သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, June 14, 2011

အလယ်အလတ်လမ်း (သို့) မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်

အလယ်အလတ်လမ်း (သို့) မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်

by Ashin Vicitta on Wednesday, June 8, 2011 at 11:48am
 တရားဦးဒေသနာခေါ် ဓမ္မစကြာတရားတော်တွင် မြတ်ဗုဒ္ဓက “အစွန်းနှစ်ပါးကိုရှောင်ပြီး အလယ်အလတ် လမ်းကိုဆောင်ရန်” ဟောကြားတော်မူထား၏။ ကာမဂုဏ်အာရုံများတွင် အလွန်အကျူးလိုက်စားခြင်း အကျင့်နှင့် မိမိကိုယ်ကိုယ် ဆင်းရဲပင်ပန်းစွာ ညှင်းစဲခြင်းအကျင့်ဟူသော အစွန်းနှစ်ပါး အကျင့်တရား လမ်းစဉ်များကို မလိုက်စားဘဲ အစွန်းမရောက်သည့် မှန်ကန်သည့် လမ်းစဉ်ဖြစ်သည့် အလယ်အလတ်လမ်းစဉ်ကို လိုက်နာကျင့်သုံးကြရန် မိန့်တော်မူ၏။ မြတ်ဗုဒ္ဓမိန့်တော်မူသည့် အလယ်အလတ်လမ်းကို မဇ္ဈိမပဋိပဒါလမ်း ဟူ၍ လည်းကောင်း မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ဟူ၍ လည်းကောင်း ခေါ်ဆိုသုံးနှုံးကြ၏။ ဓမ္မစကြာ ဒေသနာတော်တွင် မြတ်စွာဘုရားရှင်ကာ မဇ္ဈိမပဋိပပဒါလမ်းဟူသည် အရိယာသူတော်ကောင်းတို့၏ လျှောက်လမ်းရာ အမြတ်လမ်းသွယ် ဖြစ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားပင်ဖြစ်ကြောင်း မိန့်တော်မူ၏။ ဤအင်္ဂါရှစ်ပါးရှိသည့် မဂ်လမ်းကို လျှောက်လှမ်းသူသည် မှန်ကန်ပြီး အစွန်းမရောက်သည့် အလယ်အလတ်လမ်းသို့ လျှောက်လှမ်းနေသူ ဖြစ်ပြီး လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်သို့ မျက်မှောက်ပြု ဦးတည်နေသူဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြလေ၏။ ထို့ကြောင့် အလယ်အလတ်လမ်း သို့မဟုတ် မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်ကို မှန်ကန်စွာ ကျင့်သုံးလိုသူများသည် မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံအောင် လိုက်နာကျင့်သုံးရမည်ဟု ဆိုခြင်းဖြစ်ပါ၏။

အလယ်အလတ်လမ်းစဉ် ဖြစ်သည့်အပြင် လွတ်မြောက်ရာအမှန် နိဗ္ဗာန်သို့ သွားရာအကောင်းဆုံး လမ်းသွယ်လည်း ဖြစ်သဖြင့် ဤမဂ္ဂင်ရှစ်ပါးအကြောင်းကို ဗုဒ္ဓရှင်တော်မြတ်သည် အမျိုးမျိုးသော ပရိယာယ်များဖြင့် အမျိုးမျိုးသော ပရိတ်သတ်များအား ဟောကြားပေးခဲ့၏။ ထို့ကြောင့်ပင် ယနေ့ခေတ် ဗုဒ္ဓပိဋကတ်တော်များ၏ ကျမ်းအတော်များများတွင် မဂ္ဂင်ရှစ်ပါးအကြောင်းကို တွေ့နေရခြင်းဖြစ်၏။ သစ္စာလေးပါးတွင်လည်း မဂ္ဂသစ္စာဟူသည် မဂ္ဂင်ရှစ်ပါးပင် ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြတော်မူပြီး ဤမဂ္ဂင်ရှစ်ပါးနှင့် အညီသာ လိုက်နာကျင့်သုံး နေထိုင်သွားလျှင် မဂ္ဂသစ္စာဆိုက်မည် ဖြစ်ကာ မဂ္ဂသစ္စာဆိုက်လျှင် နိရောဓသစ္စာသို့ မျက်မှောက်ပြုမည်ဖြစ်ကြောင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုသူသည် သမုဒယသစ္စာ တဏှာကို အကြွင်းမဲ့ပယ်သတ်ပြီး ဖြစ်ကာ တဏှာကုန်လျှင် ဒုက္ခလည်း ငြိမ်းမည်ဖြစ်သဖြင့် ဒုက္ခသစ္စာကိုလည်း သိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သစ္စာတရားကို ထိုးထွင်း၍ သိရာအမှန် လမ်းစဉ်မြတ်ဖြစ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ပွားကြရမည် ဖြစ်ကြောင်း သိစေတော်မူခြင်း ဖြစ်ပါ၏။

ဗုဒ္ဓရှင်တော်မြတ် အထပ်ထပ် မိန့်တော်မူသည် အလယ်အလတ်လမ်းခေါ် မဂ္ဂင်ရှစ်ပါး တရားများမှာ
၁။ သမ္မာဒိဋ္ဌိ = မှန်စွာသိမြင်ခြင်း (Right View)
၂။ သမ္မာသင်္ကပ္ပ = မှန်စွာကြံစည်ခြင်း (Right Thought)
၃။ သမ္မာဝါစာ = မှန်စွာပြောဆိုခြင်း (Right Speech)
၎။ သမ္မာကမ္မန္တ = မှန်စွာပြုလုပ်ခြင်း (Right Action)
၅။ သမ္မအာဇီဝ = မှန်စွာအသက်မွေးခြင်း (Right Lively hood)
၆။ သမ္မာဝါယမ = မှန်စွာအားထုတ်ခြင်း (Right Effort)
၇။ သမ္မာသတိ = မှန်စွာအောက်မေ့ခြင်း (Right Mindfulness)
၈။ သမ္မာသမာဓိ = မှန်စွာတည်ကြည်ခြင်း (Right Concentration) ဟူသော လမ်းစဉ်အင်္ဂါ ရှစ်ပါးပင် ဖြစ်ပါ၏။ ထိုလမ်းစဉ်ရှစ်ပါး၏ တစ်ခုချင်း အဖွင့်ကိုလည်း မြတ်ဗုဒ္ဓက မဟာသတိပဋ္ဌာန သုတ်တွင် အောက်ပါအတိုင်း အကျယ်ဟောကြားတော်မူခဲ့၏။

“ - ရဟန်းတို့ သမ္မာဒိဋ္ဌိသည် အဘယ်နည်း။ ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခ၏ဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ (နိဗ္ဗာန်)၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်းတည်း။ ရဟန်းတို့ ဤသိမြင်ခြင်းကို မှန်စွာသိမြင်ခြင်း သမ္မာဒိဋ္ဌိဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသင်္ကပ္ပသည် အဘယ်နည်း။ (ကာမအာရုံမှ) လွတ်ကင်းသော ကြံစည်ခြင်း၊ ဖျက်စီခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း၊ ညှင်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတည်း။ ရဟန်းတို့ ဤကြံစည်ခြင်းကို မှန်စွာကြံခြင်း သမ္မာသင်္ကပ္ပဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာဝါစာသည် အဘယ်နည်း။ မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဂုံးတိုက်စကားမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်ခြင်းတည်း။ ရဟန်းတို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြောဆိုခြင်း သမ္မာဝါစာဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာကမ္မန္တသည် အဘယ်နည်း။ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်း။ ရဟန်းတို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြုလုပ်ခြင်း သမ္မာကမ္မန္တဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာအာဇီဝသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းစွာ အသက်မွေးခြင်းကို ပယ်စွန့်၍ မှန်စွာအသက်မွေးခြင်းဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤအသက်မွေးခြင်းကို မှန်စွာအသက်မွေးခြင်း သမ္မာအာဇီဝဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာဝါယာမသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤအားထုတ်ခြင်းကို မှန်စွာအားထုတ်ခြင်း သမ္မာဝါယာမဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသတိသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ဤအောက်မေ့ခြင်း သတိကို မှန်စွာအောက်မေ့ခြင်း သမ္မာသတိဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသမာဓိသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်း၍သာလျှင်ဖြစ်သော အကုသိုလ်တရားတို့မှ ကင်း၍သာလျှင်ဖြစ်သော ၀ိတက်နှင့်တကွဖြစ်သော ၀ိစာရာနှင့်တကွ ဖြစ်သော နီဝရဏကင်းခြင်းကြောင့်ဖြစ်သည့် ပီတိသုခရှိသော ပထမဈာန်သို့ ရောက်၍နေ၏။ ၀ိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော သမာဓိကို ပွားစေတတ်သော ၀ိတက်လည်းမရှိသော ၀ိစာရလည်း မရှိသော သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသော ဒုတိယဈာန်သို့ရောက်၍နေ၏။ ပီတိ၏လည်း ကင်းခြင်းကြောင့် အမျှရှုလျက် ဆင်ခြင်လျက်နေ၏။ သုခကိုလည်း ကိုယ်ဖြင့်ခံစား၏။ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို “အမျှရှုသူ သတိရှိသူ ချမ်းသာစွာာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ချီးမွမ်းပြောဆိုကုန်၏။ ထိုတတိယဈာန်သို့ ရောက်၍နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် ၀မ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ခြင်းကြောင့် လည်းကောင်း၊ ဆင်းရဲချမ်းသာ ကင်းသော(ဥပေက္ခာ)ကြောင့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း သမ္မာသမာဓိဟူ၍ ဆိုအပ်၏။ ” ဤကား မဟာသတိပဋ္ဌာနသုတ်၊ ဓမ္မာနုပဿနာအဖွင့်တွင် မြတ်ဗုဒ္ဓဖွင့်ဆို ရှင်းပြတော်မူသည့် မဂ္ဂင်ရှစ်ပါး ဖွင့်ဆိုချက်များပင် ဖြစ်ပါ၏။

