သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, August 14, 2011

ခေါင်းကိုက်ခြင်းကို ဘယ်လို ကာကွယ်ကုသကြမလဲ

ခေါင်းကိုက်ခြင်းကို ဘယ်လို ကာကွယ်ကုသကြမလဲ

အမေရိကန်နိုင်ငံသားတွေ ထဲက ၄၅ သန်းကျော်ဟာ မကြာခဏ ခေါင်းကိုက်တတ်သူတွေ ဖြစ်ပြီး အဲဒီအထဲကမှ ၂၈ သန်းလောက်က ခေါင်းတစ်ခြမ်းကိုက်ရောဂါ လို့ လူသိများတဲ့ ခေါင်းကိုက်ခြင်းနဲ့ မူးဝေအော့အန်ခြင်း၊ အမြင်ေ၀၀ါးခြင်း တွဲဖက်ခံစားရတဲ့ မိုင်ဂရိမ်းရောဂါ (Migraine) ခံစားနေရသူတွေ ဖြစ်ပါတယ်လို့ အမေရိကန် အမျိုးသား ခေါင်းကိုက်ရောဂါ ဖောင်ဒေးရှင်း (National Headache Foundation) ရဲ့ အဆိုအရ သိရပါတယ်။ ဒါ့အပြင် ကလေးတွေနဲ့ မြီးကောင်ပေါက်တွေရဲ့ ၂၀% (ငါးယောက်မှာ တစ်ယောက်) ဟာလည်း ခေါင်းကိုက်တတ်သူများ ဖြစ်ကြပါသတဲ့။ ဒါဆို ကျွန်တော်တို့ နိုင်ငံမှာရော……..။

လူသားတို့၏ ကမ္မဇီဝ သဘာဝနာရီကို ပြောင်းလဲပစ်လိုက်မည့် ဆေးသိပ္ပံလောက၏ မျိုးဆက်ပွားနည်းပညာသစ်

လူသားတို့၏ ကမ္မဇီဝ သဘာဝနာရီကို ပြောင်းလဲပစ်လိုက်မည့် ဆေးသိပ္ပံလောက၏ မျိုးဆက်ပွားနည်းပညာသစ်

နောက်ဆုံးပေါ် မျိုးဆက်ပွားနည်းပညာသစ် တစ်ခုအရ အသက်(၅၀)မှ (၆၀)နှစ်ကြားရှိ မိန်းမကြီးများ ကိုယ်ဝန်လွယ် ခလေးမွေးဖွားနိုင်ကြတော့မည်ဟု သိရှိရသည်။

Love လူငယ်အဖွဲ့ဧ။် မြန်မာ့ နှစ်သစ်ကူး ဇီဝိတဒါနစုပေါင်းအလှူ

Love လူငယ်အဖွဲ့ဧ။် မြန်မာ့ နှစ်သစ်ကူး ဇီဝိတဒါနစုပေါင်းအလှူ


သတ္တဝါများအပေါ် သနားညှာတာ ထောက် ထားခြင်း၊ မေတ္တာရှေးရှုခြင်းကို ဦးတည် အခြေပြုသော ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် မိမိတို့အထွဋ်အမြတ်ထားသောနေ့ထူးရက်မြတ်များတွင် ဘေးမဲ့လွှတ်ခြင်း များကို တတ်စွမ်းသရွေ့ဆောင်ရွက်လေ့ရှိကြသည်။ အ၇ိယာများ မှ လွဲပြီး သုံးဆယ့်တစ်ဘုံ ကျင်လည်နေကြသော မည်သည့်သတ္တဝါမှ သေခြင်း တရားကို မတုန်လှုပ်ဘဲရှိနိုင်ကြမည် မဟုတ်ကြောင်း  ကိုယ်ချင်းစာနာ ၊ မေတ္တာစိတ်ဖြင့် သိရှိခံစား နိုင်ကြပါသည်။

ပရဟိတ ဆောင်ရွက်မှုများကို မြန်မာလူငယ်အများအပြား ကိုယ်စွမ်းဥာဏ်စွမ်းရှိသ၍ စည်းလုံး ညီညွတ်စွာဖြင့် တစ်နိုင်တစ်ပိုင် ဆောင်ရွက်ကြသည်မှာ အခါအားလျော်စွာ ကျေနပ်ပီတိဖြစ်ဖွယ် ကြားသိနေရပါသည်။ မြန်မာနှစ်သစ် နှစ်ဆန်းနှစ်ရက်နေ့တွင် Love လူငယ်အကျိုးဆောင်အဖွဲ့မှ ဇီဝိတဒါနစုပေါင်းအလှူကို (၂၁)ကြိမ်မြောက် အောင်မြင်စွာလှူဒါန်း နိုင်ခဲ့ကြသည်။

 (၁၇.၄.၂၀၁၁) ည(၁၁)နာရီမှ (၁၈.၄.၂၀၁၁) နံနက်(၃)နာရီအထိ ရွာသာကြီး နွားသတ်ရုံမှ သတ်ရန်အလှည့်ကျနွား အကောင်၃၀၀ ရှိသည် မှ နွားကြီး (၃)ကောင်ကို ဝယ်ယူ၍ အသက်လွှတ် ဘေးမဲ့ ပေးနိုင်ခဲ့ကြသည်။ ကြည့်မြင်တိုင် ငါးဈေးမှ ရောင်းချခြင်း မပြုရသေးသော  ငါးအရှင် များကို ၀ယ်ယူပြီး ဘေးမဲ့ ကုသိုလ်ပြုနိုင်ခဲ့ကြသည်။  ဘေးမဲ့နွားများကို ဝယ်ယူ လှူဒါန်းရာတွင် နွားဧ။် တန်ဖိုးကို အသားထွက် ပိဿာအချိန်နှုန်းဖြင့် တွက်ချက်ပြီး၊ ချို နှင့်  သားရေ တန်ဖိုးပေါင်းစပ်ပြီးမှသာ ဘေးမဲ့လွှတ်မည့် နွားတန်ဖိုးအဖြစ် ပေးချေကြရသည်။

တစ်ရက်လျှင်နွားအကောင်(၃၀၀)ကိုသာသတ်ခွင့်ပြုထားပြီး၊ အမှန်တကယ် လိုအပ်ချက်
အရသတ်ရမည့် အရေအတွက်မှာ အကောင်(၁၀၀၀)ဖြစ်ကြောင်းကိုယ်တိုင် ဇီဝိတဒါန အလှူအကျိုးဆောင်ခဲ့သူ လူငယ်တစ်ဦးမှ  mmdailynews သို့ပြော ကြားခဲ့သည်။
ဘေးမဲ့လွှတ်ပေးရန် ဝယ်ယူလာခဲ့သော နွားများကို သန်လျင်မြို့ အောင်ချမ်းသာရပ်ကွက်ရှိ ပီလက္ခတ် ဟိန္ဒူဘုရားကျောင်းသို့ ဘုရားနွားအဖြစ် သွားရောက် လှူဒါန်းခဲ့ကြသည်။

Love လူငယ်အကျိုးဆောင်အဖွဲ့ ၏အဓိကရည်ရွယ်ချက်မှာ အသက်ဘေး ကျရောက်လုဆဲဆဲ၊ အသက်ရှင်ရန်မျှော်လင့်ချက် ကင်းမဲ့နေကြသော ကယ်သူမဲ့ သတ္တဝါများ အသက်ကို အကျိုး တရားမျှော်လင့်ခြင်းမရှိဘဲ ကိုယ်ချင်းစာ တရားရှေ့ထားပြီး ကယ်ဆယ်ခြင်းဖြင့် မေတ္တာလွှမ်းသော နှစ်သစ်ကို ကောင်းမွန်၊ငြိမ်းချမ်းစွာ ဖြတ်သန်းကျော်လွန် ကြခြင်းပင် ဖြစ်ပါသည်။
ချုပ်နှောင်ခံ ၇ခြင်းသောက များမှ ကင်းဝေကြပါစေ............။

ပရဟိတ သက်တော်ရာကျော်ရှည်ပါစေ

ပရဟိတ သက်တော်ရာကျော်ရှည်ပါစေ

    မြန်မာနိုင်ငံတွင် အင်တာနက်မီဒီယာ အားကောင်းဖွံဖြိုးလာသည်မှာ ၁၀ စုနှစ် တခုပင်မရှိတတ်သေး။ သို့သော် အင်တာနက်၏ ထိုးဖောက်အားက လူငယ်များအပေါ်တွင် ရိုက်ချက်ပြင်းလှသည်။ Chatting ကို အကြောင်းပြုကာ အခြားသော နယ်ပယ်များဆီသို့ မြန်မာ့လူငယ်များ တဖြည်းဖြည်း ချဉ်းနင်း ၀င်ရောက်လာကြသည်။ အင်တာနက်မှတဆင့် ဆက်သွယ်ခြင်းသည် ထိရောက်မြန်ဆန်စွာပျံနှံပြီး ကောင်းကျိုး /ဆိုးကျိုးနှစ်သွယ်ကို ဆောင်ကျဉ်းပေးသည်။ ပြောစရာရှိသည်မှာ အင်တာနက်သည် တနိုင်ငံလုံးအတိုင်း အတာ ထိမပျံနှံနိုင်သေး။ အင်တာနက်မီဒီယာသည် မြို့ကြီးများ၏ ပြယုဂ်တခုသာရှိနေသေးသည်။ အနာဂတ်တွင်တော့ တနိုင်ငံလုံးဖြန့်ကျက် သုံးစွဲနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။
    ၂၀၀၈ ခုနှစ်ခန့်မှ စ၍ မြန်မာ့အင်တာနက်အသုံးပြုသူ လူငယ်များကြားတွင် Social Web Site များ အထူးရေပန်းစားလာသည်။ Friendster, Tagged, Facebook, Twitter အစရှိသည့် ဆိုရှယ်ဝက်ဘ များအပြင် မိမိကိုယ်တိုင် ပြုပြင်ဖန်တီးတည်ဆောက်ရန် အခွင့်အရေးပေးထားသည့် Ning ကဲ့သို့သော ၀က်ဘဆိုက်များကြောင့် အဖွဲ့အစည်းငယ်လေးများ ၊ ၀ါသနာတူအစုအဝေးလေးများ ၊ နယ်ပယ်အသီးသီးမှ ပရောဖက်ရှင်နယ်များပါ အချင်းချင်းကူးလူးဆက်ဆံမှု များလာသည်။ နယ်ပယ်တူမှ သူငယ်ချင်းများကို စုစည်း၍ ကောင်းကျိုးကိုရည်မှန်းသော လူငယ်ပရဟိတအဖွဲ့များ တဖြည်းဖြည်းပေါ်ပေါက်လာသည်။ အင်မတန် အကျိုးရှိသော စုစည်းမှုဟု အမည်တပ်လျှင် လွန်မည်မထင်ပါ။ တဦးနှင့်တဦး ရိုင်းပင်းကူညီတတ်သော မြန်မာတို့အတွက် အလွယ်တကူ စုပေါင်းလုပ်ဆောင်နိုင်ရန် ၊ အများအကျိုးသယ်ပိုးနိုင်ရန် အင်တာနက်မှ ကြားခံဆောင်ရွက်ပေးခြင်းဖြစ်သည်။

