သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, August 15, 2011

ဒီမိုကရေစီအစိုးရဆိုတာ

ဒီမိုကရေစီအစိုးရဆိုတာ

ချိုတူးဇော်
(၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်ပါ ဆောင်းပါး ဖြစ်ပါတယ်။ ဂျာနယ်တွေမှာ အခုလို ဆောင်းပါးတွေ ဖော်ပြခွင့် ရလာတာကိုက ရွေးကောက်ပွဲလွန်ကာလ ဦးတည်ရာကို ပြနေတယ်လို့ ထင်မိပါတယ်။ ဖတ်ပြီးမှ ပဲ သဘောတူမတူ ဆုံးဖြတ်ကြပါ။)
ဒီမိုကရေစီ အစိုးရဆိုတာ ရွေးကောက်ပွဲ ကျင်းပပြီး ရွေးကောက် တင်မြှောက်ရုံနဲ့ ဖြစ်မလာနိုင်ပါဘူး။ ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီ အုပ်ချုပ်ရေး ယန္တရားရဲ့ အမြင့်ဆုံးသော ဇာတ်ရှိန်လည်း ဖြစ်၊ ပြည်သူတို့ရဲ့ လွတ်လပ်တဲ့ သဘောကို ဖော်ထုတ် ပြသနိုင်ရာလည်း ဖြစ်တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အစိုးရ တစ်ရပ်ဟာ ရွေးကောက် တင်မြှောက်ခံ လိုက်ရတာနဲ့ ဒီမိုကရေစီ အစိုးရ ဖြစ်သွားပြီလို့တော့ သတ်မှတ်ဖို့ မပြည့်စုံသေးပါဘူး။ တစ်ခါ တစ်ခါမှာ ရွေးကောက် တင်မြှောက် ခံရသည့်တိုင် ရွေးကောက်ပွဲမှာ မဲအများစု ရခဲ့ပြီး နိုင်ငံရဲ့ အုပ်ချုပ်ခွင့် အာဏာကို လက်ဝယ်ပိုင်ပိုင် ရခဲ့သည့်တိုင် အဲဒီ အစိုးရဟာ ဒီမိုကရေစီ အစိုးရ ဖြစ်ချင်မှ ဖြစ်လာတတ်ပါတယ်။
ဥပမာတွေ
သာဓကအားဖြင့် ဒုတိယကမ္ဘာစစ် မတိုင်မီ ဂျာမနီနိုင်ငံမှာ ဟစ်တလာရဲ့ နာဇီပါတီဟာ ၁၉၃၂ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ပါတီတွေထက် မဲအပြတ် အသတ် အသာရပြီး ရွေးကောက် တင်မြှောက် ခံခဲ့ရပါတယ်။ နာဇီပါတီဟာ နိုင်ငံတော် အချုပ်အခြာ အာဏာကို ရယူခဲ့တဲ့ အစိုးရတစ်ရပ် ဖြစ်လာခဲ့ပေမယ့် ဒီမိုကရေစီ အစိုးရတစ်ရပ် ဟုတ်ခဲ့သလား၊ မဟုတ်ခဲ့ဖူးလား ဆိုတာ သမိုင်း ဖြစ်ရပ်တွေက သက်သေပြခဲ့ပါတယ်။
ဟစ်တလာနဲ့ နာဇီတွေဟာ မဟာ လူမျိုးကြီးဝါဒကို ကိုင်စွဲပြီး ဂျူးလူမျိုး သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့၊ သူတို့ရဲ့ ပစ္စည်း ဥစ္စာတွေကို အဓမ္မ သိမ်းပိုက်ခဲ့တာကို သမိုင်း သင်ဖူးတဲ့ သူတိုင်း သိပါတယ်။ နာဇီ အစိုးရဟာ ဂျူးတွေ အပေါ်မှာမှ ဒီလို လူမဆန်တဲ့ ဖိနှိပ်မှုတွေ ပြုခဲ့ရုံတင်မက သူတို့ နာဇီပါတီရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တဲ့ တခြား နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တခြား လွတ်လပ်တဲ့ ဂျာမန် အမျိုးသားတွေ၊ ပညာရှင်တွေကိုလည်း ရက်ရက် စက်စက် ဖိနှိပ်ချုပ်ချယ်ပြီး နှိပ်ကွပ်ခဲ့ပါတယ်။
၁၉၃၂-၃၃ ကစပြီး နာဇီပါတီ လုံးဝ ပြုတ်ကျသွားတဲ့ ၁၉၄၅ ဒုတိယကမ္ဘာစစ်ပြီး ကာလအထိ ဂျာမနီမှာ လွတ်လပ်စွာ ရေးသားခွင့်၊ ဟောပြောခွင့်၊ ဝေဖန်ခွင့်စတဲ့ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းခဲ့ပြီး ဒီမိုကရေစီ ကျင့်ထုံး တွေဟာလည်း ပျက်စီး ခဲ့ရပါတယ်။ နာဇီတွေဟာ သူတို့ကိုယ် သူတို့ မြင့်မြတ်တဲ့ အာရိယန် အမျိုးသား နိုင်ငံတော် ထူထောင်ရေးဆိုတဲ့ မဟာလူမျိုးကြီး ၀ါဒ၊ မျိုးချစ်ဝါဒကြီးကို ကြွေးကြော် ခဲ့ကြတယ်။ ပထမ ကမ္ဘာစစ်ရှုံးခဲ့တဲ့ အတွက် စီးပွားရေး ချွတ်ခြုံကျပြီး စိတ်ဓာတ်ကျနေတဲ့ ဂျာမန် ပြည်သူတွေ အတွက် အဲဒါဟာ ထွက်ပေါက် တစ်ခုလို ဖြစ်ခဲ့တယ်။ လူတိုင်း ဆင်းရဲနေတဲ့ အချိန်မှာ သူတို့နိုင်ငံမှာ လာနေထိုင်ပြီး ချမ်းသာ ကြွယ်ဝနေတဲ့ လုပ်ငန်းရှင် ဂျူးတွေဆီကို ပြည်သူလူထုရဲ့ အမျက်ဒေါသကို ဦးတည်ပေးခဲ့တယ်။ ဒီလိုနဲ့ အာဏာ ရခဲ့တယ်။ လတ်တလော ချမ်းသာဖို့၊ စီးပွားရေး အောင်မြင်ဖို့ဟာ စစ်မှန်တဲ့ ပြည်သူ့ ထွက်ပေါက် မဟုတ်ဘူး။ လူတိုင်း လူတိုင်း လူတန်းစေ့ အခွင့်အရေးတွေ ရဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီ ကျင့်ထုံးတွေ အောင်မြင်ဖို့သာလျှင် တိုင်းပြည်ရဲ့ မှန်ကန် အခြေခိုင်တဲ့ အုတ်မြစ် ဖြစ်တယ်။ ကမ္ဘာကြီးရဲ့ မှန်ကန်တဲ့ ထွက်ပေါက် ဖြစ်တယ်လို့ ဘယ်စာပေ ပညာရှင်၊ ဘယ်နိုင်ငံရေး သမားမှ မပြောသာခဲ့ပါဘူး။ ဒီလို တကယ့် စစ်မှန်တဲ့ အမှန်တရားကို ထုတ်ဖော်ဖို့ ကြိုးပမ်း အားထုတ်တဲ့ သူတိုင်းဟာ နာဇီ ရှပ်ညိုတွေရဲ့ ရက်ရက် စက်စက် နှိမ်နင်းခြင်းကို ခံခဲ့ရပြီး သေတဲ့သူတွေသေ၊ အဖမ်းခံရပြီး လူစဉ်မမီ ဖြစ်ရသူတွေ ဖြစ်ရ၊ တိုင်းပြည်က ထွက်ပြေးတဲ့သူတွေ ထွက်ပြေး ဖြစ်ခဲ့ရတယ်။
ဒီလိုပဲ အီတလီမှာလည်း မူဆိုလိုနီရဲ့ ဖက်ဆစ်ပါတီဟာ ပါလီမန်ထဲ အမတ် ၃၅ နေရာကနေ အစပြုပြီး အာဏာကို ရယူခဲ့တယ်။ ဒီဖြစ်ရပ်တွေကို လေ့လာ ကြည့်မယ် ဆိုရင် ရွေးကောက်ပွဲတွေနဲ့ ရွေးချယ် တင်မြှောက်ခြင်း ခံရတိုင်း ဒီမိုကရေစီ အစိုးရ ဖြစ်တယ်လို့ သတ်မှတ်လို့ မရတာကို သိသာ ထင်ရှားစွာ တွေ့ရပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ ရွေးကောက်ပွဲတွေက ထွက်လာတဲ့ ရလဒ်တွေတိုင်းဟာ ဒီမိုကရေစီစနစ်လို့ ကံသေကံမ ပြောလို့ မရနိုင်တာကို သမိုင်းမှာ အထင်အရှား ပြခဲ့တဲ့ သာဓကတွေပါ။
ဘယ်လိုအစိုးရမျိုးလဲ
ဒီလိုဆိုရင် ကျွန်တော်တို့ဟာ ဘယ်လို အစိုးရမျိုးကို ဒီမိုကရေစီ အစိုးရလို့ သတ်မှတ်ပါမလဲ။ လွတ်လပ်စွာ ပြည်သူလူထုရဲ့ သဘော ဆန္ဒတွေကို ဖော်ထုတ် ပြသခွင့်ရတဲ့ ရွေးကောက်ပွဲတွေ ဆိုတာကိုတော့ ကျွန်တော်တို့ ချန်လှပ်ထားလို့ မရပါဘူး။ ဒါပေမယ့် ရှေ့မှာ ဖော်ပြခဲ့တဲ့ ဥပမာတွေက အဲဒီအချက် တစ်ချက်တည်းနဲ့တော့ အဲဒီအစိုးရကို ဒီမိုကရေစီ အစိုးရလို့ သတ်မှတ်လို့ မရနိုင်တာ ထင်ရှားပြီး ဖြစ်ပါလိမ့်မယ်။
အစိုးရဟာ ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုဖို့ လိုပါလိမ့်မယ်။ ရွေးကောက်ပွဲနဲ့ ရွေးချယ် တင်မြှောက် ခံရပြီးသည့်တိုင် အဲဒီအစိုးရ၊ အဲဒီနိုင်ငံရေးပါတီ၊ အဖွဲ့အစည်းဟာ ပြည်သူ လူထုကို အမှန်တကယ် ကိုယ်စားပြုရဲ့လား ဆိုတဲ့ ပေတံနဲ့ တိုင်းရမှာပါ။ တစ်နည်းအားဖြင့် အေဘရာဟင်လင်ကွန်း ပြောခဲ့တဲ့ ပြည်သူလူထုအတွက်၊ ပြည်သူလူထုနဲ့ ပြည်သူလူထုရဲ့ အစိုးရ (The government of the people, by the people, for the people) ဆိုတဲ့ စကားကိုပဲ အခိုင်အမာ ကိုးကားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရ (၀ါ) ပြည်သူ့အစိုးရ ဆိုတဲ့ စကားရပ် အတွက် အဲဒါထက်ကောင်းတဲ့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်တဲ့ စကား မရှိတော့ပါဘူး။ မည်မျှပင် ရွေးကောက်ပွဲမှာ ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရပါစေ၊ အဲဒီ အစိုးရရဲ့ လုပ်ရပ်တွေဟာ ပြည်သူလူထုရဲ့ အကျိုး စီးပွားတွေကို အမှန်တကယ် ရှေ့ရှုပါရဲ့လား၊ ပြည်သူ လူထုကော အစိုးရရဲ့ လုပ်ရပ်တွေတိုင်းမှာ သဘော တူညီစွာ ပါဝင်ခွင့် ရပါရဲ့လား ဆိုတာကပဲ ဒီမိုကရေစီ အစိုးရ ဟုတ်မဟုတ်၊ စစ်မစစစ်ကို မှတ်ကျောက် တင်ပေးမယ့် အချက်အလက်တွေ ဖြစ်ပါတယ်။
ပြည်သူမပါတဲ့ အစိုးရ
နာဇီအစိုးရဟာ ဂျူးတွေကို ဖိနှိပ်ဖို့ ဥပဒေတွေ တစ်ရပ်ပြီး တစ်ရပ် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေတွေဟာ တရားမျှတမှုကို လိုလားတဲ့ ဂျာမန် နိုင်ငံကြီးသားတိုင်း၊ စိတ်မသက်မသာ ဖြစ်ခဲ့ရ၊ ဆန့်ကျင် ကန့်ကွက်ခဲ့ရတဲ့ ဥပဒေတွေပါ။ ဒါပေမယ့် ဆန့်ကျင် ကန့်ကွက်တဲ့ နိုင်ငံရေး သမားတိုင်း၊ စာပေပညာရှင်၊ ဥပဒေ ပညာရှင်တိုင်း ရက်ရက် စက်စက် နှိပ်ကွပ်ခံရတဲ့ အတွက် ဘယ်သူမှ ခေါင်းမထောင်ရဲတော့ဘဲ အဲဒီ ဥပဒေတွေဟာ အတည်ပြုခဲ့ပါတယ်။ ဒါ ဘာအချက်ကို ပြနေသလဲဆိုတော့ ပြည်သူလူထု မပါတဲ့ အစိုးရဆိုတာကို ပြနေတာပါ။ ဒီမိုကရေစီစနစ် ဆိုတာ ဘယ်နေရာမှာ မဆို ပြည်သူ့ သဘောဆန္ဒ သာလျှင် လွှမ်းမိုး ခြယ်လှယ်ခွင့် ရှိရမယ့် စနစ် ဖြစ်ပါတယ်။ အဲဒီလို လွှမ်းမိုး ခြယ်လှယ်ခွင့်ကို အကြောင်း တစ်စုံတစ်ရာပြပြီး ပိတ်ပင် တားဆီး ခဲ့တာနဲ့ ဒီမိုကရေစီ စနစ်က သွေဖည်ပြီး ဖြစ်တယ်ဆိုတာ ငြင်းဖွယ်ရာမရှိ သိရပါလိမ့်မယ်။
ဒါမှ ဒီမိုကရေစီ
တရားဥပဒေ ဆိုတာ အာဏာပိုင် အဖွဲ့အစည်းက ရေးချင်လိုရေး၊ ပြဋ္ဌာန်းချင်သလို ပြဋ္ဌာန်းလို့ ရတဲ့ အရာတွေ မဟုတ်ပါဘူး။ တရားဥပဒေကို ပြဋ္ဌာန်းမယ်ဆိုရင် တိုင်းသူ ပြည်သားတွေရဲ့ သဘောဆန္ဒတွေနဲ့ ပြဋ္ဌာန်းခွင့်သာ ရှိပါတယ်။ ရင့်ကျက်တဲ့ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ တရားဥပဒေ မပြောနဲ့၊ သာမန် ရေခွန်၊ မီးခွန်၊ အခွန်အခတွေကိုတောင် ပြင်ချင်တိုင်း ပြင်၊ တောင်းချင်တိုင်း တောင်းလို့ မရပါဘူး။ ပြည်သူ လူထုကို ကြောင်းကျိုး ဆီလျော်စွာ တင်ပြပြီး သဘောတူညီမှု ရယူပြီးမှ လုပ်ခွင့် ရှိပါတယ်။ အဲဒါ ဒီမိုကရေစီပါ။ ငါ ရှင်ဘုရင် ဘယ်နှပတ်လှည့်လှည့် ဆိုတာ ဒီမိုကရေစီမှာ မရှိပါဘူး။ ပဒေသရာဇ်သုံး စကားပါ။ ဒီမိုကရေစီစနစ် ဆိုတာ တိုင်းသူပြည်သား တစ်ဦးချင်း တစ်ယောက်ချင်းကို တန်ဖိုးထားပြီး တစ်ဦးချင်း တစ်ယောက်ချင်းက လွတ်လပ်စွာ သူတို့ သဘောဆန္ဒတွေကို ဖော်ထုတ် ပြသခွင့် ရှိတဲ့ စနစ်ပါ။ အေဘရာဟင်လင်ကွန်းကပဲ ဒီလို ပြောခဲ့ပါတယ်။
“ဒီတိုင်းပြည်ကြီးနဲ့ ဒီတရားဥပဒေတွေ ဆိုတာ ဒီတိုင်းသူ ပြည်သားတွေရဲ့ မွေးရာပါ ကိုယ်ပိုင် ဥစ္စာပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီတိုင်းသူ ပြည်သားတွေက အချိန်မရွေး ပြင်ဆင်ခွင့်၊ ရေးဆွဲခွင့်၊ ပြုပြင် ပြောင်းလဲ ပိုင်ခွင့်၊ အသစ် ပြန်လည် ရေးသားပိုင်ခွင့် ရှိပါတယ်”တဲ့။ အဲဒါ ဒီမိုကရေစီ စနစ်ပါ။ အဲဒီလို အခွင့်အရေးတွေ၊ နည်းစနစ်တွေကို မကျင့်သုံးရင် ဒီမိုကရေစီ အစိုးရ မဟုတ်ပါဘူး။ ရွေးကောက်ပွဲနဲ့ပဲ တက်တက်၊ ဘယ်လိုပဲ အာဏာရလာခဲ့ ရလာခဲ့ အဲဒီလို ဒီမိုကရေစီ အခွင့်အရေးတွေ၊ နည်းစနစ်တွေကို လေးလေး စားစား လိုက်နာ ကျင့်သုံးမှသာ ဒီမိုကရေစီ အစိုးရ ဖြစ်ပါတော့တယ်။
ဥပဒေအောက်ကလူ
ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ တိုင်းသူ ပြည်သားဖြစ်လျှင်ပဲ တိုင်းသူ ပြည်သားတိုင်း ရရမယ့် သာတူညီမျှ အခွင့်အရေးကို ရရပါမယ်။ ဒီမိုကရေစီ စနစ်မှာ ကျွန်တော်တို့ တိုင်းသူ ပြည်သားတွေက လွတ်လပ်သော သဘောဆန္ဒနဲ့အညီ လွတ်လပ်စွာ ဆန္ဒမဲပေးပြီး အုပ်ချုပ်ခွင့် အာဏာကို အချိန်အကန့်အသတ်နဲ့ အပ်နှင်းခွင့် ရရပါမယ်။ အဲဒီလို အပ်နှင်းခံထားရတဲ့ အဖွဲ့အစည်း၊ နိုင်ငံရေးပါတီဟာ ဖောက်လွဲ ဖောက်ပြန် ဖြစ်လာခဲ့ရင် တိုင်းသူ ပြည်သားတွေက အချိန်မရွေး ဖြုတ်ချပိုင်ခွင့် ရှိရပါမယ်။ အစိုးရဟာ ပြည်သူလူထုကို အုပ်ချုပ်ရာမှာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရာ မြူနီစပယ် အဖွဲ့အစည်း တစ်ရပ်သာသာ အခွင့်အရေးပဲ ရရှိရပါမယ်။ ဒီမိုကရေစီ နိုင်ငံတော်သူ နိုင်ငံတော်သားတွေဟာ မည်သူ တစ်ဦး တစ်ယောက်၊ မည်သည့် အဖွဲ့အစည်း တစ်ရပ်ရပ်ရဲ့ အုပ်ချုပ်မှု အောက်မှာမှ မနေဘဲ တရားဥပဒေရဲ့ စည်းမျဉ်း စည်းကမ်း အောက်မှာသာ နေထိုင်ကြခြင်း ဖြစ်ပါတယ်။ အဲဒီ စည်းမျဉ်း စည်းကမ်းကို ချိုးဖောက်ခဲ့ရင် မည်သူမဆို သမ္မတဖြစ်စေ၊ ဘုရင်မ ဖြစ်စေ၊ မည်သူမည်ဝါ၏ သားသမီးဖြစ်စေ၊ မည်မျှပညာတတ်စေ၊ မည်မျှ ချမ်းသာစေ တူညီသော ပြစ်ဒဏ်ပေးခြင်းကို ခံရပါလိမ့်မယ်။ “တရားဥပဒေ၏ စည်းမျဉ်း စည်းကမ်းအောက်တွင် လွတ်လပ်စွာ နေထိုင်ကြသော လွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်သည်”လို့ ကျွန်တော်တို့ ဂုဏ်ယူကြရပါမယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းဟာ အမှန်တကယ် လွတ်လပ်တဲ့ သခင် လူ့အဖွဲ့အစည်း ဖြစ်တယ်လို့ ကြွေးကြော်နိုင် ရပါမယ်။ အရေးကြီးတာကတော့ အဲဒီဥပဒေကို မည်သည့် အာဏာပိုင် အဖွဲ့အစည်း၊ မည်သည့် ဥပဒေ ပညာရှင်ကမှ သူ့သဘောနှင့် သူ ရွေးဆွဲပိုင်ခွင့်မရှိ၊ ကျွန်တော်တို့ ပြည်သူ လူထုကသာ “တို့ ဘယ်လိုနေမယ်၊ ဘယ်လို နေချင်တယ်” ဆိုပြီး တင်းပြည့် ကျပ်ပြည့် ရေးဆွဲခွင့် ရရမှာ ဖြစ်ပါတယ်။
စေတနာရှိရင်
တကယ်တော့ ကျွန်တော်တို့မြန်မာတွေဟာ ဟိုးပုဂံခေတ်ကစလို့ ပဒေသရာဇ်တွေရဲ့ ဖိနှိပ်မှုအောက်မှာ ကျေးတော်မျိုး ကျွန်တော်မျိုးတွေ အနေနဲ့ မင်းစိုးရာဇာတွေ လာရင် ဒူးတုပ် ခေါင်းငုံ့ခဲ့ရတဲ့ လူ့အဖွဲ့အစည်း ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့၊ ခင်ဗျားတို့ အဘိုးတွေ အဘွားတွေ အဲဒီလို နေထိုင်ခဲ့ကြပါသတဲ့။ ဟော်လန်တွေ၊ ဒိန်းမတ်တွေ၊ အင်္ဂလိပ်တွေ၊ အမေရိကန်တွေ ထက်များ ကျွန်တော်တို့က နိမ့်ကျနေလို့လားဗျာ။ ပုခုံးနှစ်ဘက်ကြားက ခေါင်းပေါက်တဲ့ လူချင်း အတူတူ ဖြစ်တယ်ဆိုရင် ကျွန်တော်တို့ မြန်မာတွေလည်း အောက်တန်းကျတဲ့ လူမျိုးတွေ မဟုတ်ဘူးဆိုရင် သူတို့လို တန်းတူညီမျှ အခွင့်အရေးတွေ ရှိတဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်သင့်ပါပြီ။ စနစ်ပြောင်းဖို့ ခေါင်းဆောင်နေတဲ့ သူတိုင်းက တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် စေတနာရှိရင် တခြား လူ့အဖွဲ့အစည်းတွေနဲ့ ပေမီဒေါက်မီ တန်းတူရည်မျှတဲ့ လူ့အဖွဲ့အစည်း တစ်ရပ် နိုင်ငံတစ်နိုင်ငံ၊ အစိုးရ တစ်ဖွဲ့ကို ရတော့မှာ ဖြစ်ပါတယ်။
ချိုတူးဇော်

