သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, March 20, 2011

ကျွန်စော်နံ ပြန်လိုက်ဦး

သခင်ဆိုသော အဓိပ္ပါယ်

“ငါတို့ဟာ အခိုက်အတံ့ အခါတွင် အဆင်မသင့်၍ အင်္ဂလိပ်တို့၏ ကျွန်များဖြစ်နေကြသော် လည်း မျိုးရိုး ဇာတိက ကျွန်တွေမဟုတ်ဘူး သခင်တွေသာ ဖြစ်သည်။ သခင်ဆိုတာ နေလည်း ရဲရဲနေသည်။ သေလည်းရဲရဲ သေသည်။ နောက်ဆုံး စက်တိုင်ကို တက်ရတောင် လက်ခမောင်း ခတ်တက်သည်။ ဝမ်းဝဖို့ ကိစ္စလေး တစ်ခုအတွက် ဘယ်သူ့ အလိုကိုမျှ လိုက်ပြီး ဟုတ်ပါ့ဘုရား မှန်ပါ့ဘုရား မပြောဘူး။ ဟုတ်သည်ထင်လျှင် ဟုတ်သည်။ မဟုတ်ဘူး ထင်လျှင် မဟုတ်ဘူးလို့ မကွယ်မထောက် ရဲရဲကြီး ပြောတတ်သည်။ ကျွန်များ ကမူ ထိုသို့ မှန်သည့် အတိုင်း မပြောဝံ့ ။ကျွန်များတွင် သူတို့ ကိုယ်ပိုင် အလိုဆန္ဒမရှိ ။ သူတို့ သခင် ၏ အလိုဆန္ဒကို သူတို့ အလိုဆန္ဒဟု သဘောထားသည်။ ”
အထက်ပါစာပိုဒ်မှာ သခင်ဟူသော အသုံးအနှုန်းကို စတင် တီထွင်သော သခင်ဘသောင်း ၏ တို့ဗမာ သီချင်း အပေါ် အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြစ်ပါသည်။

သခင်ဆိုသော စကားလုံး၏အစ

တောင်တွင်းကြီးမြို့နယ် ဝက္ကသေး ရွာလေးကစတယ်လို့ ဆိုပါတယ်။ အဲဒီ ရွာအနီးက ဆတ်သွား ရွာသူ တယောက်ဟာ အင်္ဂလိပ် နယ်ပိုင်ဝန်ထောက် တယောက်နဲ့ အိမ်ထောင် ကျတဲ့ အခါ မိဘတွေက သမက်ကို သခင်ကြီး သခင်ကြီးလို့ မိုးမွှန်အောင် ခေါ်ကြတာကို ဆတ်သွားတက် ဈေးဝယ် ဈေးရောင်းကြတဲ့ ဝက္ကသေး ရွာသူ ရွာသားတွေက ကြားတဲ့အခါ နားကြားပြင်းကပ် လွန်းလို့ အရွဲ့တိုက်ပြီး ကိုယ့်ရွာသားချင်း သခင်တပ်ခေါ်ကြတယ်။ တချို့ က ကိုယ့်အိမ်ရှေ့မှာ ကိုယ့်အမည်မှာ သခင်လို့ တပ်ပြီး ဆိုင်းဘုတ်ချိတ်ကြတယ်။
သခင်အစ ဝက္ကသေးကလို့ ပြောရမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ လူမျိုးတွေ ကျွန်စိတ်က လွတ်မြောက်အောင်၊ ကျွန်ဘဝကို စက်ဆုတ်အောင် တကယ် စတင်ကြိုးစားခဲ့သူကတော့ သခင်ဘသောင်းဖြစ်ပါတယ်။ အမှန်တကယ် မှာတော့ သခင်အစ သခင်ဘသောင်းကလို့ သာ မော်ကွန်းထိုးရမှာ ဖြစ်ပါတယ်။


