင်္ဂလန်ပြည် ကိန်းဗရစ်တက္ကသိုလ်သို့ သွားရောက် ပညာ သင်ကြားခဲ့ပြီး ၁၉၂၃ ခုနှစ်တွင် လန်ဒန်မြို့ ဂရင်းအင်းမှ ဘာရစ်စတာ (Barrister at Law) ဝတ်လုံ ဘွဲ့ရသည်။ ၁၉၂၄ ခုနှစ်မှာပင် ပြင်သစ်နိုင်ငံ ဘောလ်ဒိုးတက္ကသိုလ်မှ ဗုဒ္ဓဘာသာကျမ်းပြု၍ ပါရဂူ (Ph.D) ဘွဲ့ရရှိခဲ့သည်။ ပီအိပ်ခ်ျဒီအတွက် တင်သွင်းခဲ့သည့်စာတမ်းမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာရှိ ဈာန်ကမ္မဌာန်းများကို နှိုင်းယှဉ်လေ့လောသည့် ‘အိစ်တင်းမစ်တစ်ဇင်း’ (Eastern Mysticism) စာတမ်း ဖြစ်သည်။
          ၁၉၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီး ဝတ်လုံလိုက်ရာ ၁၉၃၀ ပြည့်နှစ် သာယာဈတီ ဂဠုန်ဆရာစံနှင့် မျိုးချစ်တော်လှန်ရေးသမားများဘက်မှ လိုက်ပါဆောင်ရွက်ရာမှ ထင်ရှားလာခဲ့သည်။
          ၁၉၃၂ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံအား အိန္ဒိယနိုင်ငံနှင့် ခွဲရေးတွဲရေးကိစ္စ ပေါ်ပေါက် လာသောအခါ အိန္ဒိယနှင့်ခွဲရေးကိုလိုလားသော ဦးဘဘေ ခေါင်းဆောင်အဖွဲ့များက ခွဲရေးအသင်း ဖွဲ့စည်းခဲ့သလို ဒေါက်တာဘမော်၊ ဒေါက်တာဘဟန်၊ ဝတ်လုံဦးကျော်မြင့်၊ ဦးကျော်ဒင်၊ ရမ်းဗြဲ ဦးမောင်မောင်၊ ဒီးဒုတ်ဦးဘချို၊ ဦးဘခိုင်တို့ ပါဝင်သည့်အဖွဲ့က တွဲရေးကိုလိုလားသူများက မခွဲခွာရေး အသင်း (တွဲရေးအဖွဲ့)ကို ဖွဲ့စည်းခဲ့ကြသည်။ ယင်းအဖွဲ့ကို အတိုကောက်အားဖြင့် ‘မော်မြင့်ဗြဲ ပါတီ’ ဟုလည်း ခေါ်ကြသည်။ ထိုအချိန်မှစ၍ ဒေါက်တာဘမော်သည် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။
          ထို့ပြင် ရန်ကုန်တက္ကသိုလ်သမဂ္ဂအသင်းတိုက်၌ ခွဲရေး တိုက်ရေး အချေအတင်စကားပြောပွဲ ကျင်းပရာ ခွဲရေးဘက်မှ ဦးဘဘေနှင့် ဝတ်လုံဦးဘစီ၊ တွဲရေးဘက်မှ ဒေါက်တာဘမော်နှင့် ဒေါက်တာဘဟန် ညီအစ်ကိုတို့က ဟောပြောကြသည်။
          ၁၉၃၂ ခု နိုဝင်ဘာလ ၉ ရက်နေ့တွင် မြန်မာနိုင်ငံ၌ ဒိုင်အာခီအုပ်ချုပ်ရေးအရ စတုတ္ထ အကြိမ်မြောက် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပခဲ့ရာ ဒေါက်တာဘမော် ဦးစီးသော ပါတီက အမတ်ဦးရေ ၂၅ ဦး ရွေးကောက်တင်မြှောက်ခံသည်။
          ဒေါက်တာဘမော်သည် ရွေးကောက်ပွဲတွင် အမတ်အဖြစ်ရွေးချယ်ခံရပြီးနောက် ဗြိတိသျှ ပါလီမန် အထက်လွှတ်တော် တွဲဖက်ကော်မတီနှင့်ဆွေးနွေးရန် မြန်မာကိုယ်စားလှယ် ၁၂ ဦး (ဦးဘဘေ၊ ဝတ်လုံတော်ရ ဦးသိမ်းမောင်၊ ဦးချစ်လှိုင်၊ ဒေါက်တာဘမော်၊ အိန္ဒိယလူမျိုးအမတ် ထရပ်ဂျီ၊ ဒေါက်တာဒေါ်စောစ၊ သရာရွှေဘ၊ မစ္စတာကင်းပတ်နက်၊ မစ္စတာဟာဂျီ၊ မစ္စတာကောဝပ်စ်ဂျီ၊ မစ္စတာ ဟာပါး၊ ဦးရွှေသား)နှင့်အတူ ၁၉၃၃ နိုဝင်ဘာ ၈ ရက်နေ့တွင် အင်္ဂလန်ပြည် လန်ဒန်မြို့သို့ သွားရောက်ခဲ့သည်။
          ထို့နောက် ၁၉၃၄ ခုနှစ် ဧပြီ ၉ ရက်နေ့တွင် ဒေါက်တာဘမော်သည် မြန်မာနိုင်ငံ ပူးတွဲတာဝန်ခံ အစိုးရအဖွဲ့တွင် ပညာရေးဝန်ကြီးချုပ်အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ပညာရေးဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ်အတွင်း နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်ကိုအမျိုးသားနေ့အဖြစ် မြန်မာပြည်ကျောင်းများအားလုံး တရားဝင်ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ခဲ့သည်။ ထို့နောက် ၁၉၃၆ တွင် ဒေါက်တာဘမော်သည် ဆင်းရဲသားဝံသာနု (ဓားမ) ပါတီကို ဖွဲ့စည်းတည်ထောင်၍ ၁၉၃၆ မှ ၁၉၄၂ အထိ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။
          ၁၉၃၆၊ မေ ၁၃ တွင် ငါးပွင့်ဆိုင်အဖွဲ့ဥက္ကဋ္ဌ မင်းသားကြီးထိပ်တင်ဝ က ဒေါက်တာဘမော်ထံ ညီညွတ်ရေးအဖွဲ့ထဲ ပါဝင်ရန် ဖိတ်ခေါ်စာပေးပို့သည်။ ဒေါက်တာဘမော်က ငါးပွင့်ဆိုင်ဥက္ကဋ္ဌ မင်းသားကြီးထိပ်တင်ဝ ထံ ၎င်းတင်ပြသော အချက်လေးချက်ကို ညီညွတ်ရေးအဖွဲ့က လက်ခံပါက နောက်လိုက်အဖြစ် ထားရာနေစေရာသွားပါမည်ဟု အကြောင်းပြန်စာပို့ခဲ့သည်။
          ယင်းနောက် ၁၉၃၆ နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်နေ့အထိကျင်းပခဲ့သော မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှု အက်ဥပဒေ (၉၁ ဌာန အုပ်ချုပ်ရေး) အရ ပထမဆုံးအကြိမ် အောက်လွှတ်တော်အမတ် ရွေးကောက်ပွဲတွင် ငါးပွင့်ဆိုင်ပါတီမှ ၄၆ ဦး၊ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနု (ဓားမ)ပါတီမှ ၁၆ ဦး၊ ဦးချစ်လှိုင် ဂျီစီဘီအေမှ ၁၂ ဦး၊ ကိုယ့်မင်းကိုယ့်ချင်းအဖွဲ့မှ ၃ ဦး၊ ဖေဘီယန်ပါတီမှ ၁ ဦး (ဦးမောင်မြစ်)နှင့် ရွှေတောင်ကြားပါတီမှ ၂ ဦး၊ သက်ပန်း ဂျီစီဘီအေမှ ၁ ဦးနှင့် တသီးပုဂ္ဂလအမတ် ၁၇ ဦး အရွေးခံရသည်။
          သို့သော် ငါးပွင့်ဆိုင်အဖွဲ့သည် ရွေးကောက်ပွဲတွင် အမတ်လောင်းများ ရာထားစဉ်ကပင် အတွင်းရေးအားဖြင့် စိတ်ဝမ်းကွဲပြားနေကြရာ ၁၆ ဦးမျှ အရွေးခံရသည့်အတွက် အားအကြီးဆုံးပါတီ အဖြစ်ဖြင့် ဦးဘဘေအား ခေါင်းဆောင်စေ၍ အစိုးရအဖွဲ့ ဖွဲ့စေရန်အတွက် ဘုရင်ခံက အပ်နှင်း၏။ ဦးဘဘေသည် ငါးပွင့်ဆိုင်ပါတီဝင်တို့နှင့်စေ့စပ်ပြီး ဝန်ကြီးရာထူးများရွေးချယ်၍ အစိုးရအဖွဲ့ကို ကြိုးစားဖွဲ့သော်လည်း ညီညွတ်မှုကိုမရဘဲ အစိုးရမဖွဲ့နိုင်သောကြောင့် ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဘုရင်ခံထံ ပြန်အပ်လိုက်ရသည်။
          ထိုအခါ ဒေါက်တာဘမော်သည် ငါးပွင့်ဆိုင်တွင် သဘောကွဲပြားနေသော အမ်အေဦးမောင်ကြီး၊ ဝတ်လုံဦးပု၊ ဒေါက်တာသိန်းမောင်၊ မိတ္ထီလာဦးဘရင်၊ မန္တလေးဦးဘဦးစသည်တို့နှင့် အိန္ဒိယ တိုင်းရင်းသားအမတ်များ၊ ကရင်အမျိုးသားအမတ်များ၊ ရခိုင်အမျိုးသားအမတ်များ၊ ဦးချစ်လှိုင်အဖွဲ့ တသီးပုဂ္ဂလတို့နှင့် ညှိနှိုင်းရာ အမတ်ဦးရေအဖွဲ့ဝင် ၇၀ မျှရရှိသွားသောကြောင့် မြန်မာနိုင်ငံ ဘုရင်ခံ ဆာအာချီဘောဒေါက်ကလပ်ကော့ကရိန်း က ဒေါက်တာဘမော်အား အစိုးရဖွဲ့ခိုင်းသည်။ သို့ဖြင့် ဒေါက်တာဘမော်တင်ပြသော အစိုးရအဖွဲ့ဝင်အမည်စာရင်းကို ဘုရင်ခံက ၁၉၃၇ ခုနှစ် မတ်လ ၁၁ ရက် နေ့တွင် အတည်ပြုခဲ့သည်။
          ဤသို့ဖြင့် ညွန့်ပေါင်းအစိုးရအဖွဲ့တွင် နန်းရင်းဝန်အဖြစ် ဒေါက်တာဘမော်၊ ပြည်ထဲရေး ဝန်ကြီးအဖြစ် ဦးပေါ်ထွန်း၊ ပညာရေးဝန်ကြီး သာယာဝတီဦးမောင်မောင်၊ သစ်တောရေးဝန်ကြီး ဦးစောဖေသာ၊ ဘဏ္ဍာရေးဝန်ကြီး ဦးထွန်းအောင်ကျော်၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာ သိန်းမောင်၊ အခွန်တော်ဌာနဝန်ကြီး မန္တလေးဦးဘဦးတို့ ပါဝင်သည်။
          နန်းရင်းဝန်ဖြစ်ပြီးနောက် နှစ်စဉ် တန်ဆောင်မုန်းလာပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသား နေ့အဖြစ် အများပြည်သူရုံးပိတ်ရက်အဖြစ် ကြေညာပေးခဲ့သည်။ ထို့နောက် ဒေါက်တာဘမော်သည် တက္ကသိုလ်ကျောင်းသားသပိတ်များ၏ လိုလားချက်များကို “မြန်မာပြည် တက္ကသိုလ်ကျောင်းသည် မြန်မာတိုင်းရင်းသားကျောင်းအစစ် ဖြစ်ရမည်။ ဤအတိုင်းဖြစ်စေရန် ညွန့်ပေါင်းအစိုးရက သဘောမထားလျှင် ရာထူးပြန်အပ်၍ မိမိအစိုးရအဖွဲ့များကို ဖျက်သိမ်းမည်။ မြန်မာတိုင်းရင်းသား တက္ကသိုလ်သည် ဓနရှင်များ၏တက္ကသိုလ်သာ မဖြစ်ရ၊ ဆင်းရဲသားများလည်း ဓနရှင်များကဲ့သို့ တက္ကသိုလ်ပညာကိုရှာမှီး၍ တက္ကသိုလ်စာမေးပွဲများကို အောင်နိုင်ရန် လုပ်ရမည်။ ဤကဲ့သို့ဖြစ်နိုင်ရန် ဆင်းရဲသားများရနိုင်သည့် စကောလားရှစ်များ တိုး၍ပေးရန်နှင့် စရိတ်မရှိ၍ မသင်နိုင်သော ကျောင်းသားများ စာမေးပွဲဝင်ခွင့်ပေးမည်။ တက္ကသိုလ်ကျောင်း၌ ပြဌာန်းချက်များကို  မြန်မာဘာသာ အားဖြင့် သင်ကြားနိုင်ရန်အောင် ယခုကစ၍ အုတ်မြစ်ချရမည်။ အုတ်မြစ်ကစရမည်ဖြစ်၍ အချိန် လိုဦးမည်ဖြစ်ရာ မြန်မာဘာသာကို ပညာရေး၌ အားပေးရန် အထူးရည်ရွယ်ပါသည်” ဟု မြို့တော် ခန်းမ အစည်းအဝေး၌ ပြောကြားလေသည်။
          သို့သော် ၁၃၀၀ပြည့် အရေးတော်ပုံကြီး ၁၉၃၈ တွင် နယ်ချဲ့လက်ပါးစေများ၏ ရက်စက်စွာ ရိုက်နှက်မှုကြောင့် ဗိုလ်အောင်ကျော်နှင့် မန္တလေးအာဇာနည် ၁၇ ဦးတို့ ကျဆုံးခဲ့ရခြင်း၊ ကုလား-ဗမာ အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းတို့ကြောင့် ပြည်သူများက အော့နှလုံးနာကာ ဒေါက်တာဘမော် ဦးဆောင်သော ညွန့်ပေါင်းအစိုးရကို တနိုင်ငံလုံးက ဝိုင်းဝန်း ရှုတ်ချခဲ့ကြသည်။ လွှတ်တော်တွင်လည်း အတိုက်အခံခေါင်းဆောင် မျိုးချစ်ပါတီမှ ဂဠုန်ဦးစော တင်သွင်းသည့် ဒေါက်တာဘမော် ခေါင်းဆောင်သည့် ညွန့်ပေါင်းအစိုးရအပေါ် အယုံအကြည်မရှိအဆိုကို မဲခွဲရာ ထောက်ခံမဲ ၇၀၊ ကန့်ကွက်မဲ ၃၇ မဲဖြင့် အဆိုနိုင်ခဲ့သဖြင့် ဒေါက်တာဘမော် အစိုးရ ပြုတ်ကျသွားလေသည်။
          ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ (အချို့က အောက်တိုဘာလ ၁ ရက်နေ့ဟု ဆို) တွင် လွတ်လပ်ရေးအတွက် သွေးစည်းဆောင်ရွက်ရန် တို့ဗမာအစည်းအရုံးသခင်များ၊ ငါးပွင့်ဆိုင်၊ ဆင်းရဲသားဝံသာနု၊ နေပြည်တော် စသည့် အဖွဲ့များပူးပေါင်းလက်တွဲ၍ ဗမာ့ထွက်ရပ်ဂိုဏ်း (Burma Freedom Bloc) ကို ဖွဲ့စည်းတည်ထောင်လိုက်သည့်အခါ အဖွဲ့ခေါင်းဆောင်အဖြစ် တင်မြှောက်ခံ ရသည်။ ထိုစဉ်က ဗိုလ်အောင်ကျော်ကို ရိုက်သတ်သည့် ဒေါက်တာဘမော်နှင့် မဟာမိတ် ဖွဲ့ရကောင်းလားဟု တို့ဗမာအစည်းအရုံးမှ အချို့သောအင်အားစုများက မကျေနပ်ကြချေ။ နယ်ချဲ့အင်္ဂလိပ်ကို ပိုမိုအင်အားကြီးသည့် အမျိုးသားအင်အားနှင့် တိုက်ရမည်ဟု ရှင်းပြမှ သဘောပေါက်လာကြသည်။
