သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Thursday, September 22, 2011

တော်လှန်ရေးနွံကြီးနှင်.မည်သူတွေမှာတာဝန်ရှိကြပြီလဲ

တော်လှန်ရေးနွံကြီးနှင်.မည်သူတွေမှာတာဝန်ရှိကြပြီလဲ

by Tharchit Zaw on Thursday, September 22, 2011 at 8:26pm
ဒီကနေ.လက်၇ှိမြန်မာပြည်တော်လှန်ရေးကားအတော်ပင်ရှည်ကြာနေခဲ.သလို၊
ဖွံ.ဖြိုးတိုးတက်ေ၇းသည်လဲအလွန်ပင်ရတောင်.ရခဲနှင်.ကြာညောင်းလှပါသည်၊
ပြည်တွင်းစစ်မီးလဲတအုံနွေးနွေးတောက်လောင်နေတုန်းပင်။

မြန်မာနိုင်ငံသမိုင်းသည်မည်သည်.နိုင်ငံသမိုင်းနှင်.မတူ၊တမူကွဲပြားခြားနားလှသည်၊
ဟိုးရှေးမြန်မာဘုရင်များလက်ထက်ကတည်းကနန်းတွင်းအာဏာလုပွဲ၊ဆွေစဉ်မျိုးဆက်
လုပ်ကြံမှုများမှသည်လွပ်လပ်ရေးမတိုင်မီအထိအချင်းချင်းလုပ်ကြံသတ်ဖြတ်မှုများ
၊နေရာယူလိုမှုများပြည်.နှက်နေသောကာလအလယ်၊
လွပ်လပ်ရေးရပြီးနောက်ဝါဒစွဲများ၊ခွဲထွက်ရေးများ၊ပုဂိုလ်ရေးအကွဲအပြဲများ၊ပြည်တွင်းစစ်
များမှသည် တပ်မတော်အာဏာသိမ်းမှုများအဆုံးအထိဆူးညှောင်.ခလုတ်တွေပေါများသော
လမ်းတွေထက်သာတွေ.ကြုံခဲ.၇ပေသည်၊

Tuesday, September 20, 2011

မြို့အုပ်မင်း (ဦးဖိုးကျား)

မြို့အုပ်မင်း (ဦးဖိုးကျား)

အမျိုးသား ပညာဝန် ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများမှ နောက်ထပ်ဆောင်းပါး တစ်ပုဒ် ဖြစ်ပါသည်။ ဦးဖိုးကျား၏ တကယ့်ကိုယ့်တွေ့ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။ သူ့စိတ်ကူးထဲက ဖြစ်စေချင်သော နိုင်ငံဝန်ထမ်းကောင်းတစ်ဦး၏ ပုံရိပ်ကို ရေးခြယ်ပြခြင်း ဖြစ်နိုင်ပါသည်။ ယခုလို ခေတ်ကြီးထဲတွင် အမိနိုင်ငံ၌ သည်လို မြို့အုပ်မင်းမျိုး ရှိလျှင် မည်မျှကောင်းမည်နည်း။ မဖြစ်နိုင်၊ မတွေ့နိုင်မှန်းသိလျှက်နှင့် တောင့်တမိပါသည်။ ယခုတစ်လော ဦးကျော်သူ ဦးဆောင်သည့် နာရေးကူညီမှုအသင်းမျိုးများ ရန်ကုန်တွင် အလျိုအလျိုပေါ်လာသည်ကို တွေ့ရသောအခါ ဦးဖိုးကျား၏ မြို့အုပ်မင်းလို ပုဂ္ဂိုလ်များလားဟု မထင်ဝံ့၊ ထင်ဝံ့ ထင်မြင်မိပါသည်။ အခမဲ့နာရေးကူညီမည့်အပြင် အလှူငွေ (၂၀၀၀၀) ကျပ်ပါ ကူညီနေကြောင်း ကြားသိရသောအခါ ဂုဏ်တုဂုဏ်ပြိုင်မဟုတ်ဘဲ ဦးကျော်သူနည်းတူ အများအကျိုးအတွက် ရေရှည်ဆောင်ရွက်မည့် သူများ ဖြစ်လျှင် နတ်လူသာဓု ခေါ်ဆိုမည် ဖြစ်သော်လည်း ထိုသူများသည် ကောက်ရိုးမီးသမျှ ခေတ္တသာတောက်လောင်ပြီး ပျောက်ကွယ်သွားမည့်သူများ ဖြစ်ကြောင်း သူတို့၏ အတိတ်လုပ်ရပ်များက သက်သေခံနေသည် ဖြစ်ရာ…ထူးမခြားနားဇာတ်မျိုးကို မကြားဝံ့ ကြားဝံ့ ကြားရတော့မည်ဖြစ်ပြီး နာရေးတောင် အလွတ်မပေးဘဲ ၀ါဒဖြန့်ချင်သူများအား ဦးဖိုးကျားသာ ရှိလျှင် ဘယ်လိုများ ရေးသားဦးမည်နည်းဟု အတွေးနယ်ချဲ့မိပါသည်။

မြို့အုပ်မင်း

ဦးဖိုးကျား

မြန်မာနိုင်ငံ မြေလတ်အရပ် မြို့ငယ်တစ်ခုသို့ တစ်ခါက အမျိုးသားကျောင်း ကြည့်ရှုရန် သွားရ၏။ သင်္ဘောနှင့် လာခဲ့ရာ လမ်းတွင် ရွာတစ်ခုသို့ ခေတ္တဆိုက်ကပ်ရ၏။

ကမ်းထိပ်တွင် လူခံ့ခံ့တစ်ယောက် ကာကီဘောင်းဘီတို၊ အင်္ကျီလက်တို၊ ဦးထုပ်၊ နေရောင်ကာ မျက်မှန်၊ တုတ်ကောက်တို့ကို ၀တ်ဆင်ကိုင်စွဲကာ မြင်ရ၏။ အနီးတစ်ဝိုက်တွင် ရွာသား (၉) ယောက် (၁၀) ယောက်မျှ ခြံရံလျက် ရှိ၏။ သားရေအိတ်၊ အိပ်ရာလိပ်၊ ရေဘူး၊ လက်ဆွဲခြင်း၊ စာခြင်းတို့ကိုလည်း မြင်ရ၏။ ငှက်ပျောခိုင်၊ အုန်းသီးတို့ကိုလည်း မြင်ရ၏။ ဧကန္တ အစိုးရ အရာရှိတစ်ယောက် ဖြစ်ရမည်။ ဘာအရာရှိပါလိမ့်။

