သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, August 8, 2011

Burma marks 8888 Uprising anniversary

အာဆီယံဥက္ကဋ္ဌရာထူး အကဲဖြတ်ရေး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး လာနိုင်

အာဆီယံဥက္ကဋ္ဌရာထူး အကဲဖြတ်ရေး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး လာနိုင်

မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူး ရယူရေးအတွက် အကဲဖြတ်စိစစ်ရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ ဦးဆောင်သောအဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။

21845-Marty-Natalegawa
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ဇူလိုင်လ ၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲ တခုအပြီး တွေ့ရသော အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (ဓာတ်ပုံ - AP)
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးထံသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဖိတ်ကြားစာပေးပို့ထားကြောင်း၊ အာဆီယံကို ဦးဆောင်ရန် မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ ပြောင်းလဲမှုများ လုံလောက်စွာ ဆောင်ရွက်ခြင်းရှိမရှိ အကဲဖြတ်ရေး သွားရောက်ရန် ပြင်ဆင်နေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Michael Tene ကို ကိုးကား၍ VOA က ပြီးခဲ့သည့် သတင်းပတ်တွင် ဖော်ပြသွားသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အခြေစိုက် The Nation သတင်းစာမှ အကြီးတန်း အယ်ဒီတာ ကဝီ ချောင်ခစ်တာဗွန် ကမူ “ကျေနပ်လောက်စရာ တိုးတက်မှုတွေ မြန်မာအစိုးရက လုပ်ပြနိုင်ရင် သူ (နာတာလီဂါဝါ) သွားပါလိမ့်မယ်။ မဟုတ်ရင်တော့ မြန်မာနိုင်ငံကို သွားမယ် မထင်ဘူး။ ဒါကတော့ ရှင်းပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် မစ္စတာ ကဝီ က အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါသည် ခရီးစဉ်ကို အတည်မပြုသေးသဖြင့် မြန်မာနိုင်ငံသို့ သွားရောက်လိမ့်မည်ဆိုသည်ကို သံသယရှိကြောင်း၊ အကယ်၍ မစ္စတာ နာတာလီဂါဝါ မြန်မာနိုင်ငံသို့ သွားခဲ့လျှင် မြန်မာအစိုးရသည် ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ ရာထူးရရှိလိမ့်မည်ဟု ဆိုနိုင်ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံသည် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်ရပ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေးတို့ကို တခုမှ မပြုလုပ်ရသေးကြောင်း မစ္စတာ ကဝီက ထောက်ပြသည်။

ယခုနှစ် မတ်လတွင် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီး တလအကြာတွင် အာဆီယံဥက္ကရာထူးကို လက်ခံလိုကြောင်း စတင်ပြောဆိုခဲ့သည်။ ဇူလိုင်လအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို အလှည့်ကျ ရယူလိုကြောင်း မြန်မာအစိုးရက တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။

မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများကလည်း ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသားအဖွဲ့များ အပါအဝင် အတိုက်အခံများနှင့် တွေ့ဆုံဆွေးနွေးရေးကဲ့သို့သော အရေးကြီးသည့် ပြဿနာများကို ဖြေရှင်းရမည့် ခြေလှမ်းများကို မြန်မာအစိုးရ မစတင်ရသေးကြောင်း ပြောကြသည်။