    ကျွန်တော်ကိုယ်တိုင်လည်း Ning ပလက်ဖောင်းပေါ်တွင် Social Site တခုဖန်တီးခဲ့ပါသည်။ ကွန်ပျုတာကျွမ်းကျင်သူ မဟုတ်သည့်တိုင် Ning ၏ ရိုးစင်းသော နည်းပညာကြောင့် တနှစ်အတွင်း အဖွဲ့ဝင် ၂၀၀၀ ခန့်ဝင်ရောက်လာကြသည (အချို့သောဆိုရှယ်ဝက်ဘဆိုက်များဆိုလျှင် အဖွဲ့ဝင် သောင်းနှင့်သိန်းနှင့်ချီ၍ စုစည်းမိကြသည်အပြင် ထပ်မံ၍လည်း ၀င်ရောက်ဆဲဖြစ်ပါသည်)။ တနှစ်တာ ကာလအတွင်း တစ်ဦးနှင့်တဦး ရင်းနှီးလာသည့်အလျှောက် ကျွန်တော်တို့ Site လေး၏ တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အဖွဲ့ဝင်များ စုပေါင်းထည့်ဝင်၍ ပရဟိတလှူဒါန်းမှုပြုလုပ်နိုင်ရန် တိုင်ပင်ကြည့်တော့ အားလုံးက အားတက်သရော ထောက်ခံသည်။ဘယ်နေရာကိုလှူဒါန်းကြမလဲ။ ကျွန်တော်တို့၏ အားနည်းချက်မှာ ရန်ကုန်အနီးတ၀ိုက် တွင်သာ လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ အဖွဲ့ဝင် ၈၅% မှာ ရန်ကုန်မှ ဖြစ်ခြင်း ၊ အချို့အဖွဲ့ဝင်များအနေဖြင့် နေ့ချင်းပြန် ခရီးကိုသာ လိုက်ပါကူညီဆောင်ရွက်နိုင်ခြင်းတို့ကြောင့် လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာရှိ အနာကြီးရောဂါကြောင့် ကိုယ်လက်အင်္ဂါပျက်စီးခဲ့ရသူများ (ဤနေရာတွင် အနာကြီးရောဂါသည် များဟု မသုံးစေလိုပါ ။ ဂေဟာနေ အဖိုးအဖွားများ အားလုံးသည် အနာကြီးရောဂါ တိုက်ဖျက်သည့် MDT ဆေးပေါင်းကို ဆေးပါတ်လည်အောင် သောက်ပြီး အခြားသူများကို ကူးစက်နိုင်စွမ်း မရှိတော့သော်လည်း ရောဂါကျွမ်းခဲ့သည်ဒဏ်ကြောင့် ကိုယ်လက်အင်္ဂါပျက်စီးမှုကို ဆက်လက် ခံစားနေရဆဲ လူနာများသာ  ဖြစ်ပါသည်)    အား လက်ခံစောင့်ရှောက်ထားသည့် မေတ္တာပရဟိတ ဂေဟာလေးကို ရွေးချယ်လိုက်သည်။ ထိုအချိန်က မရမ်းချောင်းပရဟိတ ဂေဟာသို့ လူငယ်အဖွဲ့များ စိတ်ဝင်စား စွာ လာရောက်လှူဒါန်းမှု နည်းပါးသေးသည်။ ဆရာချစ်စံဝင်း နှင့် အရှင်ဇ၀န (မေတ္တာရှင်) တို့သာ အဓိက လှုံဆော်သူများဖြစ်ကြသည်။ အဆိုပါ ပုဂ္ဂိုလ်နှစ်ဦး၏ ကလောင်စွမ်းအားကြောင့် အလှူရှင်များ၏ စေတနာကို နိုးကြားစေပြီး မရမ်းချောင်း ပရဟိတဂေဟာ အတွက် လှူဒါန်းမှုများ တိုးပွားလာရခြင်းဖြစ်သည်။

              မရမ်းချောင်းပရဟိတ ဂေဟာအတွက် အလှူငွေကောက်ခံရာတွင်လည်း အင်တာနက်ကိုအများဆုံး အသုံးပြု၍ ကောက်ခံခဲ့ပါသည်။ ပြည်တွင်းမှ အလှူရှင်များအပြင် နိုင်ငံရပ်ခြားမှ မြန်မာများကလည်း အားတက်သရော လှူဒါန်းသည့်အတွက် ကျွန်တော်တို့ ဆိုရှယ်ဆိုက်လေး၏ တနှစ်ပြည့် ပရဟိတ လှူဒါန်းမှုခရီးစဉ်ကို ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကာလတန်ဖိုး သိန်း ၂၀ခန့်ရှိသော ဆေးဝါး ၊ အ၀တ်အထည် ၊ စားသောက်ကုန် ၊ ဒီဇယ်ဆီများဖြင့် အောင်မြင်အောင်ဆောက်ရွက်နိုင်ခဲ့သည်မှ Ning ၏ ကျေးဇူးဖြစ်ပါသည်။ ပထမအကြိမ် လှူဒါန်းမှုတွင် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါကူညီလှူဒါန်းသူ ၄၅ ဦး ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအား အဖွဲသားထဲမှ ဆရာဝန်များက တနေ့တာ ကုသိုလ်ပြုခဲ့ကြသည့်အပြင် လစဉ် ဆေးဝါး နှင့် ဒီဇယ်ဆီ လှူဒါန်းမှု ပြုလုပ်ရန် ကောက်ခံရရှိသော အလှူငွေများအား စနစ်တကျ ဘဏ်စာရင်းဖွင့်၍ ဆောင်ရွက်နိုင်ခဲ့သည်။

              ကျွန်တော်တို့ ပထမအကြိမ် သွားရောက်လှူဒါန်းသည့် ခရီးစဉ် ဓါတ်ပုံမှတ်တမ်း အင်တာနက်ပေါ်တွင် တင်ထားသည့်အပြင် အီးမေးလ်မှ တဆင့် ဖြန့်ဝေခြင်း DVD မှတ်တမ်းဖြန့်ဝေခြင်းတို့ကြောင့် သဒ္ဓါတရားပေါက်သည့် အလှူရှင်များ၏ ထပ်မံတောင်းဆိုချက်အရ ၂၀၁၀ ဖေဖေါ်ဝါရီ လတွင်တကြိမ် ၊ မတ်လတွင် တကြိမ် ထပ်မံသွားရောက်လှူဒါန်းခဲ့ပါသည်။ ၂၀၁၀ မတ်လ ၂၅ ရက်နေ့တွင် Mutdfan ၊ Online Donation တို့နှင့်ပူးပေါင်းပြီး မရမ်းချောင်း ကျေးရွာရှိ အနာကြီးရောဂါ ခံစားခဲ့ရသော ဘိုးဘွား မိဘများကို နတ်မောက်လမ်း မျက်စိဆေးရုံတွင် အခမဲ့ မျက်စိကုသပေးခြင်း ၊ ရွှေတိဂုံ ဘုရားအပါအ၀င် ရန်ကုန်မြို့ရှိ နာမည်ကြီးဘုရားများသို့ ဘုရာဖူး ပို့ဆောင်ပေးခြင်းကို ပထမဆုံးအကြိမ့် အဖွဲ့သုံးဖွဲ့ စုပေါင်း၍ အောင်မြင်စွာ စီစဉ်ဆောင်ရွက် လှူဒါန်းနိုင်ခဲ့ပါသည်။