သခင်အခေါ်အဝေါ် ပေါ်ပေါက်လာပုံ

၁။မြန်မာလူမျိုးဆိုတာ ကိုယ့်တိုင်းပြည် ကိုယ့်ထီးနန်းနဲ့ နေခဲ့တဲ့ လူမျိုးတွေ ဖြစ်တယ်။
၂။မြန်မာ လူထုဟာ မြန်မာနိုင်ငံရဲ့ မူလပိုင်ရှင်တွေ ဖြစ်တယ်။
၃။အင်္ဂလိပ်လူမျိုး ဘုရင်ခံ၊ အရေးပိုင်၊ မြို့ပိုင် စတာတွေက လခစားတွေ တနည်းပြောရရင် အခွန်ပေးဆောင် နေရတဲ့ လူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက်ပေး ရမယ့် ပြည်သူ့အစေခံ (Government Servant) တွေသာ ဖြစ်တယ်။ ထိုကြောင့် အခွန် ထမ်း ပြည်သူတွေသာ အရှင်သခင်တွေ ဖြစ်တယ်လို့ ယုံကြည်တဲ့ သခင်ဘသောင်း ဟာ သူ့ ကိုယ်သူ သခင်လို့ အမည်တပ်ခဲ့ပြီး သူနဲ့ ယုံကြည်ချက်တူသူ တွေကိုလည်း စည်းရုံးခဲ့ ပါတယ်။ အဲဒီ စုစည်းမှုကနေ ဒို့ဗမာ အစည်းအရုံးကြီး ပေါ်ပေါက်လာခဲ့ပြီး ၊ အဲဒီအစည်းအရုံး ကြီးက မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့အထိ ဦးဆောင်မှု ပေးခဲ့ပါတယ်။
ကျွန်တော်တို့၏ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပင် သူ့ကိုယ် သူ သခင်အောင်ဆန်းဟု အမည်တပ်ကာ နိုင်ငံရေး လှုပ်ရှားမှုများကို ဦးဆောင်ခဲ့ပြီး မြန်မာ့ လွတ်လပ်ရေးရသည် အထိ ဆောင်ရွက်ပေးခဲ့သည်ကို အများ အသိပင် ဖြစ်ပါ သည်။

သခင်စိတ်ဓါတ် သခင်အကျင့်

ဒို့ဗမာ အစည်းအရုံးကြီး စတင်တည်ထောင်လို့ သိပ်မကြာခင်မှာ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက် တခုတွင် “ လိမ္မာ သည် ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိနည်းခြင်း၊ ဒူးတုန်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အမေနှင့် ငါမာလျှင် ပြီးရော ဆိုသော စိတ်ရှိခြင်း၊ ကိုယ့်ကိုကိုယ်မှ မှတ်တတ်ခြင်း၊ ကိုယ့်အိမ်ကိုမှ အိမ်မှတ်တတ်ခြင်း၊ ကိုယ့်အကျိုး စီးပွါး တစ်ခုတည်းကိုသာ ကြည့်ခြင်း၊ ရှေ့လာမည့် ဘေးကို စည်းလုံး၍ ခုခံ ရမှန်း မသိခြင်း ဖြစ်ပါမူ။ အို …အချင်းတို့ ၊ ငါတို့သည် မလိမ္မာလိုပါ ၊ မိုက်သာမိုက် လိုပါ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့ မိုက်ပါရစေ” ဟု ဖေါ်ပြခဲ့ပါသည်။
သခင်တို့၏ ခရီးစဉ်သည်လည်း ပန်းခင်းလမ်း မဟုတ်ခဲ့ပါ။ အုပ်စိုးနေသူများ၏ အညှိုးထား ဖိနှိပ်မှု အမျိုးမျိုးကို ခါးစည်း ရင်ဆိုင်ခဲ့ရသလို ကျွန်စိတ်ရှိသူများ၏ တိုက်ခိုက်ရှုံချမှု၊ ပူးပေါင်း ဖိနှိပ်မှု၊ ကျွန်ဘဝတွင် အခွင့်အရေး များစွာရနေသူတို့၏ တိုက်ခိုက်မှု၊ ကျွန်ဖြစ်နေရခြင်းကို မသိနားမလည်သူများ၏ ဆန့်ကျင်မှု အမျိုးမျိုးကို ရင်ဆိုင်ခဲ့ ကြရပါသည်။ ထို့အတူ ခပ်ကြောင်ကြောင် အယူအဆဟုထင်မြင်သော သူများ၏ လှောင်ပြောင်မှုများ ကိုပါ ရင်ဆိုင်ခဲ့ ရပါသည်။ ထိုသို့သော ဖြစ်ရပ်များတွင် မိရင်း ဘရင်းများနှင့်ပင် ရင်ဆိုင် ခဲ့ရသော အဖြစ်များ ပင် ပါဝင်ခဲ့သော်လည်း သခင်များသည် ကျွန်မခံလိုသော သခင် စိတ်ဓါတ်ဖြင့် ရဲဝန့်စွာ ရင်ဆိုင်ခဲ့ကြရပါသည်။ ထိုရဲဝန့်ခိုင်မာ ပြတ်သားသော စိတ်ဓါတ်တို့သည်ပင် မြန်မာ့ လွတ်လပ်ရေး၏ အခြေခံအုတ်မြစ် ဖြစ်ခဲ့ရပါသည်။


