သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, May 7, 2011

ဘင်လာဒင်တော့ သေရှာပြီ (ဘိုဘိုကျော်ငြိမ်း )

Edit
ဘင်လာဒင်တော့ သေရှာပြီ ဘိုဘိုကျော်ငြိမ်း | ကြာသပတေးနေ့၊ မေလ ၀၅ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၃၃ မိနစ်

9/11 ဖြစ်တော့ ကျနော်က ဝါရှင်တန် DC မှာ။



မနက်စောစော ရုပ်သံသတင်းပြကွက်မှာ လေယာဉ်ငယ်တစီးက WTC ကမ္ဘာ့ကုန်သွယ်ရေးစင်တာကို ဝင်တိုက်သွားတယ်လို့ပဲ ယောင်ဝါးဝါး ကြေညာသွားတယ်။ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီး၊ အမေရိကန်နိင်ငံ အတိုက်ခံရပါလားလို့ သိလာကြပြီး တပြည်လုံး စိုးရိမ်လာတယ်။ လေယာဉ်အားလုံး ပြန်သန်းခွင့် ပိတ်၊ နီးရာလေဆိပ်ကို ဆင်းခိုင်းရတယ်။ တခြားမြို့တွေနဲ့ မတူတာက အမေရိကန် စစ်ဌာနချုပ်ကို ထိတော့ ကျနော့်အိမ်နဲ့ ၁ဝ မိုင် သာသာပဲ ဝေးတယ်။ ပင်ဆာဗေးနီးယားမှာ ပျက်ကျသွားတဲ့ လေယာဉ် ဝါရှင်တန်ကို လာနေပြီဆိုတော့ ကျနော်နေတဲ့ မြို့ကို လာနေတာ။ အန္တရာယ်ကို မမြင်မိ၊ စိတ်ပါလွန်းတာနဲ့ တီဗီရှေ့က မခွါနိုင်။



ထိုနေ့ကိုတော့ မမေ့နိုင်ပါ။ ပိုဆိုးတာက အမေရိကန်ကို အနုမြူဗုံး အကြမ်းထည် Dirty bomb လို့ ခေါ်တဲ့ အနုမြူ ရောင်ခြည်ကြွပြီးသား သတ္ထုကို ရိုးရိုးဗုံးနဲ့ ပေါင်းပြီးခွဲရင် နယူးယောက်နဲ့ ဝါရှင်တန်က ပစ်မှတ်ပဲ။ ဒါကြောင့် ဗုံးပေါက်တာနဲ့ အနုမြူရောင်ခြည် အန္တရာယ်က ကင်းလွှတ်ဖို့ အထုပ် အဆင်သင့် ပြင်ထားကြရတယ်။



ဒီအတွက်ကြောင့် ဘင်ကြီးကို နာကျည်းမှု ရှိသလားဆိုရင် ရှိတယ်။ ဒါက ခံစားမှုဘက်က ကြည့်ရင်ပေါ့။



ဒါပေမဲ့ တခြားတဖက်က ကြည့်ရင် အမေရိကန်လို စူပါ ပါဝါလို နိုင်ငံမျိုးကို စော်ကားရဲတာ၊ တိုက်ခိုက်သတ်ဖြတ်ရဲတာ နဲတဲ့ သတ္တိမဟုတ်ဘူးလို့ မြင်နိုင်တယ်။ ဒါ့အပြင် နိုင်ငံတော် အစိုးရတိုင်းဟာ လက်တန်ရှည်တယ်ဆိုတာ သိကြတာပဲ။ ဥပမာ ဂျာမဏီ အိုလံပစ်ပွဲမှာ အစ္စရေး အားကစားသမားတွေကို ပါလက်စတိုင်း အကြမ်းဖက်သမားတွေက သတ်ပစ်ကြတော့ အစ္စရေး အစိုးရက အကြမ်းဖက်သမားတွေကို လိုက်သတ်တာ အော်စလိုမှာ လူမှားပြီး စာပွဲထိုးကို သတ်လိုက်မိသေးတယ်။ ဘူဂေးယီးယားကလည်း ၁၉၇၈ ခုနှစ်တုန်းက အတိုက်ခံတယောက်ကို အဆိပ်လူထားတဲ့ ထီးထိပ်နဲ့ လန်ဒန်မြို့လယ်ခေါင်မှာ ချိတ်မိအောင်လုပ်ပြီး သတ်ခဲ့တာပဲ။ ရုရှားသမ္မတဟောင်း (ယနေ့ ဝန်ကြီးချုပ် ပူတင်) ရဲ့ ရန်သူဟာ ငါ့ကို ရန်ရှာလိမ့်မယ်ပြောရင်းက ရေဒီယိုအိုင်ဆိုတုတ် အဆိပ်မိပြီး အသတ်ခံလိုက်ရတယ်။ 9/11 အပြီးမှာ အမေရိကန်တွေလည်း အဲလ်ကိုင်းဒါး Al-Qaida လူတွေကို ဗြောင်လိုက်ဖမ်း လိုက်သတ်တာပဲ။ မြန်မာအစိုးရကလည်း တဆင့်ခံတွေကတဆင့် ပဒိုမန်းရှာကို လုပ်ကြံပစ်တာပဲ။ ဒါကြောင့် အစိုးရ လက်တန်ရှည်တယ် ပြောကြတာပါ။



အမေရိကန်တွေ လက်စားချေမယ်ဆိုတာ ရှင်းနေတာပဲ။ ဒါကြောင့် ဘင်ကြီးကို ပေါ့သေးသေး မုန်းတီးစိတ် တခုထဲနဲ့ မကြည့်ရင် သတ္တိမသေးဘူးလို့ ပြောနိုင်တယ်။



