သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, July 22, 2011

အိန္ဒိယ အရှေ့မျှော်ဝါဒ လားရာ

အိန္ဒိယ အရှေ့မျှော်ဝါဒ လားရာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒဟာ မဟာဗျူဟာအရ အရေးကြီးပြီး၊ မြန်မာနဲ့ ဆက်ဆံရေးအတွက်ပါ အရေးပါတဲ့ မူဝါဒပါ။ ဒီဝါဒကို စစ်အေးတိုက်ပွဲနောက်ပိုင်း ချမှတ်ခဲ့ပြီး အိန္ဒိယရဲ့ အဓိကကျတဲ့ နိုင်ငံခြားရေး မူဝါဒ ဖြစ်လာပါတော့တယ်။ ၁၉၉၁ ခုနှစ် အိန္ဒိယဝန်ကြီးချုပ် ပီဗီ နာရာဆင်ဟာဝရောင်း အစိုးရလက်ထက်မှာ ချမှတ်ခဲ့တာပါ။ အရှေ့တောင်အာရှ၊ အရှေ့အာရှ နိုင်ငံတွေနဲ့ စီးပွားရေးအရ၊ မဟာဗျူဟာအရ ထိတွေ့ဆက်ဆံပြီး အိန္ဒိယရဲ့ ကမ္ဘာ့အမြင် မဟာဗျူဟာ အရွေ့လို့ ယူဆပါတယ်။  မစ္စတာဝရောင်းနောက်ပိုင်း ဝန်ကြီးချုပ်တွေဖြစ်တဲ့ ဘတ်ဂ်ျပါယီး၊ လက်ရှိဝန်ကြီးချုပ်
 ဒေါက်တာမန်မိုဟန်ဆင်းက ဆက်ကိုင်စွဲပြီး အကောင်အထည် ဖော်ပါတယ်။

အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေဟာ ဆင်းရဲနွမ်းပါးမှု၊ ခိုးကိုးရာမဲ့မှု၊ ခေတ်နောက်ကျမှု၊ မဖွံ့ဖြိုးမတိုးတက်၊ မတည်ငြိမ်မှုတွေ ရှိနေပါတယ်။ ဒီပြည်နယ်တွေရဲ့ ဆိုးဝါးနိမ့်ကျတဲ့ အခြေအနေတွေနဲ့ တိုင်းပြည်အနာဂတ် နိုင်ငံရေး၊ စီးပွားရေး၊ သြဇာနယ်ပယ်ကို ပြောင်းလဲချဲ့ထွင်ဖို့အတွက် အရှေ့မျှော်ဝါဒဟာ တဖြည်းဖြည်းနဲ့ အရေးပါလာခဲ့တာပါ။
 နောက်တချက်က တရုတ်နိုင်ငံရဲ့ ကြီးမားကျယ်ပြန့်လာတဲ့ သြဇာအာဏာကို ပြန်ထိန်းညှိနိုင်ဖို့ လက်တွေ့ကျတဲ့ မူဝဒါအဖြစ်ပါ အများက မှတ်ယူကြပါတယ်။ ပင်မမူဝါဒအဖြစ်တောင် ဆိုနိုင်တယ်။ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ မဟာဗျူဟာသမားတွေကလည်း ဒီအရှေ့မျှော်ဝါဒအပေါ် ဆွေးနွေးဝေဖန် အကြံပြုတာတွေ၊ လေ့လာသုံးသပ်တာတွေ အထပ်ထပ် လုပ်ကြပါတယ်။

၁၉၆၂ ခုနှစ် တရုတ်-အိန္ဒိယ နယ်စပ်စစ်ပွဲပြီးကတည်းက
အိန္ဒိယဟာ တချိန်တုန်းက မြန်မာပြည်သူတွေ ရဲ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံ
အားပေးတဲ့ နိုင်ငံပါ။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်က စပြီး မြန်မာစစ်အုပ်စု အပေါ် တောက်လျှောက် ကိုင်စွဲခဲ့တဲ့ မပူးပေါင်းရေး၊ ဆန့်ကျင်ရေး မူဝါဒဟာ ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်က စပြီး အိန္ဒိယဟာ မြန်မာစစ်အုပ်စုကို ဝေဖန်
 ထောက်ပြတာတွေ ရပ်တန့်ပြီး ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ခဲ့ပါတယ်။
ဒီနှစ်နိုင်ငံဟာ တောင်အာရှနဲ့ အရှေ့အာရှဒေသတွင်းမှာ မဟာဗျူဟာအရ ပြိုင်ဘက်တွေ ဖြစ်လာပါတယ်။ တရုတ်က အိန္ဒိယရဲ့ အိမ်နီးချင်းနဲ့ ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ ပါကစ္စတန်နဲ့ ကုန်သွယ်ရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ အနီးကပ် ဆောင်ရွက်လာပြီး မြန်မာ၊ နီပေါနဲ့ ဘင်္ဂလာဒေ့ခ်ျကို လွှမ်းမိုးဖို့ ကြိုးစားလာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် တရုတ်မှာ တိန့်ရှောင်ဖိန် အာဏာရပြီးနောက် အာရှနိုင်ငံတွေကို လက်ဝဲဝါဒအခြေခံမူအပေါ် အခြေခံတဲ့ ဆက်ဆံရေးပုံစံထက် စီးပွားရေးနဲ့ ကုန်သွယ်ရေးကို အခြေခံတဲ့ ဆက်ဆံရေး မူဝါဒကို ပိုမိုလုပ်ဆောင်လာခဲ့ပါတယ်။ တချိန်က မြန်မာအစိုးရကို တိုက်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ - ဗကပ ကို လူအား၊
 ငွေအား၊ လက်နက်အား ကူညီခဲ့တဲ့ တရုတ်နိုင်ငံဟာ နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားလာခဲ့ပါတယ်။

တရုတ်ရဲ့ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ စီးပွားရေးအရ၊ မဟာဗျူဟာအရ သြဇာနယ်ပယ်ချဲ့ထွင်လာနေမှုကို ဟန့်တားနိုင်ဖို့ အိန္ဒိယဟာ စစ်အေးကာလတုန်းက ကိုင်စွဲခဲ့တဲ့ မူဝါဒတွေ၊ လုပ်ရပ်တွေကို စွန့်လွှတ်ခဲ့ပါတယ်။ အဲဒီနောက် အရှေ့မျှော်ဝါဒကို စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ တခြားအာရှနိုင်ငံတွေကို စီးပွားရေး ကုန်သွယ်ရေးအရ ပိုမိုနီးစပ်အောင်၊ မဟာဗျူဟာအရ လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ယဉ်ကျေးမှုအရ သမိုင်းနောက်ခံအရ နီးစပ်မှုတွေ အားဖြည့်လုပ်ဆောင်ခဲ့ပါတယ်။ တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေးနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ ဒေသတွင်း ဈေးကွက်တခု ဖြစ်လာဖို့၊ နောက်ထပ်ချဲ့ထွင်ဖို့ ကြိုးပမ်းလာခဲ့ ပါတယ်။ ဒါ့အပြင် တရုတ်နဲ့ ဆက်နွယ်နေတဲ့ နိုင်ငံတွေနဲ့  မဟာဗျူဟာအရ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ကိုလည်း လုပ်လာခဲ့ပါတယ်။ ဒီမူဝါဒရဲ့ အကျိုးဆက်အရ အိန္ဒိယ-မြန်မာ ဆက်ဆံရေးပုံစံဟာ အကြီးအကျယ်
 ပြောင်းလဲ လာစေတော့တာပဲ ဖြစ်ပါတယ်။

အိန္ဒိယဟာ တချိန်တုန်းက မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံအားပေးတဲ့ နိုင်ငံပါ။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်ကစပြီး မြန်မာစစ်အုပ်စုအပေါ် တောက်လျှောက်ကိုင်စွဲခဲ့တဲ့ မပူးပေါင်းရေး၊ ဆန့်ကျင်ရေး မူဝါဒဟာ
 ပြောင်းလဲခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး အိန္ဒိယဟာ မြန်မာစစ်အုပ်စုကို ဝေဖန်ထောက်ပြတာတွေ ရပ်တန့်ပြီး ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဖြစ်လာတဲ့အချိန် အိန္ဒိယက မြန်မာ့အရေးကို စောင့်ကြည့်ခဲ့ပါတယ်။ ပြည်တွင်းရေး ဝင်မစွက်လိုဘူး၊ ဒီမိုကရေစီထွန်းကားဖို့
 မြန်မာပြည်သူတွေကပဲ ဆောင်ရွက်ရမယ်လို့ ပြောခဲ့ပါတယ်။ အိန္ဒိယရဲ့ မြန်မာအပေါ် ထိတွေ့ဆက်ဆံတာက
 နိုင်ငံတကာ အလယ် စစ်အစိုးရအပေါ် ဝေဖန်မှုတွေ လျော့ကျစေခဲ့ပါတယ်။