          ၁၉၄၀ ပြည့်နှစ် သြဂုတ်လ ၆ ရက်နေ့တွင် ဗမာ့ထွက်ရပ်ဂိုဏ်း၏ခေါင်းဆောင် ဒေါက်တာ ဘမော် အဖမ်းခံရသည်။ ထို့နောက် သြဂုတ်လ ၂၈ ရက်နေ့တွင် ထောင်ဒဏ်တနှစ် အပြစ်ပေး၍ မန္တလေးထောင်သို့ ပို့ခဲ့သည်။ ထို့နောက် အောက်တိုဘာ ၁၈ ရက်နေ့တွင် မန္တလေးထောင်မှ မိုးကုတ် ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ဂျပန်တပ်များ မြန်မာပြည်သို့ ဝင်ရောက်လာပြီးနောက် ၁၉၄၂ ဧပြီ ၁၃ ရက်နေ့တွင် ဒေါက်တာဘမော် မိုးကုတ်ထောင်မှ ထွက်ပြေးလွတ်မြောက်သွားသည်။
          ဂျပန်ကင်ပေတိုင်စစ်ပုလိပ်အဖွဲ့က ၁၉၄၂ ခုနှစ် မေ၂၃ ရက်နေ့တွင် မိုးကုတ်ထောင်မှ ထွက်ပြေးလွတ်မြောက်သွားသော ဒေါက်တာဘမော်ကို ဂျပန်တပ်မတော်ဌာနချုပ်ရှိရာ မေမြို့ (ပြင်ဦးလွင်) သို့ ခေါ်ဆောင်သွားသည်။   
          ယင်းနောက် ၁၉၄၂ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် မြန်မာပြည်ရှိ ဂျပန်စစ်တပ်များ၏ စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး အီးဒါးက မြန်မာပြည်အုပ်ချုပ်ရေး စီစဉ်မှုကော်မတီ (Provisional Administrative Committee)တွင် ခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့၍ ကော်မတီကို ဖွဲ့စည်းစေသည်။ ယင်းအဖွဲ့တွင် ဒေါက်တာသိမ်းမောင်၊ သခင်မြ၊ ဗန္ဓုလဦးစိန်၊ သခင်ထွန်းအုပ်၊ သခင်နု၊ ဓားမဦးဘသိန်း၊ ဦးလှဖေနှင့် သခင်ဗစိန်တို့ ပါဝင်ကြလေသည်။
          ထို့နောက် ၁၉၄၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ နံနက် ၈ နာရီတွင် စစ်ဘက်ဆိုင်ရာ ဗဟိုဌာန ဖြစ်သော အစိုးရအိမ်တော်၌ ဒေါက်တာဘမော်အား နန်းရင်းဝန်(ဝန်ကြီးချုပ်)အဖြစ် ဂျပန် စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး အီးဒါးက ခန့်အပ်ခဲ့သည်။ နန်းရင်းဝန် ဒေါက်တာဘမော်က အစိုးရ အဖွဲ့သစ်ဖွင့်ပွဲတွင် “ဂျပန်တပ်မတော် စစ်ဗိုလ်ချုပ်ကြီး၏လက်အောက်တွင် ဖွဲ့စည်းလိုက်သော ခေတ်သစ် မြန်မာပြည်အစိုးရကို ကျွန်ုပ်တို့ ယနေ့တွေ့မြင်ကြရပြီ။ ဤခေတ်သစ် အစိုးရသည် မြန်မာပြည်တွင် ခေတ်သစ်ထူထောင်မည်ဖြစ်ကြောင်းနှင့် ခေတ်သစ်အစိုးရ၏ လုပ်ငန်းအစီအစဉ် ဖြစ်သော ဝါဒစည်းမျဉ်းများကို ကြေညာခဲ့သည်။
          ဒေါက်တာဘမော်သည် ၁၉၄၂ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် တို့ဗမာဆင်းရဲသား အစည်းအရုံးကို ဖွဲ့စည်းသည့်အခါ အစည်းအရုံးခေါင်းဆောင် အာဏာရှင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဒေါက်တာဘမော်သည် ရှင်ဘုရင်ဆန်ဆန် အခမ်းအနားကို ကြိုက်သည်။ လိုတာထက်ပိုပြီး အစည်းအဝေးဖြစ်စေ၊ အခမ်းအနားတခုခုဖြစ်စေ သူ ဝင်မလာမီ အခမ်းအနားမှူးက “အဓိပတိ အရှင်မင်းကြီး ကြွချီလာပါတော့မည်။ တိတ်စေ” ဟု အော်သည့်အခါ အားလုံး ငြိမ်နေရသည်။
          ဂျပန်ဧကရာဇ်ဘုရင် ဟီရိုဟီတို (၁၉၀၁-၁၉၈၉) က ဒေါက်တာဘမော် အစိုးရအဖွဲ့ဝင်တို့အား ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ဖိတ်ခေါ်၍ ၁၉၄၃ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ဒေါက်တာဘမော်အား တက်နေ ပထမတန်းဘွဲ့တံဆိပ်နှင့် စလွယ်ကြီး၊ ပြည်ထဲရေးဝန်ကြီးသခင်မြနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာသိမ်းမောင်တို့အား မွန်မြတ်သောဘဏ္ဍာ ဒုတိယတန်းဘွဲ့တံဆိပ်နှင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းအား တက်နေတတိယတန်း ဘွဲ့တံဆိပ်နှင့် စလွယ်လတ်တို့ကို ချီးမြှင့်ခဲ့သည်။
          ဂျပန်စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး ကာဝါဘီ က စစ်အုပ်ချုပ်ရေးရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် လွတ်လပ်ရေးပေး၍ ဗမာနိုင်ငံအစိုးရ ဖွဲ့စည်းသည့်အခါ နိုင်ငံတော် အဓိပတိအဖြစ် ဗမာနိုင်ငံအစိုးရအဖွဲ့ကို ဦးဆောင်စေခဲ့သည်။
          ၁၉၄၄ သြဂုတ်၂၃တွင် ခေတ္တမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် မစ္စတာကီတာဇာဝါနှင့် သံမှူး မစ္စတာရှိမတ်ဇုတို့က ဂျပန်ဧကရာဇ် ဘုရင်မင်းမြတ်ကိုယ်စား The Grand Cordon of the Imperial Order of the Rising Sun with the Poulownia flower ဘွဲ့တံဆိပ်ကို ရန်ကုန်မြို့ စံအိမ်တော်ဧည့်ခန်းမ၌ နိုင်ငံတော်အဓိပတိ ဒေါက်တာဘမော်အား အပ်နှင်း၍ ဂျပန်ဧကရာဇ် မင်းမြတ်၏ သဝဏ်လွှာကို ဆက်သခဲ့သည်။
          ထို့နောက် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖတပလ မှ မြန်မာနိုင်ငံတဝန်းလုံး ဖက်ဆစ်တော်လှန်ရေးဆင်နွှဲ၍ မဟာမိတ်တပ်များ မြန်မာနိုင်ငံ တွင်းသို့ ဝင်ရောက်လာသောအခါ ဂျပန်ခေတ်မြန်မာအစိုးရ အဓိပတိကြီး ဒေါက်တာဘမော်နှင့် အစိုးရအဖွဲ့ဝင်များနှင့် မိသားစုများ ည ၉း၃၀ နာရီခန့်တွင် ရန်ကုန်မြို့မှ ထွက်ခွာခဲ့လေသည်။ စစ်ပြေးအစိုးရ အဓိပတိ ဒေါက်တာဘမော် အစိုးရအဖွဲ့သည် ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ယိုးဒယား-မြန်မာ သေမင်းတမန်မီးရထားလမ်းအတိုင်း မီးရထားဖြင့် ယိုးဒယား(ထိုင်း)နိုင်ငံသို့ ထွက်ပြေးလွတ်မြောက်သွားသည်။ ယင်းနောက် ဒေါက်တာဘမော်သည် ယိုးဒယားနိုင်ငံမှတဆင့် ကမ္ဘောဒီးယား၊ ကမ္ဘောဒီးယားမှတဆင့် ထိုင်ဝမ်ကျွန်းသို့ လေယာဉ်ဖြင့် ထွက်ခွာသွားသည်။ ယင်းနောက် ဂျပန်နိုင်ငံသို့ ရောက်ရှိသွားသည်။ ဒေါက်တာဘမော် လွတ်မြောက်သွားသော်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗြိတိသျှစစ်ဘက်ဆိုင်ရာတို့က စစ်ပြေးအစိုးရ အဓိပတိ ဒေါက်တာဘမော်၏ဇနီး ဒေါ်ခင်မမမော်၊ သားသမီးများနှင့် ယင်းတို့၏လုံခြုံရေးအရာရှိ ဗိုလ်ရန်နိုင် (ရဲဘော်သုံးကျိပ်) တို့အား ဖမ်းဆီးခဲ့သည်။
          ဂျပန်တို့လက်နက်ချပြီးနောက် ဒေါက်တာဘမော်သည် ၁၉၄၅ ခုနှစ် ဒီဇင်ဘာလတွင် တိုကျိုမြို့သို့သွားရောက်၍ ဗြိတိသျှတပ်ဖွဲ့မှ ဗိုလ်မှူးကြီးဖစ်ဂျက်စ် (Col.Figesse) ထံ လက်နက်ချခဲ့သည်။ ဒေါက်တာဘမော်သည် ဂျပန်နိုင်ငံ ဘူဂါမိုအကျဉ်းထောင်တွင် ၁၉၄၆ ခုနှစ် ဇူလိုင်လအထိ အကျဉ်းကျခံရပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့သည်။ ယင်းနောက် ရန်ကုန်မြို့သို့ သြဂုတ်လ ၁ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလအဖွဲ့ကြီးသို့မဝင်တော့ဘဲ သီးခြား ‘မဟာဗမာ’ ပါတီကို တည်ထောင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇန်န၀ါရီ ၂၇ ရက်နေ့တွင် ချုပ်ဆိုသော အောင်ဆန်း-အက်တလီ စာချုပ်ကို မထောက်ခံဘဲ ပြင်းထန်စွာ ဝေဖန်ရှုံ့ချ ကန့်ကွက်ခဲ့သည်။ ၁၉၄၇ ဧပြီလ ၉ ရက်နေ့တွင် ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲကို ဂဠုန်ဦးစော၊ သခင်ဗစိန်တို့နှင့် ပေါင်း၍ ‘စော၊ စိန်၊ မော်’ မဟာမိတ်ဖွဲ့ကာ သပိတ်မှောက်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံရသောအခါ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တဦးအဖြစ် ၁၉၄၇ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှ ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့အထိ ပြည်တွင်းငြိမ်းချမ်းရေး ပုဒ်မ (၅) အရ အကျဉ်းချခံရသည်။ ၁၉၅၉ ခုနှစ်တွင် အမျိုးသားပေါင်းစုံမဟာအဖွဲ့ နာယကအဖြစ် ဆောင်ရွက်သည်။ ၁၉၆၆ ခုနှစ် မေလတွင် ထပ်မံ အကျဉ်းချခံရသည်။
          ဒေါက်တာဘမော်သည် ၁၉၂၆ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ဒေါ်ခင်မမမော်နှင့် လက်ထက်၍ သားသုံးဦး (ဇာလီမော်၊ ဗညားမော်၊ နေတာမော်)၊ သမီးလေးဦး (တင်ဇာမော်၊ ဒေါက်တာမာလာမော်၊ ဒေါက်တာသီတာမော်၊ ဥမ္မာမော်) တို့ကို မွေးဖွားထွန်းကားခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ခင်မမမော်မှာ ခင်ပွန်းသည်၏ လုပ်ငန်းများတွင် အကူအညီ အထောက်အပံ့ပေးနိုင်၍ ထူးချွန်ထက်မြက်သော အမျိုးသမီးတဦးအဖြစ် ထင်ရှားသည်။ ဂျပန်ခေတ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဒေါက်တာဘမော်သည် အင်္ဂလိပ်ဘာသာဖြင့် Break through in Burma: Memories of a Revolution ၁၉၃၉-၁၉၄၆ (ရုန်းထွက်ခဲ့သော မြန်မာပြည်) ဟူသော စာအုပ်ကိုရေးသား၍ ၁၉၆၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ယေးတက္ကသိုလ်မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ သူတို့၏ အခြားထင်ရှားသော စာအုပ်များမှာ Buddhist Mysticism; A Psychological Study (၁၉၂၄) နှင့် New Order Plan for Burma (၁၉၅၀) တို့ဖြစ်သည်။
          မြန်မာသမိုင်းတကွေ့တွင် ထင်ရှားခဲ့သော ဒေါက်တာဘမော်သည် ၁၉၇၇ ခုနှစ် မေလ ၂၉ ရက်တွင် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၈၁(က) နေအိမ်၌ ကွယ်လွန်ခဲ့လေသည်

