သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, August 5, 2011

တိုင်းရင်းသား တပ်ပေါင်းစု “ ပြည်သူ့ခေါင်းဆောင် ” ကို ထောက်ခံ

တိုင်းရင်းသား တပ်ပေါင်းစု “ ပြည်သူ့ခေါင်းဆောင် ” ကို ထောက်ခံ


ချင်းမိုင် (မဇ္ဈိမ) ။      ။ “ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်” ဟု ခေါ်ဆိုလိုက်ပြီး တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က တိုင်းရင်းသား ဒေသများတွင် အပစ်ခတ်ရပ်စဲပြီး ပဋိပက္ခများကို ဆွေးနွေးခြင်းဖြင့် အဖြေရှာပါရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ထောက်ခံကြောင်း သောကြာနေ့တွင် ပြောဆိုလိုက်သည်။

“ ယနေ့ဖြစ်ရှိနေသော လက်နက်ကိုင် ပဋိပက္ခကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး ဖြေရှင်းနိုင်ရေး အတွက်
 ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပြု ပန်ကြားချက်ကို ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများက သဘောတူ ထောက်ခံကြောင်း ပြန်ကြားအပ်ပါသည်” ဟု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနီးပါးဖြင့်
ပေါင်းစည်းထားသော UNFC က ကြေညာချက် ထုတ်၍ တုံ့ပြန်လိုက်သည်။
unfc
ဒေါ်အောင်ဆန်းစုကြည်က ကြားဝင် စေ့စပ်ပေးလိုကြောင်း ကမ်းလှမ်းလာသည့် ဇူလိုင် ၂၈ ရက်နေ့ ပေးစာတွင်
သမ္မတ ဦးသိန်းစိန်နှင့် UNFC အဖွဲ့ဝင် ၄ ဖွဲ့ကိုသာ လိပ်မူခဲ့သော်လည်း UNFC အဖွဲ့ တခုလုံးအနေဖြင့် ပြန်ကြားခြင်း
ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ အမျိုးသားတန်းတူရေးနှင့် ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်လိုခြင်းကို မီးမောင်း ထိုးပြထားသည်။

“ နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့သော တိုင်းရင်းသား ပြဿနာကို နိုင်ငံရေးအရ အလေးထား ဖြေရှင်းခဲ့ခြင်း မရှိဘဲ စစ်ရေးဖြင့်သာ ဖိအားပေး ဖြေရှင်းလာခဲ့သဖြင့် ကျနော်တို့ နိုင်ငံသည် သယံဇာတ ပေါကြွယ်ဝနေပါလျက် ဖွံ့ဖြိုးမှု
နောက်ကျနေရပြီး လူမျိုးစုံ ပြည်သူများသည် ဆင်းရဲ ဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ ပြည်သူတို့သည် လွတ်လပ်
သည့် နိုင်ငံသားဟု ဆိုသော်ငြားလည်း ဗမာ အပါအဝင် တိုင်းရင်းသား လူမျိုးအားလုံးတို့မှာ လွတ်လပ်ရေး၏ အရသာကို မခံစားကြရပါ” ဟု ဖော်ပြထားသည်။

“ပြည်တွင်းစစ်ကြောင့် နိုင်ငံနှင့် ပြည်သူများအပေါ် ထိခိုက် နစ်နာစေပြီး၊ အင်အားသုံး ဖြေရှင်း၍ အကျိုးရှိမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် နည်းတူ ထပ်တူထပ်မျှ ရှုမြင်သည်” ဟု ပါရှိသည်။

UNFC ကို ၂ဝ၁၁ ခု၊ ဖေဖော်ဝါရီလ ၁၂-၁၆ ထိ ကျင်းပသော တိုင်းရင်းသား လူမျိုးများညီလာခံတွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသား တပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC၊ လားဟူ ဒီမိုကရက်တစ်သမဂ္ဂ LDU၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO နှင့် ကချင်အမျိုးသားအစည်းအရုံး KNO
တို့ဖြင့် အမျိုးသား တန်းတူရေး၊ ပြည်နယ်အတွင်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ဖွဲ့စည်းခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းပြထားသည်။

လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပိုင်နက် နယ်မြေများကို ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးများ၏ ဘိုးဘွားပိုင် နယ်မြေများဖြင့် ဆက်စပ် စုစည်းထားခြင်း ဖြစ်ပြီး စုပေါင်း တိုက်ပွဲဝင်ခဲ့သဖြင့် ကိုလိုနီကျွန်ဘဝမှ လွတ်လပ်သော
နိုင်ငံ ဖြစ်လာရသည်ဟု UNFC ၏ အခြေခံ သဘောထားကို တင်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ခိုင်ရေး တွေ့ရန်ရှိဟု ဦးဌေးဦး ပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် ကြံ့ခိုင်ရေး တွေ့ရန်ရှိဟု ဦးဌေးဦး ပြော


ချင်းမိုင် (မဇ္ဈိမ) ။      ။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အနေဖြင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်
တွေ့ဆုံရန် ရှိပြီး အချိန်ကာလကိုတော့ မသတ်မှတ်ရသေးကြောင်း ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက
သောကြာနေ့တွင် ပြောကြားလိုက်သည်။

“ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ရှိပါတယ်။ အချိန်ကိုတော့ မပြောတတ်သေးဘူး။ ဒါပေမယ့် ခုတော့ မဟုတ်သေးဘူး” ဟု ဦးဌေးဦးက ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်မြို့နယ် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် နံနက် ၁၁ နာရီခန့်က ပြုလုပ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းနှင့် ဦးဌေးဦးတို့ တွေ့ဆုံမှုအပြီှး သတင်းထောက်အချို့ကို လက်ခံ တွေ့ဆုံကာ ပြောကြားခြင်း ဖြစ်သည်။
htarOO
ဦးဌေးဦးက အသေးစိတ် ပြောကြားခြင်း မပြုခဲ့သော်လည်း ဇူလိုင် ၂၅ ရက်နေ့က အစိုးရ ဧည့်ရိပ်သာ စိမ်းလဲ့ကန်သာတွင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် အဓိက အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု ဖြစ်ခဲ့ပြီးနောက် နောက်ထပ် တွေ့ဆုံမှုများ
ပြုလုပ်ဦးမည့် အစီအစဉ် ကလည်း ရှိနေပြန်သည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ NLD ရုံးချုပ်သို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းရာ ပါတီအနေဖြင့် အဆိုပါ တွေ့ဆုံ
ဆွေးနွေးမှု အစီအစဉ် အပေါ် မသိရှိကြောင်းနှင့် အကြောင်းကြားမှု မရှိသေးဟု ပြောသည်။

နှစ်ဘက်လုံးက အပြုသဘောဆောင်သော ဆွေးနွေးမှု ဖြစ်သည်ဟု ကြေညာထားခဲ့ရာ အစိုးရနှင့် အတိုက်အခံ
ခေါင်းဆောင်အကြား ထိတွေ့မှုများ တိုးမြှင့်လာမည့် အနေအထားလည်း ဖြစ်သည်။

မကြာမီ နေပြည်တော်တွင် ကျင်းပမည် ဆိုသော အမျိုးသား အဆင့် စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲတခုသို့
ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားထားသည်ဟုလည်း သမ္မတ ဦးသိန်းစိန်၏ အကြံပေးတဦး ဖြစ်သူ
ဒေါက်တာနေဇင်လတ်က ပြောကြားထားသည်။

ကြံ့ဖွံ့ပါတီသည်၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂၅ ခု တွင် ၂၅၉ ခု၊ အမျိုးသား လွှတ်တော် မဲ ဆန္ဒနယ် ၁၆၈ ခုတွင် ၁၂၉ ခုနှင့် တိုင်းဒေသကြီး၊
ပြည်နယ် မဲဆန္ဒနယ် ၆၆၁ ခုတွင် ၄၉၄ ခု အသီးသီး အနိုင်ရခဲ့သည်။