စစ်အုပ်ချုပ်ရေးမှ စစ်ကျွန်ပြုရေးသို့

၁၉၆၂ ခုနှစ် စစ်တပ်မှ အာဏာသိမ်းခဲ့ချိန်မှ စ၍ အရပ်ဘက်အရေးပါသော လုပ်ပိုင်ခွင့် အားလုံးကို စစ်ဗိုလ်များက အဓ္ဓမ သိမ်းယူခဲ့ကြသည်။ ဆိုရှယ်လစ် အယောင်ပြ လမ်းစဉ် ပါတီ၏ ထိပ်ပိုင်းနှင့် အရပ်ဘက် တာဝန်ကြီးများ အားလုံးကို အရပ်ဝတ် စစ်သားများဖြင့် အစားထိုးခဲ့ရာမှ လုပ်ပိုင်ခွင့် အာဏာများအပေါ် သာယာလာသော စစ်ခေါင်းဆောင်များ သည် အာဏာကို အမြဲချုပ်ကိုင်ထားနိုင်ရန် အမျိုးမျိုး ကြိုးစားလာခဲ့ကြသည်။ အကျင့် ပျက် ခြစားမှု အမျိုးမျိုးတို့သည်လည်း ထိုအချိန်မှစ၍ ဆိုးရွားစွာ အစပြုလာခဲ့သည်။ အဆိုး ဆုံးမှာ တိုင်းပြည်အတွက် လွန်စွာ အရေးကြီးသော တရားစီရင်ရေး မဏ္ဍိုင်ကိုပါ ဝင်ရောက် စွက်ဖက် လွှမ်းမိုးခဲ့ရာ တရားဥပဒေ အပေါ်မှ လူသားများ ဖြစ်လာခဲ့ကြသည်။
၈၈၈၈ အရေးတော်ပုံကြီးကြောင့် မဆလ အရေခြုံ စစ်ပါတီကြီး ပြုတ်ကျခဲ့ ရသော် လည်း ပြည်သူတို့၏ ဆန္ဒနှင့်ဆန့်ကျင်ကာ စစ်အာဏာသိမ်း ခဲ့ကြပြန်သည်။ ထိုမှတဖန် ထာဝရ အာဏာတည်မြဲရေးအတွက် နည်းလမ်းရှာခဲ့ကြပြီး စစ်ကျွန်ပြုရေး Road Map ၇ချက် ကို ချမှတ်ခဲ့ကြသည်။ ထို Road Map ၏ အဓိက ရည်ရွယ်ချက်မှာ တတ်နိုင်သမျှ အချိန် ဆွဲရေးနှင့် အလုံးစုံ စစ်ကျွန်ပြုရေးသာ ဖြစ်သည်။