တရုတ်ကို ဟန့်တားဖို့၊ ကုန်းတွင်းပိတ် ပြည်နယ်တွေ ပင်လယ်ထွက်ပေါက်ရဖို့၊ အရှေ့တောင်အာရှနဲ့ အရှေ့အာရှ
 နိုင်ငံတွေကို ကုန်ပစ္စည်းတွေ တင်ပို့ဖို့အတွက် မြန်မာဟာ အိန္ဒိယအတွက် မရှိမဖြစ် နိုင်ငံဖြစ်လာနေပါပြီ။ ဒါကြောင့် အိန္ဒိယ အနာဂတ်ခရီးကို စတင်ဖို့ ပထမဆုံးတွေ့တဲ့ နိုင်ငံကတော့ မြန်မာပါပဲ။ လက်ရှိမှာ မြန်မာရဲ့ စတုတ္တအများဆုံး ကုန်သွယ်ဘက်က အိန္ဒိယပါ။ မြန်မာကို မဆက်ဆံမပေါင်းသင်းဘဲ အိန္ဒိယဟာ သူ့အရှေ့မျှော် ဝါဒကို ဘယ်လိုမှ
 ရှေ့ဆက်တိုးလို့ မရနိုင်ပါဘူး။ ဒါကြောင့် မြန်မာပြည်ဟာ အိန္ဒိယရဲ့ မဟာဗျူဟာ တခုလုံအးတွက် အရေးပါတဲ့ အနေအထားအထိ ရောက်လာခဲ့ပါတယ်။ အိန္ဒိယဆက်ဆံထိတွေ့လိုတဲ့ နိုင်ငံတွေဆီ အရောက်သွားဖို့ ပထမဦးဆုံး တံတားအဖြစ် မြန်မာက ရှိနေတာပါ။ တရုတ်က မြန်မာကို မဟာဗျူဟာ မိတ်ဖက်အဖြစ် တိုးမြှင့်ဆက်ဆံသလို၊ အိန္ဒိယကလည်း သူ့မဟာဗျူဟာနိုင်ငံအဖြစ် ဆက်ဆံလိုတဲ့ ဆန္ဒရှိပါတယ်။ မြန်မာဟာ အရှေ့အာရှ၊ အရှေ့တောင် အာရှနဲ့ တောင်အာရှ ၃ ခုဆုံရာမှာ တည်ရှိနေတဲ့အတွက် ပထဝီအနေအထားအရ အရေးပါတဲ့ နိုင်ငံပါပဲ။

တနည်းအားဖြင့်ဆိုရင် မြန်မာနဲ့ပတ်သက်တဲ့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒဟာ မြန်မာကို တရုတ်ရင်ခွင်ထဲကနေ
ဆွဲထုတ်ပြီး သူ့ရင်ခွင်ထဲ ရောက်လာအောင် ဆောင်ရွက်ရေးနဲ့ မြန်မာကို သူတို့ရဲ့ တံခါးပေါက်တခုသဖွယ် အသုံးပြုနိုင်ရေးပဲ ဖြစ်ပါတယ်။ ဆက်ဆံတဲ့နေရာမှာ အိန္ဒိယရဲ့ အားနည်းချက်ကတော့ တရုတ်လို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗီဆိုအာဏာ မရှိတာဘဲ ဖြစ်ပါတယ်။

အိန္ဒိယဟာ မြန်မာ-တရုတ် ဆက်ဆံရေးတိုးမြှင့်လာတာကို သိပ်သဘောမတွေ့ပါဘူး။ အရှေ့မျှော်ဝါဒ အောင်မြင်ဖို့
 မြန်မာအစိုးရနဲ့ ပေါင်းသင်းဆက်ဆံနေရတာပါ။ ဒါကို သဘောပေါက်တဲ့ မြန်မာအစိုးရကလည်း တရုတ်ကို ထိန်းညှိဖို့ အိန္ဒိယနဲ့ ဆက်ဆံတာပါ။ ဒါကြောင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဆိပ်ကမ်းဆောက်ခွင့် ပေးပြီးတော့ စစ်တွေမှာ အိန္ဒိယကို ဆောက်ခွင့်ပေးထားတာပါ။ အိန္ဒိယ နိုင်ငံရေးလေ့လာသုံးသပ်သူ တချို့က အရှေ့မျှော်ဝါဒ အကောင် အထည်ဖော်ရာမှာ လမ်းပြမြေပုံ မရှိဘူး၊ ဒါကြောင့် မြန်မာနဲ့ ပေါင်းသင်းဆက်ဆံရာမှာ တရုတ်နဲ့ ယှဉ်လိုက်ရင် အမြဲပဲ နောက်ကောက်ကျနေတယ်လို့ ဝေဖန်ကြပါတယ်။ အိန္ဒိယ-မြန်မာဆက်ဆံရေးမှာ တရုတ်ဟာ အဓိက ဇာတ်ကောင် အနေနဲ့ ရှိနေတယ်ဆိုတာ အိန္ဒိယ သဘောပေါက်ပါတယ်။

မြန်မာဟာ တရုတ်ကို စီးပွားရေးအရရော၊ စစ်လက်နက်ပစ္စည်းအရပါ မီခိုနေတာဟာ အိန္ဒိယ ရေရှည် အကျိုးစီးပွား
ကို ထိခိုက်စေတယ်လို့ အိန္ဒိယက တွက်ဆပါတယ်။ ဒါကြောင့် မြန်မာနဲ့ တိုးမြှင့်ဆက်ဆံတာတွေ လုပ်ခြင်းအားဖြင့် တရုတ်ရဲ့ ဒေသတွင်း ကျယ်ပြန့်လာနေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးသြဇာကို လျှော့ချနိုင်မယ်လို့ ယူဆထား
တာပါ။ တရုတ်ကတော့ အိန္ဒိယ အရှေ့မျှော်မူဝါဒကို အလုပ်မဖြစ်လို့ပဲ မြင်ပါတယ်။ တရုတ်မီဒီယာတွေကလည်း
အိန္ဒိယ အရှေ့မျှော်ဝါဒဟာ မကြာမီ အဖျားရှူးမယ့်၊ ကျဆုံးသွားမယ့် မူဝါဒအဖြစ် ဝေဖန်ပါတယ်။ ဒီဝါဒဟာ အိန္ဒိယ
က တရုတ်ကို ကြောက်လို့ ပေါ်လာတာပါ။ တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကို နားမလည်ဘူးလို့လည်း တရုတ် အင်တာနက်သတင်းဌာနရဲ့ ဆောင်းပါးရှင်တဦးက ဆိုပါတယ်။ အိန္ဒိယကတော့ သူ့ဝါဒဟာ တရုတ်နဲ့လည်း
 ပြန်လည်သင့်မြတ်စေချင်တဲ့ အပိုင်းတွေ ပါဝင်တယ်လို့ ဆိုခဲ့ပါတယ်။

အတိတ်ကာလမှာ တရုတ်ရေတပ်ဟာ ပစိဖိတ်သမုဒ္ဒရာထဲ လှည့်လည်သွားလာနေပေမယ့် အခုအခါမှာတော့ အိန္ဒိယ သမုဒ္ဒရာထဲရှိ မြန်မာ၊ ပါကစ္စတန်၊ သီရီလင်္ကာနဲ့ အီရန်နိုင်ငံတွေမှာ သူတို့ စစ်သင်္ဘောတွေ ဆိုက်ကပ်နိုင်အောင်
 ရေတပ်စခန်းတွေ တည်ဆောက်ဖို့ ကြိုးပမ်းနေတာတွေ ရှိပါတယ်။ အကောင်အထည်လည်း ဖော်နေပါတယ်။
 ကျောက်ဖြူဆိပ်ကမ်းဆိုရင် တရုတ်စစ်သင်္ဘောတွေ တရားဝင်ဆိုက်ကပ်ခွင့်ကို ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်မှာ သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးပါပြီ။ တရုတ်ရဲ့ အိန္ဒိယသမုဒ္ဒရာကို လွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ ခြေလှမ်းတွေကို အိန္ဒိယကလည်း ပြန်လည်ဟန့်တားနိုင်ဖို့ ပင်လယ်ပြင် ကာကွယ်ရေး တည်ဆောက်ဖို့နဲ့ အိန္ဒိယ သင်္ဘောတွေအတွက်
 ရေတပ်သုတေသနဌာနသစ်တခု တည်ဆောက်ရေး စီမံကိန်းတွေကို ဒီနှစ် ဇန်နဝါရီမှာ စတင် အကောင်အထည်
 ဖော်နေပါပြီ။

