သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, June 27, 2011

မအ အောင်လို့

မအ အောင်လို့ . . .

by Cho Tu Zal on Sunday, June 26, 2011 at 2:44am
စ ကတည်းက အမြတ်အဓိက လို့ ကြွေးကြော်ပြီး ဒီနေ့အထိ အဲဒီ အရင်းရှင်စနစ် သက်ဆိုးရှည်လာစေတဲ့ အဓိက အချက်က တဦးချင်းလွတ်လပ်ပိုင်ခွင့်ကို ကာကွယ်ပေးတဲ့ အခြေခံလူ့အခွင့်အရေးတွေကြောင့်ပဲလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ဒါပေမယ့် အဒမ်စမစ်ရဲ့ အမြတ်ပဓာန အရင်းရှင်စနစ်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာပဲ ကိုလိုနီစနစ်နဲ့အတူ ကမ္ဘာပေါ်မှာ အပြီးတိုင်ချုပ်ငြိမ်းသွားခဲ့တယ် လို့ ပြတ်ပြတ်သားသား မြင်ပါတယ်။
၂၀ ရာစုမှာ လက်ဝဲ လက်ယာ အားပြိုင်မှုနဲ့ ဘာလင်တံတိုင်းပြိုပြီး လက်ဝဲအလုံးစုံကျဆုံးမှုဟာ သိသာထင်သာမြင်သာပေမယ့် တကယ့်တကယ်တန်း ပြန်ကြည့်လိုက်ရင် အဒမ်စမစ်ရဲ့အမြတ်ပဓာနအရင်းရှင်စနစ်က ဒုတိယကမ္ဘာစစ်ပြီးကတည်းက ချုပ်ငြိမ်းခဲ့ပြီးသားပါ။ လက်ယာအုပ်စုတွေဟာ အဆုံးစွန်ကိုလိုနီထိရောက်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေကို မဖြစ်မနေလုပ်ခဲ့ကြပါတယ်။ အဲဒီလို ပြုပြင်ပြောင်းလဲမှုတွေကို မလုပ်လို့မဖြစ်အောင်လည်း သူတို့ကို ကွန်မြူနစ်လက်ဝဲ၀ါဒက တွန်းအားပေးခဲ့တယ်။ ကွန်မြူနစ်တွေဟာ ရုရှားမှာ မဟာအောက်တိုဘာတော်လှန်ရေးနဲ့အတူ အောင်ပွဲခံခဲ့၊ ဇာဘုရင်ရဲ့အဖြစ်ဆိုးကို သူတို့ သင်ခန်းစာရခဲ့တယ်။ ဒါကြောင့် အမေရိကနဲ့ဗြိတိန်တို့ဟာ ပါလီမာန်တွင်းပြုပြင်ပြောင်းလဲမှုတွေ၊ အလုပ်သမားအခွင့်အရေးပြုပြင်မှုတွေ ကို လုပ်ပြီး ကွန်မြူနစ်ခြေကုပ်မယူနိုင်အောင် ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့တယ်။ အမေရိကမှာတော့ အထက်လွှတ်တော်အမတ် ဂျိုးဇက်မက္ကာသီ က စီအိုင်အေ နဲ့ပေါင်းပြီး ဥပဒေမဲ့ကို ကိုင်တွယ် ရှင်းလင်းခဲ့တယ်။ အမေရိကန်တွေကြောက်လန့်စရာကောင်းလောက်အောင် ကမ္ဘာတခြမ်းက နေ့ချင်းညချင်း လက်ဝဲ စနစ်ကို ထူထောင်ခဲ့ကြတယ်။ ကွန်မြူနစ်တစ္ဆေအခြောက်ခံနေတဲ့ အမေရိကန်တွေဟာ အရှေ့တောင်အာရှ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ကိုရီးယားကျွန်းဆွယ်တွေမှာ အမှားတွေ လူမဆန်တဲ့ လုပ်ရပ်တွေအများကြီးလုပ်ခဲ့တယ်။
တချိန်တည်း ကွန်မြူနစ်တွေကလည်း တော်လှန်ရေးကြီးအောင်မြင်ဖို့ ဆိုပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အဓမ္မမှုတွေ လုပ်ခဲ့တယ်။
သမိုင်းစာမျက်နှာတွေကို ဖြတ်သန်းဖတ်ကြည့်တဲ့အခါ ကမ္ဘာဟာ အရမ်းကိုအထိ နာခဲ့တာပါ။ ဘယ်သူတွေနာခဲ့တာလဲ ဆိုတော့ ပြည်သူတွေပါ။
ဂျိုးဇက်မက္ကာသီ ကြောင့် ယိုင်နဲ့ခဲ့ရတဲ့ ဒီမိုကရေစီကို အချိန်မီပြုပြင်ပြီး လူ့အခွင့်အရေးတွေနဲ့ အချိန်မီဆေးကုအဖတ်ဆည်ခဲ့နိုင်လို့ပေါ့။ နို့မို့ဆို အဖြေက တမျိုးတောင်ဖြစ်သွားနိုင်တယ်လို့ကျနော်သုံးသပ်မိတယ်။
အမေရိကရဲ့ကောင်းမွန်တဲ့ အတုယူစရာစနစ်က အဲဒါပါပဲ။ ပြုပြင်ပြောင်းလဲမှု ရှိတာပါ။ ပြုပြင်ပြောင်းလဲမှု ဆိုတာရှိမှ ယဉ်ကျေးမှု လို့ခေါ်တယ် ဆိုသလိုပဲ၊ အမေရိကန်တွေရဲ့ အရင်းရှင်စနစ်ဟာ အဒမ်စမစ်ရဲ့ အမြတ်အဓိက ကိုလိုနီစနစ်ကနေ ပြန်လည်ပြင်ဆင်ရေးတွေနဲ့ ဈေးကွက်စီးပွားရေးဆီထိပြောင်းလဲရွေ့လျားလာပါတယ်။
ဒီနေ့အမေရိကန်ပြည်ထောင်စုထဲမှာ ကော်ပိုးရေးရှင်းတွေ၊ ကုမ္ပဏီတွေကို မလှုပ်နိုင်မယှက်နိုင်အောင် ဥပဒေတွေအမျိုးမျိုးနဲ့ ကန့်သတ်ထားတာ တကယ့်ကို ဆိုရှယ်လစ်ဆန်ဆန်ဖြစ်ဖြစ်နေပါပြီ။ လက်ရှိ ကမ္ဘာမှာ အလုပ်သမားအခွင့်အရေးအများဆုံးရထားတာလည်း အမေရိကပါ။
အဲဒီတော့ ပစ္စည်းမဲ့လူတန်းစားတွေအတွက် ပစ္စည်းမဲ့အာဏာကိုထူထောင်မယ်၊ အလုပ်သမားနိုင်ငံတော်ထူထောင်မယ်ဆိုတဲ့ လက်ဝဲနိုင်ငံတွေမှာ ပါတီကို ပြန်မပြောရဲ၊ သမဂ္ဂဆိုတာ လွတ်လပ်စွာဖွဲ့ခွင့်မရှိနဲ့ နှိုင်းယှဉ်လိုက်တော့
လက်ဝဲတွေ ဘာကြောင့်ကျဆုံးပြီး၊ လက်က်ျာတွ ဘာကြောင့် ကျန်ခဲ့တယ် ဆိုတာ မြင်သာပါပြီ။
