သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Thursday, June 2, 2011

ရှန်တိနေကေတန် (၉၀)

ရှန်တိနေကေတန် (၉၀)

by Kyaw Thu on Tuesday, April 12, 2011 at 12:35am
ရှန်တိနေကေတန် (၉၀)

မြန်မာနိုင်ငံ၏ ထင်ရှားကျော်ကြားပြီးလူအများ၏ ချစ်ခင်လေးစားခြင်းခံရသောစာပေပညာရှင် စာရေးဆရာကြီးပါရဂူ (ခ) ဦးလှကြိုင် အသက် (၉၀) နှစ်သည် ၉.၄.၂၀၁၁ (စနေနေ့) နံနက် (၁၀း၀၀) နာရီတွင် အာရှတော်ဝန်ဆေးခန်း၌ ကွယ်လွန်အနိစ္စရောက်ရှိခဲ့ပြီး ၁၁.၄.၂၀၁၁ (တနင်္လာနေ့) ညနေ (၅း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ် ခြင်းအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါသည်။

ဆရာပါသည် အမျိုးသားစာပေတစ်သက်တာစာပေဆုရှင်၊ ပါရဂူ ရှန်တိနိကေတန် စာကြည့် တိုက် တည်ထောင်ခဲ့သူ၊ မြန်မာစာပေသာမက (ဟင်ဒီ၊ ပါဋ္ဌိ၊ သက္ကတ၊ အင်္ဂလိပ်စာပေများကိုလည်း ကျွမ်းကျင်တတ်မြောက်သူဖြစ်ပြီးယင်းစာပေများမှ မြန်မာစာဖတ်သူ ပြည်သူ/သားများအတွက် အတွေး အခေါ် စာကောင်းပေမွန်များစွာကိုလည်း ပြန်ဆိုရေးသားပေးခဲ့သူ၊ အိန္ဒိယ - မြန်မာချစ်ကြည်ရေးကို စာပေဖြင့် ပေါင်းကူးပေးခဲ့သူ … စသည့်စသည့် ဂုဏ်ပုဒ်တွေ အများကြီးထဲမှ ထိပ်ဆုံးက ရှိနေသင့်တာကတော့ “ပရဟိတစာရေးဆရာကြီး”ဟူ၍ ဖြစ်ပါသည်။ စာရေးဆရာဘ၀ဖြင့် နှစ်ပေါင်း (၆၀) ကျော် ကျင်လည်ခဲ့စဉ် တစ်သက်တာလုံး ဆရာပါရဂူ ရေးသားဟောပြောခဲ့သမျှမှာ အများအကျိုးဆောင်ခြင်းရဲ့ မြင့်မြတ်မှုကို အမြဲတစေ အမွှန်းတင်ခဲ့ပါသည်။ လူငယ်များကို အတ္တလျှော့ပြီး ပရကဲကြဖို့ အခွင့်ကြုံတိုင်း နှိုးဆော်ပါသည်။ ပရဟိတ လုပ်ဆောင်သူများကိုလည်း ဆရာပါရဂူက လေးလေးစားစား တန်ဖိုးထားခဲ့ပါသည်။


“မသေခင်တွေ့ရမည့် နတ်ချမ်းသာ”

ကောင်းမှုပြုလုပ်သူအတွက် ဆုပေးရန်နတ်ပြည်ကို၎င်း၊ မကောင်းမှုပြုသူအတွက် ဒဏ်ပေးရန် ငရဲပြည် ကို၎င်း မည်သည့်နေရာ၌မဆိုဖန်တီးဖို့ မခဲယဉ်းပေ။ ကောင်းမှုနှင့် မကောင်းမှုအတွက် ဤကမ္ဘာ လောက၌ပင် တုံ့ပြန်မှုဖြစ်ပေါ်မလာဘဲမနေပေ။ ဒိဗ္ဗသုခ နတ်ချမ်းသာ ဖန်တီးဖို့အတွက် တစ်ခု တည်းသော နည်းလမ်းမှာ သက်ရှိသတ္တ၀ါအားလုံးအပေါ်၌ ဂရုဏာထားခြင်းဖြစ်သည်။ တခြားလူများ၏  တိုးတက်မှု၊ ငြိမ်းချမ်းမှု၊ ရွှင်လန်းချမ်းမြေ့မှုအတွက် အစွမ်းရှိသမျှ ကြိုးစားအားထုတ်ခြင်းသည် တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း၏ အကျိုးအတွက် သည်ပိုးဆောင်ရွက်ရာလည်း ရောက်သည်။ တခြား သူများကို အကူအညီပေးခြင်းအားဖြင့် မိမိကိုယ်ကိုလည်း ကူညီရာရောက်သည်။ မိမိကိုယ်ကို အကူအညီပေးခြင်းအားဖြင့် တခြားသူများကို ကူညီရာလည်းရောက်သည်။
(ပါရဂူ)

ဆရာပါ၏ ဈာပနအခမ်းအနားတွင် စာပေ၊ ကာတွန်း၊ ပန်းချီ စသည့် နယ်ပယ်အသီးသီးမှ အနုပညာသမားများနှင့် ဆရာပါရဂူ၏ စာပေအနုပညာကို လေးစားချစ်မြတ်နိုးကြသော ပြည်သူလူထု အပေါင်းတို့မှ လာရောက်၍ နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ကြသည်။




ဆရာတော် ဦးဇောတိက၏ ဒေါသ၊သောက နည်းစေရန် နည်းလမ်းများ

ဆရာတော် ဦးဇောတိက၏ ဒေါသ၊သောက နည်းစေရန် နည်းလမ်းများ

by အဲမွန် ဒြာ on Wednesday, June 1, 2011 at 4:09pm
လူတိုင်းစိတ်ပင်ပန်းရတာ သက်သာအောင် အကောင်းဆုံး လုပ်နည်းက တတ်နိုင်သလောက်ကြိုတင်ကာကွယ်တဲ့ နည်းပါပဲ။


• သွားစရာရှိရင် လိုက်မယ့်သူတွေကို ကြိုကြိုတင်တင် ပြောထားပါ၊ကပ်ပြီးမှပြောရင်ပြင်ဆင်ချိန်မလောက်လို့စောင့်နေတဲ့အခါမှာ စိတ်တို
  တတ်တယ်။
• သုံးနေကျပစ္စည်းကို ကြိုကြိုတင်တင်ဝယ်ထားပါ၊ သုံးချင်တဲ့အချိန်ကျမှ ကုန်နေလို့ စိတ်တိုတာမဖြစ်အောင်နော်။
• ကတိအကျွေးတွေဟာ စိတ်ကို ပင်ပန်းစေတယ်၊ ဒါကြောင့် ကတိကို လွယ်လွယ်နဲ့မပေးပါနဲ့။ ကတိပေးပြီးမှမတည်နိုင်တဲ့အခါ