အရှေ့မျှော်ဝါဒ အကောင်အထည်ဖော်တဲ့အခါ တခြားနိုင်ငံတွေနဲ့လည်း ဆက်ဆံရေး ကောင်းမွန်ဖို့၊ ကုန်သွယ်ရေး တိုးမြှင့်ဖို့ အိန္ဒိယ ကြိုးပမ်းတာပါ။ ဒေသတွင်း အဖွဲ့အစည်းတွေမှာလည်း အိန္ဒိယဟာ ပိုပြီးတော့ တက်တက်ကြွကြွ ပါဝင်လာတာ တွေ့လာရပါတယ်။ ဘင်္ဂလာဒေ့ခ်ျ၊ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ထိုင်း၊ ဘူတန်နဲ့ နီပေါ ပါဝင်တဲ့ BIMSTEC ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘာဒီးယား၊ ထိုင်း၊ အိန္ဒိယနဲ့ မြန်မာ ပူးပေါင်းဆောင်ရွက်တဲ့ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ ဦးဆောင်ဦးရွက် ပူးပေါင်းဆောင်ရွက်နေသလို အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ အာရှပစိဖိတ် စီးပွားပူးပေါင်းဆောင်ရွက်ရေး APEC မှာ အဖွဲ့ဝင်ဖြစ်ရေး စတဲ့ ဒေသတွင်း၊
 နိုင်ငံတကာမှာပါ တဖြည်းဖြည်း ခြေဆန့်ဖို့ ကြိုးပမ်းနေပါတယ်။

အိန္ဒိယဟာ သူ့ကုန်သွယ်ရေးကွန်ယက် ပိုမို ကျယ်ပြန့်လာဖို့
ဒီဝါဒဟာ အိန္ဒိယက တရုတ်ကို ကြောက်လို့
 ပေါ်လာတာပါ။တရုတ် ပြည်သူ့လွတ်မြောက်
 ရေး တပ်မတော်ကို နားမလည်ဘူးလို့လည်း တရုတ် အင်တာနက်သတင်းဌာနရဲ့ ဆောင်းပါး ရှင် တဦးက ဆိုပါတယ်။ အိန္ဒိယကတော့ သူ့ဝါဒဟာ တရုတ်နဲ့လည်း ပြန်လည် သင့်မြတ်
 စေချင်တဲ့ အပိုင်းတွေ ပါဝင်တယ်လို့ ဆိုခဲ့ ပါတယ်။
အတွက် ဆက်သွယ်ရေး လမ်းမကြီးတွေကိုလည်း ငွေကုန်
 ကြေးကျခံပြီးတော့ တိုးမြှင့်လုပ်ဆောင်လာပါတယ်။ ဒုတိယကမ္ဘာစစ်က အသုံးပြုခဲ့တဲ့ အိန္ဒိယ-အာသံပြည်နယ်နဲ့ တရုတ်ယူနန်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ ရော့ခ်စတီး ဝတ်လမ်း၊ အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်း တခု ဖြစ်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ ချစ်ကြည်ရေးလမ်း၊ အိန္ဒိယ မဏိပူပြည်နယ် မိုးရေးမြို့ ဆက်သွယ်တဲ့ တမူး-ကလေးဝလမ်း၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ် ဇိုခွားသာနယ်စပ်မှ ချင်းပြည်နယ် ရိဒ်ခေါ်ဒါ မြို့နယ်ခွဲ-တီးတိန်-ကလေးမြို့-
ကလေးဝလမ်း၊ အိန္ဒိယ နာဂလဲန်းပြည်နယ် နန်ပေါင်မြို့ ကနေ မြန်မာနိုင်ငံ ပန်ဆောင်-နန်းယွန်း-ရှင်ဗွေယန်-တနိုင်း-မြစ်ကြီးနား ဆက်သွယ်တဲ့ လီဒိုလမ်းမကြီးတို့ကို တိုးချဲ့ တည်ဆောက်နေပါတယ်။ ဒီလမ်းတွေဟာ အိန္ဒိယရဲ့ မြန်မာ့မြေကို ခြေကုပ်ယူပြီးတော့ တခြားနိုင်ငံတွေနဲ့ ထိတွေ့ ဆက်ဆံဖို့ လမ်းကြောင်းတွေပဲ ဖြစ်ပါတယ်။

အိန္ဒိယက သူ့လမ်းကြောင်းတွေကို တိုးချဲ့လာတဲ့အခါ မြန်မာစစ်အုပ်စုအနေနဲ့ ပြည်တွင်းမှာ လူ့အခွင့်အရေး
ဘယ်လိုပဲ ချိုးဖောက်နေပါစေ၊ ဒီမိုကရေစီအင်အားစုတွေကို ဘယ်လိုပဲ ဖိနှိပ်နေပါစေ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံ
ရမယ် ဆိုပြီးတော့ လက်ခံထားပြီးဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံတာကို အိန္ဒိယမီဒီယာ အသိုင်းအဝိုင်းက အိန္ဒိယရဲ့ ဒီမိုကရေစီအရေးနဲ့ အကျိုးစီးပွားအရေး အားပြိုင်ပွဲလို့ သုံးနှုန်းပြောဆိုကြပါတယ်။ ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံကြီးဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်ဆံပေါင်းသင်းနေတာဟာ အိန္ဒိယအဖို့ ရှက်စရာဆိုပြီးတော့ အိန္ဒိယဒီမိုကရေစီအင်အားစုတွေ၊ အနောက်နိုင်ငံကြီးတွေက ဝေဖန်ကြပါတယ်။ အိန္ဒိယဟာ ဒီမိုကရေစီမူဘောင်ကို စွန့်ခွာပြီးတော့ အကျိုးစီးပွားတခုထဲကိပဲ ကြည့်ပြီးတော့ ဆက်ဆံနေတယ်လို့ ထောက်ပြပြောဆိုတာကိုလည်း အိန္ဒိယအစိုးအရအနေနဲ့ သိပ်ပြီးတော့ ဂရုမစိုက်ပါဘူး။ မြန်မာအစိုးရနဲ့ ဆက်ဆံတာဟာ သူတို့အတွက် လက်တွေ့ ကျတယ်၊ သူတို့မဟာဗျူဟာ တခုလုံးအတွက် အရေးပါတယ်လို့ပဲ မှတ်ယူပါတယ်။

မြန်မာနဲ့ ဆက်ဆံတဲ့နေရာမှာ ကုန်သွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးကို အဓိကအာရုံစိုက် လုပ်ဆောင်ပါတယ်။ နယ်စပ် တလျှောက်ရှိ အိန္ဒိယခွဲထွက်ရေး တော်လှန်ရေး အင်အားစုတွေကို ဖယ်ရှား ရှင်းလင်းချင်တဲ့အတွက် မြန်မာအစိုးရ အကူအညီ လိုအပ်ပါတယ်။ တချို့ခွဲထွက်ရေး အင်အားစုတွေဟာ မြန်မာ့မြေပေါ်မှာ အခြေစိုက်ထားလို့ သူတို့ကို
 နှိမ်နှင်းဖို့အတွက် အိန္ဒိယက မြန်မာကို လက်နက်တွေ ဈေးပေါပေါနဲ့ ထုတ်ရောင်းခဲ့တာတွေ ရှိပါတယ်။