ထိုဖွင့်ဆိုချက်များအရ အလယ်အလတ်လမ်းကို လျှောက်လှမ်းသည်ဟူသည်မှာ အထက်ပါ အင်္ဂါရပ်များနှင့်အညီ ကျင့်သုံးနေထိုင်ခြင်းပင်ဖြစ်ကြောင်း နားလည်သဘောပေါက် နိုင်မည်ဖြစ်၏။ သို့ဆိုလျှင် ကိလေသာများ ထူပြောလှသည့် ပုထုဇဉ်များ အနေဖြင့် နေ့စဉ်ဘ၀ လှုပ်ရှားမှုများတွင် ထိုဖွင့်ဆိုချက်များနှင့် အညီနေထိုင်နိုင်ရန်မှာ လွယ်ကူလှသည့် အလုပ်မဟုတ်လှပေ။ မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နိုင်ရန်မှာ မဖြစ်နိုင်သည့် သဘောတွင် ရှိနေပေ၏။ သို့သော် ဖြစ်နိုင်သည့်နည်း တစ်ခုကား ရှိ၏။ ထိုနည်းကား ၀ိပဿနာတရား အားထုတ်၍ နေခြင်းပင်ဖြစ်၏။ ၀ိပဿနာ တရားအားထုတ်နေသူသည် မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နေသူ၊ အလမ်းအလတ်လမ်းကို လျှောက်လှမ်းနေသူဟု ဆိုနိုင်ပေ၏။ အကြောင်းကား ၀ိပဿနာတရား အားထုတ်ခြင်းဖြင့် သတိတရားကို မလွတ်တမ်း ထိန်းချုပ်နေနိုင်ခြင်းကြောင့်ပင် ဖြစ်ပါ၏။

မှန်၏။ သတိဟူသည် ပိုသည်မရှိ လိုသည်သာ ဖြစ်၏ဟု ဆိုသကဲ့သို့ သတိတရားကို မလွတ်တမ်း ထိန်းသိမ်း စောင့်ရှောက် နေသူသည်လည်း အရာရာတွင် သတိရှိနေသဖြင့် အမြင်မှားသည်၊ အတွေးမှားသည်၊ အပြောမှားသည် စသည်ဖြင့် ရှိနိုင်မည် မဟုတ်လှပေ။ ထိုသို့ သတိဖြင့် နေထိုင်နေသမျှ မဂ္ဂင်ရှစ်ပါးနှင့်လည်း ပြည့်စုံနေသည်သာ ဖြစ်နေပေ၏။ ဥပမာအားဖြင့် သတိတရားဖြင့် အာနာပါနခေါ် ထွက်သက်ဝင်သက်ကို မလွတ်တမ်း သိမှတ်ရှုမှတ်နေသူ ယောဂီအား ၀င်လေထွက်လေ အစအဆုံးကို မလွတ်တမ်း သိနေသည့်အခါ စိတ်အစဉ်သည် အပြင်မရောက်ဘဲ ခန္ဓာကိုယ်နှင့် စိတ်တွင်သာ ရှိနေသဖြင့် ထွက်လေ၀င်လေ တစ်မှတ်ရတိုင်း မဂ္ဂင်ရှစ်ပါး အကျင့်တရားနှင့် ပြည့်စုံညီညွတ်နေမည်သာ ဖြစ်၏။ အမှတ်မလွတ်ဘဲ နေနေသဖြင့် အမြင်လည်းမှန်နေ၊ အကြံအစည်လည်းမှန်နေ၊ အပြောအဆိုလည်း မှန်နေ၊ အလုပ်အကိုင်လည်းမှန်နေ၊ အသက်မွေးမှုလည်းမှန်နေ၊ လုံလအားထုတ်မှုလည်းမှန်နေ၊ အောက်မေ့သတိရှိမှုလည်းမှန်နေ၊ တည်ကြည်မှုလည်း မှန်နေမည်သာဖြစ်၏။ သတိဖြင့် ၀င်လေထွက်လေကို ရှုမှတ်နေသမျှ ရှူထုတ်တိုင်း ရှူသွင်းတိုင်း မဂ္ဂင်ရှစ်ပါး ဆိုက်နေမည်သာ ဖြစ်၏။ ထို့ကြောင့် အခြားအချိန်တွင် မဂ္ဂင်ရှစ်ပါးနှင့် အညီနေနိုင်ရန် မဖြစ်နိုင်သော်လည်း သတိရှိရှိနှင့် တရားအားထုတ်နေသည့် အချိန်သည်ကား မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နေကြသည်သာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပြီး အလယ်အလတ်လမ်းကို လျှောက်လှမ်းလိုသူများသည် တရားအားထုတ်ကြရမည်သာ ဖြစ်ကြောင်းလည်း တိုက်တွန်းကြခြင်း ဖြစ်၏။

ဤ၌ အထူး သတိပြုရမည်မှာ အလယ်အလတ်လမ်းကို လျှောက်လှမ်းနိုင်ရန်အတွက် တရားအားထုတ်ရမည်ဟု ဆိုသဖြင့် နေ့စဉ်စားဝတ်နေရေးများကို ပစ်ပြီး တရားရိပ်သာသွားကာ တရားပဲအားထုတ် နေရမည်လားဟု စောဒကတက်ဖွယ် ဖြစ်နေပေ၏။ ထိုသို့မဟုတ်။ တရားအားထုတ်သည် ဟူသည်မှာ ရိပ်သာသွားပြီး အားထုတ်နိုင်မှ တရားအားထုတ်သည်မဟုတ်။ မိမိတို့၏ နေ့စဉ်နေထိုင် လှုပ်ရှားနေသည့် လှုပ်ရှားမှုများတွင်ပင် သတိတရားဖြင့် မလွတ်တမ်း လိုက်လိုက်သိမှတ် ပေးနေလျှင်ပင် တရားအားထုတ်သည်ဟု ဆိုနိုင်ပေ၏။ ရုပ်တရားနှင့် စိတ်တွင်ဖြစ်ပေါ်နေသည့် လှုပ်ရှားမှုများ၊ ခံစားမှုများ၊ အတွေးအကြံများကို ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်များတွင် အရှိအတိုင်း လိုက်လိုက်ပြီး သိပေးနေလျှင်ပင် သတိရှိနေပြီး တရားအားထုတ်နေသည်သာ ဖြစ်သဖြင့် နေ့စဉ်လှုပ်ရှားရင်းဖြင့်ပင် တရားအားထုတ်နိုင်အောင် ကြိုးစားကာ အလယ်အလတ်လမ်းကို လျှောက်လှမ်းကြည့်ရန် တိုက်တွန်းတော်မူခြင်း ဖြစ်ပါ၏။

သို့ဖြစ်၍ ဗုဒ္ဓဘာသာတွင် အထူးပြု ပြောဆိုဟောပြောထားသည့် အလယ်အလတ်လမ်း သို့မဟုတ် မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်ကို လျှောက်လမ်းလိုသူများသည် အခြားအခြား သာမန်အချိန်များတွင် ထိုလမ်းစဉ်အတိုင်း နေထိုင်နိုင်ရန်မှာ မလွယ်လှသဖြင့် အလွယ်ဆုံးနည်းဖြစ်သည့် မည်သို့သောအချိန်၊ မည်သို့သော နေရာတွင် မည်သို့သော ပုံစံများဖြင့် ရှိနေစေကာမှု ထိုနေ့စဉ် လှုပ်ရှားမှုများတွင်ပင် အမှတ်သတိ မပြတ်ရှိပြီး စိတ်နှင့်ရုပ်တွင် ဖြစ်ပေါ်နေသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများ၏ ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကို မလွတ်တမ်း လိုက်လိုက်သိပေးနေသည့် တရားအားထုတ်နည်းကို အသုံးပြု၍ မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်ရန်သာ ကြိုးစားရမည်ဖြစ်ကြောင်း၊ ဤသို့နေထိုင်နိုင်ခြင်းသည် အလယ်အလတ်လမ်းကို လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း တင်ပြရင်း မဂ္ဂင်ရှစ်ရပ် လမ်းစဉ်မြတ်၏ အရေးပါးမှု၊ လိုအပ်မှုကို ဓမ္မအနှစ်သာရ တစ်ခုအဖြစ် နှစ်သက်မှုတစ်ခု ပြုလိုက်ရပါသည်။

ဘယ်မှာငါဟု ရှိအံ့နည်း

ဘယ်မှာငါဟု ရှိအံ့နည်း

by Ashin Vicitta on Sunday, June 12, 2011 at 9:30am
လောကဇာတ်ခုံ၊ ဤလူ့ဘုံ၌
မျိုးစုံကကြ ၊ မာန်မာနနှင့်
ငါကရာဇာ ၊ ငါဟာသူဌေး ၊ ငါပဂေးဟု
ငါသွေးတက်ကြွ ၊ လူ့ဗာလတို့
များလှဖြာဖြာ ၊ အဝိဇ္ဇာနှင့်
တဏှာဘီလူး ၊ အမှောင့်ပူး၍
ကျူးကျူးကျော်ကျော် ၊ ဂုဏ်ကိုဖေါ်လျက်
မော်မော် မောက်မောက် ၊ ငါတစ်ယောက်သာ
မိုးအောက်တလွှား ၊ရွှေကိုယ်လားဟု
ထင်မှားမလွဲ ၊ သို့စဉ်စွဲလည်း
ဇာတ်ပွဲပြီးက ၊ ပြေဖုံးချသော်
သုဘရာဇာ ၊ မြေအောက်မှာပင်
ဘာသာလူမျိုး ၊ ချိန်မထိုးပဲ
ပုတ်သိုးခန္ဓာ ၊ မြုပ်ရရှာသည်
ဘယ်မှာ ငါဟု ရှိအံ့နည်း။
(မိုးကုတ်ဆရာတော်ကြီး)