တရုတ် အင်အားအတွက် ပထ၀ီနိုင်ငံရေး

တရုတ် အင်အားအတွက် ပထ၀ီနိုင်ငံရေး


Tuesday, 10 May 2011 07:19 ရဲနွယ်မိုး
E-mail Print PDF
၁၉၀၄ ခုနှစ်မှာ အင်္ဂလိပ် ပထ၀ီ ပညာရှင် ဆာဟယ်လ်ဖိုဒ့် မက်ကင်ဒါ က သူရဲ့ ကျော်ကြားတဲ့ ဆောင်းပါး တစ်ပုဒ် ဖြစ်တဲ့ `သမိုင်း၏ ပထ၀ီ ဆိုင်ရာ ဆုံချက်´ (The Geographical Pivot of History) အတွက် တရုတ်ကို
သတိထားစရာ အဖြစ် ရည်ညွှန်းရင်း အခုလို ရေးခဲ့ပါတယ်။
“အကယ်၍ တရုတ်သည် သူ့ နယ်နမိတ်ကို ကျော်လွန်ပြီး အင်အား ချဲ့ကားလာပြီဆိုလျှင်၊ ဤအရာက ကမ္ဘာကြီး လွတ်လပ်မှုအတွက် အ၀ါရောင် အန္တရာယ်ဆိုး ဖွဲ့တည်လာခြင်းပင် ဖြစ်သည်။ အကြောင်းမှာ သူ၏ ပင်လယ်မျက်နှာစာကို ယူရေးရှား (Eurasia) တိုက်ကြီး တခုလုံးအထိ ဆွဲဆန့်သွင်းလာပြီး၊ ရင်းမြစ်အားလုံး အသုံးပြုရင်း ရုရှား ဩဇာ မကြီးနိုင်အောင် ၀ါးမျိုသွားလိမ့်မည်။”
မက်ကင်ဒါ ထောက်ပြတာက ဒီလိုပါ။  ဖြစ်နေကျ လူမျိုးရေး အမျိုးသားရေး ကိစ္စတွေ ခဏဘေးဖယ်ထား။  ပထ၀ီ အမြင်နဲ့ ကြည့်ရင် ရုရှားနဲ့ အခြား ယူရေးရှား နိုင်ငံတွေဟာ ကုန်းတွင်းပိုင်း အင်အားကြီးပေမယ့်၊ ပင်လယ် မျက်နှာစာ ချဲ့ကားဖို့အတွက် ရေခဲတွေက ပိတ်ကားထားလို့ အကန့်အသတ် ရှိနေတယ်။ တရုတ်ကျတော့ သဘာဝ ဆိပ်ကမ်း ကောင်းတွေနဲ့ ကမ်းရိုးတမ်း ရေမိုင် ၉၀၀၀ ကျော် ရှိတာမို့၊ ကုန်းပိုင်း ပင်လယ်ပိုင်း အင်အား နှစ်ခုစလုံးကို ပိုင်ဆိုင်ထားပါတယ်။ မက်ကင်ဒါ အနေနဲ့ တရုတ်ဟာ တစ်နေ့နေ့မှာ ရုရှားကိုတောင် လွှမ်းမိုးသွားမှာ သူစိုးရိမ်ကြောင်း ဖွင့်ပြောထားခြင်း ဖြစ်ပါတယ်။
ဆက်ပြီး မက်ကင်ဒါ ပြောတာက တရုတ်ဟာ သူရဲ့ တွင်းထွက်ပစ္စည်း၊ ဟိုက်ဒရိုကာဗွန်၊ ဓနရင်းမြစ်တွေနဲ့ ဗဟိုအာရှထိ ဖြန့်ကျက်ပြီး ပစိဖိတ် သမုဒ္ဒရာကို အဓိက သင်္ဘော လမ်းကြောင်းတွေ ဖွင့်ထားမယ်။ ပြီးရင် အမေရိက၊ ဂရိတ်ဗြိတိန် တို့နဲ့အပြိုင် ကမ္ဘာ့ လေးပုံတစ်ပုံသော လူသား ယဉ်ကျေးမှုသစ်ကို ဦးဆောင် သွားလိမ့်မယ်လို့ ဆိုပါတယ်။
မက်ကင်ဒါ စိုးရိမ်တကြီးနဲ့ ပြောခဲ့တဲ့ တရုတ်ရဲ့ ပထ၀ီ အနေအထားက ကနေ့ အလွန်ကို အရေးပါလာပါပြီ။ ပထ၀ီ အားသာမှုက လက်ရှိ စီးပွားရေး ဆန်းပွင့်မှုနဲ့ အမျိုးသားရေး စိတ်ပြင်းထန်မှုတို့ ထက်ကို တရုတ်အတွက် ပိုမျက်နှာသာ ပေးနေတယ်လို့ ဆိုရပါမယ်။ ဆိုလိုတာက နှစ်၃၀ လောက် နှစ်စဉ် ဂျီဒီပီ ၁၀ ရာခိုင်နှုန်းနဲ့ ပုံမှန် စီးပွားရေး မျဉ်းဖြောင့် အတိုင်း တိုးတက်နေရာကနေ ရုတ်တရက် ထိုးစိုက်ဆင်းဦးတော့၊ ပထ၀ီနိုင်ငံရေး ဗဟို အချက်ကျမှုက တရုတ်ကို အမြဲမားမားကြီး ကမ္ဘာ့အလယ်မှာ ရပ်တည်နေစေမယ့် သဘောပါပဲ။
တရုတ်ရဲ့ မူရင်းပုံစံက ဗဟိုကနေ ချုပ်ကိုင်ပြီး လူ့အဖွဲ့အစည်းကို ဖိပြီးဆွဲတင်မယ့် `ဟိုက်ဒရောလစ် ယဉ်ကျေးမှု´ (hydraulic civilization) ဖြစ်ပါတယ်။ အဲဒီ ဟိုက်ဒရောလစ် ယဉ်ကျေးမှုကို အနောက်တိုင်း မော်ဒန်နဲ့ အဆုံးစွန် ရောသမမွှေသွားမယ့် ပုံစံဖြစ်ပါတယ်။
ဗဟိုချုပ်ကိုင်မှုကြောင့်ပဲ ပေကျင်း အစိုးရဟာ သန်းပေါင်းများစွာသော လူထုလုပ်အားနဲ့ အဓိက အခြေခံ အဆောက်အအုံ (infrastructure) တွေကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီ့ စနစ်ကြောင့်ပဲ ဒီမိုကရေစီ အစိုးရတွေ မလုပ်နိုင်တဲ့ နည်းလမ်းတွေနဲ့ တရုတ်ဟာ မရပ်မနား တက်ကြွရှင်သန်နေပုံ ရပါတယ်။
နှစ်ပေါင်း ၄၀၀၀လောက်က စခဲ့တဲ့ မင်းဆက် ၂၅ဆက်ရဲ့ ပင်ပွားမျိုးဆက်၊ ကွန်မြူနစ် အမည်ခံ ယနေ့ တရုတ် အုပ်စိုးသူများဟာ အနောက်တိုင်း နည်းပညာတွေနဲ့ ကျင့်သုံးပုံတွေကို စုတ်ယူနေတယ်။ အနောက် နည်းပညာ တွေကို ကိုယ့်ကိုယ်ပိုင် ယဉ်ကျေးမှု အတွေ့အကြုံတွေနဲ့ စနစ်တကျ ပေါင်းစပ်ပြီး၊ အခြားနိုင်ငံငယ်တွေကို မိမိရဲ့ မြစ်လက်တက်သဖွယ် ဆက်ဆံထားပါတယ်။
စင်္ကာပူ ၀န်ကြီးတစ်ဦး ပြောသလိုဆိုရင် “တရုတ်ဟာ ခင်ဗျားကို ဆွဲဆောင်ဖမ်းစား ညှို့ယူချင်တဲ့အခါ ညှို့ယူမယ်၊ ဖျစ်ညှစ် ချင်တဲ့အခါ ဖျစ်ညှစ်မယ်၊ နှစ်ခုစလုံးကို လုံးဝ စနစ်တကျလုပ်ပါလိမ့်မယ်” တဲ့။ ဒီလိုနဲ့ တရုတ်ရဲ့ အတွင်းပိုင်း တက်ကြွ ရှင်သန်မှု (dynamism)က ပြင်ပ ရည်မှန်းချက်များကို ဖန်ဆင်းပေးလာပါတယ်။
ယနေ့ တရုတ်ပြည်ဟာ သူ့နယ်နမိတ်တွေကို ကြံခိုင်အောင် တည်ဆောက်ရင်း ပြင်ပကို ခေါင်းပြူထွက်ကြည့် လာပါတယ်။ တရုတ် နိုင်ငံခြားရေး ပေါ်လစီ ရည်မှန်းချက်ကြီးပုံက လွန်ခဲ့တဲ့ ရာစုနှစ်က အမေရိကန် ပြည်ထောင်စု လိုပဲ ခပ်ကြမ်း ကြမ်း ရမ်းရမ်းပါ။ သို့သော် အကြောင်းတရား အမျိုးမျိုးနဲ့ လုပ်ပုံကိုင်ပုံ နည်းနာတွေမှာတော့ ကွာခြားမှုတွေ ရှိပါတယ်။
တရုတ်က သူ့အစိုးရ စနစ်ပုံစံနဲ့ အိုင်ဒီအိုလိုဂျီကို ပျံ့နှံစေဖို့အတွက် နိုင်ငံတကာကို မစ်ရှစ်တွေ လွှတ်တာမျိုး မရှိပါဘူး။ အမေရိကန်ရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက နိုင်ငံတကာ ရေးရာတွေမှာ သူ့ဂုဏ်သိက္ခာ ကြီးစေဖို့ ဖြစ်တယ်။ ဒါမျိုး တရုတ်မှာ မလိုဘူး။ တရုတ်ရဲ့ နိုင်ငံတကာရေးဆိုတာက သူ့မှာ လိုအပ်နေတဲ့ စွမ်းအင်၊ သတ္တု၊ တွင်းထွက်တွေ ရယူဖို့ပဲ ဖြစ်ပါတယ်။ ငါးပုံ တစ်ပုံ ပမာဏ ရှိသော သူ့လူထုကို လူနေမှု အဆင့်အတန်း မြှင့်တင် ပေးဖို့က အမြင့်ဆုံး ရည်မှန်းချက်တစ်ခု။
တိုးတက်မှုနဲ့ လောင်စာစီ အပါအ၀င် လိုချင်တာ ရဖို့ဆိုရင် ကမ္ဘာ့နယ်မြေ ဘယ်လောက်ဝေး ဝေးပါစေ၊ ပေကျင်း အစိုးရက မိုးမြေအဆုံး လိုက်ပြီး စွန့်စား ဆက်ဆံမှာပဲ ဖြစ်ပါတယ်။ ဒီလို နိုင်ငံတကာထွက် ဆက်ဆံဖို့ တွန်းအား ပေးနေတာက စီးပွားရေး ရှင်သန်စေမှု ဆိုတဲ့ တရုတ် အမျိုးသားရေး အကျိုးစီးပွားပါ။ တရုတ်အစိုးရကို အဓိပ္ပါယ် ဖွင့်ကြည့်ရင် တကယ့် လက်တွေ့ ပါဝါသမား (realist power)။
ရေနံနဲ့ တွင်းထွက် ပေါကြွယ်ဝတဲ့ အာဖရိက နေရာ တော်တော်များများကို အခု ခြေဆန့်ထားပြီးပါပြီ။ အိန္ဒိယ ပင်လယ်၊ တောင်တရုတ် ပင်လယ် ဆိပ်ကမ်း အားလုံး ထိမ်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီလို ဆောင်ရွက်ရာမှာ တရုတ်က သူ ဆက်ဆံနေတဲ့ အစိုးရ ဘယ်လိုအစိုးရ ဖြစ်တယ်ဆိုတာ ဂရုမစိုက်ဘူး။ ဘယ်လို အစိုးရ ပုံစံဖြစ်ဖြစ် သူ့အတွက် အကျိုး ရှိမယ်ဆိုရင် ထိတွေ့ဆက်ဆံ သွားမှာပဲ ဖြစ်ပါတယ်။
ဒါကြောင့်လဲ အီရန်၊ မြန်မာ၊ ဆူဒန်တို့လို့ တိုးတက်မှုပညာ နုံနည့်တဲ့ အာဏာရှင်တွေဆီကနေ တရုတ်က ရင်းမြစ်တွေ အရမ်း နှိုက်ယူနေတဲ့အခါ၊ သံတမန်နည်း မစ်ရှင်နည်းတွေနဲ့ ချဉ်းကပ်ဖို့ ကြိုးစားတဲ့ အမေရိက၊ အိန္ဒိယတို့နဲ့ ထိပ်တိုက်တိုး ကုန်ပါတယ်။
ဒါပေမဲ့ တရုတ်နဲ့ အမေရိက ကြားမှာ စစ်ဖြစ်လောက်မယ့် အခြေအနေက ဝေးလှပါတယ်။ တရုတ် စစ်တပ်က အမေရိကကို ခြိမ်းခြောက်ရင်တောင် သွယ်ဝိုက်တဲ့ ပုံစံနဲ့ပဲ ရှိပါမယ်။ တရုတ်နဲ့ ပတ်သက်ပြီး အမေရိကန် နေ့စဉ် ရင်ဆိုင်နေရတဲ့ ကြွေးပြဿနာ၊ ကုန်သွယ်ရေး ပြဿနာ၊ ကမ္ဘာကြီး ပူနွေးမှု ပြဿနာတွေ ရှိလင့်ကစား၊ တကယ် တရုတ် စိန်ခေါ်မယ့် အရာက သူ့ရဲ့ ပထ၀ီ အားသာမှုကနေပဲ ဖြစ်ပါမယ်။
တရုတ်က ယူရေးရှားနဲ့ အာဖရိကတို့ အပေါ် တနေ့တခြား ဩဇာလွှမ်းမိုးလာမှုဟာ ၁၉ရာစု ကိုလိုနီ ပုံစံမျိုး မဟုတ်ဘဲ၊ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်နဲ့ ပိုမို အံဝင်သင့်လျှော်အေင် ပါးနပ်လွန်းတဲ့ အပြုအမူမျိုး ဖြစ်နေပါတယ်။ သူ့ စီးပွားရေး လိုအပ်ချက် အတွက် အရှေ့ကမ္ဘာခြမ်းရဲ့ ပါဝါချိန်ခွင်လျှာကို အပိုင်ထိန်းချုပ်ဖို့ ကြိုးစားနေမှုဟာ အမေရိကန်အစိုးရကို အများကြီး စိုးရိမ်ပူပန် နေမထိထိုင်မသာ ဖြစ်နေစေပါတယ်။
မြေပုံအရ ကုန်းမြေနဲ့ ပင်လယ် မျက်နှာသာပေးမှု အခြေအနေကြောင့် တရုတ်ဟာ ဗဟိုအာရှကနေ တောင်တရုတ် ပင်လယ်၊  ရုရှား အရှေ့ဖျားကနေ အိန္ဒိယ ပင်လယ်အထိ မြင်မြင်ထင်ထင် ချဲ့ကားလာပါတယ်။ နပိုလီယံ တခါက ပြောခဲ့တဲ့ “တရုတ်နဲ့ အာရှနိုင်ငံတွေရဲ့ မူဝါဒတွေဟာ ရေရှည်မှာ သူတို့ ပထ၀ီ အနေအထားထဲကပဲ ထွက်လာမယ်” ဆိုတဲ့ စကားဟာ သွေးထွက် အောင် မှန်လာပါ တယ်။
စပ်ဖျဉ်းဖျဉ်း နယ်စပ် ရောဂါစုများ
စင်ကျန်းပြည်နယ်နဲ့ တိဘက်ဟာ တရုတ်ယဉ်ကျေးမှုကို အမြဲခုခံတတ်တဲ့ လူတွေနေထိုင်တဲ့ ဒေသကြီး နှစ်ခုပါ။ ဒီဒေသ နှစ်ခုရဲ့ လူမျိုးရေး အမျိုးသားရေး တင်းမာမှုများက ပေကျင်းမြို့တော်နဲ့ နီးစပ်တဲ့ ပြည်နယ် ဒေသများအထိ  ရှုပ်ထွေးမှုတွေ ဖြစ်ပေါ် လာတတ်ပါတယ်။
တရုတ်ပြည် အနောက်ဘက် အကျဆုံး ပြည်နယ်ရဲ့ အမည် `စင်ကျန်း´ ဆိုတာ `လက်အောက်ခံ ပိုင်နက်သစ်´ (new dominion) လို့ ဆိုလိုပါတယ်။  အမေရိကန် တက်ဆပ် ပြည်နယ် နှစ်ဆခန့် ရှိပါတယ်။ တရုတ်-တာကစ္စတန် လူမျိုးတွေ ဖြစ်ပြီး၊ တရုတ်ပြည် အချက်အချာရဲ့ အဝေးမှာ ဂိုဘီသဲကန္တာရကို ဖြတ်လျက် တည်ရှိပါတယ်။ တရုတ်နဲ့ စင်ကျန်းဟာ နှစ်ထောင်ပေါင်းများစွာ သီးခြားစီ တည်ရှိခဲ့ရာကနေ၊ ၁၉ရာစု နှောင်းပိုင်းကျမှ စင်ကျန်းဟာ တရုတ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်သွားရပါတယ်။
၂၀ရာစု ဗြိတိသျှ သံတမန် ဆာ ဖစ်ဇ်ရွိုင်း မက်လန် ပြောသလိုဆိုရင် `စင်ကျန်းဒေသဟာ တရုတ်အောက် ရောက်သွား ကတည်းက လွတ်လပ်ရေးအတွက် ပုန်ကန်မှုတွေနဲ့ တောက်လျှောက် ကသောင်းကနင်း ဖြစ်လာလိုက်တာ ၁၉၄၀ ပြည့်လွန် နှစ်များ အထိပါပဲ´တဲ့။
၁၉၄၉ ခုနှစ်မှာတော့ မော်စီတုန်း ကွန်မြူနစ်တွေ စင်ကျန်း ထဲကို ချီတက်လာတယ်။ အတုန်းအရုံး သတ်ဖြတ်ပြီး တရုတ်ပြည်ရဲ့ အစိပ်အပိုင်းတစ်ခုအဖြစ် စင်ကျန်းကို အသေချာ လုပ်ပစ်လိုက်ပါတယ်။ ဒါပေမဲ့ ၁၉၉၀နဲ့ ၁၉၉၁မှာ အဲဒီ့ ဒေသ တာကစ်-ဥရဂါ မျိုးနွယ်စုတွေက ပေကျင်း အစိုးရကို ဆန့်ကျင် ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။ တာကစ်-ဥရဂါ မျိုးနွယ်စုတွေကလည်း ပေါ့သေးသေးမဟုတ်ဘဲ ခုနှစ်ရာစုနဲ့ ရှစ်ရာစုတွေမှာ မွန်ဂိုလီးယားကို စိုးမိုးခဲ့တဲ့ တခ်မျိုးနွယ်စုတွေက ဆင်းသက်လာသူတွေမို့ မျိုးကြီးရိုးကြီးတွေ ဖြစ်ပါတယ်။
တရုတ်မှာ ဥရဂါလူမျိုး အရေအတွက်က ၈သန်းခန့် ရှိပြီး တရုတ်လူဦးရေရဲ့ ၁ ရာခိုင်နှုန်း အောက်ပဲ ရှိပါတယ်။ သို့သော် စင်ကျင်းဒေသမှာတော့ ၄၅ရာခိုင်နှုန်း အချိုးအစား ရှိပါတယ်။ တရုတ်မှာ ဟန်လူမျိုးက အများစု ဖြစ်ပြီး၊ သူတို့က တိုင်းပြည်ရဲ့ ဗဟို မြေနိမ့်ပိုင်းတွေမှာ နေကြပါတယ်။ တိုင်းပြည်ရဲ့ အနောက်ဘက်နဲ့ အနောက် တောင်ဘက်ရှိ ခြောက်သွေ့တဲ့ ကုန်းပြင်မြင့်တွေဟာ ဥရဂါလူမျိုးတွေနဲ့ တိဘက် လူမျိုးစုတွေရဲ့ သမိုင်းဝင် အိမ်ယာ ဖြစ်ပါတယ်။
အခု ပေကျင်း အစိုးရရဲ့ ခေတ်သစ် တရုတ်နိုင်ငံတော် မျက်စိအမြင်မှာတော့ စင်ကျင်းဒေသကို သူတို့ ထိန်းချူပ်ထားရမယ့် ပိုင်နက်လို့ ယူဆထားပါတယ်။ ဒါကကိုပဲ တင်းမာမှုတွေ အမြဲရှိနေတတ်တာ ဖြစ်ပါတယ်။ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကော့ပါးနဲ့ သတ္တုတွင်းတွေရှိတဲ့ မြေကြီးကို သိမ်းပိုက်ဖို့၊ ပေကျင်းအစိုးရက ဟန်တရုတ်တွေကို တိုင်းပြည် ဗဟိုအချက်ချာကနေ အဲဒီ့ ဒေသတွေဆီ ဆယ်စုနှစ်များချီပြီး အတင်း ရွှေ့ပြောင်းခိုင်း နေထိုင်ခိုင်းပါတယ်။ ဒီတော့ စင်ကျင်းက ဥရဂါတွေအတွက် အန္တရာယ်ဆိုးတွေ တစ်နေ့တခြား ရောက်ရှိ လာပါတယ်။
ပေကျင်း အစိုးရဟာ ဗဟိုအာရှ အစိုးရများကိုလည်း မြှူစွယ်ဖျားယောင်းပြီး သူ့ဩဇာနယ်ပယ် ချဲ့ကားဖို့ ကြိုးစား နေပါတယ်။ တရုတ်လက်တံက ယူရေးရှား အထိ ချဲ့ကားဆန့်တန်း ပြီးပေမဲ့၊ သူ့သဘာဝရင်းမြစ် တောင့်တမှု လိုအင်က မလုံလောက်သေးပါဘူး။ ဗဟိုအာရှကို စိုးမိုးချယ်လှယ်ဖို့ စင်ကျန်းဒေသကို ဖြတ်ပြီး ရေနံ  ပိုက်လိုင်းကြီး နှစ်ခု သွယ်တန်း တည်ဆောက်ထားပါတယ်။ တစ်ခုက ကာဇက်စတန် ကိုဖြတ်ပြီး ကက်စပီယံ ပင်လယ်မှ ရေနံ သယ်ဖို့။ နောက်တခုက ဥဇဘက်ကစ်စတန်နဲ့ ကာဇက်စတန်တို့ကို ဖြတ်ပြီး တက်မင်နစ္စတန်မှ သဘာဝဓါတ်ငွေ့ သယ်ထုတ်ဖို့။
သဘာဝ ရင်းမြစ်တွေ ဆာလောင်နေတဲ့ တရုတ်ဟာ အဲဒီ့ဒေသတွေကို အမြဲ ဆုပ်ကိုင်ထားဖို့ စွန့်စားလုပ်ဆောင် မှာ ဖြစ်ပါတယ်။ စစ်ဒဏ်ရာဒဏ်ချက်နဲ့ စုတ်ပြတ်နေတဲ့ အာဖဂန်နစ္စတန် ကာဘူးမြို့တောင်ဘက်ရှိ ကော့ပါးတွေကိုတောင် မိုင်းခွဲ ထုတ်နေပါပြီ။ ကမ္ဘာ့ နောက်ဆုံး ရတနာသိုက်ဖြစ်တဲ့ အာဖဂန်နစ္စတန်ရဲ့ သံ၊ ရွှေ၊ ယူရေနီယံ၊ အဖိုးတန် ကျောက်မျက်တွေကို မျက်စောင်းတခဲခဲ ဖြစ်နေပါပြီ။
တရုတ် အစိုးရဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် ကိုဖြတ်ပြီး လမ်းတွေဆောက်၊ ပိုက်လိုင်းတွေ သွယ်တန်း၊ ဗဟိုအာရှကို လွှမ်းမိုးဖို့ အိန္ဒိယပင်လယ် ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ထားပါတယ်။ တကယ်လို့ အမေရိကန်က အာဖဂန်နစ္စတန်ကို တည်ငြိမ်အောင် လုပ်ပေးနိုင်ပြီဆိုလျှင် တရုတ်ရဲ့ ပထ၀ီ မဟာဗျူဟာက ပိုအောင်မြင်လာဖို့ ရှိနေပါတယ်။
စင်ကျန်းလိုပဲ တိဘက် ဒေသကိုလည်း တရုတ်က သူ့ကိုယ်ပိုင် နယ်နမိတ်လို့ ယူဆထားတာပါ။ တောင်တွေ ထူထပ်တဲ့ တိဘက် ကုန်းပြင်မြင့်များမှာ ကော့ပါးနဲ့ သံသိုက်ကြီး ရှိနေတယ်။ ဒါကြောင့်လည်း တိဘက်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုမှုကို အထိတ်တလန့် ရှုမြင်တတ်ပါတယ်။ တိဘက် လုံးဝလွတ်လပ်ရေး ဆိုတာတော့ လေသံတောင် မကြားချင်ပါဘူး။
အဲဒီ့ ဒေသကြီးကိုဖြတ်ပြီး လမ်းတွေ မီးရထားလမ်းတွေ အသည်းအသန် တည်ဆောက်နေပါတယ်။ တကယ်လည်း တိဘက်မပါရင်၊ တရုတ်ဟာ ခန္ဓာကိုယ် အောက်ပိုင်း  မပါသလို ဖြစ်သွားပါမယ်။ တရုတ် လက်လွှတ်လိုက်ရင် တဘက်က အိန္ဒိယကလည်း သူ့ရဲ့ မြောက်ပိုင်းဇုံထဲ တိဘက်ကို ဆွဲထည့်သွားဖို့ အသင့်ပါပဲ။
လူဦးရေ သန်းတစ်ထောင့်နှစ်ရာ ရှိလာပြီဖြစ်တဲ့ အိန္ဒိယက တရုတ်ရဲ့ အာရှဇုံ လွှမ်းမိုးချယ်လှယ်ရေးအပေါ် ပထ၀ီ အရ စိန်ခေါ်မယ့်သူ ဖြစ်ပါတယ်။ ပထ၀ီ ရေစက်အရ တရုတ်နဲ့ အိန္ဒိယဟာ ပြိုင်ဘက်တွေ ဖြစ်ပါတယ်။ လူဦးရေများပြားလွန်းကြတဲ့ အိမ်နီးချင်းတွေ၊ ကြွယ်ဝတဲ့ ယဉ်ကျေးမှုကြီးတွေ၊ နယ်မြေအပေါ် ပြိုင်ဆိုင်လိုမှုတွေ ရှိနေပါတယ်။ တိဘက် ကိစ္စက အဲဒီ့ ယဉ်ကျေးမှုသမိုင်း ကြီးမားတဲ့ နိုင်ငံကြီးနှစ်ခုနဲ့လည်း သက်ဆိုင်မှုတွေ ရှိနေပါတယ်။
၁၉၅၇ ခုနှစ်ကထဲက ပြည်ပြေးဖြစ်နေတဲ့ ဒလိုင်းလားမား အစိုးရ အဖွဲ့ကို အိန္ဒိယက အမြဲ ကြိုဆို နေရာချပေးထားပါတယ်။ တရုတ်-အိန္ဒိယ နယ်စပ် တင်းမာမှုဟာ ဒလိုင်းလားမား နေရာ ဆက်ခံမယ့် နောက် လားမားအသစ် အပေါ် တရုတ်ရဲ့ စိုးရိမ်မှုတွေနဲ့လည်း ပတ်သက်မှု ရှိပါတယ်။ နောက်ဆက်ခံမယ် လားမား အသစ်ဟာ အိန္ဒိယ မြောက်ဘက်၊ နီပေါ၊ ဘူတန်တို့နဲ့ ထိစပ်နေတဲ့ တိဘက် ယဉ်ကျေးမှု စီးကြောင်းထဲက ထွက်ပေါ်လာဖို့ ရှိပါတယ်။