  စိတ်ဆင်းရဲ ရတယ်၊ စိတ်တိုရတယ်၊ ကတိမတည်တဲ့သူလို့အပြောခံရတဲ့အခါ ရှက်တယ်၊ ဒေါသဖြစ်တယ်။
• မတတ်နိုင်လောက်အောင် မြင့်လွန်းနေတာမျိုးကို မမှန်းပါနဲ့။ကိုယ့်ရည်မှန်းချက်ဟာ ကိုယ့်အခြေအနေနဲ့ ကိုက်ညီဖို့လိုတယ်။ ကိုယ့်
  ရည်မှန်းချက်ကို နဲနဲချင်း ဖြေးဖြေးမြှင့်ပါ ။
• ကိုယ့်အတွက် အရေးကြီးတဲ့ ကိစ္စကိုလုပ်ဖို့ အချိန်လုံလောက်အောင်စီစဉ်ထားပါ။ အရေးမကြီးတာတွေကို အရင်လုပ်ပြီး 
  ပင်ပန်း  သွား  တဲ့အခါကျမှအရေးကြီးတာကိုလုပ်ရင် ပိုပြီးစိတ်ပင်ပန်း တယ်။ ဒါကြောင့် အရေးကြီးတာကိုအရင်လုပ်ပါ။  အရေးကြီးတာကို အရင်လုပ်ပြီးရင် စိတ်ပေါ့ပါးသွားလို့သိပ်အရေးမကြီးတာကိုလုပ်ဖို့ အားတက်လာမယ် ။


• စနစ်တကျလုပ်တတ်တဲ့အကျင့်ကို လေ့ကျင့်ထားပါ။ စနစ်ရှိရင် အချိန်ကုန်သက်သာတယ်၊ အမှားနည်းတယ်၊ စိတ်ပင်ပန်း လူပင်ပန်း  ရတာလဲနည်းတယ်။ အဲဒါကြောင့် စိတ်တိုရတာ ဒေါသဖြစ်ရတာပါ နဲသွားတယ်။ ပုံမှန်အချိန်ဇယားနဲ့လုပ်လို့ဖြစ်တာမျိုးကို သူ့အချိန်ကျ  ရင်လုပ်ဖြစ်အောင်အကျင့်လုပ်ထားတာကောင်းတယ်။ အခုလုပ် ရမလား၊ နောက်မှလုပ်ရမလားလို့ တွေးမနေရတော့ဘူး။ အဲဒါကိုက  အချိန်ကုန်သက်သာသလို စိတ်ပင်ပန်းတာလဲ သက်သာပါတယ်။

• ကိုနေရတဲ့နေရာ၊ ကိုယ်အလုပ် လုပ်တဲ့နေရာကို တတ်နိုင်သလောက် သန့်ရှင်းသပ်ရပ်အောင် လှပအောင်ပြုပြင်ပါ။ ရှုပ်ထွေး၊ ညစ်ပတ်၊ နံစော်နေတဲ့နေရာမျိုးမှာ အလုပ်လုပ်ရရင် စိတ်ကြည်လင်မှာ မဟုတ်ဘူး။



• စိတ်ကြည်လင်စေမှုကို ဖျက်စီးတတ်တဲ့ အရာမျိုးတွေကို ကိုယ်မြင်နိုင်တဲ့နေရာမှာမရှိပါစေနဲ့။ နံရံပေါ်မှာ၊ စာအုပ်စင်ပေါ်မှာ၊ အလုပ်စားပွဲ ပေါ်မှာစိတ်ကိုအနှောက်အယှက်ပေးနိုင်တဲ့အရာတွေကို မရှိပါစေနဲ့။ စိတ်တိုစရာကိစ္စ၊စိတ်ညစ်စရာကိစ္စ၊ အဟောင်းကိုအသစ်ဖြစ်အောင် လုပ်မဲ့ ပစ္စည်းမျိုးကိုမြင်နိုင်တဲ့နေရာမှာ မထားတာကောင်းတယ်။




 ကြည့်လိုက်တာနဲ့စိတ်ကိုကြည်လင်အေးချမ်းသွားစေနိုင်တဲ့ ရှုခင်း ဓါတ်ပုံမျိုးကိုမြင်သာတဲ့နေရာမှာ ထားပါ။ ရေခဲတောင် ဓါတ်ပုံမျိုး၊ ရေကန်ကြီးကြီးဓါတ်ပုံမျိုးကို ကြည့်ပြီး အဲဒိနေရာမျိုးမှာ ကိုယ်ရောက် နေတယ်လို့မှန်းကြည့်ပါ။ ကိုမြင်သမျှ ကြားသမျှအရာတွေဟာ ကိုယ့်စိတ်ကို လွှမ်းမိုးတယ်။
ဒါကြောင့် မမြင်ရရင်ကောင်းတဲ့ အရာတွေကို ဝေးဝေးပို့ထားပါ၊ဝေးလေးကောင်းလေပဲ။ ပစ္စည်းတွေက ကိုယ့်စိတ်ကို ချောက်ချားစေနိုင်တယ်။ဘာပစ္စည်းမှမရှိရင် ဘာအနှောက်အယှက်မှ မရှိဘူး။


• အနံ့အသက်ဆိုးတွေ၊ မီးခိုးတွေ၊ ဆူညံသံတွေ မရှိအောင်လုပ်နိုင်ရင်ကောင်းတယ်။ မရှိအောင်မတတ်နိုင်ရင်တော့ နဲနိုင်သမျှ နဲအောင်
လုပ်ပါ။


• ကိုယ်ကအောင်မြင်လေလေ ကိုယ့်ကိုတွေ့ချင်တဲ့သူ၊ ကိုယ့်ဆီကအကူအညီတောင်းချင်သူတွေ များလာလေဖြစ်တတ်တာ သဘာဝပဲ။ တစ်ခါတစ်လေကိုယ်မအားတုန်း အလုပ်များနေတုန်း သူတို့ကတွေ့ချင် အကူအညီတောင်းချင်နေလို့မရမက လုပ်လာရင်လည်း စိတ်အနှောက်အယှက်ဖြစ်ရတယ်။

• စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများအကြောင်းကို တတ်နိုင် သလောက်မပြောပဲနေတာကောင်းတယ်။ အထူးသဖြင့် သူများ မကောင်းကြောင်းကိုမပြောပဲနေတာကောင်းတယ်။ ပုဂ္ဂိုလ်ရေး ပုတ်ခတ်ပြီး ပြောတာမျိုးကိုအထူးရှောင်သင့်တယ်။ ကိုယ်ကသူများ မကောင်းကြောင်းကိုပြောရင် ကိုယ့်မကောင်းကြောင်း ကိုလည်း သူများက ပြောမှာသေချာတယ်။ အဲဒါနဲ့ပဲကိုယ့်စိတ်ကြည်လင်မှု ပျက်ရတယ်။ ကိုယ့်အကြောင်းကို သူများကမကောင်းပြောရင်တောင်မှ သူပြောတာမဟုတ်ကြောင်းကိုပဲအေးအေးဆေးဆေးပြောပြီး သူ့မကောင်း ကြောင်းကိုတော့ ဟုတ်နေရင်တောင်မှမပြောပဲထား လိုက်တာက ပိုကောင်းတယ်။ ကိုယ်ကသဘောထားကြီးကြီး ထားဖို့လိုတယ်။

• စိတ်အနှောက်အယှက်ဖြစ်ရတာ နဲချင်ရင် မလိုအပ်ပဲနဲ့ လူများများနဲ့မရောပါနဲ့။ အလုပ်များတဲ့သူဟာ တစ်နေ့ တစ်နေ့ လူတွေနဲ့စကားပြောရတာနဲမှာမဟုတ်ဘူး။ အခက်အခဲရှိလို့ပြော ချင်ရင်၊ တိုင်ပင်ချင်ရင်တကယ်ကောင်းတဲ့ အကြံဥာဏ်မျိုး ပေးနိုင်မဲ့သူကိုပဲပြောပါ။မဆိုင်တဲ့သူတွေကိုမပြောပါနဲ့။ စိတ်ပျက် စရာကို ပြောတတ်တဲ့သူတွေကို ဘယ်တော့မှ မပြောပါနဲ့။ စိတ်ပျက်စရာကိုပြောတတ်တဲ့သူကိုပြောရင် ကိုယ်ပါစိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်တွေများလာမယ်။ စိတ်ပင်ပန်းမယ်။
ကိုယ်လုပ်မဲ့ အလုပ်မျိုးကို လုပ်နေတဲ့သူ၊ အတွေ့အကြုံများတဲ့သူမှသာ ကိုယ့်အခက်အခဲကိုနာလည်မယ်။ ဒါကြောင့်ဘယ်သူနဲ့ တိုင်ပင်တယ် ဆိုတာကို သေသေချာချာစဉ်းစားပါ။

• အေးအေးဆေးဆေး ပြောတတ်အောင် လေ့ကျင့်ပါ။ အေးအေးဆေးဆေးလုပ်တတ်အောင်လေ့ကျင့်ပါ။ အလျင်လိုတဲ့အကျင့်ဟာ စိတ်ပင်ပန်းစေတယ်။ အလျင်လိုနေရင် စိတ်မရှည်ဘူး။ အလျင်လိုနေ တဲ့သူဟာ စိတ်တိုဖို့ပိုများတယ်။မှားလို့ပြန်လုပ်ရရင် အချိန်ပိုကုန်တယ်။ ဒါကြောင့် ``အရင်လိုရင်အရနှေးတယ်´´ လို့ပြောတာ။ စိတ်ရှည်ရှည်နဲ့ သေသေချာချာ တိတိကျကျ
လုပ်တတ်တဲ့အလေ့အကျင့်ဟာ ရေရှည်မှာ စိတ်အေးချမ်းမှုကိုပေး တယ် ။


• လတ်တလောအဆင်ပြေအောင်လွယ်လွယ်နဲ့ကတိမပေးလိုက်ပါနဲ့။ ကိုယ့်ကိုသဘောကျအောင်ဘာတွေပေးမယ်၊ ဘာတွေလုပ်ပေးမယ်၊
ဘယ်လိုအခွင့်အရေးတွေပေးမယ် ဆိုတာမျိုးကို မစားရ၀ခမန်း မပြောပါနဲ့။ ကိုယ်ကို အင်မတန်သဘောကောင်း တယ်လို့မြင်စေချင်လို့
ချက်ချင်းဝမ်းသာသွားအောင်မပြောပါနဲ့။ ပြောတုန်းမှာ လွယ်လွယ်နဲ့ ပြောပြီး တကယ်လုပ်တဲ့အခါ ကိုယ်မတတ်နိုင်ရင် မူလက ကိုယ့် စေတနာမှန်ပေမယ့်လည်း ကိုယ့်စေတနာကို တဖက်ကယုံမှာ မဟုတ်ဘူး။ အပြောနဲ့အလုပ်မညီတာတွေများလာတဲ့အခါ ကိုယ့်စကားကို ကြာတော့ ဘယ်သူမှယုံတော့မှာမဟုတ်တော့ဘူး။ တကယ်ပေးနိုင်မှ၊ တကယ်လုပ်ပေးနိုင်မှပဲ ပြောပါ။ ပေးနိုင် တာထက် နည်းနည်း လျှော့ပြောတာကောင်းတယ်။

• အရေးမကြီးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ညင်းတာခုံတာကို မလုပ်ပါနဲ့။ ဘာမှမဟုတ်တာကို ညင်းခုံကြရင်း ရန်ဖြစ်ရတာ စိတ်ဆင်းရဲရတာတွေ တော်တော်များပါတယ်။ ဒါကြောင့်အရေးကြီးတဲ့ အလုပ်တွေကို လုပ်နေတဲ့သူဟာ အရေးမကြီးတာတွေကို ကိုသိတိုင်းလည်း မပြောသင့်ဘူး။မေးတိုင်းလည်းမဖြေသင့်ဘူး။

• အရေးမကြီးတဲ့ကိစ္စမှာ သူများမှားနေလည်း သူ့အမှားကို သူသိလာအောင် စောင့်သင့်တယ်။ ကိုယ်မှန်တိုင် ၀င်ပြောပြီး အနိုင်  မယူသင့်ဘူး။ နိုင်လို့ရတိုင်းနိုင်ချင်တာဟာ မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ်။ စိတ်ချမ်းသာချင်ရင် ရင့်ကျက်တဲ့စိတ်ထား၊
သဘောထားကြီးတဲ့စိတ်ထားမျိုးကိုမွေးယူရမယ်။