ဆေးထိုးရန် မလို ( ကျော်သူ)

ဆေးထိုးရန် မလို
ကျော်သူ
မေ ၂၄၊ ၂၀၁၀
   ၂၁.၅.၂၀၁၁ စနေနေ့တွင် ကွယ်လွန်သွားသော ဦးကျော်စိန် အသက် (၉၆) နှစ်၏ ရုပ်အလောင်းအား အဝေးရောက်နေသော ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမ မြေးမြစ်များ နောက်ဆုံး ကြည့်ရှုဂါရဝပြုကြရန်ရည်ရွယ်၍ မိမိတို့နေအိမ်ရှိရာ အမှတ် (၉၆)၊ ၁၁ လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့တွင် ၃ ရက်ထားရှိရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ် အကူအညီ တောင်းခံလာခဲ့သည်။
     ယခင်က ဤကဲ့သို့ နာရေးဖြစ်ရပ်များ ကြုံတွေ့ပါက ရုပ်အလောင်း (သို့) ရုပ်ကလပ်အား မပုပ်မသိုးရန် ဆေးထိုးခြင်း၊ သက်ဆိုင်ရာသုဿန်များရှိ အအေးခန်းတွင် ထားရှိစေခဲ့သည်။ သို့သော် ယခုဖြစ်ရပ်သည် ကာယကံရှင်တို့မှ မိမိတို့ နေအိမ်တွင်သာ ထားရှိလိုသော ဆန္ဒရှိပါ၍ ၆.၅.၂ဝ၁၁ (သောကြာနေ့) နံနက် (ဝ၈းဝဝ) နာရီအချိန်တွင် အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့ ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ (D.Liit, Ph.D) နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ရုပ်ကလပ် (အလောင်း) ပြင်ဆင်ထားရှိချိန်၌ အသုံးပြုနိုင်ရန် လေအေးစနစ်သုံး လက်တွန်းလှည်း ၄ စီးအား သဒ္ဒါတရားကြည်လင်စွာဖြင့် လှူဒါန်းပေးအပ်ခဲ့သောကြောင့် ယင်းဖြစ်ရပ်အား အကူအညီပေးရန်အတွက် အခွင့်သာခဲ့သည်။ ထို့ကြောင့် ဆရာတော်ကြီး လှူဒါန်းထားသော လေအေးစနစ်သုံး လက်တွန်းလှည်း တစီးအား အမှတ် (၉၆)၊ ၁၁ လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့သို့ပို့ဆောင်ကာ အသုံးပြုလျှင် လိုက်နာရမည့် စည်းကမ်းချက်များအား သဘောတူညီချက်ယူ၍ (အခမဲ့) ကူညီခဲ့သည်။         