သင်္ဘောမှာ အငယ်စား နှစ်ထပ် ဖြစ်၍ ဒုတိယခန်း မပါချေ။ ကုန်းပတ်နှင့် ဦးခန်း ပထမခန်းသာ ပါ၏။ ကျွန်ုပ်မှာလည်း အလုပ်ကလေး ရှိသည်နှင့် ၎င်းဦးခန်းတွင် စီးနင်းခဲ့၏။ ကျွန်ုပ်သည် ထိုအရာရှိကို နောက်ထပ်မကြည့်ဘဲ စာကြည့်နေ၏။

မကြာမီပင် ထိုအရာရှိ၏ တပည့်နှစ်ယောက်သည် ဦးခန်းတွင် ပစ္စည်းတို့ကို နေရာချလာ၏။ ငှက်ပျောခိုင် အုန်းသီးခိုင်တို့မှာ ကျွန်ုပ်အနားတွင် ရောက်နေ၏။ စောင်းငဲ့ကြည့်လိုက်ရာ ကြက်ဥခြင်းကိုလည်း ထပ်၍ တွေ့ရ၏။

“အင်း သူတို့အစိုးရဘက် ဒီလိုချည်းဘဲ။ ငှက်ပျော၊ အုန်း၊ ကြက်ဥ ဒါတွေလုပ်နေကြတာပဲ ထင်ပါရဲ့။ ဒါတွေဟာ အရပ်သားတွေက မရှိမဲ့ ရှိမဲ့နဲ့ လက်ဆောင်ပေးကြတာတွေပဲ။ မျက်နှာရဖို့ ပေးရတာ၊ ကြောက်လို့ ပေးရတာတွေလည်း ပါချင်ပါမှာပဲ” ဟူ၍ ထိုတွေ့ရမည့် အရာရှိကို စိတ်ထဲက ဘာတာတာ ရှိသွား၏။

များမကြာမီ ရှေ့တော်ပြေး ဖိနပ်သံ ပြင်းပြင်းကို ကြားရပြီးနောက် စားပွဲတစ်ဘက်တွင် ကုလားထိုင်တစ်ခုကို ဆွဲ၍ ထိုင်သည်ကို ရိပ်ရိပ်မြင်လိုက်၏။ စိတ်ထဲက ဘာတာတာရှိ၍ပင် လှည့်၍ မကြည့်ဘဲ ကိုယ့်စာ ကိုယ်စိုက်ကြည့်နေလိုက်၏။

နှစ်မိနစ် သုံးမိနစ်မျှ ကြာသောအခါ “ဟလို၊ အိုင်ဆေး၊ အောင်မယ်၊ မင်းနှယ်ကွယ်” ဟု အသံကြားမှ လှည့်မော့ကြည့်လိုက်ရာ အလွန်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်း ဖြစ်နေသည်ကို တွေ့ရတော့၏။

ထိုသူငယ်ချင်းကား ဟိုကောလိပ်ကျောင်း ရောက်ကြစက ဘယ်လိုကံ ဖန်တီးသည် မသိရ၊ ထိုသူနှင့် အလွန် ချစ်ခင်ရင်းနှီး၍ တစ်ခန်းထဲတွင် အိပ်ရာယှဉ်၍ နေရ၏။ သွားအတူ၊ လာအတူ၊ စားအတူ၊ နေအတူ မခွဲကြသော သူငယ်ချင်း နှစ်ယောက် ဖြစ်၏။ သဘောချင်းလည်း များသောအားဖြင့် တူ၏။ မြန်မာစာပေကို အထူးသဖြင့် အတူတူ လိုက်စားကြ၏။ သတင်းစာဖတ် ၀ါသနာ ရှိကြ၏။ မကြာမီပင် ဆောင်းပါးများ ၀င်ရောက်ရေးကြ၏။ ပြင်ပ ပြင်လွင် အစည်းအဝေးသို့ ရောက်သည်က များ၏။ တစ်ခါတစ်ခါလည်း ၀င်ရောက်စွက်ခဲ့ကြ၏။ ကျောင်းတွင် အသင်းအမျိုးမျိုး ထောင်ရာ၌ ကျွန်ုပ်တို့နှစ်ယောက် လက်ချက် မကင်းချေ။

ဤသို့ နေခဲ့ကြရာ (၁၂၈၂) ခု သပိတ်မှောက်ကိစ္စ ပေါ်သောအခါ နှစ်ယောက်လုံးပင် ထွက်ခဲ့ကြ၏။ သို့ရာတွင် တစ်လအကြာ၌ ထိုကျွန်ုပ်၏ သူငယ်ချင်းမှာ ကောလိပ်ကျောင်းသို့ ပြန်သွား၏။ သွားရောက်ခြင်းကား အရေးပိုင်တစ်ယောက် သမီးနှင့် မိဘများက စေ့စပ်ထားရာ ထိုနှစ်၌ ဘီအေစာမေးပွဲကို အောင်မြင်မှသာ ပေးစားရန် စကားတစ်ခု ထားရသော ဟူ၏ (ထိုအရေးပိုင် သမီးမှာ ကျွန်ုပ်တို့ ကောလိပ်တွင် ရှိ၍ ကျွန်ုပ်တို့အောက် တစ်တန်းငယ်၏။ ကျွန်ုပ်နှင့်လည်း ရင်းနှီးခင်မင်ပါ၏။ ၎င်းအမည်ကား မတင် ဖြစ်၏။) ထိုဧရာမ အကြောင်းကြီးကြောင့် ခမျာမှာ စိတ်လေးလေးနှင့် ပြန်ရခြင်း ဖြစ်၏။ မည်သို့ပင် ဖြစ်စေ ထိုသို့ ပြန်သွားသည့်အတွက် ကျွန်ုပ်သည် ထိုသူအပေါ်တွင် အထင်အမြင်သေးခဲ့လေပြီ။ မကျေမချမ်း ရှိခဲ့လေပြီ။ ကျောင်းပြန်ရောက်၊ ဘီအေအောင်၊ အရေးပိုင် သမီးရ၊ မြို့အုပ် ဖြစ်သွားပြီ ဟူသော သတင်းကိုလည်း ကြားခဲ့ရ၏။ ထိုသို့ အထင်အမြင်သေး၊ စိတ်မကျေချမ်းသဖြင့်လည်း ယခုတွေ့ရသည့်အခါ၌ ကျွန်ုပ်က ခပ်တန်းတန်း မျက်နှာထား၍ နေလိုက်၏။

ထိုမြို့အုပ်က “ဟလို အိုင်ဆေး၊ မင်းနှယ်ကွယ်၊ အဆင်သင့်လိုက်တာ၊ မင်းကို တွေ့ချင်တာ အတော်ကြာပြီ။ အခု အဆင်သင့်ပဲ လာတွေ့ရတယ်”

