သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, December 7, 2011

မြန်မာစစ်တပ်နဲ့ SSA (South) အပစ်အခတ် ရပ်ကြောင်း ကြေညာ

မြန်မာစစ်တပ်နဲ့ SSA (South) အပစ်အခတ် ရပ်ကြောင်း ကြေညာ

2011-12-06
မြန်မာစစ်တပ်နဲ့ ရှမ်းပြည် တပ်မတော်တို့ အကြား အခု လဆန်းပိုင်းက အပစ်အခတ် ရပ်စဲဖို့ ပဏာမ သဘောတူညီခဲ့ကြပြီးနောက် မြန်မာ စစ်တပ်ထဲမှာရော၊ ရှမ်းပြည် တပ်မတော်ထဲမှာပါ အပစ်ရပ် အမိန့်စာတွေ အသီးသီး ထုတ်ပြန်ခဲ့ကြကြောင်း သိရပါတယ်။
(Photo: AFP)
ရှမ်းပြည်တပ်မတော်မှ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီအကြောင်းကို RCSS ရှမ်းပြည် တပ်မတော် ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရှမ်းသံတော်ဆင့် သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ မူအရ သဘောတူညီထားချက် အတိုင်း အပစ်ရပ်ကြဖို့ မြန်မာ စစ်တပ်ရဲ့ တပ်တွင်းပိုင်းမှာ ထုတ်ပြန်တဲ့ အမိန့်စာကို မိမိတို့ ရှမ်းပြည် တပ်မတော်က လက်ခံရရှိထားပြီး မနေ့က စလို့ ရှမ်းပြည်တပ်မတော် တပ်တွင်းနဲ့ လက်အောက်ခံ တပ်တွေကို ဖြန့်ဝေလိုက်တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အပစ်ရပ် သဘောတူထားချက်တွေကို RCSS ခေါင်းဆောင်တွေ မျက်နှာစုံညီ အစည်းအဝေး ကျင်းပပြီး အခု သီတင်းပတ် အတွင်း ပြည်သူလူထုကို အသေးစိတ် ပြန်လည်ရှင်းမယ်လို့ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။ ဗိုလ်မှူးချုပ် စိုင်းလူး ခေါင်းဆောင်တဲ့ RCSS/SSA ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး အထူး ကိုယ်စားလှယ် မီးရထား ၀န်ကြီး ဦးအောင်မင်းတို့ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ပဏာမ သဘောတူညီချက်ကို အခုလ ၂ ရက်က ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ လက်မှတ် ရေးထိုးခဲ့ကြပါတယ်

မြန်မာအတွက် အမေရိကန်နဲ့ တရုတ် ထိပ်တိုက် မတွေ့လို

မြန်မာအတွက် အမေရိကန်နဲ့ တရုတ် ထိပ်တိုက် မတွေ့လို

2011-12-07
မြန်မာနဲ့ ပတ်သက်လာရင် အမေရိကန်နဲ့ တရုတ် ထိပ်တိုက် ရင်ဆိုင် မတွေ့ဘဲ ညှိနှိုင်း ဆွေးနွေးယူကြမယ့် သဘော တွေ့ရတယ်လို့ တရုတ်နိုင်ငံ အခြေစိုက် ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ရဲဘော် ဖိုးသံချောင်းက ပြောပါတယ်။
AFP
အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်လ်ရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကဏ္ဍတွေမှာ တိုးတက်မှုရှိဖို့ ကိစ္စဟာ အမေရိကန် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးမှာ မဖြစ်မနေ အရေးကြီးကြောင်း ပြောကြားသွားသည်။
အမေရိကန် ပြည်ထောင်စု မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် Derek Mitchell ရဲ့ ဒီဇင်ဘာလ ၈ ရက်က ၁၃ ရက် အထိ အာရှနိုင်ငံကြီး သုံးနိုင်ငံကို သွားပြီး မြန်မာ့အရေး ဆွေးနွေးမယ့် ခရီးစဉ်မှာ တရုတ်နိုင်ငံ ပါဝင်တာကို ကြည့်ပြီး အဲဒီလို ပြောလိုက်တာပါ၊ Mr. Mitchell ဟာ ဒီဇင်ဘာလ ၁၂ ရက်မှာ တရုတ် နိုင်ငံကို ရောက်မယ်လို့ သိရပါတယ်။ သူ့ခရီးစဉ် မတိုင်ခင် တရုတ် နိုင်ငံကို သွားခဲ့တဲ့ မြန်မာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ရဲ့ ခရီးစဉ်မှာ ၂၀၁၃ ကျရင် တရုတ်နိုင်ငံ သမ္မတ ဖြစ်လာဖို့ လျာထား သတ်မှတ်ခံရတဲ့ လက်ရှိ ဒု-သမ္မတ ရှီကျင်ဖင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်သွားဖို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အဲဒါကို ကြည့်ရင် အမေရိကန်နဲ့ ဆက်ဆံရေးဟာ တရုတ်ကို ထိခိုက်မှု ရှိမှာမဟုတ်ဘူး ဆိုတဲ့ အကြောင်း သွားရောက် ရှင်းပြတာ ဖြစ်မယ်လို့ ထင်ကြောင်း ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။ Derek Mitchell ရဲ့ခရီးစဉ်မှာ တရုတ်အပြင် တောင်ကိုးရီးယားနဲ့ ဂျပန် နိုင်ငံတွေလည်း ပါဝင်ပါမယ်။

အဘဦးလွင် - ၈၈





အဘဦးလွင် - ၈၈


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သူ ဘဘ ဦးလွင် အသက် (၈၈)နှစ်သည် ၆.၁၂.၂၀၁၁ ရက်နေ့ ည (၈း၄၀) နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) မှ သိရှိရသည့်အတွက် ယင်းည (၉း၀၀) နာရီအချိန်တွင် ဘဘ ဦးလွင် နေထိုင်ရာ ရန်ကုန်မြို့၊ အမှတ် (၁၅/က)၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ်နေအိမ်သို့ အသင်းသားများသွားရောက်၍ ကူညီမှုကို ပြုလုပ် ပေးခဲ့သည်။ ဘဘ ဦးလွင်၏ ကျန်ရစ်သော ရုပ်အလောင်းအား နေအိမ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ အအေးစနစ်သုံး Cool Box ပေါ်သို့ ၀ိုင်းဝန်းချီပိုးကာ ထားရှိခဲ့သည်။ ထို့ကြောင့် နာရေးကိစ္စ များအား လာရောက်နှစ်သိမ့် မေးမြန်းသူတို့အတွက် အသုဘရှုရန်၊ အနိစ္စတရားတို့ကို ရှုနိုင်ရန်အတွက် အဆင်ပြေခဲ့သည်။ ၈.၁၂.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ငါဟုသမုတ်၊ နာမ်ရုပ်နှစ်ထွေ၊ အိုနာသေဘေး၊ ရောထွေးကာနေ၊ အနိစ္စဘဲ၊ မမြဲပုံသေ၊ တစ်နေ့ကျ၊ မရဏသေမင်းပြည်၊ မှန်မလွဲ သေမြဲဧကန်ပေ။