နိုင်ငံတကာနှင့် အတိုက်အခံအဖွဲ့အစည်းများကလည်း မြန်မာအစိုးရအနေဖြင့် သိသာမြင်သာသော အပြောင်းအလဲများ ပြုလုပ်ရန်နှင့် ထို့သို့ မလုပ်နိုင်လျှင် အာဆီယံဥက္ကဋ္ဌ ရာထူးနှင့် မထိုက်တန်သေးကြောင်း တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇွန်လတွင် ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများ၌ တိုက်ပွဲများ ပြန်လည်ဖြစ်လာမှုကို ကိုးကား၍ မြန်မာအနေဖြင့် အာဆီယံ ဥက္ကဋ္ဌ ရာထူးယူရေးအပေါ် အမေရိကန်ကလည်း စိုးရိမ်ပူပန်မှုရှိကြောင်း ပြောဆိုခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ အစိုးရအဖွဲ့များ ကော်မရှင်မှ အင်ဒိုနီးရှားဆိုင်ရာ ကိုယ်စားလှယ် ရာဖင်ဒီ ဒီဂျမင်က “ပဋိပက္ခဖြစ်တဲ့ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်နေတာ၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်မပေးတာတွေကြောင့် မြန်မာနိုင်ငံမှာ သိသာမြင်သာတဲ့ အပြောင်းအလဲ မရှိဘူးလို့ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နိုင်ငံတကာ ဖိအားများကြောင့် မြန်မာနိုင်ငံသည် ၂၀၀၆ တွင် အာဆီယံ အလှည့်ကျရာထူး ယူရေးကို ပြည်တွင်းပြဿနာများ အကြောင်းပြ၍ အလှည့်ကျော်ခဲ့သည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်ကလည်း မြန်မာအစိုးရသည် အာဆီယံဥက္ကဋ္ဌရာထူးမယူမီ လူ့အခွင့်အရေးကိစ္စများ၊ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများနှင့် အမျိုးသားရင်ကြားစေ့ရေးကို ဦးစွာဆောင်ရွက်သင့်သည်ဟု ပြောသည်။

ယနေ့ထုတ် အစိုးရသတင်းစာများတွင် သမ္မတဦးသိန်းစိန်က ၄၄ နှစ်မြောက် အာဆီယံနေ့ အထိမ်းအမှတ် သဝဏ်လွှာပေးပို့ကြောင်း ဖော်ပြထားသည်။ သတင်းစာပါ အစိုးရအာဘော် ဆောင်းပါး၌ မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ၂၀၁၄ တွင် ရယူရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မြန်မာက အသင့်ဖြစ်သည်နှင့် ယင်းဥက္ကဋ္ဌ တာဝန်ကို ရယူရန် ၂၀၀၅ ခုနှစ်တွင် အာဆီယံမှ သဘောတူညီထားကြောင်း ရေးသားထားသည်။

ကျပ်ငွေတန်ဖိုး တက်သဖြင့် အထည်ချုပ်စက်ရုံများလည်း ရပ်ရ

ကျပ်ငွေတန်ဖိုး တက်သဖြင့် အထည်ချုပ်စက်ရုံများလည်း ရပ်ရ

အစိုးရသစ် လက်ထက်တွင် ငွေလဲနှုန်း၌ ကျပ်ငွေတန်ဖိုး မြင့်တက်နေမှုကြောင့် မြန်မာ့ အထည်ချုပ် စက်ရုံအများစု လုပ်ငန်း မကောင်းမွန်တော့ဘဲ အရှုံးပေါ်သဖြင့် စက်ရုံတချို့ ပိတ်သိမ်းခြင်း၊ စက်ရုံအများစုမှာ လုပ်ငန်းလျှော့ချခြင်း၊ အလုပ်သမား လျှော့ချခြင်းများ အကြီးအကျယ် လုပ်ဆောင်နေရကြောင်း သတင်းရရှိသည်။

၂၀၁၀ ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - niknayman ဘလော့)
ငွေလဲနှုန်းတွင် ကျပ်ငွေတန်ဖိုး တရိပ်ရိပ် တက်နေမှုကြောင့် အထည်ချုပ်စက်ရုံများ ဆက်လက် ရပ်တည်နိုင်မှု မရှိတော့သည့်အပြင် ပြည်တွင်းစီးပွားရေး သိသာစွာ နှေးကွေးလာသောကြောင့် စက်ရုံတချို့ ပိတ်သိမ်းနေပြီဟု ရန်ကုန်မြို့မှ အထည်ချုပ်စက်ရုံပိုင်ရှင် များက ပြောသည်။

“စက်ရုံပိတ်လိုက်တဲ့ ကုမ္ပဏီတချို့ရှိနေပြီ။ လည်နေတဲ့စက်ရုံတွေကလည်း လည်သာ လည်နေရတာ၊ အဆင်မပြေဘူး။ တပတ်မှာ သုံးရက်လောက် စက်ရုံလည်၊ လေးရက်လောက် စက်ရုံနား ပုံစံမျိုးနဲ့ လည်နေတာတွေ အများကြီးရှိတယ်။ လုပ်ငန်း အတော်ကို မကောင်းဘူး” ဟု ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်းရှိ အထည်ချုပ်စက်ရုံ ပိုင်ရှင်တဦးက ပြောသည်။