အိမ်ခြံမြေ အရောင်းအဝယ် အခွန်နှုန်းတွေ တိုးတော့မလား

အိမ်ခြံမြေ အရောင်းအဝယ် အခွန်နှုန်းတွေ တိုးတော့မလား


မဇ္ဈိမသတင်းဌာန ။      ။ လာမယ့် သြဂုတ်လ ၁၂ရက်နေ့မှာ  ပြည်တွင်းအခွန်များ ဦးစီးဌာနက အိမ်ခြံမြေ အရောင်းအဝယ်အတွက် နိုင်ငံတော်ကို ပေးဆောင်ရမယ့် အခွန်နှုန်းထားတွေကို သက်တမ်း အသစ် တိုးတာ လုပ်တော့မှာပါ။ ပြီးခဲ့တဲ့ ဇွန်လလောက်ကတည်းက လက်ရှိ အခွန်ပေးဆောင်နှုန်းထက် ပိုမြင့်တက်မယ်လို့ သတင်းတွေထွက်လာတာဟာ အကြောင်းရှိနေပါတယ်။

အရင် အစိုးရလက်ထက်က အနားယူသွားကျတဲ့ စစ်ဗိုလ်ချုပ် တော်တော်များများ အရင်က အမည်မခံဘဲ ဝယ်ယူထားတဲ့ အိမ်ခြံမြေတွေကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ လာရောက် မှတ်ပုံတင်ပြီး လက်ရှိအခွန် ၁၅ ရာခိုင်နှုန်းနဲ့ပဲ ပေးဆောင်ချင်လို့ အိမ်ခြံမြေ လုပ်ငန်း အသိုင်းအဝိုင်းနဲ့ သက်ဆိုင်ရာ မှတ်ပုံတင်ရုံးဘက်က လာတဲ့ သတင်းများအရ သိရပါတယ်။
banar
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန (ဓါတ်ပုံ မဇ္ဈိမ)
Read more>>

အိမ်ခြံမြေ အခွန်နှုန်း ပေးဆောင်ရာမှာ ရောင်းသူတန်ဖိုးရဲ့ ၁ဝရာခိုင်နှုန်း ပေးဆောင်ရပြီး ဝယ်သူကတော့ တန်ဖိုးရဲ့ ၁၅ရာခိုင်နှုန်း ပေးဆောင်ရပါတယ်။ တံဆိပ်ခေါင်းခွန် ၇ ရာခိုင်နှုန်းနဲ့ အမြတ်ခွန် ၈ရာခိုင်နှုန်း ပေးရတာပါ။

၂ဝဝ၇ခုနှစ်က ဒီအခွန်စနစ်ကို စတင်ခဲ့တာ ဖြစ်ပြီး တနှစ်တခါ သြဂုတ်လ ၁၂ရက်နေ့ဆိုရင် သက်တမ်း ပြန်တိုးလေ့ ရှိပါတယ်။

အရင် စနစ်မစခင်ကတော့ ဝယ်သူက တန်ဖိုးရဲ့ ၅ဝရာခိုင်နှုန်း ပေးရတာကြောင့် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်
လုပ်ဖို့ ဝန်လေးကြသလို အိမ်ရာဖြတ်တွေနဲ့ပေါင်းပြီး ဈေးလျှော့ ဖြတ်ကြတာများပါတယ်။ အခုလည်း အိမ်တန်ဖိုးကို
လျှော့ပေါ့ ဖြတ်အောင်လုပ်ကြပေမယ့် ကျပ်သိန်း ၅,ဝဝဝ  အောက် ဆိုရင် ၁၅ ရာနှုန်းနဲ့ အထက်ဆိုရင် ၁၂ရာနှုန်း ဆိုတော့ တရားဝင် ငွေဖြူလုပ်ချင်ကြသူတွေ အိမ်ခြံမြေ လုပ်ငန်းထဲကို အမြောက်အများ ဝင်လာကြပါတယ်။