ဈေးကွက်စီးပွားရေးစနစ်ဆိုတာ အရင်းရှင်စီးပွားရေးစနစ်နဲ့ မတူပါဘူး။ အနှစ်သာရမှာ အရမ်းကို ကွဲပြားပါတယ်။ အမည်နာမ အခေါ်အဝေါ်မှာတင် သိသိသာသာ ကွဲပြားပါတယ်။ အရင်းရှင်စီးပွားရေးစနစ်မှာ အရင်းရှင်လူတန်းစားကို ဗဟိုပြုဖွဲ့စည်းထားတာဖြစ်ပါတယ်။ အရင်းရှင်စနစ်မတိုင်မီက မြေရှင်စနစ်၊ အဲဒီမတိုင်မီက ပဒေသရာဇ်စနစ်၊ သမိုင်းကို နောက်ပြန်သွားကြည့်ရင် ဘယ်လိုတွေ တိုးတက်ပြောင်းလဲလာတယ်ဆိုတာကို အထင်အရှားတွေ့ရလိမ့်မယ်။ အဲဒီလို တိုးတက်ပြောင်းလဲမှုတွေဟာ အလကားအချည်းနှီးပြောင်းလာတာတော့မဟုတ်ပါဘူး။ကျနော်တို့ လူသားတွေဟာ သမိုင်းဦးဘုံမြေခေတ်မှာ အတူတကွ စုပေါင်းနေထိုင်ရင်း လူမျိုးစုတွေ ဖြစ်ခဲ့တယ်။ သားရဲတိရစ္ဆာန်တွေရဲ့အန္တရာယ်တွေ၊ တခြားလူမျိုးစုတွေရဲ့ အန္တရာယ်တွေ၊ သဘာဝဘေးအန္တရာယ်တွေကို ဦးဆောင်ကာကွယ်ပေးနိုင်ခဲ့တဲ့ သူရဲကောင်းကို ခေါင်းဆောင်တင်မြှောက်ရာက ဘုရင်စနစ်ကို တီထွင်ပြီးသားဖြစ်ခဲ့တယ်။ ဘုရင်သေတော့ သူ့သားကို အစဉ်အဆက်အုပ်ချုပ်ခိုင်းရာကနေ အဲဒီ ဘုရင်နဲ့ အဲဒီ ဘုရင်ရဲ့အမျိုးတွေ ဖိနှိပ်မှုတွေကို မခံနိုင်စရာတွေပေါ်လာတယ်။ အရင်ဆုံး သူတို့အမျိုးအချင်းချင်း(နယ်စားပယ်စားတွေရဲ့ မကျေနပ်မှုနဲ့စခဲ့တာ) ၁၂၁၅ မှာ အင်္ဂလန်မှာ ဂျွန်ဘုရင် နဲ့ ပြည်သူတွေ မဂ္ဂနာကာတာ စာချုပ်ကိုချုပ်တာက စလို့စည်းမျည်းခံဘုရင်စနစ်ကို စ ခဲ့တယ်။ ဒါပေမယ့် အဲဒီစာချုပ်ကို အဲဒီ ဘုရင်တွေက ချက်ခြင်းလက်ခံတာမဟုတ်ဘူးနော်။ နှစ်တရာလောက် နည်းအမျိုးမျိုးနဲ့ဖေါက်ဖျက်ခဲ့သေးတယ်။ ဒီလိုနဲ့ ပါလီမန်စည်းမျည်းခံ ဘုရင်စနစ်ကို တီထွင်ရာကနေ ပါလီမန်ထဲ မြေရှင်တွေက သြဇာရှိနေရာ ၀င်ယူလာကြတယ်။ မြေရှင်တွေ ဘယ်လိုနည်းနဲ့ သြဇာဝင်ယူလာသလဲ လို့မေးရင် စီးပွားရေးစနစ်ကြောင့်ဆိုတာ သုံးသပ်ရပါတယ်။ စိုက်ပျိုးရေးအဓိက စီးပွားရေးစနစ်ခေတ်ကြီးမှာ မြေသြဇာကောင်းတဲ့ မြေယာတွေပိုင်ဆိုင်တဲ့သူတွေဟာ အလိုအလျောက်ကြွယ်ဝပြီး သြဇာရှိလာတယ်။ သူတို့ရဲ့ကြွယ်ဝမှု၊ သြဇာရှိမှုတွေက ပါလီမန်ထဲမှာ သူတို့စိတ်တိုင်းကျ ခြယ်လှယ်နိုင်ခဲ့စေတယ်။ ပါလီမန်ဟာ မြေရှင်တွေကြီးစိုးတဲ့ မြေရှင်ပဒေသရာဇ်စနစ်ကိုမွေးထုတ်ပေးတဲ့ ပါလီမန်ဖြစ်ခဲ့တယ်။ မြေရှင်တွေဆိုတာလည်း ပဒေသရာဇ်တွေနဲ့ သူတို့အမျိုးတွေ၊ ပဒေသရာဇ်တွေကို သစ္စာစောင့်သိပြီးစစ်တိုက်ပေးထားတဲ့ စစ်ဗိုလ်တွေကို မြေယာတွေအပိုင်စားပေးထားတာတွေပါ။ ဒီတော့ ပါလီမန်ထဲမှာ သူတို့အကျိုးစီးပွားကို ကာကွယ်တဲ့ဥပဒေတွေကိုပဲ ရေးဆွဲ ပြဌာန်းခဲ့ကြတယ်။ အများစု ဖြစ်တဲ့ပြည်သူတွေကတော့ နင်းပြားဘ၀မှာပါပဲ။ပြည်သူတွေဟာ မြေယာကိုမှီပြီး နေထိုင်ရ၊ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်စားသောက်ရတယ်။ မြေရှင်တွေ ဖိနှိပ်သမျှခံခဲ့ရတယ်။ အဲဒီလို နေနေရတုန်းမှာပဲ ၁၇၇၀ ၀န်းကျင်လောက်မှာ ဂျိမ်းဝပ်ဆိုတဲ့ လူ တယောက်ရေနွေးအိုးအတည်ကောင်းတာက အစပြုပြီး အင်ဂျင်ဆိုတာကို တီထွင်လာနိုင်၊ အဲဒီနောက် စက်မှုတော်လှန်ရေးကြီးပေါ်လာပြီး မြေကြီးပိုင်တိုင်း သြဇာမရှိတော့တဲ့ ဘ၀ကို မြေရှင်တွေ ရင်ဆိုင်လိုက်ရတယ်။ ဒီနေရာမှာ စဉ်းစားစရာက ဒီလိုဖြစ်မယ်မှန်းသာ စောစောကြိုသိခဲ့ရင် မြေရှင်တွေဟာ ဘယ်သူမှ ရေနွေးအိုးမတည်ရ လို့ ပါလီမန်ထဲမှာ အမိန့်တွေပြဋ္ဌာန်းခဲ့မှာ သေချာတယ်ဗျ။ ခုခေတ် အီလက်ထရွန်နစ် ဥပဒေတို့ ဘာတို့လို ရေနွေးအိုး ဥပဒေ တို့ ဘာတို့ ပြဋ္ဌာန်းခဲ့လောက်တယ်။ ဥပမာ ရေနွေးမတည်ရ၊ သတ်မှတ်ချိန်မှာ သတ်မှတ်သလောက်ပဲတည်ရမယ်၊ တည်ရင်း မစဉ်းစားရ တို့ဘာတို့ပေါ့ဗျာ။စက်မှုတော်လှန်ရေးဆိုတာ ပညာရှင်တွေကြောင့်ပေါ်လာတာပါ။ ဒါပေမယ့် ပညာရှင်တွေကဒီတော်လှန်ရေးဖြစ်စေလို့လုပ်ခဲ့တာမဟုတ်သလို အရင်းရှင်ဆိုတဲ့ လူတန်းစားတရပ်ပေါ်ကောင်းစေတော့ရယ်လို့လုပ်ခဲ့တာမဟုတ်ပါဘူး။ဒါပေမယ့် ပေါ်ခဲ့တယ်။ အဲဒီနောက်မှာတော့ အရင်းရှင်တွေဟာ ပါလီမန်ထဲ အာဏာတွေယူလာပြီး အရင်းရှင်တွေကို ကာကွယ်မယ့် ဥပဒေအမျိုးမျိုးကိုေ၇းဆွဲပြဋ္ဌာန်းကြပြန်ပါလေရော။ အရင်းရှင် စနစ်မှာ အရင်းရှင်က အဓိက အခရာပါ။ ဒီတော့ သူ့ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးတဲ့ အစိုးရ၊ ပါလီမန်၊ စစ်တပ်တို့နဲ့ တည်ဆောက်လာကြတယ်။ ထုံးစံအတိုင်းပြည်သူတွေကတော့ နင်းပြားပါ။ ကျနော်တို့ သမိုင်းမှာ သင်ခဲ့ရတဲ့ ရေနံမြေအလုပ်သမားတွေလို အလုပ်ချိန် ၁၂ နာရီထိခိုင်းတာ၊ မ၀တ၀ လစာ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ နေထိုင်မှုတွေ နဲ့ လူအများအပြားဟာ ဆင်းရဲတွင်းနက်ခဲ့ရတယ်။ အလုပ်သမားတွေရဲ့ ကလေးအများစု ဟာ ပညာကောင်းကောင်းသင်ခွင့်မရခဲ့ဘူး။ ဒီတော့ အရွယ်ရောက်လာရင် အလုပ်သမားပဲပြန်ဖြစ်ကြပေါ့။ သမိုင်းဆိုတာ သေချာနားလည် သဘောပေါက်အောင်လေ့လာမယ်ဆိုရင် စာနာစိတ်ကလေးနဲ့ လေ့လာဖို့လိုပါတယ်။ ခုခေတ် မြန်မာပြည်မှာ ပြည်သူအများစု ဟာ ဆင်းရဲတွင်းနက်နေကြတယ်။ မိန်းကလေးငယ်လေးတွေ ဘ၀တွေပျက်ကြရတဲ့အထိ အဖြစ်ဆိုးတွေ ကြုံနေရတယ်။ လူငယ်လေးတွေဟာ ဆင်းရဲပင်ပန်းစွာ အလုပ်လုပ်နေရတယ်။ ဒါပေမယ့် ဘ၀အာမခံချက်ဘာမှ မရှိဘူး။ ဒီလိုပဲအတတ်ပညာရှင်၊အသိပညာရှင်တွေဟာလည်း ငွေကြေးရင်းနှီးလုပ်ကိုင်နေသူတွေလောက် အခွင့်အရေးမရကြဘူး။ ဘယ်လိုလူတွေက ဘယ်လို အာဏာတွေ၊ ဘယ်လိုစည်းစိမ်တွေနဲ့ ဘယ်လိုအခွင့်ကောင်းယူ အမြတ်ထုတ်ပြီး ဘယ်သူတွေက ကာကွယ်ပေးနေသလဲ ဆိုတာ သမိုင်းနဲ့ယှဉ်ပြီးဆင်ခြင်ပါ။သမိုင်းအဆက်ဆက် ဥပဒေပြုခွင့်တွေ၊ အုပ်ချုပ်ခွင့်အာဏာတွေ၊ တရားစီရင်မှုတွေကို လူတန်းစားတရပ်ကသာ ချုပ်ကိုင်ထားပြီး၊ အာဏာနဲ့ စည်းစိမ်ချမ်းသာမှုကို လူတန်းစားတရပ်၊ အလွှာတခုကသာ ချုပ်ကိုင်ထားပြီး ပြည်သူအများစုဟာ ဆင်းရဲနိမ့်ပါး ဖိနှိပ်ခံခဲ့ရတာ ခုချိန်ထိ မလွတ်မြောက်သေးပါဘူး။ အရင်းရှင်တွေဟာ အစွန်းရောက်ဖိနှိပ်မှုအပြင် ဘယ်လောက်ထိ လူသားချင်းစာနာစိတ်ကင်းမဲ့ခဲ့သလိုဆို ၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကာလမှာ အလျှံပယ်သိုလှောင်ထားတဲ့ ကောက်ပဲသီးနှံတွေ၊ ဂျုံအိတ်တွေကို နောက်တရာသီပေါ်တဲ့အချိန်မှာဈေးကျမှာ စိုးလို့ ပင်လယ်ထဲ စွန့်ပစ်တဲ့ အထိ ရိုင်းပျခဲ့တယ်။ အဲဒီအချိန်မှာ ဈေးကွက်ထဲ ဂျုံဈေးနှုန်းတွေက အရမ်းမြင့်မားနေတော့ ဆင်းရဲသားပြည်သူအများစု ၀ယ်မစားနိုင်ခဲ့ဘူး။ အရင်းရှင်တွေ ကုန်ကြမ်းရဖို့နဲ့ ကုန်ချောပြန်ရောင်းဖို့ ကိုလိုနီစနစ်ပေါ်လာတာကိုတော့ အကျယ်တ၀င့်ရေးမနေတော့ပါဘူး။ သင်ရိုးညွှန်းတမ်းမှာလည်း အပ်ကြောင်းထပ်အောင် သင်ခဲ့ပြီးသားပါ။
လူတွေ ငတ်မွတ်ခေါင်းပါးနေတာကို လျစ်လျူရှုပြီး အမြတ်ရဖို့ အဓိကသာ မောင်းနှင်ခဲ့တဲ့ အရင်းရှင်စနစ်ဟာ အဆုံးစွန် ရိုင်းပျခဲ့တာကတော့ နာဇီတွေ၊ ဖက်ဆစ်တွေပေါ်လာတဲ့ အထိဖြစ်ခဲ့ပါတယ်။
ကားလ်မာ့ခ်စ် ဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတွေကို လက်တဆုပ်စာလူတန်းစားတရပ်ကပဲ ခေတ်အဆက်ဆက် ကိုင်တွယ်ခဲ့ပြီး သူတို့ကိုယ်ကျိုးစီးပွားကို ကာကွယ်တဲ့ဥပဒေတွေနဲ့ ပြည်သူလူထုအများစုကို ဖိနှိပ်ခဲ့တာကို တန်ပြန်တဲ့အနေနဲ့ ပြည်သူလူထုဟာ အာဏာကို လက်ဝယ်ရရင် ဘယ်တော့မှ လူတန်းစားတရပ်လက်ထဲကိုပြန်မရောက်အောင် ဆိုပြီး တပါတီစနစ်ကို ရေးဆွဲခဲ့တယ်။ ဒါပေမယ့် ကားလ်မာ့ခ်စ် ရဲ့ တပါတီစနစ်ဟာ အာဏာရှင်စနစ် မဟုတ်ဘူး။ ပါတီတွင်း လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်တွေ၊ နိုင်ငံသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုခွင့်တွေအပြည့်ပါတယ် ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ထားတဲ့ တပါတီစနစ်ပဲဖြစ်ပါတယ်။ ဆရာဦးစိန်ဝင်း ဆိုလိုချင်တာလည်း အဲဒီ သဘောပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါကလည်း ထုံးစံအတိုင်း စာအုပ်ထဲမှာ ပဲ ရှိပါတယ်။(မမေ့ဖို့က ကားလ်မာ့ခ်စ် ကိုယ်တိုင် ဘယ်တော်လှန်ရေးမှာမှ မပါခဲ့ဘူး) တကယ့်တကယ်တမ်း လူတွေက အာဏာနဲ့ထိတွေ့တဲ့အခါ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ ရှိလာတဲ့အခါ အဲဒီတပါတီစနစ်ဟာ ကြောက်စရာအကောင်းဆုံး အာဏာရှင်စနစ်ကို
ပြန်မွေးထုတ်ပြန်တော့တာပါပဲ။