              တဖက်တွင် ကျွန်တော်တို့ ဆိုရှယ်ဆိုက်အတွက် အက်ဒမင် အခက်အခဲ ဖြစ်လာသည်။ အက်ဒမင်အဖြစ် ဆောင်ရွက်သူများ အင်တာနက် အချိန်ပြည့်မသုံးနိုင်တော့ စာမေးပွဲကိစ္စ ၊ လူမှုရေးကိစ္စများကြောင့် အင်တာနက်နှင့်ဝေးလာသည်။ ဆိုရှယ်ဝက်ဘဆိုဒ်တခုသည် အနည်းဆုံး တနေ့တကြိမ် Update လုပ်နေမှသာ ၀င်ရောက်ကြည့်ရှုသူများအတွက် စိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်မည် မဟုတ်ပါလား။ ကျွန်တော်တို့ဆိုက်အား တပါတ်တခါပင် Update မလုပ်နိုင်တော့သောအခါ အဖွဲ့ဝင်များ စိတ်ဝင်စားမှုကတဖြည်းဖြည်းလျှော့ကျသွားသည်။ ထို့အပြင်Ningမှအလကားပေးထားသော နေရာလွတ်များ ကို ပိုက်ဆံဖြင့်ဝယ်မှသာ ဆက်လက်အသုံးပြုနိုင်မည်ဟု တရားဝင်ကြေငြာလာသည်။ ကျွန်တော်တို့အတွက် ပို၍ ခက်သွားသည်။ ပိုက်ဆံနှင့်ဝယ်ပြီးမှ အကျိုးရှိရှိ မသုံးနိုင်လျှင် ငွေကုန်တာပဲ အဖတ်တင်မည်။ အင်တာနက်သည် အစဉ်ပြောင်းလဲနေသော မီဒီယာဖြစ်သည်။ ရေစီးကြောင်းအသေမဟုတ်။ အက်ဒမင်လုံလောက်စွာ မရှိလျှင် မည်မျှ ကောင်းမွန်ပြည့်စုံသည့် ၀က်ဘဆိုဒ် ဖြစ်ပါစေ ရေရှည်ရှင်သန်နိုင်မည် မဟုတ်ပေ။ ထိုကြောင့် စိတ်မကောင်းစွာပင် ကျွန်တော်တို့ဆိုက်အား စွန့်လွတ်လိုက်ရတော့သည်။ သို့သော် အဖွဲ့ဝင်များကြားတွင် ပရဟိတ စိတ်ဓါတ်တော့ ကျန်နေခဲ့သေးသည်။ အချို့က တတ်စွမ်းသမျှ ဆက်လုပ်သေးသည်။ မိမိပါတ်ဝန်းကျင် အင်တာနက် အဆက်အသွယ်များအချင်းချင်း စည်းရုံး၍ မရမ်းချောင်းပရဟိတဂေဟာသို့ တဖွဲဖွဲလာရောက်လှူဒါန်းလျှက်ရှိသေးသည်။    ကျွန်တော်လည်း အင်တာနက် မသုံးဖြစ်သည့်တိုင် မရမ်းချောင်းနှင့်အဆက်အသွယ်မပြတ်။အနည်းဆုံး  ၂ ပါတ်တခါတော့ ရောက်ဖြစ်သည်။ တတ်နိုင်သမျှ ကူညီသည်။ ဝေဒနာရှင်များကို သံယောဇဉ်ရှိသည်ကလည်း ပါသည်။ အဖွဲ့အစည်းအလိုက် လှုပ်ရှားမှုကား အားနည်းသွားလေပြီ ။ ထိုအချိန်တွင် Online Donation အဖွဲ့မှ အလုံးအရင်းဖြင့် လာရောက်လှူဒါန်းသည်။ ထို့နောက် ထို့နောက်တွင် မေတ္တာသန့်အဖွဲ့, Equation, Save the Aged, True Donation, Love Donation, သာကေတမှ လူငယ်အားသစ်  စသည့် မြန့်မာလူငယ်ပရဟိတ အဖွဲ့များ တဖွဲဖွဲ ရောက်လာကြသည်။ လာရောက်လှူဒါန်းကြသည့် ထိုအဖွဲများ ထဲတွင် နူပျိုဖျတ်လတ်တက်ကြွသည့် အသက် ၂၀ မှ ၃၅ နှစ်ကြားရှိ လူငယ်များ အများစုပါဝင်သည်။ Save the Aged အဖွဲ့၏ သီချင်းသံမြိုင်မြိုင်အောက်တွင် မရမ်းချောင်းမှ အဖိုးအဖွား ကလေးငယ်ပါမကျန် အားလုံး ပျော်ရွှင်ကြည်နူးခဲ့ရသည်ကို ကျွန်တော် အမှတ်ရနေမိ သေးသည်။

              အွန်လိုင်းဘောလုံးဝက်ဆိုဒ် mutdfan.com မှ အဖွဲ့သားများမှလည်း ငွေကြေးအလုံးအရင်းဖြင့် ထောက်ပံလှူဒါန်းခြင်းကြောင့် မရမ်းချောင်းပရဟိတဂေဟာလေးသည် တနှစ်အတွင်း ဂေဟာပိုင်ကားတစ်စီး ပိုင်ဆိုင်လာသည်အထိ ပြည့်စုံကြွယ်ဝလာသည်။ မတ်ဖန် (mutdfan.co ၏ အတိုကောက်) အယ်ဒီတာချုပ် ဖြစ်သူ WorkGroup IT Solution မှ ကိုဇော်လွင်ဝင်းကိုယ်တိုင်  မီဒီယာ ပေါင်းစုံမှ တဆင့် အင်တိုက်အားတိုက် လှုပ်ရှားမှုများကြောင့် စေတနာ့ရှင်များ မျက်စိအောက်သို့ မရမ်းချောင်း ပရဟိတ ဂေဟာလေး ရောက်ရှိလာသည်။  မရမ်းချောင်းဂေဟာလေး ဤမျှတိုးတက်ပြည့်စုံလာသည်မှာ တနိုင်ငံလုံး အတိုင်းအတာဖြင့် ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်နေကြသည့် အရှင်ဇ၀န(မေတ္တာရှင်) နှင့် မရမ်းချောင်းဖခင်ဟု ခေါ်ဆိုထိုက်သည့် ဆရာချစ်စံဝင်းပြီးလျှင် အင်တာနက်မီဒီယာ၏ စွမ်းပကားပင်ဖြစ်သည်။

              ဤအချက်ကို ကြည့်ချင်းအားဖြင့် အင်တာနက်အသုံးပြုသော မြန်မာ့လူငယ်များသည် မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ မနေပဲ လူမျိုးဘာသာ သာသနာအတွက် ဆောင်ရွက်လိုစိတ်ရှိသည်ကို ပိုမိုပေါ်လွင်စေသည်။ ရုရှားမှ လူငယ်များကလည်း လှူကြသည်။ စင်္ကာပူမှ လူငယ်များကလည်း မနေ။အခြားနိုင်ငံများက လူငယ်များကလည်း အားတက်သရော။ လူငယ်များ၏ အားကို လျှော့တွက်မရနိုင် ရနိုင်ကြောင်းထောက်ပြနေသည်။မရမ်းချောင်းတွင်သာမက အခြားနေရာများစွာတွင်လည်း ပရဟိတလူငယ်များ စုပေါင်း၍ ကွက်လပ်ဖြည့်လျှက် ရှိနေသည်။ အချို့ လူငယ်အဖွဲ့များ ဆိုလျှင် တလတခါ ပုံမှန် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသည်ကို ၀မ်းသာအားရ သိရှိရပါသည်။ သို့သော် တနိုင်ငံလုံးအတိုင်းအတာဖြင့် မလှုပ်ရှားနိုင်သေး။ အင်တာနက်ဆက်သွယ်မှု အကန့်အသတ်ရှိနေသည်။ မြန်မာနိုင်ငံရှိ အခြားလိုအပ်ချက် ရှိနေသော နေရာများစွာသို့ လက်လှမ်းမမှီနိုင်သေး။ ထို့ပြင် ပရဟိတ လုပ်ငန်းကို အားတက်သရော လုပ်ကိုင်နေကြသည့် လူငယ်အများစုမှာ ကျွန်တော်တို့လိုပင် လုပ်ငန်းခွင်၊ ကျောင်းစာနှင့် မကင်းလွတ်။ သည်ကြားမှပင် ရသလောက် အချိန်လု၍ သူငယ်ချင်းများစုပေါင်းကာ တက်ညီလက်ညီ လုပ်ကိုင်ကြသည်ကို အားတက်ဖွယ် တွေ့ရှိရပါသည်။ အားလပ်သော အချိန်လေးများကို မရမကစုပေါင်းကာ အများအကျိုး ဆောင်ရွက်ကြသည့် အလေ့အထသည် မူလတန်း ဖတ်စာအုပ် ထဲတွင်သာရှိသည့် ကိစ္စမဟုတ်တော့။ လက်တွေ့တွင် ပီပြင်စွာ အကောင်အထည်ပေါ်လာသည်။ သို့သော် ဝေးလံသော နေရာဒေသများသို့ ဆရာချစ်စံဝင်းတို့ အရှင်ဇ၀နတို့ကဲ့သို့ သွားရောက်နိုင်ခြင်း မရှိသေး ။ စိတ် သာရှိသော်လည်း ကိုယ်မလိုက်နိုင်သည့် သဘော။

              အွန်လိုင်းသည် အဖွဲ့အစည်းများ ဖွဲ့စည်းရန် လွယ်ကူသလို အဖွဲ့အစည်းများ ပြိုကွဲရန်လည်း လွယ်ကူသည်သာဖြစ်သည်။ မိတ်ဆွေများရရှိရန် လွယ်ကူသလို ရန်သူများ တိုးပွားရန်လည်း လွယ်ကူပါသည်။ အင်တာနက်သည် လူငယ်များအတွက် မှော်လက်နက် တခုသာဖြစ်သည်။ သုံးတင်လျှင် မမျှော်မှန်းနိုင်သော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သလို မသုံးတတ်လျှင် ဘ၀ပျက်သွားသည်အထိ ဆိုးရွား သွားနိုင်သည်။ အင်တာနက်ကြောင့် လူငယ်များ စာရိတ္တပျက်ပျားသည်ဆိုသော ဟောကိန်းများကို မြန်မာ့လူငယ်များ၏ ပရဟိတလုပ်ငန်းများမှ အလုပ်နှင့်သက်သေပြနေသည်။ တရုတ်ခေါင်းဆောင်ကြီး တယောက်ပြောခဲ့သလို ပြူတင်းပေါက်ဖွင့်ထားလျှင် လေကောင်းလေသန့်အပြင် အညစ်အကြေး ခြင်ယင်စသည်တို့ဝင်လာနိုင်သည် ဆိုသည့်စကားအတိုင်းပင် ကျွန်တော်တို့ လူငယ်များသည် လေကောင်းလေသန့်များကိုသာ စနစ်တကျစစ်ယူရန် ကြိုးစားနေကြသည်ဟု ကျွန်တော်မြင်သည်။