တချိန်ထဲမှာ စူပါ ပါဝါ အမေရိကန်နိုင်ငံဟာ ရှိသမျှ လူအင်အား၊ ငွေအား၊ အတတ်ပညာအားနဲ့ လိုက်ရှာတာတောင် ဘင်ကြီးကို လိုက်ရှာတာ ၁ဝ နှစ် ရှာမတွေ့နိုင်ခဲ့ဘူး။ ဒါကြောင့် ဘင်ကြီးဟာ လေ့လာသင့်တဲ့ လူလို့ မြင်မိတယ်။



အများကတော့ ဘင်ကြီးအကြောင်းကို အင်တာနက်ပေါ်မှာ ရှာဖွေစုဆောင်းကြပြီး သူဋ္ဌေးသား ဘင်စီနီယာရဲ့ ၅၂ ယောက်သော ကလေးတွေထဲက ၁၇ ယောက်မြောက် သား၊ အသက် ၅၄ နှစ်ရှိပြီ စသဖြင့် ဘင်လာဒင်အကြောင်းကို ဖော်ပြကြပါလိမ့်မယ်။ ဒါက သတင်းသက်သက်ပါ။ စာရေးသူ စိတ်ဝင်စားတာက တခြားထောင့်က ကြည့်တာ။



ဘင်လာဒင်ရဲ့ သေနင်္ဂဗျူဟာ၊ မဟာဗျူဟာ၊ အဖွဲ့အစည်းတည်ဆောက်ပုံ၊ အစီအစဉ် Plan ဆွဲပုံ၊ ထောက်လှမ်းရေး ရှုထောင့်၊ ခေါင်းဆောင်မှု အပိုင်းတွေက ကြည့်ပြီး အတုယူစရာတွေ ရှိသလား သိချင်တယ်။ ဘာကြောင့် ဘယ်မှာ တော်တာလဲ ဆိုတာကို ဝေဖန်ပိုင်းခြား သုံးသပ်ချင်တယ်။ ဒီလိုသုံးသပ်နိုင်ဖို့ အင်တာနက်က ဖတ်ရုံနဲ့ မလုံလောက်။ စာတမ်းတွေ၊ စာအုပ်တွေကို ဖတ်ရှုလေ့လာရမယ်၊ လေ့လာဝေဖန်သုံးသပ်သူတွေရဲ့ စာတမ်းတွေကို လေ့လာရမယ်။



ပထမဆုံး ထောက်လှမ်းရေးနဲ့ စစ်ဖက်ရှုထောင့်က ကြည့်ရအောင်။ ဘင်လာဒင်ကို ထောက်ခံအားပေးမှုကြောင့် အာဖဂန်ကို အမေရိကန်က ဝင်တိုက်ပြီး တာလီဘန်တွေကို မောင်းထုတ်ခဲ့တယ်။ ဘင်လာဒင်တို့ရဲ့ အဲလ်ကိုင်းဒါးတွေ နောက်ဆုံး တိုရာဗိုရာလို့ ခေါ်တဲ့ တောင်တန်းမှာ ပိတ်မိနေပြီ။



ဒါပေမဲ့ ဘုရှ်ရဲ့ အလယ်ပိုင်းစစ်ဒေသရဲ့ စစ်ခေါင်းဆောင် တော်မီဖရန့်က လူညံ့။ တိုင်းပြည်အကျိုးထက် မိမိ နာမည်မထိခိုက်ရေးကိုဘဲ အရေးပေးခဲ့တာကြောင့် သူ့လက်ထဲမှာ စစ်သား များများသေတာကို လက်မခံနိုင်။ ဒါကြောင့် ဘင်တို့ကို ရင်ဆိုင်တက်တိုက်ရာမှာ အမေရိကန် စစ်သားတွေ မသုံးရ၊ အာဖဂန် စစ်ဘုရင်ရဲ့ စစ်သားတွေကိုပဲ သုံးရမယ်၊ အမေရိကန် စစ်သားတွေက တောင်အောက်က ကူပေးမယ်၊ အမေရိကန် လေတပ်မှ ဗုံးမိုးရွာလိုက်ရင် ဘင်တို့ သေနိုင်တယ်လို့ပေါ့။ တောင်ပေါ်မှာ CIA စစ်သားဟောင်း လူတစုပဲ ရှိကြတယ်။



အာဖဂန် စစ်ဘုရင်တွေရဲ့ ထုံးတမ်းအစဉ်အလာက ငွေပိုပေးသူကို သစ္စာရှိတယ်။ ဘင်လာဒင်တို့က ဘာလှည့်လိုက်တယ်မသိ၊ အာဖဂန် စစ်ဘုရင်က ဘင်တို့ကို မတိုက်တော့။ CIA အထူးတပ်ဖွဲ့ကို ဘင်တို့က လိုက်တိုက်တော့ မနည်း အလွတ်ရုန်းခဲ့ကြရတယ်။ လူတိုင်း တွက်တာက ဘင်လာဒင်တို့ ပါကစ္စတန်ဘက်ကို ကူးပြီး ပျောက်သွားကြတယ်ပေါ့။ နောက်မှသိရတာက အာဖဂန်က ဂျာဂျာလဖတ်မြို့က စိတ်ချရတဲ့ အိမ်ကမှတဆင့် အာဖဂန် အရှေ့မြောက်ဒေသရှိ လူခေါင်ဝေးလံတဲ့ ကူနာဒေသကို ထွက်သွားတယ်လို့ တယ်လီဂရပ် သတင်းသမားက သူ့ဆောင်းပါးမှာ မကြာခင်က ပေါက်ကြားခဲ့တဲ့ ဝီကီလိမှာပါတဲ့ စစ်ချက်ကို အထောက်အထားပြုပြီး ရေးခဲ့ပါတယ်။