Road Map ၏ အဓိကရည်မှန်းချက်

၈၈ အရေးအခင်းကြီးကြောင့် စစ်အာဏာသိမ်းကာ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရ သော် လည်း ထင်သလို မဖြစ်ပဲ NLD မှ အပြတ်အသတ် နိုင်သွားသည့်အခါ အာဏာလွှဲ မပေးရ ရေးအတွက် နည်းမျိုးစုံဖြင့် အချိန်ဆွဲရာတွင် အပြကောင်းအောင် လမ်းကြာင်းတခု အနေဖြင့် Road Map ကို ဖေါ်ထုတ်လိုက်ခြင်းသာ ဖြစ်သည်။ ၁၄နှစ်ကြာအောင် အချိန် ဆွဲခဲ့သည့် ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တိုင်းပြည်အား စစ်တပ်မှ အမြဲချုပ်ကိုင် ကျွန်ပြုနိုင်ရန် အချက်အလက်များကို စနစ်တကျ ထည့်သွင်း ရေးဆွဲခဲ့ပြီး ။ လူပေါင်း သန်းချီ သေကြ ပျက်စီးခဲ့ရသည့် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး တပါတ်အကြာတွင် မဲလိမ်ကာ အတည်ပြု ခဲ့သည်။
ထိုအခြေခံ ဥပဒေအရ လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် ယူနီဖေါင်းဝတ် စစ်ခေါင်းဆောင်နှင့် အရပ်ဝတ် စစ်ခေါင်းဆောင်များက တရားမဝင် အာဏာသိမ်း စစ်အစိုးရ အဖြစ်မှ တရားဝင် အစိုးရအဖြစ် မျက်လှည့်ပြကာ တိုင်းပြည်ကို စစ်ကျွန်ပြုတော့မည် ဖြစ် သည်။

၂၀၁၀ ရွေးကောက်ပွဲ၏ ရိုက်ခတ်မှုများ

အင်္ဂလိပ်ခေတ် ဒိုင်အာခီ အုပ်ချုပ်ရေးကို ကာလကို ပြန်သတိရစရာပင် ဖြစ်သည်။ “ငွေငါးထောင် အစာ ဒုလ္လဘရယ်ကြောင့် ပြည်အားတောင် မဖြုန်သပရယ်လို့ မဟာသူပုန် ထခဲ့တဲ့ အရေးတတ်တွေ အမွှေးခပ်ရှည်ရှည်ရယ်နှင့် အမိုက်ဝါသနာကိုး။ (အရီးစိမ်း ကြီးရယ်) ခွေး အငတ် မပြေ တပြေတွေမှာဖြင့် ကိုက်စရာ အရိုး” လို့ အဲဒီအချိန် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ရေးခဲ့တဲ့ “ခွေးဠီကာ” ကို ကြားယောင် မိပါတယ်။ ဒိုင်အာခီ အုပ်ချုပ်ရေး မှာ ရွေးကောက်ပွဲ ဝင်သင့်မဝင်သင့် ကနေ အငြင်းပွါးခဲ့ကြရာက ဂျီစီဘီအေ အသင်းကြီး အစိတ်စိတ် အမွှာမွှာ ကွဲတော့တာပါပဲ။ အင်္ဂလိပ်က ၅၀၀၀ စား၊ ၄၀၀၀ စားက စလို့ ၅၀၀စား၊ ၂၅၀ စား စသည်ဖြင့် အရိုး အသီးသီး ချပေးလိုက်တဲ့ အခါ ကွဲကြပုံကို ဆရာကြီးက ရင်နာနာ နဲ့ ခွေးဠီကာကြီးကို ရေးခဲ့ပါတယ်။
အခုဟာက ရွေးကောက်ပွဲ ဥပဒေဆိုတာတောင် မထွက်သေး၊ ဘာပေးမယ် ညာပေးမယ်မှ မသိရသေးပဲတောင် ဟန်ရေးပြင်နေကြတာတွေဟာ အရိုးတောင်မှ မတွေ့ရသေးပဲ၊ အနံလေး နဲနဲ ရရုံနဲ့ သွားရည် တမြှားမြှား ကျနေတာနဲ့ အတူတူပါပဲ။ အခွင့်အရေးလေး နဲနဲရတာနဲ့ ကျွန်သွေးပြကြတဲ့ အကျင့်စရိုက်တွေကြောင့် မြန်မာ့ သမိုင်းမှာ အကွဲအပြဲတွေ အများ ကြီး ဖြစ်ခဲ့ရပြီးပါပြီ။ ဒါ့အပြင် ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏစွဲတွေကြောင့် ကွဲကြပြဲကြတာတွေလဲ အများ ကြီးပါ။ တနည်းပြောရရင် မြန်မာ့ သမိုင်းရဲ့ အရှက်ရစရာ အမဲစက်ကြီး တွေပါပဲ။ ဒီထက်မက ဆိုးတာတခုက မိမိကိုယ်တိုင် အမြှီးပြတ်တာကို မရှက်မကြောက် လှသလို ဟန်ရေးပြ သူများတွေပါ အမြှီးပြတ်ကြအောင် သွေးဆောင် စည်းရုံးနေတာပါပဲ။ ကျွန်တော်တို့ အလိုပြောရရင်ဖြင့် အရိုးကိုက်ချင်တာဖြင့် အမြင်ကောင်းအောင် အကြောင်းတွေ ပြမနေပဲ ၊ ပြေးသာကိုက်လိုက်ပါလို့ ပြောချင်တာပါပဲ။ သူများတွေလဲ အနှောင့်အယှက် မဖြစ်တော့ ဘူးပေါ့။