   
          မြန်မာနိုင်ငံသည် ဖွံဖြိုးဆဲ (အချို့ကတော့ underdeveloped ဟုသုံးပါသည်) နိုင်ငံတခုဖြစ်ခြင်းကြောင့် လူမှုရေးအကူအညီများ များစွာလိုအပ်နေသည့် နိုင်ငံတခုဖြစ်ပါသည်။ ထို့ကြောင့် ရည်ရွယ်ချက်တခုတည်းကိုပင် အကောင်အထည်ဖော်နေကြသည့် လူငယ်များ အားလုံးစုပေါင်း၍ ဘာသာ/သာသနာ အကျိုးကို အားတက်သရော ဆောင်ရွက်လျှင် မြန်မာ့ဒေသအသီးအသီးမှ တဦးတယောက်အားဖြင့် ဖြေရှင်းဆောင်ရွက် ပေးနိုင်ခြင်းမရှိသည့် အခက်အခဲများကို အဖွဲ့အစည်း စွမ်းပကားဖြင့် ကူညီဖြေရှင်း ပေးနိုင်လိမ့်မည်ဟို မျှော်လင့်မိပါသည်။ လူငယ်အဖွဲ့များ မည်မျှပင် ကွဲပြားသည်ဖြစ်စေ လည်းကောင်းတို့၏ တခုတည်းသော ရည်ရွယ်ချက်မှာ လူမှု အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးရန်သာ ဖြစ်သည်မှာ ထင်သာမြင်သာရှိလှသည်။  သို့သော် အားလုံးထက် အရေးကြီးသည်မှာ ရင်ဘတ်ထဲမှ ရည်ရွယ်ချက်သာ ဖြစ်သည်။ ဆရာချစ်စံဝင်း ပြောခဲ့ဘူးသလို လှူဒါန်းမှု အစီအစဉ်သာ အဓိက ဖြစ်ပါသည်။ မည်သည့်အဖွဲ့အစည်း ဖြစ်သည်ဆိုသည်မှာ အရေးမကြီး ။ မြန်မာ့အနာဂတ် လူငယ်များ၏ ရင်ဘတ်ထဲတွင် ပရဟိတပန်း ထာဝရ ရွှင်လန်းနေဖို့သာ အရေးကြီးလေသည်။ မြန့်မာ လူငယ်များ စုပေါင်း၍ အင်တာနက် စွမ်းအားကိုရယူပြီး အနာဂတ်မြန်မာ့လူ့ဘောင်ကို ပိုမိုသာယာလှပအောင် ဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့်ရင်း ……………..။


တောကျီးဂန်း
ခေတ္တ-မင်းကုန်း

မျက်စိဝေဒနာရှင်များကို အခမဲ့ ကုသပေးမည့် သီတဂူ စက္ခုဒါန မျက်စိအထူးကု ဆေးရုံကို နမ့်ခမ်းမြို့တွင် တည်ဆောက်လျက်ရှိ

မျက်စိဝေဒနာရှင်များကို အခမဲ့ ကုသပေးမည့် သီတဂူ စက္ခုဒါန မျက်စိအထူးကု ဆေးရုံကို နမ့်ခမ်းမြို့တွင် တည်ဆောက်လျက်ရှိ

သီတဂူ ကမ္ဘာ့ဗုဒ္ဓဘာသာတက္ကသိုလ်၏ အဓိပတိ ဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ၏ လမ်းညွှန်လှူဒါန်းချက်ဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ ဇေယျသုခ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ သီတဂူ စက္ခုဒါန မျက်စိအထူးကု ဆေးရုံကြီးကို တည်ဆောက်လှူဒါန်းမည်ဟု သတင်းရရှိသည်။

ကုန်ကျစားရိတ်များကို ဆရာတော်နှင့် သီတဂူသာသနာပြု အဖွဲ့မှ လှူဒါန်းမည် ဖြစ်ကြောင်း၊ ခုတင် ၅၀ ဆံ့ တစ်ထပ်ခွဲဆောင် အဖြစ် တည်ဆောက်လျက် ရှိသော သီတဂူ စက္ခုဒါန မျက်စိ အထူးကုဆေးရုံကို ဇွန်လ ၁၄ ရက်နေ့က ပန္နက်တင်မင်္ဂလာ ပြုလုပ်ပြီးခဲ့ကြောင်း၊ နမ့်ခမ်းမြို့တွင် တည်ဆောက်ထားသော်လည်း အနယ်နယ် အရပ်ရပ်မှ လူမျိုးဘာသာ ရဟန်းရှင်လူ မရွေး မျက်စိဝေဒနာရှင် မည်သူ့ကို မဆို လိုအပ်သလို အခမဲ့ ခွဲစိတ်ကုသပေးသွားရန် စီစဉ်ထားကြောင်း၊ အင်္ဂလန်နိုင်ငံမှ မျက်စိခွဲစိတ်ပါရဂူများလည်း သုံးလလျှင် တစ်ကြိမ် လာရောက် ကူညီ ကုသပေးသွားမည် ဖြစ်ကြောင်း၊ ကုန်ကျစားရိတ် စုစုပေါင်းမှာ သိန်း ၂၅၀၀ ကျပ်ဟု တွက်ချက်ထားကြောင်း ကမာရွတ် မြို့နယ် ဦးထွန်းလင်းခြံလမ်းနေ သီတဂူ သာသနာပြု အဖွဲ့ဝင် တစ်ဦးက mmDailyNews သို့ ပြောပြခဲ့သည်။



ကုသစားရိတ် မတတ်နိုင်သော မျက်စိဝေဒနာရှင်များ၏ အားထားရာ ထာဝရ ဒါန ဖြစ်လာမည့် သီတဂူ စက္ခုဒါန မျက်စိအထူးကု ဆေးရုံ တည်ဆောက်ရေး၌ ပါဝင်လှူဒါန်းလိုပါလျှင် ရန်ကုန်ဖုန်း ၀၁ ၅၅၈၄၄၇၊ မန္တလေးဖုန်း ၀၉၂၀ ၂၄၆၆၁၊ နမ့်ခမ်းမြို့ ဇေယျသုခ ကျောင်းတိုက် ဖုန်း ၀၈၂ ၆၁၀၁၂၊ ၀၉ ၄၇၃၂ ၂၄၅၃ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။
Written by : နိုင်မော်ကွန်း 

မသန်စွမ်းသူများ ကွန်ပျူတာ အလွန် အဆင်ပြေစွာ အသုံးပြုနိုင်စေမည့် Predator စနစ်ကို အင်္ဂလန်ကျောင်းသားတစ်ဦး တီထွင်နိုင်ခဲ့ (သို့) ရောက်ရာ တစ်ထောင့်တစ်နေရာတွင် မီးထွန်းညှိသူများအကြောင်း

မသန်စွမ်းသူများ ကွန်ပျူတာ အလွန် အဆင်ပြေစွာ အသုံးပြုနိုင်စေမည့် Predator စနစ်ကို အင်္ဂလန်ကျောင်းသားတစ်ဦး တီထွင်နိုင်ခဲ့ (သို့) ရောက်ရာ တစ်ထောင့်တစ်နေရာတွင် မီးထွန်းညှိသူများအကြောင်း

ဆာရီ၊ ဧပြီ ၁

မသန်စွမ်းသူများ အထူးပိုင်နိုင်အဆင်ပြေစွာ ကွန်ပျူတာ အသုံးပြုနိုင်စေရန် အထောက်အကူ ပေးမည့် Predator System ခေါ် အချက်ပြဆက်သွယ်ရေး စနစ်တစ်ခုကို အင်္ဂလန် နိုင်ငံ Surrey တက္ကသိုလ်ရှိ Zdenek Kalal အမည်ရှိ အမြင်အာရုံ၊ အကြားအာရုံနှင့် စကားသံနှင့် အချက်ပြဆက်သွယ်ရေး ပညာရပ်များ ဆိုင်ရာ စင်တာမှ ကျောင်းသားတစ်ဦးက တီထွင်ဖော်ထုတ် လိုက်နိုင်ပြီ ဖြစ်သည်။ အဆိုပါ စနစ်ကို တီထွင်နိုင်မှုကြောင့် ယင်းလူငယ်ကို ဗြိတိသျှ အင်ဂျင်နီယာနှင့် ရူပဗေဒသိပ္ပံ သုတေသန ကောင်စီ (UK’s Engineering and Physical Sciences Research Council) က နည်းပညာဆိုင်ရာ ဘက်စုံ ထူးချွန်ဆုကို ချီးမြှင့်ပေးအပ်လိုက်ကြောင်းလည်း အင်တာနက် သတင်းများ အရ သိရသည်။

Predator နည်းစနစ်၏ အသီးအပွင့် ရလဒ်အနေဖြင့် ကွန်ပျူတာ တစ်ခုတွင် အဆိုပါ နည်းစနစ် ပါရှိပါက ကိုယ်လက်အင်္ဂါ မသန်စွမ်းသူ တစ်ဦးသည် သေးငယ်သော ထိန်းချုပ်ကိရိယာ တစ်ခုခု (ဥပမာ memory stick အရွယ် ကိရိယာတစ်ခု စသည်) ကို ပါးစပ်ထဲတွင် ကိုက်ထားရုံဖြင့် မောက်စ် အပါအ၀င် ကွန်ပျူတာ တစ်ခုလုံးကို အလွယ်တကူ ထိန်းချုပ် အသုံးပြုနိုင်မည်ဟု သိရသည်။