နောက် တရုတ် အိန္ဒိယ ဂိမ်းပြိုင်ပွဲဟာ တိဘက်ဒေသ လောက်တင်မကဘဲ ဘင်္ဂလားဒေရှ့်၊ သိရိလင်္ကာ တို့အတွက်ပါ အကျိုးစီးပွား ပြိုင်ဖို့တွေ ရှိနေပါတယ်။ စင်ကျင်းနဲ့ တိဘက် ဒေသ နှစ်ခုစလုံး တရုတ်ရဲ့ တရားဝင် နယ်နမိတ်ထဲ ကျရောက် နေရပေမဲ့၊ တရုတ် အစိုးရဟာ အမြဲတမ်း ဒေသခံ လူမျိုးစုများရဲ့ တင်းမာတဲ့ ဆက်ဆံရေးကို ကြုံနေရပါမယ်။ အကြောင်းက တရုတ်ရဲ့ အိနြေ္ဒရေမဲ့ အငမ်းမရ ဩဇာထူထောင်ချင်တဲ့ ပြဿနာ၊ ဟန် လူမျိုးကြီးတွေနဲ့  ဒေသခံ လူမျိုးစုတွေရဲ့ ပြဿနာ တွေက အစိုးရကို အမြဲခုခံ ဆန့်ကျင်မှုတွေ ပေါ်ထွက်နေဦးမှာပဲ ဖြစ်ပါတယ်။
တောင်ဘက်ရဲ့ အလားအလာ
တရုတ် ဩဇာလွှမ်းမိုးမှုက အရှေ့တောင်ဘက်ဆီလည်း ပျံ့နှံနေပါတယ်။ အရှေ့တောင် အာရှ နိုင်ငံများဟာ ပင်ကိုယ် အားဖြင့် အားပျော့သူများ ဖြစ်ပြီး၊ မဟာ တရုတ်ပြည်ကြီး ပေါ်ထွက်လာမှုကို ခုခံနိုင်စွမ်း အနည်းဆုံးသူများ ဖြစ်ပါတယ်။
ဒါကြောင့်လည်း တရုတ်ရဲ့ စီးပွားရေး နိုင်ငံရေး အရှိန်အ၀ါက ဗီယက်နမ်၊ လာအို၊ ထိုင်း၊ မြန်မာ တို့အပေါ် အမြဲလွှမ်းနေတာပါ။ နောက် မဲခေါင် မြစ်အပေါ် အခြေပြုထားပြီး၊ အင်ဒိုချိုင်းနား ကျွန်းဆွယ် နိုင်ငံများအားလုံးကို ကုန်းကြောင်း ရေကြောင်း တို့နဲ့ ချိတ်ဆက်ပေးတဲ့ အဓိက မြို့ကလည်း တရုတ်ရဲ့ ယူနန်ပြည်နယ်က ကူမင်း ပဲဖြစ်ပါတယ်။
အရှေ့တောင်အာရှမှာ အကြီးဆုံး နိုင်ငံတစ်ခုက မြန်မာပါ။ ပါကစ္စတန်ကို အာရှရဲ့ ဘောလ်ကန် ဒေသလို့ ပြောမယ်ဆိုရင်၊ မြန်မာ ကတော့ ၂၀ရာစု အစောပိုင်း ဘယ်လ်ဂျီယံ နိုင်ငံ အခြေအနေမျိုးမို့ အီမ်နီးချင်း နိုင်ငံများရဲ့ စားကျက် ဖြစ်သွားပါမယ်။ တရုတ် အရေးပေါ်လိုအပ်နေသမျှ သဘာဝ ရင်းမြစ်အားလုံးကို ချိနဲ့တဲ့ မြန်မာက ရင်းပေးရဖို့ ရှိပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့က မြန်မာပိုင် အိန္ဒိယပင်လယ်ပေါ်ရှိ စစ်တွေမှာ ရေနက် ဆိပ်ကမ်း အပြိုင်ဆောက်ဖို့ လုပ်နေကြပါတယ်။ ဘင်္ဂလားပင်လယ်ရှိ မြန်မာ့ ကမ်းလွန်တွင်းများကနေ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေ အစွမ်းကုန် ဆွဲထုတ်ယူဖို့ ရည်မှန်း ထားပြီး ဖြစ်ပါတယ်။
တရုတ်က အရှေ့တောင်အာရှ ဒေသတစ်ခုလုံးအတွက် ခွဲခြားသိမ်းပိုက်ရေး မဟာဗျူဟာ (divde-and-conquer) ကို နေရာတိုင်းမှာ ကျင့်သုံးပါတယ်။ အရင်တုန်းက အာစီယံ နိုင်ငံတွေအားလုံးကို ယူနစ်တခု အနေနဲ့ မဆက်ဆံပဲ တစ်နိုင်ငံချင်းစီ ခွဲခြား ဆက်ဆံခဲ့ပါတယ်။ အခု အာစီယံနဲ့ လွတ်လပ်သော ကုန်သွယ်ရေး ဒေသ သဘောတူချက် ရေးထိုးပြီးတဲ့နောက် နိုင်ငံအားလုံးနဲ့ ဆက်ဆံမှုကနေ အကျိုးအမြတ်ရဖို့ ပိုလုပ်ဆောင် လာပါတယ်။
အာစီယံ ဈေးကွက်ထဲ တရုတ် စက်မှုထုတ်ကုန်တွေ ရောင်းချပြီး၊ တန်ဖိုးနိမ့် စိုက်ပျိုးရေး ထွက်ကုန်တွေကို ပြန်ဝယ်ပါတယ်။ ဒါက တရုတ်ရဲ့ ကုန်သွယ်မှုကို အမြတ်ပိုလျှံငွေ (surplues) ရရှိစေပြီး၊ အာစီယံ နိုင်ငံများအဖို့တော့ တရုတ်လုပ်သားများက ဈေးပေါပေါ ထုတ်တဲ့ မစွံတဲ့ လျှော့ဈေး အမှိုက်ပုံ နေရာကြီးလို ဖြစ်လာပါတယ်။ အဲဒီ့ အခြေအနေကို ထိုင်းနိုင်ငံမှာ သိသိသာသာ တွေ့နိုင်ပါတယ်။
တစ်ခါက ထိုင်းဟာ ဒေသတွင်း အားကောင်းတဲ့ နိုင်ငံဖြစ်ခဲ့ပေမဲ့၊ အခု ပြည်တွင်းနိုင်ငံရေး ပြဿနာများကြောင့် တရုတ်ကို တန်ပြန်ကျားကန် နိုင်မယ့် အနေအထား နည်းသထက် နည်းလာပါတယ်။ မကျန်းမမာတဲ့ ဘုရင်ကြီး နဲ့အတူ တော်ဝင်မိသားစုရဲ့ ဩဇာ ကျသထက်ကျလာပြီး၊ ထိုင်းစစ်တပ်အတွင်း အုပ်စုဖွဲ့မှုတွေ ရှိလာပါတယ်။
ဒီအချိန်မှာ တရုတ်က နှစ်နိုင်ငံ စစ်ရေး ဆက်ဆံမှု ဖွံဖြိုးအောင်လုပ်ထားသလို၊ အာစီယံ နိုင်ငံများ အားလုံးနဲ့ပါ ဆက်ဆံရေး တိုးမြှင့် တည်ဆောက်လာပါတယ်။ အမေရိက အဖို့တော့ အီရတ်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံနဲ့ အကြမ်းဖက်တို့နဲပါ ပျာယာခတ်နေသမို့ တရုတ် ခြေလှမ်းကို ထိထိရောက်ရောက် အာရုံ မစူးစိုက်နိုင်သေးပါဘူး။
ထိုင်းရဲ့တောင်ဘက် မလေးရှားနဲ့ စင်္ကာပူ နှစ်နိုင်ငံစလုံးကလည်း မဟာသီယာ မိုဟာမက်နဲ့ လီကွမ်ယူတို့ မြင်ကွင်းက ပျောက်သွားပြီးနောက် ဒီမိုကရက်တစ် လမ်းကြောင်းအတွင်း စမ်းသပ်လျှောက်လှမ်း လာပါတယ်။ မလေးရှားမှာ တရုတ် လူနည်းစုက မူဆလင်-မလေး လူများစုရဲ့ ခြိမ်းခြောက်မှု ကြုံကြရပေမဲ့၊ မလေး စီးပွားရေးဟာ တရုတ်တို့ အရိပ်အောက် မှာပဲ ရှိပါတယ်။
စင်္ကာပူကတော့ တရုတ် လူမျိုး အများစု နေထိုင်ရာ နိုင်ငံလေး ဖြစ်ပေမယ့်၊ အစိုးရက တရုတ်ပြည်မရဲ့ လက်အောက်ခံ ဖြစ်ရမှာ သိပ်ကြောက်ပါတယ်။ ဒါကြောင့်လည်း မကြာခင်က ထိုင်ဝမ်နဲ့ စစ်ရေးပူးတွဲ လေ့ကျင့်မှုတွေတောင် လုပ်ခဲ့ ပါသေးတယ်။ လီကွမ်ယူ ကိုယ်တိုင်ကလည်း အမေရိကန် ပြည်ထောင်စုကို စစ်ရေးရော သံတမန်ရေးပါ ဒေသနဲ့ အမြဲထိစပ် ပေးထားဖို့ ပြောင်ပြောင်တင်းတင်း တိုက်တွန်းခဲ့ ပါတယ်။
အင်ဒိုနီးရှားကျတော့ တရုတ်ကို ကျားကန်ထားဖို့အတွက် အမေရိကန် ရေတပ်တည်ရှိခွင့် ပေးထားပါတယ်။ ဒီလို အမေရိကန်တွေကို နေရာပေးထားတဲ့အတွက် ကျန်အစ္စလမ် ကမ္ဘာရဲ့ မျက်မုန်းကျိုးမှာလည်း ပူပန်ရတာမို့ နှစ်ဘက်ကြား ညပ်နေပါတယ်။
မည်သို့ဆိုစေ၊ အရှေ့တောင်အာရှမှာ အမေရိကန် ဩဇာပါဝါ လဆုတ်ရက်တွေ ရောက်လာနေပြီး၊ ပေကျင်း အစိုးရရဲ့ ခွဲခြား-သိမ်းပိုက်ရေး မဟာဗျူဟာက ခေါင်းထောင်လာပါတယ်။ ဒါကို ကျားကန်နိုင်ဖို့အတွက် အာရှဒေသတွင်း နိုင်ငံများဟာ အချင်းအချင်း မဟာမိတ် ပြုလာကြရပါတယ်။
ဥပမာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူတို့ဟာ ခိုးတတ်လွန်းတဲ့ တရုတ်ကို ကာကွယ်ဖို့ မူပိုင်ခွင့် ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်လာကြပါတယ်။ ဒီနိုင်ငံတွေ ပိုမို ပေါင်းစည်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည် လာနိုင်တာနဲ့အမျှ၊ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို အနည်းနဲ့အများ ဟန့်တား ထားနိုင်မှာ ဖြစ်ပါတယ်။
ကိုရီးယားကျွန်းဆွယ်
ဗဟိုအာရှ၊ မွန်ဂိုလီယား၊ ရုရှား အရှေ့ဖျားနဲ့ အရှေ့တောင် အာရှတို့ဟာ တရုတ် ဩဇာလွှမ်းမိုးနိုင်ဖို့ သဘာဝဇုံတွေ ဖြစ်ပါတယ်။ သို့သော် ဒီဇုံတွေရဲ့ နိုင်ငံရေး နယ်နမိတ်တွေက အပြောင်းအလဲ သိပ်မရှိလို့ ထူးထူးခြားခြား ပြဿနာ ဖြစ်မယ့်ပုံ မပေါ်ပါဘူး။ ကိုရီးယား ကျွန်းဆွယ်ကျတော့ တမူခြားနားပါတယ်။ တရုတ် မြေပုံက အဲဒီ့နားမှာ အတိခံထားရပြီး၊ နိုင်ငံရေး နယ်နမိတ် ပြောင်းရွှေ့ သွားနိုင်ပါတယ်။
အထီးကျန် မြောက်ကိုရီးယား အစိုးရဟာ အခြေခံအားဖြင့် မတည်ငြိမ်တဲ့ သဘောရှိပြီး၊ သူ  ပြိုကွဲ ပျက်ပြားရင် ဒေသကြီး တစ်ခုလုံးကို အကျိုးသက် စေပါလိမ့်မယ်။ မန်ချူးရီးယားကနေ ငေါထွက်နေတဲ့ ကိုရီးယား ကျွန်းဆွယ်ဟာ တရုတ် အရှေ့မြောက်ဘက် ပယ်လယ်ရေကြောင်း သွားလာရေး အားလုံးကို ထိန်းချုပ် ထားနိုင်ပါတယ်။
တရုတ်က ကိုရီးယား ကျွန်းဆွယ်ရဲ့ အစိတ်အပိုင်းတွေကို သိမ်းပစ်ဖို့ ဆိုတာတော့ ဘယ်သူမှ မမျှော်လင့်ပါဘူး။ နို့ပေမဲ့ မြောက်ဘက်ကိုတော့ အချုပ်အခြာ ပိုင်ဆိုင်ခွင့် အကြောင်းပြရင်း ဆရာကြီး အမြဲလုပ်ထားမှာ ဖြစ်ပါတယ်။ ကင်ဂျုံးအီရဲ့ ကွန်မြူနစ်အစိုးရကို ထောက်ခံပေးထားသလို၊ တဘက်မှာလည်း ကိုရီးယား ကျွန်းဆွယ် တစ်ခုလုံးနဲ့ ပတ်သက်တဲ့ အစီအ စဉ်တွေ တရုတ်မှာ ရှိနေပါတယ်။
တရုတ်၊ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ဆုံတွေ့ရာ တူမန်မြစ် ဒေသဟာ ဆိပ်ကမ်းကောင်းတွေ ရှိပြီး၊ ပစိဖိတ် သမုဒ္ဒရာပေါ်က ဂျပန် သင်္ဘောတွေ ၀င်ထွက်ဖို့ ရှိပါတယ်။ ဒီဒေသကို စီးပွားရေးအရ ပုံမှန် ကြီးစိုးထားပြီး နိုင်ငံရေး အခြေခံ (base) တည်ထားဖို့ တရုတ်က စီမံနေပါတယ်။ ဒီရည်ရွယ်ချက်အတွက် မြောက်ကိုရီးယား ကနေ ထွက်ပြေးပြီး အခု တရုတ်ပြည်မှာ လာရောက် ခိုလှုံနေသူ ထောင်ပေါင်းများစွာကို အတင်း ပြန်ပို့ရင်း၊ မြောက်ကိုရီး အစိုးရနဲ့ သူ့စီမံကိန်း အတွက် အပေးအယူ လုပ်နေ ပါတယ်။
တကယ်တော့ ပေကျင်းအစိုးရက မြောက်ကိုရီးယားကို ပိုမိုတိုးတက် ခေတ်မှီတဲ့ အာဏာရှင်နိုင်ငံ ဖြစ်စေချင်ပုံ ရပါတယ်။ မြောက်ကိုရီးယားကို တရုတ်နဲ့ လူလတ်တန်းစား တိုးတက်များပြားလာတဲ့ တောင်ကိုရီးယား အကြားမှာ ကြားခံ အဖြစ်ထားချင်ပါတယ်။ ကိုရီးယား ကျွန်းဆွယ် ပြန်လည် ပေါင်းစည်း သွားရင်တောင်မှ အဆုံးမှာ ပေကျင်းအစိုးပဲ အမြတ် ရဦးမယ်လို့ အပိုင်တွက်ထားပြီး ဖြစ်ပါတယ်။
ကိုရီယားကျွန်းဆွယ်ဟာ ပြန်လည်ပေါင်းစည်းဦးတော့ အမျိုးသားရေး ၀ါဒပြင်းထန်ပြီး အတိတ်မှာ သူ့ကို သိမ်းပိုက်ဖို့ ကြိုးစားဖူးတဲ့ တရုတ်နဲ့ ဂျပန်တို့ကို ရန်လိုစိတ်တွေ မွေးပါမယ်။ သို့နှင့်တိုင် ကိုရီယားရဲ့ မုန်းတီးမှုက တရုတ်ထက် ဂျပန်ပေါ်မှာ ပိုကြီးပါတယ်။ ဂျပန်က ၁၉၁၀ကနေ ၁၉၄၅ အထိ သိမ်းပိုက်ထားခဲ့ပြီး၊ အခုထိလည်း ကျွန်းနှစ်ကျွန်းနဲ့ ပတ်သက်ပြီး အငြင်းပွား နေရတုန်းပါပဲ။
ကိုရီးယားကျွန်းဆွယ်ဟာ စီးပွားရေး အရ ဆက်ဆံမှုမှာ ဂျပန်ထက် တရုတ်နဲ့ ပိုကြီးမားလာဖို့ပဲ ရှိပါတယ်။ တကယ်လို့ ပေါင်းစည်းဦးတော့ ကိုရီးယားကိုလည်း ဆိုးလ် ဘက်ပဲ အနည်းနဲ့အများ ထိန်းချုပ်ထားနိုင်ဖို့ ရှိပါတယ်။ လက်ရှိမှာတော့ တရုတ်က တောင်ကိုရီးယားရဲ့ ကုန်သွယ်ရေး ပါတနာ ဖြစ်နေပါတယ်။
အဆုံးစွန်တွက်ရင်  ပေါင်းစည်းရင်ပဲဖြစ်ဖြစ်၊ အမြဲကွဲနေတာပဲဖြစ်ဖြစ် ကိုရီးယားကျွန်းဆွယ်ဟာ ပေကျင်းဘက်ကို တဖြည်း ဖြည်း ယိမ်းလာပြီး၊ ဂျပန်နဲ့ စိမ်းသထက် စိမ်းကားသွားမယ်။ ရေရှည်မှာ အမေရိကန် တပ်တွေကိုလည်း အိမ်ရှင် အဖြစ် လက်ခံမှာ မဟုတ်တော့ဘူး လို့ တရုတ်က တွက်ပါတယ်။ ကိုရီးယားရဲ့ ရေရှည် အနာဂတ်က မဟာတရုတ်ကြီး လက်တွင်းမှာပဲ ရှိပြီး၊ အရှေ့မြောက် အာရှမှာ အမေရိကန်ရဲ့ ဩဇာတည်ရှိမှု လျော့ပါး ကျဆင်းသထက် ကျဆင်းသွားပါလိမ့်မယ်။
  ထိုင်ဝမ် အနာဂတ်
မဟာ တရုတ်ပြည်ကြီး ပေါ်ထွက်ရေးမှာ ထိုင်ဝမ် အနာဂတ်က အရေးပါ နေပါတယ်။ ထိုင်ဝမ် ပြဿနာကို အမြဲတမ်း ကျင့်ဝတ်စံနှုန်းတွေ အပေါ်မှာ တင်ဆွေးနွေးတတ်ကြပါတယ်။ ပေကျင်းဘက်က တရုတ် အမျိုးအနွယ် အားလုံး ကောင်းကျိုး အတွက် ပြန်လည် ပေါင်းစည်းဖို့၊ အမျိုးသား ဘိုးဘွား အမွေကို ကြံခိုင်အောင် လုပ်ကြဖို့ ပြောပါတယ်။ ၀ါရှင်တန် ကတော့ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီ မော်ဒယ်လ် အပျိုရည်မပျက်စေဖို့ ထိန်းထားသင့်ကြောင်း ကာကွယ်ပြောပါတယ်။
 သို့သော် တကယ့်ပြဿနာက ပထ၀ီနဲ့ ဆိုင်ပါတယ်။ အမေရိကန် စစ်ဗိုလ်ချုပ်ကြီး ဒေါက်ဂလပ်စ် မက်ကာသာ က “ထိုင်ဝမ်ဟာ တရုတ်ပင်လင်မှာ ဘယ်တော့မှ မနစ်မြှုပ်စေရမယ့် လေယဉ်တင် သင်္ဘောပဲ” လို့ တင်စား သတိပေး ပြောဆိုထားပါတယ်။ အမေရိကန်လို ပြင်ပ အင်အားတစ်ခုက တရုတ် ကမ်းရိုးတမ်း တလျှောက် ၀င်ထွက်ဖို့အတွက် ထိုင်ဝမ်ကို အမြဲ ကိုင်ထားဖို့ လိုပါမယ်လို့ ပြောခဲ့ခြင်း ဖြစ်ပါတယ်။
တကယ်လို့ ထိုင်ဝမ်သာ တရုတ်ပြည်မ ရင်ခွင်ထဲ ပြန်ဝင်သွားရင်၊ တရုတ် ရေတပ်ဟာ မဟာဗျူဟာ အကျဆုံး အနေအထား ရောက်ရှိသွားပြီး မကြုံစဖူးအောင် အင်အားကြီးမား သွားပါလိမ့်မယ်။ နောက်လာမယ့် ကမ္ဘာ့ အစီအစဉ်သစ် (World Order) မှာ ၀င်ရိုးစုံ စစ်ရေး (multipolar military) မပေါ်ထွန်းအောင် အမေရိကန်က သတိထား ဆောင်ရွက်နေပါတယ်။ သူနဲ့ အပြိုင် စစ်တပ်မျိုး ဘယ်ဒေသမှာမှ မရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ ထိုင်ဝမ်သာ ပြည်မနဲ့ ပြန်ပေါင်းထုတ်သွားရင်တော့ အရှေ့အာရှကနေ အမေရိကကို သေချာပေါက် စိန်ခေါ်မယ့် အပြိုင် စစ်ဝင်ရိုး တစ်ခု ပေါ်ထွက်လာတော့မှာ အမှန်ပါပဲ။
 ထိုင်ဝမ် အပေါ် အင်အားလွှမ်းမိုးဖို့ အတွက်၊ တရုတ် ရေတပ်က တောင်တရုတ်ပင်လယ်၊ အိန္ဒိယ သမုဒ္ဒရာရှိ တရုတ် ဂိတ်ပေါက်နဲ့ ကမ္ဘာ့ ဟိုက်ဒရိုကာဗွန် သယ်ယူပို့ဆောင်ရေး ပင်လယ်လမ်းကြောင်းတွေကို အကွက်ချ စီမံ နေပါတယ်။ တရုတ် ရေနံတင် သင်္ဘောများ လုံခြုံစွာ ဖြတ်သန်းသွားလာဖို့အတွက် ပင်လယ်ဓားပြရန်နဲ့ အစွန်းရောက် အစ္စလမ်ရန်တို့ကို ကာကွယ်နေပြီး၊ အိန္ဒိ ရေတပ် အားကြီးမလာအောင် စီမံလုပ်ဆောင် နေပါတယ်။
မဟာဗျူဟာ အရေးပါမှုအရ ကြည့်ရင် တောင်တရုတ်ပင်လယ်ဟာ `ဒုတိယ ပါရှင် ပင်လယ်ကွေ့´ လို့ တင်စားကြပါတယ်။ ပထ၀ီ နိုင်ငံရေး ပညာရှင်များ အလိုအရ ဂရိတွေက အေဂျီယန် ပင်လယ်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တယ်။ ရောမက မြေထဲပင်လယ်ကို ထိန်းချုပ်ခဲ့တယ်။ အမေရိကန်က ကာရစ်ဘီယန် ကို စိုးမိုးတယ်။ အခု တရုတ်က တောင်တရုတ်ပင်လယ်ကို ထိန်းချူပ်ပါတော့မယ်။
ပထ၀ီနိုင်ငံရေး ဆရာကြီးများ အဖို့တော့ ကာရစ်ဘီယန်ကို အမေရိကန် ပြည်ထောင်စုရဲ့ မြေထဲပင်လယ်လို့ ၀ိဂြိုလ်ပြုရင်၊ လာမယ့် ဆယ်စုနှစ်များမှာ တောင်တရုတ်ပင်လယ်က တရုတ်ရဲ့ အာရှ မြေထဲပင်လယ် ဖြစ်တော့မှာ မလွဲအောင်ပါပဲ။
မဟာ တရုတ်ပြည်သစ်
မဟာ တရုတ်ပြည်ဟာ ဗဟိုအာရှ၊ အိန္ဒိယ ပင်လယ်၊ အရှေ့တောင်အာရှနဲ့ အနောက်ဖက် ပိစိဖိတ်တို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတို့အတူ ထူးခြားစွာ ပေါ်ထွက်လာမယ့်ပုံပါ။ တဆက်ထဲ အမေရိကန် စစ်သင်္ဘော အခြေစိုက် စခန်းများကို ကျော်လွန်ပြီး၊ ဂျပန်၊ အိန္ဒိယ၊ အခြား ဒီမိုကရေစီ နိုင်ငံများနဲ့ ပိစိဖိတ် ရေတပ် ပူးတွဲ ဆောင်ရွက်မှုတွေ လုပ်လာပါလိမ့်မယ်။ တရုတ်က အပြာရောင် ပင်လယ်ပြင် ပိုင်စိုးမှုမှာ နယ်မြေ ကန့်သတ် ထိန်းချူပ်မှုထက် သက်ဆိုင်ရာ နိုင်ငံများရဲ့ ရေတပ်တွေနဲ့ မဟာမိတ် ဖွဲ့တည်မှုကို ပိုအာရုံကျ ပုံရပါတယ်။
သို့နှင့်တိုင် စစ်ရေးအရ အမေရိကနဲ့ တရုတ် ဆက်ဆံရေးဟာ အရင် အမေရိကနဲ့ ဆိုဗီယက် ဆက်ဆံရေးထက် ပိုတည်ငြိမ်မှု ရှိပါလိမ့်မယ်။ ဒါကလည်း ထူးခြားတဲ့ အရှေ့အာရှ ပထ၀ီ အနေအထားကြောင့် ဖြစ်ပါတယ်။ စစ်အေးခေတ်မှာ ဆိုဗီယက်ကို ထိန်းချူပ်ဖို့ အမေရိကန် အနေနဲ့ ပင်လယ် ရေကြောင်း အင်အား တစ်ခုထဲနဲ့ မလုံလောက်ဘူး။ ဥရောပ ကုန်းမြေကို အသုံးပြုရပါတယ်။
အခု တရုတ်ကို ထိန်းချူပ်ဖို့ အတွက်ကျတော့ တရုတ် ပတ်ပတ်လည်မှာ အမေရိကန် အခြေချ နိုင်မယ့်မြေ သိပ်မရှိလှတာမို့၊ အမေရိကန် ရေတပ်ဟာ တရုတ် ရေတပ်ထက် ဆက်ပြီးကြီးမား ကြံခိုင်နေအောင် လုပ်ထားရမှာပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တရုတ်စီးပွားရေး စစ်ရေး အင်အား တိုးမြင့်လာမှုက ရှေ့လာမယ့် နှစ်တွေမှာ အမေရိကန် တရုတ် တင်းမာမှု အရှိန်မြင့်နေမှာပါပဲ။  နိုင်ငံရေးသိပ္ပံပညာရှင် ဂျွန် မီယာရှီးမားရဲ့ အမြင်အရ ဆိုရင် အနောက် ကမ္ဘာခြမ်းကို ကြီးစိုးခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အရှေ့ ကမ္ဘာခြမ်း အများစုကို လွှမ်းမိုး ကြီးစိုးတော့မယ့် မဟာတရုတ်ကို ဟန့်တားဖို့ ကြိုးစား ပါလိမ့်မယ်။ အဲဒါကိုက ယနေ့ခေတ်ရဲ့ အထူးခြားဆုံး အကြီးကျယ်ဆုံး ဒရမ်မာ တစ်ပုဒ် ဖြစ်နေပါလိမ့်မယ်။
ရဲနွယ်မိုး
ရည်ညွန်း။ Monsoon: The Indian Ocean and the Future of American Power  by Robert D.Kaplan မှ    ထုတ်နှုတ် တင်ပြသည်။
(အလင်းရနံ ဂျာနယ် အမှတ် ၅ တွင် ဖော်ပြပြီး ဖြစ်ပါသည်။)