တရားနှင့်အညီ နေထိုင်ခြင်း

တရားနှင့်အညီ နေထိုင်ခြင်း

by Ashin Vicitta on Tuesday, June 14, 2011 at 10:01pm
လူဖြစ်စေ ရဟန်းဖြစ်စေ တစ်ခါတစ်ရံ မိမိတို့၏ တစ်နေ့တာ အချိန်များကို စာဖတ်ခြင်း၊ စာရေးခြင်း၊ တရားနာခြင်း၊ တရားဟောခြင်း၊ စာသင်ခြင်း၊ စာချခြင်းများဖြင့် ကုန်သွားတတ်သည့် အခါများ ရှိတတ်၏။ အထူးသဖြင့် ရဟန်းတော်များသည် နေ့စဉ် စာသင်စာချ၊ တရားဟော၊ တရားပြ အလုပ်များဖြင့် တစ်နေ့တာ အချိန်များကို ကုန်လွန်စေတတ်သည်ကို သတိပြုမိ၏။ စာရေးသူလည်း တစ်ခါတစ်ရံ ထိုသို့ ကုန်ဆုံးခဲ့သည့် အချိန်များလည်း ရှိတတ်၏။ သေချာတွေးကြည့်လျင် ထိုသို့ ဗုဒ္ဓစာပေများကို သင်ကြားပို့ချ ဟောပြောပြသရင်းဖြင့် ကုန်ဆုံးသွားသည့် အချိန်များသည် စာရေးသူတို့အတွက် ကုသိုလ်ကောင်းမှုများဖြင့် ကုန်ဆုံးသွားသည့် အချိန်များဖြစ်သဖြင့် ကောင်းသောကုန်ခြင်း၊ တရားသဖြင့် ကုန်ခြင်း၊ ကောင်းသောနေထိုင်ခြင်း၊ တရားသဖြင့် နေထိုင်ခြင်းဟု တွေးနိုင်ဆိုနိုင်မည် ဖြစ်၏။ တရားနှင့် နေလေ့ရှိသူဟု ပြောလိုက ပြောနိုင်မည်ဖြစ်၏။ ဗုဒ္ဓအလိုတော် အားဖြင့်ကား ထိုသို့မဟုတ်။ တရားဟော၊ တရားပြ၊ စာသင်စာချ စသည်များသည် တရားဟော၊ တရားပြ၊ စာသင်စာချခြင်းမျှသာ ဖြစ်၏။ တရားနှင့်အညီ နေထိုင်ခြင်းဟုကား မဆိုနိုင်လှပေ။ ဗုဒ္ဓအလိုရှိသည့် တရားနှင့်အညီ နေထိုင်ခြင်းမှာ အကျင့်တရားကို ဦးစားပေးသည့် နေထိုင်ခြင်းမျိုးကို ဆိုလိုပေ၏။

တစ်ခါက ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားထံ ချည်းကပ်၍ တရားနှင့်အညီ နေထိုင်ခြင်းနှင့် စပ်လျဉ်း၍ မြတ်စွာဘုရားရှင်အား မေးလျှောက်ဖူး၏။

ထိုရဟန်းက
“အရှင်ဘုရား… တရားနှင့်နေလေ့ရှိသူ၊ တရားနှင့်နေလေ့ရှိသူဟု ဆိုလေ့ရှိပါ၏၊ အဘယ်မျှလောက်ဖြင့် ရဟန်းသည် တရားနှင့် နေလေ့ရှိသူ ဖြစ်ပါသနည်း ဘုရား” ဟု မေးလျှောက်၏။

ထိုအခါ မြတ်စွာဘုရားရှင်က
“ရဟန်း … ဤသာသနာတော်၌ ရဟန်းသည် သုတ်၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ ဇာတ်၊ အဗ္ဘုတ၊ ဝေဒလ္လဟူသော တရားကိုသင်ယူ၏၊ ထိုရဟန်းသည် ထိုတရားတော်ကို သင်ယူခြင်းဖြင့် နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိအတွင်း သန္တာန်၌ စိတ်၏ ကိလေသာမှ ငြိမ်းမှုကို မကြိုးစား။ ရဟန်း… ဤရဟန်းကို သင်ကြားမှု ပရိယတ္တိများသူဟုသာ ဆိုအပ်၏၊ တရားနှင့် နေ့လေ့ရှိသူဟူ၍ကား မဆိုအပ်။

ရဟန်း… နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို အကျယ်အားဖြင့် သူတပါးတို့အား ဟော၏၊ ထိုရဟန်းသည် ထိုတရားကို သူတပါးတို့အား သိစေခြင်းဖြင့် နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ကိလေသာမှ ငြိမ်းမှုကို မကြိုးစား။ ရဟန်း… ဤရဟန်းကို သိစေခြင်း များသူဟုသာ ဆိုအပ်၏၊ တရားနှင့် နေလေ့ရှိသူဟူ၍ကား မဆိုအပ်။

ရဟန်း… နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်ခြင်းအားဖြင့် နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ကိလေသာမှ ငြိမ်းမှုကို မကြိုးစား။ ရဟန်း.. ဤရဟန်းကို ရွတ်အံသရဇ္ဈာယ်ခြင်း များသူဟုသာ ဆိုအပ်၏၊ တရားနှင့် နေ့လေ့ရှိသူဟူ၍ကား မဆိုအပ်။

ရဟန်း… နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို စိတ်ဖြင့်ကြံ၏၊ သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန်ရှု၏၊ ထိုရဟန်းသည် ထိုတရားကို ကြံစည်ခြင်း ၀ိတက်တို့ဖြင့် နေ့ကို ကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ကိလေသာမှ ငြိမ်းမှုကို မကြိုးစား။ ရဟန်း… ဤရဟန်းကို ကြံစည်ခြင်းဝိတက် များသူဟုသာ ဆိုအပ်၏၊ တရားနှင့် နေလေ့ရှိသူဟူ၍ကား မဆိုအပ်။

ရဟန်း … ဤသာသနာတော်၌ ရဟန်းသည် သုတ်၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ ဇာတ်၊ အဗ္ဘုတ၊ ဝေဒလ္လဟူသော တရားကိုသင်ယူ၏၊ ထိုရဟန်းသည် ထိုတရားတော်ကို သင်ယူခြင်းဖြင့် နေ့ကိုမကုန်လွန်စေ၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို မစွန့်လွှတ်၊ မိမိအတွင်း သန္တာန်၌ စိတ်၏ ကိလေသာမှ ငြိမ်းမှုကို ကြိုးစား၏။ ရဟန်း… ဤသို့လျှင် ရဟန်းသည် တရားနှင့် နေလေ့ရှိသူဖြစ်၏။

ရဟန်း… ဤသို့လျှင် ငါသည် သင်ကြားခြင်းများသူကို ဟောပြီးပြီ၊ သူတပါးတို့အား သိစေခြင်းများသူကို ဟောပြီးပြီ၊ ရွတ်အံသရဇ္ဈာယ်ခြင်း များသူကို ဟောပြီးပြီ၊ ကြံစည်ခြင်းများသူကို ဟောပြီးပြီ၊ တရားနှင့် နေလေ့ရှိသူကို ဟောပြီးပြီ။ ရဟန်း အစီးအပွားကို ရှာလေ့ရှိ၍ သနားစောင့်ရှောက်တတ်သည့် ဆရာဖြစ်သော ငါသည် တပည့်တို့အား သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ သင်တို့အတွက် ပြုဖွယ်ကို ငါပြုပြီးပြီ။ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာ အရပ်တို့ပင်တည်း၊ ရဟန်း ကပ်၍ရှုကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်၊ နောက်မှ အားမထုတ်လိုက်ရဟု နောင်တပူပန်ခြင်း မဖြစ်ကြစေကုန်လင့်၊ ဤသည်ကား သင်တို့အား ငါတို့၏ အဆုံးအမပင်တည်း…”ဟု မိန့်တော်မူ၏။ ဤကား ဓမ္မ၀ိဟာရီ သုတ်တွင် မြတ်ဗုဒ္ဓဟောကြား တော်မူသည့် တရားနှင့်နေလေ့ရှိသူ၏ တရားနှင့်အညီ နေထိုင်ခြင်းအကြောင်းပင် ဖြစ်ပါ၏။

ဤဒေသနာတော်အရ မြတ်ဗုဒ္ဓမိန့်တော်မူသည့် တရားနှင့်အညီ နေထိုင်ခြင်းဟူသည် တရားဒေသနာတော်များကို အချိန်ပြည့် နာယူမှတ်သား သင်အံပို့ချ ဟောပြောပြသ နေသည်များကို ဆိုခြင်းမဟုတ်ဘဲ မိမိတို့၏ အတွင်းသန္တာန်ဝယ် စိတ်၏ကိလေသာမှ ငြိမ်းချမ်းအောင် ကြိုးစားနေထိုင်မှုကိုသာ တရားနှင့်အညီ နေထိုင်ခြင်း၊ တရားနှင့် နေလေ့ရှိခြင်းဟု ဆိုခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်နိုင်မည် ဖြစ်၏။ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ တရားများကို အမြောက်အများ သင်ယူလေ့လာ ပို့ချနေခြင်းထက် မိမိ၏ အတွင်းစိတ်တွင် ကိလေသာတရားတို့၏ ပူလောင်လိုက်စားမှုမှ ငြိမ်းအေးအောင် ကြိုးစားနေခြင်းကိုသာ တရားနှင့်နေလေ့ရှိခြင်းဟု မိန့်တော်မူလိုရင်း ဖြစ်ပါ၏။ အများနှင့် ရောရောနှောနှော ကိလေသာ ထူပြောစွာ နေထိုင်ခြင်းထက် တစ်ဦးတစ်ယောက်တည်း နေထိုင်ကာ ကိလေသာ နည်းပါးအောင် ကျင့်ကြံနေထိုင်ခြင်းကိုသာ တရားနှင့်အညီ နေထိုင်ခြင်း၊ တရားနှင့် နေလေ့ရှိခြင်းဟု သိစေလိုရင်း ဖြစ်ပါ၏။ စာတတ်ပေတတ် ကျမ်းဂန်တတ်ကာ စာပေများနှင့် အချိန်ကုန် ပျော်မွေ့နေသည်ထက် ကိလေသာကုန်ရာ ငြိမ်းချမ်းမှုကို ရှာဖွေနိုင်အောင် ကြိုးစားနေခြင်းကသာ တရားနှင့်အညီ နေထိုင်ကျင့်သုံးခြင်း ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပေ၏။