ထို့အပြင် အသုံးပြုသူသည် အသုံးပြုနေစဉ် အနီးအဝေး ထွက်ခွာသွားပြီး ပြန်လာလျှင်လည်း ဆက်လက် အသုံးပြုနိုင်ခြင်း၊ ဝေးကွာသော နေရာမှ လှမ်း၍ ထိန်းချုပ် အသုံးပြုနိုင်ခြင်း၊ အသုံးပြုသူများ၏ အချက်အလက် လုံခြုံစိတ်ချရရေး အတွက် လက်ဗွေ၊ မျက်နှာ စသည့် ကိုယ်ပိုင်အမှတ်အသားများဖြင့် ခန္ဓာကိုယ်ဆိုင်ရာ သက်သေခံ လုံခြုံရေးစနစ် (Biometric Security System) ပါ ထည့်သွင်းအသုံးပြုနိုင်ခြင်း စသော ထူးခြားသည့် အရည်အသွေးများ ရှိကြောင်း သိရသည်။


Predator System တီထွင်ရေးသားသူ အင်္ဂလန်နိုင်ငံသား Zdenek Kalal

ကိုယ်အင်္ဂါ မသန်စွမ်းသူများ ဤကဲ့သို့သော အသုံးပြုနိုင်သော နည်းပညာအချို့ ယနေ့ကမ္ဘာတွင် ပေါ်ပေါက်ပြီး ဖြစ်သော်လည်း Predator စနစ်က ယခင်စနစ် အားလုံးထက် လွယ်ကူချောမွေ့ အဆင်ပြေမှု၌ ပြိုင်ဘက်ကင်းသည်ဟု ပညာရှင်များက ကောက်ချက်ချကြကြောင်း ဗြိတိသျှ ရူပဗေဒ ပညာရှင်များ ၀က်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

ယခု နည်းပညာသစ်သည် ကိုယ်အင်္ဂါ မသန်စွမ်းသော်လည်း မျက်စိမြင်သူများ အတွက်သာ အဆင်ပြေဖွယ် ရှိသလို မြန်မာပြည်တွင်း၌လည်း ကိုယ်အင်္ဂါ သန်စွမ်းကာ မျက်စိမမြင်သူများ အသုံးပြုနိုင်မည့် AOL Myanmar Braille 1.0 အမည်ရှိ မျက်မမြင်လက်စမ်းစာများမှ မြန်မာစာ၊ မြန်မာစာမှ မျက်မမြင်လက်စမ်းစာ အပြန်အလှန် ဘာသာပြန်နိုင်သော ဆော့ဖ်ဝဲလ်ကို ကိုယ်တိုင် မျက်မမြင် ဖြစ်သော မြန်မာလူမျိုး ကွန်ပျူတာ ပညာရှင် ကိုအောင်လွင်ဦးက တီထွင်အောင်မြင်ခဲ့ကာ www.aunglwinoo.net ၀က်ဘ်ဆိုက်တွင် အခမဲ့ ဖြန့်ဝေပေးအပ်ထားသည်ကို တွေ့ရှိရပါသည်။



AOL Myanmar Braille 1.0 တီထွင်ရေးသားသူ မြန်မာကွန်ပျူတာ ပညာရှင် ကိုအောင်လွင်ဦး

အဆိုပါ ဆော့ဖ်ဝဲလ်သည် မြန်မာစာများကို မျက်မမြင်များ လွယ်ကူစွာ ဖတ်ရှုနိုင်စေသလို မျက်မမြင် စာများကိုလည်း ပုံမှန်လူများ ဖတ်ရှုနိုင်ရန် ပေါင်းကူးပေးနိုင်ခဲ့သည့် အတွက် အကြောင်းကြောင့် မျက်စိအလင်း မရသော်လည်း စာပေရေးသားရန် ၀ါသနာ ပါသူများ ဘ၀အတွက် အစားထိုး အလင်းရောင်တစ်ခု ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း mmDailyNews မှ ဂုဏ်ယူစွာ ဖော်ပြအပ်ပါသည်။
Translated by : ရဲဘုန်းမင်း


ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရီးစဉ် တိုက်ရိုက် တင်ဆက်မှု

ဒေါ်အောင်ဆန်းစုကြည် ပဲခူးခရီးစဉ် တိုက်ရိုက် တင်ဆက်မှု

 
ဆီးကြို နှုတ်ဆက်ကြသည့် ပြည်သူလူထုများ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၆ နာရီ ၂၉ မိနစ်
dsvisitpugo7
  • သနပ်ပင်မြို့မှ ပဲခူးမြို့သို့ ပြန်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို ဆီးကြိုနှုတ်ဆက်ကြသည့် ပြည်သူလူထုများကို တွေ့ရစဉ်။ (ဓါတ်ပုံ မဇ္ဈိမ)
အောင်ဆန်းဂျာမွန်း စာကြည့်တိုက်တွင် မိန့်ခွန်းပြောကြား
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၆ နာရီ ၂၉ မိနစ်
dsvisitpugo2
  • အောင်ဆန်းဂျာမွန်း စာကြည့်တိုက် ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြား
    (ဓါတ်ပုံ မဇ္ဈိမ)

dsvisitpugo1
  • အောင်ဆန်းဂျာမွန်း စာကြည့်တိုက် ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြား
    (ဓါတ်ပုံ မဇ္ဈိမ)

dsvisitpugo
  • ပဲခူးမြို့ ရွှေမော်ဓော ဘုရားသို့ ဦးစွာ ဝင်ရောက်ဖူးမြော်သည် (ဓါတ်ပုံ မဇ္ဈိမ)
    (ဓါတ်ပုံ မဇ္ဈိမ)
ရန်ကုန်ပြန်ပြီ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၃ နာရီ ၄၇ မိနစ်
ဒေါ်အောင်ဆန်းစုကြည်က ရေဘေး ဒုက္ခသည်များကို အားပေးစကား ပြောကြားပြီးနောက် မြန်မာစံတော်ချိန် ၃ နာရီ၌ ပဲခူးမြို့မှ ရန်ကုန်မြို့သို့ ပြန်သွားပြီ ဖြစ်သည်။

“ဒုက္ခသည်တွေက တက်တက်ကြွကြွ ကြိုဆိုကြတာပေါ့။ ဒုက္ခသည်တွေရော၊ အဲဒီရပ်ကွက်က လူတွေကော အားလုံးပေါင်း ၂,၀၀၀ လောက်က ပြွတ်သိပ်ကျပ်နေတာဘဲ။ အခုတော့ ဘုန်းကြီးကျောင်း ကနေ ရန်ကုန်ကို ပြန်နေပါပြီ။ အခုက လမ်းပေါ်မှာပါ”ဟု ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောသည်။
အောင်ဆန်းဂျာမွန်း စာကြည့်တိုက် ဖဲကြိုးဖြတ် ဖွင့်လှစ်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၃ နာရီ ၂၆ မိနစ်
Amay-Suu-Bago-Trip
  • အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အတွက် ဒေါ်အောင်ဆန်းစုကြည် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးနေစဉ်။ ဓာတ်ပုံ-Citizen journalist

အောင်ဆန်းဂျာမွန်း


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ တနင်္ဂနွေနေ့ ပဲခူးတိုင်း
နိုင်ငံရေး ခရီးစဉ်အတွင်း အောင်ဆန်းဂျာမွန်း စာကြည့်တိုက် နှစ်ခုကို ဖွင့်လှစ်ခဲ့သည်။

ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင် ၂၃ လမ်းနှင့် သနပ်ပင်မြို့ နဝရတ်ကိုးသွယ်လမ်းတို့တွင် တည်ရှိသည့် ထိုအောင်ဆန်းဂျာမွန်း စာကြည့်တိုက်များတွင် စာအုပ်ပေါင်း ၄,ဝဝဝ ကျော် ရှိသည်ဟုသိရသည်။ ထိုစာကြည့်တိုက်နှစ်ခုကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပဲခူးတိုင်းနှင့် ဒေသခံ ပြည်သူများ ဦးဆောင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ စာကြည့်တိုက် တခုစီအတွက် ကုန်ကျစရိတ်မှာ ကျပ်ငွေ ၁၀ သိန်းကျော် ဖြစ်သည်။

ဤစာကြည်တိုက်နာမည်ဖြစ်သည့် အောင်ဆန်းဂျာမွန်း အစပြုလာပုံမှာ ==>>
ရေဘေးဒုက္ခသည်များနှင့်တွေ့ဆုံ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၄၉ မိနစ်
ဒေါ်အောင်ဆန်းစုကြည်က ပဲခူးမြို့ အနောက်ရွှေနံ့သာကျောင်းတိုက်ရှိ ရေဘေးဒုက္ခသည်များကို ဒေသစံတော်ချိန်
၂ နာရီခွဲ အချိန်တွင် သွားရောက်တွေ့ဆုံကာ အားပေးစကားပြောနေသည်။

“အခုဒီမှာ ရေဘေးဒုက္ခသည်တွေ ရှိနေတဲ့ ရွှေနံ့သာကျောင်းတိုက်ကို ရောက်နေတယ်။ အဲဒီမှာ ဒုက္ခသည်တွေကို အားပေးမယ်။ ဆန်၊ ခေါက်ဆွဲခြောက်တွေ လှူဖို့ ရှိပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ပဲခူးမြို့ရှိ ရေဘေးဒုက္ခသည် စခန်းပေါင်း ၇ ခုတွင် ဒုက္ခသည်ပေါင်း ၃ ထောင်ကျော်ရှိပြီး ထိုစခန်း ၇ ခုထဲမှ
ရွှေနံ့သာ ကျောင်းတိုက်တွင် ဒုက္ခသည်ပေါင်း ၁,၉၅၆ ဦး ရှိသည်ဟုသိရသည်။