သူလျှိုကွန်ရက် သို့မဟုတ် နိုင်ငံအတွက် သတင်းထောက်လှမ်း ရယူခြင်း

သူလျှိုကွန်ရက် သို့မဟုတ် နိုင်ငံအတွက် သတင်းထောက်လှမ်း ရယူခြင်း

နိုင်ငံတစ်ခု၏ ပုံသဏ္ဌာန် ဖော်ဆောင်ရန်အတွက် သတင်းအချက် အလက်စုဆောင်းခြင်းလုပ်ငန်းမှာ အသက်သွေးခဲ သဖွယ်ဖြစ်သည်ကို လွန်ခဲ့သည့် နှစ်များစွာ ကတည်းက လက်ခံထားခဲ့ကြသည်။
နိုင်ငံတစ်ခု၏ ပုံသဏ္ဌာန်ဆိုရာ၌ ထိုနိုင်ငံ၏ သံတမန် ဆက်ဆံမှုနှင့် စစ်ရေးအစီအစဉ်များလည်း ပါဝင်ပါ၏။
အထက်ဖော်ပြပါ အဆိုသည် အနောက်တိုင်းသား ပညာရှင်များ၏ တင်ပြမှု မဟုတ်ပေ။
လွန်ခဲ့သည့် နှစ် ၂၅ဝဝ။ အနောက်ကမ္ဘာ၌ နိုင်ငံများဟုပင်ပုံ မပေါ်သေးသည့် ကာလ။
တရုတ်နိုင်ငံသား စစ်ရေးသဘော တရားပညာရှင်ကြီး ဆွန်ဇူး -Sun Tzu က ဘီစီ ခြောက်ရာစု၌ သတင်းအချက်အလက် စုဆောင်းခြင်းသည် မည်မျှအရေးပါသည့် လုပ်ငန်းဖြစ်သည်ကို တင်ပြပြီး ဖြစ်ပါ၏။
ဆွန်ဇူး၏ စစ်သေနင်္ဂဟဗျူဟာကျမ်း – The Art of War ၌ အသေးစိတ် ဖော်ပြထားသည့်အပြင် သတင်းထောက်လှမ်းခြင်းကို မည်သို့သော အစီအစဉ်ဖြင့် ဆောင်ရွက်ကြရမည်ကိုလည်း ပြည့်စုံစွာ တင်ပြထားသည်။ ဆွန်ဇူးက သတင်းထောက်လှမ်းရေး လုပ်ငန်းကို မည်မျှအထိ အသေးစိတ် တွေးဆခဲ့သနည်း ဆိုရပါလျှင် နှစ်ဘက်ခွ၊ သူ့လူကိုယ့်ဘက်သား သတင်းသမား Double Agents များ၊ မိမိတို့ကို သစ္စာဖောက်ကာ တစ်ဘက်သို့ ကူးပြောင်းသွားသူ Defectors များကိုပါ ထည့်သွင်းတွက်ဆ ထားသည်။
သတင်းထောက်လှမ်းရေး လုပ်ငန်းသည် တဖြည်းဖြည်း ဖွံ့ဖြိုးတိုး တက်လာခဲ့ပြီး ၁၈ ရာစုကာလမှစ၍ စစ်ဘက်နှင့် သံတမန်ရေးရာ၌ပါ အကျုံးဝင် ပတ်သက်ကာ စနစ်တကျ ရှိလာခဲ့သည်။
၁၉ ရာစုကာလ
နိုင်ငံရေးအရ သတင်းထောက် လှမ်းခြင်းလုပ်ငန်းကို ပထမဦးဆုံးနှင့် စနစ်တကျစတင်ခဲ့သူဟု ယူဆနိုင်သူမှာ ပြင်သစ်စစ်ဘုရင် နပိုလီယံလက်ထက် ကာလများနှင့် ပြင်သစ်တော် လှန်ရေးကာလအတွင်း အရှိန်အဝါ ကြီးမားခဲ့သည့် ပြင်သစ်ရဲဝန်ကြီး ဂျိုး ဇက်ဖူရှေး – Joseph Fouche ဖြစ် သည်ဟု ဆိုကြသည်။
ဖူရှေး၏ အစီအစဉ်ဖြင့် ရဲသတင်း ထောက်လှမ်းရေး ကွန်ရက်ကို စတင် တည်ဆောက်ခဲ့သည်။ ထိုမှကျွမ်း ကျင်သော သူလျှိုများကို မွေးထုတ် ပေးခဲ့၏။ ပြင်သစ် မြေရှင်ယာရှင် ပဒေသရာဇ် ဘာဘွန် – Bourbon မျိုးနွယ်များ လက်ဝဲစွန်းဝါဒီ ဂျကိုဘင် Jacobin မျိုးနွယ်များ၊ နိုင်ငံရေးအရ တိုင်းတစ်ပါးသို့ ထွက်ပြေးသူများကို ပါပြန်လည်စုစည်းကာ အမည်ပြောင်း၊ ဘဝပြောင်း၊ မျိုးနွယ်ပြောင်းကာ လေ့ကျင့်ပေးခဲ့သည်။
ထောက်လှမ်းရေးလုပ်ငန်း တာဝန်ယူခဲ့သူများ၏ဘဝ နောက်ကြောင်းကား ရင့်နင့်ဖွယ်ရာများနှင့် ပြည့်နှက်နေ၏။ ဘဝလမ်းခရီး ဖြောင့်ဖြူးခြင်း မရှိ။ နောက်ဆုံးဘဝ ဇာတ်သိမ်းချိန် မလှမပဖြစ်ခဲ့ပုံများကို ဖူရှေးဘဝဖြစ်ရပ် များ၌သင်ခန်းစာယူဖွယ်၊ သံဝေဂရ ဖွယ်တွေ့မြင်နေရပါ၏။
ဖူရှေးသည် ကြီးမားသော တာဝန်များ ထမ်းဆောင်ရင်း၊ ပြည်ထဲရေးဝန် ကြီးအထိဖြစ်လာခဲ့သည်။ နောက်ရာထူး လျှောခဲ့ရသည်။ နောက်ဆုံး ပြည်ပြေးဘဝ ရောက်ရသည်။ နောက်ဆုံးဘဝ ဇာတ်သိမ်းချိန်၌ ဖူရှေးသည် သူ့လက်ဝယ်ရှိ မှတ်တမ်းမှတ်ရာ မှန်သမျှကို မီးရှို့ဖျက်ဆီး ပစ်ခဲ့သည်။
သူ့ပုဂ္ဂလိက ဘဝ မှတ်မိသမျှ Momoirs များသာ ချန်ထားခဲ့သည်။ ထိုမျှလောက်နှင့်ပင် သူ့အရည်အသွေးနှင့် သူ့ကြိုးစားခဲ့ရ ပုံများကို နှောင်းလူများ သိကြရခြင်း ဖြစ်ပါ၏။
ဖူရှေးနှင့် တစ်ချိန်တည်း သတင်းထောက်လှမ်းရေး လုပ်ငန်း စခဲ့သူတစ်ဦးလည်း ရှိပါ၏။ ဖူရှေးနှင့် ခေတ်ပြိုင်ဟု ဆိုရမည့် သြစထရီးယား နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီး၊ မင်းသားကြီး ဗွန်မဲတာနိခ်ျ – Princ Von Metternich ဖြစ်သည်။
မင်းသား မဲတာနိခ်ျသည်လည်း ၁၉ ရာစု အစော ပိုင်း ကာလကတည်းက နိုင်ငံရေး၊ စစ်ရေးနှင့် ဆက်နွယ်နေသည့် သတင်းထောက်လှမ်းရေး သူလျှိုကွန်ရက်များကို အရည်အသွေး ပြည့်မီစွာဖြင့် ဖွဲ့စည်းထားနိုင်ခဲ့သည်။
ဖူရှေးနှင့် မင်းသား မဲတာနိခ်ျတို့ ထိပ်တိုက်ရင် ဆိုင်ခဲ့ဖူးသည်။ ဘုရင် နပိုလီယံက မင်းသားကို ထောက်ခံခဲ့ပြီး ဖူရှေးအား တာဝန်မှ ရပ်စဲခဲ့သည်။
ယင်းအဖွဲ့ အစည်းများနှင့် တစ်ချိန်တည်း လူသိများလာသည့် အခြားသူလျှိုနှင့် လျှို့ဝှက်ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုမှာ ရုရှား ဇာဘုရင်များ၏ နာမည်ဆိုးနှင့် ကျော်ကြားလှသည့်-Okhrana ဆိုသည့် လုံခြုံရေး အဖွြဲ့ဖစ်သည်။ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးဌာန အဖွဲ့အစည်းဟုလည်း အမည်တစ်မျိုးနှင့် ခေါ်ကြသည်။ ယင်းအဖွဲ့အစည်းကို ၁၈၂၅ ခုနှစ်တွင် တီထွင်ဖွဲ့စည်းခဲ့ ပြီး ရန်ဘက်အစိုးရများအတွက် ရည်ရွယ်ဆောင်ရွက် ခဲ့ခြင်းဖြစ်၏။
၁၉ ရာစု အလယ်ပိုင်းကာလ၌ ပရပ်ရှားနိုင်ငံ၏ ရဲတပ်ဖွဲ့ကို ပြန်လည်ဖွဲ့စည်းကာ ပြည်တွင်းလုံခြုံရေး တာဝန်နှင့် ပြည်ပရန်ကာကွယ်ရေး တာဝန်မျိုးကို ပူးတွဲ ထမ်းဆောင်စေခဲ့သည်။
ပရပ်ရှား သတင်းထောက်လှမ်းရေး အဖွဲ့သည် အစိတ်စိတ် အမြွှာမြွှာ ဖြစ်နေသော ဂျာမနီနိုင်ငံမှသည် အင်အား တောင့်တင်းစုစည်းသော ဂျာမန်အင်ပါယာ၌ အဓိက နေရာက ပါဝင်ခဲ့၏။
ပြင်သစ် သတင်းကွန်ရက် အဖွဲ့မှ ပြင်သစ်သတင်း ကွန်ရက်အဖွဲ့မှ အေးဂျင့် သုံးသောင်းသည် ဂျာမနီနိုင်ငံ ဘက်မှနေ၍ ကူညီခဲ့သည်။ ၁၈၇ဝ-၇၁ ခုနှစ်၌ ဖြစ်ပွားသည် ပြင်သစ်- ပရပ်ရှားစစ်ပွဲ၌လည်း အောင်မြင်ခဲ့ သည်။
သို့သော် ၁၉ ရာစုနှစ်ကုန်ခါနီး ကာလအထိ ယနေ့ခေတ်သစ် ထောက်လှမ်းရေးဗျူရိုကဲ့သို့ အဖွဲ့ အစည်းမျိုး တည်ထောင်ဖွဲ့စည်းခြင်း မျိုးကားမရှိခဲ့သေးပေ။
၂ဝ ရာစုအစပိုင်းနှစ်များ
ပထမကမ္ဘာစစ် စတင်သည့် အချိန်၌ နိုင်ငံအများအပြားသည် အရည်အချင်းမပြည့်ဝသော၊ မပြည့်မစုံ သော သူလျှိုများ၊ ထောက်လှမ်းရေး သမားများနှင့် ကမ္ဘာစစ်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။
ယခုအခါ ယင်းစစ်ပွဲကိုပြန်သုံး သပ်ကြည့်လျှင် အလွန်ညံ့ဖျင်းသော သတင်းအချက် အလက်များကို အခြေ ခံကာစစ်ပွဲကြီး တစ်ပွဲကို တိုက်ခိုက်ကြခြင်း ဖြစ်နေ၏။
ပထမကမ္ဘာစစ်ပွဲမှ သင်ခန်းစာ ယူလိုက်ကြသည့်အခါ နည်းပညာများ အလျင်အမြန် ရရှိရေးသည် စစ်ပွဲ၏ အဓိကအချက်ဟု သိရှိသွားကြသည်။ အထူးသဖြင့် သတင်းအချက် အလက်များ ရရှိရေး၊ လေတပ်လှုပ်ရှားမှုနှင့် ပတ်သက်၍ သတင်းအချက် အလက်များ စောစီးစွာနှင့် မှန်ကန်လျင်မြန်စွာ ရရှိရေးသည် စစ်ပွဲအောင်မြင်မှုကို အဆုံးအဖြတ် ပေးနိုင်ကြောင်းကို သိရှိ သွားကြသည်။
သတင်းအချက်အလက် စုဆောင်းသော အေးဂျင့်များအားလုံး တစ်ညီတစ်ညာတည်း တစ်ပြိုင်တည်း တိုးတက်ရေးသည် ပဓာနအချက်ဖြစ် လာသည်။
ရှေ့အလားအလာကို ကြည့်သည့်အခါ ထိုအချိန်က ဥရောပတိုက်၌ ဖက်စစ်ဝါဒီ အစိုးရများ ကိုလည်းကောင်း စစ်အာဏာရှင် အစိုးရကို ဂျပန်နိုင်ငံ၌ တွေ့ရ၍ဖြစ်သည်။ သူတို့၏ နိုင်ငံခြား ရေးမူဝါဒသည် နယ်မြေချဲ့ထွင်ရေး ဖြစ်၏။ အထူးသဖြင့် ယင်းနိုင်ငံများအတွက် တန်ပြန်ထောက်လှမ်းရေး အေးဂျင့်များ တိုးပွားလာစေရန် စီစဉ် ကြရသည်။ ပမာအားဖြင့် နာဇီဂျာမနီ၏ ဂက်စတာပို-Gestapo လက်တုံ့ ပြန်ရန်ဖြစ်သည်။
သို့နှင့် ဒီမိုကရက်တစ် နိုင်ငံ အများအပြား၌ တန်ပြန်ထောက်လှမ်း ရေးကွန်ရက်များ စနစ်တကျ ဖြစ်ထွန်းလာခဲ့သည်။
ဒုတိယကမ္ဘာစစ်ကာလ
ဒုတိယကမ္ဘာစစ်၌ သတင်း ထောက်လှမ်းရေးလုပ်ငန်းနှင့် ယင်းလုပ်ငန်းသည် စစ်ပွဲများကို နောက် ကွယ်မှနေ၍ တွန်းအားပေးကာ ပံ့ပိုး ကူညီနိုင်ခဲ့သည်။
ယနေ့ခေတ် စစ်ရေးနှင့် ဆက်သွယ်ရေး နည်းပညာသည် တိကျသေချာမှုကို ဦးစားပေးသည်။ သတင်းအချက်အလက် အမြန်ဆုံးနှင့် စောစီးစွာ ရရှိရေးသည်လည်း ပထမဦးစားပေး ဖြစ်သည်။ တစ်ချိန်တည်းတွင် ယင်း အချက်အလက်သည် လုံခြုံမှုရှိရမည်။
ဒုတိယ ကမ္ဘာစစ်အတွင်း ဖြစ်ပွားခဲ့သော ရင်ဆိုင်တိုက်ပွဲကြီးများ၌ လက်နက်နှင့် အပြန်အလှန် တိုက်ခိုက်မှုထက် သတင်းထောက်လှမ်းရေး အချက်အလက်များဖြင့် တန်ပြန် တိုက်ခိုက်ခြင်းလုပ်ငန်းက ပို၍ကြီး ကျယ်ခဲ့ပါ၏။
မှတ်သားလောက်သည့် တန် ပြန်စစ်ရေးပြင်ဆင်မှုကို အခွင့်အလမ်း သဖွယ် ရရှိခဲ့ခြင်းဖြစ်သည်။ စစ် အတွင်းကာလဗြိတိန်တွင် နေထိုင် သော ဂျာမန်သူလျှိုများကို ဗြိတိသျှ တို့က ဖမ်းမိသည်။ သို့ဖြစ်၍ ယင်း သူလျှိုများကို တန်ပြန်သူလျှိုများ အဖြစ်ဖန်တီးပြီး ဂျာမနီနိုင်ငံသို့ သတင်းမှားများ ပြန်ပို့စေခဲ့သည်။
တစ်ချိန်တည်းတွင် ဗြိတိသျှနှင့် မဟာမိတ်များသည် ဂျာမန်တို့၏ လျှို့ဝှက်စာဖော်နည်းကိုလည်း ရရှိခဲ့သည်။ သို့ဖြစ်၍ ရန်သူ၏ လျှို့ဝှက်သတင်း ပေးပို့ချက်များကို ဝှက်စာဖော်နိုင်၍ အကျိုးများစွာရရှိခဲ့၏။
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့၌ ပုလဲဆိပ်ကမ်းရှိ အမေရိ ကန်တို့၏ရေတပ်ကို ဂျပန်လေတပ် က မမျှော်လင့်ဘဲ ရုတ်တရက်တိုက် ခိုက်ခြင်းသည် ဂျပန်နိုင်ငံ၏ သတင်း ထောက်လှမ်းရေးကွန်ရက် အောင်မြင် ပြီး အမေရိကန်သတင်းထောက်လှမ်း ရေးကွန်ရက်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့ ရှုံးနိမ့်မှုကြောင့်ပင် စစ် ပြီးကာလ အမေရိကန်နိုင်ငံ၌ သတင်း ထောက်လှမ်းရေးအဆောက်အအုံ အဆမတန်ကြီးထွားလာရခြင်းဖြစ်၏။
အမှန်တကယ်ဆိုရပါလျှင် ဒုတိယ ကမ္ဘာစစ် မတိုင်မီက အမေရိ ကန်တို့၏ သတင်းထောက်လှမ်းရေး လှုပ်ရှားမှုသည် စနစ်တကျ မရှိချေ။ ယင်းစစ်ကြီး ပြီးသွားမှသာ အမေရိ ကန်နိုင်ငံ၏ ဗဟိုထောက်လှမ်းရေး စီအိုင်အေ CIA သည် ကမ္ဘာပေါ်၌ ထင်ရှားကျော်ကြားသော အဖွဲ့အဖြစ် နိုင်ငံတကာ အရေးများ၌ ပါဝင်လာခဲ့သည်ဟု ဆိုရပါမည်။
၂ဝ ရာစု ကုန်ခါနီးကာလ
၁၉၇ဝ ခုနှစ် အလယ်ပိုင်းနှစ် ကာလများသို့ ရောက်လာသည့်အခါ ယုံမှားသံသယမှု များစွာပြည့်နှက်နေသည့် ဗီယက်နမ်စစ်ပွဲ၊ သမ္မတနစ်ဆင်၏ ဝါးတာဂိတ် အရှုပ်တော်ပုံ၊ နိုင်ငံတကာ တင်းမာမှု ဖြေလျော့ရေး Detente မူဝါဒများကြောင့် အမေရိကန် ပြည်သူများသာမက ကမ္ဘာ့ပရိသတ် များအားလုံး CIA အဖွဲ့အပေါ် မေးခွန်း ထုတ်လာကြသည်။
ဆိုလိုသည်မှာ သတင်းထောက် လှမ်းရေးဆိုသော လ အဖွဲ့ကြီး၌ မည်သို့သော လုပ်ပိုင်ခွင့်များရှိနေပါ သနည်း။ လ ၏ လက်တံသည် အတိုင်းအတာမဲ့ အနန္တအထိလေ လား…
CIA ၏ အာဏာဘောင်ကျော်မှု၊ ရှုံးနိမ့်မှုများကို ပြည်သူ့အာဘော် သတင်းမီဒီယာများက ဖွင့်ချဝေဖန်ထိုး နှက်လာခဲ့သည်။ ထို့ကြောင့် CIA အပေါ်သမ္မတက တာဝန်ခံသော ကော်မရှင် ဖွဲ့စည်းကာ စစ်ဆေးခြင်း၊ လွှတ်တော်နှစ်ရပ် ကော်မီတီများက စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြရသည်။
လျှို့ဝှက်သော အစီအစဉ်တစ်ခု ချမှတ်သည့်အခါ ပုံစံသစ်လမ်းညွှန်မှု၊ စီမံခန့်ခွဲမှု ပုံစံသစ်များဖြင့် ပုံဖော်ကာ ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့် ကြပ်မတ်ရန်လည်း ဖြည့်စွက်ခဲ့ကြသည်။
ဃှုဗ ၏ လုပ်ပိုင်ခွင့်၊ ထိန်းချုပ် နိုင်ခွင့်သည် မည်မျှအထိ ရရှိထား သည်ဆိုသည်မှာ ယခုတိုင်ရှင်းလင်း မှုမရှိသေးပေ။
သို့သော် ပြည်သူများထံမှ သတင်းအချက်အလက် ရရှိရေးနှင့် ထောက်လှမ်းရေး လုပ်ငန်းများကိုမူ တိုး၍တိုး၍သာ လုပ်ဆောင်လျက် ရှိနေပါ၏။
အမေရိကန်နိုင်ငံ၏ CIA အဖွဲ့
အမေရိကန်၏ ဗဟိုထောက် လှမ်းရေးအေဂျင်စီ Central Intelligence Agency- CIA အဖွဲ့သည် နိုင်ငံတော် လုံခြုံရေးအတွက်ဟုဆိုကာ လျှို့ဝှက်သော သတင်းမှန်သမျှ ရှာဖွေစု ဆောင်းလေ့ ရှိသည်။
ဖယ်ဒရယ်သတင်း ထောက်လှမ်းရေး ဗျူရို Federal Bureau of Investigation – FBI အဖွဲ့ကမူ ပြည်တွင်းတန်ပြန် သတင်း ထောက်လှမ်းရေး ကွန်ရက်များအတွက် တာဝန်ယူရသည်။ လိုအပ်ပါက CIA နှင့်ပူးပေါင်းကာ နိုင်ငံတကာမှ သတင်းအချက် အလက်များကို စုဆောင်းလေ့ ရှိကြသည်။
စစ်အေးကာလ၌ FBI နှင့် CIA တို့သည် ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံ-USSR ၏ နိုင်ငံတော် လုံခြုံရေး ကော်မတီဟု ခေါ်တွင်သော Komitet Gosudarstvennoy Bezo-pasnosti -KGB အဖွဲ့၏ လှုပ်ရှားမှုများ အပေါ် အလေးအနက်ထား အာရုံစိုက်ကာ စောင့်ကြည့်ခဲ့ကြသည်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည် ထောင်စုကြီး ပြိုကွဲသွားပြီးနောက် KGB အဖွဲ့၏ လှုပ်ရှားမှုများကိုလည်း အဖွဲ့ငယ်များအဖြစ် ခွဲပစ်ခဲ့သည်။
လ အဖွဲ့ကိုလည်း အစိုးရ အုပ်ချုပ်ရေးအဖွဲ့နှင့် ကွန်ဂရက် လွှတ်တော်က ပြန်လည်စစ်ဆေးမှုများ ပြု လုပ်ခဲ့သည်။
သို့သော် ယခုထက်တိုင် CIA ၏ တာဝန်ဝတ္တရားမှာ နိုင်ငံတကာမှ သတင်းများ ရရှိနိုင်သရွေ့ စုဆောင်း ခြင်းသာမက ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်းများကို ပြုလုပ်လျက်ရှိသည်။ ထို့မှ တစ်ဆင့်တက်၍ နိုင်ငံတကာ၌ တန်ပြန်သတင်း ထောက်လှမ်းခြင်းများ ပြုလုပ်သည်။ ထိုအခါ ပုံစံအမျိုး မျိုးရှိလာသည်။ နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှု၊ လျှို့ဝှက်စွာ သတင်းဖြန့်ချိမှုများအပြင် စစ်ရေးအရ တစ်စိတ်တစ်ပိုင်း ပတ်သက်မှုများကို လိုအပ်လျှင် လိုသလို အလွန် လျှို့ဝှက်စွာ ဆောင်ရွက်သည်။
လွှတ်တော်နှစ်ရပ် ပူးပေါင်း၍ ဖွဲ့စည်းထားသော အဖွဲ့အစည်း အသီးသီးတို့က CIA ၏ လုပ်ငန်းများအပေါ် အသေအချာ စစ်ဆေးနိုင်ခြင်း မရှိကြပေ။
နိုင်ငံတကာ သူလျှိုသတင်း ထောက်လှမ်းရေး၏ နည်းစနစ်ဆိုသည်မှာ အမှန်တကယ် လက်တွေ့ ဆောင်ရွက်ကြသည့် အခါ၌ နိုင်ငံနယ်နိမိတ် သတ်မှတ်မျဉ်း ဆိုသည်ကို အနည်းအကျဉ်းသာ လိုက်နာကြသည်။
နိုင်ငံတစ်ခု၏ အချုပ်အခြာ နိုင်ငံနယ်နိမိတ်ကို အသိအမှတ်မပြု၊ မလိုက်နာဟု ဆိုခြင်း မဟုတ်။ လိုက်နာသည်။ အသိအမှတ်ပြုသည်။ သို့သော် စစ်ဆင်ရေး တစ်ခုချမှတ် ဆောင်ရွက်သည့်အခါ၌ စစ်ဆင်ရေး ကာလတွင်မူ နယ်ခြားမျဉ်းဆိုသည် ရှိကိုမရှိဟု သတ်မှတ်ထားကြခြင်းကို ဆိုလိုပါ၏။
သတင်းထောက်လှမ်းမှုစတင်ခြင်း
သူလျှိုများပါဝင်သော သတင်း ထောက်လှမ်းရေးစီမံကိန်း Mission တစ်ခုအတွက် အဆင့်ငါးဆင့်ဖြင့် ပြီးပြည့်စုံရသည်ဟု အဆိုရှိ၏။
ပထမအဆင့် ။ ။ တာဝန်ခံသူက သတင်းအချက်အလက်တစ်ခု လိုအပ်နေချိန် ဖြစ်ရမည်။