ဒါ … စစ်ရေးအရ ဘယ်ခြောက်ကာ ညာလှမ်း၊ မထင်တဲ့ လမ်းက ဖောက်ထွက်ခဲ့တာပဲ။



နောက်တခါ ဘင်လာဒင်ဟာ တခါတည်း အစဖျောက်သွားတယ်။ အမေရိကန်တွေဟာ ခေတ်မီနည်းပညာတွေမှာ ထူးချွန်တာကြောင့် ဘင်ကြီးဟာ လျှပ်စစ်ပစ္စည်း ဘာမှမသုံးတော့ဘူး။ ဆက်သွယ်ရေး အားလုံးကို လူယုံတွေကပဲ တဆင့်ဆက်သွယ်တော့တယ်။ သူနဲ့ သူ့နံပါတ် ၂ အီဂျစ်လူမျိုး Ayman Muhammad Rabaie al-Zawahiri တို့ အသက်ရှင်နေသေးကြောင်း လိုရင်လိုသလို ကြေညာချက်တွေ ဗီဒီယိုတွေ ထုတ်ပြီး ကမ္ဘာကို ကြေညာလေ့ရှိတယ်။



ထောက်လှမ်းရေး အလုပ်မှာ (လှုပ်ရှားမှု) မရှိရင်၊ အသံဖမ်းလို့ မရရင် ဘယ်ဆီရှိမှန်း ခန့်မှန်းလို့ မရဘူးပေါ့။ ပိုဆိုးတာက ပါကစ္စတန်ရဲ့ အနောက်မြောက်ဒေသဟာ အစိုးရအာဏာ သိပ်တည်တာမဟုတ်။ ကိုယ့်ရပ်ကွက်မှာ လူကြီးတွေက ကိုယ်ပိုင်အုပ်ချုပ်တဲ့ ဒေသ။ ဒါ့အပြင် အဲဒီဒေသရဲ့ ထုံးတမ်းအစဉ်အလာက ကိုယ့်ဧည့်သည်ဆိုရင် ကိုယ်စောင့်ရှောက်ရမယ်။ ဘင်လာဒင်က ငွေသုံးနိုင်ပြီး ဒေသလူကြီးတွေကို ဝယ်ယူလိုက်တော့ ဒေသခံတွေရဲ့ ဧည့်သည်၊ ဒေသခံတွေရဲ့ အစောင့်အရှောက်ခံ ဖြစ်သွားတော့ အပြင်လူ မဝင်ရတဲ့ ဒေသကို ဘယ်လိုဝင်ပြီး ဘင်လာဒင်ကို ရှာနိုင်မှာလဲ။



ဒါ့အပြင် ပါကစ္စတန်နိုင်ငံရဲ့ ISI ထောက်လှမ်းရေးအဖွဲ့က နှစ်ဖက်စားတဲ့ လူလည်ကြီးအဖွဲ့ ဖြစ်နေပြန်တယ်။ တာလီဘန်ဆိုတာ ISI က ဖွဲ့ပေးခဲ့တာ။ အာဖဂန်က လက်ရှိသမ္မတ ကာဇိုင်းဟာ ပါကစ္စတန်နဲ့ ရန်ဘက်ဖြစ်တဲ့ အိန္ဒိယ သြဇာခံလို့ ပါကစ္စတန်ဘက်က ယူဆတယ်။ အမေရိကန်တွေ ထွက်သွားရင် သုံးဖို့ တာလီဘန်တွေ ရှိမှကိုး။ ဒေသတွင်း အင်အားပြိုင်မှုက ပါဝင်နေသေးတယ်။ ဒါကြောင့် ပါကစ္စတန်က နှစ်ဖက်ကစားတယ်။



အမေရိကန်တွေက ပါကစ္စတန်ထဲ မောင်းသူမဲ့လေယာဉ်တွေက ဗုံးကြဲလိုရင် ISI နဲ့ ပါကစ္စတန်က အမေရိကန် သံအမတ်လက်မှတ်ပါမှ ပစ်ခွင့်ရှိတယ်။ အမှန်က ကြိုးနီနဲ့ ပိတ်ထားပြီး အရေးပါတဲ့ သူတို့လူတွေကို ISI က သတိပေးနိုင်တာကြောင့် အောင်မြင်မှု မရခဲ့ကြဘူး။



သမ္မတဘုရှ်ဟာ သက်တန်းကုန်ခါနီးမှာ စိတ်မရှည်နိုင်တော့တာနဲ့ ဒီကြိုးနီစနစ်ကို ကျော်စေဖို့ လိုအပ်ရင် ခွင့်မတောင်းဘဲ ပစ်နိုင်တယ်ဆိုပြီး လျှို့ဝှက်အမိန့်ပြန်ထမ်း ထုတ်ခဲ့တာကြောင့် အမေရိကန်တွေ လွတ်လွတ်လပ်လပ် ပစ်ပိုင်ခွင့် ရခဲ့ကြပြီး အဲလ်ကိုင်းဒါး ခေါင်းဆောင်အများအပြားကို ချေမှုန်းနိုင်ခဲ့တယ်။ သမ္မတ အိုဘားမား လက်ထက်မှာ မောင်းသူမဲ့ ဒရုန်းတွေကို ပိုသုံးလာခဲ့တယ်။