အိန္ဒိယဟာ ၂ဝဝ၅ ခုနှစ်မှာ ရခိုင်ပြည်ကထွက်တဲ့ ဓာတ်ငွေ့တွေကို တင်ဖို့ခွင့်ရဖို့အတွက် သဘောတူညီမှုတွေ ရခဲ့ပေမယ့် ပိုက်လိုင်းဖြတ်သန်းဖို့ ဘင်္ဂလားဒေ့ခ်ျနဲ့ သဘောတူညီမှု မရခဲ့တဲ့အတွက် လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီဓာတ်ငွေ့ကို မြန်မာက တရုတ်ကို ရောင်းချခဲ့ပါတယ်။ မြန်မာဟာ ပထဝီအနေအထားအရ အိန္ဒိယအတွက် အလွန်အရေးပါတဲ့ နိုင်ငံပါ။ အိန္ဒိယဟာ မြန်မာဆီက သဘာဝဓာတ်ငွေ့ရဖို့အတွက် ဆက်ပြီး ကြိုးစားတုန်းပါ။ တချိန်တည်းမှာပဲ သူ့ဖြိုးတိုးတက်ရေးနဲ့အတူ လိုအပ်နေတဲ့ စွမ်းအင်ရဖို့အတွက် ရေအားလျှပ်စစ် စီမံကိန်းတွေမှာ
လည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးဟာ ၁၉၉ဝ ခုနှစ်တုန်းက အမေရိကန် ဒေါ်လာ သန်း ၉ဝ ရှိခဲ့တာကနေ ၂ဝဝ၅ ခုနှစ်မှာ ၅၆၉ သန်းအထိ တိုးလာခဲ့တယ်။ ၂ဝဝ၇-၂ဝဝ၈
ခုနှစ်မှာ ၉၉၅ သန်း ကျော်ခဲ့ပါတယ်။

အစပထမမှာ နှေးသလိုလိုရှိခဲ့တဲ့ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒ လုပ်ငန်းစဉ်တွေဟာ တဖြည်းဖြည်းနဲ့ ခြေလှမ်းကျဲကျဲ လှမ်းလာနေပါပြီ။ အဒီအထဲက အကြီးမားဆုံး စီမံကိန်းတခုက မြန်မာနိုင်ငံရဲ့ အဓိကမြစ်တမြစ်ဖြစ်တဲ့ ကုလားတန် (ခေါ်) ကစ္ဆပနဒီမြစ်ကို အသုံးပြုပြီးတော့ အိန္ဒိယကုန်းတွင်းပိတ် ပြည်နယ်တွေ ပင်လယ်ထွက်ပေါက် ရရှိဖို့၊ အိန္ဒိယရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ပိုမိုသွက်လာစွာ ဆောင်ရွက်နိုင်ဖို့ ကုလားတန်မြစ်ကြောင်း ဘက်စုံ သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးမှုစီမံကိန်းပါပဲ။ ဒီစီမံကိန်းဟာ အရှေ့မျှော်ဝါဒတခုလုံးအတွက် အရေးပါဆုံး စီမံကိန်းလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂ဝဝ၈ ခုနှစ်မှာ မြန်မာ-အိန္ဒိယ စစ်အစိုးရတို့ သဘောတူခဲ့ပါတယ်။ ဒီစီမံကိန်းဟာ အမေရိကန်ဒေါ်လာ သန်း ၁၁ဝ အကုန်အကျခံ တည်ဆောက်မယ့် အိန္ဒိယက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး စီမံကိန်းကြီး တခုလည်း ဖြစ်ပါတယ်။

ဒီစီမံကိန်းအပေါ် အိန္ဒိယက ပုံအောထားကြောင်း အိန္ဒိယ အရှေ့မြောက်ဒေသဆိုင်ရာ ဌာနဝန်ကြီး ဘီကေ ဟန်ဒီကွီက ဆိုပါတယ်။ ဒီစီမံကိန်းမှာ လက်ရှိအသုံးပြုနေတဲ့ စစ်တွေဆိပ်ကမ်းကို တိုးချဲ့တည်ဆောက်ဖို့၊ တန်ချိန် ၆ဝဝဝ ရှိ သင်္ဘောကြီးတွေ ဝင်ထွက်သွားလာနိုင်ဖို့ ကုလားတန်မြစ်ကို ချဲ့ထွင်၊ အနက်တူးပြီး သောင်တွေကို ဖယ်ရှားရှင်းလင်းဖို့နဲ့ ပလက်ဝမြို့နဲ့ မီဇိုရမ်ပြည်နယ်ကို ဆက်သွယ်မယ့် အဝေးပြေးကားလမ်း ဖောက်လုပ်ဖို့တို့ ပါဝင်ပါတယ်။ စစ်တွေ ဆိပ်ကမ်းကို အိန္ဒိယက တည်ဆောက်၊ အသုံးပြု၊ လွှဲပြောင်းစနစ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့် မြန်မာအစိုးရက တည်ဆောက်၊ လွှဲပြောင်း၊ အသုံးပြုဖို့ သဘောတူဆောင်ရွက်ခဲ့ပါတယ်။ စီမံကိန်းတခုလုံးကို ၂ဝ၁၃ မှာ အပြီးသတ် ဆောက်လုပ်မယ်လို့ ဆိုပါတယ်။ စစ်တွေဆိပ်ကမ်း တိုးချဲ့တည်ဆောက်တာနဲ့ ကုလားတန်မြစ်ကြောင်း သောင်တူးဖော်ရေး လုပ်ငန်းတွေကို အိန္ဒိယ ပုဂ္ဂလိကကုမ္ပဏီ ESSAR က တည်ဆောက်မှာပါ။ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေကို ၂ဝ၁ဝ ခုနှစ်ကနေ စတင်အကောင်အထည် ဖော်နေပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်းက လမ်းဖောက် လုပ်ခြင်းတွေကို အိန္ဒိယပုဂ္ဂလိက ကုမ္ပဏီ Ircon က တည်ဆောက်မှာပါ။ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်းတွေကို ၂ဝ၁ဝ ခုနှစ်ကနေ စတင်အကောင်အထည်ဖော်နေပြီး ဒီစီမံကိန်းနဲ့အတူ စစ်တွေမြို့မှာ ဂိုဒေါင် ၂၉ လုံးကို တည်ဆောက်သွားမယ်လို့လည်း သိရပါတယ်။ နောက်ပြီး မြစ်ကြောင်းတလျှောက်ရှိ ဆိပ်ကမ်းငယ်လေးတွေမှာ အရေးပေါ် ဆေးခန်းတွေ ဖွင့်လှစ်ထားရှိဖို့လည်း ပါဝင်ပါတယ်။

ဒီစီမံကိန်းကြောင့် အိန္ဒိယဟာ ကုန်းတွင်းပိတ် အရှေ့မြောက်ပြည်နယ်တွေရဲ့ ပင်လယ်ထွက်ပေါက် ရရှိသွားမှာ၊
 ဖြစ်ပြီးတော့ အရှေ့တောင်အာရှနိုင်ငံတွေကို ထိတွေ့ဆက်ဆံဖို့ လမ်းပွင့်သွားမယ့် အကျိုးကျေးဇူးတွေ  ရရှိလာမှာ
 ဖြစ်ပါတယ်။ ဒီစီမံကိန်းကို အခြေပြုပြီး ရခိုင့်ကမ်းလွန် ပင်လယ်ပြင်ကနေ ထပ်မံထွက်ရှိမယ့် သဘာဝ ဓာတ်ငွေ့တွေ ရယူတင်ပို့နိုင်ဖို့လည်း အိန္ဒိယက မျှော်မှန်းထားပါတယ်။ ဒီစီမံကိန်းကြောင့် အိန္ဒိယဟာ အကျိုးကျေးဇူး အတော်များများ ရရှိဖို့ အလားအလာရှိပေမယ့် မြန်မာပြည်သူတွေရဲ့ ဘဝကတော့ သိပ်ပြီး မျှော်လင့်လို့ ရမယ် မထင်ပါဘူး။ မြန်မာ့ စီးပွားရေး လေ့လာသုံးသပ်သူ တချို့ကတော့ အိန္ဒိယ အရှေ့မျှော်ဝါဒနဲ့ ကုလားတန် စီမံကိန်းကြောင့် မြန်မာနိုင်ငံဟာ ကြားခံကုန်သွယ်ရေးကြောင့် တိုးတက်မူတွေ ဖြစ်လာနိုင်တယ်၊ အိန္ဒိယ တိုးတက်လာရင် မြန်မာဟာလည်း အလိုလိုလိုက်ပြီး တိုးတက်လာမယ်၊ ဒေသခံပြည်သူတွေရဲ့  အလုပ်အကိုင် အခွင့်အလှမ်းတွေ ရလာမယ်လို့ ပြောဆို ကြတာတွေလည်း တွေ့ရပါတယ်။