• ဘယ်အလုပ်မျိုးဖြစ်ဖြစ် အဆင်မပြေမှုရှိပါတယ်၊ အခက်အခဲရှိပါတယ်။ ဆရာဝန်အလုပ်ခက်သလို၊ ကျောင်းဆရာအလုပ်လည်း ခက်ပါတယ်။ ဈေးရောင်းတဲ့အလုပ်ခက်သလို ကားမောင်းတဲ့အလုပ်လည်း ခက်ပါ တယ်။ ကားမောင်းတဲ့အလုပ်က စိတ်ရှည်ဖို့ တော်တော်လိုပါတယ်။ဆရာဝန်အလုပ်လည်း စိတ်ရှည်ဖို့လိုပါတယ်။ လူနာရဲ့ အသက်ကို လုနေရတဲ့အခါမျိုးမှာ သေးမင်းနဲ့ရင်ဆိုင် တိုက်ပွဲလိုဖြစ်နေတဲ့အခါမှာ တော်တော်ပင်ပန်းပါတယ်။



လူနာက အားကိုး တကြီးနဲ့ကြည့်တဲ့ မျက်လုံရဲ့အဓိပ္ပါယ်ဟာ ဆရာဝန်တွေရဲ့ စိတ်မှာ ပြင်းထန်တဲ့ ကရုဏာကို ဖြစ်စေတယ်။ ကျောင်းဆရာ၊ ဆရာမတွေကလည်း စိတ်ရှည်ဖို့လိုပါတယ်။
စာမေးပွဲကျတဲ့ကျောင်းသားရဲ့ စိတ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့သလိုဖြစ်သွားတာဟာ တော်တော် သနားစရာကောင်းပါတယ်။
ကိုယ့်တပည့်လေးအောင်ပါ့မလားဆိုပြီး ဆရာတွေ ဆရာမတွေ သောကဖြစ်ရတယ်။ မိဘတွေ ဆင်းဆင်းရဲရဲနဲ့ သားသမီးကို ပညာတတ်စေချင်လို့ ကျောင်းထားတယ်။ စားမေးပွဲကျရင် ဆက်ထားဖို့မလွယ်တော့ဘူး။


• လူများများနဲ့ ဆက်ဆံရတဲ့အလုပ်တွေက ဆက်ဆံရေးအခက်အခဲ အမြဲရှိပါတယ်။ လူတိုင်းကိုစိတ်ကျေနပ်အောင်ဘယ်သူမှ လုပ်မပေး နိုင်ဘူး။ မကျေနပ်တဲ့သူက အပြစ်တင်မယ်၊ မကောင်းပြောမယ်။ အဲဒီအခါ စိတ်တိုမယ်၊ ဒေါသဖြစ်မယ်၊
စိတ်ဓါတ်ကျမယ်။ ဒါကြောင့် ကိုယ့်အလုပ်နဲ့ပတ်သက်ပြီး ဖြစ်နိုင်တဲ့အခက်အခဲတွေကို ကြိုတင်ပြီး တွေးထားပြီးတော့
ဒီအခက်အခဲမျိုးကတော့ တွေ့ရမှာသေချာတယ်၊ ဒီလိုအပြောမျိုးတော့ ခံရမှာသေချာတယ်၊ ဒါကြောင့် အခက်အခဲနဲ့တွေ့ရတဲ့အခါ၊ အပြောခံရတဲ့အခါ စိတ်မပျက်ဘူး၊ စိတ်မညစ်ဘူ။ စိတ်ရှည်ရှည်ထားမယ်လို့မကြာခဏ နှလုံးသွင်းပါ။



   လူတွေပေါ်မှာ တတ်နိုင်သလောက် စိတ်ရှည်ရှည်ထားပါ။ သူတို့ကိုနားလည်ဖို့ကြိုးစားပါ။ ဒေါသအလျောက် နာသွားအောင် မပြောပါနဲ့၊
ကိုယ့်စေတနာက မှားနေရင် ကိုယ့်စေတနာက ကိုယ့်ကိုအကျိုးပေးမှာပါပဲ။ ပြဿနာ တော်တော်များများဟာ ဆက်ဆံရေးအဆင်မပြေလို့ ဖြစ်ရတာပါ။ တစ်ယောက် ပြောချင်တာကို တစ်ယောက်ဆုံးအောင် နားမထောင်ရင် တစ်ယောက်ကို တစ်ယောက် နားလည်မှာ မဟုတ်ဘူး။ တစ်ယောက် စကားကို တစ်ယောက် အဓိပ္ပါယ်မှန်အောင် မကောက်နိုင်ရင် အထင်လွဲတာတွေ ဖြစ်လာမယ်။ ဒါကြောင့် ဆက်ဆံရေး အဆင်ပြေချင်ရင် တဖက်သား ပြောချင်နေတာကို ဂရုတစိုက် နားထောင်ပါ။
    သူ့စိတ်ထဲမှာ ပြောချင်နေတာကို ပြောခွင့်ပေးပါ။ အထူးသဖြင့် အရေးကြီးတဲ့ ကိစ္စပြောမယ်ဆိုရင် အထင်လွဲတာမဖြစ်ဖို့ ပိုပြီး အရေးကြီးတယ်။သူပြောချင်နေတာကို ပြည့်ပြည့်စုံစုံ ပြောနိုင်အောင် သူ့ကိုမေးခွန်းတွေမေးပြီး ရှင်းခိုင်းပါ။ သူ့အခက်အခဲကို ကိုယ်က ကိုချင်းစာပါတယ် ဆိုတာကို သူသိအောင်ပြောပါ။

   တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီပြီးနေသွားရတာ ကျေနပ်စရာ သိပ်ကောင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်ကယ် နားလည်မှုရသွားရင် စိတ်သက်သာမှုရတယ်။ ကိုယ့်ဘ၀မှာ အရေးပါတဲ့သူရဲ့ အထင်လွဲမှုကို ခံရတာ စိတ်ဆင်းရဲစရာ သိပ်ကောင်းတယ်။  ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အထင်လွဲနေရင် လေးလေးစားစားဆွေးနွေးပါ။...