ထောက်လှမ်းရေးမှာ အရေးအကြီးဆုံးက ကွင်းဆက်ရှာတတ်ဖို့ လူကိုသုံးပြီး သတင်းယူတယ်၊ လျှပ်စစ်ပစ္စည်းတွေ သုံးပြီး သတင်းစုတယ်။ ဒီရလာတဲ့ သတင်းတွေကို ချိတ်နိုင်ဖို့က အရင် (သုံးသပ်) တတ်ဖို့ လိုတယ်။ ဒီသုံးသပ်ချက်တွေကမှ ထူးခြားချက်တွေကို ရှာ၊ ဒီကမှ ကွင်းဆက်ကိုမိမှ ပစ်မှတ်တို့ရဲ့ လှုပ်ရှားမှု လှည့်ကွက် ရွှေ့ကွက်တွေကို ခြေရာခံမိမယ်။ ဒါမှ ထောင်ဖမ်းမယ်၊ လိုက်ဖမ်းနိုင်မှာပေါ့။ အဆင့်မြင့် ထောက်လှမ်းရေးအတွက် သုံးသပ်ချက်မပါတဲ့ သတင်းသက်သက်ဟာ ဆားမပါတဲ့ ဟင်းလို ပေါ့ရွှတ်ရွှတ်ကြီးပဲ။



အီရတ်စစ်ပွဲ အရှိန်တက်တဲ့ အချိန်က နာမည်ကျော် အကြမ်းဖက်သမား ဇကာဝီကို ဖမ်းလို့ မမိနိုင်တာကြောင့် အမေရိကန် စစ်တပ်က အသုံးမကျ ဖြစ်လာတယ်။ ဇကာဝီကို ဖမ်းမိဖို့ ချေမှုန်းရေး အထူးအဖွဲ့တွေ ဖွဲ့ပြီး သဲကြီးမဲကြီး လိုက်ရှာကြတယ်။ ဒါပေမဲ့ အီရတ်လိုနိုင်ငံမျိုးမှာ Tribalism လို့ခေါ်တဲ့ အုပ်စုဖွဲ့စနစ်က ကြီးစိုးတုန်း ရှိသေးတာကြောင့် သူတို့ အုပ်စုငယ်လေးတွေကို ထိုးဖောက်ဖို့က ခက်တယ်။ ကျနော်တို့ ကိုလိုနီခေတ်က အဖြူတွေက ဘုရားပေါ် ဘွတ်ဖိနပ်တွေနဲ့တက်တော့ မိမိယဉ်ကျေးမှုနဲ့ ကန့်လန့်ကြီး ဖြစ်နေတယ် မဟုတ်လား။ ဒီတော့ ဒေသခံတွေဆက ဘယ်သတင်း ရနိုင်ပါ့မလဲ။



လူတိုင်းဆီမှာ အားနည်းချက် ကိုယ်စီတော့ ရှိကြစမြဲပဲ။ ဇကာဝီတို့ဟာ ဘာသာရေး အလွန်အကျွံ အကြမ်းဖက်သမားတွေဆိုတော့ တဖက်က လူသတ်ရက်စက်နေပေမယ့် တဖက်က ဘာသာရေးကို လက်မလွှတ်နိုင်ဘူး။ ဒါကြောင့် သူယုံတဲ့ ဘာသာရေးဆရာကို တွေ့လေ့ရှိတယ်။ ဒီဘာသာရေး ဆရာ ဘယ်သူဆိုတာ သိတာနဲ့ သူ့ဆီက စောင့်နေရုံပဲ။ ဇကာဝီ ရောက်လာမှန်း သေချာတာနဲ့ အက်စ် ၁၆ လေယာဉ်ကို တည်နေရာပြမှတ် အတိအကျပေးပြီး ပေါင် ၅ဝဝ ဗုံးနှစ်လုံး ကျွေးလိုက်တာ ကိစ္စချောသွားရော။ ဇကာဝီနေရာ ယူသူတွေရှိပေမယ့် ခေါင်းဆောင်ချင်း မတူကြဘူး။ တဖြည်းဖြည်းနဲ့ ဇကာဝီရဲ့ အဖွဲ့ဟာ အရေးမပါတော့ဘူး။



ဘင်လာဒင်ကြီးကို ကြည့်ရင်လည်း ခေတ်မီဆက်သွယ်ရေး လမ်းကြောင်းတွေကို အကုန်ပိတ်ထားရင် ကျန်တာက လူကိုသုံးတဲ့ နည်းပဲ ကျန်တော့တာပေါ့။ ဘင်ကြီးယုံတာ ဘယ်သူလဲဆိုတာသိရင် ကွင်းဆက်ရှာရပြီပေါ့။ ဘင်ဟာ ဥာဏ်ရှိတယ်။ ဒါပေမဲ့ ထောက်လှမ်းရေးသမား မဟုတ်တာကြောင့်ရယ် ၁ဝ နှစ်လုံးလုံး ရှောင်နိုင်ခဲ့တော့ အယုံအကြည် လွန်သွားတာ ဖြစ်နိုင်တယ်။ ထောက်လှမ်းရေးမှာ ဘယ်တော့မှ ပုံစံဝင်တယ်ဆိုတာ မရှိစေရဘူး။ ဥပမာ ဒီလမ်းပဲ နေ့စဉ်သုံးရင် ဒါ ပုံစံဝင်တာပဲ။ လမ်းကြောင်းကို အမြဲပြောင်းနေရမယ်။ ရန်သူမစဉ်းစားနိုင်အောင် တကွက်ကျော် တွေးတဲ့ အကျင့် လုပ်ရတယ်လို့ ဆိုတယ်။