အရင် ဆိုဗီယက်တို့ ၊ တရုတ်တို့မှာ ခေါင်းဆောင်ကြီးဆို ဧရာမဓါတ်ပုံကြီးတွေနဲ့ လူတွေကလည်း ဘယ်တော့မှ ထမင်းမ၀တဲ့ ရှုသိုးသိုး မျက်နှာကြီးတွေနဲ့ မှတ်မိကြဦးမှာပါ။ ကျနော်ကတော့ ဒီလူကြီးတွေမျက်နှာ ကို မှတ်မိနေသေးတယ်။ ဆိုဗီယက် က ဘရက်ဇညက်တို့၊ မော်စီတုန်းတို့၊ မဆလက ဦးစန်းယုတို့ အမြဲတမ်း ရှုတည်တည်မျက်နှာကြီးတွေလေ။ လူတဦးချင်းတယောက်ချင်း ပုဂ္ဂလိက လွတ်လပ်ခွင့်တွေ ဆိပ်သုဉ်းပြန်တော့ အဲဒီတော်လှန်ရေးဆိုတာကြီးတခါ ကျဆုံးပြန်တာပေါ့။ ဒီလိုနဲ့ ကမ္ဘာကြီးဟာ စနစ်တွေ အမျိုးမျိုးပြောင်းပြီး ခုထိ ပြည်သူအများစုရဲ့ ဘ၀တွေကတော့ မကောင်းသေးပါဘူး။ ခု အရင်းရှင်စနစ်ကနေ အမျိုးမျိုးပြုပြင်ပြောင်းလဲမှုတွေ လုပ်ထားတဲ့ ဈေးကွက်စီးပွားရေးစနစ် ဆိုတာ နဲ့ ဒီမိုကရေစီ စနစ်နဲ့ ကမ္ဘာကို ပဲထိန်းမောင်းနှင်နေပါတယ်။ဈေးကွက်စီးပွားရေးဆိုတာ အရင်းရှင်စီးပွားရေးလုံးဝ မဟုတ်ပါဘူး။ အရင်းရှင်စီးပွားရေး ဟာ အရင်းရှင်ဆိုတဲ့ လူတန်းစားတရပ်ကိုသာ ကိုယ်စားပြုတည်ဆောက်ထားတဲ့စနစ်ပါ။ ဈေးကွက်စီးပွားရေးမှာတော့ ဈေးကွက်သာ ပဓါနကျတဲ့စနစ်ပါ။ ဒါဆိုဈေးကွက်ဆိုတာ ဘာလဲ လို့မေးခွန်းထုတ်ကြည့်ပါ။ ဘောဂဗေဒမှာ ဈေးကွက်ဆိုတာ လူ တွေ လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ Market is people.တဲ့။
ဒီတော့ ဈေးကွက်စီးပွားရေးဟာ လူတွေ တနည်းအားဖြင့် စားသုံးသူပဓါန စီးပွားရေးစနစ်လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ ဒီတော့ ရှင်းပြီပေါ့။ ဈေးကွက်လိုအပ်ချက်က ဘာလဲ ဆို.. စားသုံးသူတွေဟာ အကောင်းဆုံးအရည်အသွေးကို၊ အချိုသာဆုံးဈေးနှုန်းနဲ့၊ ပေါပေါများများ လွယ်လွယ်ကူကူ ၀ယ်ချင်ပါတယ် တဲ့။ အဲဒါ ခေတ်အဆက်ဆက် စားသုံးသူတွေရဲ့ လိုအပ်ချက်ပါပဲ။ ဒါကိုပဲ အဓိကထားယှဉ်ပြိုင်ထုတ်လုပ်နေ၊ ရောင်းချနေရတာပါ။ ကုန်စည်တွေကိုမှ ဒါမျိုးလိုချင်တာမဟုတ်ဘူး။ လူတွေရဲ့ဆန္ဒက နယ်ပယ် အသီးသီးမှာ ၀န်ဆောင်မှုအပါအ၀င် နယ်ပယ်အသီးသီးမှာလည်း အဲဒီ စံသတ်မှတ်ချက်အတိုငးပဲ လိုချင်ပါတယ်။ ဘယ်အထိ လိုချင်သလဲ ဆိုရင် အုပ်ချုပ်တဲ့ စနစ်၊ အုပ်ချုပ်တဲ့အစိုးရကိုလည်း အဲဒီ လိုပဲ လိုချင်ပါတယ်။ အစိုးရဆိုတာ ဟိုလိုနေ၊ ဒီလိုနေ အမိန့်တွေ ပေးပြီး ကန့်သတ်မယ့် လူမျိုးတွေကို မလိုချင်တော့ဘူး။ ကျနော်တို့လိုချင်တဲ့အစိုးရဟာ ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီလို အဖွဲ့အစည်းမျိုးပဲလိုချင်တယ်။ လွယ်လွယ်ကူကူ ဥပမာ တခုပေးပါမယ်။ လှိုင်သာယာ က အက်ဖ်အမ်အိုင်မြို့ မှာ နေကြည့်ပါ။(အရင်တုန်းက ခုတော့ နည်းနည်းမကောင်းတော့ဘူးပြောတယ်) မြို့ထဲဝင်လာတာနဲ့ ခင်ဗျားဟာ မြို့နေမြို့သူမြို့သားဆိုတာနဲ့ လုံခြုံရေးဝန်ထမ်းက ခင်ဗျားကို အလေးပြုပြီး ၀င်းတံခါးဖွင့်ပေးမယ်။ ခင်ဗျားအိမ်ရှေ့မှာ ရေမ၀ပ်စေရဘူး၊ လမ်းမီးတွေလင်းရမယ်။ အမှိုက်မရှိစေရဘူး။ တကယ်လို့ အမှိုက်တွေ့ရင်၊ လမ်းမီးမလင်းရင်၊ ရေ၀ပ်နေရင် အဲဒီ မြို့အုပ်ချုပ်တဲ့ ကော်မီတီကို ခင်ဗျား ဖုန်းနဲ့လှမ်းဆဲလို့ရတယ်။ သူတို့ ချက်ခြင်း လာပြီးဝန်ဆောင်မှုပေးမယ်။ တောင်းပန်မယ်။ ခင်ဗျားဘက်က လိုတာက လစဉ်ကြေးမှန်မှန်ပေးဖို့ပါပဲ။ အရင် အက်ဖ်အမ်အိုင်မှာ လူနေကျဲတုန်းက မြို့ကော်မီတီဟာ စည်းကမ်းအမျိုးမျိုးနဲ့နေထိုင်သူတွေကို ကန့်သတ်ခဲ့တယ်။ ဆေးအရောင်မသုတ်ရ၊ မြို့ထဲမှာ ဆိုင်မဖွင့်ရ၊ တချို့ မုန့်ဟင်းခါးဆိုင်လေးဘာလေး ကိုယ့်အိမ်ထဲဖွင့်ရင် လုံခြုံရေးက လာပြီး ဆိုင်ကို သိမ်းသွားတာမျိုးတွေ ရှိခဲ့တယ်။ တဖြည်းဖြည်း လူနေစိတ်လာတဲ့အခါမှာတော့ မြို့နေတွေက မြို့မိမြို့ဘများကော်မီတီဆိုတာ ဖွဲ့ပြီး အဲဒီ မြို့သာယာရေးကော်မီတီနဲ့ အပြိုင် စကားပြောလာတယ်။ ငါတို့ဆိုင်တွေဖွင့်မယ် ကအစ ပေါ့။ ခုတော့ အက်ဖ်အမ်အိုင်ဟာ လမ်းတိုင်းမှာ ဆိုင်တွေနဲ့ စည်လို့ကားလို့။ အဲဒါ ဒီမိုကရေစီ အုပ်ချုပ်ရေးပုံစံပါ။ဒီမိုကရေစီ စနစ်မှာ၊ ဈေးကွက်စီးပွားရေးဟာ အင်မတန်မှ သဟဇာတ စနစ်ဖြစ်တယ်။ (စစ်ဖို့တော့ လိုပါသဗျာ)။ ပြည်သူလူထုရဲ့ အဆုံးစွန်သော အန္တိမလိုချင်တဲ့ အစိုးရပုံစံကတော့ အစိုးရမလို၊ စည်ပင်သာယာပဲ လိုတယ် ဆိုတာပါပဲ။ ကျနော်တို့ကို ဟိုဟာလုပ်၊ ဒီဟာလုပ် အမိန့်ပေးတဲ့အစိုးရမျိုးကို မလိုချင်ဘူး။ ကျနော်တို့ လိုချင်တာကို ဖြည့်ဆည်းပေးမယ့် အဖွဲ့အစည်းပဲ လိုချင်တယ်။ စိတ်တိုင်းမကျရင် အချိန်မရေးဖြုတ်လို့ရရမယ်။ နောက်တဖွဲ့ကို စမ်းခန့်ကြည့်မယ်။ အကောင်းဆုံးဝန်ဆောင်မှု၊ အကောင်းဆုံးပြည်သူ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့ အဖွဲ့အစည်းဟာ အစိုးရသက်တမ်းကြာမှာပဲ။
အဲဒါ အတိုင်းတိုင်းအပြည်ပြည်က ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ရည်မှန်းချက်ပဲ ဖြစ်ပါကြောင်းဗျာ။        ။