ကျပ်ငွေ တန်ဖိုးတက်နေမှုကြောင့် ကျပ် သိန်း ထောင်သောင်းချီ အရှုံးပေါ်ခဲ့ရသည့် ရေထွက် ပို့ကုန် စက်ရုံအများစု ပိတ်သိမ်းခဲ့ ပြီးနောက် ယခုကဲ့သို့ အထည်ချုပ်စက်ရုံများပါ ပိတ်သိမ်းခဲ့ရခြင်းဖြစ်သည်။

ယနေ့ အမေရိကန် ၁ ဒေါ်လာလျှင် ၇၆၀ ကျပ်အထိ ကျပ်ငွေ တန်ဖိုးမြင့်လာသဖြင့် အထည်ချုပ် စက်ရုံအများစု အလုပ်သမား လစာပေးရန်ပင် အခက်တွေ့နေရကြောင်း သိရှိရသည်။

“အထည်ချုပ်လုပ်ငန်း ဆိုတာက နိုင်ငံခြားကပို့လိုက်တဲ့ အပ်ထည်ကို ချုပ်ပြီး ပြန်ပို့ပေးရတာ။ ချုပ်ခကို ဒေါ်လာနဲ့ရတယ်။ လောလောဆယ် ဒေါ်လာတန်ဖိုး အရမ်းကျနေတော့ မြတ်ဖို့မပြောနဲ့ မရှုံးအောင် အတော်ကြီးကို ရုန်းကန်နေရတယ်။ နောက်ထပ် ပြည်ပအပ်ထည်တွေ လုံးဝ လက်မခံတော့ဘူး။ အခုဖြစ်နေတဲ့ အခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် သေချာပေါက် စက်ရုံတွေ အကုန်ပိတ်ရလိမ့်မယ်” ဟု ရန်ကုန် လှိုင်သာယာစက်မှုဇုန်မှ အထည်ချုပ် လုပ်ငန်းရှင်တဦးက ပြောသည်။

အထည်ချုပ်စက်ရုံများ စီးပွားရေး မကောင်းတော့သဖြင့် လုပ်ငန်းရပ်နားရချိန်တွင် အလုပ်ရှင်နှင့် အလုပ်သမားများ အဆင်မပြေမှုများ ဖြစ်ပွားပြီး အလုပ်သမား ဆန္ဒပြမှုများ ဆက်တိုက်ဆိုသလို ဖြစ်နေကြောင်း သတင်း ရရှိသည်။

“ကျမတို့က အထည်ချုပ်စက်ရုံတွေ ဘက်ကလည်း လုပ်ငန်းဆက်မလည်နိုင်တော့ဘဲ ချက်ချင်းရပ်လိုက် ရတာမျိုးရှိတယ်။ အဲဒီလို ရပ်ရတဲ့အခါမျိုးမှာ အလုပ်သမားတွေကို အလုပ်ထုတ်တာ၊ အလုပ်ထွက်ခိုင်းတာ၊ အလုပ်နားရက် တိုးပေးရတာတွေ လုပ်ရတယ်။ ကျမတို့ဘက်ကလည်း အတော်ကို အဆင်မပြေလို့ပါ” ဟု ရန်ကုန် အထည်ချုပ် စက်ရုံပိုင်ရှင် တဦးက ဆိုသည်။

ဆက်လက်၍ ၎င်းက အလုပ်သမားများအား ပေးသည့် နစ်နာကြေး နည်းသွားလျင်သော်လည်းကောင်း၊ မပေးနိုင်ခဲ့လျင်သော် လည်းကောင်း၊ အလုပ်နားရက် များလာလျင်သော်လည်းကောင်း အလုပ်သမားများ မကျေမနပ်ဖြစ်ကာ ဆန္ဒပြမှုများ ပြုလုပ် လာကြကြောင်း ပြောသည်။

ဇူလိုင်လ ၂၂ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ “လင်းထက်” သိုးမွှေး အထည်ချုပ်စက်ရုံ အရှုံးပေါ်သဖြင့် လုပ်ငန်း ရပ်နားခဲ့ရာ အလုပ်သမားများ မကျေမနပ် ဆန္ဒပြမှုတချို့ ရှိခဲ့ပြီး ယခု သြဂုတ်လဆန်းပိုင်းတွင်လည်း ဒဂုံမြို့သစ် တောင်ပိုင်း စက်မှုဇုန် ၁ ရှိ SGI အထည်ချုပ်စက်ရုံတွင် အလုပ်သမား ထောင်နှင့်ချီ ဆန္ဒပြမှုများ ဖြစ်ပွားနေသဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် အပါအ၀င် အာဏာပိုင်များက အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ၀င်ရောက် ညှိနှိုင်း ပေးနေရကြောင်း သိရှိရသည်။