အမေရိကန် ထောက်လမ်းရေးတွေက သူတို့ကိုယ်တိုင် ဇာတ်ကြမ်းမကိုင်နိုင်ဘူး။ ဒါကြောင့် ကိုင်နိုင်တဲ့၊ ကိုင်တတ်တဲ့ သူတွေရဲ့ အကူအညီကို ယူခဲ့တော့ အရှေ့ဥရောပနိုင်ငံ နှစ်ခုမှာ စစ်ကြောရေး ဝင်တုန်း ဘင်ကြီးယုံတဲ့ လူတယောက်ရဲ့ နာမည်ဝှက်ကို ရလိုက်ကြတယ်။ ပိုကံကောင်းသွားတာက ၂ဝဝ၅ ခုနှစ်လောက်မှာ လီဖီ Abu Faraj al-Libbi ဆိုသူကို ISI က မိလာပြီး၊ အမေရိကန်တွေလက်ထဲ ထည့်လိုက်တယ်။ လီဖီက ဆက်သွယ်ရေးသမား လူစာရင်းကို ပေးလိုက်တယ်။ ဒီအထဲမှာ 9/11 ကို တီထွင်ဖော်ထုတ်တဲ့ ခါလစ်ရှိပ်မိုဟာမက်ရဲ့ တပည့်လည်းဖြစ်ပြီး၊ လီဖီရဲ့ လူယုံတယောက်ကို စကာတင် စိတ်ဝင်စားဖွယ် သတိထားမိကြတယ်။ ဒါတွေဟာ အချိန်ယူ သုံးသပ်မှုတွေက ရလာတဲ့ အကျိုးကျေးဇူးတွေပေါ့။ နောက် ၂ဝဝ၇ မှာ မိလာတဲ့ အဆင့်မြင့် လူတယောက်ကလည်း ဒီလူကိုပဲ လက်ညှိုးထိုးပြန်တယ်။ ခက်တာက နာမည်ရင်းတွေ မဟုတ်။ ဒီလူဟာ ကူဝိတ်လူမျိုးဆိုတာပဲ သိတယ်။



အမေရိကန် ထောက်လှမ်းရေးဆိုတာနဲ့ လူတွေက CIA ကိုပဲ သိကြတယ်။ CIA ထက် ဘတ်ဂျက်ပိုများတာက NSA လို့ခေါ်တဲ့ လေလှိုင်းပေါ်မှာ ရှိတာတွေကို အကုန်နားထောင်ထဲ့ အေဂျင်စီပဲ။ သူက ဒီစီနဲ့ ဘော်တီမော်အကြား မေရီလန်းပြည်နယ် ဖော့မိ Ft Meade မှာ ရှိတယ်။ နောက် NRO လို့ခေါ်တဲ့ ဂြိုဟ်တုတွေကို ထိန်းချုပ်တဲ့ အေဂျင်စီ။ အမေရိကန် အေဂျင်စီ ၂၈ ခုဟာ ထောက်လှမ်းရေးနဲ့ဆိုင်တာ။ သူတို့ကို အမှောင်အေဂျင်စီ Black Agencies လို့ ခေါ်တယ်။ ဘတ်ဂျက် အတိအကျလည်း မထုတ်ဖော်ဘူး။ ကွန်ကရက်က လိုအပ်သူတွေပဲ သိခွင့်ရှိတယ်။ 9/11 အပြီးမှာ အားလုံး တဖွဲ့တစည်းထဲ စုလိုက်ပြီး ဒါရိုက်တာ တယောက်ရဲ့ အောက်မှာ စုထားလိုက်တယ်။



ဒီလူဟာ ဘယ်သူဘယ်ဝါ၊ ဘယ်မှာနေတယ်ဆိုတာ ၂ဝဝ၉ ခုနှစ်မှာမှ ခြေရာခံမိတယ်။ ဒီလူရဲ့ ကူဝိတ်က မိသားစု ဖြစ်နိုင်ခြေရှိတဲ့ အသိတွေအားလုံးကို မိုးပေါ်က စောင့်ကြည့်နေကြတာ။ ၂ဝ၁ဝ ဇူလိုင်မှာမှ ပါရှဝါမြို့မှာ သွားတွေ့ပြီး နောက်က နောက်ယောင်ခံကြည့်တော့ အခုတွေ့ရတဲ့ အဲဘော့တာဘတ် Abbottabad မှာ။ အံ့အားသင့်စရာက အလုပ်အကိုင်မရှိတဲ့ ညီအကိုနှစ်ယောက်က ဒေါ်လာသန်းချီတန်အိမ်မှာ နေနိုင်တယ်။ ခြံစည်းရိုး အမြင့်ကြီးတွေ ဆောက်ထားတယ်။ အမှိုက်တွေကို မပစ်ဘူး၊ မီးရှို့ပစ်ကြတယ်။ အိုင်တီခေတ်မှာ တယ်လီဖုံးလိုင်း၊ အင်တာနက်လိုင်း မရှိဘူး။ စတဲ့ ထူးခြားချက်ကလေးတွေကို တွေ့ရတဲ့အပြင် ဒီအိမ်ဟာ အဖိုးမြင့် လူတယောက်ကို ဝှက်ဖို့ တည်ဆောက်ထားတယ်ဆိုတာ ထင်ရှားလာတယ်။



ဘင်လာဒင် သတိရှိတာက တခါမှ အပြင်မထွက်ဘူး။ ဒါကြောင့် ခန့်မှန်းရုံထက်ပိုပြီး အတိအကျ မပြောနိုင်ဘူး။ ဘင်ကြီးနဲ့ မျက်နှာချင်းဆိုင်တွေ့မှ ဘင်ဖြစ်ကြောင်း သေချာရတော့တယ်။ ဘင် သတိရှိပေမယ့် သူ့တပည့်က မသိဘဲ ဖုန်းကိုင်လိုက်တာ အမေရိကန်တွေ ဘင်ကြီး တံခါးဝ ရောက်လာတယ်။ တကွက်မှားသော ကျားဆိုသလို တချက်မှားတာနဲ့ အသက်ပါသွားတာပဲ။