လက်တွေ့မှာတော့ ဒေသခံပြည်သူတွေ ရရှိတဲ့ အလုပ်အကိုင် အခွင့်အလှမ်းဆိုတာက အုတ်ပြောင်း၊ သဲထမ်း
 အောက်ခြေ အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။ နောက်ပြီး ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့
လည်း ဒီစီမံကိန်းအပေါ် ရွှေဂတ်စ်စီမံကိန်းတို့၊ ထားဝယ် ရေနက်စီမံကိန်းတို့လောက် စိတ်ဝင်တစား မရှိကြဘူးလို့ သိရပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်တဲ့ ရခိုင်မြစ်ချောင်းများ ကွန်ယက်ကတော့ ဒီစီမံကိန်းဟာ
 ဒေသတွင်း ပြည်သူတွေရဲ့ ဘဝကို ထိခိုက်စေနိုင်တယ်လို့ ပြောဆိုတာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ စီမံကိန်း
 ကြောင့် မြစ်ကြောင်းတလျှောက်ရှိ ဒေသခံပြည်သူတွေရဲ့ လက်ရှိ  နေ့စဉ်ဘဝ အလုပ်အကိုင်တွေ ပျက်စီး သွားနိုင်တယ်၊ သင်္ဘောကြီးတွေ ဝင်ထွက်သွားလာမှာ ဖြစ်တဲ့အတွက် မြစ်ကို မှီခိုပြီး လုပ်ကိုင် စားသောက်နေသူတွေရဲ့ ငါးဖမ်းလုပ်ငန်းတွေ ထိခိုက်လာနိုင်တယ်၊ စီမံကိန်း တည်ဆောက်တဲ့အခါမှာလည်း နောက်ဆက်တွဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မြေယာသိမ်းယူမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတွေ ရှိလာမယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး သူတို့အဖွဲ့ရဲ့ တောင်းဆိုချက်
ကုလားတန်မြစ်ကြောင်းတလျှောက်မှာ မြို့နယ် ၆ မြို့နယ်နဲ့ လူဦးရေ ၁ သန်းကျော် နေထိုင်ကြ ပါတယ်။
ကတော့ဒီစီမံကိန်းဆောင်ရွက်တဲ့အခါ အများပြည်သူ ထင်သာမြင်သာ ရှိဖို့ လိုအပ်တယ်၊ ဒေသခံပြည်သူ တွေနဲ့
ညှိနှိုင်း တိုင်ပင် ပူးပေါင်း ပါဝင်မှုတွေ ရှိရမယ၊် စီမံကိန်းရဲ့ အကျိုးကျေးဇူးတွေကို မဖွံ့ဖြိုးမတိုးတက်တဲ့ အသိုင်းအဝိုင်း
 တွေဆီ ဦးတည်ရမယ်၊ စီမံကိန်းမှာ ပါဝင်ပတ်သက်သူတွေ အားလုံး တာဝန်ခံမှု၊ တာဝန်ယူမှုတွေ ရှိရမယ်လို့ ဆိုပါတယ်။

စစ်တွေဆိပ်ကမ်း တိုးချဲ့တည်ဆောက်တဲ့အခါမှာ လက်ရှိအသုံးပြုနေတဲ့ စစ်တွေဆေးရုံကြီး၊ စာတိုကန် စစ်တွေ
 ဈေးကြီးတွေ၊ အိမ်ရာတွေကို နေရာပြောင်းရွှေ့ရမယ်လို့ ပြောဆိုနေတာတွေလည်း ကြားသိရပါတယ်။ စစ်တွေ
 ဆေးရုံကြီးကိုတော့ အိန္ဒိယက ပြန်လည်တည်ဆောက်ပေးမယ်လို့ ဆိုကြပါတယ်။ နောက်ပြီးတော့ ဆိပ်ကမ်း တည်ဆောက်တဲ့ အခါ ပျက်စီးသွားမယ့် ရပ်ကွက်တွေကို လူအများ အနားယူဖို့ ပန်းခြံတွေ ဆောက်လုပ်ပေးမယ် လို့လည်း သိရပါတယ်။ ဒါဟာ ဒေသခံပြည်သူတွေကို ငွေကြေးနည်းနည်းသုံးပြီး နှစ်သိမ့်လိုတဲ့ သဘောလို့ ယူဆရပါတယ်။ ကုလားတန်မြစ်ကြောင်းတလျှောက်မှာ မြို့နယ် ၆ မြို့နယ်နဲ့ လူဦးရေ ၁ သန်းကျော် နေထိုင်ကြ ပါတယ်။ နောက်ထပ် ဒီစီမံကိန်းကြောင့် ဒေသခံပြည်သူတွေကို ဘယ်လို ရိုက်ခတ်မှု ရှိလာမလဲ ဆိုတာကတော့ ဆက်ပြီးလေ့လာစောင့်ကြည့်ရဦးမှာပါ။

အရှေ့မျှော်ဝါဒနဲ့ ကုလားတန် စီမံကိန်းကတော့ အိန္ဒိယ၊ မြန်မာ၊ ဒေသတွင်း နိုင်ငံတွေကို အပြောင်းအလဲတွေ ဖန်တီးလာဦးမယ်ဆိုတာ အသေအချာပါပဲ။ ဒီနေရာမှာ အိန္ဒိယအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ပူးပေါင်း လုပ်ကိုင်
 ဆောင်ရွက်နေပေမယ့် မြန်မာ့ဒီမိုကရေစီအင်အားစုတွေ၊ ဒီမိုကရေစီနိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဒီမိုကရေစီမြတ်နိုးတဲ့ ပညာရှင်တွေက မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲဖို့အတွက် အခုထိ မျှော်လင့်တောင့်တ
 နေဆဲဖြစ်တယ် ဆိုတာပါပဲ။ အိန္ဒိယအနေနဲ့ တခုစဉ်းစားသင့်တာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေ အပြောင်းအလဲ မဖြစ်ဘဲ မြန်မာအစိုးရနဲ့ အကျိုးစီးပွားတခုထဲကို မျှော်ကိုးပြီး ရေရှည် လက်တွဲလုပ်ဆောင်နေမယ်ဆိုရင် အိန္ဒိယအကျိုးစီးပွားအတွက်ရော၊ မြန်မာပြည်အတွက်ပါ ဆိုးကျိုးရလဒ်တွေပဲ ဦးတည်သွား နိုင်ပါတယ်။ နှစ်နိုင်ငံ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆက်ဆံရေး၊ နှစ်ဦးနှစ်ဖက် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို လိုချင်ရင် လက်ရှိ
 မြန်မာပြည်အပေါ် ထားရှိတဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ဦးမှာပါ။ တရုတ်ကို အမီလိုက်ဖို့အတွက် အိန္ဒိယရဲ့ လုပ်ဆောင်နေမှုတွေဟာ သိက္ခာရှိတဲ့ လုပ်ရပ်တွေအဖြစ် ရှုမြင်ကြည့်ဖို့တော့ ခက်ခဲပါတယ်။

ကနေ့အချိန်မှာ မြန်မာပြည် အရှေ့ဘက်ခြမ်းမှာ တရုတ်စီမံကိန်းတွေကြောင့် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို အိန္ဒိယအနေနဲ့ သင်ခန်းစာယူနိုင်ဖို့၊ သတိပြုမိဖို့လည်း လိုအပ်ပါတယ်။ တချိန်ချိန်မှာ ဒီလိုပဋိပက္ခတွေဟာ အိန္ဒိယဘက်ကိုလည်း ဦးတည်မသွားနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ မြန်မာအစိုးရအနေနဲ့လဲည်း အိန္ဒိယက အရှေ့မျှော်ဝါဒ၊ တရုတ်က တောင်မျှော်ဝါဒဆိုပြီးတော့ အပြိုင်အဆိုင် သြဇာနယ်ပယ် ချဲ့ထွင်လာနေမှုအပေါ် ရေတို အကျိုးစီးပွား တခုထဲကိုပဲ ကြည့်ပြီး ဆက်ဆံနေရင်တော့ အင်အားကြီး နိုင်ငံတွေကြားမှာ ကြားညှပ်မည့်ကိန်း မလွဲဧကန်
 ရောက်လာမယ်လို့ သုံးသပ်မိကြောင်းပါ။