ချိုတူးဇော်

အမေစုပြောတဲ့ လူငယ်နှင့် အိုင်တီ

အမေစုပြောတဲ့ လူငယ်နှင့် အိုင်တီ

by Sophia Sofia Chan on Monday, June 27, 2011 at 9:34pm
[By Mizzima မဇ္ဈိမ]

(အင်တာဗျူး)

Rebecca Henschke| တနင်္လာနေ့၊ ဇွန်လ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၀၈ မိနစ်

(ရန်ကုန်) Asia Calling မှ Rebecca Henschke နှင့် KBR 68H အင်ဒိုနီးရှား ရေဒီယို အသံလွှင့်ဌာနတို့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မကြာသေးခင်က ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် မြန်မာလူငယ်များ အကြောင်း၊ ဆက်သွယ်ရေးနှင့် အိုင်တီနည်းပညာ ပြောင်းလဲမှုကြီးကို သတိထားမိကြောင်းလည်း ဒေါ်စုက ထည့်သွင်း ပြောဆိုသွားသည်။

မွေးနေ့မှာ ဘာတွေလုပ်နေပါသလဲ။

“ကျမမွေးနေ့မှာ အတော်များများခဲ့ပါတယ်။ လူငယ်ဂီတပြိုင်ပွဲ နောက်ဆုံးနေ့ကို ကျင်းပခဲ့ပါတယ်။ လူငယ်တွေဘဝမှာ လုပ်စရာအလုပ်တခုခု အမြဲရှိနေတယ်ဆိုတာ သိစေဖို့နဲ့ သူတို့ထူးချွန်တဲ့နေရာမှာ အောင်မြင်စေရေးအတွက်လေ့ကျင့်ဖို့ အခွင့်အလမ်းပေးခဲ့တာဖြစ်ပါတယ်။ အခုကြားနေရတဲ့ ဂီတဟာ ဒီပြိုင်ပွဲက ဂီတပါပဲ၊ ခု အကြို ဗိုလ်လုပွဲ အဆင့် ရောက်နေပါပြီ”

ဒီပြိုင်ပွဲမှာ လူငယ်တွေ နိုင်ငံရေး လူ့အခွင့်အရေးတွေ အကြောင်း သီဆိုပြိုင်ပွဲ ဝင်နိုင်ပါသလား။

“ခုအထိတော့ ကျမကြားရတဲ့ သီချင်းအများစုဟာ ဒီ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတွေ အကြောင်းပါပဲ”

သူတို့ ဒီသီချင်းတွေကို လူထုကြားထဲမှာကော ဖျော်ဖြေမှာလား။

“ဟုတ်ပါတယ်၊ ရုံးမှာ ဒီသီချင်းတွေကို သူတို့ သီဆိုယှဉ်ပြိုင်ခဲ့ ပြီးပါပြီ။ ကျမမွေးနေ့မှာ အများရှေ့မှာပဲ နောက်ဆုံး ဗိုလ်လုပွဲအနေနဲ့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ကြည့်ချင် နားထောင်ချင်တဲ့သူ အားလုံး ဒီပြိုင်ပွဲကို လွတ်လွတ်လပ်လပ် လာရောက် ကြည့်ရှုနိုင်ပါတယ်”

ဂျကာတာကို ရောက်လာတဲ့ လူငယ်တချို့နဲ့စကားပြောကြည့်တော့ နိုင်ငံရေးကို စိတ်မဝင်စားတဲ့အကြောင်း၊ စိတ်ဝင်စားမှု လျော့ကျလာတဲ့အကြောင်းတွေပြောကြပါတယ် ဒါကိုကောသိပါသလား။

“လူငယ်တချို့က စိတ်မဝင်စားတာရှိမှာပါ ဒါပေမဲ့တကယ့်ကို စိတ်ဝင်စားတဲ့သူတွေလဲ ရှိပါတယ်။ ဒီတော့ ဘယ်လို လူငယ်တွေနဲ့ ရှင်စကားပြောခဲ့သလဲ ဆိုတာပေါ် မူတည်မှာပါ။ အခွင့်ထူးခံ အသိုင်းအဝိုင်းကတော့ ဒီမိုကရေစီကို စိတ်မဝင်စားတာ နိုင်ငံရေးကို စိတ်မဝင်စားတာ ရှိပါတယ်။ ဒီလိုပဲ ဘဝကိုခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ လူငယ်တွေကလဲ သူတို့နိစ္စဓူဝ အလုပ်ထက်ပိုပြီး ဘာကိုမှ မစဉ်းစားအားဘူး။ ဒါပေမဲ့ အခုပိုပြီးတွေ့လာရတာက သူတို့ဘဝတွေကို မကျေမနပ်ဖြစ်နေတဲ့ လူငယ်တွေဟာ အပြောင်းအလဲဖြစ်ဖို့ သူတို့တခုခုလုပ်မှ ဖြစ်တော့မယ် ဆိုတာကို တဖြည်းဖြည်း သိလာနေကြပါပြီ”

ဒေါ်စုမွေးနေ့မှာ လူငယ်တွေကို နိုင်ငံရေးအကြောင်း သီချင်းဆိုခိုင်းတဲ့ စိတ်ကူးကလဲ ကြီးမားတဲ့ အပြောင်းအလဲပဲလား။

“ ကျမတို့ လူငယ်တွေဟာ ဒီမိုကရေစီနဲ့ နိုင်ငံရေးအကြောင်းကို အမြဲပဲသီဆိုနေကြပါတယ်။ ဖိနှိပ်မှုတွေ ဘယ်လိုပဲရှိရှိ၊ ကန့်သတ်မှုတွေ ဘယ်လိုပဲရှိရှိ ကျမတို့လုပ်သင့်တယ်ထင်တဲ့ အလုပ်တွေကို လုပ်ဖို့ အမြဲကြိုးစားနေပါတယ်။ အခုထူးခြားတာက ဒီလုပ်ငန်းမှာ လူငယ်တွေပိုပြီး ပါဝင်လိုကြတာကို တွေ့ရပါတယ်”

ပိုများလာတယ်ဆိုတာ သံဃာတော်တွေ အုံကြွမှု ကာလကထက် ပိုများလာတာပါလား။

“အဲဒီအချိန်က ကျမက နေအိမ် အကျယ်ချုပ် ကျနေဆဲမို့ ဒီအကြောင်းမသိပါဘူး။ ဒါပေမဲ့ သေချာတာက ကျမနောက်ဆုံး နေအိမ် အကျယ်ချုပ် ချခံရတဲ့ ၈ နှစ်ကထက် စာရင်တော့ ပိုများလာပါတယ်”

ခုလိုနေ အိမ်အကျယ်ချုပ်ချခံရလို့ အဆက်ပြတ်နေရာကနေ ပြန်လွတ်လာတဲ့အခါ တခြားဘာထူးခြားတဲ့ အပြောင်းအလဲတွေ တွေ့ရပါသေးလဲ။

“ဆက်သွယ်ရေးမှာ တိုးတက်မှုကြီး အိုင်တီတော်လှန်ရေးကြီးလဲ မြန်မာပြည်ရောက် လာတာကို တွေ့ရပါတယ်။ တခြားနိုင်ငံတွေနဲ့စာရင် ရှေ့တန်းရောက်၊ မရောက် မပြောနိုင်ပေမယ့် ဒီဆက်သွယ်ရေး တော်လှန်ရေးကြီးက အတိုင်းအတာတခုအထိ  မြန်မာနိုင်ငံကို ရောက်လာခဲ့တာ သေချာပါတယ်။ ဒါကြောင့်ပဲ လူငယ်တွေဟာ ကျမတို့ လုပ်နေတာတွေကို စိတ်ဝင်စားလာကြတယ် ကျမတို့လုပ်နေတာတွေကို အမီလိုက်လာနိုင်ကြတယ်”

မိန့်ခွန်းတွေ အမှာစကားတွေကို အပြင်ရောက်အောင် ဗွီဒီယိုလင့်တွေ တခြား ဒစ်ဂျစ်တယ် နည်းလမ်းတွေ သုံးပြီး လုပ်လာနိုင်တာ တွေ့ရပါတယ်။ ဒေါ်စုလုပ်နေတဲ့ အရေးကိစ္စတွေအတွက် စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဖို့ မြန်မာနိုင်ငံ အပြင်ထွက်ပြီး တခြားနိုင်ငံတွေ ဥပမာအားဖြင့် ထိုင်း တရုတ်နိုင်ငံတွေကို ထွက်ပြီး မလုပ်နိုင်ဘူးလား။