ဆရာတော် ဦးဇောတိက

နိုင်ငံရေးအကျဉ်းသား လွှတ်ရေး နာရေးကူညီမှုအသင်း တောင်းဆို

နိုင်ငံရေးအကျဉ်းသား လွှတ်ရေး နာရေးကူညီမှုအသင်း တောင်းဆို

by Kyaw Thu on Friday, May 6, 2011 at 5:22am
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ အရှိန်အဟုန် မြင့်တက်လာနေချိန်မှာပဲ နာရေးကူညီမှု အသင်းကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စ အစိုးရထံ လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပါတယ်။ အခုလို လှုပ်ရှား တောင်းဆိုမှုတွေ အရှိန်မြင့်လာနေပေမဲ့ အစိုးရဘက်က တစုံတရာ တုံ့ပြန်ခြင်း မရှိတာဟာ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စနဲ့ ပတ်သက်ပြီး ထိပ်ပိုင်း ခေါင်းဆောင်တွေကြား ညှိနှိုင်းလို့ မရနိုင်သေးတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။


အသစ်တက်လာတဲ့ မြန်မာ အရပ်သား အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုမှုတွေကို မြန်မာနှစ်ဆန်း ၁ ရက်နေ့က စတင်လိုက်ချိန်ကစပြီး ဒီနေ့အထိ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုတွေက ပြည်တွင်းမှာ ရှိနေပါတယ်။ လူထုအခြေပြု လူငယ်ကွန်ရက်တွေကနေ စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုတွေကို NLD ပါတီကလည်း အပြည့်အ၀ ပူးပေါင်း ပါဝင်ခဲ့သလို စာပေအနုပညာရှင်တွေကအစ ၀ိုင်းဝန်းပြီး တောင်းဆိုမှုတွေထဲ ပါဝင်ခဲ့ကြပြီး အခု နာရေးကူညီမှု အသင်းကြီးကလည်း နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် အစိုးရကို လက်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။

ပြည်တွင်းစစ် ရပ်စဲဖို့နဲ့ နိုင်ငံရေး ပြဿနာတွေ ကင်းပြီး ငြိမ်းချမ်းတဲ့ နိုင်ငံတခု ဖြစ်လာဖို့ လိုလားတဲ့ ဒီအဖွဲ့ကြီး အနေနဲ့ တရားမျှတပြီး မှန်ကန်စွာ တောင်းဆိုတဲ့ ဒီလှုပ်ရှားမှုတွေ အတွင်းမှာ အဖွဲ့သားတွေ အားလုံး ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ် သဘောတူညီခဲ့ကြတယ်လို့ နာရေးကူညီမှု အသင်းရဲ့ ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြောပါတယ်။

“ကျနော်တို့ အသင်းက အသင်းသားတွေ၊ အသင်းသူတွေ အားလုံးကနေပြီးတော့ သူတို့ဆန္ဒအလျောက် လက်မှတ်ဝိုင်းထိုးတာကို ကျနော် တင်လိုက်တာပါ။ အားလုံး ၁၀၈ ယောက် ရပါတယ်။ ဆက်ပြီးတော့လည်း ထိုးနေကြတုန်းပါပဲ။ ဒါက နောက်တသုတ် ထပ်တင်ရမှာပါ။ နေပြည်တော်တော့ တိုက်ရိုက် အဆက်အသွယ် မရှိဘူး။ အဲဒါကြောင့် NLD အဖွဲ့ကိုပဲ ကျနော်တို့ သွားပြီး ပေးထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတင် မကဘူး၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြစ်စေချင်တဲ့အတွက် ကျနော်တို့ အဲဒီလက်မှတ်ကို ထိုးတာ။”
နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုကျော်သူ ပြောသွားတာ ဖြစ်ပါတယ်။

စစ်အစိုးရကနေ အရပ်သား အစိုးရအဖြစ် စတင် တာဝန်ပြောင်းယူချိန် မတ်လကစလို့ လွတ်ငြိမ်းချမ်းသာခွင့်တွေ လာနိုင်တယ်ဆိုပြီး အားလုံးက တွက်ထားပါတယ်။ တယောက်နဲ့တယောက် အပြန်အလှန် အခြေအနေတွေ မေးမြန်းကြ၊ စုံစမ်းကြတာမျိုးတွေနဲ့ အတူ အစိုးရဘက်ကလည်း လိုက်လျောမှုတွေ ရှိလာနိုင်ပါတယ်ဆိုတဲ့ မျှော်လင့်ချက်တွေက အားလုံးမှာ ရှိနေပါတယ်လို့ တောင်ကြီးထောင်မှာ နှစ်ရှည်ထောင်ဒဏ် အချခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ညီမ မသန္တာယုက ဆိုပါတယ်။
“ဖြစ်နိုင်မလားပေါ့၊ တယောက်နဲ့တယောက် ဒီလိုပဲ မျှော်လင့်ပြီး နေနေကြတာပဲ။ မျှော်တာတော့ မျှော်နေကြတာပဲပေါ့၊ အကုန်လုံးက။ တခြားတွေ ဘာတွေ ညာတွေတော့ မသိပါဘူး၊ ကိုယ့်လူလွတ်တာပဲ လိုချင်တာပေါ့နော်။ အခု ဒီမှာ ပြောနေကြတာ လွတ်နိုင်တယ် ဘာညာ ဆိုကတည်းက ကိုယ်က အဲဒါကို မျှော်လင့်နေတာပေါ့။ အစိုးရသစ် ဆိုတော့လည်း ပိုမျှော်လင့်တာပေါ့။”
ဒီမျှော်လင့်ချက်တွေကို ဖြစ်လာစေတဲ့ နောက်ထပ် အကြောင်းရင်းတွေကတော့ အင်ဒိုနီးရှားနိုင်ငံမှာ စတင် ကျင်းပနေပြီဖြစ်တဲ့ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွေကြောင့်လည်း ပါပါတယ်။ ဒီဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန် တက်မှာမို့ အာဆီယံ နိုင်ငံတွေကြားမှာ မြန်မာ့အရေး ပြောဆိုမှုတွေ၊ ဖိအားပေးမှုတွေ ရှိလာနိုင်တဲ့အပေါ် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါတယ်ဆိုတဲ့ အကြောင်းနဲ့ တုံ့ပြန်နိုင်ဖို့တွေ ရှိတယ်ဆိုတဲ့ တွက်ချက်မှုတွေကြောင့်လည်း ပါဝင်ပါတယ်။