14.06.2011နေ.သတင်းများ(ဗမာ.သွေးပေးပို.ပါသည်)

မန်မာ့လူမှု တရားမျှတရေး ILO ကူညီဖို့ ဒေါ်စု ပန်ကြားBy ဗွီအိုအေ (မြန်မာဌာန)  တနင်္လာ, 13 ဇွန် 2011


မြန်မာနိုင်ငံမှာ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့နဲ့ လူမှုရေး တရားမျှတမှုတွေ ပေါ်ပေါက်လာအောင် ကူညီဆောင်ရွက်ပေးဖို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ကြီးကို မြန်မာ့ဒီကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

မြန်မာပြည်တွင်းမှာ လွတ်လပ်တဲ့ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းတည်ထောင်ခွင့် ရဖို့ လိုအပ်သလို မြန်မာအလုပ်သမားတွေ အနေနဲ့လည်း နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ အခွင့်အရေးနဲ့ အလုပ်လုပ်ကိုင်ခွင့်တွေ ရဖို့ လိုအပ်တဲ့အကြောင်း ILO အလုပ်သမား အဖွဲ့ချုပ်ကြီးရဲ့ အကြိမ် ၁၀၀ မြောက် ညီလာခံကို ဒီနေ့ တနင်္လာနေ့ ပေးပို့တဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

တခါက အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှု အရှိဆုံး နိုင်ငံတခုအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ အခုဆိုရင် ဒေသတွင်းမှာ နောက်အကျဆုံး တိုင်းပြည်တခု ဖြစ်နေတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေ အားလုံး တခုနဲ့တခု ဆက်နွယ်နေတယ် ဆိုတာကို ILO မြန်မာနိုင်ငံအတွင်း တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတာဝန်တွေက မီးမောင်းထိုးပြနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေး ကြိုးပမ်းရင်း ကလေးစစ်သား စုဆောင်းတာတွေအပြင် ဥပဒေ စိုးမိုးရေး၊ နိုင်ငံရေး အကျဉ်းသားတွေ အရေးနဲ့ လွတ်လပ်စွာ အသင်းအပင်း တည်ထောင်ခွင့်ရရေး ကိစ္စတွေကို ILO အနေနဲ့ မလွှဲသာ မရှောင်တာ ပါဝင် ဆောင်ရွက်လာရတဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောဆိုသွားပါတယ်။

တိုင်းပြည်တပြည်ရဲ့ တိုးတက်မှုဟာ အလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိမှု အပေါ်မှာ မူတည်တဲ့ အကြောင်းနဲ့ ILO မျှော်မှန်း ယုံကြည်တဲ့အတိုင်း နိုင်ငံအားလုံး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘယ်တိုင်းပြည်မဆို နောက်ကျ ကျန်မနေဖို့ လိုတဲ့အကြောင်း၊ ဒါကြောင့်လည်း မြန်မာနိုင်ငံ ကမ္ဘာ့အလယ်မှာ နောက်ကျ ကျန်မနေအောင် ၀ိုင်းဝန်းကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် မေတ္တာရပ်ခံ သွားပါတယ်။

ရေရှည်တည်တန့်တဲ့ ငြိမ်းချမ်းရေးကို ရဖို့ လူမှုရေး တရားမျှတမှုကို အခြေခံပြီး တည်ဆောက်ရမယ်ဆိုတဲ့ ILO ရဲ့ မူလ ကြေညာချက်နဲ့ ရပ်တည်ချက်ပါ အချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်အောင် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတွေ အားလုံးက ၀ိုင်းဝန်း ဆောင်ရွက်ရမှာ ဖြစ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။


KIA နဲ့ အစိုးရတပ်တိုက်ပွဲ ကချင် ရှေ့တန်းစခန်းတခု လက်လွှတ်ရ
By ဦးမိုးဇော်  တနင်္လာ, 13 ဇွန် 2011

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ၃ ရက်ရှိလာပြီ ဖြစ်ပြီး ဒီကနေ့အထိလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ KIA ဘက်က ၄ ယောက် ကျဆုံးကြောင်းနဲ့ တပ်စခန်းတခုကို လက်လွှတ်လိုက်ရတယ်လို့ KIA ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောပါတယ်။

ဒီကနေ့မှာတော့ KIA ဗဟိုက သူတို့ တပ်စခန်း အသီးသီးကို အစိုးရတပ်တွေက တိုက်ခိုက်လာရင် ခုခံကာကွယ်ဖို့အတွက် အသင့်ပြင်ဆင်ထားဖို့ ထပ်မံ သတိပေး တပ်လှန့်ထားပါတယ်။ ၃ ရက်ကြာ KIA နဲ့ မြန်မာအစိုးရ တပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။


ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ မြန်မာအစိုးရ တပ်တွေအကြား လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ၁၉၉၄ ခုနှစ် အပစ်အခတ် ရပ်စဲပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေထဲမှာ အပြင်းထန်ဆုံးနဲ့ အရှည်ကြာဆုံးတိုက်ပွဲ ဖြစ်ပါတယ်။ စနေနေ့ ညနေပိုင်းက စတင်ဖြစ်ခဲ့တဲ့ ဒီတိုက်ပွဲရဲ့ နောက်ဆုံးအခြေအနေကိုတော့ KIA ပြန်ကြားရေး ကော်မတီက ဒု-ဗိုလ်မှူးကြီး ယော်ထုံက အခုလို ပြောပါတယ်။


“ဆက်တိုက်နေပါသေးတယ်။ လက်နက်ကြီးနဲ့ အဆက်မပြတ် ထုတယ်။ ပြီးတော့ ခြေမြန်တပ်ရင်းလည်း တဖြည်းဖြည်းနဲ့ တက်လာတယ်။ သူတို့လည်း ကျနော်တို့ ဘုံဆမ် ရေအားလျှပ်စစ်နားက စခန်းကို မရမနေ တိုက်မယ်လို့ ကက(ကြည်း) က ညွှန်ကြားတယ်လို့ ကြားရတယ်။ အဲဒါကြောင့် စစ်ဆင်ရေးက ပြင်းထန်လာမယ့် အခြေအနေ ရှိပါတယ်။ ကျနော်တို့ဘက်ကလည်း ဒီနေ့ KIA တပ်ရှိတဲ့ နေရာ အားလုံးမှာ တပ်လှန့်ထားတဲ့ သဘောပေါ့။ အားလုံး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဆင်သင့် လုပ်ထားပါလို့ ကျနော်တို့က အားလုံးကို ညွှန်ကြားထားတာ ရှိပါတယ်။”

၃ ရက်ကြာ ဒီတိုက်ပွဲအတွင်းမှာ KIA ဘက်က ၄ ယောက် ကျဆုံးပြီး စခန်းကုန်းတခုကို ဆုတ်ပေးလိုက်တယ်လို့ သူက ဆက်ပြောပါတယ်။
“၄ ယောက်ဆိုတဲ့ နေရာမှာ ၃ ယောက်က ဗုံးထိပြီး သေဆုံးသွားတာ။ ၁ ယောက်က သူတို့ ဖမ်းပြီး နှိပ်စက်ပြီးမှ သတ်လိုက်တယ်၊ အားလုံး ၄ ယောက်ပေါ့။ ဆန်ဂန်စခန်းကတော့ ကျနော်တို့ ဆုတ်ခွာသွားပြီ။”

ဆုတ်ခွာပေးလိုက်ရတဲ့ စခန်းဟာ အရင်က KIA ဆက်ဆံရေးရုံးဖွင့်တဲ့ ဆန်ဂန်ရွာအနီးက တောင်ကုန်းပေါ်မှာရှိပြီး စစ်ရေးအရ အရေးပါတဲ့ စခန်းတခုလည်း ဖြစ်ပါတယ်။

အစိုးရတပ်ဘက်က အကျအဆုံး စာရင်းကိုတော့ မသိရသေးပါဘူး။ ဒေသခံတွေရဲ့ အပြောအရ လူ ၈၀ လောက် ဗန်းမော်နဲ့ မိုးမောက် ဆေးရုံကို ပို့ထားကြောင်း သိရပေမဲ့ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ မနေ့မနက်က ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ်ဘက်မှာလည်း ပြည်သူ့စစ် အသွင်ပြောင်းရေးကို လက်မခံတဲ့ အရင် ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ ၁ ရဲ့ တပ်စခန်းတခုကို အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ပြည်သူ့စစ် အသွင်ပြောင်းခဲ့တဲ့ ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း ဌာနချုပ် အနီးမှာ ဖြစ်ခဲ့တာလို့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပါတယ်။