နျူကလီးယား နည်းပညာသစ် တရုတ်ဖော်ထုတ်

နျူကလီးယား နည်းပညာသစ် တရုတ်ဖော်ထုတ်

တရုတ်နိုင်ငံက စမ်းသပ် နျူထရွန် ဓာတ်ပေါင်းဖိုတခုကို ပထမဆုံးအကြိမ် စမ်းကြည့်ပြီးတော့ နျူကလီးယား နည်းပညာမှာ ရှေ့တိုး လုပ်ဆောင်နိုင်ပြီလို့ ပြောလိုက်ပါတယ်။
ဘေဂျင်းမြို့တော် အပြင်ဘက်က ဓာတ်ပေါင်းဖိုလေး တခုကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ ကြာသပတေးနေ့မှာ ဓာတ်အားလိုင်းကြောင်းနဲ့ ဆက်သွယ်လိုက်ပြီး စမ်းသပ်ကြည့်ခဲ့တယ်လို့ တရုတ် အဏုမြူစွမ်းအင်ဆိုင်ရာ အင်စတီကျုက ပြောတာပါ။
နျူကလီးယားစွမ်းအင် ကဏ္ဍမှာ ထိပ်တန်းက ဦးဆောင်နိုင်ငံ တခုအဖြစ် ရပ်တည်သွားဖို့ တရုတ်နိုင်ငံက သန္နိဋ္ဌာန် ချထားတယ်ဆိုတာ ဒီစမ်းသပ်မှုက မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက ဂျပန်နိုင်ငံမှာ နျူကလီးယား ဓာတ်ပေါင်းဖိုဆိုင်ရာ ဘေးအန္တရာယ်တွေ ရှိခဲ့ပြီးတဲ့နောက် ဓာတ်ပေါင်းဖို အသစ်တွေကို လုံခြုံရေးဆိုင်ရာ စစ်ဆေးမှုတွေလုပ်ဖို့ ခွင့်ပြုရေး နှေးကွေးနေချိန်မှာပဲ အခုစမ်းသပ်မှုကို လုပ်ခဲ့တာပါ။
နျူထရွန် ဓာတ်ပေါင်းဖိုကို လျှပ်စစ်ဓာတ်အား လိုင်းကြောင်းနဲ့ မချိတ်ဆက်ခင်မှာ တရုတ်တို့က တနှစ်ကြာ စမ်းသပ်ခဲ့ပါသေးတယ်။
အခု နည်းပညာအသစ်အရ ဓာတ်ပေါင်းဖိုကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ ယူရေနီယမ် အသုံးပြုရတာ လျော့နည်းသွားစေပါတယ်။ ဒါ့အပြင် တခြားဓာတ်ပေါင်းဖိုတွေက ထွက်တဲ့ နျူကလီးယား စွန့်ပစ်ပစ္စည်းတွေကိုလည်း ပြန်ပြီး အသုံးပြုနိုင်မယ့် အလားအလာ ရှိလာပါတယ်။

ရှင်သန်နေဆဲ သုခမြို့တော် ပုံရိပ်များ

ရှင်သန်နေဆဲ သုခမြို့တော် ပုံရိပ်များ

၁၉၀၀ ပြည့်နှစ် ကာလတွေတုန်းက အင်္ဂလိပ်ကိုလိုနီအစိုးရ ရုံးစိုက်ရာ မြို့တော်တခုဖြစ်ခဲ့တဲ့ ကာလ်ကတ္တားမြို့ထဲကို ရောက်လိုက်တာနဲ့ အဲဒီခေတ်ကာလ ကတည်းက ရှိခဲ့တဲ့ အဆောက်အအုံ ဟောင်းတွေက ဆီးကြိုနေပြီး သံချေးတွေ အထပ်ထပ်နဲ့ အိုဟောင်းနေတဲ့ ဓာတ်ရထားတွေ၊ လန်ချားတွေဟာလည်း ဟိုးအရင် ကိုလိုနီခေတ်တုန်းကအတိုင်း ရှိနေဆဲ၊ အသုံးပြုနေကြဆဲမို့ လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ဓာတ်ပုံအဟောင်းပုံကြီးထဲကို ကိုယ်တိုင်ရောက်သွားသလို ခံစား လိုက်ရပါတယ်။

ThuKhaMyoDaw-01အနောက်ဘန်ဂေါလ်ပြည်နယ် အစိုးရက ကာလ်ကတ္တားမြို့ရဲ့ ကိုလိုနီခေတ်က ကျန်ရစ်တဲ့ အဆောက်အအုံအဟောင်းတွေ၊ သမိုင်းဝင် အဆောက်အအုံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းထားသလို လန်ချားနဲ့ ဓာတ်ရထားတွေကိုလည်း ဆက်လက် ပြေးဆွဲခိုင်းနေဆဲပါ။ ကာလ်ကတ္တားဟာ အိန္ဒိယနိုင်ငံရဲ့ တခုတည်းသော ဓာတ်ရထားပြေးဆွဲနေဆဲ မြို့တမြို့ ဖြစ်ပါတယ်။

ထည်ဝါခမ်းနားတဲ့ ဝိတိုရိယဘုရင်မ အထိမ်းအမှတ် အဆောက်အအုံရဲ့ တဘက်မှာတော့ ဓာတ်ရထား၊ တက္ကစီ၊ ဘတ်စ်ကား စတဲ့ ယာဉ်ပေါင်းစုံပြည့်ညပ်နေတဲ့ ၂ လမ်းသွားသာသာ ကားလမ်းတွေ၊ ခေတ်ပေါ် အဆောက်အအုံတွေရဲ့အောက်ခြေ လမ်းဘေးဝဲယာ ပလက်ဖောင်းပေါ်က ဈေးသည်တွေ၊ အရောင်အသွေးစုံ ခရီးသွားတွေ၊ ပလက်ဖောင်းနားက ရေဘုံဘိုင်မှာ ရေချိုးနေသူတွေနဲ့ ကာလ်ကတ္တားရဲ့ တနေ့တာက ခေတ်ဟောင်းနဲ့ ခေတ်သစ် ဒွန်တွဲလှုပ်ရှား သက်ဝင်နေသလိုပါ။

တဘက်မှာလည်း စီးပွားရေးအချက်အခြာ မြို့တခုရဲ့ အင်္ဂါရပ်နဲ့အညီ မြေအောက်ရထား၊ အထပ်မြင့် အဆောက်အအုံတွေနဲ့ မြို့သစ်ချဲ့ထွင်လာတာတွေ၊ အဆင့်မြင့် နိုင်ငံတကာလေဆိပ် တည်ဆောက်မှုတွေကလည်း ခေတ်မီမြို့ကြီးတမြို့အဖြစ် တရိပ်ရိပ် ပုံသွင်းလို့နေပါတယ်။

တိုးတက်ဖွံ့ဖြိုးမှုရဲ့ နောက်ဆက်တွဲ ပါလာလေ့ရှိတဲ့ လေထုပတ်ဝန်းကျင် ညစ်ညမ်းမှု၊ ယာဉ်ကြောပိတ်ဆို့မှု တွေနဲ့အတူ ပလတ်စတစ် အပိုင်းအစ၊ ကတ်ထူစက္ကူ၊ အ၀တ်အပိုင်းအစတွေနဲ့ ဆောက်ထားတဲ့ အခြေအနေမဲ့တွေရဲ့ လူတယောက် အိပ်သာရုံ တဲလေးတွေဟာ လမ်းထောင့်တွေမှာ၊ လမ်းကြိုလမ်းကြားတွေမှာ ဖရိုဖရဲရှိနေပြီး တဲကလေးတွေရဲ့ အထဲနဲ့ အပြင်ဘက်မှာတော့ ဖိနပ်မပါ၊ ဘောင်းဘီမပါ ပြေးဆော့နေတဲ့ ညိုညစ်ညစ် ကလေးတွေ၊ ဆီမရှိ နီကြန်နေတဲ့ဆံပင်တွေထဲက သန်းအပြန်အလှန် ရှာပေးနေတဲ့ အမျိုးသမီးတွေ၊ တဲအ၀မှာထိုင်ရင်း လမ်းသွားလမ်းလာတွေကို ငေးနေတဲ့ အဘိုး၊ အဘွား တွေကိုလည်း တွေ့ရပါတယ်။