လူတိုင်းက ဘင်တို့အဖွဲ့ကို ကိုယ်ပိုင်လွတ်လပ်တဲ့ တောင်တန်းဒေသက ဂူကြီးတွေထဲမှာ ပုံးနေတယ်လို့ ထင်ကြတယ်။ တကယ်တော့ ပါကစ္စတန်ရဲ့ စစ်တက္ကသိုလ် တည်ရှိရာနဲ့ ကိုက် ၅ဝဝ ကျော် စစ်မြို့မှာ ဘင်ကြီးက ဇိမ်ကျနေတာကိုး။ ဘင်ရဲ့တခြားပြဿနာက ပုန်းရှောင်နေတာတောင် မိန်းမငယ်ငယ်နဲ့ မိသားစုတွေက ပါရတယ်။ တပြုံတခေါင်းကြီး။ ဒီအိမ်ဟာ ၂ဝဝ၅ မှာ ဆောက်တာဆိုတော့ အဲဒီအပြီးကတည်းက နေနေတာလားမသိ။ မထင်တဲ့ နေရာမှာ ရှောင်တာပဲ။ အားလုံးက တောထဲတောင်ထဲက ဂူတွေမှာ ပုန်းနေတယ်လို့ ထင်တာ။ အနောက်မြောက် ဒေသမှာ အပူတပြင်းရှာ နေကြတဲ့ အချိန် ဘင်လာဒင်က စစ်တပ်မြို့က အိမ်ကြီးမှာ ဇိမ်နဲ့ ပြောင်ပြောင်တင်းတင်း ပုန်းနေတာ။ မထင်တဲ့ နေရာ၊ မရှာမယ့် နေရာမှာ ပုန်းနေတာ။ ဒါကိုက လှည့်ကွက်ပဲ။



ဘင်လာဒင်တို့ တော်တာက အမေရိကန်တွေ အဲလ်ကိုင်းဒါးကို လိုက်ချေမှုန်းပြီ ဆိုတာနဲ့ ဒေါင်လိုက် အုပ်ချုပ်မှုကနေ ဖရန်ချိုင်း လုပ်ပစ်လိုက်တယ်။ ဥပမာ ကမ္ဘာပေါ်မှာ မက်ဒေါ်နယ်ဆိုင်တွေ အများကြီး ရှိကြတယ်။ ဒီဆိုင်တွေ အားလုံးကို မက်ဒေါ်နယ်ကုမ္ပဏီက ပိုင်တာ မဟုတ်။ တကယ်လို့ မက်ဒေါ်နယ်ဆိုင် ဖွင့်ချင်တယ်ဆိုရင် မက်ဒေါ်နယ်ကုမ္ပဏီက စည်းမျဉ်းတွေကို လိုက်နာပြီး၊ သူ့ကုမ္ပဏီက MENU အတိုင်း ရောင်းချရင် သူ့ကုမ္ပဏီနာမည်ခံဆိုင် လာဖြစ်တာကို ဖရန်ချိုင်းလို့ ခေါ်ပါတယ်။ ဒါကြောင့် အီရတ်မှာ ဂျော်ဒန်က ဇကာဝီက အဲလ်ကိုင်းဒါး အမည်ခံလိုက်တော့ သူ့အဖွဲ့အမည်ဟာ အီရတ်မှ အဲလ်ကိုင်းဒါး လာဖြစ်တာပေါ့။ အဲလ်ကိုင်းဒါးအမည် ခံလိုက်တော့ ပိုပြီး နာမည်ရလာပြီး ဝင်ချင်သူ ပိုများလာတာပေါ့။ ဘင်လာဒင်အဖို့ကလည်း အနယ်နယ် အရပ်ရပ်မှာ ငါတို့ ရှိတယ်ပေါ့။ အခုဆို ရီမင်မှာလည်း ရီမင်အဲလ်ကိုင်းဒါးအဖွဲ့က ထကြွသောင်းကျန်းနေတယ်။



ဒါပေမဲ့ သိပ်မထင်ပေါ်သေးတဲ့ ပြဿနာရှိတယ်။ လူကြီးတွေနဲ့ ဝေးသွားတော့ သူတို့အထဲက အစွန်းရောက် ရန်-ငါ-စည်း သမားတွေက နည်းနည်းဆို ရက်ရက်စက်စက်သတ်တော့ လူတွေက ရွံလာကြတယ်။ ထောက်ခံမှု ကျလာသလို မလိုအပ်ဘဲ ရန်သူများလာကြတာပေါ့။ နောက် ခေါင်းဆောင်ကောင်းဆိုတာ နေ့တိုင်း ရှာတွေ့တာ မဟုတ်ဘူး။ ခေါင်းဆောင်ကောင်းဖြစ်ဖို့ အတွေ့အကြုံ လိုတယ်၊ သတ္တိအရည်အချင်း လိုတယ်။ ဒါတွေက မွေးရာပါ။ ဖန်တီးယူလို့ မရ။ ဒါကြောင့် အမေရိကန်တွေက များများမြန်မြန် ရှင်းနိုင်ရင် ရေရှည်မှာ ပြဿနာ ရှိလာနိုင်တယ်။ အဖမ်းခံ၊ အသတ်ခံရတဲ့ နှုန်းက ပြန်ဖြည့်နိုင်တဲ့ နှုန်းထက် များနေရင် ထပ်ဖြည့်တဲ့ ခေါင်းဆောင်တွေရဲ့ အရည်အသွေးဟာ အရင်လူတွေလောက် မထက်မြက်ရင် ရေရှည်မှာ အဖွဲ့အစည်းရဲ့ ထိရောက်မှု ကျဆင်းလာတာပဲ။