“အေး ငါလည်း တွေ့ရတာ ၀မ်းသာပါတယ်ကွယ်” (စိတ်မပါ့တပါ ပြောသည်)

“မင်း စိတ်ထဲ ဘာဖြစ်နေတယ်ဆိုတာ ငါသိပါတယ်ကွယ်၊ ဒါကြောင့်ပဲ မင်းကို တွေ့ချင်နေတာပဲ”

“မင်း မြို့အုပ် ဖြစ်တယ်လို့တော့ ကြားလိုက်ပါရဲ့၊ အခု ဘယ်မြို့မှာလဲ”

“ငါ အခု …မြို့မှာ ရောက်နေတယ်၊ အခု ရွာတစ်ရွာမှာ အမှုတစ်ခုရှိလို့ စုံစမ်းရာက ပြန်လာခဲ့တယ်”

“နေပါဦး၊ မင်း မြို့အုပ်ဖြစ်တာတော့ ဟုတ်ပါပြီ၊ လခစား ဆိုတော့ သူများ ခိုင်းတာ လုပ်နေရတာပေါ့၊ ငါနှမြောတာက မင်းနဲ့ ငါနဲ့ ကျောင်းမှာတုန်းက အပင်ပန်းခံပြီး မြန်မာစာတွေ၊ ပညာတွေ ဆည်းပူးလာခဲ့ကြတယ်။ မင်းမှာတော့ အင်္ဂလိပ်ဘက်က ဘီအေလည်း အောင်ပြီးပြီ၊ အခု မင်းလုပ်နေတဲ့ အလုပ်နဲ့ အဲဒီပညာတွေနဲ့ ဘာဆိုင်သလဲ၊ မင်းပညာတွေ မင်းမနှမြောဘူးလား၊ ငါတော့ နှမြောတာပဲ”

မြို့အုပ်က ဘာမျှ ပြန်မပြော၊ ပြုံးရယ်၍သာ နေ၏။

“အဲဒီတော့ မင်းကို ငါစိတ်နာတာပေါ့၊ မင်းလို လူတစ်ယောက်က အခစား တစ်ပါးကျွန်လုပ်နေတယ်ဆိုတော့ ခွမကျဘူးလား၊ မင်းကို မြို့အုပ်မင်းရယ်လို့ အဘလောက် အဘိုးလောက်တွေက ၀ိုင်းရှိခိုး၊ ဘုရားထူး။ ဟိုငှက်ပျောတို့၊ အုန်းတို့၊ ကြက်ဥတို့ကို မသထာရ၊ သထာရေပေး၊ မင်းတို့ကယူ၊ အထက်က အစိုးရတွေ မျက်နှာရအောင်လုပ်၊ အခွန်တွေ နင်းကန်တောင်း၊ လူတွေ ဒဏ်တပ်၊ ထောင်ချ၊ မင်းက ဒါမျိုးတွေ သာယာနေတာပေါ့၊ ဟုတ်စ” (စိတ်ပေါက်ပေါက်နှင့် ပြောသည်)

မြို့အုပ်က “မင်းမှာ စွပ်စွဲစရာတွေ ဒါ အကုန်ပဲလား” ဟု ပြုံးရယ်၍ မေးလေ၏။

“မကုန်သေးဘူး၊ အပုံကြီးကျန်သေးတယ်၊ လာဘ်စားတာတွေ၊ သူများမယား မျက်ရည်ကျမှ ကိုယ့်မယား ထမင်းဝတာ စိန်ဝတ်ရတာတွေ၊ အစိုးရ အရာရှိနဲ့ တူအောင် သောက်စားမူးရူး အပျော်လိုက်တာတွေ၊ ဘာကျန်သေးသလဲ၊ မင်းက ဒါမျိုးတွေ လောကနိဗ္ဗာန်ထင်ပြီး ပျော်မြူးနေတာပေါ့၊ မင့်မှာ နဂို စိတ်ကောင်း အကျင့်ကောင်းရှိတာ ငါသိတယ်၊ အခုတော့ ပျက်ကုန်ရော့ပေါ့၊ စုပြီးသား ပညာတွေ ပျောက်ကုန်ပြီ၊ ငါနှမြောသကွယ် သူငယ်ချင်းရယ်”

“အင်း ဒါတွေက မင့်ထင်မြင်ချက်တွေ ဆိုပါတော့၊ ဘာပဲဖြစ်ဖြစ်ကွယ်၊ အဲဒီ စိတ်မချမ်းသာစရာတွေ ထားပါတော့၊ အခု ငါးနှစ် ခြောက်နှစ်ကြာပြီးမှ ပြန်တွေ့ရတဲ့အခါ ရှေးဟောင်းနှောင်းဖြစ် ဆိုသလို ကြည်ကြည်သာသာ အကြောင်းပဲ ပြောကြပါစို့ကွယ်”

“ဒါကတော့ ပြောရပါတယ်၊ ငါက အဖြစ်ကို ပြောပြတာပါ၊ နေပါဦး ဒါဖြင့် မင့်မိန်းမ မတင်ကော အခု ဒီမြို့မှာပဲလား”

“အေး ဟုတ်တယ်၊ မင်းအိမ်ရောက်တော့ တွေ့မှာပါ”

“မင်းအိမ်ကို ငါရောက်မှ ရောက်မှာ”

“မင်း ရောက်ရမယ်၊ မင်း ငါ့အိမ်မှာ တည်းရမယ်”

“အလိုဗျာ မလုပ်ပါနဲ့၊ နေရှင်နယ်ကျောင်းဘက်က လူနဲ့ မြို့အုပ်မင်းနဲ့ ဘယ်ဖြစ်မလဲကွဲ့”

“ဖြစ်နိုင်တာကို ငါပြမယ်”

“ဟေ့ မလုပ်နဲ့ကွဲ့၊ တော်တော်ကြာ ငါ့အတွက်ကြောင့် မင်းကို အထက်က အရာရှိတွေက မေးလားစမ်းလားနဲ့၊ ပြီးတော့ မင်းရာထူးကို ထိနေပါဦးမယ်၊ မလုပ်ပါနဲ့ကွယ်၊ ငါ့ဘာသာငါ အေးအေး ကျောင်းဆရာကြီး အိမ်မှာတည်းပါ့မယ်၊ မင်းအိမ်ကို သတ်သတ်လာလည်တာပေါ့”

“မင်း ဘယ်မှာမှ မတည်းရဘူး၊ ငါ့ဆီမှာပဲ တည်းရမယ်၊ မင်း ဆရာကြီးတွေ ကျောင်းကော်မတီလူကြီးတွေ ငါ ပြောရင် ပြီးတယ်”