အစိုးရသစ်သည် ပို့ကုန်များအပေါ် ကောက်ခံနေသော အခွန် ၁၀ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ဇူလိုင်လ ၁ ရက်နေ့မှစတင် လျှော့ချခဲ့သော်လည်း အထည်ချုပ် ပို့ကုန်များ၏အခွန်ကို လုံးဝ လျှော့ချ မပေးခဲ့သောကြောင့် အခြေအနေ မဟန်သော အထည်ချုပ်လုပ်ငန်းများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း စက်ရုံပိုင်ရှင်များက ပြောသည်။

“ငွေဈေးကျလို့ အဆင်မပြေဖြစ်နေတဲ့အချိန်မှာ အခွန်က မလျှော့တော့ မိအေး နှစ်ခါနာ ဆိုသလိုပေါ့။ စီးပွားရေး ပိတ်ဆို့လို့
အထည်ချုပ် လုပ်ငန်းတွေ ပိတ်ရတာတင် မဟုတ်ဘူး၊ အစိုးရရဲ့ စီမံခန့်ခွဲမှုညံ့လို့ ပိတ်ရတာမျိုးလည်း ဖြစ်နေတယ်” ဟု လှိုင်သာယာ အထည်ချုပ်စက်ရုံ ပိုင်ရှင်တဦးက ဆိုသည်။

များမကြာမီကာလအတွင်း အထည်ချုပ်စက်ရုံများ ဆက်တိုက်ဆိုသလို လုပ်ငန်းရပ်နားမှု ရှိလာနိုင်ရာ အလုပ်သမား ဆန္ဒပြမှုများနှင့် အလုပ်လက်မဲ့ဦးရေ တဟုန်ထိုး တိုးတက်မှုများ ရှိလာနိုင်ကြောင်း စီးပွားရေးအသိုင်းအဝန်းတွင် ပြောနေကြသည်။

ပြည်တွင်းတွင် အထည်ချုပ်စက်ရုံစုစုပေါင်း ၃၀၀ နီးပါးရှိနေပြီး အလုပ်သမား အရေအတွက်မှာ အနည်းဆုံး ၇ သောင်းနှင့် ၁ သိန်း ၀န်းကျင်၌ ရှိကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ စာရင်းဇယားများအရ သိရှိရသည်။

၈ လေးလုံးနှစ်ပတ်လည်ပွဲ စုစည်းငြိမ်းချမ်းစွာ ကျင်းပ


၈ လေးလုံးနှစ်ပတ်လည်ပွဲ စုစည်းငြိမ်းချမ်းစွာ ကျင်းပ

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က လူထုအုံကြွမှုကြီး ဖြစ်ခဲ့သည့်  ၈ လေးလုံး ၂၃ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို ရန်ကုန်မြို့တွင် ယနေ့ ကျင်းပရာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးသမားများ၊ အနုပညာရှင်များ၊ စိတ်ဝင်စားသူများ ရာနှင့်ချီ၍ တက်ရောက်ကြောင်း သိရသည်။

DASSK-AP-8888-11
သာဓု ကျောင်းတိုက်တွင် ကျင်းပသော ၂၃ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတွင် ရဟန်းတော်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် ပရိသတ်က သင်္ကန်း ကပ်လှူစဉ် (ဓာတ်ပုံ - AP)
ယင်းအထိမ်းအမှတ်ပွဲ ကြည့်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ သာဓု ပရိယတ္တိ စာသင်တိုက်၌ ယနေ့ နံနက် ၉ နာရီခွဲတွင် စတင်ကျင်းပသည်။

အခမ်းအနားတက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်က လာမည့် မြန်မာ့နိုင်ငံရေးတွင် ယခုကဲ့သို စုစုစည်းစည်း ငြိမ်းငြိမ်းချမ်းချမ်းနှင့် အပြုသဘောဆောင်ပြီး ဆက်လက် လျှောက်လှမ်းသွားလိုကြောင်း ပြောဆိုခဲ့သည်ဟု အခမ်းအနားကို ဦးဆောင်ကျင်းပသူတဦးဖြစ်သည့် မခင်မိုးအေးက ဧရာဝတီကို ပြောသည်။