ယင်းဒုက္ခသည်များကို ဒေါ်အောင်ဆန်းစုကြည်က ဆန်နှင့် ခေါက်ဆွဲထုပ်များကို ပေးလှူခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခရီးစဉ်များ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၅၁ မိနစ်
- ၁၉၈၉ ဇန်နဝါရီ ၁၄ - ဧရာဝတီတိုင်း စည်းရုံးရေးခရီးစဉ်အဖြစ် မအူပင်သို့ ရေကြောင်းဖြင့် သွားရောက်ခဲ့သည်။ မအူပင် မဝတမြို့နယ်ကောင်စီမှ ပြည်သူလူထုအား “မကြိုဆိုရ၊ လက်မပြရ၊ ပန်းစည်း မဆက်ရ၊ လက်ခုပ်မတီးရ၊ အိမ်ခြံဝင်းအတွင်းမှ မထွက်ရ” ဟူ၍ ကန့်သတ်ခဲ့သည်။

- ၁၉၈၉ ဖေဖော်ဝါရီ ၁၁ - ရှမ်းပြည်နယ် ပင်လုံသို့ နိုင်ငံရေးခရီးစဉ်ထွက်ခဲ့ကာ တိုင်းရင်းသားနိုင်ငံရေး ပါတီများ
နှင့် တွေ့ဆုံခဲ့သည်။ ပင်လုံကျောက်တိုင်ရှေ့ ပြည်ထောင်စုရင်ပြင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒ သဘောထားနှင့် ယေဘုယျ လုပ်ငန်းစဉ်များအား ရေးသား ဖော်ပြထားသည့် “ဒီမိုကရေစီ ပြည်ထောင်စုသစ်
ကြေညာစာတမ်း” ကို ဖတ်ကြားခဲ့သည်။

- ၁၉၈၉ ဧပြီ ၅ – NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူမြို့တွင် စစ်တပ်က ဟန့်တားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ရန် ဗိုလ်ကြီးမြင့်ဦးမှ စစ်သား ၆ ယောက်ကို အမိန့်ပေးခဲ့ရာ ဗိုလ်မှူး ၂ ဦးက ဝင်ရောက်တားမြစ်ခဲ့သည်။

- ၁၉၈၉ ဧပြီ ၂၇ - ကချင်ပြည်နယ်သို့ စည်းရုံးရေးခရီးစဉ် သွားရောက်ခဲ့သည်။ ခရီးစဉ်အတွင်း မြစ်ကြီးနား အဖွဲ့ချုပ် စည်းရုံးရေးမှူးများနှင့် တွေ့ဆုံသည့်အပြင် ပြည်သူများနှင့်လည်း တွေ့ဆုံခဲ့သည်။ ယင်းနောက် ကချင် ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ကရက် KNDC ရုံးသို့သွား၍ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြည်ထောင်စု တည်ဆောက်ရေး အတွက် အမြင်ဖလှယ်၊ တွေ့ဆုံဆွေးနွေးခဲ့သည်။

- ၁၉၈၉ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ဧရာဝတီတိုင်းဘက်သို့ သွားရောက်ခဲ့သော်လည်း လမ်းခုလတ်တွင် အာဏာပိုင်များက ပိတ်ဆို့ဟန့်တားခဲ့သည်။

- ၁၉၉၆ မတ် ၁၃ – မန္တလေးသို့သွားရန် စီစဉ်ရာ အာဏာပိုင်တို့မှ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲ
ကို ပြင်ဆင်ရန်ဟု အကြောင်းပြ ဖြုတ်သိမ်းပြီး ခရီးစဉ်ကို တားဆီးခဲ့သည်။

- ၁၉၉၈ ဇူလိုင် ၂၃ – ဦးတင်ဦးနှင့်အတူ ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းသို့ သွားရောက်ရန် ကြိုးပမ်းရာ တားဆီးခံရသည်။ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့ အနီး ၁၃ ရက်ကြာ ပိတ်ဆို့ ခံရသည်။

- ၂ဝဝဝ သြဂုတ် ၂၄ – ရန်ကုန်မြို့တဘက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ တားဆီးခံခဲ့ရသည်။ ယင်းနောက်
ခေတ္တ ထိန်းသိမ်းထားပြီး စက်တင်ဘာ ၂ ရက်နေ့ကျမှသာ နေအိမ်သို့ ပြန်ပို့ခံခဲ့ရသည်။

- ၂ဝဝဝ စက်တင်ဘာ ၂၁ – မန္တလေးသို့ ခရီးထွက်ရန် စီစဉ်ရာ ရန်ကုန်ဘူတာကြီး၌ တားဆီးခံရပြီး နေအိမ်သို့ ပို့ဆောင်ခံရကာ ၂ နှစ် နီးပါး အကျယ်ချုပ်ချခံရသည်။

- ၂ဝဝ၃ ဧပြီ ၁ဝ - အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်အဖြစ် ချင်းပြည်နယ် မတူပီသို့ သွားရောက်ခဲ့သည်။ ခရီးစဉ်အောင်မြင်ခဲ့သော်လည်း ခရီးစဉ် အဆင်ပြေချောမွေ့ရေးနှင့် လုံခြုံရေး အထူးတာဝန်ယူထားသူ ဆလိုင်း
လှမိုး အပါအဝင် မတူပီမြို့နယ် အတွင်းရေးမှူး ဆလိုင်းအောင်ထန်း၊ လူငယ်ရေးရာတာဝန်ခံ ဆလိုင်းပါထိန်းကို ခရီးစဉ်ပြီးနောက် ဖမ်းဆီးခဲ့သည်။

- ၂ဝဝ၃ မေ ၃ဝ – အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး အတိုက်ခိုက်ခံရသည်။ ယာဉ်မောင်းဖြစ်သူ ကိုကျော်စိုးလင်းမှ ကားမောင်း ထွက်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ သို့သော် ရေဦးမြို့၌ အဖမ်းခံရပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရသည်။ ထိုမှတဆင့် နေအိမ် အကျယ်ချုပ်ကျခံရသည်။

ခရီးစဉ်အပေါ် ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရေစီအင်အားစု- FDB မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နိုင်အောင်၏ အမြင်။
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁ နာရီ ၃၉ မိနစ်
“ပထမတခုအနေနဲ့ကတော့ လူထုခေါင်းဆောင်တယောက်အနေနဲ့ ကိုယ့်အောက်ခြေပါတီ အဖွဲ့အစည်းဝင်တွေနဲ့ လူထုနဲ့ သွားတွေ့တာ ကောင်းပါတယ်။ ဒီခရီးစဉ်ကြည့်ရတာ ဒုတိယအကြိမ် တွေ့ဆုံပြီးတော့ သွားတယ်ဆိုတော့ ဘာပဲပြောပြော ညှိညှိနှိုင်းနှိုင်းလုပ်ကြတဲ့ပုံပေါ့လေ။ ဆိုတော့ ဒီခရီးထဲမှာ စာကြည့်တိုက်ဖွင့်မှာတို့၊ ကိုယ့်အဖွဲ့ဝင် လူငယ်တွေနဲ့တွေ့မှာတို့အပြင် တခြားလူထုတွေကို ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့်တွေ့မလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ လူထုတွေကို ကျယ်ကျယ်ပြန့်ပြန့် တွေ့တယ်ဆိုလို့ရှိရင်တော့ ဆွေးနွေးပွဲရဲ့ ပူးပေါင်းဆောင်ရွက်မှုက တခုမြင့်လာတယ်လို့ ပြောရမယ်။ ဒါပေမဲ့လို့ စာကြည့်တိုက်ဖွင့်ရုံပဲ သွားတယ်ဆိုရင်တော့ တဘက်နဲ့ တဘက် အပြန်အလှန် မထိခိုက်ရေး အောက်မှာပဲ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်နေကြသလားဆိုပြီးတော့ ယူဆရမှာပေါ့။

“တခုရှိတာကတော့ အခုလို ဆွေးနွေး ညှိနှိုင်းနေတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆွေးနွေးနေရတဲ့ အသေးစိတ်နဲ့ မဟာဗျူဟာတွေကို သူ ရှင်းပြချင်မှ ရှင်းပြနိုင်မှာပါ။ ဒါပေမဲ့လို့ အခုလိုမျိုး လူထုကို တွေ့တဲ့ အချိန်မျိုးမှာတော့ဖြင့် သူ့အနေနဲ့တော့ ကျနော်တို့ ပြည်သူတွေ အားလုံးလိုချင်တဲ့ ပြောင်းလဲမှုကို ရဖို့ ဘယ်လိုမျိုး စဉ်းစားချက်တွေ လုပ်ဆောင်သွားမယ်။ ဘယ်လိုမျိုး အခြေခံတွေကိုတော့ဖြင့် ဘယ်လိုမျိုး ကိုင်ဆောင်သွားမှာ ဖြစ်တယ်။ နောက် ဒီလူထုအပိုင်းကလည်း ဘယ်လောက် တိတိကျကျ ပါဝင်ရမယ်ဆိုတဲ့အပိုင်းတွေကို သေသေချာချာ ပြောဖို့ လိုတယ်ထင်တယ်”