“အလဲ အတော်လာပါကလား၊ နေရှင်နယ်ဘက်က လူတွေက မင်း အထက်အရေးပိုင်တွေ၊ မင်းကြီးတွေ ပြောတောင် နားထောင်ချင်မှ ထောင်မှာကွဲ့၊ မင်းက လေမထွားပါနဲ့”

“အေးကွယ် ထွားတာ မထွားတာ မင်းသိမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ငါ့အိမ်မှာပဲ တည်းရမယ်”

ထိုသို့ ငြင်းခုံနေကြစဉ်ပင် ထိုမြို့သို့ သင်္ဘောဆိုက်လေ၏။ ကျွန်ုပ်လာမည်ဟု အကြောင်းကြားထားနှင့်၍ ကျောင်းဆိုင်ရာ လူကြီးများ၊ ဆရာများ လာရောက်ကြိုဆိုနေကြ၏။ သင်္ဘောဆိုက်လျှင်ပင် ထိုသူတို့ တက်လာ၍ မြို့အုပ်မင်းကို သူ့ထက်ငါ အရင် အားတက်သရော နှုတ်ဆက်ကြ၏။ ပြီးမှ ကျွန်ုပ်ကို နှုတ်ခွန်းဆက်၍ ကျောင်းဥက္ကဋ္ဌက

“မြို့အုပ်မင်း၊ ဟောဒါ ကျွန်တော်တို့ အမျိုးသား…”

“ကျွန်တော် သိပါတယ်ဗျာ၊ ကျွန်တော်နဲ့ ကျောင်းနေဖက် သူငယ်ချင်းပဲ၊ အခု သင်္ဘောပေါ်မှာ ရန်တောင် ဖြစ်လာကြသေးတယ်၊ သူ့ကို ကျွန်တော့်အိမ်မှာ တည်းဖို့ ပြောပြီးပြီ”

“ဟင် ကျွန်တော်တို့လည်း ပြင်ဆင်ထားတာပဲ။ နို့ပေမဲ့ မြို့အုပ်မင်းကဆိုရင် ဘာဖြစ်ဖြစ် သဘောရှိပေါ့ဗျာ”

ထိုအခါ ကျွန်ုပ်တွေးလိုက်သည်ကား “တွေ့ကြတဲ့အခါ ငါ့ကို ကျော်ပြီး သူ့ကို အရင်နှုတ်ဆက်ကြတယ်။ ပြီးတော့လည်း အင်မတန် မြတ်မြတ်နိုးနိုး ခင်ခင်မင်မင်ပဲ။ ပြီးတော့ မြို့အုပ်မင်း သဘောအတိုင်းပေါ့တဲ့။ ဒါအတော်ထူးတာပဲ။ အင်း ဒီအကောင် တစ်ခုခုတော့ လုပ်ထားပြီ ထင်တယ်။ နောက်မှ စုံစမ်းကြည့်ဦးမယ်” ဟု တွေးပြီးနောက် မြို့အုပ်မင်း အိမ်သို့ လိုက်သွားရလေ၏။

အိမ်တွင် မြို့အုပ်ကတော် မတင်နှင့် ချစ်ခင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သ စကားစမြည် ပြောနေရ၏။

နောက်တစ်နေ့ ကျောင်းစစ်ပြီးနောက် ဆရာကြီးကို လက်တို့ခေါ်၍ မြို့အုပ်အကြောင်းကို စုံစမ်းမေးမြန်းရ၏။ ၎င်းဆရာကြီးကား ကျွန်ုပ်၏ တပည့်တပန်း ဖြစ်ဖူး၏။ ဆရာကြီး ပြောချက်တို့ကား အောက်ပါအတိုင်းတည်း။

“ဒီ မြို့အုပ်အကြောင်းလား ဆရာ၊ ဟာ လူထူးပဲ၊ သူမှ မျိုးချစ်စိတ်ရှိတဲ့လူ သူတော်ကောင်းဗျ၊ သူ့အစိုးရ၀တ္တရားလည်း တစ်ကွက်မှ မပျက်ဘူး။ သူများအကျိုးလည်း သိပ်ဆောင်တာပဲ။ ဟော အခု အမျိုးသားကျောင်းဟာ အရင်က ပျက်မလိုဖြစ်နေတုန်း သူရောက်လာတာနဲ့ သူပြန်ပြီး ထူထောင်တာပဲ ဆိုပါတော့ဗျာ။ သူတို့မတော့ မင်းဆိုတော့ သြဇာရှိပြီးသားကလား။ မြို့ပေါ် ရွာပေါ်က လူတွေ သူကဆိုရင် လိုက်ကြ လုပ်ကြရတာပေါ့ဗျာ။ အဆုံးမတော့ ဒီကျောင်းက သူ့ကို အားကိုးနေရတာပဲဗျ။

ပြောရဦးမယ်။ သူ့အကြောင်း ပြောရတာ လက်ဖက်စားရတာထက် မြိန်သေးတယ်။ သူ ဒီနယ်ရောက်လာမှ သူခိုးလူဆိုး မရှိသလောက်ပါပဲ ခင်ဗျာ။ သူအုပ်စိုးပုံက တယ်ဟုတ်တာကိုး။ နည်းကျတယ်။ ယဉ်ကျေးသိမ်မွေ့တယ်။ နက်နဲတယ်။ အကျိုးထိရောက်တယ်။ ဥပမာ ၁၀၉-၁၁၀ အလုပ်မရှိ ကျော်စောတွေကို ရှာဖွေဖမ်းဆီးတယ်။ ဖမ်းတာက သူများလို ထောင်ချဖို့ မဟုတ်ဘူး။ သူက အလုပ်ရှာပေးဖို့ ဖြစ်တယ်။ ကျွန်တော်တို့ ဟိုတောင်ပိုင်းက ညိုကြီးဆိုတာ သူခိုးဗိုလ် ဓားပြကြီးပေါ့။ ဟော မြို့အုပ်မင်းက သူ့ကို ခေါ်တဲ့ပြီး လက်ဖက်ရည်ဆိုင် တည်ပေးသတဲ့၊ မြို့အုပ်မင်းကိုယ်တိုင် ငွေ (၁၅၀) စိုက်ပေးသတဲ့။ ဆိုင်ကိုလည်း သူကိုယ်တိုင် ကြီးကြပ်ပေးတာပဲ။ တိုတိုပြောမယ်ဗျာ။ မနက်ချမ်း ညချမ်း မြို့အုပ်မင်း ကိုယ်တိုင် လာလာပြီး လက်ဖက်ရည်ဖျော်နည်းတောင် ပြပေးသတဲ့။ လူစည်လိုက်တာ ဆရာရယ်၊ အနားက ကုလားဆိုင်တွေ၊ တရုတ်ဆိုင်တွေတောင် ပြုတ်ကုန်တာပဲ။ ညိုကြီးတောင် မကဘူး။ ဆိုးတေနေတဲ့ လူသုံးလေးယောက်လည်း ဒီဆိုင်ရောက်ပြီး အင်မတန် သေသေ၀ပ်ဝပ် ဖြစ်ပြီး ယခုအားလုံးပဲ အိမ်နဲ့ ရာနဲ့ ချမ်းသာလို့ပါကလားဗျ၊ အဲဒါမကသေးဘူး။ ညိုကြီးတို့ ကျွတ်ပုံက အခု မဆိုးတဲ့အပြင် ဘုရားရေး တရားရေးနဲ့ ၀တ်အသင်းတစ်ခု ထောင်သတဲ့။ ညတိုင်း ဟောဟို မြို့လယ်က ဓမ္မာရုံမှာ ပရိတ်သံ မစဲဘူးဗျ။ လူဆိုး သူခိုး ဓားပြတွေ ဥပါသကာဖြစ်ကုန်တာ မထူးဘူးလား ဆရာရယ်။ သည့်ပြင် ကျန်တဲ့ ပေတေတေ လူတွေ၊ လူလေ လူလွင့်တွေကိုလည်း သိမ်းကျုံးဖမ်းပြီး အထိုက်အလျောက် အလုပ်ရှာပေးတယ်၊ တစ်ချို့လည်း စပါးစက်ထဲ ရောက်၊ တစ်ချို့လည်း သူ့ရုံးမှာသုံး၊ ဟိုဟိုဒီဒီပေါ့ဗျာ၊ နေရာချပေးလိုက်တာပဲ။