ဒါကြောင့် မနေ့ကနဲ့ ဒီနေ့တွေမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်တွေနဲ့ အင်းစိန်ထောင်ရှေ့မှာ သတင်းသမားတွေ စောင့်ဆိုင်းခဲ့ပေမဲ့ ဒီနေ့အချိန်ထိတော့ ဘာသတင်းမှ မထူးလာသေးပါဘူး။
“မနက်မိုးလင်းကတော့ ရဲရယ်၊ ပေါ်ပေါ်ထင်ထင် သွားနေတဲ့ SB တယောက် လာမေးတယ်။ အခုညနေပိုင်းမှာ ဘာမှမရှိဘူး။ နောက် မီဒီယာတွေ ရှိတယ်။ မီဒီယာတွေက ဟိုနားတစု၊ ဒီနားတစုနဲ့ ရှိတယ်။ နိုင်ငံရေး အကျဉ်းသား မိသားစုတွေကတော့ တယောက်တလေတော့ သတင်းကြားလို့ လာမေးတာတို့၊ မေးပြီး ပြန်သွားတာပေါ့။ ဒီ့ပြင် မရှိပါဘူး။”
ဒီနေ့ အင်းစိန်ထောင်ရှေ့က အခြေအနေ ဖြစ်ပါတယ်။

ဒီလို အနေအထားတွေ အားလုံးကို ကြည့်ခြင်းအားဖြင့် အစိုးရသစ်ထဲက ထိပ်တန်း ခေါင်းဆောင်ပိုင်းတွေထဲမှာရော၊ အာဏာကနေ အနားယူသွားပြီလို့ ပြောနေတဲ့ စစ်ထိပ်တန်း ခေါင်းဆောင်ပိုင်းကြီးတွေ ကြားမှာပါ သဘောတူညီချက်တွေ မရနိုင်သေးတဲ့ အချက်တွေကြောင့် ဖြစ်နိုင်တယ်လို့ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးဖြစ်တဲ့ ဦးဝင်းထိန်က သုံးသပ်ပါတယ်။
“General Amnesty ခေါ်တဲ့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် လာလိမ့်မယ်လို့ ထင်ခဲ့တာ။ အခု အချိန်က လနဲ့ချီ ကြာသွားပြီ။ အခုထက်ထိ မလာဘူးဆိုတော့ ကျနော်ကိုယ်တိုင်လည်း အံ့အားသင့်တယ်။ တဘက်ကလည်း စဉ်းစားကြည့်တော့ သူတို့ဘက်က ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ အဖွဲ့ကို လွှတ်ပေးသင့်သလား၊ လွှတ်မပေးသင့်ဘူးလား သူတို့ စဉ်းစားပြီး အတွေးခေါင်နေသလား၊ ဒါတချက်။
“နောက်တချက်က မင်းကိုနိုင်တို့ ကိုကိုကြီးတို့ဆိုတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ၆၅ နှစ် ချထားတော့ သူတို့ကလည်း ထွက်လာရင် နိုင်ငံရေးအရ လှုပ်ရှားမှု ဆက်လုပ်မယ်ဆိုတော့၊ သူတို့ အစိုးရကလည်း နိုင်ငံတကာက လှိုက်လှိုက်လှဲလှဲ မကြိုဆိုသေးတဲ့ အခါကြတော့ စိုးရိမ်ပြီး ထိန်းထားသလားတော့ မသိဘူး။ တွေးမိတာပဲ။ အခု မလာဘူး ဆိုတဲ့အခါကြတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့အထဲမှာရော အရင်က အာဏာကိုင်ထားတဲ့သူတွေ ကြားထဲမှာရော ညှိနှိုင်းလို့ ရဟန်မတူဘူး ဆိုပြီးတော့ ဖြစ်နေတယ်လို့ ကျနော် ထင်ပါတယ်။”
နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်ခဲ့တဲ့ ဦးဝင်းထိန် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးမှုတွေနဲ့ အကျဉ်းချခံထားရသူပေါင်း ၂,၀၀၀ ကျော် ရှိနေပြီး နှစ်ရှည်ထောင်ဒဏ်တွေနဲ့ မြို့ပြနဲ့ ဝေးလံလှတဲ့ နယ်ထောင်တွေမှာ ဖမ်းဆီးချုပ်နှောင် ခံထားရတာ ရှိသလို ကျန်းမာရေး အခြေအနေ ဆိုးရွားသူတွေ၊ ထောင်ဝင်စာ ပုံမှန်မရကြတဲ့ ပြဿနာတွေအပြင် လွတ်ရက်ပြည့်ပေမဲ့လည်း အခုချိန်ထိ ဆက်လက် ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ရှိနေပါတယ်။

စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ

စန်းလပမာ ချမ်းမြသာယာစေသော သီတဂူ

by Kyaw Thu on Sunday, May 8, 2011 at 3:31pm
အပြည်ပြည်ဆိုင်ရာ သီတဂူသာသနာပြုအဖွဲ့မှ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (D.Litt) (Ph.D) သည် နာရေးကူညီမှု၊ ဆေးကူညီမှု၊ ပညာရေးကဏ္ဍများအား စဉ်ဆက်မပျက် ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ရုပ်ကလပ်(အလောင်း)အား ပြင်ဆင်ထားရှိချိန်တွင် အသုံးပြုထားရှိရန်အတွက် လေအေး စနစ်သုံး လက်တွန်းလှည်း (၄) စီးအား လှူဒါန်းပေးခဲ့ပါသည်။ ယင်း လေအေးစနစ်သုံး လက်တွန်း လှည်းအား ဘ၀နတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်များနှင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားသော လူပုဂ္ဂိုလ်များအတွက် ဘုန်းတော်ကြီးကျောင်းများနှင့် နေအိမ်များ၌ ခေတ္တခဏ ထားရှိနိုင်ရန် ကူညီဖေးမပေးနိုင်တော့မည် ဖြစ်ပါသည်။

ယင်း လှူဒါန်းပွဲတွင် သီတဂူဆရာတော်ကြီးမှ ထပ်မံ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၏  သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)အတွက် ဆေးရုံသုံးပစ္စည်းကိရိယာများ၊ အရေးပေါ်ကယ်ဆယ်ရေး တွင် အသုံးပြုရသည့် အောက်ဆီဂျင်အိုးလွယ်သိုင်းများ၊ ကျောပိုးများအပါအ၀င် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) TOYOTA အမျိုးအစား ကားတစ်စီးအား သဒ္ဒါတရား ကြည်လင်စွာ အများပြည်သူတို့အတွက် မေတ္တာ၊ ဂရုဏာထားရှိကာ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ၆.၅.၂၀၁၁ (သောကြာ) နေ့တွင် လှူဒါန်းမှုကို ပြုလုပ်ခဲ့ပါသည်။