         ယနေ့ ၂၃.၅.၂၀၁၁ တနင်္လာနေ့ နံနက် ၁၂း၀၀ နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများ နာရေးနေအိမ်သို့ သွားရောက်၍ လေအေးစနစ်သုံး လက်တွန်းလှည်းပေါ်မှ ရုပ်အလောင်းအား မှန်ခေါင်းထဲသို့ ပြောင်းရွှေ့ကာ ပြင်ဆင်ခဲ့ကြသည်။ ရုပ်အလောင်းမှာ အနံ့အသက် ထွက်ရှိခြင်းမရှိ။ အသက်ရှိနေသည့်အလား အိပ်စက်နေသကဲ့သို့ပင် မြင်တွေ့ခဲ့ရသည်။ ထို့ကြောင့် သီတဂူဆရာတော်ကြီး၏ ကုသိုလ်ရေးပေးဆပ်မှုတို့သည် အကျိုးရှိစွာ လက်တွေ့အကောင်အထည် ဖော်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ရုပ်အလောင်းအား နေ့လည် ၂း၀၀ နာရီအချိန်တွင် ထိန်ပင် သုဿန်သို့ ဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသော နိဗ္ဗာန်ယာဉ်ကြီးဖြင့် ပို့ဆောင်သင်္ဂြိုဟ်ပေးနိုင်ခဲ့သည်။        
         ထို့ကြောင့် ယခုကဲ့သို့ နေအိမ်တွင်ထားရှိလိုသော ရုပ်အလောင်းများ၊ ပျံလွန်တော်မူသွားသော ဆရာတော်ကြီးများ၏ ရုပ်ကလပ်များကို သက်ဆိုင်ရာ ကျောင်းတိုက်တွင်ထားရှိ အပူဇော်ခံရန်အတွက် ကြာရှည်ခံ မပုပ်မသိုးစေရန် ဆေးထိုးခြင်းများကို ပြုလုပ်ရန် မလိုအပ်တော့ချေ။ ထိုကဲ့သို့ ကြာရှည်ခံ မပုပ်မသိုးစေရန် ဆေးထိုးခြင်းများကိုပြုလုပ်ပါက ရုပ်အလောင်း၏ အသားအရည်တို့မှ မဲပြာလာခြင်းနှင့် ရုပ်အလောင်းအား မှန်ခေါင်းထဲသို့ ပြောင်းရွှေ့ရာ၌ ထိုးဆေးကြောင့်ဖြစ်ပေါ်လာသော အနံ့ အသက်များသည် လူတို့အား ဘေးဥပါဒ်ဖြစ်စေခြင်းနှင့် လာရောက်ကြည့်ရှုကြသော ဧည့်ပရိတ်သတ်တို့အားလည်း ယင်းအနံ့အသက်ကြောင့် ကျန်းမာရေး ထိခိုက်စေနိုင်ပါသည်။
ထို့ကြောင့် ယခုကဲ့သို့ လေအေးစနစ်သုံး ရုပ်အလောင်းတင် လက်တွန်းလှည်းအား အသုံးပြုလိုပါက နေရာထိုင်ခင်း ကျယ်ဝန်းခြင်း၊ လျှပ်စစ်မီး ပုံမှန်လာခြင်းတို့အပေါ်တွင် မူတည်၍ (အခမဲ့) ကုသိုလ်ဖြစ် ကူညီမှုများကို နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ငှားရမ်းအသုံးပြုရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား သဘောတူလက်မှတ်ရေးထိုး၍ ပေးဆပ်နိုင်တော့မည်ဖြစ်ပါသည်။