တစ်ချို့မင်းတွေက သူတို့အစိုးရ ဥပဒေအရဆိုပြီး ဒီလိုလူစားတွေကို ဖမ်းချုပ်ထောင်ချ၊ ဒါပဲ တတ်တယ်၊ ဟို ညိုကြီးတို့လို လူကတော့ ထောင်ကျပြီးတာ ခုနစ်ခါ၊ ရှစ်ခါထက် မနည်းဘူး။ ဖြုံတောင် မဖြုံဘူး၊ ပိုတောင် ဆိုးလာသေးတယ်။ ဟော အခု မြို့အုပ်မင်းနည်းနဲ့တော့ “ဟေ့ ညိုကြီး၊ မင်းမဆိုးရင် သတ်ပစ်မယ်” ဆိုတာတောင် အသေခံမယ့် ဘ၀ရောက်နေပြီ ဆရာရဲ့။

မြို့အုပ်မင်း မရောက်ခင်က ဒီမြို့က လူငယ်လူရွယ်တွေဟာ အားလုံး ကြမ်းပိုးချည်းပဲ ဆရာရေ့၊ ညနေဆို ဘိုဆံတောက် သ၊ ရှိသမျှလေး ၀တ်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ အဖျင်းစုပြော၊ အဖျင်းစုလုပ်၊ ဈေးပြန်တွေကို မျက်စိအရသာခံပြီး ပိုး၊ မဟားတရားပြော၊ ပြောင်လှောင်၊ ညအခါ အသံဆိုး အသံပြဲကြီးတွေနဲ့ ရွာရိုးလျှောက်ပြီး သီချင်းဆို၊ ဟားတိုက်၊ ရန်ဖြစ်၊ ဆိုးခိုးတိုက်၊ အဲဒါနဲ့ အချိန်ကုန်တာပဲ။ တစ်ယောက်မှ အကောင်းမရှိဘူးဗျ။

မောင်မင်းကြီးသား မြို့အုပ်ရောက်လာလို့ သုံးလေးလသာ ကြာတယ်။ စာဖတ်အသင်းတစ်ခု ဖွင့်ပေးတယ်။ သူကိုယ်တိုင်က ငွေ (၃၀၀) ကျပ် ထုတ်ပြီး စာအုပ်စာတမ်း ၀ယ်ပေးတယ်။ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ် ၀ယ်ပေးတယ်။ ဈေးနားက အခန်းတစ်ခု ငှားပြီး အသင်းတိုက် ပိဋကတ်တိုက် လုပ်ထားတယ်။ အခု လူငယ်လူရွယ်တွေ အဲဒီ ရောက်ကုန်ပြီ၊ စာဖတ်ဝါသနာမပါတဲ့ အကောင်တွေလည်း မြို့အုပ်ကို ကြောက်တာနဲ့ သွားဖတ်ရတာပဲ။ အဲဒီ အသင်းတိုက်မှာ စကားပြိုင်ပွဲ၊ အဟောအပြောပွဲ မကြာမကြာ လုပ်ပေးတယ်။ မြို့ထဲ ရွာထဲက မြန်မာစာပေတတ်သူ၊ ရာဇ၀င်တတ်သူ၊ ပိဋကတ်တတ်သူ၊ ဆေးအတတ်တတ်သူ၊ အဲဒီလို ကျွမ်းကျင်တဲ့ လူတွေကို မကြာမကြာ ဟောပြောစေတယ်။

ပြီးတော့ ရှိသေးသဗျာ၊ ဆင်းရဲတဲ့ ကလေး၊ အချိန်လွန်တဲ့ လူကြီး၊ အဲဒီလိုလူတွေအတွက် အဲဒီအသင်းရုံကြီးမှာပဲ အခလွတ် ည ကျောင်းတစ်ခု ဖွင့်ထားတယ်။ မြို့အုပ်မင်းကိုယ်တိုင် အင်္ဂလိပ်စာ တစ်ချိန် ယူသင်တယ်။

မိန်းမတွေလည်း ကောင်းကောင်း မနေရဘူးဆရာ၊ သူ့မင်းကတော်ကလည်း ဘီအေကိုးဗျ။ သူတို့ နတ်ဖက်တာပဲ ဆရာ၊ မိန်းမတွေ အလုပ်ရဖို့ ဆေးလိပ်ခုံထောင်စေတယ်။ ပန်းထိုး ဇာထိုး၊ ပန်းခိုင်လုပ်၊ ယပ်တောင်လုပ်၊ ဟာ စုံလို့ပါပဲဗျာ။