သင်တန်းဆင်းပွဲ

သင်တန်းဆင်းပွဲ

by Kyaw Thu on Saturday, May 28, 2011 at 9:17pm
သင်တန်းဆင်းပွဲ


နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် မျိုးဆက်သစ်ကလေးငယ်များအား နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းအား ၂၀၁၁ ခုနှစ်၌ ဒုတိယအကြိမ်အဖြစ် ၅.၃.၂၀၁၁ နေ့တွင် Levels အလိုက် ခွဲခြားရန် စမ်းသပ်ဖြေဆိုမှုများကိုစတင်ဖြေဆိုခဲ့ပြီး ၁၄.၃.၂၀၁၁ (တနင်္လာ)နေ့မှစ၍ မျိုးဆက်သစ် ကလေးငယ်အယောက် (၅၀၀) ကျော်တို့အားလုပ်အားပေးဆရာ/မ (၁၄) ဦးတို့မှ တစ်ပါတ်လျှင် (၆) ရက်၊ Group (၄) ခုနှင့် Section (၁၅)ခုခွဲ၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

          မျိုးဆက်သစ်ကလေးငယ်များအတွက် အင်္ဂလိပ်စာသင်တန်းသည် မရှိမဖြစ် မတတ်မဖြစ်သောပညာရပ် ဘာသာရပ်တစ်ခုဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ ဘာသာရေးစသည့် ကဏ္ဍနယ်ပယ်များတွင် အင်္ဂလိပ်စာဘာသာရပ်ဖြင့် လူမျိုးအသီးသီးတို့ကပြောဆို၊ သုံးနှုန်း၊ ရေးသား၊ ဖတ်ကြားခြင်းများကိုအဓိကထားနေချိန်တွင် ကျွန်တော်တို့ မြန်မာ့မျိုးဆက်သစ် ကလေးငယ်များလည်းကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်စေရန် ရည်ရွယ်၍ နာရေးကူညီမှု အသင်း(ရန်ကုန်)တွင် ပညာဒါနအဖြစ် (အခမဲ့) ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်သည်။


ယနေ့ ၂၇.၅.၂၀၁၁ (သောကြာ)နေ့တွင် မျိုးဆက်သစ်ကလေးငယ်များအား နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းသင်တန်းဆင်းပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်လှစ်ပို့ချခဲ့ရာတွင် မျိုးဆက်သစ်ကလေးငယ် (၅၀၀) ကျော်အနက် ပျက်ရက်မရှိ (100%)အပြည့်တက်ရောက်ခဲ့သည့် ကျောင်းသား/သူ (၆၈)ဦး၊ ကျောင်းခေါ်ချိန် (75%)ပြည့် ကျောင်းသား/သူ (၁၈၂)ဦးနှင့် Group (၄) ခုနှင့် Section (၁၅)ခုမှ ထူးချွန်သည့် ကျောင်းသား/သူ (၃၄)ဦးတို့အားသင်တန်းဆရာ/မများတို့မှ အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ပြီးနာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ မျိုးဆက်သစ်ကလေးငယ်တို့အတွက် အားပေးစကားပြောကြားခဲ့ပြီးမျိုးဆက်သစ်ကလေးငယ်များတို့မှလည်း ပြန်လည်၍ ကျေးဇူးတင်စကားများပြောကြားပြီးနောက် တစ်နှစ်ပါတ်လုံးစနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်သည့် ပုံမှန်သင်တန်းဖြစ်သော တက္ကသိုလ်ဝင်တန်းအောင်မှစပြီး 4 Skill သင်တန်းများဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေကြပြီဖြစ်ပါသည်။



သမီးလေးရယ်နိုင်ပြီ

သမီးလေးရယ်နိုင်ပြီ

by Kyaw Thu on Saturday, May 28, 2011 at 9:40pm
သမီးလေးရယ်နိုင်ပြီ



နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာမရွေးတို့၏ ရောဂါဝေဒနာများကို အခမဲ့ ကုသပေးလျှက်ရှိရာနေ့စဉ် လူနာစုစုပေါင်း (၂၀၀) ကျော် ကိုအခမဲ့ကုသပေးလျှက်ရှိသည်။ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ဆေးခန်းသန့်ရှင်းရေး၊ ပိုးမွှားများသန့်စင်ရေးအတွက် လကုန်ရက် (၁) ရက်တည်းသာပိတ်ရက်အဖြစ် သတ်မှတ်ထားပြီးစေတနာရှင် ဆရာဝန်ကြီးများ (၅၀) ဦးခန့်ဖြင့် အခမဲ့ ကုသပေးလျှက်ရှိသည်။ ထိုသို့ကုသပေးရာတွင် မျက်စိ၊ အရိုးအကြော၊ နား နှာခေါင်းလည်ချောင်း၊ မီးယပ်သားဖွား၊ အပ်စိုက်၊ အရေပြား၊ ကလေးအထူးကု၊ အထွေထွေရောဂါ၊ အသေးစားခွဲစိတ်မှုများ၊ ဓါတ်ခွဲခန်း၊ ဓါတ်မှန်ခန်း၊ E.C.G၊ U.S.Gနှင့် မကြာမီရက်ပိုင်းအတွင်းမျက်စိခွဲစိတ်ခန်းကိုပါ ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။