ဒါ့အပြင် ဘင်ကြီးဟာ အကြမ်းဖက် သမားတွေရဲ့ မျှော်လင့်ချက်။



နံပါတ်နှစ် လူက ဥာဏ်သမား၊ သတ္တိဗျတ္ထိ။ ဉာဏ် ဗျတ္တိ။ သေရဲသတ်ရဲတာကျတော့ ဘင်ကြီးကို မမီ။ ဘင်ကြီးနေရာ ယူနိုင်တဲ့သူ မမြင်မိ။ ရေရှည်မှာ ပြဿနာရှိတယ်။ အခု အမေရိကန်တွေရဲ့ သေနတ်တွေက ဒုတိယလူဆီ ချိန်နေကြပြီပေါ့။ ဒါကြောင့် ဘယ်သိပ်လှုပ်နိုင်မှာလဲ။ နောက် ဒီအကြမ်းဖက်သမားတွေဟာလည်း ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု ရှိတယ်။ ဒါကြောင့် ဘင်လာဒင် သေတာဟာ အကြမ်းဖက်သမားတွေအတွက် အဆုံးရဲ့ အစ ဖြစ်နိုင်တယ်။



နောက် ဘင်လာဒင်ရဲ့ ထူးခြားချက်တခုက စိတ်ပိုင်းဖြတ်ပြီးရင် ပထမအကြိမ် မအောင်မြင်ရင်တောင် စိတ်လျှော့မသွားဘူး။ အမှားကို သင်္ခန်းစာယူပြီး တခါထပ်ကြိုးစားပြန်တယ်။ ဥပမာ ၁၉၉ဝ နှစ်ဦးပိုင်းတွေလောက်မှာ ယူဆက်ဆိုသူက နယူးယောက်မြို့က WTC ကမ္ဘာ့ကုန်သွယ်ရေးစင်တာကိုပဲ မြေအောက် ကားရပ်တဲ့ဆီမှာ ထရပ်ကားအပြည့် ဓာတ်မြေသြဇာတွေထည့်ပြီး ဗုံးဖောက်ခဲ့တယ်။ အမှန်က အောက်ခြေကို ဖြိုရင် ပြိုမယ်ထင်ခဲ့တာ။ ဒါပေမဲ့ အဆောက်အဦ ပမာဏနဲ့ သုံးတဲ့ ဗုံးပမာဏ မမျှတာကို သင်္ခန်းစာယူပြီး လေယာဉ်တွေကို အနုကြမ်းစီး၊ လေယာဉ်လောင်စာတွေကို ဗုံးအဖြစ် သုံးတာပဲ။ ဒါ ဘင်လားဒင်ရဲ့ (ဇွဲ) ကြီးတာ။ နောက် ဘင်လာဒင်က စိတ်ရှည်တယ်။



ဘင်လာဒင်ရဲ့ အားနည်းချက်က မြန်မာတွေရဲ့ အဖြစ်နဲ့ တူတာရှိတယ်။ အင်အားစုတာ၊ ထောက်ခံမှုရတာ ရှိပေမယ့် ဒီထောက်ခံမှုကို ဒီအင်အားကတဆင့် အောင်မြင်မှု ဖြစ်အောင် ဘယ်လို ပုံဖော်မလဲဆိုတာကျ ဗျူဟာပိုင်းမှာ အားနည်းတယ်။ တနည်းအားဖြင့် Idealism စိတ်ကူးယဉ် နိုင်ငံရေး ဆန်သွားတယ်။



ဘင်လာဒင်ရဲ့ ရည်မှန်းချက်က အစ္စလာမ်ဘာသာ စထွန်းကားစဉ်က နိုင်ငံနယ်နိမိတ်မရှိတဲ့ အစ္စလာမ်နိုင်ငံကြီး caliphate ကြီးလို စပိန်ကနေ အင်ဒိုနီးရှားအထိ ပြန်ထူထောင်ဖို့။ ရှယီယာ Sharia ဥပဒေလို့ ခေါ်တဲ့ အစ္စလာမ် ဥပဒေကို ကျင့်သုံးကြဖို့။



ဒါပေမဲ့ ဘင်လာဒင်တို့ ဘာသာကို ယုံကြည်တဲ့ ပုံသဏ္ဍာန် အဓိပ္ပာယ်ဖော်ဆောင်ပုံ က တဖက်စွန်း ရောက်တယ်။ ဝါဟတ်ဘီဝါဒလို့ ခေါ်တယ်။ ၁၈ ရာစုနှစ်လောက်က ဆော်ဒီအာရေးဘီးယားမှာ ဝါဟတ်ဆိုတဲ့ ဘာသာရေးပညာရှင် တယောက်ဟာ အစ္စလာမ်ဘာသာကို သန့်စင်အောင် လုပ်ရမယ်ဆိုပြီး သူ့ရဲ့ ပညတ်ချက်တွေကို ဖော်ထုတ်လာတယ်။ ဆော့ဘုရင်က ဝါဟတ်ရဲ့ သမီးကို သိမ်းပိုက်လိုက်ပြီးကတည်းက Wahhabism လို့ခေါ်တဲ့ ဘာသာရေးဝါဒဟာ ဆော်ဒီအာရေးဘီးယားမှာ ကြီးစိုးခဲ့တယ်။ ဘုရင်စနစ်က ဓားမိုးထားပြီး ဝါဟတ်ဘီဝါဒက ဘာသာရေးနဲ့ ထိန်းထားတာ အခုထိပဲ။



ဘင်တို့ရဲ့ ပြဿနာက မိမိရဲ့ ယုံကြည်မှုကို ဓားမိုးပြီး အတင်းအဓမ္မ ယုံကြည်ခိုင်းတာ။ ဒီမိုကရေစီ … ဒီမိုကရေစီလို့ ကုန်းအော်နေကြတဲ့ ၂၁ ရာစုနှစ်နဲ့ သိပ်သဟဇာတ လာမဖြစ်ဘူး။ အာဖဂန်မှာ ကျင့်သုံးလိုက်တာလည်း နာမည်ပျက်၊ အခု ဆော်ဒီလည်း ယိုင်တိုင်တိုင်။ ဘယ်လို တွေးခေါ်မှု၊ ယုံကြည်မှုနဲ့ အနိုင်ယူမယ်ဆိုတာ မသိဘူး။ လောလောဆယ် အကြမ်းဖက်ပြီး လူစုတုန်း။ အချေမှုန်းခံရဖို့ များတယ်။