“စိန်ကျော့ ဌာနေပြည်သူ့စစ် ဌာနချုပ်အနီးမှာ ဖြစ်တယ်။ SSA အုပ်ချုပ်ရေးတပ်ဘက်က အမှတ် ၉ မြို့နယ် အုပ်ချုပ်ရေးတပ် အခြေစိုက်တဲ့ နတ်စင်ကုန်းတောင်ပေါ့၊ အဲဒီနေရာကို စကခ ၁ လက်အောက်ခံ ကျောက်မဲတပ်တွေနဲ့၊ မိုင်းကိုင်ကလာတဲ့ တပ်ရော၊ သီပေါကလာတဲ့ တပ်ရော ၁၁ ရက်နေ့ ညကတည်းက စစ်ကား ၁၁ စီးနဲ့ တပ်တွေ ပို့လိုက်တယ်။ မနေ့က မနက် ၅ နာရီက စပြီးတော့ လက်နက်ကြီးတွေနဲ့ သုံးဘက်သုံးတန် သုံးနေရာကနေ ပစ်တယ်တဲ့။ အလုံးပေါင်း ၆၀-၇၀ လောက် ထုတယ်ပေါ့၊ အဲဒီ ရှမ်းတပ်စခန်းကို။ ၁၀ နာရီကျော်၊ ၁၁ နာရီနီးပါးလောက် ထင်တယ်၊ ရှမ်းတပ်ဘက်က ဆုတ်ပေးလိုက်ရတယ်။”

ဒီတိုက်ပွဲမှာ နှစ်ဘက် အထိအခိုက် အခြေအနေကို အသေးစိတ် မသိရသေးပေမဲ့ စိန်ကျော့ရွာသားတယောက်   သေဆုံးခဲ့တယ်လို့   ပြောပါတယ်။

ဒီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေကလည်း မိုင်းနောင်မြို့နယ်နဲ့ တန့်ယန်းမြို့နယ် အတွင်းမှာ ရှမ်းတပ်ဖွဲ့တွေက ၂ ကြိမ် ခြုံခို တိုက်ခိုက်ခဲ့တာကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက် အကျအဆုံး ရှိခဲ့တယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

မြန်မာအစိုးရဘက်က ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ ၁ ကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က စတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာ ကရင်ပြည်နယ်ဘက်မှာလည်း မြန်မာအစိုးရ တပ်တွေဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ တိုးတက်တဲ့ ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့ရဲ့ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ တောက်လျှောက် ဖြစ်ပွားနေပါတယ်။

၁၉၈၈ ခုနှစ် အာဏာသိမ်းခဲ့တဲ့ စစ်အစိုးရ လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ပေါင်း ၁၇ ဖွဲ့နဲ့ ငြိမ်းချမ်းရေး ရယူနိုင်ခဲ့တယ်လို့ အစဉ်တစိုက် ကြေညာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို နယ်ခြားစောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ စစ်အစိုးရဘက်က တောင်းဆိုခဲ့ပြီးတဲ့နောက်မှာ အပစ်ရပ် တပ်တချို့နဲ့ တင်းမာမှုတွေ စတင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ အသစ်တက်လာတဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်မှာတော့ ကရင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေ အတွင်းမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေတာလည်း ဖြစ်ပါတယ်။


မြဝတီကားလမ်း လုံခြုံရေး နေရာ (၄) ခု တိုက်ခိုက်ခံရ
Posted by admin on June 13, 2011 နေ့သစ် မီဒီယာ 



မြဝတီမြို့ကိုလာမယ့် တိုင်းမှူးခရီးစဉ်အတွက် မြဝတီ အဝေးပြေးကားလမ်းပေါ်က ကားလမ်းလုံခြုံရေးယူထားတဲ့ ကြံ့ဖွံ့ အစိုးရ စစ်တပ်တွေကို တနင်ငူး၊ တံတားကြီးရှေ့၊ တံတားညီနောင်၊ သစ်ချောက်ပင် စတဲ့ နေရာလေးနေရာမှာ ဒီကေ ဘီအေ နဲ့ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေက ယမန်နေ့ည ၉ နာရီ မိနစ် ၃၀ လောက်မှာ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။

တိုက်ပွဲဖြစ်ခဲ့တဲ့ ယမန်နေ့ညက အခြေအနေကို ဆက်သွယ်မေးမြန်ခဲ့ရာ ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကော်ဒို စိုး က ယခုလို ပြောကြားလာပါတယ်။

“ကျနော်တို့ဘက်က ညတုန်းက လမ်းလုံခြုံရေးတွေကို နေရာ လေးခုမှာ တပြိုင်တည်းဝင်တိုက်တယ်။ ဒီကေဘီအေက ဗိုလ်မှူးကြီး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်မဟာ (၇) တပ်ရင်း ၁၀၁ တပ်ဖွဲ့တွေ ပူးပေါင်းပီး စစ် ဆင်ခဲ့တာဖြစ်တယ်။ ည ၉ နာရီခွဲလောက်က စတိုက်တာ ည ၁၂ လောက်မှ ပြီးတယ်။ ကျနော်တို့ ဘက်က ထိခိုက်မရှိ ဘူး။

သူတို့ ဘက်က ထိလား မထိလား မသိရသေးဘူး။ အရှေ့တောင်တိုင်း တိုင်းမှူး မြဝတီလာဖို့ရှိတော့ မြဝတီကုန် သည် ကားလမ်းမှာ ကြံ့ဖွံ့အစိုးရ စစ်တပ်တွေ လုံခြုံရေး အပြည့်ချထားတယ်လေ။”

အရှေတောင်တိုင်း တိုင်းမှူး မြဝတီမြို့ကိုလာမယ့် ခရီးစဉ်ရှိနေတဲ့အတွက် ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်ရင်း ၁၀ ရင်းနဲ့ လမ်းလုံခြုံရေးယူထားတယ်လို့ မြဝတီဒေသခံ ကုန်သည်တွေ ပြောပြချက်အရ သိရှိရပါတယ်။


စစ်တွေမြို့တွင် စီးပွားရေး သမားတစ်ဦး နေအိမ်မှ အဖိုးတန် တောက်တဲ့များ ဖမ်းဆီးရမိ
ထွန်းထွန်း ။  ။ News Date:6/13/2011  နိရဉ္ဇရာ သတင်းဌာန


ရခိုင်ပြည်နယ် စစ်တွေမြို့မှ နာမည်ကြီး မွတ်ဆလင် စီးပွားရေးသမား တစ်ဦး နေအိမ်မှ သိန်းထောင်ချီ တန်ဖိုးရှိသော တောက်တဲ့များနှင့် ဆေးခြောက်ထုပ်များကို ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့မှ ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။


တောက်တဲ့နှင့် ဆေးခြောက်ထုပ်ဖြင့် ဖမ်းဆီးခံရသူ မွတ်စလင် ဦးမောင်တော်ဂေါ်ဘီမှာ ယခုအခါအမှတ် ၂ ရဲ စခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ ၎င်းပြင် တောက်တဲ့ကို AIDS ဆေးဖေါ်စပ်ရာတွင်၎င်း၊ ကင်ဆာရောဂါတွင်၎င်း၊ ၀က်ခြောက်နာတွင်၎င်း၊ ကာမအားတိုးဆေး အဖြစ်၎င်း အရိုးပြန်ဆက်ရာတွင်၎င်း၊ ယာနားရောဂါများကုသရာတွင်၎င်း အသုံးပြုသည်ဟု သိရသည်။

“တောက်တဲက တရုတ်ပြည်မှာရောက်လို့ရှိရင် ရွှေဈေးနဲ့တူတူဖြစ်သွားတယ်လို့သိရပါတယ်။ ပီးတော့အဲဒီ တောက်တဲ့ကို AIDS ဆေး ဖေါ်စပ်ရာမှာအသုံးပြုတယ်လို့လည်း ပြောကြပါတယ်။အဲဒါကြောင့် ဈေးများများ ပေးပြီးဝယ်နေတာဖြစ်နိုင်ပါတယ်။
တရားဝင်တော့ဝယ်လို့မရဘူး။ လျှို့လျှို့ဝှက်ဝှက်နဲ့ဝယ်နေကြတာပါ“ ဟုဆက် ပြောသည်။

အဆိုပါ အရွယ်အစား တောက်တဲ့များကို တရုတ်ပြည်က အကြီးအကျယ်ဝယ်နေသဖြင့် ယခုအခါ ရခိုင်ပြည်နယ်တွင် တောက်တဲ့များ အထူး ရှားပါးလာသည်ဟုသိရသည်။ တောက်တဲ့ ရောင်းဝယ်နေသူ တစ်ဦးက “တောက်တဲ့ အကောင် အငယ်ပိုင်းကို မယူဘူးနော်။ အနည်းဆုံး ကျပ်သား ၂၀ ဖြစ်ရမယ်။ ကျပ်ချိန် ၂၀အထက် ဆိုအကုန်လုံးဝယ်တယ်။ ကျပ်ချိန် ၂၀ သားတကောင်ဆို ကျပ်သိန်း ၄၀ ထိ ရောင်းရပါတယ်“ ဟုတောက်တဲ ရောင်းဝယ်နေသူ တဦးကပြောသည်။

မလေးရှားနိုင်ငံမှ လာသော သတင်း တပုဒ်တွင် ၃၀၀ ဂရမ်အထက် တောက်တဲ့ တစ်ကောင်ကို မလေးရှား ရမ်ဂစ် နှစ်သောင်း ငါးထောင် အထက် ဈေးပေါက်နေကြောင်းနှင့် မြန်မာနိုင်ငံတွင် ၂၀ ကျပ်သား တောက်တဲ့ တစ်ကောင်ကို သိန်း (၅၀) အထက် ဈေးရရှိကြောင်း သိရသည်။ ဘင်္ဂလာဒေခ်ျ့တွင် ၃၀၀ ဂရမ် အထက် တောက်တဲ့ တစ်ကောင်ကို တာကာ (၅) သိန်းပေါက်ဈေး ရှိနေကြောင်း သိရသည်။ တောက်တဲ့ အကောင်ကြီးများကို တရုတ်ပြည်နှင့် မလေးရှားမှ ဈေးကြီးပေးပြီး ၀ယ်ယူနေသဖြင့် ယခုအခါ တောက်တဲ့ကို မြန်မာနိုင်ငံတွင်သာမက အိမ်နီးချင်း ဘင်္ဂလာဒေခ်ျ့နှင့် အိန္ဒိယ နိုင်ငံတွင်လည်း လိုက်လံ ရှာဖွေ ဖမ်းဆီး နေကြသည်ဟု သိရသည်။