“လက်ရှိက ၁၅ရာနှုန်းဆိုတော့ အခုကြားတာ ၂၅ ကနေ ၃ဝ ရာနှုန်းအထိ တိုးမယ်လို့ သတင်းကြားတယ်။ တိုးမယ် ဆိုရင်တော့ တန်ဖိုးကြီး အိမ်ခြံမြေ အရောင်းအဝယ်တွေ တန့်သွားနိုင်တယ်။ လောလောဆယ်တောင် ဈေးကွက်ထဲမှာ သိန်း ၅,ဝဝဝ အထက် အိမ်ခြံမြေ အရောင်းအဝယ်တွေ အေးနေတယ်" လို့ ရန်ကုန်အခြေစိုက် နာမည်ရ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အခွန်နှုန်းတွေ မြှင့်လိုက်မယ်ဆိုရင် အကျိုးဆက်အနေနဲ
အရင်အစိုးရ လက်ထက်က အနားယူသွားကျတဲ့ စစ်ဗိုလ်ချုပ် aတ်ာတော်များများ အရင်က အမည်မခံဘဲ ဝယ်ယူထားတဲ့ အိမ်ခြံမြေတွေကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ လာရောက် မှတ်ပုံတင်ပြီး လက်ရှိအခွန် ၁၅ ရာခိုင်နှုန်းနဲ့ပဲ ပေးဆောင်ချင်လို့
့ တန်ဖိုးမြင့် အရောင်းအဝယ်တွေ လတ်တလော တန့်သွားနိုင် သလို အိမ်ခြံမြေဈေးတွေ အဆမတန် မြင့်တက်နေတာကို ခန ထိန်းထားနိုင်ပေမယ့် ဒီ အခွန်နှုန်းတွေကို ပေါင်းထည့်
ပြီး ဝယ်ထားတဲ့သူက ပြန်ရောင်းမယ်ဆိုရင် တန်ဖိုးတွေ ပိုတက်လာနိုင်ဖွယ် ရှိတယ်လို့လည်း သုံးသပ်လို့ရပါတယ်။

“ဒီစနစ်ဆိုတာက အရင်က ညွှန်ကြားချက်တွေအရ လုပ်ခဲ့တာတွေပါ။ အစိုးရသစ်လက်ထက်မှာ ဒါတွေကို ဥပဒေနဲ့
ပြင်ဆင်မယ်ဆိုရင် ဒီနှစ်မှာ တက်မယ်ဆိုတာ မဖြစ်နိုင်သေးပါဘူး။ သက်တမ်းတိုးတာလောက်ပဲ ဖြစ်နိုင်ပြီး
နောင်နှစ်တော့ ဖြစ်ကောင်း ဖြစ်နိုင်ဖွယ်ရှိတယ်" လို့လည်း စာချုပ်စာတမ်း ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို အရောင်းအဝယ် ပြုလုပ်တဲ့အခါမှာ ပိုင်ရှင် အမည်ပေါက် လုပ်ဖို့အတွက်
နိုင်ငံတော်ကို အခွန်ဆောင်ရမှာ ဖြစ်တဲ့အတွက် စာချုပ်တွေမှာ တံဆိပ်ခေါင်းတွေ ကပ်ရပါတယ်။ အရင်ကဆိုရင် တန်ဖိုးမြင့် အိမ်ခြံမြေတခု ချုပ်ဆိုဖို့ စာချုပ်မှာ တံဆိပ်ခေါင်းတွေ အများကြီး ကပ်ရပါတယ်။

သိန်း ရာချီပြီးတန်တဲ့ တံဆိပ်ခေါင်းတွေ ကပ်ရတာကြောင့် စာချုပ်ကြီးတွေဟာ အထူကြီးတွေပါ။ အခုနောက်ပိုင်းတော့ အထူး တံဆိပ်ခေါင်းလို့ ခေါ်တဲ့ ကျပ်ငါးသိန်း တန်ဖိုးရှိ တံဆိပ်ခေါင်းတွေကြောင့် အရင်ကထက်တော့ စာချုပ်တွေက ပါးသွားပါပြီ။