ဒုတိယအဆင့် ။ ။ သတင်းစုဆောင်း ရမည်။ မည်သည့်နေရာက ရမည်။ မည်သူ့ကို တာဝန်ပေးရမည်။ သတင်းစာ၊ အသံလွှင့်ဌာန၊ သတင်းဌာနမှ ရနိုင်သည်။ ရှုပ်ထွေးသောနည်းနှင့် လည်းရနိုင်သည်။ သတင်းရမည့် နေရာ၌ အေးဂျင့်မွေးရမည်လား ဆုံး ဖြတ်ရသည်။
တတိယအဆင့် ။ ။ သတင်းကုန်ကြမ်းများ စုဆောင်းရန်၊ စုဆောင်းပြီးပါက သတင်းမှန်ကန်မှု ရှိ၊ မရှိကို မည်သူ့ကိုမေးရမည်။ စဦးပိုင်း သတင်းများအတွက် ဖြစ်သည်။
စတုတ္ထအဆင့် ။ ။ တာဝန်ခံထံ သတင်းပေးရာ၌ ပုံစံ၌တိကျခြင်း၊ အချိန်မီခြင်း၊ နားလည်လွယ်ကူခြင်းရှိ ရမည်။
ပဉ္စမအဆင့် ။ ။ အခက်ခဲဆုံး အပိုင်း ဖြစ်သည်။ သတင်းလက်ဝယ်ရရှိသည့် အခါ တာဝန်ခံက သတင်းကို အလေးမထား မျက်ကွယ်ပြုနိုင်သည်။ သတင်းမှန်ကန်မှု၊ တိကျမှု ဆုံး ဖြတ်ရန်လည်း လိုလာနိုင်သည်။
ထိုသတင်းကို မည်သို့ မည်ပုံ အသုံးချမည်ကို တာဝန်ခံက ဆုံးဖြတ် သည်။
သတင်းထောက်လှမ်းမှု လုပ်ငန်းသည် အဆိုပါ အချက်ငါးချက်နှင့် ပြည့်စုံရသော်လည်း အစီအစဉ် တစ်ခုလုံး ပျက်စီးသွားမှု၊ မအောင်မြင်မှု များလည်းရှိနိုင်ပါ၏။
သူလျှိုအေးဂျင့်များစုဆောင်းခြင်း
ယနေ့ခေတ်တွင် ဖွံ့ဖြိုးသော နိုင်ငံများအားလုံး၌ အရည်အသွေး ပြည့်ဝသော သတင်းထောက်လှမ်း ရေးအဖွဲ့အစည်းများနှင့်ယင်းအဖွဲ့ အစည်းများ၏ စီမံကိန်း၊ စီမံချက် အများအပြားက ရှိနေပြီး ဖြစ်သည်။
ထိုအဖွဲ့အစည်း အသီးသီးသည် သူတို့အတွက် အသုံးဝင်မည့် သူများ ကိုပုံစံ အမျိုးမျိုးနှင့် သိမ်းသွင်းစည်း ရုံး၊ စုဆောင်းလေ့ရှိသည်။ ရှင်းလင်းစွာ ဆိုရလျှင် သူလျှိုအေးဂျင့်များ စုဆောင်းထားကြသည်။
သူလျှိုအေးဂျင့်များ ရရှိနိုင်သည့် ဝန်းကျင်သုံးမျိုး ရှိသည် ဆို၏။
ပထမဝန်းကျင်မှာ တက္ကသိုလ်နှင့် သိပ္ပံပညာကျောင်း အသီးသီး၌ ဖြစ်၏။ ထိုနေရာမှ ကျောင်းသူ၊ ကျောင်းသားများကို စုဆောင်းရရှိခြင်း၊ သင်တန်းပေးခြင်းဖြင့် ဘဝတစ်သက်တာ သတင်းထောက်လှမ်းရေး အေးဂျင့်များ ဖြစ်သွားနိုင်သည်။
ဒုတိယ ဝန်းကျင်မှာ လက်နက် ကိုင်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ဝင်များထံမှ ရ ရှိနိုင်သည်။ ထိုသူများမှာ အတော် အသင့် လေ့ကျင့်သင်ကြားပေးပြီး သားဖြစ်နေတတ်သည်။
တတိယဝန်းကျင်မှာ မြေအောက်သတင်း စုဆောင်းသည့် သူလျှိုများထံမှ ဖြစ်သည်။ ထိုဝန်းကျင်၌ ပုံသဏ္ဌာန် အမျိုးမျိုးသော လူများကို စုဆောင်းရရှိနိုင်သည်။ ပမာအားဖြင့် ရာဇဝတ်သား သတင်းပေးနှင့် အဆင့် အတန်းမြင့် အရည်အချင်းမီ ပုဂ္ဂိုလ် များဖြစ်သည်။
မည်သို့သော သူများက သူလျှိုအလုပ် လုပ်ကြသနည်း
သတင်းအချက်အလက်များ ကိုခိုးယူခြင်း၊ လူအများအသိမခံနိုင် သော သတင်းများကို ဖော်ထုတ်ကာ သစ္စာဖောက်သည့် လုပ်ငန်းမျိုးလုပ် ကိုင်သော ပုဂ္ဂိုလ်များ၌ ရည်ရွယ် ချက်အမျိုးမျိုးရှိပါသည်။
အချို့က ငွေကြေးတပ်မက်၍ လောဘကြီး၍၊ အခွင့်ထူးခံ အဆင့်ရရှိ လိုကြ၍ ဖြစ်ကြသည်။
အချို့သော သူလျှိုအေးဂျင့် ဘဝသို့ ကူးပြောင်းသွားသူများကမူ တစ်မူထူးခြား တတ်ပါ၏။ ပမာအားဖြင့် ရည်ရွယ်ချက် တစ်ခု ရှိတတ်ကြသည်။ နိုင်ငံရေး သဘောတရား တစ်ခု ကိုင်စွဲထားတတ်ကြသည်။ မျိုးချစ်စိတ်ဓာတ် ဆိုသော စိတ်ယူးယဉ် မျှော်မှန်းချက်လည်း ရှိတတ်ကြသည်။ ဥပမာ အဖြစ်လည်း ဖော်ပြနိုင်ပါ၏။ နိုင်ငံတကာ သူလျှိုသမိုင်းမှ အထင်ကရ ပုဂ္ဂိုလ်များမှာ
ဆိုဗီယက် ဆိုရှယ်လစ် သမ္မတ နိုင်ငံကြီးမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးဖြစ်သူ အိုလစ်ဗလာ ဒီမီရာဗစ် – Oleg Valdimirovich Penkovsky ဖြစ်သည်။ အနောက်နိုင်ငံ ထောက်လှမ်းရေး ဌာနအသီးသီးသို့ တန်ဖိုး မဖြတ်နိုင်သော သတင်းအချက် အလက်များ ပေးခဲ့သူ ဖြစ်သည်။ သူ့သတင်းများသည် အနောက်နိုင်ငံများ အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်ဟု သတိပေးနိုင်လောက်သည့် ခိုင်မာသော သတင်းများဖြစ်သည်။ သူသည် အတွင်းသဘောအရ ကွန်မြူနစ် စနစ်ကို မုန်တီးနေသူဖြစ်သည်။
ဒုတိယ တစ်ယောက်မှာ ကင်းဖီလ်ဘီ – Kim Philby ဆိုသူ ဗြိတိသျှ နိုင်ငံသား ထောက်လှမ်းရေး အဖွဲ့ဝင် ဖြစ်သည်။ ဆိုဗီယက်နိုင်ငံသို့ သတင်းအတုများ ပေးပို့ရင်း သတင်းအမှန် ပေးသည့် သူလျှိုဖြစ်သွားခဲ့သည်။ သူသည် FBI နှင့် CIA တို့နှင့်အတူပူး ပေါင်းလုပ်ကိုင်နေသူဖြစ်၍ တန်ဖိုး ကြီးမားသော သတင်းများ ပေးနိုင်ခဲ့သည်။ သူကား နိုင်ငံရေး သဘောတရား အရ ဆိုဗီယက်တို့နှင့် ပူးပေါင်းခဲ့သူ။
တတိယ သူလျှိုမှာ ပထမကမ္ဘာ စစ်ကာလ သမိုင်းမှတ်တမ်းများအရ ဝိဝါဒ ကွဲပြားဖွယ်ရာ မာတာဟာရီ – Mata Hari ဆိုသူ အမျိုးသမီး ဖြစ်၏။ နယ်သာလန် နိုင်ငံသူ။ ဂျာဗားကျွန်း၌ နေခဲ့ဖူးသူ။ ခင်ပွန်းနှင့် ကွာရှင်းခဲ့ပြီးနောက် ပါရီမြို့၌ အခြေချ နေထိုင်သည်။ ထိုစဉ်က သူ့အမည်ရင်းမှာ မာဂရက်သာ ဇယ်လီ – Margaretha Zelle ဖြစ်၏။ မလေးဘာသာအရ မာဂရက်သာဇယ်လီနှင့် အနက်တူသော မာတာဟာရီဟု သူ့ဘာသာသူ အမည်ပြောင်းခဲ့သည်။
ဂျာဗားရိုးရာ အကနှင့် ဖျော်ဖြေရင်း လူမှုဆက်ဆံရေး နယ်၌ဝင် ဆံ့ကာ ပြင်သစ်ရဲတပ်ဖွဲ့ အကြီးအကဲက သူ့ထံမှ အကူအညီ တောင်းလာခဲ့ သည်။ ဂျာမန်များထံမှ လျှို့ဝှက် သတင်းများ ရယူပေးရန် ဖြစ်သည်။ တာဝန်အရ ဂျာမန်များနှင့် တွေ့သည်။ ပြင်သစ်များနှင့် တွေ့သည်။ ပြင်သစ်တို့ကို သတင်းများပေးသည်။ သို့သော် ထိုအချိန်က ပြင်သစ်စစ်တပ်၏တပ် တွင်းအခြေအနေသည် အလွန်ရှုပ်ထွေး သည်။ ပြင်သစ်တို့ စစ်ရှုံးသောအခါ မာတာဟာရီက ဂျာမန်တို့ကို သတင်း ပေးသည်ဟု အပြစ်ရှာကာ အဆုံးစီ ရင်ခဲ့ခြင်းဖြစ်သည်။
မာတာဟာရီကို ရုံးတင် စစ် ဆေးစဉ်က မည်သို့သော ခိုင်လုံသည့် သက်သေ အထောက်အထားတစ်စုံ တစ်ရာမျှမပြနိုင်ခဲ့ပေ။ နောက်ဆုံးသူ သည် ဂျာမန်သူလျှိုဟု အမည်အတပ် ခံခဲ့ရသည်။
သူလျှိုထောက်လှမ်းရေး လုပ်ငန်းသည် အသက်အန္တရာယ်နှင့် အလွန် နီးစပ်၏။ ဓားသွားပေါ်၌ လမ်းလျှောက်နေရ သကဲ့သို့ပင်။
စတုတ္ထ သူလျှိုစုံတွဲကမူ အီသယ်နှင့် ဂျူလီယပ်ရိုဇင်ဘတ် ဇနီးမောင်နှံ နှစ်ယောက်ဖြစ်၏။ ဆိုဗီယက် ဆိုရှယ်လစ် သမ္မတ နိုင်ငံအတွက် အမေရိကန်နိုင်ငံ Los Alamos သုတေသန ဓာတ်ခွဲခန်းမှ အနုမြူ ဗုံးပုံကြမ်းကို ပို့ပေးခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် သေဒဏ် အပြစ်ပေးခဲ့သည်။
ပဉ္စမသူလျှိုမှာ ဗြိတိန်နိုင်ငံသား ရူပဗေဒပညာရှင် ကလော့စ်ဖူရှ်- Clous Fuchs ဖြစ်သည်။
သူလည်း Los Alamos သုတေသန ဓာတ်ခွဲခန်း၌ ဗြိတိသျှနိုင်ငံ တာဝန်ခံ အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ သူက ဆိုဗီယက် နိုင်ငံသို့ ဟိုက်ဒရိုဂျင်ဗုံး ပုံစံကို ပေးခဲ့သည်ဟု ဝန်ခံသည်။ ဗြိတိန်နိုင်ငံက သူ့ကို ထောင် ၁၄ နှစ်သာ ချမှတ်ခဲ့သည်။
နိုင်ငံတကာ သူလျှိုကွန်ရက်
ကမ္ဘာ့သတင်း ထောက်လှမ်းရေး အဖွဲ့များ၊ သူလျှိုလုပ်ငန်းများ၊ တန်ပြန်ထောက်လှမ်းရေး အဖွဲ့များ၊ အများ ပြည်သူရှေ့ မြင်ကွင်း၌ မတွေ့ရသော လှုပ်ရှားဆောင်ရွက်သည့် အဖွဲ့အစည်း များနှင့် ပတ်သက်၍ အမျိုးအစား သုံးမျိုးသာ ရှိသည် ဆိုကြသည်။ ပထမ တစ်မျိုးမှာ-အမေရိကန် နိုင်ငံ၏ အဖွဲ့အစည်းပုံစံ။
ဒုတိယ တစ်မျိုးမှာ-ဗြိတိသျှ ပါလီမန်ဒီမိုကရေစီ စနစ် ပုံစံ အဖွဲ့အစည်း။
တတိယ တစ်မျိုးမှာ-တစ်ပါတီ၊ အာဏာရှင် ကွန်မြူနစ်ဝါဒဆန်ဆန် နိုင်ငံများအဖွဲ့အစည်း။
အထက်ဖော်ပြပါ အမျိုးအစား အရသုံးမျိုးဟု ဆိုသော်လည်း သုံးမျိုးလုံး၌ ရှိသော အရည်အသွေးများသည် တူကြသည်လည်း ရှိသည်။ သို့သော် ထူးခြားစွာ ကွဲပြားမှုကိုလည်း တွေ့နေရသည်။
အမေရိကန် CIA အဖွဲ့ပုံစံအရ အသွင်သုံးမျိုးသော သတင်းထောက်လှမ်းရေး အဖွဲ့အစည်းများဖြင့် ဖြန့်ကြက်ချထားသည်။ မိမိတို့ သက်ဆိုင်ရာနေရာ ဒေသအတွက် သီးခြားကင်းလွတ်သော အကြောင်းအရာအပေါ် အသေးစိတ် အလေးထား ဆောင်ရွက်ကြရသည်။ ပမာအားဖြင့် လက်နက်၊ ငွေကြေး၊ မူးယစ်လူမှောင်ခို၊ လိင်အပျော် စသည့် အကြောင်းအရာ အလိုက် သီးခြားအဖွဲ့များ ဒေသအလိုက် ခွဲခြားတာဝန်ယူ ထားကြသည်။
သို့သော် ဗဟိုထောက်လှမ်းရေး အကြီးအကဲ CIA ညွှန်ကြားရေးမှူးသည် အဖွဲ့အစည်း အားလုံး၏ အကြီးအကဲ ဖြစ်သည့်အပြင် နိုင်ငံတော် သမ္မတ၏ ထောက်လှမ်းရေးကိစ္စ အကြံပေး ပုဂ္ဂိုလ်လည်း ဖြစ်သည်။
CIA ညွှန်မှူးသည် လက်အောက်ခံ အဖွဲ့အသီးသီး၏ လိုအပ်မှု မှန်သမျှ ကုန်ကျစရိတ်၊ သုံးစွဲမှုငွေကြေး၊ လုပ်ငန်းတာဝန် ပေးအပ်မှု စသည်တို့၌ ပူးပေါင်းဆောင်ရွက်သည်။
အဖွဲ့အသီးသီး၏ ကျွမ်းကျင်မှု ဆိုင်ရာ ကိစ္စရပ်များ ပမာအားဖြင့် ဝှက်စာများ ပြောင်းလဲရေးသားခြင်း၊ ဝှက်စာများဖော်ခြင်း စသည်များကိုပါ တာဝန်ခံရသည်။ တာဝန်ယူရသည်။
CIA အဖွဲ့သည် အလွန်တရာ ကြီးမားကျယ်ပြန့်သော အဖွဲ့အစည်း ကြီးလည်း ဖြစ်သည်။ အလွန်စနစ်ကျ သော ပုံစံဖြင့် တည်ဆောက်ထား သည်။
ထိုသို့တစ်နိုင်ငံလုံး နေရာဌာန ချောင်ကြားပါမကျန် CIA အဖွဲ့က ရောက်ရှိနိုင်သည်အထိ လက်တံရှည်သော အဖွဲ့ဖြစ်သော်လည်း သုံးစွဲမှု စရိတ်နှင့် ပတ်သက်၍ အချိန်မရွေး စစ်ဆေးခံရသည်။ လွှတ်တော်နှစ်ရပ် ကော်မတီ အသီးသီး၏ တာဝန်ရှိသူ များ၏ ရှေ့မှောက်၌ အစစ်ဆေးခံရသည်။ တာဝန်ခံရသည်။
အမေရိကန် ထောက်လှမ်းရေး အဖွဲ့စည်းမှုပုံစံကို ဒုတိယ ကမ္ဘာစစ်အပြီး နိုင်ငံအတော်များများ၌ အတုယူ ဖွဲ့စည်းထားကြသည်။ ပမာအားဖြင့် ဂျာမနီ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်တိုင်ပေတို့၌ တွေ့ရသည်။
အမေရိကန်နိုင်ငံ၏ ဖက်ဒရယ် ပြည်ထောင်စု ထောက်လှမ်းရေးပုံစံနှင့် ဆန့်ကျင်ဘက်ပုံစံကို တစ်ပါတီ အာဏာရှင် ပုံစံနိုင်ငံများ၌ တွေ့ရသည်။ ပမာအားဖြင့် တစ်ချိန်က ဆိုဗီယက်၊ ယခုရုရှားနိုင်ငံ၏ KGB အဖွဲ့၏ ထိပ်ဆုံးအကြီးအကဲ ညွှန်ကြားရေးမှူးသည် ရုရှားနိုင်ငံ၏ အလွန်သြဇာ ကြီးမားလှသည့် ပါတီပေါ်လစ် ဗျူရိုအဖွဲ့ဝင် တစ်ဦးဖြစ်ရမည် ဖြစ်သည်။
KGB  အဖွဲ့ကြီး၌ အဖွဲ့ခွဲ နှစ်ခုသာ ထား၏။ အရေးအကြီးဆုံး အဖွဲ့ခွဲမှာ ပထမ ညွန်ကြားရေးမှူး အဖွဲ့ခွဲ ဖြစ်သည်။ ယင်းအဖွဲ့၏ တာဝန်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံများ အားလုံး၏ သတင်းများကို ထောက်လှမ်း သိရှိထားရန် ကြိုးစားအားထုတ်ရသည်။
ဒုတိယ ညွှန်ကြားရေးမှူးအဖွဲ့ အဓိက တာဝန်ယူရသော လုပ်ငန်းမှာ တန်ပြန်ထောက်လှမ်းရေး လုပ်ငန်းများကို ကြိုတင်ကာကွယ်ပေးရန် ဖြစ်သည်။ ထိုတာဝန်ကလည်း ပေါ့ပေါ့ သေးသေး မဟုတ်ပေ။ တစ်နိုင်ငံလုံး နေရာလပ်မကျန် တာဝန်ခံရသည်။ ထိုလုပ်ငန်း အဝဝအတွက် ရုရှားနိုင်ငံ အတွင်း၌ နေထိုင်သော နိုင်ငံခြား သားရော၊ နိုင်ငံသားများထဲမှ ဝန်ထမ်းသစ်များ ရှာဖွေစုဆောင်းရသည်။ သင်တန်းများ ပေးရသည်။
ယင်းအဖွဲ့၏ ဦးတည်ချက်မှာ သံတမန်များ၊ နိုင်ငံခြား သတင်းသမားများ၊ နိုင်ငံရပ်ခြားမှ လာရောက်ပညာ သင်ကြားနေသော ကျောင်းသားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကမ္ဘာလှည့် ခရီးသွားများ၊ ခတ္တခဏဧည့်သည် အဖြစ် ရောက်လာသော နိုင်ငံရပ်ခြား မှ ဧည့်သည်များအထိ စောင့်ကြည့်ရ သည်။
အထက်ပါ ထောက်လှမ်းရေး အဖွဲ့အစည်းမျိုးကို အရှေ့ဥရောပ တိုက် အစိုးရအသီးသီး၏ ထောက်လှမ်းရေး ကွန်ရက်များ၌ တွေ့ရသည်။ ပမာအားဖြင့် ကွန်မြူနစ်ဝါဒနှင့် အာဏာရှင် နိုင်ငံများ၌ တွေ့ရနိုင်သည်။
တတိယ သတင်းထောက်လှမ်းရေး ပုံစံကမူ ဗြိတိသျှတို့၏ ပုံစံဖြစ် သည်။ ဆိုလိုသည်မှာ CIA ကဲ့သို့ အဖွဲ့ခွဲနိုင်ငံအများအပြား သီးခြားစီခွဲ ခြားထားသော်လည်း CIAကဲ့သို့ လက်အောက်ခံအဖွဲ့များ မဟုတ်ဘဲ တန်းတူ မဟာမိတ်အဖွဲ့များ ပူးပေါင်း ဆောင်ရွက်သည့် ပုံစံဖြစ်သည်။
ယင်းထောက်လှမ်းရေး အဖွဲ့များကို အစိုးရအဖွဲ့နှင့် ဝန်ကြီးများအဖွဲ့ခွဲ ဆပ်ကော်မီတီများက တာဝန်ခံရသည်။ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့၏ လက်အောက်ခံ ဖြစ်သည်။
ဗြိတိသျှ သတင်းထောက်လှမ်း ရေးပုံစံ၌ ဌာနခွဲကြီး နှစ်ခုရှိသည်။ ပထမအဖွဲ့အစည်းမှာ လျှို့ဝှက် သတင်းထောက်လှမ်းရေး လုပ်ငန်း Secret Intelligence Service သို့ မဟုတ် SIS ဟုလည်းခေါ်သည်။ အများသိသော အမည်မှာ MI-6 ဟူ ၍ဖြစ်သည်။ ဒုတိယ အဖွဲ့အစည်းမှာ လုံခြုံရေးအဖွဲ့ Security Service ဖြစ် သည်။ အများသိသော အမည်မှာ MI-5 ဖြစ်သည်။
အထက်ဖော်ပြပါ သတင်း ထောက်လှမ်းရေးလုပ်ငန်း၌ စစ် ထောက်လှမ်းရေးဟု အမည်တပ်ခေါ် ဝေါ်ကြသော်လည်း အရပ်သားအဖွဲ့ အစည်းများသာဖြစ်သည်။
MI-6  အဖွဲ့သည် CIA, KGB စသော အဖွဲ့များနှင့် ပုံသဏ္ဌာန်တူ လှသည်။ သူလျှိုများဖြင့် သတင်းထောက်လှမ်းခြင်း၌ အလွန်သိသာ၊ လျှင်မြန်သည်။ တန်ပြန်သတင်း ထောက်လှမ်းလုပ်ငန်း၊ ကိုယ်ယောင် ဖျောက်လှုပ်ရှားသည့် လုပ်ငန်းများ၌ လည်း ပုံသဏ္ဌာန်တူလှသည်။
MI-5 အဖွဲ့၏ ပုံသဏ္ဌာန်ကမူ ပြည်တွင်းတန်ပြန် သတင်းထောက် လှမ်းခြင်းနှင့် ပြည်တွင်းလုံခြုံရေး တာဝန်ယူရသည်။
ဗြိတိန်နိုင်ငံအတွက် စကော့လန်ယာ့ဒ် Scotland Yard ဆိုသော အထူးအဖွဲ့တစ်ခုရှိသည်။ ယင်းအဖွဲ့သည် လုံခြုံရေးတာဝန် သီးသန့်ထမ်း ဆောင်သည်။ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးခြင်း၊ သက်သေအထောက် အထားရှာဖွေခြင်းကို သူလျှိုများ လွှတ်ကာ MI-5 အေးဂျင့်များကနောက် ကွယ်မှနေ၍ သတင်းအချက်အလက် ရှာဖွေသည်။
ဗြိတိသျှပုံစံ သတင်းထောက်လှန်းရေး အဖွဲ့အစည်းပုံစံကို ပြင်သစ်၊ အီတလီ၊ အစ္စရေးနှင့် ဓနသဟာရအဖွဲ့ ဝင်နိုင်ငံများ Common Wealth Nations ၌တွေ့ရနိုင်သည်။
နိဂုံး
သူလျှိုလုပ်ငန်း Espionage ကို အပေါ်ယံ၌ သူလျှိုဆိုသောသူ၊ သစ္စာ ဖောက်သူ၊ သူတစ်ပါးကိစ္စ၊ သူတစ် ပါးနိုင်ငံအရေး၌ ဝင်စွက်သူဟုမြင်ကြ မည်။ အမှန်တကယ် နောက်ကွယ်၌ သူလျှိုသည်အဓိကမဟုတ်၊ သတင်းရရှိရေးသာ ဖြစ်သည်။ အဓိကသတင်း စုဆောင်းရန်၊ သတင်းရရှိရန်၊ သူလျှို ဆိုသော လူသည်ကြားမှအသုံးချခံ ပစ္စည်းတစ်မျိုးသာ ဖြစ်သည်။
နိုင်ငံတကာ၌ ထိပ်တန်းအဆင့် လျှို့ဝှက်တတ်သော သူပေါင်းမြောက် မြားစွာရှိပါ၏။
ထိုသူများနှင့်ပတ်သက်၍…
Source: IHT/NY Times
FT.com/ATO.com/BBC, AP, AFP, CNN.