ဟာဝ်ရီမြစ်ရဲ့ အရှေ့ဘက်ကမ်းနဖူးမှာရှိတဲ့ ကာလ်ကတ္တားမြို့ခံတွေဟာ တခြား အိန္ဒိယမြို့တော်တွေက မြို့ခံတွေနဲ့မတူ ကြဘဲ အင်္ဂလိပ် အနွယ်ဝင်တွေ၊ အင်္ဂလို - အင်ဒီယန်းတွေ၊ အာမေးနီးယားနဲ့ ဂရိအနွယ်ဝင်တွေ၊ တရုတ်အနွယ်ဝင်တွေ ရောယှက် ရှုပ်ထွေးလွန်းလို့ လူရောင်စုံရှိတဲ့မြို့လို့ တချို့က တင်စား ခေါ်ဆိုကြပါတယ်။ ဒီလူမျိုးစုတွေထဲက ကာလ်ကတ္တားမှာ အခြေချ နေထိုင်တဲ့ တရုတ်လူမျိုးဟာ အနည်းဆုံး ၅ ထောင်ကနေ အများဆုံး ၂ သိန်းအထိ ရှိတယ်လို့ ဆိုပါတယ်။

ThuKhaMyoDaw-02မြို့ရဲ့ အထင်ကရ တရုတ်တန်းလို့ခေါ်တဲ့ တန်ဂရာ အရပ်မှာနေတဲ့ တရုတ်လူမျိုးတွေ အရင်က ၂ သောင်းကျော်အထိ ရှိခဲ့ပြီး စားသောက်ဆိုင်လုပ်ငန်းနဲ့ သားရေနယ်၊ သားရေအရောင်တင် စတဲ့လုပ်ငန်းတွေကို အဓိကထားလုပ်ကိုင်ကြပါတယ်။ တရုတ်တွေရဲ့ သားရေလုပ်ငန်း တစတစ ကြီးထွားအောင်မြင်လာချိန်မှာတော့ တရုတ်လူမျိုးတွေ ရွှေ့ပြောင်း အခြေချလာမှု တိုးပွားလာတာကို ကာကွယ်တဲ့အနေနဲ့ ဒေသခံအာဏာပိုင်တွေက ၂၀၀၀ ပြည့်နှစ်မှာ သားရေနယ် လုပ်ငန်းတွေကို မြို့အရှေ့ဘက် ဘန်တလာဆိုတဲ့နေရာကို ပြောင်းလိုက်ပြီး သားရေလုပ်ငန်း အများစုကိုလည်း ဒေသခံ တိုင်းရင်းသားတွေကိုပဲ ပိုင်ဆိုင် စေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းကုန်ကြတာကြောင့် တန်ဂရာမှာ စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်လူမျိုး ၂ ထောင်ဝန်းကျင်ပဲ ကျန်ရစ်တော့တယ်လို့ ဆိုပါတယ်။

ဘာသာစကား အခက်အခဲတချို့ ရှိနေပေမယ့် နေထိုင်စားသောက်စရိတ် ချိုသာတာ၊ စီးပွားရေး အဆင်ပြေနေတာတွေနဲ့ ဒီနိုင်ငံသား ဖြစ်နေပြီမို့ ဒီမြို့လေးမှာ နေရတာ ပျော်တယ်၊ စိတ်ချမ်းသာတယ်လို့ တရုတ်အမျိုးသားတွေက ဆိုကြပါတယ်။

“တရုတ်နိုင်ငံမှာ လိုတာအကုန် ၀ယ်ရနိုင်တယ်၊ ဒီမှာထက် သန့်ရှင်းသပ်ရပ်တယ်။ ဒါပေမယ့် ကျနော့်သားသမီးတွေအတွက် ပညာရေးက၊ အထူးသဖြင့် အင်္ဂလိပ်စာတတ်ဖို့က တရုတ်နိုင်ငံထက် ဒီမှာပိုကောင်းတာရယ်၊ စီးပွားရေးကလည်း ဒီမှာ အောင်မြင် နေတော့ ကျနော်ဒီမှာပဲ နေချင်တယ်” လို့ အိန္ဒိယနိုင်ငံသား ဖြစ်နေတဲ့ တရုတ်အမျိုးသား မိုက်ကယ်လ်က ပြောပါတယ်။

တရုတ် စားသောက်ဆိုင်ဖွင့်ထားတဲ့ သူ့ရဲ့ အဘိုးအဘွားတွေ လက်ထက်ကတည်းက ကာလ်ကတ္တားမှာ အခြေချ နေလာကြတာဟာ အခုဆိုရင် မျိုးဆက် ၃ ဆက်အထိ ရှိနေပြီး သူဟာလည်း ကာလ်ကတ္တားမှာပဲ မွေးဖွားကြီးပြင်းခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့သားသမီးတွေဟာ အခုဆိုရင် ကာလ်ကတ္တား တက္ကသိုလ်မှာ ပညာသင်နေကြပါတယ်။

မိုက်ကယ်လ်လို တရုတ်လူမျိုးတွေ ကာလ်ကတ္တားမှာ အခြေချနေထိုင်နေကြသလို မြန်မာနိုင်ငံကနေ အိန္ဒိယကို ပြန်လာ အခြေချနေထိုင်ကြတဲ့ မြန်မာနိုင်ငံဖွား အိန္ဒိယတိုင်းသား တွေဟာလည်း ကာလ်ကတ္တားမှာ အများအပြား ရှိကြပါတယ်။

သူတို့တွေထဲက အများစုကတော့ ကွယ်လွန်သူ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းယူတဲ့ ၁၉၆၂ ခုနှစ်မှာ ကိုလိုနီခေတ် လက်ကျန် အိန္ဒိယတိုင်းသားတွေကို မြန်မာပြည်ထဲကနေ နှင်ထုတ်ချိန်တုန်းက တိမ်းရှောင်လာတဲ့ သူတွေရဲ့ မျိုးဆက်တွေဖြစ်ပါတယ်။

ThuKhaMyoDaw-03တချို့ကလည်း မြန်မာနိုင်ငံမှာ ကျန်နေခဲ့ရာက နိုင်ငံသားလက်မှတ်နဲ့ တရားဝင် နေထိုင်ခွင့်မရတာတွေ၊ ခရီးသွားလာခွင့် မရတာတွေ၊ လူမျိုးရေးဖိနှိပ်မှုတွေကြောင့် အိန္ဒိယနိုင်ငံကို ပြန်လာပြီး အခြေချနေ သူတွေဖြစ်ပါတယ်။ ရောက်စတုန်းက ဒေသခံတွေနဲ့ ပေါင်းသင်းဆက်ဆံရေးအခက်အခဲ၊ ဘာသာစကားအခက်အခဲတွေ ရှိခဲ့ပေမယ့် ဒီအဆင်မပြေမှုတွေကို ကျော်လွန်နိုင်ခဲ့တယ်၊ ဒီမြို့မှာ နေရတာ လွတ်လပ်ငြိမ်းချမ်းတယ်လို့ ဆိုပါတယ်။

၁၉၈၄ ခုနှစ်မှာ မိသားစုလိုက် ရန်ကုန်ကနေ ကာလ်ကတ္တားကို ပြောင်းလာကြပြီး စားသောက်ကုန်အရောင်းအ၀ယ် လုပ်နေတဲ့ မြန်မာပြည်ဖွား အိန္ဒိယနိုင်ငံသား မိသားစုကတော့ ကာလ်ကတ္တားမြို့ရဲ့ တည်နေပုံအနေအထားက ရန်ကုန်မြို့နဲ့ တူနေ တာကြောင့် မြန်မာပြည်ကို အမြဲ သတိရမိတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က ရန်ကုန်ကို လည်ပတ်ခွင့်ရခဲ့တဲ့ သူတို့ထဲက အစ်ကိုကြီး ဖြစ်သူကတော့ “ရန်ကုန်က အရင်အတိုင်း ခမ်းနား နေတုန်းပဲ။ လူတွေတော့ ပိုများလာတယ်။ ကာလ်ကတ္တားက တိုးတက်တယ်ဆိုပေမယ့် ခမ်းနားမှု၊ သပ်ရပ်မှုကတော့ ကျနော်တို့ရန်ကုန်ကို မမီဘူးဗျ” လို့ သူနေခဲ့ဖူးတဲ့ တိုင်းပြည်နဲ့မြို့တော်ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ နှိုင်းယှဉ်ပြောပြပါတယ်။