“ တောက်တဲ့က တောရိုင်း တိရစ္ဆာန် အက်ဥပဒေနဲ့ ငြိနေတော့ တရားမ၀င် ရောင်းဝယ် ဖေါက်ကားလို့မရဘူးလို့ သိရပါတယ်။ ဒါကြောင်း ရဲက သတင်းအရ သူရဲ့ အိမ်ကို ၀င်ရောက် ရှာဖွေ ဖမ်းဆီးတာ ဖြစ်ပါတယ်” ဟု အဆိုပါ လူငယ်က ပြောသည်။ တောတောင်များနှင့် လူနေအိမ်တွင် နေထိုင်လေ့ရှိသည့် ၂၀ ကျပ်သား အထက် အလေးချိန်ရှိ တောက်တဲ့များကို တရုတ်နှင့် မလေးရှားမှ ဈေးကောင်းကောင်းပေးပြီး ၀ယ်ယူနေသဖြင့် အဆိုပါ တောက်တဲ့များကို နိုင်ငံခြားသို့ တင်ပို့ရန် သူ၏ နေအိမ်တွင် ၀ယ်ယူ သိုလှောင်ထားခြင်း ဖြစ်ကြောင်း သိရသည်။

“ စစ်တွေ အောင်မင်္ဂလာရပ်ကွက်က နာမည်ကြီး မွတ်ဆလင် စီးပွားရေးသမား ဦးမောင်တော် ဂေါ်ဘီ အိမ်က ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။ သူ့ကို ညနေပိုင်းလောက်မှာ အမှတ် ၂ ရဲတပ်ဖွဲ့က လာပြီး ဖမ်းဆီးသွာတာပါ။ ဖမ်းဆီးရမိတဲ့ တောက်တဲ့ အကောင်က ၄၀ ကျော် ဖြစ်ပါတယ်။ တကောင်စီ ၂၀ ကျပ်သား ကျော်ရှိတယ်လို့ ဆိုပါတယ်။

ကာလ ပေါက်ဈေးဆိုရင် သိန်းထောင်ချီ ရှိတယ်လို့ သိရပါတယ်။ တခြား ဆေးခြောက်ထုပ် အများအပြား ကိုလည်း ရဲက ဖမ်းမိတယ်လို့ သိရပါတယ်” ဟု ရပ်ကွက်လူငယ် တဦးက နိရဉ္စရာသို့ ပြောသည်။ ဖမ်းဆီးရမိသော တောက်တဲ့မှာ အကောင် ၄၀ ခန့်ရှိပြီး ကာလ ပေါက်ဈေးနှင့် ဆိုလျှင် ကျပ်သိန်းထောင်ချီ၍ တန်ဖိုးရှိကြောင်း သိရသည်။


ခုခံကာကွယ်စစ် ဆင်နွဲဘို့ KIA တပ်အားလုံးကို ဗဟိုမှ ညွှန်ကြား

2011-06-13 RFA


KIO ကချင် လွတ်မြောက်ရေး အဖွဲ့ ဌာနချုပ်က KIA တပ်အားလုံးကို ခုခံကာကွယ်စစ် ဆင်နွဲဘို့ ဒီကနေ့ မွန်းတည့် ၁၂ နာရီက အမိန့် ထုတ်ပြန်လိုက်ပြီလို့ သိရပါတယ်။

KIO တပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကထဲက မြန်မာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့ပါတယ်။ အဲဒီ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဦးသိန်းစိန် အစိုးရဘက်က ၀န်ကြီး တဦး မနေ့က KIO အဖွဲ့ကို အဆက်အသွယ်လုပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဘို့ အစီအစဉ် လုပ်ခဲ့ပေမဲ့ ဒီကနေ့မှာ ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့ တောင်းဆိုချက်တွေကြောင့် KIO အနေနဲ့ ခုခံ ကာကွယ်စစ် ဆင်နွဲဘို့ အမိန့် ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ KIA တပ်ရဲ့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က RFA ကိုပြောပါတယ်။

 ဒ့ါအပြင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မိုးမောက် မြို့နယ် ဆန်ခါဒေသမှာ ရှိတဲ့ တရုပ် အစိုးရ အကူအညီနဲ့ ဆောက်လုပ်နေတဲ့ တာပိန် ရေအားလျှပ်စစ်စီမံကိန်းမှာ တာဝန်ကျနေသူ တရုပ် ပညာရှင်နဲ့ အလုပ်သမား ၂၈ ဦးကိုလည်း တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ ပြန်ခွင့် မပေးဘဲ ဓါးစာခံသဘောမျိုးနဲ့ ထိမ်းထားတယ်လို့ KIO က ပြောပါတယ်။

 တိုက်ပွဲတွေ စတင် ဖြစ်ပွားတဲ့ အချိန်ကထဲက KIO က တရုပ် ပညာရှင်တွေကို လုပ်ငန်းတွေ ရပ်တန့်ပြီး ထွက်ခွာဘို့ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။ KIOရဲ့ အဆိုအရ စစ်ပွဲများ အရှိန်အဟုန် တက်လာမယ် ဆိုရင် တခြား တိုင်းရင်းသား လက်နက်ကိုင် (၄) ဖွဲ့ က KIOနဲ့ လက်တွဲပြီး အစိုးရတပ်တွေကို တိုက်ဘို့ ကမ်းလှမ်းချက်တွေ ရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။


နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆုတောင်းပွဲ ပြုလုပ်မည်
ဧရာဝတီ Monday, 13 June 2011 19:14 သတင်းတိုများ


နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှု ၁ လ ပြည့် အထိမ်းအမှတ် ဆုတောင်းပွဲကို ဇွန်လ ၁၆ ရက်၌ ရန်ကုန်မြို့သင်္ဃန်းကျွန်း မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယင်း ဆုတောင်းပွဲကို အကျဉ်းသား မိသားစုဝင်များ က ပြုလုပ်မည်ဖြစ်သည်ဟု NLDလူမူ အထောက်အကူပြု အဖွဲ့ က ပြောသည်။



ကချင်ဘက်က ကျယ်ပြန့်စွာ ခုခံဖို့ စစ်ဆင်
BBC News ။  ။  13-06-2011


ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း တာပိန်ရေအား လျပ်စစ်စက်ရုံ အနီးမှာ မြန်မာအစိုးရ စစ်တပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ ဆက်လက် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေပါတယ်။အရင်နှစ်ရက်ကလဲ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီး တနင်္လာနေ့မှာလဲ တိုက်ပွဲက အရှိန်ကျမသွားပဲ ဆက်လက်ပြင်းထန်နေ ဆဲလို့ KIO ကချင် လွတ်လပ်ရေးအဖွဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလာနန်က ဘီဘီစီကို ပြောပါတယ်။

အစိုးရတပ်တွေဘက်ကလည်း အင်အားဖြည့်တင်းတာတွေ ဆက်ရှိနေတဲ့အတွက် ကချင်ဘက်ကလည်း Padang Hkrun Lam (အောင်နိုင်ရေးစစ်ဆင်မှု) ပဒန် ခွန်လမ်ဆိုတဲ့ စစ်ဆင်ရေးတစ်ခု ချမှတ်ပြီး တပြည်နယ်လုံး ကျယ်ကျယ်ပြန်ပြန့်လုပ်ဆောင်မယ်လို့ ဦးလာနန်က ပြောပါတယ်။

တာပိန်ရေအားလျှပ်စစ် စက်ရုံနေရာကိုတော့ အစိုးရတပ်ဘက်က ခြေကုပ်ယူထားပြီး အဲဒီနေရာကို KIA တပ်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒီစက်ရုံက တရုတ်နိုင်ဘက်ကို ရေအားလျှပ်စစ် ထုတ်လုပ်ရောင်းချတဲ့ စက်ရုံဖြစ်ပါတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာတော့ စက်ရုံဝန်ထမ်း တရုတ်အင်ဂျင်နီယာတွေနဲ့ အလုပ်သမားတွေ တရုတ်ဘက် ထွက်ပြေးသွားလို့ စက်ရုံဆက်လက် လည်ပတ်မှု ရှိမရှိ မသိရပါဘူး။တိုက်ပွဲအတွင်း နောက်ထပ် နှစ်ဘက် ကျဆုံး ထိခိုက်ဒဏ်ရာရရှိမှု ရှိမရှိလည်း မသိရသလို အစိုးရဘက်ကလည်း ဒီစစ်ပွဲအကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

 တနင်္ဂနွေနေ့ကတော့ ကချင်တပ်သား ၄ ဦး ကျဆုံးခဲ့ပါတယ်။ကမ်းလှမ်းပေမယ့် မအောင်မြင်တနင်္ဂနွေနေ့က  နေပြည်တော်မှာရှိနေတဲ့ အရင် နအဖ အစိုးရဝန်ကြီးဟောင်းတစ်ဦးက နှစ်ဘက် ရင်းနီးသူတစ်ဦးက တဆင့် စစ်ပွဲရပ်စဲနိုင်ဖို့ ဆိုပြီး ပြောဆိုလာတာ ရှိတယ်လို့ ဦးလာနန်က ပြောပါတယ်။

 ဘယ်သူ ဘယ်ဝါဆိုတာကိုတော့ ထုတ် မပြောပါဘူး။KIA တပ်ကို ၂ ရက်လောက် သည်းညင်းခံပေးဖို့ သူက ပြောပေမယ့် ကချင်တပ်ဘက်ကတော့ စစ်ပွဲဆိုတာ ၂ ရက်အတွင်း အမျိုးမျိုးပြောင်းလဲနိုင်တာမို့ တနင်္လ࿿ာနေ့ မွန်းတည့် ၁၂ နာရီထိပဲ အချိန်ဆွဲထားနိုင်ပြီး အဲဒီကာလအတွင်း အစိုးရဘက်က အပြုသဘော မတုံ့ပြန်ရင် စစ်ဆင်ရေးတစ်ရပ် ဆင်နွဲမယ်လို့ သူက ပြောပါတယ်။