နိုင်ငံအတွက် သတင်းထောက်လှမ်း ရယူခြင်း

နိုင်ငံအတွက် သတင်းထောက်လှမ်း ရယူခြင်း


အနောက် ဥရောပ၏ မြောက်ဘက်အစွန်။ သေးငယ်သော ကျွန်းလေးတစ်ခုပေါ်၌ တည်ရှိသော နိုင်ငံလေး တစ်ခုကကမ္ဘာကြီး တစ်ခုလုံးကို နေမဝင် အင်ပါယာ အမြန်ချဲ့ထွင် နိုင်ခဲ့ခြင်းကို ပြန်ပြောင်းစိစစ်ကြည့်လျှင်…
အရာခပ်သိမ်းကို အငမ်းမရ အလိုရှိတတ်သော လူတို့၏ လောဘ ကို ရှေးဦးစွာ အထင်းသားမြင်ရမည်။
ဒုတိယ အချက်အနေဖြင့် မိမိ၏ လောဘကို ဖြည့်တင်းဖို့ စနစ်တကျ စီမံကိန်းချ ဆောင်ရွက်ရာ၌ မိမိကမည် မျှရမည်။ မိမိက မည်သည့်အရာပြန် ပေးရမည် ဆိုသည်ကိုလည်း ချိန်ထိုး ကာ ယင်းကိစ္စကို အဓိကအချက် အဖြစ်သတ်မှတ်ထားသည်။
တတိယ အချက်မှာ အချိန်အခါနှင့် အခြေအနေ တစ်ခုကြောင့် မိမိတို့ ပိုင်ဆိုင်ထားသည့် ထိုအင်ပါယာကို လက်လွှတ်ရတော့မည့်အခြေအနေတစ်ခု၊အချိန်ကာလတစ်ခုသို့ဆိုက်ရောက်လာလျှင် အသာတကြည်ဖြင့် ပေါ့ပါးစွာ စွန့်ခွာနိုင်ရမည်။ ထိုအတွက်လည်း စဦးကတည်းက ပြင်ဆင်ထားသည်။
ထိုနိုင်ငံမျိုး၏ အပြုအမူကို နမူနာယူရန်၊ အားကျရန်၊ အတုခိုးရန် မလိုပေ။ သို့သော် ထိုနိုင်ငံသား များသည်လည်း မိမိတို့ကဲ့သို့ လူသားများ ပင်ဖြစ်သည်။ ထိုသူများ၌ လောဘရှိ သည်။ မိမိတို့၌လည်း လောဘရှိ သည်။
လောဘဆိုသည်မှာ ရှိသင့်သည့် အခါရှိ၍ သိမ်းဆည်းသင့်သည် အချိန်၌ ပြန်လည်သိမ်းဆည်းနိုင်ခြင်းကို လူတိုင်းသင်ခန်းစာ ယူသင့်သည်။
ထိုမျှကြီးကျယ်သော အင်ပါယာ တစ်ခုကို ချဲ့ထွင်နိုင်ခဲ့သည့် နိုင်ငံက သတင်းထောက်လှမ်းရေး အဖွဲ့အစည်းကို စတင်တည်ထောင်နိုင်ခဲ့ခြင်းမှာလည်း ထူးဆန်းသည့် အချက်တစ်ခု မဟုတ်တော့ပေ။
ထိုနိုင်ငံက ၁၈၂၉ ခုနှစ်တွင် စကော့တလန်ယာ့ဒ် – Scotland Yard ဆိုသည့်အမည်ဖြင့် သတင်းထောက် လှမ်းရေးအဖွဲ့တစ်ခုကို သူ့နိုင်ငံ ရဲတပ်ဖွဲ့အတွက် ဖွဲ့စည်းပေးခဲ့သည်။ စကော့ တလန်ယာ့ဒ် ဆိုသည့် အမည်ပေးရခြင်း နောက်ကြောင်းကလည်း ရိုးရှင်း လှပါသည်။ အဆိုပါ သတင်း ထောက်လှမ်းရေးအဖွဲ့ တည်ရှိရာ အဆောက်အအုံကြောင့် ထိုအမည်တွင် ခဲ့ရခြင်းသာ ဖြစ်သည်။ စကော့ တလန်နိုင်ငံမှ တော်ဝင်မျိုးနွယ်များ ဗြိတိန်နိုင်ငံသို့ အလည်အပတ် ရောက်သည့်အခါ အနားယူ တည်းခိုသည့် အဆောက်အအုံ၌ ရုံးခန်းဖွင့်လှစ် ထားခြင်းဖြစ်၍ စကော့တလန်ယာဒ် – Scotland Yard ဟု အမည်တွင်ခဲ့ခြင်း သာဖြစ်သည်။
ယခုလပိုင်းအတွင်း ကိန်းဘရစ် တက္ကသိုလ်မှ သမိုင်းပညာရှင် Christopher Andrew ပြုစုသော The Defence of the Realm-The Arthorized History of MI5 အမည်ရှိ ဗြိတိသျှတို့ ၏လျှို့ဝှက်သတင်း ထောက်လှမ်းရေး နှင့် လုံခြုံရေးအဖွဲ့ နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ်စာအုပ်ထုတ်ဝေခဲ့သည်။
သမိုင်းပညာရှင်က စာအုပ်အဖွင့်၌ သူကိုယ်တိုင် ဝန်ခံထားသည်မှာ ဤစာအုပ်သည် ထောက်လှမ်းရေး သမိုင်းစာအုပ် မဟုတ်သော်လည်း အာဏာပိုင်တို့၏ တရားဝင် အသိအမှတ်ပြု ခံထားပြီးသည့် သမိုင်းမှတ်တမ်း ဖြစ်သည် ဆိုသည်။
ကျမ်းပြုသူ Christopher Andrew  အား လျှို့ဝှက်သတင်း ထောက်လှမ်းရေး လုပ်ငန်း မှတ်တမ်းများ၊ စာရွက်စာတမ်းများကို တရားဝင်ကြည့်ရှုခွင့်ပေးခဲ့သည်။ သီးသန့်ရွေးချယ် ထားသော MI5 အဖွဲ့ဝင်အချို့အား ၄င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စ၊ လူပုဂ္ဂိုလ်တစ်ဦး၏ အတွင်းရေးမဟုတ်သော ကိစ္စများမှအပ ပညာရပ်ဆိုင်ရာ မေးခွန်းများကို မေးခွင့်ပေးခဲ့သည်။ အဖြေများကိုလည်း ထုတ်ပြန်သုံးစွဲခွင့် ပြုခဲ့သည်။
ထို့ပြင် သုတေသီ Andrew သည် သမိုင်းပညာရှင် တစ်ယောက်ပီပီ သမိုင်းတွင် ပြဿနာ ဖြစ်နိုင်သော အရှုပ်အထွေးများ ရှင်းလင်းသွားစေရန် သမိုင်း အထောက်အထား စာရွက်စာတမ်း လေးသိန်းခန့်ကိုလည်း ဖတ်ရှု လေ့လာခဲ့သည်။ သိလိုသည်များကို ဖြေရှင်းရန်နှင့် ငြင်းချက်ထုတ်ခွင့်လည်း ပေးခဲ့သည်။ သတင်းထောက်လှမ်း ရေးလုပ်ငန်းသည် အလွန်သတိ ကြီးစွာထားရမည့် အကြောင်းအရာ ဖြစ်သည့်အပြင် ဗြိတိန်နိုင်ငံ၏ လုံခြုံရေးနှင့် ထောက်လှမ်းရေးဆိုင်ရာ ကိစ္စဖြစ်၍ ပညာရပ်ဆိုင်ရာ ချဉ်းကပ်လေ့လာမှုထက် မပိုရန်၊ မည်သို့သော ထိပ်တိုက် ရင်ဆိုင်တွေ့မှုမျိုးကိုဖြစ်စေ ရှောင်ရှားခဲ့သည်။ ထို့ပြင် ထိုလုပ်ငန်း အတွင်းသို့ဝင် ရောက်စွက်ဖက်မှုမျိုးလည်း မဖြစ်စေရန်။ ထိုလုပ်ငန်း တစ်စုံတစ်ရာ ထိခိုက်မသွား စေရန်လည်း သတိကြီးစွာ ထားခဲ့သည်။ ပညာရှင်တစ်ယောက် စောင့်စည်းရမည့်၊ လိုက်နာရမည့် ကျင့်ဝတ်မှန်သမျှ Andrew လက်ခံလိုက်နာခဲ့သည်။ တစ်စုံတစ်ရာ ဖောက်ဖျက်ခဲ့ခြင်း မရှိခဲ့ပေ။
MI 5 သမိုင်းကြောင်း
ကုန်လွန်ခဲ့သည့် ဆယ်စုနှစ် သုံးခုအတွင်း ဗြိတိသျှ သတင်းထောက် လှမ်းရေး MI 5 သည် အရာရာ၌ ပွင့် ပွင့်လင်းလင်း သဘောထားသည်။ အထူးသဖြင့် သတင်းမီဒီယာများနှင့် ပတ်သက်လာလျှင် လျှို့ဝှက်မှုများ၊ ဖုံး ကွယ်မှုများကို ရှောင်ရှားခဲ့သည်။
ယင်းသို့သော အပြုအမူသည် MI5 အဖွဲ့၏ ညီနောင်အဖွဲ့အစည်းတစ် ခုဖြစ်သော လျှို့ဝှက်သတင်းထောက် လှမ်းရေးအဖွဲ့ MI6 နှင့် လုံးဝ ဆန့်ကျင် ကွဲပြားနေပါ၏။
ဗြိတိန်အစိုးရသည် MI6 ကဲ့သို့ သောအဖွဲ့အစည်းမျိုး မိမိနိုင်ငံ၌ မရှိ ပါဟုပင် ပြောင်ပြောင်တင်းတင်း ငြင်း ဆိုတတ်သည်။ သို့သော် ကမ္ဘာက MI6 အဖွဲ့ရှိနေကြောင်း သိထားပြီးဖြစ် သည်။
Andrew ၏ အဓိက လုပ်ငန်း မှာ MI5 အဖွဲ့သည် သတင်းထောက် လှမ်းရေးလှုပ်ရှားမှုများကို မည်သို့ ဆောင်ရွက်တတ်ကြောင်း လေ့လာရန် သာဖြစ်သည်။
Andrew ကိုယ်တိုင်က MI5 အဖွဲ့ သည် တန်ပြန်ထောက်လှမ်းရေး လုပ်ငန်း၊ တန်ပြန် အကြမ်းဖက် အဖွဲ့အစည်းများနှိမ်နင်းရေးလုပ်ငန်း များနှင့် ပတ်သက်လျှင် ကမ္ဘာပေါ် တွင် အကောင်းဆုံးအဖွဲ့ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း တင်ပြထားသည်။
ယင်းသို့ ကောက်ချက်ချခဲ့ခြင်းနှင့် ပတ်သက်၍ ကမ္ဘာပေါ်ရှိ အခြားသော ထောက်လှမ်းရေး အဖွဲ့အစည်းများ၊ ထိုအဖွဲ့အသီးသီးမှ အကြီးအကဲ တာဝန်ရှိသူများ၊ သမိုင်းပညာရှင်များ အားလုံးလိုလိုကလည်း သံသယမရှိ လက်ခံထားကြသည်။ ဗြိတိသျှတို့၏ ထိုမျှခမ်းနားထည်ဝါသော အသင်း အဖွဲ့ကြီး တည်ထောင်ဖွဲ့စည်း ပေါ်ပေါက်လာပုံကမူ အလွန်ရိုးစင်းသည်။ ပမာအားဖြင့် ယင်းအဖွဲ့ကို တည်ထောင် သူမှာ ဗြိတိသျှ တော်ဝင်ရေတပ်မှ ဗိုလ်မှူးကြီး ဗာနွန်ကယ်- Captain Vernon Kell ဖြစ်ပြီး ၁၉၁ဝ ခု၊ မတ်လ၌ စတင်ဖွဲ့စည်းသည်။ Andrew ၏ နောက်ကြောင်းပြန် လေ့လာမှုအရ ပထမကမ္ဘာစစ် စတင်ဖြစ်ပွားသည့် ၁၉၁၄ ခုနှစ်တွင် လှုပ်ရှားမှု အစပြုခဲ့သည်ဟု ဆိုသည်။ ထိုအချိန်မှစ၍ MI5 ၏အသုံးစရိတ်ကို ဘတ်ဂျက်ငွေ စာရင်း၌ဖော်ပြထားသည်ကိုတွေ့ရ သည်။
MI5 ၏လုပ်ငန်းများကို စတင် ဆောင်ရွက်စဉ်က တည်ထောင်သူ Kell အပါအဝင် ဝန်ထမ်း ၁၇ ဦးသာ ရှိ၏။ ခြောက်ဦးမှာ စာရေးဝန်ထမ်း၊ တစ်ဦးမှာ ရုံးစောင့်များဖြစ်ကြပြီး ထောက်လှမ်းရေးသမား ဆယ်ဦးနှင့် သာလှုပ်ရှားခဲ့သည်။
ယင်းသို့ လူအင်အား နည်းပါးသော်လည်း စစ်အတွင်းကာလ ဗြိတိန် နိုင်ငံရှိ ဂျာမန်သူလျှိုများကို အသေအချာ စောင့်ကြည့်နိုင်ခဲ့သည်။ တင်းမာ လွန်းသော ဂျာမန်သူလျှို တာဝန်ခံများနှင့် ဆန့်ကျင်စွာ ပျော့ပျောင်းနူးညံ့ သောဆက်ဆံမှုနှင့် ဂျာမန်သူလျှိုများ ကိုပင် မိမိဘက်ပါလာအောင် စည်းရုံး သိမ်းသွင်းနိုင်ခဲ့သည်။ သို့နှင့် နှစ်ဘက်လွှ Double Cross သတင်းသမားများ မွေးထုတ်နိုင်ခဲ့၏။
ယင်းအချက်အတွက် အထောက်အထားအဖြစ် သုတေသီ Andrew က ဂျာမန်သူလျှိုတစ်ဖြစ်လဲ MI5 အေးဂျင့် Garbo (Juan Pujol) နှင့် သူ့မိတ်ဆွေ MI5 ထောက်လှမ်းရေး သမားဟောင်း သောမတ်ဟဲရစ္စ – Tomas Harris တို့ နှစ်ဦး၏ လှုပ်ရှားဆောင်ရွက်ပုံကို အတိ အကျဖော်ပြခဲ့သည်။
လန်ဒန်အခြေစိုက် စပိန်သံတမန် တစ်ဦးဖြစ်သူ Angel Alcazar De Velasco ၏ ဘဝဇာတ်ကြောင်း ကိုလည်း MI5 မှတ်တမ်းဖိုင်များ၌ တွေ့ရသည်။ သူသည်လည်း နှစ်ဘက်လွှ သတင်းသမားဖြစ်သည်။ ဂျာမန်တို့အတွက် သာမက ဂျပန်နိုင်ငံ အတွက်လည်း ထိုစပိန်သံတမန်က သတင်းများ ပေးပို့နိုင်ခဲ့သည်။
MI5  သည် ဂျာမန် သံတမန် Wolfgang Zu Putlitz ကိုလည်း မိမိဘက် ပါလာအောင် စည်းရုံးနိုင်ခဲ့သည်။ လန်ဒန်အခြေစိုက် ဂျာမန်သတင်း သမား Jona Ustinov သည်လည်း MI 5 ၏ သတင်းပေး အေးဂျင့်ဖြစ်လာခဲ့သည်။
သို့သော် ဗြိတိသျှတို့၏ သတင်း ထောက်လှမ်းရေး အဖွဲ့အတွင်း၌ မပြေလည်မှုက ရှိနေခဲ့သည်။ MI5 အဖွဲ့နှင့် နိုင်ငံရေး ပါတီကြီး တစ်ခုဖြစ်သော လေဘာပါတီတို့ မသင့်မြတ်ဟု Andrew ကဆိုသည်။
MI5 ၏ ခံယူချက် သဘောတရားသည် ကွန်ဆာဗေးတစ်- Conservative ပါတီ၏အမြင်ကို ကိုယ်စားပြု တတ်ကြသည်။ ရှင်းလင်းစွာ ဆိုရလျှင် လက်ယာစွန်းသမားများဖြစ်သည်။
နိုင်ငံရေး သဘောတရား မတူသည့်အတွက် MI5  နှင့် လေဘာပါတီ ဆက်ဆံရေးသည် အခြေအနေ မကောင်းခဲ့ပေ။ အထူးသဖြင့် ၁၉၆ဝ ခုနှစ်များနှင့် ၁၉၇ဝ ခုနှစ်များ၌ဖြစ်၏။
ဗြိတိန်နိုင်ငံရေး သမားများသာ မက ပြည်သူများကပင် လေဘာပါ တီခေါင်းဆောင်များကို အရောင် ပြောင်းထားသော ကွန်မြူနစ်များဟု ယူဆကြလေ့ရှိသည်။
ဒုတိယ အချက်မှာ ဗြိတိန်နိုင်ငံ၌ ထူးခြားသော ပုဂ္ဂိုလ်ငါးဦး ပေါ် ခဲ့သည်။ Kim Philby, Guy Burgess, Donald Maclean, Anthony Blunt နှင့် John Cairn Cross တို့ဖြစ်သည်။ ထိုသူများ အားလုံးသည် ဗြိတိန်နိုင်ငံ သားဖြစ်ပါလျက် ဆိုဗီယက်ထောက် လှမ်းရေး KGB အဖွဲ့ဝင် သူလျှိုများ အဖြစ် ပေါ်ပေါက်လာကြ၍ ဖြစ်သည်။
ပို၍ ထူးခြားသည်မှာ ထိုသူအားလုံးမှာ ဗြိတိန်နိုင်ငံ၏ နာမည်ကျော် ကိန်းဘရစ် Cambridge တက္ကသိုလ်ထွက် ပညာတတ်များ ဖြစ်နေသည်။ သူတို့သည် ဗြိတိန်နိုင်ငံ၏ အလွှာ အသီးသီးသို့ ထိုးဖောက်ဝင်ရောက် ကာ KGB သို့ သတင်းပေးခဲ့သူများ ဖြစ်နေသည်။
ဗြိတိန်လေဘာပါတီ ဝန်ကြီးချုပ် ဟားရိုးဝီလ်ဆင် – Harold Wilson ရာထူးရလာသည့်အခါ MI 5 အဖွဲ့နှင့် မပြေလည်မှုမှာ ပို၍ဆိုးရွားလာခဲ့၏။
ဝန်ကြီးချုပ်က သူ့အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးနှင့် နှစ်ကိုယ်ကြား စကားပြောရင်း ”အခုတို့ စကားပြောနေတာ ကြားနေတာ မင်းနဲ့ငါအပြင် နောက် တစ်ယောက် ရှိတယ်။ အဲဒါ MI 5 ပဲ” ဟု ဆိုဖူးသည်။
သုတေသီ Andrew ၏ စာအုပ်သည် သူလျှိုလုပ်ငန်း တစ်ခု၏ စ၊ လယ်၊ ဆုံး ဖြစ်ရပ်များစွာ ပါဝင်နေ သည်ဟုဆိုနိုင်ပါ၏။
CIA ဗဟိုထောက်လှမ်းရေးအေဂျင်စီ
အမေရိကန် နိုင်ငံ၏ ဗဟိုထောက်လှမ်းရေး အေဂျင်စီ- CIA ကို ၁၉၄၇ ခုနှစ်၌ စတင်ဖွဲ့စည်းခဲ့သည်။ စဦးရည်ရွယ်ချက်မှာ သတင်းအချက် အလက်များ စုဆောင်းခြင်း၊ နိုင်ငံတော် လုံခြုံရေးတွက် လျှို့ဝှက်ကိစ္စများ ဆောင်ရွက်ခြင်း တို့အတွက်မျှသာ ဖြစ်ပါ၏။
သတင်း စုဆောင်းခြင်းဟူသည် ထောက်လှမ်းရေး လုပ်ခြင်း၏ အခြားသော အမည်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ၂ဝဝ၄ ခုနှစ်အထိ စီအိုင်အေ၏ ညွှန်ကြားရေးမှူးသည် သတင်းထောက်လှမ်းရေးနှင့် ပတ်သက်သမျှ ကိစ္စအဝဝကို တာဝန်ယူရသည်။ တာဝန်ခံရသည်။
အမေရိကန် တစ်နိုင်ငံလုံးရှိ ထောက်လှမ်းရေး အဖွဲ့အစည်းများထံမှ သတင်းအချက် အလက်များကို စုဆောင်းရသည်။ ပမာအားဖြင့် ကာကွယ်ရေး ထောက်လှမ်းရေး အေဂျင်စီ -Defence Intelligence Agency – DIA နှင့် အမျိုးသား လုံခြုံရေး အေဂျင်စီ-National Security Agcency -NSA တို့ထံမှ သတင်းများကိုပါ စီအိုင် အေကစုဆောင်းကာ ခွဲခြမ်းစိတ်ဖြာ ခြင်း၊ ကြိုတင်ခန့်မှန်းချက်၊ တွေးဆချက်များ ထုတ်ပြန်ခြင်း၊ အခြေအနေ ထူးခြားလျှင် သမ္မတနှင့် သမ္မတ၏ အကြံပေး ပုဂ္ဂိုလ်များထံ တင်ပြခြင်း စသည့် တာဝန်များကို ထမ်းဆောင်ရသည်။
အထက်ပါလုပ်ငန်းစဉ်ကို ၂ဝဝ၄ ခုနှစ်၌ရပ်ဆိုင်းခဲ့သည်။ ထောက်လှမ်း ရေးလုပ်ထုံးပြင်ဆင်ရေးနှင့် အကြမ်းဖက်မှု ကာကွယ်ရေး ဥပဒေထွက်ပေါ် လာသောကြောင့်ဖြစ်သည်။ ၁၉၄၇ ခုနှစ် အမျိုးသားလုံခြုံရေးဥပဒေတစ် နေရာ၌ အထက်ပါပြင်ဆင်ချက်ဥပဒေ ဖြင့် အစားထိုးခဲ့သည်။
ဥပဒေသစ်အရ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး
-Director of National Intelligence အသစ်တစ်ဦး ခန့်အပ်ပြီး နိုင်ငံအတွင်းရှိ စီအိုင်အေ အပါအဝင် အခြားထောက် လှမ်းရေးအေဂျင်စီ ၁၅ ခုတို့မှ ရရှိသည့် သတင်းအချက် အလက်များကို စုစည်းကာ လေ့လာသုံးသပ်မှု ပြုလုပ်ရသည်။ အမေရိကန်နိုင်ငံ၏ ပထမဦးဆုံး အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူးမှာ ဂျွန်နီးဂရိုးပွန်တီ – John negroponte ဖြစ်သည်။
သတင်းစုဆောင်းမှုနှင့် အရည်အသွေး
ကမ္ဘာတစ်ခုလုံး၌ ဖြန့်ကြက် တာဝန်ပေးထားသော ဒေသဆိုင်ရာ တာဝန်ခံများသည် ရသမျှသတင်းများကို အမေရိကသို့ ပေးပို့ရသည်။ ဒေသအလိုက်၊ နိုင်ငံအလိုက် တာဝန်ခံများ နှင့် အမှုထမ်းများခန့်အပ်ထားသည်။
ဒေသခံ တာဝန်ခံများသည် သက်ဆိုင်ရာ နိုင်ငံ၏ ဘာသာရေး၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာများကို နှံ့စပ်ကျွမ်းဝင် နားလည်ထားရသည်။ ဒေသခံ ဘာသာစကားကိုလည်း တတ်မြောက်ထားရသည်။ သို့မှ ရရှိသည့် သတင်းများ မှန်ကန်မှုရှိ မရှိ စစ်ဆေး နိုင်မည်။
အချို့သော ကိစ္စ၌ သတင်းယူရင်း လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူတစ်စု၏ အသက်ကိုပါ ကယ်ရသည့် အဖြစ်မျိုးနှင့်လည်း ကြုံတတ်သည်။ အချို့သောကိစ္စ၌ မိမိတို့လူ ဖြစ်နေသော်လည်း မျက်နှာလွှဲခဲ့ရသည့် အကြိမ်များ လည်းရှိသည်။
၁၉၅၉ နှင့် ၁၉၆ဝ ခုနှစ်အတွင်း ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံ USSR မှ ဒုတိယ ဗိုလ်ချုပ်ကြီး ပြိုတာ ဆီမီယိုနိုဗစ် ပိုပေါ့ -Pyotr Semyo-novich Popov က စီအိုင်အေအဖွဲ့သို့ USSR ၏ ဒုံးခွင်းလက်နက်များနှင့် ပတ်သက်သည့် အလွန်အရေးကြီးသော သတင်းများ ပေးပို့ခဲ့သည်။
သတင်းထောက်လှမ်းရေး လုပ်ငန်းသည် မိမိတို့က တစ်ဘက်ထဲသို့ ဝင်သကဲ့သို့ သူတို့ဘက်ကလည်း မိမိတို့ဘက်သို့ ပုံစံအမျိုးမျိုးနှင့်ဝင်မည် ဖြစ်သည်။
၁၉၉၄ ခုနှစ်တွင် စီအိုင်အေ အဖွဲ့၏ တန်ပြန်ထောက်လှမ်းရေး ဒေသတာဝန်ခံ Al-drich Ames အဖမ်းခံခဲ့ရသည်။ သူကျူးလွန်ခဲ့သည့် ပြစ်မှုမှာ ဆိုဗီယက် ယူနီယံသို့ လျှို့ဝှက်သတင်းများ မှတ်တမ်းများ ရောင်းစားခဲ့မှု ဖြစ်သည်။ သူ့ အမှုကို စစ်ဆေးပြီး ထောင်ဒဏ်တစ် သက်ချခဲ့ရသည်။
လောလောဆယ် ဖြစ်ရပ်များ
၂ဝ၁ဝ၊ ဇွန်လ ၂၈ ရက်နေ့၌ အမေရိကန် တရားရေးဌာန လက်အောက်ရှိ FBI ဌာနခွဲက သတင်း ထုတ်ပြန်ခဲ့သည်။ တန်ပြန်ထောက်လှမ်းရေး ဌာန၏ တွေ့ရှိချက်များအရ တိုင်းတစ်ပါးအတွက် သူလျှိုလုပ်ပေး နေသူဟု သံသယ ရှိသည့် လူဆယ်ဦးကို ဇွန်လ ၂၇ ရက်နေ့တွင် ဖော်ထုတ်ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၂၈ ရက်နေ့တွင် သံသယရှိသူ ဆယ်ဦးထဲမှ ငါးဦးကို မန်ဟက်တန်ရပ်ကွက် ဒေသဆိုင်ရာ တရားရုံး၌ လည်းကောင်း၊ သုံးဦးကို ဗာဂျီးနီးယား ပြည်နယ် အလက် ဇန္ဒရီးယား တရားရုံး၌လည်းကောင်း၊ နှစ်ဦးကို ဘော့စတွန် တရားရုံး၌လည်းကောင်း ရုံးတင်စစ်ဆေးခဲ့သည်။
၁၁ ဦးမြောက်ပုဂ္ဂိုလ်ကို ဇွန် လ ၂၉ ရက်နေ့၌ ဆိုက်ပရပ်နိုင်ငံတွင် ဖမ်းဆီးရမိခဲ့ပြီး အာမခံနှင့် လွှတ်ပေးခဲ့သည်ဆိုသော သတင်းများ ထွက်ပေါ်လာသည်။
အမေရိကန်နိုင်ငံ သမိုင်းတွင် သူလျှိုဟု သံသယရှိသူ အများအပြားကို ဖော်ထုတ် အရေးယူ နိုင်ခဲ့ခြင်းမှာ ယခု အကြိမ်သည် ပထမဦးဆုံးဖြစ်သည်။ FBI ၏ တွေ့ရှိချက်အရ အချို့သော ပုဂ္ဂိုလ်များ သူလျှိုလုပ်နေသည်မှာ ဆယ်နှစ်ခန့်ပင် ကြာပြီဟုဆိုသည်။ ဖော်ထုတ်ဖမ်းမိ ခဲ့သူများ၏ လုပ်ရပ်အချို့ကို အောက်တွင် အကျဉ်းမျှဖော်ပြ လိုက်ပါသည်။
Christopher Mettosos
ကနေဒါနိုင်ငံသားဟုဆိုသည်။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန် အဖွဲ့နှင့် ယခု အဖမ်းချွံ R Murphy, C. Murphy, M.Zottoli နှင့် P. Mills တို့အား ဆက်သွယ်ပေးခဲ့ သည်။ ကနေဒါ နိုင်ငံသို့ မကြာခဏ ခရီးထွက်သည်။
၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၅ ခုကြား R. Murphy နှင့် နယူးယောက် စားသောက်ဆိုင် တစ်ခု၌ လေးကြိမ် တွေ့ဆုံခဲ့သည်။
၂ဝဝ၁ ခုနှစ်မှစ၍ ယခုသံသယ ရှိသူများနှင့် တွေ့ဆုံခဲ့သည့် အထောက် အထားများရှိသည်။
အမေရိကန်နိုင်ငံမှ ဇွန် ၁၇ ရက် တွင် ထွက်ခွာကာ ဆိုက်ပရပ်ကျွန်း နိုင်ငံ၌ ဇွန် ၂၉ ရက်နေ့၌ အဖမ်းခံ ခဲ့ရပြီး အာမခံနှင့်လွှတ်ပေးထားသည်။
R.Murphy နှင့် C.Murphy
အမေရိကန်နိုင်ငံ၌ လက်ထပ် ကြပြီး နိုင်ငံသားအဖြစ် ခံယူထား ကြသည်။
၂ဝဝ၁ ခုနှစ်၌ သံသယရှိသူ Mettosos နှင့်တွေ့ဆုံသည်။ ရုရှား သံတမန် တတိယ အဆင့်ရှိသူနှင့်လည်း တွေ့ဆုံသည်။
အာမာဖီ၏ ဘဏ်အာမခံ သေတ္တာတွင် တွေ့ရသော မွေးစာရင်းအရ အမေရိကန်နိုင်ငံ ဖီလ်ဒဲဖီးယား ပြည်နယ်၌ မွေးဖွားခဲ့သည့် အထောက် အထားကို တွေ့ရသည်။ သို့သော် ပြည် နယ်မှတ်တမ်းများ၌ ယင်းအထောက် အထားမရှိပေ။
ရုရှားနိုင်ငံ မော်စကိုနှင့် အွန် လိုင်းဆက်သွယ်မှုများရှိနေသည်။
၂ဝ၁ဝ ခုနှစ်၊ ဖေဖော်ဝါရီလ တွင် အီတလီမှ တစ်ဆင့် မော်စကို သို့သွားခဲ့သည်။
M.Zottoli နှင့် P.Mills
ဇော့တိုလီက အမေရိကန်နိုင်ငံ သားဖြစ်ပြီး မီးလ်စ်က ကနေဒါနိုင်ငံ သူဟုဆိုကြသည်။ ၂ဝဝ၄ ခုနှစ်တွင် ယခုအဖမ်းခံရသူ အာမာဖီနှင့် ပထမ ဦးဆုံးတွေ့ဆုံခဲ့သည်။ မော်စကိုနှင့် အွန်လိုင်းဆက်သွယ်မှုရှိသည်။
J.Lazaro နှင့် V. Pelaez
ပီရူးနှင့် ဥရုဂွေး၌ မွေးဖွားခဲ့သူ များဟုဆိုသည်။
၂ဝဝဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၌ တောင်အမေရိက နိုင်ငံတစ်ခု၌ အဖမ်းခံခဲ့ရသူများနှင့် ပထမဦးဆုံး တွေ့ဆုံခဲ့သည်။
လာဇရိုသည် ရုရှား သံတမန် တစ်ဦးနှင့် တောင်အမရိက နိုင်ငံတစ်ခု၌ တွေ့ဆုံခဲ့သည်။ ဖမ်းမိချိန်ထိ အဆက်အသွယ် ရှိသည်။
Anna Chapman
၂ဝ၁ဝ ခုနှစ်၊ ဇန်နဝါရီလ၊ မန်ဟက်တန် ရပ်ကွက်၌ စတင်တွေ့ရှိ သည်။ ကုလသမဂ္ဂ ရုရှားသံတမန် အဖွဲ့နှင့် ဗုဒ္ဓဟူးနေ့တိုင်း အထင်ကရ ဆက်သွယ်ခဲ့သည်။ သူနှင့် ဆက်သွယ်နေသည့် ရုရှားသံတမန်ကပေးသော နိုင်ငံကူးလက်မှတ်၌ FBI အေးဂျင့် တစ်ဦးဟု ဖော်ပြထားသည်။ ဇွန်လ ၂၆ ရက်နေ့၌ ယင်း Passport ရပြီး နောက်တစ်နေ့၌ အဖမ်းခံခဲ့ရသည်။ နိုင်ငံကူး လက်မှတ်မှာ အတုဖြစ်နေ သည်။
Michail Semenko
၂ဝ၁ဝ ခု၊ ဇွန်လ ဝါရှင်တန်မြို့၌ ရာဇဝတ်မှု ကျူးလွန်ကြောင်း သံသယ ရှိဖွယ်တွေ့ရသည်ဟု သတင်း များထွက်ပေါ်လာသည်။
ရုရှား ထောက်လှမ်းရေး လုပ်ငန်း SVR နှင့် အဆက်အသွယ်ရှိသည်။ အမည်ဝှက်ဖြင့် ဗဟို၏ ညွှန်ကြားချက်၊ သင်တန်းပေးမှုများကို လက်ခံရယူပြီး FBI အေးဂျင့်အဖြစ် အရေခြုံထားသူ ဖြစ်သည်။
လစာငွေ US$ ၅ဝဝဝ ရရှိသည်။ FBI အေးဂျင့်ဟု အမည်ခံ ထားသော်လည်း ရုရှားသံတမန် တစ်ဦးအနေနှင့် ဝါရှင်တန်တွင်နေထိုင်ကာ လုပ်ငန်း များဆောင်ရွက်သည်။
ရုရှားသူလျှို ကွန်ရက်၏ လှုပ်ရှားမှု
FBI ၏အဆိုအရ အထက်ဖော်ပြပါ ပုဂ္ဂိုလ်အများစုသည် ၁၉၉ဝ ခုနှစ် ကာလများ ကတည်းက အမေရိကသို့ ရောက်ရှိလာခဲ့ပြီး လျှို့ဝှက်အေးဂျင့် များဖြစ်နေခဲ့ကြသည်။ ခြွင်းချက် အနေနှင့် အန်နာချက်ပ်မန် တစ်ဦးသာ ၂ဝဝ၉ ခုနှစ်နောက်ပိုင်းမှ အမေရိက သို့ရောက်လာခဲ့သည်။
အထက်ပါ ပုဂ္ဂိုလ်များထဲမှ ကိုးဦးသည် စာရွက်စာတမ်းအတုများ ကိုင်ဆောင်ထားကြသည်။ အချို့၏ ကလေးဘဝ ဓာတ်ပုံများမှာလည်း အတုများပင် ဖြစ်နေသည်။
ချက်ပ်မန်နှင့် ဆီမင်ကိုတို့ နှစ်ဦး ကိုသာ ရုရှားနိုင်ငံသားများ အဖြစ် ဖော်ပြထားသည်။
အခြား သံသယရှိသူ အများအပြားမှာ မည်သည့်နိုင်ငံသားများဟု ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ သို့သော်ရာဇဝတ်မှု အထောက်အထား များအရ ရုရှားနိုင်ငံသားများဟု FBI ကဆိုသည်။
FBI ၏ တွေ့ရှိချက်၌ အာမာ ဖီနှင့် စီမာဖီ ဇနီးမောင်နှံ၊ လာဇရိုနှင့် ပီမီးလ်စ်ဇနီးမောင်နှံအတွဲနှစ်တွဲမှာ လုပ်ငန်းသဘောအရ ထဲထဲဝင်ဝင် စူးစူးနစ်နစ် ရောက်ရှိနေသည့် အထောက်အထားများ တွေ့ရသည်ဟု ဆိုသည်။ ထိုစုံတွဲများနှင့် မကြာမီကမှ အမေရိကသို့ ရောက်ရှိလာသော ချက်ပ်မန်နှင့် ဆီမင်တို့ အဆက်အသွယ်မရှိ။ တစ်ဦးကို တစ်ဦးပင် မသိကြဟု ဆို၏။
ယင်းသို့သော အထောက်အထား များအရ သူတို့အားလုံးသည် ကွန်ရက်တစ်ခုတည်းက မဟုတ်ဘဲ အခြား သူလျှိုကွန်ရက် တစ်ခုမှလည်း ဖြစ်နိုင်သည်ဟုဆိုသည်။
ယင်းသူလျှိုများနှင့် ပတ်သက်၍ FBI က အထောက်အထားများ နှင့်တကွ ဖော်ထုတ်နိုင်ခဲ့ခြင်းမှာ ၁၉၉၇ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ ကုလသမဂ္ဂ၌ တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ရုရှားနိုင်ငံသား ဆာဂျီထရာ ယာကော့ Sergei Tretyakov ၏ သတင်းပေးမှု ကြောင့်ဖြစ်သည်။ ဆာဂျီသည် ၂ဝဝဝ ပြည့်နှစ်တွင် အမေရိကန် နိုင်ငံ၌ ခိုလုံခဲ့သည်။
သူလျှိုလုပ်ငန်း ပြန်လည်သုံးသပ်မှု
(တက္ကဆက် အခြေစိုက် ပထဝီ နိုင်ငံရေးဆိုင်ရာ ထောက်လှမ်းရေး လုပ်ငန်းတစ်ခုဖြစ်သော STRATFOR ၏ သုံးသပ်ချက်ဖြစ်သည်။ ရေးသားသူမှာ George Friedman ဖြစ်၏)
ရုရှားသူလျှိုများကို အုပ်စုလိုက် ဖမ်းမိပြီးနောက် ရုရှားတွင် သူလျှိုမှုဖြင့် ဖမ်းဆီးခံနေရသူ အမေရိကန်သား လေးဦးနှင့် အလဲအလှယ် ပြုလုပ်ခဲ့ သည်။
ထိုဖြစ်ရပ်ကို သုံးသပ်ပြီး သတင်းမီဒီယာများက မိမိတို့ ရှုထောင့်အလိုက် သုံးသပ်ခဲ့ကြသည်။
ထိုအခါ အုပ်စု သုံးခု နောက်အကြောင်းသုံးခုကို ကွဲပြားစွာ တွေ့ရသည်ဆို၏။
ပထမအုပ်စုက စစ်အေးကာလ ပြန်လည်ရောက်ရှိလာပြီဟု ယူဆကြသည်။
ဒုတိယ အုပ်စုက စစ်အေးကာ လပြီးဆုံးသွားသော်လည်း ထောက်လှမ်းရေး ကွန်ရက်များ ဆက်လက် လှုပ်ရှားနေမှုအပေါ် သံသယ ဝင်နေကြ သည်။
တတိယ အုပ်စုမှာ ရုရှားတို့၏ သူလျှိုကွန်ရက်သည် ရည်ရွယ်ချက် များစွာနှင့် ဖွဲ့စည်းထားပုံရသည်။ ပေါ်ပေါ်ထင်ထင် လှုပ်ရှားသည်။ ရှေးကျသော ပုံစံတွေ့ဆုံမှုများ အဘယ့်ကြောင့် ပြုလုပ်ရသနည်းဟု သံသယ ဝင်နေကြသည်။
အထက်ပါမေးခွန်းများ အတွက် STRATFOR အဖွဲ့က အဖြေထုတ် ပေးခဲ့သည်။
သူတို့ပေးသည့်အဖြေမှာ ယခုအခါ ရှေးယခင်ကလို နိုင်ငံတစ်ခုဟူ၍ သီးသီးသန့်သန့်ခွဲခြားမရတော့။ နိုင်ငံများ၊ ဒေသများ၊ တိုက်ကြီးများသည် တစ်ခုနှင့်တစ်ခုအပြန်အလှန်ဆက်နွယ် သွားကြပြီဖြစ်သည်။ ထိုသို့သောအခြေ အနေဖြစ်လာသည့်အတွက် ကောင်း သည့်ရလဒ်များရှိသလို မကောင်း သည့်ရလဒ်များလည်းရှိသည်။
သို့အတွက် မိမိတို့နှင့် ဆက်ဆံ နေရသည့်နိုင်ငံများအချင်းချင်း တစ်ဦးကို တစ်ဦးကသိရှိရန် ပို၍ အရေး ကြီးလာသည်။ ယင်းသို့ သိရှိရခြင်း သည် မိမိတို့နိုင်ငံ သက်ရှင်ရပ်တည် ရေးအတွက်ဖြစ်သည်။ နိုင်ငံတိုင်း ထို ရပ်တည်ရေးအတွက် ဆောင်ရွက်ကြ ရသည်။
ထိုအခါ အခြေခံအချက် သုံးချက်ပေါ်ထွက်လာသည်ဟု ယင်းအဖွဲ့က ထောက်ပြသည်။ ယင်းအချက် သုံးချက်သည် ကူးလူးဆက်ဆံမှု ရှိနေသော နိုင်ငံများ အတွက်ပို၍ အရေးကြီးသည်။
ပထမအချက် ။ ။ အခြားသော နိုင်ငံများသည် မည်ကဲ့သို့သော စွမ်းရည်အရည်အသွေးနှင့် ဆောင်ရွက် လုပ်ကိုင်နေကြသနည်း ဆိုသည့် အချက်ကို သိထားပါမှ တော်ကာကျမည် ဖြစ် သည်။
အထက်ပါ အချက်၌ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးများ အားလုံးပါဝင်သည်။ ထိုအချက်များကို သိထားမှသာ ယင်းနိုင်ငံများသည် အကျဉ်း အကျပ်တွေ့လာသည့်အခါ အဖြစ်နိုင် ဆုံးနည်းကိုရှာ၍ ဖြေရှင်းနိုင်မည်သည်။ သူတို့၏ ထူးဆန်းထွေလာ ပြုမှုများသည် သူတို့၏လှုပ်ရှားမှု စွမ်းရည်များပင် ဖြစ်သည်။
ဒုတိယအချက်။ ။ အခြားသော နိုင်ငံများ၏ ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော် လုပ်ဆောင်နေမှု ကိုလည်း သိထားရန်လိုအပ်သည်။ ယင်း အချက်သည် နိုင်ငံတစ်ခု၏ ရေတို ကာလ ခရီးတစ်ခုအတွက် အရေးပါသည်။ အထူးသဖြင့် ယင်း နိုင်ငံ၏ ရည်ရွယ်ချက်နှင့် စွမ်းဆောင် နိုင်မှုသည် လိုက်လျောညီထွေ ရှိနေ ၍ ဖြစ်၏။
တတိယအချက်။ ။ အခြားသော နိုင်ငံပိုင် အစိုးရများသည် သူတို့ မမျှော်လင့်မထင်မှတ်ထားသော ဖြစ်ရပ်များနှင့် ကြုံလာရသည့်အခါမျိုး၌ မည်သို့ဖြစ်ကြသနည်း။ မည်သို့ဖြေ ရှင်းကြသနည်းဆိုသည်ကိုလည်း သိရှိ ထားရန်လိုသည်။
မဟာအင်အားကြီးနိုင်ငံ တစ်ခုသည် မည်သို့ လုပ်ဆောင်မှုများ ပြုလုပ်နေသည်ကို သိထားနားလည် ထားရန်မှာ အလွန်အရေးကြီးသော ကိစ္စတစ်ခုဟု ဆိုရမည်ဖြစ်သည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်၌ အင်အားအကြီးဆုံးနိုင်ငံဖြစ်၏။
ယင်းအချက် တစ်ခုတည်းနှင့်ပင် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးက မည်သို့သော အချက်များသည် အဓိက ကျသည်။ ယင်းကိစ္စမျိုးကို မည်သို့ ဖြေရှင်းသနည်း ဆိုသည်ကို သိထား လိုကြသည်။
အမရိကန်နိုင်ငံ လုပ်ဆောင်မှုကို သိရှိသွားသည်နှင့် မိမိတို့၏ လုပ်ငန်း ဆောင်တာများ၌ မည်သည့်အချက် ကို အဓိကအဖြစ်ထားရမည်။ မည်သည့်မူဝါဒကို ပြောင်းလဲပစ်ရမည်။ စသည်ဖြင့်သိထားဖို့လိုသည်။ သို့မှသာ အခက်အခဲများ ပြဿနာများ၊ ပဋိပက္ခများမှ ရှောင်ရှားနိုင်မည်။
ဤအချက်များသည် ကြောင်းကျိုးလည်း ညီညွတ်သည်။ နိုင်ငံတစ် ခုအတွက် အဓိက အခြေခံ အချက် များလည်းဖြစ်သည်ဟု အဆိုပါအဖွဲ့ ကတင်ပြထားသည်။
ဘဝပျောက်ရသူ သူလျှိုတစ်ဦး
ပီရူး၊ စပိန်၊ ဥရုဂွေးနှင့် အမေရိ ကန်နိုင်ငံမှ သတင်းသမားများစု ပေါင်းရေးသားထားသော သတင်း ဆောင်းပါးတစ်ပုဒ် ထွက်လာခဲ့သည်။ ရုရှားသူလျှိုတစ်ဦး ဘဝပျောက်ရ သည့်အဖြစ်မှာ ရင်နင့်စရာဖြစ်၏၊
စစ်အေးကာလ တစ်လျှောက် ၃၄ နှစ်ကြာ ကမ္ဘာ့တိုက်ကြီးနှစ်ခု၌ တစ်ခုတည်းသော နာမည်အတုဖြင့် အရေခြုံကာ သူလျှိုတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မီခေးဗာဆင် ကော့ဗ် – Mikhail Vasenkov ဖြစ် သည်။ အမည်အရင်းမှာ Juan Lazaro ဖြစ်သည်။ ပီရူးနိုင်ငံသား ဖြစ်သည်။ အစစ်အမှန်မှာ ကာရာ တေး ခါးပတ်နက် ရထားသည်။ သတင်းဓာတ်ပုံဆရာဖြစ်သည်။ရုပ် သံမှသတင်းထောက် အမျိုးသမီးတစ် ဦးနှင့်အိမ်ထောင်ကျသည်။ သူတို့နှစ် ဦး နယူးယောက်သို့ ပြောင်းရွှေ့လာ သည်။
အမေရိကန် အသိုင်းအဝိုင်းတွင်မူ Juan Lazaro PhD သည် နိုင်ငံရေး သိပ္ပံဘာသာရပ် တွဲဖက်ပါမောက္ခ ဖြစ်နေသည်။ ရပ်ကွက်အတွင်း၌ စန္ဒရား ပညာရှင် ဂျွန်လာဇရို၏ ချစ်လှစွာသော ဖခင်အဖြစ် လူသိများသည်။
လွန်ခဲ့သည့် ဇွန်လအထိ မည်သူကမျှ သူ့ကို သံသယမရှိကြ။ FBI က ဖမ်းမိချိန်တွင် သူသည် မီခေးဗာဆင် ကော့ဖြစ်သည်။ သူသည်ရုရှား သူလျှို ဖြစ်သည်ဆိုကာ သတင်းထုတ်ပြန် ခဲ့သည်။
ရုရှားဝန်ကြီးချုပ် ဗလာဒီမြာ ပူတင်က အမေရိကန်မှ နှင်ထုတ်ခံ ရသည့် အမျိုးသားအေးဂျင့် ဆယ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့ကို မျိုးချစ် များအဖြစ် ကြိုဆိုသည်။ အမိနိုင်ငံ ၌ သူတို့၏ အနာဂတ်သည် အဆင် ပြေစေရမည်ဟု ဆိုခဲ့သည်။
မီခေးကမူ ယင်းဖြစ်ရပ်အတွက် ကျေးဇူးမတင်မိ။ သူလျှိုဘဝဖြင့် သူ့ကိုယ်သူ တစ်ပတ်ရိုက် ခံထားသကဲ့သို့အဖြစ်မျိုးကို မခံလို။ ဂျွန်လာဇရို ဘဝကို ပြန်ရလိုသည်။
ဤနေရာ၌ ပြဿနာ တစ်ခု ပေါ်လာခဲ့ရတော့သည်။ မီခေးပြန်လည် ရယူလိုပါသည်ဟု ဆိုနေသော ဂျွန်လာဇရိုဆိုသူ ဥရုဂွေး နိုင်ငံသားသည် လွန်ခဲ့သည့် ၆၃ နှစ်၊ သုံးနှစ်သား အရွယ်ကတည်းက သေဆုံးခဲ့ ပြီးဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ သူလျှိုတို့၏ လုပ်ထုံးလုပ်နည်းအတိုင်း သေဆုံးသူတစ်ဦး၏ ဖွားသေစာရင်းကို ယူကာ အတုပြုလုပ်ထားခြင်းဖြစ်နိုင်သည်။
သူတို့ ဇနီးမောင်နှံနှစ်ဦးက သူတို့သည် ပီရူးနိုင်ငံသို့သာ ပြန်သွားလိုသည်။ ပီရုးနိုင်ငံကူး လက်မှတ်ကိုင်ဆောင်ကာ သူတို့သည် လာဇရိုမိသားစု အဖြစ်သာ ခံယူလိုကြသည်။
လာဇရိုကသူသည် ရုရှားမှ လာသူမဟုတ်။ ရုရှားလူမျိုးလည်း မဟုတ်။ ရုရှား စကားလည်း မပြောတတ်။ သူနှင့် သူ့ဇနီးသည် ပီရူး နိုင်ငံသို့သာ သွားလိုသည်။ အမေရိ ကန်ရှိ သူ့ရှေ့နေ ကလာဇရို၏ အဖြစ်အပျက်ကို ပြောပြနေသော်လည်း ရှေ့နေကိုယ်တိုင်က လာဇရိုအစစ်မှာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း မသိရှိသေးပေဟု သတင်းသမားများက ဖော်ပြကြသည်။
လာဇရို၏ ဘဝ ဖြစ်ရပ်ကမူ တစ်မူထူးခြားနေပါ၏။ သူ့ဘဝ အစစ်အမှန်ကို ရှာမရသည့်အထိ ဆန်း ကြယ်နေသည်။
လာဇရို ကိုင်ဆောင်ထားသော စာရွက်စာတမ်းများ၊ မှတ်တမ်းများကလည်း အပြည့်အစုံပင်။
၁၉၇၆ ခု၊ မတ်လ ၁၃ ရက်နေ့ နှုတ်ခမ်းမွေး ကောက်ကောက်နှင့် လူတစ်ယောက်သည် စပိန်နိုင်ငံ မက်ဒရစ်မြို့မှ ပီရူးနိုင်ငံ၊ လီမာမြို့သို့ လေယာဉ်နှင့် ရောက်လာသည်။ သူ့လက်ဝယ်၌ ဥရုဂွေး နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည်။ အမည်မှာ Juan Jose Lazaro Fuentes ဖြစ်ပြီး ဂျွန်လာဇရိုဟု ခေါ်ကြသည်။
သူ့လက်ထဲ၌ ပါလာသော စာတစ်စောင်မှာ စပိန်ဆေးရွက်ကြီး ကုမ္ပဏီ တစ်ခုက ဈေးကွက် ရှာဖွေရေးအတွက် သူ့ကိုငှားရမ်းကာ ပီရူးနိုင်ငံသို့ လွှတ်လိုက်ခြင်း ဖြစ်သည်။ ယင်းအထောက်အထားမှာ ပီရူးပြည်ထဲရေး ဝန်ကြီးဌာန မှတ်တမ်းတွင် အခိုင်အမာ ရှိနေသည်။ ထိုနိုင်ငံ၌ သူကနိုင်ငံသားအဖြစ် လျှောက်ထားခဲ့သည်။
၁၉၈၁ ခုနှစ်က လာဇရိုနှင့် ပီရူး သမ္မတတို့ အတူတွဲ ရိုက်ထားသည့် ဓာတ်ပုံတစ်ခု အထင်ကရ ရှိနေသည်။ ထိုပုံ၌ လာဇရိုက သမ္မတအနီး၌ ကင်မရာ ကိုင်လျက် ရပ်နေပုံကို တွေ့ရသည်။
နောက်နှစ်နှစ်အကြာ၌ သူသည် ၁၉၄၃ ခုနှစ်တွင် မွေးဖွားသည့် မွေးစာရင်းနှင့်အတူ နိုင်ငံသားအဖြစ် လျှောက်လွှာတင်ခဲ့သည်။ စာလည်း တစ်စောင်ပါသေးသည်။ လာဇရိုသည် ဥရုဂွေး နိုင်ငံတွင် အသက် ခုနစ်နှစ် အထိ နေခဲ့ပြီး စပိန်နိုင်ငံသို့ သွားကာ ပညာသင်ရင်း အလုပ်လုပ်ခဲ့သည် ဆို၏။
သို့သော် လာဇရို၏ စပိန်စကားသံမှာ ဆလပ်ဗစ် Slavic အသံဝဲလွန်း နေသည်။ ၁၉၇၉ ခုနှစ်၌ သူသည် တရားဝင် ပီရူးနိုင်ငံသား ဖြစ်ခဲ့သည်။
၁၉၈၃ ခုနှစ်၌ မစ္စပီလေ Ms Pelaez နှင့်လက်ထပ်သည်။ နှစ်နှစ် အကြာ၌ နယူးယောက်သို့ ရွှေ့လာကြသည်။ ဇနီးဘက်က ပါလာသည့် သားကို သူ့သားအရင်းလို ချစ်သည်။ ဇနီးသည်က စပိန်ဘာသာနှင့် ထုတ် ဝေသော El Diario သတင်းစာ၌ ဆောင်းပါးရှင်ဖြစ်သည်။
လာဇရိုသည် ရုရှားနိုင်ငံသို့ ရောက်မှသာ သူ့အမည်မှာ ဗာဆင်ကော့ ဖြစ်နေမှန်း သိသည်။
သူ့ဇာတ်လမ်းအရ ဗာဆင်ကော့ ဆိုသူမှာ မည်သူလဲဆိုသော မေးခွန်းတစ်ခု ပေါ်လာနေပြန်သည်။
KGB အရာရှိဟောင်းတို့ကမူ လာဇရိုဆိုသည့် အမည်ကလည်း အစစ်အမှန်ဟုတ်ကောင်းမှ ဟုတ်မည် ဆိုသည်။
KGB ၏ မှတ်တမ်းဖိုင်များ၌လည်း ဗာဆင်ကော့အမည်နှင့် သူလျှို အေးဂျင့်တစ်ဦး တစ်ယောက်မျှ မရှိ။
ထိုအခါ အမေရိကန်၌ တာဝန် ကျပြီး KGB တာဝန်ခံအဖြစ်ဆောင် ရွက်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း Oleg Kalugin က ”ဒီလိုလူတွေမှာ နာမည် တွေ အများအပြား ရှိတတ်ကြပါ တယ်”ဟုသာ ဝါးတားတားကောက် ချက်ချပါ၏။
စပိန်နိုင်ငံ၊ မက်ဒရစ်ရှိ ဆေး ရွက်ကြီးကုမ္ပဏီကလည်း ပီရူးနိုင်ငံ သို့ သူ့ကုမ္ပဏီက စေလွှတ်သည့် ဂျွန် လာဇရို အမည်နှင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မျှ မရှိဟုဆိုသည်။
ဂျွန်လာဇရိုဆိုသူကလည်း သေ ဆုံးသည်မှာ လွန်ခဲ့သည့် ၆၃ နှစ်က ဖြစ်သည်။
ဗာဆင်ကော့ အမည်ရှိ သူလျှို အဖြစ်နှင့်လည်း KGB မှတ်တမ်း၌မရှိ။ သို့ဖြစ်၍ လာဇရိုအစစ်သည် မည်သူ နည်းဟု သူကိုယ်သူမေးရန်သာရှိတော့၏၊
နိဂုံး
သတင်းထောက်လှမ်းခြင်းနှင့် သူလျှိုလုပ်ငန်းများ၊ သူလျှိုဆိုသူများသည် လာရာလမ်းကလည်း ဝိုးတဝါး။ လက်ရှိ လျှောက်နေသော လမ်းကလည်း မပီမပြင်။ အနာဂတ်ဆိုသည် ကိုကား မှန်းဆ၍ပင် မရနိုင်။
မိမိကိုယ်မိမိပင် မည်သူမှန်း မသိ။
သို့သော် ထောက်လှမ်းရေး ကွန်ရက်ကြီးကမူ ဆက်လက်ရှင်သန်နေ ဦးမည်သာ…။
Source: AP/ AFP/ Renters/ CNN/ Atlanticl
စိုးမင်းဦး