စာရေးဆရာ အောင်သင်းပြောတဲ့ မြန်မာ့ပညာရေး

စာရေးဆရာ အောင်သင်းပြောတဲ့ မြန်မာ့ပညာရေး

 မျိုးသန့် | အင်္ဂါနေ့၊ မေလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၅ မိနစ်



ချင်းမိုင် (မဇ္ဈိမ) ။     ။ ဆရာအောင်သင်းသည် ၁၉၅၈  ခုနှစ်က ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသားတဦးဖြစ်ပြီး၊ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် နည်းပြ၊ ၁၉၆၅ ခုနှစ်တွင် ပြင်ဦးလွင် စစ်တက္ကသိုလ် မြန်မာစာဌာန၏ လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ယင်းအပြင် အလွတ်ပညာသင် အထက်တန်းကျောင်းများတွင် မြန်မာစာ နည်းပြအဖြစ် သင်ကြားပို့ချပေးခဲ့သည်။

ဆရာသည် ပညာရေးနှင့် ပတ်သက်သည့်ဆောင်းပါးများ လူငယ်များတိုးတက်ရေးအတွက် စာပေများ စသည့် စာအုပ်၊ ဆောင်းပါးများ စုစည်းမှုနှင့် ဘာသာပြန် စာအုပ်ပေါင်း ၄ဝ ကျော်ကို ရေးသားခဲ့ပြီးဖြစ်သည်။ ဆရာသည် အသက် ၈၅ နှစ်ရှိပြီဖြစ်ပြီး လူငယ်ပြုပြင်ရေးစာပေများ ရေးသားနေဆဲဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံအနှံ့ လူငယ်ပြုပြင်ရေး စာပေဟောပြောပွဲများကိုလည်း လိုက်လံဟောပြောနေသည်။

ဆရာဖြတ်သန်းခဲ့သည့် ရန်ကုန် တက္ကသိုလ် ပညာရေးအခြေအနေ၊ လက်ရှိဖြစ်နေသည့် မြန်မာ့ပညာရေး၊ ပညာရေး ဝန်ထမ်းများ လာဘ်စားမှုအပေါ်ဆရာအမြင်၊ ယခု အစိုးရအပေါ် ဆရာ၏ ပညာရေး သုံးသပ်ချက်၊ အနာဂတ် ပညာရေးမျှော်မှန်းချက်၊ ပြည်တွင်းပြည်ပ လူငယ်များအပေါ်ဆရာ၏ ဆုံးမစကားများ စသည်တို့ကို မဇ္ဈိသတင်းထောက် မျိုးသန့်က မေးမြန်းထားပါသည်။

(မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိသည် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ကျောင်းအပ်နှံရေး သီတင်းပတ်လည်း ဖြစ်သည်။)



ပထမဆုံး မေးချင်တာက ဆရာတို့ ဖြတ်သန်းခဲ့တဲ့ ရန်ကုန်တက္ကသိုလ် အခြေအနေနဲ့ ပညာရေးဌာနတွေ အကြောင်း ပြောပြပေးပါ။



“ပညာရေးဌာနမှာ အရင်တုန်းက Senate ရှိတယ်၊ Council ရှိတယ်။ Senate နဲ့ Council က ဆုံးဖြတ်တာ။ သမ္မတတို့ ဝန်ကြီးချုပ်တို့က
 နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးဘက်က။ ဘာမှ တက္ကသိုလ်ကို ပြောခွင့်မရှိဘူး။ သူက ထောက်ပံ့ပေးရတာပဲ ရှိတယ်။ တက္ကသိုလ်က သူ့ရန်ပုံငွေနဲ့သူ သူ့အုပ်ချုပ်ရေးနဲ့သူ။ ကျနော်တို့ ရန်ကုန်တက္ကသိုလ်ထဲမှာ ကိုယ်ပိုင်ဆေးရုံ ရှိခဲ့တယ်၊ ကိုယ်ပိုင် မြူနီစီပယ်လိုဟာမျိုး ရှိတယ်၊ အလုပ်သမား တန်းလျားတွေ ရှိခဲ့တယ်။ ကျနော်တို့ကို Senate က ပြဋ္ဌာန်းတယ်၊ Council က အုပ်ချုပ်တယ်။ ဒီလိုသွားခဲ့တာ အစိုးရက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ အင်္ဂလိပ် အုပ်ချုပ်တဲ့ လက်ထက်မှာတောင် ဘုရင်ခံက ဘာမှ ပြောပိုင်ခွင့် မရှိဘူး။ ခင်ဗျားပြန်စဉ်စားရင် သိလိမ့်မယ်။ ၁၉၂ဝ သပိတ်မှောက်မှု ပေါ်ပေါက်ခဲ့တော့ ဘုရင်ခံက ကန့်ကွက်ခဲ့တာပဲ။ ဒါပေမဲ့ ရမယ့်မရဘဲနဲ့”

၁၉၆၂ မတိုင်ခင်က အရှေ့တောင်အာရှမှာ ရန်ကုန်တက္ကသိုလ်ဟာ အကောင်းဆုံးလို့ ဖတ်မှတ်ဖူးပါတယ်။ အခုကျတော့ ပြောင်းပြန်ဖြစ်နေတဲ့ အနေအထားလို့ ပြောကြပါတယ်။ ဘာ့ကြောင့်ပါလဲ။

“ပညာရေးစနစ်က ပျက်သွားတာက နိုင်ငံရေးစနစ်ကြောင့် ပျက်သွားတာ။ ဘာ့ကြောင့်လဲဆိုတော့ အဲဒီ ပညာရေးရဲ့ အပေါ်ကို အစိုးရက လွှမ်းမိုးသွားတယ်။ အမှန်က အစိုးရသည် သူ့ပေါ်လစီနဲ့ သူသွား။ အဲဒီ ပေါ်လစီနဲ့ကိုက်အောင် ပညာရေးကလုပ်။ အထက်တန်းထိအောင်ကတော့ ပညာရေးဝန်ကြီးဌာနအောက် ထားလိုက်တော့။ တက္ကသိုလ်ရဲ့ အထက်ဘက်မှာ အရင်တုန်းက ဝန်ကြီးချုပ်ကတောင် မလွှမ်းမိုးနိုင်ဘူး၊ သမ္မတ ကတောင် မပြောနိုင်ဘူး”

အခုခေတ် လူငယ်တွေ လွတ်လပ်စွာ ပညာသင်ကြားခွင့် မရှိဘူးလို့ ညည်းကြပါတယ်။ ဒီကျောင်းသားတွေကို ဆရာ ဘာပြောချင်ပါလဲ။

“အဲဒါတော့ ကျနော်ပြောချင်တာက လွတ်လပ်ခွင့်ဟာ ပေးသင့်တဲ့နေရာတွေမှာ ပေးကိုပေးသင့်တယ်။ လွတ်လပ်စွာ ဖွံ့ဖြိုးခွင့်ပေးတာဟာ သူတို့ကို လွတ်လပ်စွာ အော်ဟစ်ကြွေးကြော်ခွင့်၊ သူပုန်ထခွင့် ပေးတာမဟုတ်ဘူး။ အဲဒီဥစ္စာကို ပညာရှင်တွေက နားကိုလည်ရမယ်၊ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း နားလည်ရမယ်။ ငါတို့ လွတ်လပ်နေခြင်းသည် အစိုးရကို ပုန်ကန်ဖို့ မဟုတ်ဘူး၊ အစိုးရကို ဖီဆန်ဖို့ မဟုတ်ဘူး၊ ငါတို့ပညာရေးကို လွတ်လပ်စွာ တောင်းဆိုခွင့်သာလျှင် ဖြစ်တယ်”

လူငယ်တွေ ပညာတပိုင်းတစနဲ့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတယ်။ ဒါဟာ ပြည်တွင်းမှာ ပညာရေး အခြေအနေ နိမ့်ကျနေတာကြောင့်လား။

“ပညာရေး နိမ့်ကျမှုကြောင့် မဟုတ်ဘူးဗျ။ ကျနော်ပြောမယ် ကိုယ့်တိုင်းကိုယ့်ပြည်ထဲမှာ အခွင့်အလမ်း ရှားပါးတာ ရှိတယ်။ အဲဒါကျတော့ ကျနော် မပြောတတ်တော့ဘူး။ အဲဒါကျတော့ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်၊ စီးပွားရေးနဲ့လည်း ဆိုင်တယ်။ နိုင်ငံရေးနဲ့ စီးပွားရေးဟာ သိပ်ကွာတာ မဟုတ်ဘူး။ တိုင်းပြည်တပြည်မှာ နိုင်ငံရေးကို ကြည့်ပြီးတော့ စီးပွားရေးကို လုပ်ရတာ။ အဲဒီနှစ်ခုလုံး မကောင်းလို့သော်လည်းကောင်း၊ ကောင်းလို့သော်လည်းကောင်း တခုခု ညံ့လို့ ဒီလိုဖြစ်နေတာပေါ့ဗျာ၊ ဒါပဲရှိတာပေါ့ဗျာ”