အခုလို ကချင်ပြည်နယ်မှာ တိုက်ပွဲဖြစ်နေသလို တခြား တိုင်းရင်းသားနယ်မြေတွေဖြစ်တဲ့ ရှမ်းနဲ့ ကရင်တို့ဘက်မှာလည်း အရင် အပစ်ရပ်အဖွဲ့တွေနဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေ ဖြစ်နေတာ လနဲ့ချီ ရှိနေပါပြီ။အစိုးရအနေနဲ့ နယ်ခြားစောင့်တပ် လက်မခံတဲ့ တိုင်းရင်းသားတပ်တွေကို အလုံးအရင်းနဲ့ မဟုတ်ရင်တောင် တဖြည်းဖြည်းနဲ့တော့ ချေမှုန်းသွားမယ့် အစီအစဉ်ရှိနိုင်တယ်လို့ NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အင်အားစုက သုတေသနမှူး ဦးဌေးအောင်က ပြောပါတယ် ။


ကလေးများ ကာကွယ်ဆေးအတွက် ဒေါ်လာ သန်း ၄,၀၀၀ လှူကြမည်
 By ဗွီအိုအေ (မြန်မာဌာန)


နမိုးနီးယားနဲ့ ဝက်သက်ရောဂါတို့လို ကလေးငယ်တွေရဲ့ အသက်ကို အန္တရာယ် ပေးနိုင်တဲ့ ရောဂါတွေကို ကာကွယ်ဆေး ထိုးပေးနိုင်ဖို့အတွက် ဒေါ်လာ သန်း ၄,၀၀၀ ကျော် လှူဒါန်းမယ်လို့ နိုင်ငံတကာ အလှူရှင်တွေက ကတိပေးလိုက်ကြပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ တနင်္လာနေ့က လုပ်ခဲ့တဲ့ ၁ ရက်ကြာ ညီလာခံမှာ ဗြိတိန်နိုင်ငံက ဒေါ်လာ သန်းပေါင်း ၁,၃၀၀ ဦးဆောင်လှူမယ်လို့ ကတိပြုခဲ့တာပါ။

Microsoft သူဌေးကြီး ဘီလ်ဂိတ်စ် (Bill Gates) နဲ့ သူ့ဇနီးတို့ရဲ့ Bill and Melinda Gates Foundation ပရဟိတ အဖွဲ့ကြီးက နောင် ၅ နှစ်အတွင်း ဒေါ်လာ သန်း ၁,၀၀၀ ကျော် လှူမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီအလှူငွေတွေကို Global Alliance for Vaccines and Immunization ကူးစက်ရောဂါ ခုခံ ကာကွယ်ဆေးဆိုင်ရာ ကမ္ဘာ့ မဟာမိတ် အဖွဲ့ကြီးကို လှူဒါန်းကြတာ ဖြစ်ပါတယ်။

ကလေးငယ်ပေါင်း သန်း ၂၅၀ ကျော်ကို အလှူငွေတွေနဲ့ ကာကွယ်ဆေး ထိုးပေးနိုင်မှာဖြစ်ပြီး ၄,၀၀၀,၀၀၀ ရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

တနင်္လာနေ့က လှူဒါန်းခဲ့ကြတဲ့ တခြားနိုင်ငံတွေကတော့ နော်ဝေးနိုင်ငံက ဒေါ်လာသန်းပေါင်း ၆၇၀၊ အမေရိကန်က ဒေါ်လာသန်းပေါင်း ၄၅၀ နဲ့ သြစတြေးလျက ဒေါ်လာသန်းပေါင်း ၂၀၀ ကျော် ထောက်ပံ့ လှူဒါန်းခဲ့ကြပါတယ်။


အကျဉ်းကျသျှမ်းခေါင်းဆောင် မိသားစုဝင်အား ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံအားပေး
Monday, 13 June 2011 18:50 သျှမ်းသံတော်ဆင့်


ယနေ့မနက်ပိုင်း၌ အကျဉ်းကျ သျှမ်းခေါင်းဆောင် မိသားစုဝင်များအား ဒေါ်အောင်ဆန်းစုကြည်က  အိမ်တိုင်ရာရောက်သွား ရောက်တွေ့ဆုံအားပေး စကားပြောကြားခဲ့သည်ဟုဆို၏။“ဒေါ်အောင်ဆန်းစုကြည် နဲ့ လူငယ်  အယောက် ၂၀ လောက် ဦးခွန်ထွန်းဦးအိမ်မှာ ဒီမနက်လာတွေ့တာ။ SNLD အဖွဲ့ဝင်တွေလဲပါတယ်။ အဓိကကတော့ အကျဉ်းကျသျှမ်းခေါင်းဆောင်တွေရဲ့ မိသားစုတွေကို အားပေးဖို့  ဖြစ်တယ်”  ဟု SNLD ပါတီဝင်တဦးက ပြောပါသည်။


ဂျွန် ၁၃ ရက် ၂၀၁၁ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ ဒေါ်အောင်ဆန်းစု ကြည် နှင့် လူငယ်အယောက်နှစ်ဆယ် ခန့်  သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ နှစ်ရှည်ထောင်ကျခံ သျှမ်းခေါင်းဆောင်မိသားစုများ အား ရန်ကုန်မြို့ ပြည်လမ်း ရှိ ခွန်ထွန်းဦးနေအိမ်၌ တွေ့ဆုံကြသည်ဟု ဆို၏။အမျိုးသားဒီမိုကရေစီအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သျှမ်းခေါင်းဆောင် မိသားစုများဖြစ်သည့် ခွန်ထွန်းဦး၏ ဇနီး ဒေါ်ဝေဝေလွင်၊ အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်၏ ဇနီး နန်းခင်အုန်းတင့်၊ ဗဟိုကော် မတီဝင် စိုင်းလှအောင်၏ဇနီး နန်းခမ်းအောင်တို့ပါဝင်သည်ဟုဆို၏။



နန်းခင်အုန်းတင့်၊ ဒေါ်စုအောင်ဆန်းစုကြည်၊ ဒေါ်ဝေဝေလွင်၊ နန်းခမ်းအောင် (ဝဲမှယာ)

“ခေါင်းဆောင်တွေရဲ့ ကျန်းမာရေးအခြေအနေကို လာရောက်မေးမြန်းတာပါဘဲ။ မိသားစုကနေတဆင့် ဒေါ်အောင်ဆန်းစုကြည် စကားပါးလိုက်တာကတော့ - ‘ အကျဉ်းကျနေတဲ့ သျှမ်းခေါင်းဆောင်တွေအားလုံးကို ပြောပေးပါ၊ အသက်ကလဲ  ကြီးလာကြပြီဆိုတော့ ကျန်းမာရေး ဂရုစိုက်ပါ။

 နိုင်ငံရေးသမားတွေ  ကျန်းမာ အောင်နေရင် နိုင်ငံရေးလုပ်နေတာပါဘဲ’-တဲ့  အားပေးစကား ပြောသွားတယ်” - ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ် ကပြောပါသည်။ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည့်နောက်ပိုင်းတိုင်းရင်းသားခေါင်းဆောင်များ ၏ မိသားစုဝင်များအား အိမ်တိုင်ရာရောက် သွားရောက်အားပေးခြင်းသည် ယခုပထမဆုံးအကြိမ်ဖြစ်သည်။ဦးခွန်ထွန်းဦး ဦးဆောင်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပြီးလျှင် ၁၉၉၀ ရွေးကောက်ပွဲ၌ ဒုတိယအနိုင်ရသည့်ပါတီဖြစ် သည်။

၂၀ဝ၅ နှစ်ဦးပိုင်းတွင် နအဖ စစ်အုပ်စုက သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး(SNLD ဥက္ကဌ)၊ ဦးစိုင်း ညွှန့်လွင် (SNLD အထွေထွေအတွင်းရေးမှူး)၊ စိုင်းလှအောင် (SNLD ဗဟိုအလုပ်အမှုဆောင်)နှင့် သျှမ်းပြည်မျိုး ဆက်သစ်လူငယ် ခေါင်းဆောင် ဆရာဦးမြင့်သန်း (၂၀ဝ၅ မေ သံတွဲထောင်၌ ကွယ်လွန်)၊ စိုင်းညီညီမိုး၊ စိုင်းမျိုး ယင်းထွန်း၊ ဦးထွန်းညို နှင့် သျှမ်းပြည်တပ်မတော် (အပစ်ရပ်) နာယက ဗိုလ်ချုပ်ဆေထဲန့်တို့အား ပြည်ထောင်စု မှ ခွဲထွက်လိုမှုနှင့် အခြားပြစ်မှုများစွာဖြင့် ထောင်ဒဏ် ၇၅ နှစ်မှ ၁၀၆ နှစ်အထိ အသီးသီး ပြစ်ဒဏ်ချခဲ့သည်။


FEC ဈေး ဒေါ်လာထက် ၁၀၀ ကျပ်ကျော်ကျ
 ဧရာဝတီ Monday, 13 June 2011 17:29



အမေရိကန်ဒေါ်လာနှင့် တန်ဖိုးတူညီသည်ဟု သတ်မှတ် ထုတ်ဝေထားသော FEC (foreign Exchange Certificate) တယူနစ်လျှင် ဒေါ်လာထက် ကျပ် ၁၀၀ ကျော် နိမ့်ကျနေ သောကြောင့် FEC နှင့် ငွေလက်ခံရသော လုပ်ငန်းများ အခက်အခဲ ဖြစ်နေကြကြောင်း သတင်းရရှိသည်။