ပြည်တွင်းအခွန်များ ဦးစီးဌာနက တာဝန်ရှိသူတွေ ကိုယ်တိုင် လက်ရှိမှာ ဘယ်လို ဖြစ်လာမယ်ဆိုတာ ပြောလို့ မရနိုင်သေးဘူးလို့ ဆိုတဲ့အတွက် လာမယ့် အပတ်ထဲမှာ ရောက်လာမယ့် သြဂုတ်လ ၁၂ရက်နေ့ကိုပဲ အိမ်ခြံမြေ ရင်းနှီးမြှပ်နှံသူများနဲ့ အကျိုးဆောင် လုပ်ငန်းတွေက စောင့်ကြည့် နေကြပါတယ်။

ဒီအချိန်ကျော်ပြီးရင်တော့ မြန်မာ့ အိမ်ခြံမြေလုပ်ငန်း အပြောင်းအလဲကြီးတခု ဖြစ်လာ၊ မလာ စောင့်ကြည့်ရ
ပါတော့မယ်။

မြန်မာ့အရေး အာဆီယံ စိတ်မအေးသင့်

မြန်မာ့အရေး အာဆီယံ စိတ်မအေးသင့်

မြန်မာအစိုးရသစ်အနေဖြင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဟုတ္တိပတ္တိ မလုပ်သေးကြောင်း ဝေဖန်ပြောဆိုမှုများ အများအပြား ရှိနေသော်လည်း အစိုးရသစ်သည် ၂၀၁၄ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရာထူး လက်ခံပွဲ ကျင်းပရန် ရည်ရွယ်နေသည်။

အာဆီယံအနေဖြင့် ယင်းကိစ္စကို အတော် ကိုင်တွယ်ရပေလိမ့်မည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မြန်မာသည် အာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့သည့် ၁၄ နှစ်တာအတွင်း ဦးတည်ရာလမ်းကြောင်းပြောင်းရန် အခွင့်အလမ်းများ ရှိခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ ဖြစ်ရမည့် အခွင့်အရေးကို မြန်မာအစိုးရက လက်ရှောင်ခဲ့ရပြီး အကြောင်းရင်းမှာ ဒီပဲယင်းနှင့် လူ့အခွင့်အရေး ကိစ္စများ၌ တိုးတက်မှု မရှိခြင်းကြောင်းဖြစ်သည်။

“မြန်မာပြည်ဟာ ပြည်တွင်း အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်ရမယ်။ ဒါကြောင့် အာဆီယံ ဥက္ကဋ္ဌ ရာထူးကို နောက်တလှည့်ကျမှပဲ ယူမယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို မေတ္တာရပ်ခံထားတယ်” ဟု မြန်မာက အာဆီယံ ဥက္ကဋ္ဌ လုပ်ရေး မလုပ်ရေး အဆုံးအဖြတ်ပေးရမည့် ၂၀၀၅ ခုနှစ်တွင် လာအို နိုင်ငံခြားရေးဝန်ကြီး Somsavat Lengsavat က ပြောခဲ့သည်။

ထိုနောက်ပိုင်းတွင် မြန်မာပြည်၌ ကြီးမားသော အလှည့်အပြောင်းများ ဖြစ်ခဲ့သည်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး၊ ၂၀၀၈ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနှင့် အတုအယောင် ပြည်သူ့ဆန္ဒခံယူပွဲ၊ ယမန်နှစ်အတွင်းတွင် ပွင့်လင်းမြင်သာမှုမရှိဘဲ ဝေဖန်မှုများခံခဲ့ရသည့် ရွေးကောက်ပွဲနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွှတ်မြောက်လာခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ သို့သော် အဖြစ်အပျက်များကို ပြန်ကြည့်ရင် အမျိုးသားရင်ကြားစေ့ရေးဆိုသည့် ကိစ္စကို တခုမျှ မမြင်ခဲ့ရချေ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန် အစိုးရက နိုင်ငံရေးကစားကွက် တကွက်ရွှေ့လိုက်သောကြောင့် ဝေဖန်မှုများ အသံအနည်းငယ် ပျော့သွားကြသည်။ ယခင် စစ်အစိုးရ လက်ထက်ကတည်းက ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစေခြင်း ဖြစ်သည်။