အစိုးရဲ့ ပညာရေး အသုံးစရိတ်ပေါ်မှာလည်း သိပ်နည်းလွန်းတယ်ဆိုပြီး ဝေဖန်ကြပါတယ်။ ဆရာကော ဘယ်လိုထင်ပါသလဲ။

“ကျနော် တခုပဲပြောမယ်။ မိသားစုတစုမှာ ကျန်းမာရေးစရိတ်က ပထမဆုံး၊ ဒုတိယက ပညာရေး၊ ကိုယ့်သားသမီး ကျန်းမာရေးနဲ့ ပညာရေးထက် အရေးကြီးတာ မိဘတွေမှာ မရှိဘူး။ အဲဒီတော့ မိသားစုမှာရှိတဲ့ မိဘနှစ်ပါးက သားသမီးရဲ့ ပညာရေးနဲ့ ကျန်းမာရေးအတွကို တကယ့်ကို ရက်ရက်ရောရော၊ ကိုယ်ထမင်းတလုတ် လျှော့စားပြီးတော့ သို့မဟုတ်ရင် ကိုယ်လုံချည် တထည်လျှော့ဝတ်ပြီးတော့ ထောက်ပံ့ရင် အဲဒီမိသားစု ကြီးပွားတာပဲ။ တိုင်းပြည်တပြည်မှာလည်း အဲဒီလိုပဲ ကျန်းမာရေးနဲ့ ပညာရေးကို ရန်ပုံငွေ ဘယ်လောက်ထားသလဲ၊ ဘတ်ဂျက် ဘယ်လောက်ပေးသလဲ၊ ဒီအပေါ်မှာ မူတည်တာပဲ။ သူတို့ (အစိုးရ) ဘယ်လောက်ပေးသလဲ ကျနော်မသိဘူး”


ပညာရေးအခြေအနေ နိမ့်ကျမှုနဲ့ တခြား ဆိုးတဲ့အခြေအနေတွေဟာ အစိုးရစီမံခန့်ခွဲမှု ညံ့တာကြောင့်လို့
 ဝေဖန်ကြတဲ့ အပေါ်မှာကော။

“ကောင်းပြီ။ ကျနော် လူငယ်တွေကို မင်း .. ငါနဲ့ ပြောလေ့ရှိတယ်။ မင်းဒီစနစ်ကြီးကို မကြိုက်ဘူး။ ဒီပညာရေးစနစ်ကြောင့်၊ ဒီအစိုးရကြောင့် မင်း မကျေနပ်ဘူးလို့ ပြောတယ်။ အဲဒီတော့ မင်း ပြောင်းနိုင်လား၊ မပြောင်းနိုင်ဘူး။ မပြောင်းနိုင်ရင် မင်းကိုယ်မင်း တနည်းနည်းနဲ့ တိုးတက်အောင်လုပ်ပေါ့။ အဖျင်းဆုံး စာဖတ်နေရမယ်၊ ဆည်းပူးနေရမယ်။ တဖက်သားမှာ ရရှိနိုင်တဲ့ ပညာရပ်ကို မေးမြန်းဆည်းပူးရမယ်။ အဲဒီတော့ မင်းဘဝမင်း ဟိုအငြိုးထား ဒီအငြိုးထား၊ ဟိုအပြစ်တင် ဒီအပြစ်တင်နဲ့ဆိုတော့ မင်းဘာသာမင်း နောက်ဆုံးပိတ် အောက်တန်းကျရုံပဲ ရှိမယ်”

သင်ကြားရေစနစ်တွေမှာ ကလေးဗဟိုပြုသင်ကြားရေးစနစ်၊ ဆရာဗဟိုပြု သင်ကြားရေစနစ် ဆိုပြီးတော့
 ပြောကြဆိုကြပါတယ်။ ဆရာကကော ဘယ်သင်ကြားရေးစနစ်ကို အလေးပေးလဲ။

“တကယ့်ပညာရေးမှာ အကောင်းဆုံးက တခုတည်း ကျနော်ပြောမယ်။ ဘုရားက သူက သင်ပေးတာ မဟုတ်ဘူး။ သူက မေးသွားတာ။ ဘုရားရဲ့ သင်ကြားရေးစနစ်ကိုလည်း ခင်ဗျား .. သေချာကြည့်ပါ။ သူက မေးသွားတာချည်းပဲ။ သူကနေပြီးတော့ ဒါကို ကျက်၊ ဒါကိုမှတ်လို့ ပြောတာမဟုတ်ဘူး။ ဤအရာကို သင်မည်သို့ ယူဆသနည်း၊ ဒါကို သွားတာ ဆိုခရေးတီးရဲ့ သင်ကြားနည်းကလည်း ဒီအတိုင်းပဲ။ နောက်ပြီးတော့ ပညာရေး သီဝရီတွေထဲမှာလည်း ကလေးတွေကို ဒီဟာမှတ်၊ ဒီဟာမှတ်လို့ ပြောတာ မဟုတ်ဘူး။ သူ့စဉ်းစားဉာဏ်ကို နှိုးပေးရတာ။ သူ့ဘာသာသူ စဉ်းစားတတ်အောင် လုပ်ပေးရတာ။ ကလေးကို စဉ်းစားတတ်အောင် လုပ်ပေးတတ်လေလေ၊ ကလေးစဉ်းစားလေလေ အဲဒီဆရာ အောင်မြင်လေလေပဲ။ ကျနော်တော့ အဲဒီလို သဘောပေါက်တယ်”

သင်ကြားမှု သင်ယူမှု အထောက်အကူ ပစ္စည်းတွေကကော။

“အဲဒီ ပစ္စည်းကိရိယာပေါ့ဗျာ။ မူလတန်းလိုဟာမျိုးမှာတော့ သိပ်အရေးမကြီးပေမယ့် အထက်တန်းလို ဟာမျိုးကျတော့ ဥပမာ ကျနော်တို့ သိလောက်တော့ ဘာမှမရှိဘူး။ ပန်းချီကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ရုပ်ပုံကားချပ်တောင် ကောင်းကောင်းမရှိဘူး။ ဒါ ကျနော် သိသလောက်ပြောတာ။ ကျောင်းကြီးတွေတော့ ရှိချင်ရှိမှာပေါ့။ နယ်တွေမှာတော့ ဘာမှမရှိဘူး”

ပညာရေးဌာနတွေ ကျောင်းတွေမှာ လာဘ်စားမှုတွေကို ရန်ကုန်အစိုးရက တလောက ထုတ်ဖော်တယ်လို့ ကြားပါတယ် အဲဒီအပေါ်မှာကော။

“ဒါက သက်ဆိုင်ရာ ဆရာ/ဆရာမတွေရဲ့ ပညာရေးမှာ လာဘ်စားမှုခေါ်တာပေါ့။ အတန်းတင်ပေးတာ အဆင့် ၁/၂/၃ ပေးတာ၊ ကျောင်းဝင်ခွင့်တောင်းတာ၊ အဲဒါမျိုးတွေ အများကြီးပေါ့။ အဲဒါတွေက ပျက်စီးနေတာ တော်တော်ကြာပြီ။ အခုလို လုပ်လိုက်တယ်ဆိုတာ ကျနော်တော့ တကယ်ဝမ်းသာတယ်။ အဲဒီတော့ ဌာနတွေရဲ့ လာဘ်စားမှုတွေထဲမှာ ပညာရေးနဲ့ ကျန်းမာရေး လာဘ်စားမှုလောက်ဆိုးတာ တခုမှ မရှိဘူးလို့ ကျနော်က ပြောချင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တပြည်ရဲ့ အခြေခံအုတ်မြစ်က ကျန်းမာရေးနဲ့ ပညာရေးပဲ”

ဆရာ ပညာရေးမှာ တာဝန်ယူခဲ့တုန်းကကော ဒီအခြေအနေတွေ ရှိခဲ့လား။

“အရင်တုန်းကတော့ ၇ တန်းဆိုပါတော့။ ကိုယ့်ကျောင်း ကိုယ်မစစ်ရဘူး၊ ကျောင်းချင်း လဲစစ်ရတယ်။ ခရိုင်ချင်း လဲစစ်ရတယ်။ ကျနော်ဆို အလယ်တန်းပြလုပ်တုန်းက ရေနံချောင်းက အဖြေလွှာကို ကျနော်စစ်ရတာ။ အခုဟာက ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တာ လုပ်လိုက်ကြတာပေါ့ဗျာ။ ဆိုတော့ ကျနော်က ရေနံချောင်းကဆိုတော့ အဖြေလွှာတွေက ဘယ်သူမှန်း ဘယ်ဝါမှန်းကို မသိဘူး။ ကျနော်က တောင်တွင်းကြီးက။ အဲဒီတော့ ဆရာ၊ ဆရာမ လာဘ်စားတာတွေက ဖော်လို့ကို မရဘူး။ ကျနော်က အရှိကိုအရှိအတိုင်း စစ်ပေးလိုက်တာပဲ။ နောက်တော့ သက်ဆိုင်ရာ ပညာရေးအရာရှိကနေ moderate လုပ်တာပေါ့။ ဘယ်လောက်ဆို အောင်ပေးသင့်တယ်၊ ဘယ်လောက်ဆိုကျတယ်ပေါ့။ သူတို့ဘာသာသူတို့ လုပ်ကြတယ်။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ကိုယ့်ကျောင်း ကိုယ်စစ်ဆိုတော့ လုပ်ချင်တိုင်း လုပ်နေကြတာကိုးဗျ”