အဆိုပါ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် အနုပညာရှင် တဦးဖြစ်သူ ကိုရဲလွင်က ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဖြစ်မြောက် အောင်မြင်ရေး အတွက် ၁ မိနစ် ငြိမ်သက်ခြင်းကို တက်ရောက်လာကြသူများက ပြုလုပ်ခဲ့သည်။

“၈ လေးလုံးအရေးတော်ပုံကြီးဆိုတာ အရမ်းကျယ်ပြန့်တဲ့ ပွဲဖြစ်တဲ့အတွက် ကျောင်းသားတွေ၊ နိုင်ငံရေးပါတီတွေ တသီးပုဂ္ဂလ စိတ်ဝင်စားသူများနဲ့ အခု ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီကလူတွေရော ဖိတ်ကြားထားသူတွေ အကုန်လုံး နီးပါး လာကြပါတယ်။ တက်ရောက်လာတဲ့သူတွေက ၁၀၀၀ ကျော် ရှိမယ်” ဟု မခင်မိုးအေးက ပြောသည်။

အဆိုပါ အခမ်းအနားသို့ ၈၈ မျိုးဆက်ကျောင်းသားများ၊ ၀ါရင့်နိုင်ငံရေး သမားကြီးများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးတင်ဦး၊ ဦးဝင်းတင် အစရှိသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၁၉၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ၊ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီ ၃၇ ပါတီမှ ပုဂ္ဂိုလ်များ၊ နာရေးကူညီမှု အသင်း (ရန်ကုန်) မှ အသင်းဝင်များ၊ ကိုဇေယျာသော် အစရှိသည့် စာပေနှင့် အနုပညာရှင်များ တက်ရောက်ကြသည်။

ယနေ့ကျင်းပသော ၈ လေးလုံး အောက်မေ့ဖွယ် အခမ်းအနား ၀ါဆိုသင်္ကန်းကပ်လှူပွဲသည် မြန်မာနိုင်ငံတွင် အရပ်သားအစိုးရသစ် တက်လာပြီးနောက်ပိုင်း ပထမဆုံး ကျင်းပခြင်းဖြစ်သည်။ ၂၀၀၇ ခုနှစ် ကလည်း ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ၈၈ မျိုးဆက်ကျောင်းသားများဦးစီးပြီး ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ခြောက်ထပ်ကြီး ဘုရားဝင်းရှိ သိပ္ပံ ကျောင်းတိုက်တွင် ကျင်းပခဲ့ဖူးသည်။

ယခု ၈ လေးလုံး နှစ်ပတ်လည်နေ့သည် တဦးတယောက်က ဦးဆောင်ကျင်းပခြင်းမျိုး မဟုတ်ဘဲ တဦးချင်းစီ၏ အသိစိတ်ဖြင့် အားလုံးစုပေါင်း ဦးဆောင်မှုဖြင့် လုပ်ဆောင်ခဲ့ကြောင်း၊ ယနေ့ အခမ်းအနားတွင် အားလုံး စုစည်းညီညွတ်မှုကို ပြသနိုင်ခဲ့ပြီဖြစ်ကြောင်း မခင်မိုးအေးက ပြောသည်။

“အခုလို ငြိမ်းငြိမ်းချမ်းချမ်း စုစုစည်းစည်းနဲ့ ၂၃ နှစ်ကြာမှာ အခုလိုမြင်ရ တွေ့ရလို့ ရှေ့လာမယ့် မြန်မာနိုင်ငံရဲ့ အနာဂတ် အလားအလာတွေအတွက် ကျမတို့ တော်တော်လေး ၀မ်းမြောက်ကြည်နူးမိပါတယ်” ဟု အခမ်းအနား တက်ရောက်လာသူ တဦးက ပြောသည်။