သို့သော် ထိုကဲ့သို့ စတိသဘော လုပ်ဆောင်ပြမှုလောက်နှင့် အာဆီယံ ဥက္ကဋ္ဌနေရာကို မြန်မာယူရယူရန် သဘောတူရေး ဆုံးဖြတ်ရာတွင် အာဆီယံအဖို့ မလွယ်လှသေးပေ။ တိုင်းရင်းသားဒေသများတွင် ဖြစ်ပေါ်နေသည့် စစ်ရာဇဝတ်မှုများ၊ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို လွှတ်မပေးသေးခြင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် စီးပွားဖက် ဖြစ်နေသည့် အမေရိကန်နှင့် ဥရောပတို့က မြန်မာအစိုးရအပေါ် ပိတ်ဆို့အရေးယူမှု ဆက်လုပ်ထားခြင်းများ ရှိနေသေးသည်။

ဇူလိုင်လကုန်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာရောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာအစိုးရသည် ဒေါ်အောင်ဆန်းစုကြည်အား ဟန်ပြသဖွယ် ကစားနေခြင်းဖြင့် မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်အတိုင်း သွားနေသည်ဟု ယုံကြည်ပေးရန် ခဲယဉ်ကြောင်း မြန်မာ့အရေး မျှော်လင့်ချက်နည်းပုံကို ပြောသွားခဲ့သည်။

“အကျဉ်းထောင်များထဲမှာ အတိဒုက္ခရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော်ကို မြန်မာအစိုးရအနေနဲ့ ချွင်းချက်မရှိ လွှတ်ပေးစေချင်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောခဲ့သည်။ ထို့အပြင် နိုင်ငံရေးအတိုက်အခံများ၊ တိုင်းရင်းသားများနှင့်လည်း အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်သော ပြောဆိုဆွေးနွေးပွဲများ ပြုလုပ်ရန် တိုက်တွန်းသွားသည်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည်မှုနဲ့ မြန်မာနိုင်ငံသားတွေရဲ့ ယုံကြည်မှု ပြန်ရဖို့ကို သူတို့လှမ်းမလား၊ တလျှောက်လုံး သွားနေတဲ့ လမ်းဟောင်းပဲ ဆက်လျှောက်မလား၊ ရွေးချယ်စရာက ရှင်းပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဆိုသည်။

၎င်းက စစ်လက်နက် မပြန့်ပွားရေးနှင့် ပတ်သက်၍ စစ်တပ်ကျောထောက် နောက်ခံပြုထားသည့် မြန်မာ အရပ်သားအစိုးရကိုလည်း ရည်ညွှန်းပြောဆိုသွားသေးသည်။ မြန်မာနှင့် မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုနှင့် ပတ်သက်ပြီး အမေရိကန်က အကြိမ်ကြိမ် ထုတ်ဖော်ပြောခဲ့ဖူးသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါကမူ မြန်မာနိုင်ငံအနေနှင့် ကျန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လေးစားမှုနှင့် ယုံကြည်မှုကို ရယူသွားရန် သွယ်ဝိုက် ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးတို့နှင့် ပတ်သက်၍ ၎င်း၏အမြင်ကို “မြန်မာနိုင်ငံက ဒီမိုကရေစီ ပြောင်းလဲရေးကို သိသိသာသာ သွားနေပါတယ်။ တဖြည်းဖြည်း ဖြစ်လာဖို့ မှန်းပါတယ်။ တိုးတက်လာပြီလို့တော့ မပြောလိုသေးပါဘူး” ဟု ပြောသွားသည်။