တိုင်းဒေသကြီး အစိုးရတွေအပေါ်မှာ ပညာရေး၊ ကျန်းမာရေး တိုးတက်လာဖို့ ဘယ်လောက်ထိ
 မျှော်မှန်းလို့ရနိုင်လဲ။

“အခုတော့ဖြင့် ကျနော်မှန်းတာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အရင်ကနဲ့ မတူတော့ဘူး တိုင်းဒေသကြီးတွေမှာ သူ့ဘာသူ ဝန်ကြီးချုပ်တွေရှိတယ်။ အဲဒီဝန်ကြီးချုပ်တွေက အဲဒီ ပညာရေး၊ ကျန်းမာရေးမှာ အစွမ်းကုန် ကြိုးစားလာကြလိမ့်မယ်လို့ ကျနော်မျှော်လင့်တယ်။ တိုင်းပြည်တပြည်ရဲ့ အခြေခံမှာ အရေးကြီးဆုံးအချက်က ကျန်းမာရေးနဲ့ ပညာရေး။ အခု ပညာရေးကို စလုပ်နေပြီ။ ကျန်းမာရေးကိုလည်း တော်တော်များများ လုပ်လိမ့်မယ်လို့ ကျနော် မျှော်လင့်ထားတယ်”

ပြည်ထောင်စု အစိုးရအပေါ်မှာကော။

“ကျနော့် စိတ်ထဲမှာ ကျနော် အမှန်အတိုင်းပြောတာ အခု အစိုးရ လုပ်တဲ့ဟာတွေကို အများကြီး ကျနော် မျှော်လင့်ချက် ထားတယ်။ ကျနော် သိပ်ကိုမျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်တယ်။ ဒေသဖွံ့ဖြိုးရေးတွေ၊ ကျေးလက်ဖွံ့ဖြိုးရေးတွေ၊ ဆင်းရဲသူ ပပျောက်ရေးတွေ အခု တော်တော့်ကို ကျယ်ကျယ်လောင်လောင် ဆွေးနွေးကြတယ်။ အရင်တုန်းက အဲဒါမျိုး သိပ်မကြားခဲ့ဖူးဘူး။ အခု နေပြည်တော် ဆိုပါတော့ဗျာ၊ ဌာနချုပ်ကနေစပြီး စိတ်ဝင်စားတော့၊ နယ်တွေမှာရှိတဲ့ ဒေသကြီးဝန်ကြီးချုပ်တွေကအစ သူတို့တွေက အကုန်လုံး လှုပ်ရှားတက်ကြွ ပါဝင်လာကြလိမ့်မယ်လို့ ထင်တယ်။ နောက်ပြီးတော့ သူတို့ချင်းလည်း အပြိုင်အဆိုင် လုပ်လိမ့်မယ်လို့ ထင်တယ်။ ဒီလိုမှ အစွမ်းအစ မပြုဘူးဆိုရင် ပြုတ်ပေါ့ဗျာ .. ဒါပဲ။ တတ်နိုင်တယ် ကျုပ်မပြောတတ်ဘူး”

ပညာ ပညာလို့ ပြောနေကြတာ ဒီပညာ ဆိုတဲ့ စကားလုံးကို ဆရာဘယ်လို အဓိပ္ပာယ်ဖွင့်လဲ။

“ပညာဆိုတာ ခင်ဗျားပြောသလို ကျုပ်လည်းပဲ မမေးရင် သိတယ်၊ မေးရင် မသိတော့ဘူးဆိုတာ ကျနော်လည်း ကျန်ခဲ့တဲ့ လေးငါး ဆယ်နှစ်လောက်ကမှ သဘောပေါက်တယ်။ သိင်္ဂသူ့သမီးကျောက်စာမှာ ဆုတောင်းလေး တခုပါတယ်။ ရေးထားတာ ဘာလဲဆိုတော့ .. ငါလည်းတဲ့ ပညာမရှိသော မိုက်သော မဖြစ်ဟူ၍တဲ့။ ပညာရှိသော အကြောင်းကို သိသောသူ ဖြစ်ရလို၏ဆိုတာ ပညာရှိတယ်ဆိုတာ အကြောင်းကို သိတာပဲ”

“အကြောင်းအကျိုးမသိတဲ့ သူဟာ လူ့ဘဝမှာ မအောင်မြင်နိုင်ဘူး။ တိုင်းပြည်တခုရဲ့ ခေါင်းဆောင်ဟာ ပညာမတတ်ရင် အဲဒီတိုင်းပြည် ဒုက္ခရောက်တယ်။ ဆွေမျိုးတမျိုးထဲမှာ ခေါင်းဆောင်လုပ်နေတဲ့ ဖခင်ဖြစ်စေ၊ ဘကြီးဖြစ်စေ၊ အဖိုးဖြစ်စေ ဦးဆောင်နေတဲ့သူက အကြောင်းအကျိုးကို ဆင်ခြင်နိုင်စွမ်းမရှိရင် တမျိုးလုံးပြုတ်ပဲ .. ဒါပဲ။ အောက်တန်းကျသွားတာပဲ .. ဒါပဲ။ အဲဒီအထဲကမှ အကြောင်းအကျိုး ဆင်ခြင်နိုင်တဲ့သူက ခေါင်းဆောင်ဖြစ်မယ်။ ကမ္ဘာ့နိုင်ငံတွေ ဖွံ့ဖြိုးတယ်ဆိုတာ ခေါင်းဆောင်က အကြောင်းအကျိုးသိလို့ပေါ့”

အချိန်ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး လူငယ်တွေကို ဆုံးမစကား ပြောပေးပါဦး။

“ကျနော် စာတွေထဲလည်း ထည့်ရေးတယ်၊ ဟောပြောပွဲတွေမှာလဲ ပြောတယ်။ အရင်ကတော့ ဒီလောက်မပြောဘူး။ ဘဝဆိုတာဘာလဲ၊ မွေးတာနဲ့ သေတာရဲ့ ကြားကာလ မမွေးခင် ဘဝမဖြစ်ဘူး မွေးမွေးချင်း သေသွားရင် ဘဝမရှိဘူး။ အဲဒီကြားကာလ ကြားကာလဆိုတာ အချိန်ပဲ။ အဲဒီတော့ ဘဝကို အချိန်နဲ့ ဖွဲ့စည်းထားတယ်။ အချိန်ကို တန်ဖိုးထားတာဟာ ဘဝကို တန်ဖိုးထားတာပဲ။ ဘဝကို တန်ဖိုးမထားရင် အလကား အသုံးမကျတဲ့ ဘဝဖြစ်သွားမယ်။ အသုံးမကျရင် လောကမှာ အမှိုက်ပဲ။ အမှိုက်ဆိုတာ အသုံးမကျတဲ့ ပစ္စည်း .. ဒါပဲ။  အဲဒီတော့ ကလေးတွေကို ကျနော်ပြောတယ် မင်းဟာ အသုံးမကျတဲ့အကောင် ဖြစ်ချင်သလား၊ အမှိုက်ဖြစ်ချင်လား။ ဖြစ်ချင်ရင် ဖြစ်သလိုနေ အောက်တန်းကျဖို့က ကြိုးစားနေဖို့ မလိုဘူး၊ ငါကွ .. တနေ့ အောက်တန်းကျရမယ်လို့ ကြိမ်းနေဖို့ မလိုဘူး”

လူငယ်နဲ့ တာဝန်ဆိုတဲ့ စကားလုံးအပေါ်မှာကော။

“ကျနော်ပြောချင်တာက မွေးလာပြီဆို တာဝန်ရှိတယ် အဖျင်းဆုံး အဖေအမေကို လုပ်ကျွေးဖို့ တာဝန်ရှိတယ်။ လူငယ်တွေ တာဝန်မဲ့စကားပြောတာ ကျနော် မကြိုက်ဘူး။ ဒီအစိုးရကို လုပ်ကျွေးရမယ် ဘာညာ မဟုတ်ဘူး။ ကိုယ့်တာဝန်တွေက မွေးရာပါတာဝန်တွေ ရှိတယ်။ အဲဒီအတွက်တော့ စွမ်းဆောင်နိုင်အောင် လုပ်ရမှာပေါ့။ အစိုးရကို ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ၊ ဆဲချင်ဆဲနေ ဒါမှမဟုတ် ထောက်ခံချင် ထောက်ခံ။ သို့သော် ကိုယ့်ဘဝပေးတာဝန် ကျနေရာက်လာတဲ့ တာဝန်ကို သူ ရုန်းကန်ရမှာပဲ။ အဲဒီတာဝန်တောင် မဲ့နေရင်တော့ လူဖြစ်လာတာ မကောင်းပါဘူး”