“နောက်လအတွင်း မြန်မာပြည်ထဲမှာ ကျမခရီးထွက်မှာပါ။ ဒီ့မတိုင်ခင် ရန်ကုန်မြို့ အပြင်မထွက်နိုင်တာကတော့ ဒီမှာလုပ်စရာတွေ အများကြီးရှိနေလို့ပါ။ ဒါပေမဲ့ ရန်ကုန်မြို့ အပြင်ထွက်နိုင်ဖို့ အချိန်ရလာအောင် ကြိုးစားခဲ့ပါတယ်။
 နောက်လထဲမှာ စထွက်မှာပါ။ မြန်မာပြည် အပြင်ထွက်ဖို့ ဆိုတာကတော့ ကျမထင်ပါတယ် နည်းနည်း စောပါသေးတယ်။ ကျမနိုင်ငံပြင်ပ ထွက်သွားခဲ့ရင် လက်ရှိအစိုးရက ကျမကို ပြန်လာခွင့်ပေးမယ်လို့ မထင်နိုင်သေးပါဘူး”

ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းတော့ လွတ်လွတ်လပ်လပ် အကန့်အသတ်မရှိ သွားနိုင်တယ်မဟုတ်လား။

“ကန့်သတ်မှုတွေလုပ်မလား မလုပ်ဘူးလားဆိုတာလဲ ကျမမသိပါဘူး။ သူတို့ အပေါ်ပဲ လုံးဝမူတည်ပါတယ်။ ဒါပေမယ့် ကျမမှာ ကိုယ့်နိုင်ငံတွင်း လွတ်လွတ်လပ်လပ် ခရီးထွက်ခွင့်ရှိတယ်လို့တော့ ထင်ပါတယ်”

လွတ်လာပြီးကတည်းက ဘယ်နေရာတွေမှာ အအောင်မြင်ဆုံး လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါသလဲ။

“ကျမထင်တာ ဒီမိုကရေစီ ကွန်ရက်တွေဖွဲ့တာမှာ အရှိန်အဟုန် သိပ်ကောင်းခဲ့တာ အတွက်တော့ အားရတယ်။ လူငယ်တွေ ပညာရေးတွေလို ကိစ္စတွေနဲ့ ပတ်သက်လို့ တခြားနိုင်ငံတွေထိ ကွန်ရက်က ကျယ်ပြန့်သွားပြီ။ ကွန်ရက်က စုံပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ ရှေ့နေကွန်ရက် အတော်စုံတယ်။ ပညာရေးကတော့ အဓိကပေါ့”

ဘာတွေများလဲ နည်းနည်း ထပ်ရှင်းပြလို့ရမလား။

“ကျမတို့ အခမဲ့ကျောင်းတွေ ဖွင့်ခဲ့ပါတယ်။ ဒီကျောင်းတွေကို မျှော်လင့်မထားတဲ့နှုန်းနဲ့ကို တိုးဖွင့်နိုင်ခဲ့ပါတယ်။ သိပ်ကိုမြန်ပါတယ်။ ဒီနည်းဟာ အတော်အလုပ်ဖြစ်တယ်။ ပညာရေးက မြန်မာပြည်မှာ အတော်ဈေးကြီးတယ်။ တိုင်းပြည်က ဆင်းရဲပေမယ့် ပညာရေးစရိတ်က အတော်ကြီးတယ်။ အစိုးရကပေးတဲ့ ပညာရေးက အခမဲ့မဟုတ်ဘူး။ မိဘတွေက ကျောင်းမထားနိုင်တဲ့ ကလေးတွေကို အခမဲ့ပညာရေး ပေးနိုင်အောင် ကျမတို့ လုပ်နေတယ်”

ဒီလို လူမှုရေးကိစ္စတွေ လုပ်နေရုံနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရသွားလိမ့်မယ်လို့ ထင်ပါသလား။

“သူတို့ လုပ်ချင်တာကို လုပ်မှဖြစ်မယ်ဆိုတာကို လူထုနားလည်စေချင်တာပါပဲ။ တခြားလူတွေအပေါ် မှီခိုနေလို့ မဖြစ်ဘူး။ အမှီခိုကင်းတဲ့ စိတ်ဓါတ်ကို ရစေချင်လို့ မှီခိုချင်တဲ့စိတ်ကို လျော့ပါးအောင်လို့ တချိန်တည်းမှာ လုပ်တတ် ကိုင်တတ်အောင်လဲ လုပ်ပေးနေတာ”

ဒေါ်စုအပေါ်မှာ လူပုဂ္ဂိုလ်အနေနဲ့ရော၊ ထင်ရှားတဲ့သူ တဦးအနေနဲ့ရော မြန်မာနိုင်ငံ အပြောင်းအလဲ အတွက် သိပ်မှီခိုလွန်းနေတယ်လို့ ထင်ပါသလား။

“ကွန်ရက်တွေဖွဲ့စည်းတာကိုက ထိုင်နေလို့မရဘူး၊ သူများကိုအားကိုးလို့မရဘူး၊ ကိုယ့်ဘာသာလုပ်မှရမယ် ဆိုတာကို လူတွေသိစေချင်လို့ပါပဲ”


ခုလောလောဆယ် အရှေ့အလယ်ပိုင်းဒေသမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်နေတာကို
 တွေ့နေရပါတယ်။ မြန်မာပြည်မှာကော ဒီသတင်းတွေ ဖော်ပြခွင့် ပြုပါသလား။

“အရှေ့အလယ်ပိုင်းက အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ ဆင်ဆာဖြတ်တာ နည်းနည်းပါးပါးတော့ ရှိမယ်လို့ ကျမထင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေကတော့ ဒီသတင်းတွေကို သိနေတာပါပဲ။ တကယ်စိတ်ဝင်စားရင် သတင်းဆိုတာ ရေဒီယိုတို့ အင်တာနက်တို့ကနေ ရနေတာပါ”

ဒီသတင်းတွေက လူတွေကို တစုံတရာ လှုံ့ဆော်ပေးနိုင်တယ်လို့ ထင်ပါသလား။

“ကျမတို့မြန်မာနိုင်ငံမှာလဲ ဒီလိုတွေဖြစ်လာနိုင်မလားလို့ စဉ်းစားကြတာတွေ ရှိပါတယ်။ အခု အရှေ့အလယ်ပိုင်းမှာ
 ဖြစ်နေတာတွေက မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနှစ်နဲ့ ၂ဝဝ၇ နှစ်က ဖြစ်ခဲ့တာတွေနဲ့ နှိုင်းယှဉ် ပြောဆိုလာတာတွေလဲ ရှိလာပါတယ်”

ဆွေးနွေးဝိုင်းတွေမှာ သောတရှင်တွေ အမေးများတာက မြန်မာပြည် ဒီမိုကရေစီရရှိရေး တိုက်ပွဲမှာ အပြင်ကလူတွေ ဘာလုပ်ပေးနိုင်မလဲ ဆိုတာပါ။

“ပထမဆုံးအချက်ကတော့ ကျမတို့မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ လူတွေသိနေဖို့ လိုပါတယ်။ ကျမတို့ စိတ်ပူတာ ပြီခဲ့တဲ့နှစ် နိုဝင်ဘာလက လုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေအပေါ်မှာ သိပ်ထင်ထားကြမှာကိုပါပဲ။ ရွေးကောက်ပွဲတွေလဲ လုပ်ပြီးပြီ အရပ်သား အစိုးရဆိုတာကြီးလဲ ပေါ်လာပြီ၊ မြန်မာပြည်မှာ နောက်ထပ် လုပ်စရာ ဘာမှမကျန်တော့ဘူးလို့ လူတွေထင်မသွားကြဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ရက်အနည်း ငယ်အတွင်းကပဲ ကချင်လွတ်လပ်ရေး အဖွဲ့နဲ့ အစိုးရတပ် အကြား တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာကို သိလိမ့်မယ်ထင်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝ နီးပါး အပစ်အခတ် ရပ်ထားရာကနေ ခုလိုတိုက်ပွဲတွေ ပြန်ဖြစ်လာတယ်ဆိုတာ ဆုတ်ယုတ်တာကို ပြတာပဲ။ ဒါကြောင့် ငြိမ်းချမ်းရေး ဒီမိုကရေစီရေးတို့မှာ တိုးတက်မှုတွေရှိနေပြီလို့ အလွယ်တကူ ပြောလို့တော့မရဘူးလို့ ကျမထင်ပါတယ်”