ကာလ်ကတ္တားရဲ့ မြို့ပြဆိုင်ရာ အခြေခံအဆောက်အအုံတွေ တိုးတက်လာနေသလို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေမှာလည်း တိုးတက်လာပြီဖြစ်ပါတယ်။ ကာလ်ကတ္တား တက္ကသိုလ်ကို နိုင်ငံရပ်ခြားကနေ ပညာဆည်းပူးဖို့ လာသူတွေ၊ ကာလ်ကတ္တားက အဆင့်မြင့် ဆေးရုံကြီးတွေဆီ ကျောက်ကပ်အစားထိုး စတဲ့ ဆေးကုသမှု ခံယူဖို့အတွက် လာသူတွေ နေ့စဉ်နဲ့အမျှ တိုးတက်လာနေပါတယ်။

တဘက်မှာလည်း ကျောင်းနေအရွယ်ကလေးတိုင်း စာတတ်မြောက်ဖို့ လုံးပန်းနေပေမယ့်၊ ကာလ်ကတ္တား အစိုးရပိုင်ဆေးရုံက အခြားမြို့ကြီးတွေက အစိုးရပိုင် ဆေးရုံတွေနည်းတူ နွမ်းပါးသူတွေအတွက် မှတ်ပုံတင်ကြေး ၁၀ ရူပီး ရှိရုံနဲ့ ဆေးကုသခွင့် ရတဲ့အစီအစဉ်တွေ ရှိနေပေမယ့်၊ ပညာရေး၊ ကျန်းမာရေး ဗဟုသုတ နည်းပါးတဲ့ အခြေအနေမဲ့တွေ အဖို့ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးပေးခန်းတွေနဲ့ အလှမ်းဝေးနေဆဲပါ။

ကာလ်ကတ္တား၊ ဒေလီ၊ မွန်ဘိုင်းနဲ့ ချန်နိုင်းမြို့တို့ဟာ အိန္ဒိယနိုင်ငံရဲ့ လူနေ အထူထပ်ဆုံးနဲ့ အဓိကအရေးပါတဲ့ မြို့ကြီး ၄ မြို့ဖြစ်တဲ့အပြင် နိုင်ငံအ၀န်း အခြေအနေမဲ့တွေ အများဆုံးနေထိုင်တဲ့ မြို့တွေလည်း ဖြစ်နေပြန်ပါတယ်။

ThuKhaMyoDaw-04ကာလ်ကတ္တားနေ လူဦးရေ ၄ သန်းကျော်ရဲ့ ၃ ပုံတပုံ နီးပါးဟာ အခြေအနေမဲ့တွေလို့ ဆိုပါတယ်။ နိုင်ငံရဲ့ လူဦးရေ တိုးလာတာနဲ့ အမျှ ဒီအခြေအနေမဲ့တွေရဲ့ ဦးရေဟာလည်း တိုးလာဦးမယ်လို့ အနောက်ဘင်ဂေါလ်အစိုးရရဲ့ ၂၀၁၁ နှစ်ဦးပိုင်း ဒေသတွင်း လူဦးရေစစ်တမ်းက ဖော်ပြပါတယ်။ ဒီလို အခြေအနေမဲ့တွေ တိုးလာတာဟာ အလုပ်အကိုင်ရှားပါးမှုနဲ့ လူနေမှုစနစ် ချိန်ခွင် အင်မတန် ကွာဟနေတာကို ပြနေတယ်လို့ စစ်တမ်းက ဆိုပါတယ်။

“မြို့က ရုပ်ပိုင်းဆိုင်ရာမှာ တိုးတက်လာပေမယ့် ခေတ်နောက်ပြန်ဆွဲတဲ့အတွေးတွေ၊ ရှေးရိုးစွဲဓလေ့တချို့တို့ကြောင့် လူမှုရေး၊ ကျန်းမာရေး၊ သန့်ရှင်းသပ်ရပ်မှုတွေမှာတော့ တိုးတက်သင့်သလောက် မတိုးတက်တာတွေရှိတယ်။ သူတို့ကတော့ တဲတွေနဲ့ ဒီလိုနေရတာကိုပဲ ပျော်နေကြတယ်။ ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက အခုအချိန်အထိ ဒီအတိုင်းပဲ” လို့ သူ့ဆိုင်ရှေ့ လမ်းတဘက်ခြမ်းက ပလက်ဖောင်းတလျှောက် မင်းမူထားတဲ့ အခြေအနေမဲ့ တဲတစုကို ညွှန်ပြရင်း မိုက်ကယ်လ်က ပြောပြပါတယ်။

မြစ်ရေကို အမြဲတစေ ဖွင့်လွှတ်ပေးထားတဲ့ ရေဘုံဘိုင်အောက်မှာ ဆော့ကစားနေတဲ့ ဖိနပ်မပါတဲ့ကလေးတွေ၊ ယင်ကောင်တွေနဲ့ အပြိုင်လုရင်း အစားစားနေကြတဲ့ ဗိုက်ပူနံကား ကလေးငယ်တွေ၊ ခနော်ခနဲ့ မီးဖိုမှာ ပလတ်စတစ်စ၊ စက္ကူစတွေနဲ့ မီးမြှိုက်ပြီး ချက်ပြုတ်နေတဲ့ အိမ်ရှင်မတွေ၊ သူတို့တွေရဲ့ ဘ၀တွေဟာ နုံခြာပေမယ့် ပြုံးရွှင်နေတဲ့ သူတို့မျက်နှာတွေက သောကကင်းပြီး စိတ်ချမ်းသာမှုအပြည့်ရှိတယ်လို့ ဖော်ပြနေသယောင် မြင်တွေ့ရပါတယ်။

မိုက်ကယ်လ်က “တရက်ကို ရူပီး ၅၀ (ကျပ် ၁၀၀၀ ခန့်) လောက်ရရင်ကို သူတို့စားဖို့အတွက် မပူရဘူး။ မနက်ဖြန်အတွက် မစိုးရိမ်တဲ့ သူတို့တွေအတွက်ကတော့ တကယ့်ကို သုခမြို့တော်ပါပဲ” လို့ ပြောပြပါတယ်။

တဲလေး တခုရဲ့ဘေးက လန်ချားတစီးပေါ် ထိုင်နားရင်း ငေးနေတဲ့ အဖိုးအိုတယောက်ကို တွေ့တော့ ပြင်သစ်စာရေးဆရာ ဒေါမနစ်ခ်လာပီးယားရေးပြီး စာရေးဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ “သုခမြို့တော်” ဆိုတဲ့ အိန္ဒိယနိုင်ငံ ကာလ်ကတ္တား မြို့က အခြေအနေမဲ့ တွေရဲ့ဘဝသရုပ်ဖော် ၀တ္တုထဲက လန်ချားသမား ဟာဇာရီရဲ့ ပုံရိပ်ကို တွေးမြင်မိပါတယ်။

ခေတ်ရေစီးကြောင်း ပြောင်းလာတာနဲ့အမျှ လူဆွဲရတဲ့ လန်ချားအစား စက်ဘီးတပ်နင်းရတဲ့ ရေခ်ရှောတွေ ပေါ်လာပေမယ့် ကာလ်ကတ္တားမှာတော့ ဟာဇာရီလို လန်ချား ဆွဲပြီး အသက်မွေးနေသူတွေ ရှိနေဆဲ၊ သံချေးအထပ်ထပ်နဲ့ ဓာတ်ရထားတွေ ပြေးဆွဲနေဆဲ၊ ခရစ်ယာန်သာသနာပြုဆရာ ကိုဗာလ်စကီး နဲ့ မာသာထရီဇာတို့လို လူတွေဆီက စာနာမှုနဲ့ အကူအညီ လိုအပ်နေတဲ့ အခြေအနေမဲ့တွေ ရှိနေဆဲ၊ ဆင်းရဲချမ်းသာ ချိန်ခွင်လျှာ မညီမျှမှု ကြီးမားနေဆဲ၊ စီးဆင်းနေတဲ့ ဟာဝ်ရီမြစ်နဲ့အတူ ကိုလိုနီခေတ် အငွေ့အသက်တွေနဲ့ သုခမြို့တော်ရဲ့ ပုံရိပ်တွေက ရှင်သန်လှုပ်ရှားနေဆဲ ပါပဲ။