မြင်သာသည့်အချက်မှာ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအပေါ် အပြုသဘောမြင်နေကြခြင်းဖြင့် ဒေသတွင်းမှ သမ္ဘာရင့် နိုင်ငံရေးခေါင်းဆောင်များ လုံးဝ နှုတ်ပိတ်နေမှုကဲ့သို့သော ကြီးမားသည့် စိန်ခေါ်မှုများ ဖြစ်လာစေသည်။

မြန်မာနိုင်ငံသည် အာဆီယံ ဦးဆောင်နိုင်ငံဖြစ်ရေး သင့်လျော်ခြင်း ရှိမရှိနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာရှိသည်မှာ မစ္စတာ နာတာလီဂါဝါ ကိုယ်တိုင် မရေမရာ ရမ်းဆ ခန့်မှန်းနေမှုကြောင့်ပင် ဖြစ်သည်။ “၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူဖို့ မြန်မာအနေနဲ့ တကယ့်ကို ပြင်ဆင်ထားပြီး အဆင်သင့် ဖြစ်မဖြစ် ကျနော်တို့ စောင့်ကြည့်ရပါမယ်၊ သက်သောင့်သက်သာ အနေအထား ရှိသင့်ပါတယ်။ ကျနော်ရော အားလုံးရော သတိပြုရမှာက အာဆီယံ ဥက္ကဋ္ဌရာထူးယူမယ့် နိုင်ငံဟာ တာဝန်ယူမှုများနဲ့ မျှော်လင့်ချက်ကောင်းများ တခါတည်း ပါရှိနေရမယ်ဆိုတာပါပဲ” ဟု မပြတ်မသား ပြောဆိုထားခဲ့သည်။

“သက်သောင့်သက်သာ အနေအထား” ရှိသင့် မရှိသင့် စမ်းသပ်ကြည့်ရန် မစ္စတာ နာတာလီဂါဝါသည် အာဆီယံကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ ဥက္ကဋ္ဌရာထူး လွှဲအပ်မည့်ကိစ္စ ဆုံးဖြတ်မှု မတိုင်ခင် မြန်မာနိုင်ငံကို လာရောက်လိမ့်မည်ဖြစ်သည်။ ဆုံးဖြတ်ချက် မချရသေးသော်လည်း အာဆီယံအနေဖြင့် ၎င်း၏ ဦးဆောင်ဖြစ်လာမည့် နိုင်ငံအတွက် မေးခွန်းထုတ်စရာများ ရှိနေနိုင်သည်။ ဆိုလိုသည်မှာ မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုထားသည်များကို တုံ့ပြန်ဆောင်ရွက်ရန် အသင့်ဖြစ်ကြောင်း မြန်မာအစိုးရအနေနှင့် သက်သေပြရလိမ့်မည် ဆိုသည့်အချက်ဖြစ်သည်။

ဤအခြေအနေတွင် မြန်မာအစိုးရအနေဖြင့် လုပ်စရာရှိများကို လုပ်တန်သလောက် လုပ်ပြီးပြီဟု ယူဆကောင်း ယူဆနေပါလိမ့်မည်။ တချိန်တည်းတွင်ပင် မြန်မာအစိုးရအနေနှင့် ဤကဲ့သို့ သိက္ခာ အဖတ်ဆယ်စရာ အခြေအနေမျိုး ထပ်ရှိရန် မလွယ်ကူသောကြောင့် ယခုတကြိမ် အာဆီယံ ဥက္ကဋ္ဌရာထူးကို လက်လွှတ်ပေးရန်မှာလည်း ခက်ခဲနေမည်ဖြစ်သည်။