တိုက်ပွဲတွေဖြစ်နေတာဟာ တရုတ်ပြည်က ရေအားလျှပ်စစ် စီမံကိန်းတွေ တည်ဆောက်နေတဲ့ မဟာဗျူဟာကျတဲ့ နေရာတွေမှာ ဖြစ်နေတာ ဆိုတော့ အဲဒီနေရာတွေမှာ အခြေအနေတွေ ဘယ်လိုရှိတယ်လို့ သိထားပါသလဲ။

“ရေဒီယိုမှာကြားတာထက်တော့ ကျမတို့ပိုမသိပါဘူး။ နယ်စပ်ဒေသမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကချင်ခေါင်းဆောင်တွေ ပြောတာကြားပါတယ်။ တရုတ်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးစေလိုတယ်လို့ သူတို့ပြောတာလဲ ကြားပါတယ်”

တိုင်းရင်းသားအရပ်သားတွေ ထောင်ပေါင်းများစွာ ထိုင်းနဲ့ တရုတ်နိုင်ငံကို တိုက်ပွဲတွေဖြစ်လို့ ထွက်ပြေးနေရတယ်လို့လဲ ကြားပါတယ်။ ထိုင်းနိင်ငံကလဲ မြန်မာပြည်က နောက်ထပ် ဒုက္ခသည်တွေ သူတို့ဆီ ရောက်လာတာကို လက်မခံချင်တော့သလိုလဲ ရှိပါတယ်။ တရုတ်ကလဲ ဒီဒုက္ခသည်တွေကို လွန်ခဲ့တဲ့ ၃ ရက်က နယ်စပ်ဖြတ်ကျော်ခွင့် မပေးခဲ့ပါဘူး။ မကြာခင် ကမ္ဘာ့ဒုက္ခသည်နေ့လဲ ရောက်ပါတော့မယ်။ အိမ်နီးချင်းနိုင်ငံ တွေကို ဘာများပြောချင်ပါသလဲ။

“ပထမဆုံး ပြောချင်တာကတော့ ဒုက္ခသည်ဆိုတာ ဖြစ်ချင်လို့ ဖြစ်ရတာ မဟုတ်ပါဘူး။ အခြေအနေအရ မလွှဲမရှောင်သာလို့ ဒုက္ခသည် ဖြစ်လာရသူတွေပါ။ သူတို့နိုင်ငံထဲ နောက်ထပ် ဒုက္ခသည်တွေ ဝင်မလာစေချင်ရင် ပြည်တွင်းရေး ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်အောင် မြန်မာနိုင်ငံကို သူတို့ကူညီသင့်တယ်လို့ ကျမထင်ပါတယ်။ ဒီလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းဖို့ဆိုတာ ကျမတို့လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ လုံး ကြိုးစားခဲ့တဲ့ ကိစ္စပါပဲ”

မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ ညီညွတ်ရင် အစိုးရပြုတ်ကျမယ်လို့ ထင်ပါသလား။

“ညီညွတ်ရေးဆိုတာ အပတ်တကုတ်လုပ်ရတဲ့ဟာမျိုး၊ အထူးသဖြင့် တိုင်းရင်းသား ပေါင်းစုံနေထိုင်တဲ့နိုင်ငံမှာ အတော်အပတ်တကုတ် လုပ်မှရမယ်။ ညတွင်းချင်း ဒီလို ညီညွတ်သွားကြလိမ့်မယ်လို့တော့ ကျမ မထင်ဘူး။ တချိန်လုံး ကြိုးစားရမယ့်အရာပဲ။ အချင်းချင်း ပစ်တာခတ်တာကတော့ ညီညွတ်ရေးအတွက် အဖြေမဟုတ်ပါဘူး”

ဒါဆိုရင် ဒီအဖွဲ့အစည်းတွေကို ပိုပြီးငြိမ်းငြိမ်းချမ်းချမ်း ချဉ်းကပ်လုပ်ဆောင်စေချင် တာပါလား။ သူတို့ရဲ့ လက်နက်ကိုင် တိုက်ပွဲကိုကော ထောက်ခံပါသလား။

“တိုင်းရင်းသားလူနည်းစုတွေအပေါ်မှာပဲ အကုန်လုံးမူတည်တယ်လို့ ကျမ မထင်ပါဘူး။ အစိုးရပေါ်မှာပဲ ပိုတာဝန်ရှိတယ်လို့ ကျမထင်ပါတယ်။ တိုင်းပြည်မှာ အပစ်အခတ်ရပ်စဲထားမလား မထားဘူးလားဆိုတာ ဆုံးဖြတ်နိုင်ခွင့်ကလဲ သူတို့မှာဘဲ ရှိတာကိုး”

ငြိမ်းငြိမ်းချမ်းချမ်း ပျော့ပျော့ပျောင်းပျောင်း ချဉ်းကပ် လုပ်ဆောင်တာထက် စာရင် အစိုးရကို စစ်ပုံစံ ပိုဆန်တဲ့ အုံကြွမှုမျိုး လုပ်ဖို့လိုတယ်လို့ကော ထင်ပါသလား။

“ ငြိမ်းငြိမ်းချမ်းချမ်း ပျော့ပျော့ပျောင်းပျောင်း ဆိုတာလဲ လမ်းမှန်တော့ မဟုတ်ဘူး ထင်ပါတယ်။ ငြိမ်းချမ်းဖို့တော့ လိုတယ် ပျော့နေလို့တော့ မဖြစ်ဘူး။ ဂန္ဓီကြီးက ပြောခဲ့တယ်။ အကြမ်းမဖက်လမ်းကို လိုက်ရတာ အကြမ်းဖက်လမ်းကို လိုက်ရတာထက် သတ္တိပိုရှိဖို့လိုတယ်တဲ့။ ဘာလို့လဲဆိုတော့ ပိုကြိုးကြိုးစားစား ခက်ခက်ခဲခဲ လုပ်ရမှာမို့တဲ့။ ကျမတို့ ငြိမ်းချမ်းတဲ့လမ်းကိုရွေးတာ ကျမတို့ပျော့တဲ့လမ်းကို ရွေးတယ်လို့တော့ မဆိုလိုပါဘူး”



မြန်မာနိုင်ငံက ရေနက်ဆိပ်ကမ်းလို စီးပွါးရေးစီမံကိန်းတွေမှာ ပါဝင်လုပ်ဆောင် နေကြတဲ့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံက သောတရှင်တွေ အနေနဲ့ကကော သူတို့နိုင်ငံက လူထုအခြေပြု အဖွဲ့အစည်းတွေက
 မြန်မာနိုင်ငံမှာ သူတို့အစိုးရတွေက လုပ်နေတဲ့ စီးပွါးရေး လုပ်ငန်းတွေအပေါ် ဘယ်လိုဖိအားမျိုးတွေပေး
 နိုင်ပါသလဲ။

“ရေတိုအကျိုးစီးပွါးကိုကြည့်တာထက် ရေရှည်မှာဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တာဝန်သိသိ ကြည့်ကြဖို့ သူတို့အစိုးရတွေကို ဆွဲဆောင်သိမ်းသွင်းနိုင်ရင် ကောင်းပါတယ်။ နှစ်နိုင်ငံအကြား အရေးအကြီးဆုံး အချက်က အစိုးရနှစ်ရပ်ကြား ဘယ်လောက်သင့်မြတ်တယ်ဆိုတာ မဟုတ်ဘူး၊ ရေရှည်မှာ နှစ်နိုင်ငံပြည်သူတွေ ဘယ်လောက်သင့်မြတ် အဆင်ပြေတယ်ဆိုတာက ပိုအရေးကြီးတယ်လို့ ကျမထင်တယ်။ နှစ်နိုင်ငံပြည်သူတွေကြား ကောင်းမွန်တဲ့ဆက်ဆံရေး ရှိဖို့ဆိုတာ သူတို့ဘယ်လောက် မျှမျှတတယှဉ်ပြိုင် လုပ်ကိုင်ခွင့်ရတယ်ဆိုတဲ့အပေါ် မူတည်တယ်ဆိုတာ သူတို့အစိုးရတွေ သိအောင်လုပ်ပေးနိုင်ရင် ပိုကောင်းတယ်လို့ ကျမထင်ပါတယ်”