“ဆိုလိုတာက ကျမတို့ပဲ လုပ်လို့မရဘူး။ လူတွေလည်း လုပ်ဖို့ လိုတယ်ဆိုတာ။ ဒါပေမဲ့ ဘာလုပ်ရမလဲ ဆိုတာမျိုးပေါ့။ အထူးသဖြင့် ကျနော်မြင်တာက လူငယ်တွေနဲ့ တွေ့တဲ့အပိုင်းမှာ ဒီလူမှုရေးကွန်ယက်တွေ ဖွဲ့ကြပါ။ လူတွေထဲမှာ နိုင်ငံရေး ချကြပါဆိုပေမယ့်လို့ အဲဒီလို နိုင်ငံရေးချတဲ့ အလုပ်တွေက ဘယ်လို ပုံစံမျိုးနဲ့ ချမှာလဲ။ လူမှုရေးလုပ်ငန်းဖြစ်တဲ့ NGO ကို လုပ်ငန်းသက်သက်လား။ နိုင်ငံရေး ပညာပေးရေး လုပ်ငန်းတွေ၊ တည်ဆောက်ရေး လုပ်ငန်းတွေ ဘယ်လောက် ပါမှာလဲ။ အဲဒီလို လုပ်ငန်းတွေကို NLD က ဘယ်လို ကူညီပေးမှာလဲ။ အရည်အသွေးဖြည့်ပေးမှာလဲ။ အဲဒါတွေ ဆက်စပ်အောင် ဘယ်လိုလုပ်မှာလဲ။ လက်တွေ့ လုပ်ငန်းသဘောပါတဲ့ ဆွေးနွေးမှုမျိုးတွေ ပို လုပ်ပေးနိုင်ရင် လူငယ်တွေလည်း ပိုပြီး အားရှိမယ်။ အမြင်လည်း ပိုတွေ့မယ်။ လုပ်ငန်းလည်း ပိုကောင်းလာတယ်ပေါ့”
“၁၁ နှစ်ကြာမှ တခါလာတာ”
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁ နာရီ ၁၇ မိနစ်
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နှုတ်ချက် (၁)

(ပဲခူးမြို့ရှိ ဦးမြတ်လှ အိမ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားခဲ့သော မိန့်ခွန်းကို ကောက်နှုတ် ဖော်ပြ ထားခြင်း ဖြစ်သည်။)

“ ကျမ ပဲခူးကို တခေါက်လာတုန်းက အဲဒီတုန်းက ကမ္ဘာ့ဘောလုံးပဲ နောက်ဆုံးနေ့ ဖြစ်တယ် အဲဒီနေ့မှာတောင်မှ ပဲခူးက မြို့သူမြို့သားတွေက ထွက်ပြီးတော့ ကြိုကြတာ၊ အဲဒီတုန်းက ဘဘ ဦးတင်ဦးက မေးတယ် ဘောလုံးပွဲ မကြည့်ဘူးလားလို့ မေးတယ် ဆိုတော့ ပြန်ဖြေတာက ဘောလုံးပွဲကတဲ့ ၄ နှစ်တခါ ကြည့်ရတယ်တဲ့ ကျမလာတာက ၁၁ နှစ်မှ တခါလာတာတဲ့”

“အဲဒီတော့ ဒီလိုထောက်ခံမှုတွေ ရှိလာတော့ ကျမတို့မှာ တာဝန်ရှိလာပါတယ်၊ လူထုက ထောက်ခံတယ် ဆိုတာ ဟာ မျှော်လင့်ချက်နဲ့ ထောက်ခံတာပါ၊ ဒါလည်း ဖြစ်သင့်ပါတယ် ပြည်သူလူထုဘက်ကလည်း ကိုယ်မျှော်လင့်နိုင် သလောက် ထောက်ခံရမှာပေါ့၊ မဟုတ်လို့ရှိရင် ဘာလို့ ထောက်ခံမလဲ မောတယ်၊ တယောက်ယောက်ကို
မျှော်လင့်ချက်နဲ့ ထောက်ခံတယ် ဆိုတော့ ကျမတို့ကလည်း ကိုယ့်တာဝန် ကိုယ်ကျေရမယ် ဆိုတာ ကျမတို့ အများကြီး နားလည်ပါတယ်"

“နိုင်ငံရေးဆိုတာဘာလဲဆိုတော့ ကိုယ့်နိုင်ငံကို တိုးတက်အောင် အေးချမ်းအောင်လို့ တည်ငြိမ်အောင်လို့ ညီညွတ်အောင်လို့ ဒါမှသာ နိုင်ငံရေးခေါ်တယ် အဲဒီတော့ နိုင်ငံရေးဟာ နိုင်ငံရေးပဲ နိုင်ငံရေးကို ရှေ့ထားပြီးတော့ ကျမတို့ လုပ်နိုင်ရမယ်၊ အမှန်ပြောရမယ်ဆိုရင် နိုင်ငံသူနိုင်ငံသားအားလုံး တယောက်ချင်း တယောက်ချင်းစီမှာ
ဇောက်ချ ပြီးတော့ ဘဝပေးပြီးတော့ နိုင်ငံရေးမှာ လုပ်နိုင်ရမယ်”

“ကျမတို့နိုင်ငံမှာ ပြောပြောနေတယ် ဝန်ထမ်းတွေလိုတယ်၊ ကျောင်းဆရာ ဆရာမတွေလိုတယ်၊ ဆရာဝန်တွေ
လိုတယ် အမျိုးမျိုးပေါ့၊ အဲဒီတော့ လိုအပ်ချက်တွေက အများကြီးရှိတဲ့အခါကျတော့ လူတိုင်းလူတိုင်းက အချိန်ပြည့်
နိုင်ငံရေး လုပ်ရမယ်လို့ မဆိုလိုဘူး”

“နိုင်ငံရေးလုပ်တယ်ဆိုတာဟာ အဓိက ရည်ရွယ်ချက်ကတော့ ပြည်သူတွေ ကိုယ်စားပြုတဲ့ ပြည်သူလူထု
မျှော်လင့်ချက်တွေကို အကောင်အထည် ဖေါ်ဖို့ လိုပါတယ် အဲဒီတော့ နိုင်ငံရေး လုပ်တယ် ဆိုတာဟာ အလုပ်နဲ့ တာဝန်နဲ့လည်း တွဲရမယ်၊ ပြည်သူတွေမှာလည်း တာဝန်ရှိပါတယ်၊ ပြည်သူတွေ တာဝန်သိမှ ကိုယ်လိုချင်တဲ့ ကိစ္စတခုကို ပုံစံဖေါ်နိုင်မှာ၊ ကိုယ်က တာဝန်မယူဘဲနဲ့ ငါတို့လုပ်ချင်တဲ့ ပုံစံမဖြစ်ဘူး အဲဒီလို ပြောလို့ မရဘူး၊ ကိုယ်ဖြစ်ချင်တဲ့ပုံစံကို ရအောင်လို့ ကျမတိုက်တွန်းချင်တယ်”
စိတ်ဓာတ် ကြံ့ခိုင်ဖို့လို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်
(မြန်မာစံတော်ချိန် ၁၁ နာရီခွဲ)

ဒေါ်အောင်ဆန်းစုကြည်၏ ၁၅ မိနစ်ကြာ မိန့်ခွန်းတွင် သောကြာနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုအပေါ် မကြာမီ လူထုကို ထုတ်ဖော်ပြောကြားမည် ဖြစ်ပြီး စိတ်ဓါတ်ကြံ့ခိုင်ရန်
ပြောဆိုသွားသည်ဟု ပဲခူးတိုင်း NLD ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

“သူက လူတွေ ညီညီညွတ်ညွတ်ရှိဖို့ ပြောတယ်။ နောက်တခုက ဦးအောင်ကြည်နဲ့ သူနဲ့ တွေ့တဲ့ ကိစ္စကို သိပ်သိချင်ကြမယ်။ အခုလည်း ပြောသင့်သလောက်တော့ ပြောပြီးပါပြီ။ နောက်သေချာတဲ့ အချိန်ကြရင်
လူထုကို ထုတ်ပြီး ပြောပါ့မယ်တဲ့။ တခြားက စိတ်ဓါတ်ကြံ့ခိုင်ဖို့ အရမ်း အရေးသိပ်ကြီးတယ်ပေါ့။ စိတ်ဓါတ်ကြံ့ခိုင်မှ ရှေ့ဆက် အလုပ်လုပ်လို့ ရမယ်ပေါ့။ အဲဒါတွေပြောတယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းမှ ရေဘေး ဒုက္ခသည်များ အတွက် အလှူငွေ ၅ သိန်း လှူဒါန်းခဲ့သည်
ဟု သိရသည်။

“အခု ရေဘေးဒုက္ခသည်တွေကို လှူဖို့ ကျနော့်ကို လွှဲပေးနေတယ်။ ထမင်းစားပြီးရင်တော့ ပဲခူးတိုင်းက ရှေ့နေ ကွန်ယက်တွေနဲ့ တွေ့ချင်တယ်လို့ ပြောတယ်။ အခုက ထမင်းစားနေတုန်းဆိုတော့ မပြောရသေးဘူး”ဟု သူက ဆက်ပြောသည်။
စာကြည့်တိုက်ဖွင့်ပြီး
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၃၀ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် တနင်္ဂနွေနေ့ နံနက် ၉း၃ဝ က ပဲခူတိုင်း သနပ်ပင်မြို့နယ်ရှိ အောင်ဆန်းဂျာမွန်း စာကြည့်တိုက်ကို ဖွင့်လှစ်ပေးခဲ့ပြီး ယခုအချိန်တွင် ပဲခူးမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

စာကြည့်တိုက်ကို ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အခမ်းအနားတွင် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ သနပ်ပင်မြို့နယ် ရပ်မိ၊ ရပ်ဖ တဦးချင်းစီတို့မှ မိန့်ခွန်းပြောကြားခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် အဓိကအားဖြင့် ပညာရေးနှင့်ပတ်သက်၍ အထိကထား ပြောကြားပြီး လူငယ်များ စာဖတ်ကြရန်လည်း တိုက်တွန်းပြောဆိုသွားသည်။