ကျွန်စော်နံပြန်လိုက်ပါဦး

သူ့ကိုယ်သူ အနော်ရထာ ဝင်စားတယ်လို့ ရှုးနှမ်းစွာ ထင်နေတဲ့ စစ်အာဏာရှုး မှူးကြီး သန်းရွှေကတော့ အာဏာလွှဲ မပေးရရေး၊ စစ်ဘုရင်ကြီးဘဝနဲ့ အနော်ရထာ အိမ်မက်ကြီး ဆက်မက်ဖို့ တိုင်းပြည်ရဲ့ သယံဇာတနဲ့ တွင်းထွက်ပစ္စည်းတွေ၊ တိုင်းပြည်မှာ မတရား အမြတ် ထုတ် စီးပွါးရေး လုပ်ခွင့်တွေနဲ့ ကမ္ဘာ့ နိုင်ငံ အသီးသီးကို စည်းရုံးနေပါပြီ။ လူသား ကျင့်ဝတ် ကို မစောင့်စည်းနိုင်တဲ့၊ လူကို လူလို တန်ဘိုးထားရမှန်း မသိတဲ့ နိုင်ငံ အချို့လဲ သူတို့ဘက်ပါ ကောင်းပါနိုင် ပါလိမ့်မယ်။
ဘုရင်ရှုးရှုးဖို့ဆိုတာ အရှုးဘုံမြှောက်ပေးမယ့် ငယ်ကျွန်ကြီးငယ် များစွာလဲ ထပ်လိုနေ ပါသေး တယ်။ အဲဒီအတွက်လဲ အရိုးကြီးငယ် များစွာ အဆင်သင့် ပြင်ထားပြီးလောက်ပါပြီ။ အင်္ဂလိပ် ကိုလိုနီခေတ်ကထက် ခေတ်မှီစွာ ကားပါမစ်၊ ဖုန်း၊ မြေကွက် စတာတွေ အပြင် သူတို့ကို မထိခိုက်ရင် ပြည်သူလူထုတွေကို အနိုင်ကျင့် ဖိနှိပ်ခွင့် အရေးတွေ စတာတွေလဲ ပါနိုင်ပါ တယ်။ အခု အနံလေး ပေးထားပေမယ့် မကြာခင်မှာ သူတို့ စိတ်တိုင်းကျ ရေးဆွဲထား တဲ့ ရွေးကောက်ပွဲ ဥပဒေတွေနဲ့ အတူ ထုတ်ဖေါ်ပြလာ ပါလိမ့်မယ်။
ပြန်ကြမယ်ဆို အထုတ်ပြင် ပြန်နိုင်ပါတယ်။ အဲဒီအတွက် ဘယ်လိုပဲ အကြောင်းပြပြ တချိန်ကျရင် သမိုင်းအမှန် ပေါ်လာမှာပါ။ ကိုလိုနီခေတ်တုန်းက အကြောင်းအမျိုးမျိုးပြ ရာထူးနောက် လိုက်ကြသူတွေဟာ အဲဒီ အချိန်က သူတို့ အကြောင်းပြချက်တွေ အောင်မြင်ရင် အောင်မြင်ခဲ့မှာ ဖြစ်ပေမယ့် ၊ယနေ့ခေတ်မှာတော့ သူတို့ဟာ အာဏာရှုး သူတွေ ၊ တိုင်းပြည်ကို သစ္စာဖေါက်ခဲ့ သူတွေအဖြစ် သမိုင်းရေး ခံနေရပါပြီ။