အမေရိကန်ဒေါ်လာ တန်ဖိုးသည် လွန်ခဲ့သည့် ရသတ္တ ၃ ပတ်ခန့်ကတည်းက တရိပ်ရိပ် ကျဆင်းနေပြီး ယနေ့ ဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် ၇၄၅ ကျပ်သာရှိ၍ FEC တယူနစ်လျှင် ၆၄၀ ကျပ်သာ ရှိတော့သည်။

ထိုသို့ FEC ဈေးနှုန်းများ ကျဆင်းနေသောကြောင့် FEC ဖြင့် ပေးချေရသည့် ဟိုတယ်များ၊ လေကြောင်းလိုင်းများ၊ ခရီးသွား ကုမ္ပဏီအများစုက လုံးဝ လက်မခံတော့ကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးဈေးကွက်မှ စုံစမ်း သိရှိရသည်။

“အထူးသဖြင့်တော့ ခရီးသွားကုမ္ပဏီတွေ၊ လေကြောင်းလိုင်းတွေ၊ ဟိုတယ်တွေ အများစုကတော့ FEC ကို လုံးဝ လက်မခံဘူး။ အစိုးရက FEC ကိုလက်ခံဖို့ ညွှန်ကြားချက်ထုတ်ထားတာ ရှိတယ်။ တချို့ကတော့ FEC တ၀က်၊ ဒေါ်လာတ၀က် လက်ခံတာမျိုး ရှိတယ်။ ငွေလဲနှုန်း ပြဿနာက တော်တော်ကို တက်နေပြီ။ ဒေါ်လာရယ်၊ FEC ရယ် ဈေးကျ လွန်းတဲ့အတွက် ခရီးသွား လုပ်ငန်းတွေ အကုန်ထိတယ်” ဟု ရန်ကုန် အခြေစိုက် ခရိးသွား ဧည့်လမ်းညွှန် တဦးက ပြောသည်။

ရန်ကုန်မြို့ရှိ Park Royal Hotelသည်လည်း ငွေလဲနှုန်း ကွာဟမှုကြောင့် FEC ကို လက်ခံမည် မဟုတ်ဘဲ အမေရိကန် ဒေါ်လာကိုသာ လက်ခံမည် ဖြစ်ကြောင်း ရှင်းပြသည်။

“FEC လက်မခံဘူး။ အစိမ်း (အမေရိကန်ဒေါ်လာ) ပဲ လက်ခံပါတယ်။ ငွေလဲနှုန်းကွာလို့ လက်မခံ တော့တာပါ” ဟု Park Royal Hotel ဧည့်ကြိုဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

ရန်ကုန်ရှိ ကုန်သည်ကြီးများ ဟိုတယ်ကလည်း FEC နှင့် ဒေါ်လာဈေးနှုန်း ကွာဟမှုကြောင့် မကြာမီ ရက်ပိုင်းအတွင်း FEC လက်ခံမှု ရပ်ဆိုင်းသွားရန် ရှိသည်ဟု အဆိုပါ ဟိုတယ်မှ ဝန်ထမ်းတဦးက ဆိုသည်။

“FEC ကို အခန်းခ ရှင်းဖို့ ဒီနေ့လက်ခံပေမယ့်၊ မနက်ဖြန် လက်ခံမှာလား ဆိုတာတော့ မသိသေးပါဘူး။ လက်မခံဖို့ကတော့ များတယ်လို့ပဲ ပြောရမှာပါ” ဟု ၎င်းက ပြောသည်။

အမေရိကန်ဒေါ်လာနှင့် FEC သည် ယခင်က တန်ဖိုးအနည်းငယ်သာ ကွာဟ သော်လည်း ယခုဇွန်လတွင် ရုတ်တရက်
တန်ဖိုးကွာဟမှု ကြီးမားလာကြောင်း၊ အမေရိကန်ဒေါ်လာ သည်ပင်လျှင် ဈေးကွက်တွင် ၀ယ်သူနည်းပါး လွန်းသော အခြေအနေ ဖြစ်နေသောကြောင့် FEC ကို ၀ယ်သူထက် ရောင်းသူ အလွန် ပေါများပြီး တန်ဖိုး ဆက်တိုက် ကျဆင်းနေကြောင်း ဈေးကွက်မှ သိရသည်။

မေလ ၃ ရက်နေ့က အမေရိကန်တဒေါ်လာ ၈၃၇ ကျပ်ရှိချိန်တွင် FEC သည် တယူနစ်လျှင် ၈၃၄ ကျပ်ဈေး ရှိခဲ့ပြီး ဈေးနှုန်း ကွာဟမှု ကျဉ်းမြောင်းခဲ့သော်လည်း ဇွန်လ ၁၁ ရက်နေ့က အမေရိကန် တဒေါ်လာ ၇၆၀ ကျပ်ရှိချိန်တွင် FEC သည် တယူနစ် ၆၅၈ ကျပ်အထိ ဈေးထိုးကျခဲ့ပြီး ဒေါ်လာနှင့် FEC ကြား ဈေးနှုန်းကွာဟမှု ၁၀၀ ကျပ်ကျော်အထိ ဖြစ်ပေါ်ခဲ့သည်။

FEC ကို အများဆုံး ထုတ်ရောင်းနေကြသော သူများတွင် ဦးတေဇ ပိုင်ဆိုင်သည့် ထူး ကုမ္ပဏီကဲ့သို့သော စီးပွားရေး လုပ်ငန်းကြီးများ ပါဝင်သည်ဟု ရန်ကုန်စီးပွားရေး သမားများက ဆိုသည်။

“ထူးကုမ္ပဏီမှာ FEC ကို နိုင်ငံခြားငွေကြေးအဖြစ် လက်ခံ လုပ်ပေးနေရတာတွေ အများကြီးရှိတယ်။ ဥပမာ ဆိုရင် FEC
ဖုန်းကတ်တွေ၊ ငွေဖြည့်ကတ်တွေ ရောင်းတာမျိုးရှိတယ်၊ အဲပုဂံ လေကြောင်းလိုင်းမှာ FEC နဲ့ လက်မှတ်ဝယ်ဖို့ လက်ခံရတာမျိုး ရှိသလို တချို့ လုပ်ငန်းတွေမှာလည်း FEC ကို အမေရိကန်ဒေါ်လာနဲ့ တန်ဖိုးညီမျှတဲ့ငွေကြေး အဖြစ် လက်ခံရတာ မျိုးတွေရှိတယ်။ ထူးကုမ္ပဏီလိုမျိုး FEC ၀င်ငွေများတဲ့ တခြား ကုမ္ပဏီတွေကလည်း FEC ထုတ်ရောင်းကြတယ်” ဟု FEC နှင့်အမေရိကန်ဒေါ်လာ နှစ်မျိုးကိုသာ သီးသန့် အရောင်းအ၀ယ် လုပ်နေသူ တဦးက ရှင်းပြသည်။

FEC တန်ဖိုးကျခြင်းကြောင့် ကုလသမဂ္ဂအပါအ၀င် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ စီမံကိန်းများ၊ FEC နှင့် လစာ ရရှိနေသော အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ၀န်ထမ်းများ၊ နိုင်ငံခြား ကုမ္ပဏီ များတွင် လုပ်ကိုင်လျက် ရှိသော ၀န်ထမ်းများ အဆင်မပြေဖြစ်နေသည်ဟု သိရှိရသည်။

“NGO၊ INGO တွေက ဝန်ထမ်းတွေ၊ ဟိုတယ်တွေ၊ နိုင်ငံခြား ကုမ္ပဏီတွေမှာ လုပ်တဲ့ ဝန်ထမ်းတွေက FEC နဲ့ လစာရတာလေ။ ငွေလဲနှုန်း ကျလွန်းတော့ ၀င်ငွေက အတော်ကို လျော့ကုန်ကြတယ်။ အရင် ငွေလဲနှုန်းက FECတယူနစ်ကို ကျပ် ၁၀၀၀ လောက် ရှိတော့ တလကို FEC ၂၅၀ လောက် ရတဲ့သူက ကျပ် ၂ သိန်းခွဲလောက် ရတယ်။ အခုဆို ၁ သိန်း ၆ သောင်း လောက်ပဲ ရတော့တယ်။ သူတို့ ၀င်ငွေက ၃၀ ရာခိုင်နှုန်းကျော် ကျသွားတယ်” ဟု ရန်ကုန် Chatrium Hotel ဟိုတယ် ၀န်ထမ်းတဦးက ပြောသည်။

ပြည်တွင်း စီးပွားရေးပညာရှင်တဦးက ငွေလဲနှုန်း အလွန်ကျဆင်းမှုကြောင့် မြန်မာ့ပို့ကုန် စီးပွားရေးရပ်တန့် နေပြီဟု ဆိုသည်။

“အစိုးရက ဘာလုပ်ရမှန်း မသိတာလား၊ ကျပ်ငွေတန်ဖိုး တက်တယ်ဆိုပြီး ထိုင်ကြည့်နေတာလား မဝေခွဲတတ်ဘူး။ ဒီငွေ တန်ဖိုးတက်တာက နိုင်ငံကို ဆင်းရဲမှုတွေ ဖြစ်စေမယ်။ သွင်းကုန်တွေချည်းပဲ သွင်းကုန်တဲ့ စီးပွားရေးကို ဦးတည်နေတယ်။ ဒါကို အမြန် ထိန်းဖို့လိုနေပြီ။ ဒါကိုမထိန်းရင် အားလုံးထိခိုက်နေပြီ” ဟု အဆိုပါပညာရှင်က ပြောသည်။

ယခင် စစ်အစိုးရလက်ထက် ၁၉၉၃ ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က FEC များကို အမေရိကန်ဒေါ်လာ အစားထိုး နိုင်ငံခြားငွေအဖြစ် ထုတ်ဝေသုံးစွဲခဲ့သည်။