အခုတော့ တစ်မြို့လုံး တစ်နယ်လုံး နတ်ပြည်ပါပဲ ဆရာရယ်။

လက်ဦးတော့ အထက်အစိုးရ အရေးပိုင်တို့ ဘာတို့က သူ့ကို တစ်မျိုးထင်ပြီး မသင်္ကာလို့ စုံစမ်းတယ်။ တစ်ခါက အရေးပိုင်ကိုယ်တိုင်လာပြီး ဘိုတဲမှာ သူ့ခေါ်မေးတယ်။ ကျွန်တော်တို့လည်း အမှတ်တမဲ့လိုက်သွားပြီး ဘိုရုံအောက်က ချောင်းနားထောင်နေတယ်။ ဟာ ဘာပြောကောင်းမလဲ၊ အရေးပိုင်ကို သူက တရားဟော လွှတ်လိုက်တာပေါ့။ အပြောကလည်း ကောင်းတယ် ဆရာရေ့၊ ခင်ဗျာ့ အင်္ဂလိပ်အစစ် အရေးပိုင်ထက် သူက အင်္ဂလိပ်စကားပြော ကောင်းသေးတယ်။ နောက်ဆုံးတော့ အရေးပိုင် အရေလည်သွားတာပေါ့။ အခု သူ့နည်းတွေ အတုခိုးဖို့ကောင်းကြောင်းနဲ့ သည့်ပြင် မြို့အုပ် မြို့ချုပ်တွေကိုလည်း ပြောတယ်ဆို ထင်ပါရဲ့ဗျာ။

ဒီမြို့အုပ်က လူထူးဗျ။ ဆင်းရဲတဲ့လူ၊ မျက်နှာမရှိတဲ့လူကို ပိုပြီး အရေးလုပ်တယ်။ ဥပမာ-မသာ အသုဘရှိရင် မျက်နှာကြီးထဲကဆိုရင် တော်ရုံပဲ၊ ၀တ်ကုန် ကျေကုန်လောက် သွားလိုက်တယ်။ ဟော ဆင်းရဲနွမ်းပါးတဲ့လူဆိုရင် သိသိ မသိသိ ရောက်အောင် ကြိုးစားသွားတယ်။ သွားရုံမကဘူး။ သူကိုယ်တိုင် မသာရှင် လုပ်နေတာပဲ။ လူပိုစည်တာပေါ့ဗျ။

အလှူအတန်း အခမ်းအနား သူမပါရင် မပြီးဘူး။ တစ်ခါက ဆရာ့ကို ပြချင်တယ်။ ဟိုကျောင်းနားက ရှင်ပြုတစ်ခုမှာ တရားနာပြီးလို့ ရေစက်ချမယ်လုပ်တော့ မြို့အုပ်ရောက်မလာသေးတာနဲ့ အလှူရှင်က ရေစက် မချဘူး၊ ဆိုင်းနေသတဲ့။ အလှူရှင်ရော၊ ဘုန်းကြီးတွေရော၊ ပရိသတ်တွေရော အကုန်စောင့်နေကြသတဲ့။ ဒီတော့မှ သူ့ကို မရမက အမြန်သွားခေါ်လို့ ရောက်လာမှ ရေစက်ချသတဲ့ဗျ။ အဲဒါသာ ကြည့်တော့။

သူ့ဆီကို အမှုမျိုးစုံ ရောက်တယ် ဆရာရေ့။ အစိုးရနဲ့ ဆိုင်တဲ့ အမှုကို ပြောတာ မဟုတ်ဘူး။ ကုန်ကုန်ပြောမယ်။ သမီးရည်းစားကိစ္စတောင် သူ့ဆီရောက်တယ်။ ဘာကြာသေးသလဲ။ ဟိုဈေးနားက ကြံရောင်းတဲ့ မယ်မှုန်ရယ်၊ သူ့ရည်းစား သာဧက သူ့ကို ဖြတ်ထားတယ်လို့၊ အဲဒါ မယ်မှုန်က မြို့အုပ်ဆီသွားပြီး ငိုတိုင်သတဲ့။ မြို့အုပ်က သာဧကို ခေါ်ပြီး အောင်သွယ် လုပ်ပေးလိုက်ရသေးတယ်။ အခု သူတို့ လင်မယား အူမြူးနေကြတာပေါ့ဗျ။

မြို့ရေး ရွာရေးမှာလည်း သူလုပ်လိုက်ရင် အောင်မြင်တာပဲ။ သူက ကောင်းထားတော့ ငွေကြေးဆိုတာ တစ်ရာဆိုလည်း ချက်ချင်း၊ တစ်ထောင်ဆိုလည်း ချက်ချင်း ရတာဗျ။ ၀ါဝင်ဝါထွက် သင်္ကြန်အခါကြီး နေ့ရက်ကြီးများမှာ ဆရာ့ကို ပြချင်တယ်။ လာလာပြီး ကန်တော့ကြတာတွေ အ၀တ်အစား အသီးအနှံ မျိုးစုံပါပဲဗျာ။ အဲဒီ အဆမတန် ရတာတွေလည်း နည်းနည်းပါးပါးသာ ချန်ထားပြီး ဆင်းရဲနွမ်းပါးတဲ့ လူတွေကို အကုန်ပေးပစ်တာပဲ ဆရာရေ့။

မနှစ်က ဒီမြို့အုပ် နှစ်စေ့လို့ဆိုလား၊ အထက် အစိုးရက နယ်ပြောင်းဖို့ စီမံသတဲ့၊ ဒီအကြောင်းလည်း ကြားကြရော၊ ဟာ ဘာပြောကောင်းမလဲ၊ မြို့ရော နယ်ရော ကမ္ဘာပျက်သလိုပါပဲဗျာ၊ တစ်ခါတည်း လူစုပြီး လူတစ်ထောင်လောက် ရှိပါလိမ့်မယ်။ အရေးပိုင်ဆီ သွားကြတာပဲ။ ဘယ်က လျှောက်လွှာတွေ ဘာတွေ လုပ်နေမလဲ၊ ပါးစပ်နဲ့ ၀ိုင်းပြောကြတာပဲ။ တစ်ချို့ ဆင်းရဲတဲ့လူတွေ၊ မိန်းမတွေက ငိုတောင် တောင်းပန်ကြသတဲ့။ အရေးပိုင်လည်း သံဃာ့အား ဘုရားမဆန်သာဆိုသလို မပြောင်းရဖို့ စီမံလိုက်သတဲ့။

နို့ပေမဲ့ တစ်နေ့နေ့တော့ ပြောင်းရမှာပဲတဲ့။ အဲဒါကို အခုမြို့နယ်က စီမံထားတာက နောက်တစ်ခါ ပြောင်းရမယ်ဆိုရင် မင်းကြီးအထိ ဘုရင်ခံအထိ လူတပ်ချီပြီး သွားတောင်းပန်ကြမတဲ့ဗျ။ မရတဲ့ အဆုံးကျရင် မြို့အုပ်အလုပ်က ထွက်စေပြီး သူတို့မြို့မှာပဲ ထားမတဲ့။ အရပ်က ကြေးခွဲငွေစုပြီး အစိုးရက ပေးတဲ့ လခထက် နှစ်ဆပေးထားမယ်လို့ စီမံထားကြတယ်ဗျ။ ဒါဟာ ကြွားတာ မဟုတ်ဘူး။ ဧကန်လုပ်ကြမှာပဲ။