သနပ်ပင်မြို့မှ ပဲခူးမြို့သို့ နာရီဝက် ခရီးစဉ်အတွင်း လမ်းတလျောက်ရှိ ဒေသခံ ပြည်သူများမှလည်း ၅ ယောက်
အုပ်စု၊ ၄ ယောက်အုပ်စု၊ ၃ ယောက်အုပ်စု၊ စသည်ဖြင့် အုပ်စုငယ်ကလေးများဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို
ကြိုဆိုနှုတ်ဆက်ကြကြောင်း ထိနေရာတွင် ရောက်နေသည့် သတင်းထောက်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နေ့လည်ပိုင်းအတွင် ပဲခူးတိုင်း NLD ဥက္ကဋ္ဌ ဦးမြတ်လှ အိမ်တွင်ထားရှိသည့် စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ပေးဦးမည်ဖြစ်သည်။
ဒေါ်စု ပဲခူးရောက်ပြီ ဒေသခံ ၃,ဝဝဝ ကျော်ကြိုဆို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၉ နာရီ ၂၀ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။          ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် သည် ပဲခူးတိုင်းအတွင်းရှိ စာကြည့်တိုက်များ တနင်္ဂနွေနေ့တွင် ဖွင့်လှစ်ပေးမည်ဖြစ်ရာ၊ ဒေသ စံတော်ချိန် ၉ နာရီခန့်က အောင်ဆန်းဂျာမွန်း စာကြည့်တိုက်ရှိရာ ပဲခူးတိုင်း သနပ်ပင်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။

ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ NLD ၏ ဒုဥက္ကဋ္ဌ ဦးတင်ဦးလည်း ပါဝင်ကာ ဒေါ်အောင်ဆန်းစုကြည်
၏ လုံခြုံရေးကိုမူ NLD ဗဟိုလုံခြုံရေးလူငယ်အဖွဲ့က တာဝန်ယူ ဆောင်ရွက်သည်။

အောင်ဆန်းဂျာမွန်း စာကြည့်တိုက်ရှိရာ သနပ်ပင်မြို့ နဝရတ်ကိုးသွယ်လမ်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာရာ ဒေသခံ ၃,ဝဝဝ ခန့် ကြိုဆိုနှုတ်ဆက်ကြသည်ဟုလည်း NLD ၏ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဆိုသည်။

"ပရိသတ်က ကြိုဆိုနှုတ်ဆက်နေတယ် မေမေစုကို ချစ်တယ် ဆိုတဲ့ စာတမ်းလေးတွေကို ဝှေ့ရမ်းပြီးတော့ ပရိသတ်
က ကြိုဆိုနေတယ်၊ လူထုက ကြိုဆိုနေတုန်းပဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံ လူခန္ဓာကိုယ်ထက်ကြီးတဲ့ ပိုစတာကြီးတွေ အဲဒါတွေနဲ့ ကြိုဆိုကြတယ်"

သတင်းပေးပို့ချိန်တွင် ပရိသတ်မှ ဒေါ်စုကို မိန့်ခွန်းပြောရန် တောင်းဆိုနေပြီး ဒေါ်စုမှလည်း မိန့်ခွန်းပြောရန် အစီအစဉ်ရှိသည်ဟု ဦးအုန်းကြိုင်က မဇ္ဈိမကိုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ NLD ၏ ဗဟိုလုံခြုံရေး အဖွဲ့ဝင်များသည် ရန်ကုန်မှ တနင်္ဂနွေနေ့နံနက် ၅ နာရီ
၄၅ မိနစ်တွင် ထွက်ခွာလာခြင်းဖြစ်သည်။

ခရီးစဉ်အတွင်း ပဲခူးမြို့ ရွှေမောဓော စေတီကို နံနက် ၇း၎ဝ တွင် ဝင်ရောက်ဖူးမျှော်ကြပြီး ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ကျောင်း ဆရာတော်ကိုလည်း ဝါဆိုသင်္ကန်း ကပ်လှူခဲ့သေးသည်။

မိုးရွာပြီးရေကြီးနေသည့် ပဲခူးတွင် ရေပြန်ကျသွားပြီဖြစ်ကာ ရာသီဥတုလည်း သာယာကြောင်း NLD ၏ ပဲခူးတိုင်း ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။

"မိုးလေဝသက တော်တော်ကောင်းတယ် မနေ့ကညက နေသာနေတယ်၊ အခုလည်း နေသာတယ်"

ရန်ကုန်မှ သတင်းထောက် အများအပြား လိုက်ပါသွားရာ ယာဉ်တန်းတွင် ကားအစီးပေါင်း ၂ဝ ခန့် ပါဝင်သည်။
ပဲခူး ရွှေမော်ဓောမှာ
ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်ချိန်တွင် ကြည်ပြာရောင် ဝတ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ပါလာသော ကားအစီးပေါင်း ၃ဝ ကျော်သည် ပဲခူးမြို့သို့ ရောက်ရှိလာပြီး ရွှေမော်ဓောဘုရားကို ပထမဆုံး ဝင်ရောက် ဖူးမျှော်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပါလာသော လုံခြုံရေး လူငယ်အဖွဲ့က ရွှေမော်ဓော အနောက်ဘက် မုဒ်တွင်
 ရောက်ရှိလာပြီး ပဲခူးမြို့မှ လုံခြုံရေး အဖွဲ့များ ပူးပေါင်း၍ လုံခြုံရေး အပြည့်ဖြင့် ရွှေမော်ဓော အနောက်ဘက်မုဒ်မှ တပတ်ပတ်ကာ ဖူးမျှော်ခဲ့သည်။

ဘုရားအရှေ့မြောက်ထောင့်ရှိ ပဲခူးမြို့တွင် ယခင် နှစ်ပေါင်း ၇၅ နှစ်ကျော်က ငလျင်ကြောင့် ငှက်ပျောဖူးမှ ပြိုကျခဲ့သော ဘုရားကို စိတ်ဝင်တစား ကြည့်ရှုသည်ဟု မျက်မြင်ဒေသခံ တဦးက ပြောသည်။

“လွန်ခဲ့တဲ့ ၇၅ နှစ်တုန်းက ပဲခူးမှာ ငလျင်လှုပ်ခဲ့တယ်။ ရွှေမော်ဓော ဘုရားကြီးက ထီးတော် ငှက်ပျောဖူးကနေ စပြီးတော့ ပြိုကျခဲ့တာ ရှိတယ်။ အဲဒီ ပြိုကျခဲ့တဲ့ ငှက်ပျောဖူးကလည်း ဘုရားရဲ့ အရှေ့မြောက်ထောင့်မှာ ယနေ့အချိန်ထိ ရှိနေတယ်။ အဲဒီနားမှာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ဝင်တစား မေးမြန်းတာတွေ ကျနော်
တွေ့တယ်။ ကျနော်က နည်းနည်းလှမ်းတော့ သူက ဘုရားကျောက်စာတွေ ကြည့်ပြီးတော့ မေးတာတွေ တွေ့ရတယ်”

ဒေါ်အောင်ဆန်းစုကြည်က ရွှေမော်ဓောဘုရား အင်္ဂါထောင့်တွင် ပန်းကပ်ဆုတောင်းခဲ့ပြီးနောက် တောင်ဘက်မုဒ်မှ ဆင်းကာ သာသနာ့မာန်တိုင်ကျောင်းသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ၈ နာရီ ၅ မိနစ်ဖြစ်သည်ဟု ယင်းဒေသခံက
ပြောသည်။

ဘုရားဖူးနေချိန်အတွင်း လူရာဂဏန်းရှိ ပြည်သူထူထုက ဘုရားပေါ်တွင် ပြည့်သွားခဲ့သည်ဟု လည်းသိရသည်။

“လူတွေက အရမ်းအားတက်ပြီးတော့ ပျော်မြူးပြီးတော့ စိတ်ထဲမှာ ကျနော် တော်တော်ခံစားရတယ်။ လူတွေက အရမ်း အားကိုးတယ်။ အရမ်းလေးစားတယ်။ အရမ်း တန်ဖိုးထားတယ်။ အဲဒီလို ဖြစ်နေတယ်။ လူထုရဲ့ အနေအထားကို ကြည့်ပြီးတော့ ဗိုလ်ချုပ်က တခွန်းပြောလိုက်ရင်ပြည်သူ လူထုတရပ်လုံးက ဗိုလ်ချုပ်ပြောတဲ့
အတိုင်း လိုက်ပြီးတော့ ပါသလိုမျိုး မြန်မာပြည်မှာ ရောက်လာဖို့ သိပ်မကြာတော့ဘူးလို့ဘဲ ကျနော် သုံးသပ်ချင် တယ်”ဟု သူက ဆက်ပြောသည်။

“ကျနော်က လူသားတွေအတွက် သူရဲကောင်း တယောက်လို လက်ခံ အသိအမှတ်ပြုပြီးတော့ လေးစားနေတဲ့
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရတဲ့အတွက် ကျနော်က လူဖြစ်ရကျိုး နပ်သွားပြီလို့ နည်းနည်း ပြောချင်ပါတယ် ခင်ဗျာ” ပဲခူးမြို့သား တဦးက ပြောသည်။

ထိုမှတဆင့် သနပ်ပင်မြို့နယ် စာကြည့်တိုက်ဖွင့်ပွဲသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြား သံရုံးကားများလည်း
တွေ့ရသည်ဟု ဒေသခံ တဦးက ပြောသည်။

VOA Burmese TV Magazine - August Third Week