ယနေ့အခမ်းအနားတွင် ပင့်သံဃာ ၁၀ ပါးအပါအဝင် သံဃာ ၁၃၈ ပါးအား ဝါဆိုသင်္ကန်း ကပ်လှူပြီးနောက် သံဃာများကို ဆွမ်းကပ်လှူခြင်း၊ ၈ လေးလုံး အရေးတော်ပုံအပါအဝင် ဒီမိုကရေစီရေးအတွက် ခေတ်အဆက်ဆက် အသက်ဆုံးရှုံးခဲ့ကြသည့် ရဟန်း ရှင်လူ ကျောင်းသားပြည်သူများအတွက် ရေစက်ချ အမျှပေးဝေခြင်းများ ပြုလုပ်ကြသည်။

အခမ်းအနားကျင်းပရာ သာဓုကျောင်းတိုက်နှင့် အနည်းငယ် အလှမ်းဝေးသောနေရာတွင် အစိုးရဘက်မှ လုံခြုံရေးကားများ ချထားသော်လည်း အခမ်းအနားကို အေးချမ်းစွာဖြင့် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

“လုံခြုံရေးအခြေအနေက အေးအေးချမ်းချမ်းရှိပါတယ်။ သူတို့ဘက်ကလည်း လုပ်စရှာရှိတာလုပ်တယ်။ ဒါပေမယ့် ဘာမှ ပြဿနာမရှိပါဘူး” ဟု မခင်မိုးအေးက ပြောသည်။

ယနေ့ကျရောက်သည့် ၈ လေးလုံး ၂၃ နှစ်ပြည့်အတွက် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကလည်း နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသတွင် အစိုးရ၏ ထိုးစစ်များနှင့် ဒီမိုကရေစီလှုပ်ရှားသူများအပေါ် ဖိနှိပ်နေမှုများ ချက်ချင်းရပ်တန့်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးအပါအ၀င် သက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်သော သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးတို့ကို တိုက်တွန်းထားသည်။

၈ လေးလုံး လူထုအုံကြွမှုတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့ကြသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာ၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီး အစရှိသည့် ကျောင်းသားခေါင်းဆောင်များမှာ အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ် နှစ်ရှည်ကျခံနေရဆဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၃ နှစ်က ကျောင်းသားများစတင်ခဲ့သည့် လူထုအုံကြွမှုကြီးတွင် ရဟန်းရှင်လူ ပြည်သူများ၊ အစိုးရ၀န်ထမ်းများက ၃ လကျော်ကြာ တပါတီ အာဏာရှင်စနစ်ကို တော်လှန်ခဲ့ကြသည်။

၃ လ အကြာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး ပါတီစုံဒီမိုကရေစီ စနစ်ဖြင့်သွားမည်ဟု ကမ္ဘာသိကြေညာကာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။

၈ လေးလုံးလူထုအုံကြွမှုကြီးတွင် စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် လူပေါင်း ၃၀၀၀ ကျော်သေဆုံးခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်။ အဆိုပါ သေဆုံးခဲ့ရသောကိစ္စများအတွက် ယခုလက်ရှိ အရပ်သားအစိုးရအနေဖြင့် မည်ကဲ့သို့ စုံစမ်း အရေးယူမှုမျိုး လုပ်ဆောင်သွားမည်ကို မသိရပေ။

သို့သော်လည်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံလွှတ်တော် အမတ်များအဖွဲ့၏ ဥက္ကဋ္ဌ၊ အင်ဒိုနီးရှားနိုင်ငံမှ လွှတ်တော်အမတ် တဦးဖြစ်သူ အီဗာ ခုဆုမ ဆုန္ဒရီ (Eva Kusuma Sundari) က မြန်မာအစိုးရသစ်အနေဖြင့် ၂၀၁၄ ခုနှစ် အတွက်အလှည့်ကျ အာဆီယံဥက္ကရာထူး ကြိုးပမ်းနေချိန်တွင် ၈ လေးလုံးကာလ အပါအ၀င် စစ်အစိုးရလက်ထက်က ပစ်ခတ်သတ်ဖြတ်ခဲ့မှုများနှင့် ယခင်စစ်အစိုးရမှ ကျူးလွန်ခဲ့သော ပြစ်မှုများကို တရားနည်းလမ်းကျ ကိုင်တွယ်ဖြေရှင်း အရေးယူပြီး ကမ္ဘာကို ပြသရန်လိုသည်ဟု ပြောကြောင်း ယနေ့ထုတ် ဂျကာတာပို့စ်သတင်းတွင် ဖော်ပြထားသည်။

RFA Burmese Webcast August First Week 2011