အဲဒါပဲ ဆရာရယ်၊ ဒီမြို့အုပ်မင်း အကြောင်း ပြောလို့မကုန်ပါဘူး။ အရင့်အမာထဲကနဲ့ တူတာပါပဲဗျာ”

ထိုအခါ ကျွန်ုပ်က “အေး သာဓုကွယ် သာဓု၊ မင်းကိုလည်း ပြောပြတဲ့အတွက် အင်မတန် ကျေးဇူးတင်သကွယ်” ဆို၍ ပီတိဖြစ်ကာ ငါးမိနစ်မျှ ငြိမ်သက်၍ နေကြရ၏။

မြို့အုပ်၏ အိမ်သို့ ပြန်ရောက်၊ ထမင်းစားသောက်ကြပြီးနောက် မြို့အုပ်ကတော် မတင်က

“ကိုင်း ဆရာကျားရေ့၊ ရှင်သူငယ်ချင်းတော့ တစ်ဆိတ်ပြောခဲ့ဦးမှပဲ။ မကောင်းတာတော့ လုပ်တာ မဟုတ်ပါဘူး။ နို့ပေမဲ့ တစ်ဆိတ်လွန်တယ် ထင်တယ်။ လခ (၂၀၀) ကျပ် - (၂၅၀) ကျပ် ရတယ်။ ပေးကမ်းပစ်တာလည်း ဒါလောက်ပဲ။ ကျွန်မမှာ ဘာလုပ်ရသလဲ သိလား။ ကိုယ့်မိဘဆီက တစ်လှည့်၊ သူ့မိဘဆီက တစ်လှည့် တစ်လကို (၂၀၀) ကျပ် - (၃၀၀) ကျပ် ဆိုသလို တောင်းသုံးနေရတယ်” (၎င်းတို့ နှစ်ဦးလုံး မိဘများ အတန်ကြွယ်ဝကြ၏။)

“ပေးပစ်ပုံကို ပြောရဦးမယ်၊ ရုံးခွင်မှာ တစ်ချို့ အပြစ်ရှိတဲ့ တရားခံကို ဒဏ်တပ်လိုက်ကရော၊ ဆင်းရဲလို့ မဆောင်နိုင်လို့ ထောင်ကျရတော့မယ်လို့ သားမယား မိဘဆွေမျိုးတွေက ၀ိုင်းငိုကြရော၊ ဟော ရှင့်သူငယ်ချင်း ရုံးမင်းက တစ်ဖက်လှည့်နဲ့ ငွေကျိတ်ပေးလိုက်ပါရောရှင့်၊ အဲဒီငွေနဲ့ ဒဏ်ဆောင်ပြီး သွားကြတယ်

တစ်ချို့လည်း ထောင်ဒဏ်ထိုက်လို့ ထောင်ချလိုက်ကရော၊ ကျန်ရစ်တဲ့ သားမယားမှာ ဘာမှ လုပ်မစားတတ်ဖြစ်နေရော၊ အဲဒါ သူကြားရင် စရိတ်ထောက်ထားတယ်။ အဲဒီလိုချည်း ပေးနေရတာက အခုအထိ လေးငါးဦး ရှိတယ်။

ပြီးတော့ ရှိသေးတယ်။ သူတောသွားရင် အ၀တ်အစား များများမပေးလိုက်ဝံ့ဘူး။ များများပေးလိုက်ရင် တောမှာ ပေးပစ်ခဲ့တာနဲ့ ကုန်တာပဲ။ တစ်ခါက ဆောင်းတွင်းကြီးမှာ သားသည်အမေတစ်ယောက်၊ ကလေးကို လုံအောင်ပတ်စရာ အင်္ကျီအ၀တ် မရှိတာ တွေ့လို့တဲ့။ သူ့အပေါ် အင်္ကျီ ချွတ်ပေးခဲ့တယ်။ အဲဒါ လမ်းမှာ အအေးမိပြီ ခုနစ်ရက်လောက် ခံလိုက်ရသေးတယ်။ အဲဒါသာ ကြည့်တော့ရှင့်။

ဘာကြာသေးသလဲ။ နောက်လကပဲ တောမှာ အမှုတစ်ခု သွားစုံစမ်းတော့ သက်သေခံရအောင် လာတဲ့ မိန်းမပျိုနှစ်ယောက် အင်္ကျီလုံအောင် မ၀တ်နိုင်လို့ ထဘီရင်ရှားပြီး တဘက်စုတ်ခြုံပြီး လာကြသတဲ့။ အဲဒါ သူ့စာရေးကို ထဘီနှစ်ထည်၊ အင်္ကျီနှစ်ထည်ဆိုင်မှာ ၀ယ်စေပြီး ကျိတ်ပေးခဲ့သတဲ့။

အခွန်တော် ကောက်ခံတဲ့နေရာမှာ သူနာမည် အကောင်းဆုံးပေါ့ရှင်၊ ဘယ်နှယ့် မကောင်းဘဲ နေမလဲ၊ သူက စိုက်ဆောင်တာ များနေတာကိုးရှင့်။ သူကိုယ်တိုင် သွားကြည့်လို့ အဟုတ်ဆင်းရဲတာတွေ့ရင် လွှတ်သင့် လွှတ်ခဲ့တယ်။ လျှော့သင့် လျှော့ခံတယ်။ စိုက်ပေးသင့် ပေးခဲ့တယ်”

ထိုအခါ ကျွန်ုပ်က ပြောင်လှောင်လို၍ ပြုံးလျက် “နို့ ဘေးက ဘီက လာဘ်ကလေးများ မရဘူးလား”

ထိုအခါ မင်းကတော်သည် ဟက်ဟက်ပက်ပက် ရယ်၍ “ဟေ့ သာဒွန်း၊ ဟို ရေချိုးခန်းဘေးမှာ ငါဖြုတ်ချထားတဲ့ ဆိုင်းဘုတ်ယူခဲ့စမ်းကွယ်” ဟု စေလိုက်၍ ရောက်လာသောအခါ “ကိုင်း လာဘ်ရသလား၊ မရဘူးလား၊ အဲဒီ ဆိုင်းဘုတ်ကိုသာ ကြည့်တော့” ဟု ဆို၍ ကျွန်ုပ်ရှေ့သို့ ဆိုင်းဘုတ်ကို တွန်းလိုက်၏။