ဘာသာရေးမှာပဲ လုံးဝဥဿုံ အမှန်တရား Absolute Truth ဆိုတာ ရှိတာကိုး။ ဒါ့အပြင် ငါ့ပြန်ဆိုချက်ကမှ အမှန်ဆိုတော့ မခက်ဘူးလား။ ပိုကြောက်စရာ ကောင်းတာက မင်းတို့မနာခံရင် အသတ်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုက အတော်ရုပ်ဆိုးတယ်။ ဒါ ဘင်လာဒင်တို့ရဲ့ တဖက်စွန်း အတွေးအခေါ်ပဲ။ ယုံသလား၊ မယုံဘူးလား အဖြူ-အမည်းပဲ ရှိတယ်။



ထို့နည်းတူစွာပဲ ဘင်လာဒင်တို့ကို သမ္မတ ကလင်တန်လက်ထက်မှာ အန္တရာယ်လို့ မမြင်ဘူး။ ဥပဒေ ချိုးဖောက်သူ ရာဇဝတ်သားလို့ပဲ မြင်တယ်။ ဒါကြောင့် မိရင် ရုံးတင်စစ်မယ်။ ဒါပေမဲ့ ဘင်တို့က ရိုးရိုးရာဇဝတ်သားတွေ မဟုတ်။ အမေရိကန်နိုင်ငံ ပျက်စီးရာပျက်စီးကြောင်း ကြံစည်နေကြတဲ့ အကြံသမားတွေ၊ အကြမ်းဖက်သမားတွေ။ အမေရိကန်တွေ တွေဝေနေတာကို ကြည့်ပြီး ပိုအတင့်ရဲလာတယ်။ 9/11 မှာ တာဝါနှစ်ခုလုံး ပြိုကျမှ အိပ်ရာက လန့်နိုးလာကြတယ်။ ဘုရှ်က ဘာသာရေးမှာတော့ ဘင်ကြီးနဲ့ နင်လားငါလားပဲ။ တိုင်းပြည်နဲ့ လူမျိုးနဲ့ ဘာသာကို ထိလို့ကတော့ ဓားကြည့်ဆိုတဲ့ လူစားမျိုး။ ဘင်တို့ကို ဥပဒေနဲ့ ဖြေရှင်းရမယ့် ရာဇဝတ်မှုလို့ မမြင်တော့ဘူး။ ဒါ … စစ်ပွဲလို့ မြင်တယ်။ ဒါကြောင့် ရာဇဝတ်မှု လွန်ကျူးမှ ဖမ်းဖို့ထက် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း လိုက်ဖမ်းလိုက်သတ် လုပ်တော့တာပဲ။ လိုအပ်ရင် ရေနှစ်ပြီး စစ်ဖို့အထိ ခွင့်ပြုလာခဲ့တယ်။



မှားတာ မှန်တာ အပထားလို့ စိတ်ကူးယဉ် ကမ္ဘာထဲကနေ လက်တွေ့ မီးပုံထဲ ခုန်ချလိုက်တာပဲ။ ဒါကြောင့်လည်း ဘင်လာဒင်တို့ အဖွဲ့ကို ဖြိုခွဲနိုင်ခဲ့တာ။ အခုလည်း ဥရောပက စိတ်ကူးယဉ်သမားတွေက ဘင်လာဒင်ကို သတ်တာ မှန်ရဲ့လားဆိုပြီး ဂျာမန် စပီးဂာလ် မဂ္ဂဇင်းမှာ တင်ပြထားတယ်။ ဒီလူတွေဟာ တကယ်တော့ လပ်တေးကော်ဖီလေး စုပ်လိုက်၊ စီးကရက်လေး ဖွာလိုက်၊ မီးခိုးတွေကြားမှာ လူ့အခွင့်အရေးလေး တွေးလိုက်နဲ့ စိတ်ကို အစားကျွေး၊ ဦးနှောက်ကို အလကား အလုပ်ပေးတမ်း ကစားနေကြတဲ့ စိတ်ကူးယဉ်သမားတွေ သက်သက်လို့ စာရေးသူက မြင်မိတယ်။



လောကမှာ အရှိကို အရှိအတိုင်း လက်ခံပြီး မိမိမြတ်နိုးရာအတွက် တိုက်ပွဲဝင်မလား၊ စိတ်ကူးယဉ် ကောင်းကောင်းနဲ့ ဖြစ်ချင်ရာတွေ ဖြစ်စေဖို့ စိတ်ကူးယဉ်မလား ဆိုတာကို ရွေးချယ်ရမှာပဲ။



၂၁ ရာစုနှစ်မှာ ၆ ရာစု အတွေးအခေါ်နဲ့ လာစိုးမိုးအုပ်ချုပ်ချင်တာ စိတ်ကူးယဉ်တာပဲ။ မာ့က်စ်ရဲ့ ယူတိုးပီးယားဟာလည်း စိတ်ကူးယဉ်သက်သက်ပဲ၊ လက်တွေ့ Plan မရှိဘဲ ရန်-ငါ-စည်း အော်ကြတာလည်း စိတ်ကူးယဉ်သက်သက်ပဲ။



လူငယ်လေးတွေ လက်တွေ့နဲ့ ပေါင်းပြီး တွေးခေါ်နိုင်ကြပါစေ။