ပြည်ပရောက် မြန်မာလူငယ်တွေကို ဘာများပြောချင်ပါသလဲ။

“မင်းတို့ဟာ မိဝေး ဖဝေးတွေ၊ မင်းတို့ကိုယ်မင်းတို့ မထိန်းသမျှကာလပတ်လုံး ထိန်းပေးမယ့်လူ မရှိဘူး။ အဲဒါ ပြောချင်တယ်။ နောက်တချက်က မင်းတို့ကိုယ်မင်းတို့ ထိန်းဖို့အတွက်က သတ္တိကောင်းဖို့လိုတယ်။ သတ္တိဆိုတဲ့ဟာက တနေ့ ငါကြီးပွားရမယ်ဆိုတဲ့ အဓိဋ္ဌာန်ကို ခိုင်နေအောင်ထားတာ။ ငါ့ဘဝကိုငါ အရှုံးမခံဘူး၊ ငါ့ဘဝကိုငါ ဒီ့ထက် တိုးတက်အောင် လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချဖို့လိုတယ်။ အဲဒီဥစ္စာကို ခိုင်နေအောင် ထိန်းထားတဲ့ဟာက သတ္တိပဲ။ ထိုးဝံ့ ခုတ်ဝံ့မှ သတ္တိမဟုတ်ဘူး။ ခံဝံ့တာလည်း သတ္တိပဲ။ အဲဒီသတ္တိကို ကိုယ့်စိတ်ကို ပြန်ပြန်ပြီးတော့ ထိန်းယူပါ။ ဥပမာ ဆိုပါတော့ အောင်သင်းပေါ့၊ အောင်သင်း စိတ်ဓာတ်မကျနဲ့ ဘယ်သူမဆို ဒီလိုဖြစ်တာပဲ မင်းခံလိုက်စမ်း၊ ကိုယ့်ကိုယ်ကို အားပေးလို့။ ပြောချင်တာက မင်းတို့ဟာ မိဝေးဖဝေး ရောက်နေတာလို့ မင်းတို့မှာ အနီးကပ် အားပေးမယ့်လူ မရှိဘူးလို့ ငါ အားပေးတယ်ဆိုတာ လေထဲက အသံနဲ့ပဲ အားပေးနိုင်တာ။ တကယ့်တကယ်ကျတော့ မင်းကိုယ်မင်း အားပေးမယ့် သူက မင်းပဲရှိတယ်။ အဲဒီတော့ မင်းသတ္တိရှိသလား၊ သတ္တိရှိရင် မင်းကိုယ်မင်း နိုင်နင်းအောင် ထိန်းပါ။ ကိုယ့်ကိုယ်ကို အောင်နိုင်အောင် ထိန်းခြင်းသည် အကြီးဆုံးသော သတ္တိဖြစ်တယ်။ အဲဒီသတ္တိနဲ့ ထိန်းသွားကြပါ။ မင်းအတွက် အခွင့်အရေးဟာ တနေ့မှာ တံခါးလာခေါက်လိမ့်မယ်ဆိုတာ ယုံပါ”

မြန်မာပြည်ထဲက ကျောင်းသူ၊ ကျောင်းသားလေးတွေကိုကော။

“သူတို့ကို ပြောချင်တာက သတ္တိဆိုတာ ခုနက ပြောခဲ့ပြီ။ အဲဒီသတ္တိက ရိုးရိုးပဲ။ အဲဒီသတ္တိက ရေရှည်ခံရင် ဇွဲလို့ခေါ်တယ်။ ဥပမာ ဆိုပါတော့ .. ကျောင်းတက်တယ်၊ လွယ်အိတ်အသစ်နဲ့ လုံချည်အသစ်နဲ့ စာအုပ်အသစ်နဲ့ ဒီနှစ်တော့ အပြတ်ချမယ်၊ ဒါ .. ကျောင်းသားတိုင်း ရှိတယ်။ စာအပြတ်တွယ်မယ်၊ ဘယ်အချိန်ထိ စာကြည့်မယ်၊ အကုန်လုံး သူတို့မှာ Target ရှိတယ်။ ဒါပေမဲ့ တရက် နှစ်ရက် တပတ်နှစ်ပတ် အဲဒီတော့ ဟိုဟာသွား ကစားချင်တာနဲ့ ဟိုနားသွားချင်တာနဲ့ ကျောင်းစာမကြည့်မိတာနဲ့ ၃ လကျော်ပြီး၊ ၄ လ ၅ လထိ ခံပြီဆိုရင် အဲဒီကောင် ဇွဲကောင်းတယ်။ ဒါပေမဲ့ ၅ လထိအောင် ဇွဲကောင်းတယ်ဆိုတဲ့ ကျောင်းသား သိပ်နည်းတယ်ဆိုတာ ကျနော် ပြောချင်တယ်။ ရာခိုင်နှုန်း ပြောရရင် ၁ဝ % မရှိဘူး။ အဲဒီတော့ ကြာရှည်ခံတဲ့ သတ္တိကောင်းတဲ့ ၁ဝ% ထဲမှာ မင်းပါပါစေလို့ အဲဒီကလေးတွေကို ရည်ညွှန်းပြီးတော့ ကျနော် တိုက်တွန်းလိုက်ပါတယ်”

ဟုတ်ကဲ့ တခြား ဖြည့်ပြောချင်တာ ပြောပါဦးဆရာ။

“အခု ခင်ဗျားကတဆင့် ပြောတာတွေက တိုင်းပြည် ပုန်ကန်ဖို့လည်း မဟုတ်ဘူး၊ ဆူပူဖို့လည်း မဟုတ်ဘူး၊ မကျေမနပ်လည်း မဟုတ်ဘူး။ ကျနော့်စိတ်ထဲမှာ ပကတိ ရှိတဲ့အတိုင်း တကယ်ရိုးသားစွာ ပြောတာ။ ခုန ပြောတဲ့ အစိုးရကို မျှော်လင့်တယ်ဆိုတာလည်း တကယ်ပြောတာ။ လူငယ်တွေအတွက် သတိပေးတယ်ဆိုတာလည်း တကယ် သတိပေးတာ။ အစိုးရ ဘယ်လိုဖြစ်နေနေ ကိုယ်တတ်နိုင်လား၊ အေး … မတတ်နိုင်ရင် ကိုယ့်အားတော့ ကိုယ်ကိုးရမှာပေါ့”


မတုန်မလှုပ်တည်တံ.နေမဲ.ဗုဒ္ဓ

ကနေ.အင်တာနက်စာမျက်နှာတွင်ဗုဒ္ဓဘာသာနှင်.ပတ်သက်ရ်ျအလွန်ဆိုးရွာစွာရေးသားထားသောစေတမန်
အမည်ရှိဘလောဒ်.တခုကိုဖတ်ခဲ.ရပါတယ်၊
ဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေ.ဆွေ.ခုန်အောင်ရေးသားထားတဲ.အရေးအသားအရိုင်းအစိုင်းများသာဖြစ်ပါ  တယ်၊ဒီအကြောင်းအရာနဲ.ပတ်သက်လို.ဗုဒ္ဓဘာသာကိုသက်ဝင်ကိုးကွယ်ယုံကြည်သူများအနေနှင်.စိတ်ထိခိုက်  နာကျင်ခံစားမှုကိုဖြစ်မိမှာအသေအချာပါပဲ၊ကျွန်တော်ကိုယ်တိုင်လည်းဗုဒ္ဓဘာသာဝင်တယောက်ဆိုတော.နဲနဲ  တော.ဒေါသဖြစ်သွားမိခဲ.တာအမှန်ပါပဲ၊ဒါပေမယ်.တခါတရံနိုင်ငံရေးလှည်.ကွက်ပုံစံမျိုးတွေဖန်တီးထားသလိုလဲ  ဖြစ်လာနိုင်ဖွယ်ရှိတာကိုမမေ.သင်.ပါဘူး၊ဟိုးအရင်တုန်းကကုလား၊ဗမာအထိကရုန်းဖြစ်စေတဲ.မောလဝီနဲ.ယောဂီဆိုတဲ.စာအုပ်ထုတ်ဝေခွင်.ပေးခဲ.သလိုပါပဲ၊ဒါကြောင်.အလွယ်တကူဒေါသထွက်၊ဆန္ဒစောပြီးဆုံးဖြတ်ရင်မှား  ပါလိမ်.မယ်ဆိုတာအရင်ကြိုတင်အသိပေးပါရစေ၊