ခွဲရေးတွဲရေး တရားပွဲ တခုမှာ ခွဲရေး တွဲရေးနှင့်ပါတ်သက်ပြီး သခင်ဘသောင်း ဆွေးနွေးခဲ့တာ တခုကို တင်ပြလိုပါသည်။ “ခွဲရေးဖြစ်စေ၊ တွဲရေးဖြစ်စေ အင်္ဂလိပ် နယ်ချဲ့သမား လက်အောက် ခံချည်း ဖြစ်တယ်။ ကျွန်နဲ့ ဒါသ စကားလုံး ခြား နားသော်လည်း တစ်မျိုးတည်း ဖြစ်သလို ကျွန်ဟာ ကျွန်ပဲဖြစ် တယ်။ ဒီခွဲရေး တွဲရေး ပြဿနာရဲ့ အဓိပ္ပါယ်ကတော့ အင်္ဂလိပ် နယ်ချဲ့ အစိုးရက သူရဲ့ ဘယ်ဘက်ဖိနပ် အောက်မှာနေမလား၊ ညာဘက် ဖိနပ်အောက်မှာ နေမလားလို့ မေးတဲ့သဘောပါပဲ။ ဒါကြောင့် ကျုပ်တို့ သခင်တွေ သဘော ကို ပြောရရင် သတိုးမင်းဖျားက နာမည်ကျော် သူခိုးကြီး ငတက်ပြားကို ဖမ်းမိတော့ “မောင်မင်းကို သံလျှက်နဲ့ ခုတ်သတ်တာကြိုက်လား၊ လှံနဲ့ ထိုးသတ်တာကြိုက် လား မေးတော့ ငတက်ပြားက “ငါ့အကြိုက်ပြောရရင် သံလျှက်ရော လှံပါ ဘယ်ဟာမှ မကြိုက်။ အသင်မင်းကြီးရဲ့ မိဘုရားခေါင်ကြီး စောဥမ္မာကိုသာ ကြိုက်တယ်” လို့ ပြောခဲ့ သလို ခွဲရေးလဲ မကြိုက်၊ တွဲရေးလဲမကြိုက် အင်္ဂလိပ် နယ်ချဲ့အောက်က လုံးဝ လွတ်မြောက်ရေးကိုသာ ကြိုက် ပါတယ်လို့ ရဲရဲတောက် ဆွေးနွေးခဲ့ဘူးပါတယ်။
ကျွန်တော်တို့ သဘောကလည်း ထိုသို့ တထပ်တည်း ဖြစ်ပါတယ်။ “တရားမဝင် အာဏာ သိမ်းထားတဲ့ စစ်အာဏာရှင် တွေကိုလဲ မကြိုက်၊ တရားဝင် စစ်ကျွန်ပြုမယ့် ယူနီဖေါင်းချွတ် အာဏာရှင် တွေကိုလဲ မကြိုက်။ စစ်မှန်၍ တရားမျှတသော ဒီမိုကရေစီ နိုင်ငံတော်ကြီး ကိုသာ ကြိုက်ပါတယ်။” အမြင်မတူလို့ ရတာလေး ယူချင်သူတွေကို စကားတခွန်း ပါးလိုက်ချင်တာ ကတော့ “ကျွန်စော်နံ ခံလိုက်ပါဦး (သို့မဟုတ်) ကျွန်စော်နံ ပြန်လိုက်ပါဦး” ဟူ၍ပင် ဖြစ်ပါသည်။ အချိန်တန်လျှင် သမိုင်းက စကားပြောပါ လိမ့်မည်။


D-Wave



ကိုးကား- ဒို့ဗမာ အစည်းအရုံးသမိုင်း။
-တင်မောင်သန်း၏ သခင်စိတ်ဓါတ် သခင်အကျင့် ဆောင်းပါး။