အခုလောလောဆယ် ဘယ်နေရာတွေမှာ မျှမျှတတ မရှိဘူးလို့ထင်ပါသလဲ။ ဒီဖွံ့ဖြိုး တိုးတက်မှုတွေက
 မြန်မာပြည်သူတွေအတွက် ဘာမှ အကျိုးမရှိဘူးလား။

“ဒါတကယ့်ကို မမျှတတာပါ။ မြန်မာပြည်ထဲမှာရှိတဲ့ လူတချို့အတွက်တော့ အကျိုးရှိပါတယ်။ မြန်မာပြည်သူ အများစုကြီးအတွက် အကျိုးရှိတယ်လို့တော့ ကျမ မထင်ပါဘူး”

မွေးနေ့အတွက် ဆုတောင်းရမယ်ဆို ဘာဆုကိုတောင်းမလဲ။

“ရှင်းရှင်းလေးပါ၊ ဒါကျမတို့ အားလုံး ကြာရှည်ကြာများ အတူတူတောင်းနေကြတဲ့ ဆုဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး အမြန်ဆုံးရပါစေလို့ပဲ ဆုတောင်းပါမယ်”

ဒါဖြစ်နိုင်လိမ့်မယ်လို့ကော ထင်ပါသလား။ ဒါတနေ့မှာ တကယ်ဖြစ်လာလိမ့်မယ်လို့ ကောထင်ပါသလား။

“သိပ်ကိုမျှော်လင့်ပါတယ်။ ကျမတို့လုပ်နိုင်တာနဲ့အမျှ ရမှာပါပဲ။ ကြိုးကြိုးစားစားလုပ်ရင် အောင်မြင်မှာပါ”

တချို့က မေးခိုင်းပါတယ်။ ဒေါ်စုကို ဘယ်အရာတွေက ရယ်မောစေပါသလဲတဲ့။

“ကျမကို ရယ်အောင် လုပ်နိုင်တာ အများကြီးရှိပါတယ်။ တခါတရံ အစိုးရလုပ်နေတာ တွေကလဲ ရယ်ရတာဘဲ။ တခါတရံ သူတို့လုပ်တာ သိပ်ကို ရယ်စရာကောင်းတယ် ဟာသတွေပဲ။ မငိုချင်ရင် ရယ်နေမှ ရမှာ”

Credit to Big Brothers & Sisters

သံဝေဂ

သံဝေဂ

by Kyaw Thu on Sunday, June 26, 2011 at 3:00pm
သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/ခ ရပ်ကွက် ကျိုက္ကဆံဘုရားအရှေ့ဘက်မုဒ်၊ ငြိမ်းချမ်းရေးကျောင်း တိုက်၏ တတိယနာယကဆရာတော် ဘဒ္ဒန္တ ကောဝိဒမထေရ် သက်တော် (၈၃) နှစ်၊ ၀ါတော် (၅၉) ၀ါ သည် ၂၁.၆.၂၀၁၁ (အင်္ဂါနေ့) ည (၈း၀၅) နာရီအချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါ၍ ယနေ့ ၂၅.၆.၂၀၁၁ (စနေနေ့) မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် ငြိမ်းချမ်းရေးကျောင်းတိုက် မှ ရေဝေးသုဿန် သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေးယာဉ် (ဆရာတော်ကြီးပုံတော်တင်)၊ အထူးနိဗ္ဗာန်ယာဉ် ကြီးနှင့် အသင်းသားများက ပင့်ဆောင်၍ အန္တိမ အဂ္ဂိဈာပနအခမ်းအနား ကျင်းပပြုလုပ်ပေးခဲ့သည်။
          တစ်ချိန်တည်း၌ တာမွေမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် မင်္ဂလာသုခပါဋ္ဌိတက္ကသိုလ် ဘဒ္ဒန္တ သုန္ဒရ သက်တော် (၇၅)၊ ၀ါတော် (၅၅) ၀ါ သည် ၂၁.၆.၂၀၁၁ (အင်္ဂါနေ့) ည (၂၃း၀၀) နာရီအချိန်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူသွားပါ၍ ယနေ့ ၂၅.၆.၂၀၁၁ (စနေနေ့) မွန်းလွဲ (၁း၀၀) နာရီအချိန်တွင် လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဆရာတော်ကြီး၏ ပုံတော်တင် ရှေ့ပြေးမော်တော်ယာဉ်နှင့် အထူးနိဗ္ဗာန်ယာဉ်ကြီးတို့ဖြင့် အသင်းသားများ အုပ်စု (၂) စုခွဲကာ ၀ိုင်းဝန်းကုသိုလ်ယူ ပင့်ဆောင်ကာ အန္တိမ ဈာပနအခမ်းအနားအား တစ်ပြိုင်နက်တည်း ရေဝေးသုဿန်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယခု ချမ်းသာ နောင်ချမ်းသာ ဘယ်ဟာရွေးကြမယ်
ခွင့်ကောင်းဆိုတာ များသူငါ နှစ်ခါရခဲ့တယ်
သာသနာထဲ ကြုံကြိုက်ဆဲ အားခဲချင့်သဖွယ်
သူများသေမှ သံဝေဂ ရကြများသူငါ
ကြားတုံးခဏ သံဝေဂ ပျောက်ကြသိပ်မကြာ
မြင်တုံးခဏ သံဝေဂ ပျောက်ကြသိပ်မကြာ
ကိုယ်တိုင်အနန္တ သေခဲ့လှ သေရအုံးမည်သာ။
(မဟာသိပံ္ပဆရာတော်ဘုရားကြီး)











မိုဘီဂျီနိုနဲ့ ငြိမ်းချမ်းရေး ကမ်ပိန်း

မိုဘီဂျီနိုနဲ့ ငြိမ်းချမ်းရေး ကမ်ပိန်း

by John Glenn on Monday, June 27, 2011 at 5:49am
မိုဘီဂျီနိုနဲ့ ငြိမ်းချမ်းရေး ကမ်ပိန်း




ဒီတပတ်အစီအစဉ်ကတော့ အင်တာနက်ပေါ်က ငြိမ်းချမ်းရေးလှုပ်ရှားမှုအကြောင်းကို တင်ဆက်ပေးထားပါတယ်။

ဖေ့စ်ဘွတ်ခ်၊ ဘလော့ဂ်နဲ့ အင်တာနက်စာမျက်နှာတွေပေါ်မှာ မြန်မာနိုင်ငံတိုင်းရင်းသားဒေသတွေက စစ်မက်ဖြစ်ပွားနေမှုတွေ ရပ်တန့်ကြဖို့
ပြောဆိုနေကြတဲ့ အသံတွေဆူညံလာသလို ဗုံးပေါက်ကွဲမှုတွေအပြီးမှာ လူတွေကြား ပိုမိုစိုးရိမ်လာတဲ့ အကြောင်းတွေကို ထုတ်ဖော်ပြောဆို လာကြတာတွေ့ရပါတယ်။

အင်တာနက်နဲ့ ဆက်သွယ်ရေးနည်းပညာတွေထွန်းကားတဲ့၊ လွတ်လပ်ကြတဲ့ တခြားကမ္ဘာ့နိုင်ငံတွေမှာတော့ ခေတ်မှီနည်းပညာတွေသုံးပြီး လှုံ့ဆော်လှုပ်ရှားမှုတွေ၊ ဆန္ဒထုတ်ဖော်ပြောဆိုမှုတွေဟာ ပိုမိုကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ကြသလို မြန်မာတွေလည်း အဲဒီလောက် မကျယ်ပြန့်ပေမယ့် အင်တာနက်မှာတော့ အမြင်ချင်းဖလှယ်တာတွေ ဆန္ဒထုတ်ဖော်တာတွေ ရှိကြပါတယ်။

ဒီအကြောင်းကို စာရေးဆရာ၊ ဒါရိုက်တာတဦးဖြစ်တဲ့ ကိုချိုတူးဇော်က မိုဘီဂျီနိုအစီအစဉ်မှာ ပြောပြထားပါတယ်။

ကိုချိုတူးဇော်ပြောပြသွားတဲ့ မိုဘီဂျီနိုအစီအစဉ်ကို နားထောင်ချင်ရင် အောက်ဖော်ပြပါ လင့်ခ်မှတဆင့် သွားရောက်နားထောင်နိုင်ပါတယ်။

http://www.bbc.co.uk/burmese/programmes/2011/06/110626_mobigeno_chotuzal.shtml