တနည်းအားဖြင့် အခြေအနေအရပ်ရပ်အရ မြန်မာနိုင်ငံရော အာဆီယံနိုင်ငံများအတွက်ပါ စိတ်မအေးစရာအကြောင်းများ ဖန်လာဖို့များနေသည်။ သို့သော် မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး ယခုအတိုင်း ဇွတ်တိုးလုပ်ကြလျှင်မူ ထို စိတ်မအေးစရာများအတွက် ကိုယ့်ထိုက်နှင့်ကိုယ့်ကံ ခါးစည်းခံကြရဖို့သာ ရှိပေသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဖိတ်ရေး လက်တွေ့ကမ်းလှမ်းမှု မရှိသေး

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် ဖိတ်ရေး လက်တွေ့ကမ်းလှမ်းမှု မရှိသေး

E-mail Print
ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားမည်ဟု ပြောဆိုသော်လည်း လက်တွေ့ကမ်းလှမ်းမှု မရှိသေး၍ သံသယဖြစ်မိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ဝေဖန်ပြောဆိုလိုက်သည်။

DASSK_and_AK
ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံးဆွေးနွေးပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ - AP)
နေပြည်တော်၌ ယခုလအလယ်၌ အစိုးရကပြုလုပ်မည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား NLD ပါတီ ခေါင်းဆောင်တဦးအနေဖြင့် ဖိတ်ကြားခြင်းမဟုတ်ဘဲ တသီးပုဂ္ဂလအနေဖြင့် ဖိတ်ကြားမည်ဟု ယခုသီတင်းပတ်အတွင်း ဧရာဝတီအပါအ၀င် ပြည်ပမီဒီယာတချို့ကို သမ္မတ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်က ပြောခြင်းဖြစ်သည်။

NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ဖိတ်စာလည်းမရဘူး၊ အဆက်အသွယ်လည်း မရှိဘူး၊ မှားပြောတယ်လို့ ထင်တယ်” ဟု ဆိုသည်။

ယခုကဲ့သို့ ဒေါက်တာ နေဇင်လတ်က မီဒီယာများတွင် ပြောဆိုခြင်းသည် ၎င်း၏ ပုဂ္ဂိုလ်ရေးထင်မြင်ချက်ဖြစ်ပြီး အစိုးရ၏ အာဘော်ဟု မထင်ကြောင်း၊ ဖိတ်ကြားခံရမည်ဟုလည်း မျှော်လင့်ချက် မထားကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့် လအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နှစ်ဌာန ၀န်ကြီး ဦးအောင်ကြည်တို့ အစိုးရ ဧည့်ဂေဟာတွင် တွေဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ထိုတွေ့ဆုံပြီးနောက်ပိုင်း သမ္မတ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင်လတ်၏ ယခုကဲ့သို့ ပြောဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

ဒေါက်တာ နေဇင်လတ်ကမူ “ပူးပေါင်းဆောင်ရွက်ဖို့ အားလုံး ကျယ်ကျယ်ပြန့်ပြန် ဖိတ်မယ်။ ၀န်ကြီးဌာနက အကြောင်းကြားလိမ့်မယ်။ ဒါ အလားအလာကောင်းတွေပဲ” ဟု ဧရာဝတီသို့ ပြောသည်။

NLD ပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဦးဝင်းတင်က “ဖိတ်စာတွေ ဘာတွေနဲ့ တရားဝင်ပြောရမယ်၊ အခုပြောတာက မီဒီယာကဆိုတော့ တရားဝင်ပြောတာ မဟုတ်ဘူးလို့ သတ်မှတ်ပါတယ်” ဟု ဆိုသည်။

ယခု ပြောဆိုမှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီဝင်များ အကြားတွင်လည်း ပြောဆိုဆွေးနွေးခြင်း မရှိကြောင်း၊ အပြောင်းအလဲ ဖြစ်လာမည်ဟုလည်း မထင်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောဆိုသည်။

ထိုဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆွေးနွေးပွဲများသည် အစိုးရသစ်လက်ထက် ပြီးခဲ့သည့် မေလအတွင်းကမှ စတင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ကြီးမှူးကျင်းပခြင်းဖြစ်သည်။

Interview with Ashin Gambira's mother, Daw Ye