ပါးပေါ်က တင်းတိတ်နှစ်ကွက်

ပါးပေါ်က တင်းတိတ်နှစ်ကွက်

Wednesday, 13 January 2010 13:10 မြသန်းတင့်
မြသန်းတင့်
တစ်လောကဆရာဆောင်ကွယ်လွန်ပြီလို့သတင်းရတယ်။ဆရာဆောင်ရဲ့ အသုဘကိုလိုက်ပို့ချင်ပေမယ့်တစ်ရပ်တစ်ကျေးမှာဖြစ်နေလို့လိုက်မပို့နိုင်ဘူး။ပြီးတော့ သတင်းကိုကြားရတော့လည်း ဆရာဆောင် ကွယ်လွန်ပြီးလို့ တစ်လလောက် ရှိနေပြီလေ။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကတော့ ကျွန်တော့် ဇာတိမြို့ကလေးကို ရောက်သွားလို့ ဆရာဆောင်ကို သွားကန်တော့ ခဲ့သေးတယ်။ ဆရာဆောင်လို့ ခေါ်ကြတဲ့ ဆရာဦးလှဆောင်နဲ့ နောက်ဆုံး တွေ့ခဲ့တာပါပဲ။
ဆရာဆောင်ဟာ ကျွန်တော် ကျောင်းသားဘ၀မှာ မမေ့နိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ သူက အင်္ဂလိပ်စာတို့ ဘာတို့မတတ်ရှာ ပါဘူး။ မြန်မာစာဆရာပါ။ စစ်မဖြစ်ခင်တုန်းကလည်း ဆရာဆောင်ဟာ မြန်မာစာဆရာပဲ။ ဆရာဖြစ်သင် နော်မံကျောင်းက ဟိုင်းယားဂရိတ်အောင်ပြီး တစ်လျှောက်လုံး မြန်မာစာဆရာလုပ်လာခဲ့တာပဲ။ ဆရာဆောင် သင်္ချာတော်တယ်။မြန်မာ စာတော်တယ်။ အထက်တန်းသင်္ချာကို ကောင်းကောင်းပြနိုင်တယ်။
ဒါပေမယ့် ကျွန်တော်တို့တုန်းက သင်္ချာက အင်္ဂလိပ်လိုပြော၊ အင်္ဂလိပ် ဂဏန်းတွေနဲ့ သင်ရတော့ ဆရာဆောင်က အတန်းထဲမှာ ဆရာမလာတဲ့ အခါမျိုးကျမှသာ တစ်ခါတစ်လေ ၀င်ပြတတ်တယ်။ ဒါပေမယ့် ဆရာဆောင်က သိပ်မပြချင်ဘူး။
ဆရာဆောင်ဟာ တစ်ခုချစ်စရာကောင်းတာက သူ့အားနည်းချက်၊ သူ့ချွတ်ယွင်းချက်ကိုတော့ ဘယ်တော့မှဖုံးကွယ် လေ့မရှိဘူး။ အဲဒီ အရည်အချင်းဟာ ဆရာဆောင်ရဲ့ ချစ်စရာ အကောင်းဆုံး အရည်အချင်းပဲ။
လူတော်တော်များများဟာ( တော်တော်များများဆိုတာ တစ်ရာမှာ ကိုးဆယ်လောက်ရှိမယ်ထင်တယ်) ကိုယ့်အားနည်းချက် ကိုယ့်ချို့ယွင်းချက်ကို ဖုံးကွယ်တတ်လေ့ရှိတယ်။ တစ်ဖက်သားက ဒီအားနည်းချက်ကို အခွင့်ကောင်းယူပြီး ဖိနင်းမှာစိုးလို့ ထင်ပါရဲ့။ ဆရာဆောင်ကတော့ ဒီလိုမဟုတ်ဘူး။ သူများရဲ့ အားနည်းချက်ကိုလည်း ထောက်ပြတယ်။ ဒါပေမယ့် သက်သက်ညှာညှာ ထောက်ပြတာမျိုးပါ။ သူ့အားနည်းချက်ကိုဆိုရင်တော့ ညှာညှာတာတာ မလုပ်ဘူး။လှောင်ပြောင် သရော်ပစ်တယ်။ ဒါကြောင့် ကျွန်တော်တို့မြို့ကလေးမှာတော့ ဆရာဆောင်ဟာ လူ့ခွစာတစ်ဦးလို ဖြစ်နေတယ်။
ဆရာဆောင်က အရပ်ပုပုရယ်။ ကျွန်တော့်အထင်တော့ ငါးပေလောက်ပဲ ရှိမယ်ထင်တယ်။ ဒါပေမယ့် ဆရာဆောင်က သူအရပ်ပုတာကို ဘယ်တော့မှ ကွယ်ဝှက်မထားဘူး။ သူအရပ်ပုတာကို သူ့ကိုသူ လှောင်ပြောင်ပစ်တယ်။ ဆရာဆောင်ဟာ ဒီလိုသူ့ကိုသူ လှောင်ပြောင်ပစ်ခြင်းဖြင့် သူ့အားနည်းချက်ကို စိတ်ဖြေယူတာလားလို့တောင် ကျွန်တော်တွေးမိတယ်။
ဆရာဆောင်ဟာ ကျွန်တော်တို့ အလယ်တန်းလောက်ကတည်းက အထက်တန်းမှာပြတဲ့ မြန်မာစာဆရာပဲ။ ကျွန်တော်တို့ ဆယ်တန်းရောက်တော့လည်း မြန်မာစာပြဆရာပဲ။ ပင်စင်ယူသွားတော့လည်း မြန်မာစာပြ ဆရာအဖြစ်နဲ့ပင်စင်ယူ သွားတာပဲ။
ငယ်ငယ်တုန်းက ဆရာဆောင်ရဲ့မြန်မာစာသင်တန်းမှာ ကျောင်းသားကြီးတွေ တ၀ါးဝါးနဲ့ ပွဲကျနေတာကို ကျွန်တော် ကောင်းကောင်း နားမလည်ဘူး။ ဒါပေမယ့် ကိုယ် ဆယ်တန်းရောက်တော့မှ ဆရာဆောင် မြန်မာစာ ပြပုံပြနည်းကို ကျွန်တော်တော့သဘောပေါက်လာတယ်။
ဆရာဆောင်ဟာ စာတိုပေစတွေကိုလည်း ကောင်းကောင်းရတယ်။ ဦးပုညရဲ့ စာတိုတွေ၊ အချုပ်တန်းဆရာဖေရဲ့ စာတွေ၊ ဦးကြင်ဥရဲ့စာတွေ၊ သခင်ကိုယ်တော်မှိုင်းရဲ့သာတွေကို ဒိုးခနဲ ဒေါ်က်ခနဲ ရွတ်နိုင်တယ်။ ကျွန်တော်တို့ တစ်တွေက နောက်ဆုံးခုံတန်းကနေပြီး သူစာပြတာကို ကောင်းကောင်းမလိုက်ဘူး။ စကားများနေတယ်။ ဆော့နေတယ်ဆိုလို့ရှိရင် ဆရာဆောင်က စာပြနေရာကနေပြီး နောက်ခုံကို တစ်ချက်လှမ်းကြည့်လိုက်တယ်။
“ဟေ့ကောင်တွေ ငါ့ကိုမစမ်းနဲ့နော်၊ ငါက လူပုသလောက် စိတ်တိုတတ်တဲ့ကောင်၊ လူပုစိတ်တို၊ ခွေးပုရန်လို ဆိုတဲ့စကားကို ကြားဖူးကြတယ် မဟုတ်လား။ အရပ်ပုတယ်ဆိုပြီး အထင်သေးမယ်တော့ မကြံနဲ့၊ ကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ လူတွေထဲမှာ အရပ်ပုတဲ့ လူတွေလည်းပါတယ်။ နပိုလီယန်လည်း ငါ့အရပ်လောက်ပဲရှိတာပဲ။ လီနင်လည်း ငါ့အရပ်လောက်ပဲ ရှိတာပဲ။ ဘာအောင်းမေ့နေလို့လဲ” လို့ လှမ်းပြောတတ်တယ်။
ဆရာဆောင်က ကျောင်းသားကိုကြိမ်းရင်တောင် သူ့ကိုသူ လှောင်ပြောင်ပြီးမှကြီမ်းတာ။ ဆရာဆောင်မှာ ချစ်စရာ ကောင်းတာ နောက်တစ်ခု ရှိသေးတယ်။ ဆိုးတဲ့ကျောင်းသား စာတော်တဲ့ ကျောင်းသားရယ်လို့ မခွဲခြားဘဲတပည့် မှန်သမျှကို ကျောသားရင်သားမခွဲခြားဘဲ ဆက်ဆံတတ်တာပဲ။
စာတော်တဲ့ ကျောင်းသားကိုလည်း စာတော်တဲ့ ကျောင်းသားမို့ချစ်တယ်။ ဆိုးတဲ့ကျောင်းသားကိုလည်းဆိုးတဲ့ကျောင်းသား မို့လို့ သူချစ်တယ်။ အလိုလိုက်ပြီးမှ ကိုယ့်ဘက်ပါအောင် သိမ်းသွင်းယူတယ်။ စည်းကမ်းကို ကြတ်ကြတ်မတ်မတ် သူကိုင်တယ်။ ကျောင်းပြေးမယ် မကြံနဲ့။ အဲဒီ ကျောင်းသား ကျောင်းပြေးတတ်တဲ့နေရာကို စုံစမ်းပြီး သူကိုယ်တိုင် ဘိုင်စကယ်တစ်စီးနဲ့ လိုက်ချောင်းပြီး အဲဒီကျောင်းသားကို ဆွဲခေါ်လာတာပဲ။
ဒါပေမယ့် သူလိုက်ဖမ်းမှန်းမသိစေရဘူး။ မတော်တဆ တွေ့တဲ့ပုံမျိုးလုပ်ပြီး မသိမသိမသာ ခေါ်လာတယ်။ ကျောင်းပြေးတဲ့ တပည့်လည်း ဆရာနဲ့ တန်းတိုးနေတော့ မပြေးသာတော့ဘဲ အသာလိုက်လာရတော့တာပေါ့။ တပည့်တွေကိလည်း ရိုက်စရာရှိရင်လည်း တကယ်ရိုက်တယ်။ ရိုက်ပြီးတော့မှ “ကဲ မင်းတို့ငါ့ကို ဘာပြန်လုပ်ချင်သလဲ၊ ရော့ ဟောဒီမှာ ကြီမ်တုတ် ဆိုပြီး ကြီမ်ကို ပစ်ပေးတယ်။
တပည့်တစ်ယောက်ကို စိတ်ဆိုးလို့ ခပ်နာနာကလေး ရိုက်မိရင်လည်း ညနေမှာ အဲဒီကျောင်းသားရဲ့ အီမ်ကို ဘိုင်စကယ်လေးနဲ့ ပေါက်လာပြီး မိဘအုပ်ထိန်းသူတွေကို လာပြီးတောင်းပန်တတ်သေးတယ်။ အုပ်ထိန်းသူကလည်း ဆရာဆောင်ရိုက်ပြီဆိုရင် စိတ်ဆိုးတယ်ရယ်လို့ မရှိကြပါဘူး။ ကျေနပ်ပြီးသားပဲ။ ဆရာဆောင်ဟာ တော်တော့် ကျောင်းသားကို ရိုက်လေ့ရိုက်ထ မရှိဘဲကိုး။ ရိုက်သင့်လို့ ရိုက်တာပဲလို့ နားလည်ထားကြပြီးသား။
ဆရာဆောင်က ဆိုးတဲ့ကျောင်းသားတွေဆိုရင် သူ့အီမ်မှာ ခေါ်ပြီး စာကျက်ခိုင်းတယ်။ သူက လူပျိုကြီး။ အမေအိုကြီးနဲ့ အစ်မတစ်ယောက် ရှိတယ်။ အစ်မကလည်း အပျိုကြီးပါပဲ။ ဒီတော့ သူ့အီမ်က လွတ်လပ်တယ်။ ကျောင်းသားတွေ သူ့ အီမ်မှာပဲအိပ်တယ်။ သူ့ အီမ်မှာပဲစားကြတယ်။ သူ့ အီမ်ဟာ ကျွန်တော်တို့ ကျောင်းသားတွေအဖို့ စားရေအီမ် သောက်ရေအီမ်။
ဆရာဆောင်ရဲ့ အီမ်က အီမ်ကုတ်ကလေး။ ၀ါးကပ်မိုး၊ ထရံကာ၊ တောသစ်ခင်းထားတဲ့ အီမ်ကလေး။ ဒါလည်း သူ့လက်ထက် ဆောက်ခဲ့တဲ့ အီမ်မဟုတ်ပါဘူး။ သူ့အဖေ လက်ထက်က ဆောက်ခဲ့တဲ့ အီမ်ကလေးပါ။ အီမ်ကလေးက ဘာရှိမှာလဲ။ လေးပင်သုံးခန်း အီမ်ကလေး။ ဆရာဆောင်ရဲ့ အီမ်မှာ မြန်မာစာ စာအုပ်ကလွဲလို့ တစ်ခြားဘာပစ္စည်းမှ ဟုတ်တိပတ်တိ မရှိဘူး။
ဆရာ စာရေးတဲ့ စာပွဲဟောင်းလေးတစ်လုံးနဲ့ ကုလားထိုင်ကလေး တစ်လုံးရယ်၊ ပက်လက်ကုလားထိုင်လေး သုံးလုံးရယ်။ စာအုပ်ထည့် မှန်ဗီရိုအဟောင်းကလေး တစ်လုံးရယ်၊ ထင်းရူးသေတ္တာတွေကို စီထောင်ထားတဲ့ စာအုပ်စင်လို့ခေါ်တဲ့ သေတ္တာတွေရယ်၊ သင်းဖြူးလေး သုံးလေးချပ်ရယ်၊ ဒါပဲရှိတယ်။ မီးဖိုချောင်ထဲလည်း ဒီအတိုင်းပါပဲ။ ပန်းကန်စင်ကလေး တစ်လုံးနဲ့ ထမင်းဟင်းချက်တဲ့ ဒန်အိုးသုံးလေးလုံးရယ်၊ ရေအိုးစင်ကလေးတစ်ခုရယ် ဒါပဲရှိတယ်။
ကျွန်တော်တို့ တစ်တွေက အားရင် ဆရာဆာင်ရဲ့အီမ်မှာ ရောက်နေတတ်တယ်။ ဆရာဆောင်ရဲ့အီမ်က စာအုပ်တော့စုံတယ်လေ။ ဟိုတုန်းကထုတ်တဲ့ ဒဂုန်မဂ္ဂဇင်းတို့၊ သူရိယ မဂ္ဂဇင်းတို့၊ မြန်မာ့အလင်းမဂ္ဂဇင်းတို့ စနေနဂါးနီ ဂျာနယ်တို့၊ ဂျာနယ်ကျော်တို့၊ စာဆိုတော် မဂ္ဂဇင်းတို့ ဂန္တလောက မဂ္ဂဇင်းတို့၊ ဘားမားဂျာနယ်၊ ဒီးဒုတ်ဂျာနယ်တို့ စသဖြင့် ဂျာနယ်မဂ္ဂဇင်း တော်တော်စုံစုံရှိတယ်။
စာအုပ်တွေထဲကလည်း နဂါးနီတို့၊ အောင်လံတော်တို့၊ မြန်မာပြည် စာအုပ်ဖြန့်ချီရေးတို့ စတဲ့ နိုင်ငံရေး စာအုပ်တိုက်တွေကထုတ်တဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ၊ ၀တ္ထုတွေ၊ ကြီးပွားရေးကျမ်းတွေ တော်တော်စုံတယ်။
ဆရာဆောင်က အဲဒီစာအုပ်တွေ ဘယ်လိုကောင်းပုံ၊ ဘယ်သူ့အရေးသားက ဘယ်လိုကောင်းပုံ၊ ဘယ်စာအုပ်ဖြင့် ဘယ်လိုအရေးကြီးပုံ စတာတွေကို ကျွန်တော်တို့ကို ပြောပြတယ်။ အမှန်ကတော့ ကျွန်တော်တို့တစ်တွေ စာပေ၀ါသနာပါလာတာဟာ ဆရာဆောင်ရဲ့ကျေးဇူးလို့ပဲ ပြောရမှာပဲ။
ဆရာက သူ့အီမ်မှာလာပြီး တပည့်တွေ စုရုံးစုရုံးလုပ်နေရင် ကျေနပ်တယ်။ ကျွန်တော်ကလည်း သူ့အီမ်မှာပျော်တယ်။ သူ့အီမ်ကျတော့ လွတ်လပ်တာကိုး။ ကာလသားချက်စားတဲ့အခါ ချက်စားတယ်။ ဘူးသီးကြော် ကြော်စားတဲ့အခါ ကြော်စားတယ်။ အုန်းထမင်းတို့ဘာတို့ ချက်စားတဲ့ အခါလည်းရှိတယ်။ တစ်ခါတစ်လေ အမဲခြောက်ဖုတ်နဲ့၊ ဒါမှမဟုတ် လက်ဖက်သုတ်နဲ့၊ မြေပဲဆန်ကြော်နဲ့ ရေနွေးတစ်အိုးပြီးတစ်အိုး ကျွန်တော်တို့တစ်တွေ စကားဝိုင်းဖွဲ့တတ်တယ်။
စာမေးပွဲနီးရင်လည်း သူ့အီမ်မှာပဲအိပ်ပြီးး စာကျက်ကြတယ်။ ဆရာ့လခဟာ ကျွန်တော့်တို့တစ်တွေ ၀ိုင်းစားကြတာနဲ့ ကုန်တာပဲ။ ကျွန်တော်တို့ကလည်း ဟင်းလျာလေးဘာလေး ၀ယ်လာတဲ့အခါတို့ ဘာတို့တော့ ရှိပါတယ်။ ဒါပေမယ့်ဆရာက လက်မခံဘူး။ ဟေ့ကောင်တွေ မင်းတို့က ကျောင်းသားတွေ၊ မိဘပိုက်ဆံ ယူရတာ။ ကိုယ့်ဖာသာကိုယ် ပိုက်ဆံမရှာတတ်သေးဘူး။ ဒီတော့ မင်းတို့ကသိပ်မလုပ်နဲ့ ငါကပဲကျွေးမယ်တဲ့။
ဆရာဆောင်က ကျောင်းမှာ လက်ရးမဂ္ဂဇင်းတို့ ဘာတို့ထုတ်ရင်လည်း သူပဲကြီးကြပ်ပြီး အယ်ဒီတာအဖွဲ့တွေဖွဲ့ပေးတယ်။ သူကတော့ အတိုင်ပင်ခံအယ်ဒီတာပေါ့လေ။ သူက ပန်းချီတို့ဘာတို့ ၀ါသနာပါတော့ ပန်းချီပုံတို့ ဘာတို့ဆွဲရင်လည်း သူပဲဆွဲတတ်တယ်။ တစ်ချို့ဝါသနာပါတဲ့ ကျောင်းသားတွေကို သူကသင်ပေးတယ်။ လက်ရေးမဂ္ဂဇင်းထဲမှာ ပုံလေးတွေ အဆွဲခိုင်းတယ်။
ဆရာကန်တော့ပွဲ၊ ကျောင်းဆုပေးပွဲတွေမှာလည်း ဆရာမပါရင် မပြီးဘူး။ ကျောင်းသားတွေကို စာအုပ်တို့ဘာတို့ ဆုပေးတယ် မဟုတ်လား။ ဒီတော့ ဘယ်စာအုပ်မျိုးကို ရွေးပြီးဆုပေးရမယ်၊ ဆုပေးဖို့ဘယ်စာအုပ်မျိုးဟာ သင့်တော်တယ်ဆိုပြီး သူကိုယ်တိုင် စာအုပ်ကိုရွေးတယ်။ သူလိုချင်တဲ့ စာအုပ်  ဒီမှာမရှိဘူးဆိုရင်လည်း ကိုးသောင်းကို အမှာခိုင်းတယ်။
သီတင်းကျွတ်တို့၊ တန်ဆောင်တိုင်တို့၊ လွတ်လပ်ရေးပွဲတို့မှာ ကျောင်းကပြဇာတ်တို့ဘာတို့ လုပ်ရင်လည်း ဆရာပဲ ဇာတ်ဆရာ။ ဟလေအညာက ပလွေဆရာတို့၊ ကုသဇာတ်တု့၊ မနှင်းဖြူနဲ့ လူပုလေး၇ယောက်တို့၊ ဂျာအေးယိမ်းတို့ဆိုရင်လည်း သူပဲစိတ်ကူးရပြီး သူကလူရွေး၊ သူကိုယ်တိုင် ဇာတ်တိုက်၊ သီချင်းစပ် ဆိုတာမျိုးကအစ လုပ်တယ်။
ရှိသေးတယ်။ ဆရာက ဘယ်လောက်တောင် ဇာတ်ကိုဝါသနာပါသလဲဆိုရင် စာမေးပွဲ အတွက် စာကျက်ခိုင်းတာတောင် ဇာတ်ဟန်၊ ဇာတ်လေသွင်းပြီး စာသင်တယ်။
ဒီလိုလေ။ ကျွန်တ်ေတို့နှစ်မှာ ဦးပုညရဲ့ ဆန္ဒန်ဆင်မင်းဝတ္ထုကို သင်ရတယ်။ အဲဒီတုန်းက ဆရာဆောင် ကျောင်းသားတွေက် နားဆွဲအောင် ဆိုပြီး ဆန္ဒန်ဆင်မင်းဇာတ်ကို တိတ်ရီကော်ဒါနဲ့ သင်တယ်။ နောက်က နောက်ခံဂီတတွေ ထည့်တဲ့နေရာမှာ ထည့်တယ်။ ဇာတ်ရုပ်က ဆန္ဒန်ဆင်မင်းအဖြစ် ကျော်ကြီးကိုရွေးတယ်၊ မဟာသုဘဒ္ဒါနဲ့ စူဠသုဘဒ္ဒါအဖြစ် ကျွန်တော်တို့ အတန်းက မြမြနဲပ ခင်ခင်စုကို ရွေးတယ်။
ဆရာဆောင်က ဆန္ဒန်ဆင်မင်းဇာတ်ကို ဇာတ်ညွှန်းခွဲပြီး ကျွန်တော်တို့ရွတ်ရမယ့်စာတွေကို စာရွက်နဲ့ရေးပေးပြီး သတ်သတ်ခွဲပေးထားတယ်။ ဒါရိုက်တာက သရုတ်ဆောင်တွေကို သံနေသံထား မှန်အောင်သင်ပေးသလိုပေါ့။ ပြီးတော့ နောက်ခံတီးလုံးကို သူရှာလာပြီး နောက်ခံတီးလုံးတွေ ထည့်ပေးတယ်။ အဲဒီလို စီစဉ်ပြီးတော့မှ ဇာတ်ကို ၀ိုင်ယာရီကော်ဒါနဲ့ သွင်းထားပြီး ဆန္ဒန်ဆင်မင်းဇာတ်ကို သင်ပြီဆိုရင် ကျောင်းမှာဖွင့်ပြတယ်။
တီးလုံးကလေးနဲ့ အဆိုကလေးနဲ့ အပြောကလေးနဲ့ဆိုတော့ ကျောင်းသားတွေ မှတ်မိတာပေါ့။ အဲဒီနှစ်က ကျွန်တော်တို့ကျောင်းက ဆယ်တန်းမှာ မြန်မာစာဂုဏ်ထူး သုံးယောက်ထွက်တယ်။ ဆရာဆောင်က အလုပ်တစ်ခုကို လုပ်ပြီဆိုရင် အဲဒီလို လုပ်တတ်တဲ့လူ။
သူ့မှာကျောင်းသားတွေနဲ့နေရရင်ပျော်လို့။ စာသင်နေရရင် ပျော်လို့။ စာမေးချင်လို့ကတော့ အိပ်ယာကနှိုးမေး။ ဘယ်တော့မှ မညည်းဘူး။ သူက စာသင်ရတာကို ၀ါသနာပါတာတဲ့။ စေတနာကြောင့်လည်းမဟုတ်ဘူးတဲ့။အသပြာ အတွက်လည်း မဟုတ်ဘူးတဲ့။ ဒီလိုစာသင်နေရရင် ပျော်လို့တဲ့။ စိတ်ချမ်းသာလို့တဲ့။ ငါမင်းတို့ကို ပညာတတ်ပါစေဆိုတဲ့ စေတနာ ဗရပွကြောင့် မဟုတ်ဘူးကွတဲ့။ ပျော်လို့သင်တာတဲ့။ဝါသနာ ကြောင့်သင်တာတဲ့။ ငါက အနစ်နာခံချင်လို့ မဟုတ်ဘူး။ မင်းတို့အပေါ်မှာ စေတနာ ဗရပွထားလို့လည်း မဟုတ်ဘူး။ ၀ါသနာပါလို့ ပျော်လို့သင်တာတဲ့။ ဒါကြောင့် ငါက နာသုံးနာဆရာမဟုတ်ဘူး။ တစ်နာဆရာတဲ့။ ဆရာဆောင်က အဲဒီလို ပွင့်လင်းတဲ့လူ။
သူက ပြောလို့သာပြောတယ်။ တကယ်တော့ ဆရာဆောင်ဟာ နာသုံးနာဆရာပါ။ ၀ါသနာကြောင့် ကျောင်းဆရာလုပ်တော့ သူ့မှာ စေတနာကလည်း ပါလာတော့မှာပေါ့။ အနစ်နာကလည်း ရှိလာတာပေါ့။ တစ်ခြားမကြည့်နဲ့လေ။ စာမေးပွဲနီးလို့ မြန်မာစာအနီးကပ် သင်ကြတော့ ဆရာက ပိုက်ဆံမယူဘူး။
အဲဒီတုန်းကတော့ ပရိုက်ဗိတ်ကျုရှင်တို့ ဘာတို့ဆိုတာလည်း မရှိတော့ ဆရာက ကျောင်းသားတွေဆီက ပိုက်ဆံယူပြီး အပြင်မှာယူရတာကို ရှက်တယ်တဲ့။ ငါ့ကို ကျောင်းလခ မပေးကြနဲ့တဲ့။ ငါသင်တာကို ကြိုးစားပြီး ဂုဏ်ထူးတွေဘာတွေနဲ့ ရအောင်ဖြေနိုင်ရင် ငါ့ကို ကျေးဇူးဆပ်တာနဲ့ အတူတူပဲတဲ့။
ဆရာဆောင်မှာ အ၀တ်အစားရယ်လို့ များများစာူးစားရယ်လို့ မရှိဘူး။ သူ့မှာ လုံချည် သုံးလေး ထည်လောက်ပဲ ရှိတယ်။ သူ့လုံချည်တွေကိုကြည့်လိုက်ရင် မီးလောင်ပေါက်တွေနဲ့။အင်္ကျီ ဆိုတာလည်း ပေါ်ပလင်အနားပြာ စတစ်ကော်လာအင်္ကျီလက်ရှည် သုံးလေးထည်။ ဒါပေမယ့် ဟောင်းလို့ဝါကျင့်နေပြီ။ အင်္ကျီဆိုလို့ သက္ကလပ်တို့. ပိုးတို့ဝတ်တာ ကျွန်တော်တစ်ခါမှ မမြင်ဖူးဘူး။ ပင်နီတိုက်ပုံကလေးပဲ။ နွေမှာလည်း ပင်နီတိုက်ပုံကလေးပဲ။
အီမ်မှာနေရင်တော့ ဆရာဆောင်က ပင်နီတိုက်ပုံကို မ၀တ်ဘူး။ စတစ်ကော်လာကလေးဝတ်ပြီး ပခုံးမှာ မျက်နှာသုတ်ပုဝါကလေး အမြဲတင်ထားတယ်။ သူ့ပါး တစ်ဖက်တစ်ချက်မှာ တင်းတိတ်ကွက်ရှိတော့ အဲဒီတင်းတီတ်ကွက်ကို သူမကြာခဏသုတ်လေ့ရှိတယ်။ ကျွန်တော်တို့ ငယ်ငယ်က အလယ်တန်းလောက်တုန်းကတော့ ဆရာဆောင်ရဲ့ ပါးက တင်းတိတ်ကွက်နှစ်ကွက်ဟာ ခပ်သေးသေးပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဆယ်တန်းရောက်တဲ့ အခါကျတော့ တင်းတိတ်ကွက်က နည်းနည်းကြီးလာတယ်။ တစ်ဘက်ကို ကျပ်ပြား တစ်ဝိုင်းစာလောက်စီ ရှိမယ်ထင်တယ်။
ဆရာဆောင်ဟာ တင်းတိတ်ကွက်ကိုတော့ ရှက်ဟန်တူတယ်။ ညည ကျွန်တော်တို့ သူအီမ်မမှာ အိပ်ရင်း တင်းတိတ်ပျောက်ဆေးတွေ လိမ်းတာပဲ။ ဒါပေမယ့် သူတင်းတိတ်တွေက မပျောက်ပါဘူး။ အသက်ကြီးလာလေလေ တင်းတိတ်ကွက်ဟာ ကြီးလာလေလေပဲ။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကတော့ ကျွန်တော် မြို့ကို ပြန်ရောက်သွားလို့ ဆရာဆောင်ကို သွားကန်တော့တယ်။ ဆရာဆောင်လည်းပင်စင်ယူပြီလေ။ ပင်စင်ယူတာမှ တော်တော့ကို ကြာနေပြီ။ အနှစ်နှစ်ဆယ် အစိတ်လောက်ရှိရောပေါ့။
ဆရာဆောင်ရဲ့ အမေနဲ့ အစ်မကြီးလည်း ဆုံးသွားရှာကြပြီ။ သူ့အီမ်ကလေးမှာ သူတစ်ဦးတည်းပဲနေတယ်။ ဒီအသက်အရွယ်အထိ မိန်းမလည်း မယူတော့ဘူး။ နှစ်မ၀မ်းကွဲကမွေးတဲ့ တူမလေးတွေ၊ တူကလေးတွေက သူ့အီမ်နားမှာတွင် ကပ်လျက်ဆိုတော့ သူတို့ကပဲ ကျွေးမွးပြုစု စောင့်ရှောက်ထားကြတယ်။
မြို့ရောက်တော့ ကျောင်းတုန်းက ဆန္ဒန်ဆင်မင်းလုပ်ခဲ့တဲ့ ကျော်ကြီးအီမ်ကို ကျွန်တော်ဝင်တယ်။ ကျော်ကြီးနဲ့မြမြက ကျောင်းတုန်းက ဆန္ဒန်ဆင်မင်းနဲ့ စူဠသုဘဒ္ဒါ လုပ်ခဲ့ပေမယ့် အပြင်မှာတော့ သူတို့ အီမ်ထောင်ကျသွားကြတယ်။ကျောင်းကထွက်တော့မှ သူတို့ဘာသာသူတို့ ချစ်ကြိုက်ပြီး ညားသွားကြတာပါ။ ဆန္ဒန်ဆင်မင်း ဇာတ်နဲ့တော့ မဆိုင်ပါဘူး။
သူတို့ဆီဝင်ပြီး ဆရာဆောင်ရဲ့ အခြေအနေကျု မေးမြန်းစုံစမ်းရတယ်။ ဆရာဆောင်လည်း အသက်ကြီးပြီကွ၊ သိပ်မမာရှာဘူး။ မျက်လုံးကလည်း တီမ်ရှိလို့တဲ့။ ကောင်းကောင်း မမြင်ရဘူးလို့ ကျော်ကြီးတို့ လင်မယားကပြောတယ်။
ဟုတ်တာပေါ့။ ကျွန်တော်တို့တောင် ငါးဆယ်ကျော် ခြောက်ဆယ်နား ကပ်လာကြပြီပဲ။ ဆရာဆောင်လည်း ခုဆို ၇၀-၈၀နားကိုေ၇ာက်ရောပေါ့။ ကျွန်တော်က ကျော်ကြီးကို ခေါ်ပြီး ရန်ကုန်က၀ယ်လာတဲ့ နိုင်ငံခြား အားဆေးလေးရယ်၊ မုန့်ထုတ်ကလေးရယ်နဲ့ အိုဗာတင်းဗူးရယ်၊ လုံချဉ်ကလေး တစ်ထည်ရယ် ယူလာပြီး သွားကန်တော့တယ်။
ဆရာဆောင်ရဲ့ အီမ်ကလေးဟာ အရင်တုန်းက အီမ်ကလေးအတိုင်းပဲ။ ဒါပေမယ့် တော်တော်ကလေးတော့ ယိုင်နေရှာပြီ။ ၀ါးကပ်မိုးကလည်း ကြယ်မြင်လမြင် လို့ ဆိုရမလောက်ပဲ။ ကြမ်းခင်းတောင်မှ အရင်ကလို သစ်သားကြမ်းခင်း မဟုတ်တော့ဘုူး။ ၀ါးကြမ်းခင်း ဖြစ်နေပြီ။ ကျွန်တော်ရောက်သွားတော့ ဆရာဟာ အီမ်ရှေ့ကွက်လပ်ကလေးမှာ နေပူဆာ လှုံနေတယ်။ ဆရာဟာ မျက်စိကောင်းကောင်း မသန်ရှာတော့ဘူး။ ကျော်ကြီးက နှုတ်ဆက်တော့ ကျော်ကြီး အသံကိုတော့ ကောင်းကောင်းမှတ်မိတယ်။
“ဆန္ဒန်ကျော်ကြီးလားကွ၊ ဘယ့်နှယ် သုဘဒ္ဒါမြမြကော နေကောင်းရဲ့လား”တဲ့။ ဆရာဟာ အသက်သာကြီးသွားပေမယ့် အရင်လို ပြောင်အပြက်ကလေးတွေ၊ အသောအနွဲ့ကလေးတွေ ပြောတတ်တုန်းပါပဲ။
“ကောင်းပါတယ်ဆရာ၊ ခု ဧည့်သည်တစ်ယောက်ကို လိုက်ပို့တာ”
ဆရာဟာ ကျွန်တော်တို့ဘက်ကို မျက်နှာမူပြီး လှမ်းကြည့်လိုက်တယ်။ ဒါပေမယ့် ဘယ်သူဘယ်ဝါရယ်လို့တော့ ခွဲခြားနိုင်ဟန် မတူတော့ဘူး။
“ဘယ်က ဧည့်သည်လဲကွ”
ကျွန်တော်က ကျော်ကြီးကို လက်ကာပြတယ်။ ရုတ်တရက် အံ့အားသင့်သွားအောင်လုပ်ချင်လို့ လက်ကာပြလိုက်တာပါ။
“ရန်ကုန်ကပါ ဆရာ” လို့ ကျွန်တော်ကဖြေတယ်။
ဆရာဆောင်က အသံလာတဲ့ဆီကို လှမ်းကြည့်ပြီး စဉ်းစားနေတယ်။
“ငါ ဒီအသံကြားဖူးပါတယ်ကွ ဘယ်သူလဲ”
“ကျွန်တော်ပါဆရာ”လို့ပြောကာရှိသေး၊ ဆရာဆောင်က လက်ကာပြလိုက်ပြီး…
“ဟေ့ ဟေ့ သောနုတ္ထိုမဟုတ်လား” လို့ လှမ်းမေးလိုက်တယ်။
ကျွန်တော်တို့ နှစ်ယောက်က ရယ်လိုက်တော့မှ ဆရာက-
“ဒီအသံ ကြားဖူးတယ်လို့ အောက်မေ့နေတာကွ၊ ဘုရားက လူ့လောကကြီးကို နေပျော်အောင် ဖန်ဆင်းပေးထားတာကွ၊ မျက်စိမမြင်တဲ့လူဟာ နားရင်လည်းပါးရမယ်၊ အနံခံရင်လည်းကောင်းရမယ်၊ မှတ်ဥာဏ်ရင်လည်း ကောင်းရမယ်။ ဒါမှလည်း သူ့အဖို့ နေပျော်တော့မှာပေါ့၊ ငါမျက်စိ မကောင်းတော့ပေမယ့် နားနဲ့မှတ်ဥာဏ်ကတော့ ကောင်းပါသေးတယ်ကွ”
ဆရာဆောင်ကို ကျွန်တော် သတိထားကြည့်မိတယ်။ တော်တော်အိုရှာပြီ။ ဆရာရဲ့သေးကွေးပါးလျားတဲ့ ကိုယ်ခန္ဒာဟာ ကျုံဝင်သွားသလို ထင်ရတယ်။ အရင်တုန်းက အရပုပု၊ ခပ်ပိန်ပိန်ဆရာဟာ ခုတော့ နေလောင်ထားတဲ့ခရမ်းညိုသီးနဲ့ တူနေတယ်။ အ၀တ်အစားကလည်း နွမ်းလို့။ ကျွန်တော်တို့ ငယ်ငယ်တုန်းကလိုပဲ ရှပ်အင်္ကျီစတစ်ကော်လာ ၀ါကျင့်ကျင့်ကလေးကို ၀တ်လို့။ ဒါပေမယ့် အဲဒီတုန်းကလို လက်မောင်းမှာ ထပ်ပြီး ဆက်ချူပ်ထားတဲ့ လက်ရှည်တော့ မဟုတ်တော့ဘူး။
“ဆရာငယ်ငယ်က၀တ်တဲ့ လက်ရှည်အင်္ကျီကို ကျွန်တော်မှတ်မိတယ်ဆရာ၊ အဲဒီတုန်းက လက်ရှည်အင်္ကျီအဆက်ကလေးနဲ့လေ”
ဆရာက သဘောကျပြီးရယ်တယ်။
”မင်းတော်တော် မှတ်မိတဲ့ကောင်၊ ခုတော့ ဒီလို လက်ရှည်အင်္ကျီမျိုးတွေ ခေတ်မစားတော့ဘူးလေကွာ”
ကန်တော့ပြီး ဆရာဆောင်နဲ့ ကျွန်တော်တို့ နှစ်ယောက်ဟာ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောရင်းစကားကောင်းနေ ကြတယ်။ စကားပြောနေတုန်းမှာ ကျွန်တော်သူ့အီမ်လေးကို လှမ်းကြည့်လိုက်တယ်။
ဟုတ်ပါတယ်။ အရင်တုန်းက အီမ်လေးပါပဲ၊ ခုတော့ အီမ်ကလေးက ယိုင်လို့တောင်နေပြီ။ တပည့်တွေထဲက ကြီးပွားသူတွေ၊ အရာရှိဖြစ်သွားသူတွေ၊ ကုန်သည်ကြီး ဖြစ်သွားသူတွေ အများကြီးပါပဲ။ ဒါပေမယ့် ဆရာကတော့ အရင်ကထက်တောင် ဆင်းရဲတွင်း နက်နေသေးတယ်။
ကျွန်တော်တို့တစ်တွေ ဘယ်သူဘာကြီးဖြစ်သွားကြောင်း၊ ညာကြီးဖြစ်သွားကြောင်း ပြောပြီး စကားပြတ်လို့ ပြန်တော့မယ် အလုပ်မှာ ဆရာဆောင် ပြောလိုက်တဲ့ စကားတစ်ခွန်းကို ကျွန်တော် သတိရနေတယ်။
“ကျောင်းဆရာကတော့ကွာ ဒီလိုပါပဲကွာ၊ ကျောင်းဆရာဘ၀က ငါ့ပါးပေါ်က တင်းတိတ်ကွက်တွေနဲ့ အတူတူပဲ။ တင်းတိတ်များ အသက်ကြီးလာလေလေ ပိုမည်းလာလေလေပဲကွ၊ ကျောင်းဆရာများမှာလည်း အိုလေလေ ပိုမွဲလာလေလေ”တဲ့။
သည်တော့မှ ဆရာ့ပါးပေါ်က တင်းတိပ်နှစ်ကွက်ကို ကျွန်တော် သတိထားလိုက်မိတယ်။ ဟုတ်သားပဲ၊ ကျွန်တော်တို့ ဆယ်တန်းလောက်တုန်းက ဆရာ့ပါးက တင်းတိတ်ကွက်ဟာ ကျပ်ပြားလောက်ပဲရှိတယ်။ ခုတော့ သူ့တင်းတိတ်ကွက်ဟာ ပါးပြင်တစ်ခုလုံးကို ပြည့်လုမတတ် ဖြစ်နေပြီ။
လွန်ခဲ့တဲ့ နှစ်လလောက်ကတော့ ဆရာဆောင်ဆုံးသွားပြီလို့ သတင်းရတယ်။ ဆရာ့အသုဘကိုကျွန်တော်လိုက်ပို့ချင် ပေမယ့် ပို့ချိန်မရလိုက်ဘူး။ ခရီးဝေးတော့ ရောက်လည်း မရောက်နိုင်ဘူး။ သူဆုံးသွားတာကိုတောင်နောက်နှစ်လ လောက်ကြာမှ သိရတာ။
ဆရာဆောင်ဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားတဲ့အခါကျတော့ ကျွန်တော့်ခေါင်းထဲမှာ ဆရာပြောခဲ့တဲ့ စကားကို ပြေးပြီးသတိရတယ်။
တင်းတိတ်ဆိုတာ အသက်ကြီးလေ မည်းလေ၊ ဆရာဆိုတာ အိုလေ မွဲလေတဲ့။     ။