          သုခကုသိုလ်ဖြစ်ဆေးခန်းမှ ကိုယ်တိုင်ကိုယ်ကျ ကုသမှုမပေးနိုင်သော ဝေဒနာရှင်များအားသက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်၍ ကုသစားရိတ်အားသတ်မှတ်ချက်ဖြင့် အကုန်အကျခံကာကူညီကုသပေးလျှက်ရှိရာ ၂၀၁၁ ခုနှစ်၊ မတ်လအတွင်း၌ ဧရာဝတီတိုင်းနေ မနှင်းနုဇော် အသက် (၁၄) နှစ် အရွယ်ရှိ (၇) တန်းကျောင်းသူမိန်းကလေးငယ်သည် ငယ်စဉ်အရွယ်ကနေအိမ်ရှိ မီးဖိုခန်းအတွင်းရေနွေးအိုးပေါ်သို့ မှောက်လျက်လဲမိရာမှ မေးရိုး၊ ရင်ဘတ်နှင့် ပေါင်တံတို့တွင် ရေနွေးပူလောင်ကျွမ်းကာအရေပြားများပျက်စီးသွားခဲ့သည်။ ယင်းဒဏ်ရာဒဏ်ချက်သည် ငယ်စဉ်အရွယ်၌ မိဘများကသတိမထားမိသော်လည်းယခု (၇) တန်းကျောင်းသူအရွယ်သို့ ရောက်ရှိသောအချိန်တွင် ထိုမီးလောင်ဒဏ်ရာကြောင့် ဖြစ်ပေါ်လာသောအမာရွတ်ဆိုးကြီးသည် ကလေးငယ်၏ ဘ၀ရှင်သန်မှု အားအကြီးမားဆုံးအနှောင့်အယှက်ဖြစ်စေတော့သည်။ စာသင်ကျောင်းသို့ သွားရာတွင် သူငယ်ချင်းအပေါင်းအသင်းများမှ မခေါ်မပြော ပြုလုပ်ခြင်း၊ အိမ်နီးပါတ်ဝန်းကျင်တွင်လည်း ကစားဖော်မရှိခြင်းတို့ကြောင့် ကလေးငယ်မှာစိတ်ခံစားမှုများ ဖြစ်ပေါ်လာတော့သည်။ ထို့ကြောင့် မိဘများမှရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်နေဦးဋ္ဌေးလွင်မှတဆင့် သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)သို့ ဆက်သွယ်ကာကလေးငယ်၏ မေးစေ့အသားအရေမှ ရင်ညွန့်အထိတွဲကပ်နေသောရေနွေးပူလောင် အရေပြားကြီးအားကလေးငယ်၏  ဘ၀ရှေ့ရေးအတွက် လာရောက်အကူအညီတောင်းခဲ့ကြသည်။

          ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သုခကုသိုလ်ဖြစ်ဆေးခန်းမှတဆင့် ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်၍ ခွဲစိတ်ခန်းခဖိုးငွေ ပေးအပ်ကာကလေးငယ်၏ အနာဂတ်ရေးအား ရှေးရှုကာကူညီဖေးမမှုကို ပြုလုပ်နိုင်ခဲ့သည်။ ခွဲစိတ်ပြီးသည့်နောက် ကလေးငယ်နှင့် အုပ်ထိန်းသူမိဘများမှ နေရပ်ဖြစ်သော ဧရာဝတီတိုင်းသို့ မပြန်မီသုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကာကျေးဇူးတင် ၀မ်းသာစကားကို ပြောကြားခဲ့ကြသည်။ ယခုမူ မနှင်းနုဇော် တစ်ယောက် ရယ်နိုင်၊ ပြုံးနိုင်၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် လက်ချင်းတွဲကာ လူ့ဘ၀ခရီးလမ်းကြောင်းပေါ်တွင် အနိုင်မခံအရှုံးမပေး၊ မားမားမတ်မတ် လျှောက်လှမ်းနိုင်တော့မည် ဖြစ်ပါသည်။


Senator John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)

Senator John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)

by Kyaw Thu on Thursday, June 2, 2011 at 3:33pm
Senator John McCain နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)
  


အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် (Senator) John McCain နှင့် အမေရိကန်သံရုံးအရာရှိ များသည် ၂.၆.၂၀၁၁ (ကြာသပတေး)နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ကာ အသင်းဥက္ကဋ္ဌ ဦးကျော်သူ၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်နှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ အသင်းသူ/သားများနှင့် လာရောက်တွေ့ဆုံခဲ့သည်။

          လူမှုရေးလုပ်ငန်းများဖြစ်သော နာရေး (အခမဲ့) ကူညီမှု၊ ဆေးဝါး (အခမဲ့) ကုသမှု၊ ပညာရေး (အခမဲ့) ပညာဒါနပြုမှုများကို တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ ဧည့်သည်တော်များအား နာရေးကူ ညီမှုအသင်း(ရန်ကုန်)၏ အများပြည်သူတို့အပေါ် (အခမဲ့) ကူညီပေးမှုများ၊ သုခကုသိုလ်ဖြစ်ဆေးခန်း ၏ (အခမဲ့) ဆေးဝါးကုသမှုများ၊ ပညာဒါနအဖြစ် (အခမဲ့) ပညာသင်ကြားမှုများ၊ သုခအလင်း စာကြည့်တိုက်၊ နာရေးလမ်းကြောင်း လက်ခံမှုရုံးခန်းတို့အား လိုက်လံပြသခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော်အမတ် John McCain သည် ယမန်နေ့က မြန်မာပြည်ရှိ ကြီးကျယ်ခမ်းနား၍ အရောင်အဆင်းများ တောက်ပသောအဆောက်အဦးများရှိရာ နေရာသို့ ရောက်ရှိ ခဲ့ကြောင်း၊ ယနေ့မှ မြန်မာပြည်သူလူထုတို့၏ လူနေမှုစရိုက်များ၊ ဆင်းရဲဒုက္ခရောက်နေမှုများ၊ မြန်မာနိုင်ငံ၏ လက်ရှိအနေအထား အစစ်အမှန်ကို တွေ့ရှိရသည့်အတွက် ၀မ်းနည်းမိကြောင်း၊ ယခုလို လူသားချင်းစာနာထောက်ထားသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် လွန်စွာဝမ်း မြောက်မိကြောင်းတို့ကို ပြောကြားသွားသည်။ ထို့ပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ လူမှုရေးမျိုး ဆက်သစ်သင်တန်း အမှတ်စဉ် (၃/၂၀၁၁)မှ သင်တန်းသူ/သားများနှင့် တွေ့ဆုံကာ “မိမိကိုယ်မိမိ ကယ်ဆယ်ခွင့် မရရှိသူတွေကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ လူမှုရေးသမားများက ၀ိုင်းဝန်း ကယ်ဆယ် အကူအညီများပေးနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်။ ဘုရားသခင်မှလည်း ကောင်းချီးပေးပါစေ” ဟု အားပေးစကားများ ပြောကြားခဲ့ပြီးနောက် ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် ဆုတောင်းမေတ္တာပို့စာသား ရေးသားလက်မှတ်ထိုးကာ မွန်းတည့် (၁၂း၀၀) နာရီအချိန် တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှုတ်ခွန်း ဆက်ကာ ပြန်လည်ထွက်ခွာသွားခဲ့သည်။