ဆိုင်းဘုတ်တွင် “နောက်ဖေးလှေကားမှ အခွင့်မရှိ မတက်ရ” ဟု ရေးထား၏။ မတင်က ဆက်၍ “အဲဒီ ဆိုင်းဘုတ်ကို ကျွန်မက ရွံရွံရှိတာနဲ့ ဖြုတ်ချပြီး တော်ရာမှာ ထိုးထားလိုက်တယ်။ ကျွန်မလည်း ဒါမျိုး ၀ါသနာ မပါပါဘူး။ အရပ်က မေတ္တာရှိကြလို့ လက်ဆောင်တွေ ဘာတွေ အများကြီးပို့ကြပါတယ်။ အဲဒါ ရှင့်သူငယ်ချင်းက အဲဒီ လက်ဆောင်တွေထဲမှာ မရိုးတဲ့ လက်ဆောင်တွေ ပါမှာစိုးသတဲ့၊ မကြာမကြာ လာစစ်တယ်။ တစ်ခါတော့ ကျွန်မက စိတ်ပေါက်ပေါက်ရှိတာနဲ့ ‘ရှင်က ကျွန်မကို ဒါလောက် အထင်သေးလား၊ ဒီနေရာမျိုးမှာ ရှင့်ထက် ရွံရှာသေးတယ်’ လို့ ခပ်ဆတ်ဆတ်ပြောပြီးမှ အခုတော့ အမေးအမြန်း မထူတော့ပါဘူး။ အဲဒါပဲ၊ ရှင့်သူငယ်ချင်းကို နည်းနည်း ပြောခဲ့ဦးမှပဲရှင်”

ကျွန်ုပ် ထိုမြို့မှ မထွက်မီ တစ်ညတွင် အဆိုပါ စာဖတ်သင်းက ကမကထပြု၍ ကျွန်ုပ်ပြောဟောရန် စီမံ၏။ ထို စကားပြောဟောပွဲသို့ အမျိုးသားကျောင်းဆိုင်ရာ လူများ၊ ညိုကြီးတို့ ၀တ်အသင်း၊ စာဖတ်အသင်း စသည်ဖြင့် မိန်းမ ယောကျာ်းများစွာ လာရောက်ကြ၏။ မြို့အုပ်မင်းမှာလည်း ကျွန်ုပ်၏ အနီးတွင် ထိုင်နေ၏။

ဟောပြောချိန်ကျကာလ ကျွန်ုပ်က ပညာရေး၊ စီးပွားရေး၊ ကြီးပွားရေးမှစ၍ မျိုးစုံ ဟောပြောပြီးမှ နိဂုံးချုပ်သည်ကား

“ယခု ဤမြို့သို့ ရောက်မှ ကျွန်ုပ်၏ မိတ်ဆွေ မြို့အုပ်မင်း၏ ဂုဏ်တို့ကို သိရပါတော့သည်။ (ထိုအခါ မြို့အုပ်က မပြောစေလိုကြောင်း လက်ပြ၏။ ကျွန်ုပ်ကား ဆက်၍ ပြောသွား၏။)

ထိုမြို့အုပ်မင်းအား ချီးမွမ်းနေရန် လိုမည်မထင်ပါ။ လူတိုင်းသိပြီး ဖြစ်ပါသည်။ အထူးကား ကျွန်တော်သည် ထိုမြို့အုပ်မင်းအား မနောကံဖြင့် ပြစ်မှားမိသော အချက်များ ရှိပါသည်။ ထိုပြစ်မှားချက်များကို သူထံတွင် တောင်းပန်မည်ဟု ကြံထားပါသည်။ ယခုကား ကျွန်တော်၏ ပြစ်မှားချက် ကြီးလေသဖြင့် ပရိသတ်စုံရာရှေ့မှ တောင်းပန်လိုပါသည်” (ထိုအခါ၌ မြို့အုပ်မင်းသည် ရုပ်ဖျောက်ထွက်သွားလေပြီ။)

၁။ ပထမအချက်ကား ကျွန်တော်တို့မှာ အလွန်ရင်းနှီးသော ကောလိပ်ကျောင်းနေဖက် ဖြစ်ကြပါသည်။ သပိတ်မှောက်စဉ်က အတူတူ ထွက်လာပြီးမှ သူသည် ကျောင်းသို့ ပြန်သွားလေသဖြင့် သူ့အပေါ်၌ အထင်သေးကာ အလကား လူညာပဲဟု ထင်မှတ်ခဲ့မိပါသည်။ သင်္ဘောပေါ်၌ တွေ့စဉ်ကလည်း ဒီလူမျိုး အစိုးရဘက် ရောက်မှာပဲ၊ အလကား လူတွေပါဟု ယူဆကာ ကျွန်ုပ်စ၍ နှုတ်မဆက်ဘဲ ခပ်တန်းတန်း နေခဲ့မိပါသည်။ ယခု ဤမြို့သို့ ရောက်မှ သူ့အကြောင်း သိရပါသဖြင့် ကျွန်တော် ပြစ်မှားခဲ့မိသည်တို့ကို စုံရာရှေ့တွင် တောင်းပန်ပါသည်။

၂။ ဒုတိယအချက်ကတော့ ကောလိပ်မှာ ရှိကြစဉ် အထူးသဖြင့် မြန်မာစာပေ လိုက်စားကြပါသည်။ သင်္ဘောပေါ်တွင် “ရခဲ့တဲ့ ပညာနဲ့ မင့်မြို့အုပ်အလုပ်နဲ့ ဘာဆိုင်သလဲ၊ ငါမင်းပညာတွေ နှမြောလှသကွယ်” စသည်ဖြင့် အထင်မှား ပြစ်မှားခဲ့မိပါသည်။ ယခု သူ့အိမ်တွင် စာအုပ်မျိုးစုံ ဗီဒိုကြီးငယ်နှင့် အပြည့်ရှိ၍ စာကြည့်လျက်ပင် ရှိသေးသည်ကို တွေ့ရပါသဖြင့် ကျွန်တော် တောင်းပန်ရပြန်ပါသည်။

၃။ တတိယအချက်ကတော့ အစိုးရအမှုထမ်း မြို့အုပ်မြို့ချုပ်တို့မှာ အများအားဖြင့် မင်းမာန်တက်ကာ သောက်စား၊ ပျော်ပါး၊ ကစား၊ အကျင့်ပျက်သည်က များပါသည်။ ယခု မိတ်ဆွေ မြို့အုပ်မင်းကိုလည်း ဤသို့ပင် ထင်ခဲ့မိပါသည်။ ယခုမဟုတ်ရုံမက မြို့ရွာနယ်ပယ် စည်ကားချမ်းသာအောင်ပင် ပြုမှုဆောင်ရွက်လေသဖြင့် တောင်းပန်ခြင်းကို ပြုပါသည်။

၎။ စတုတ္ထအချက်ကား ပညာရှိ သူတော်ကောင်း ပုဂ္ဂိုလ်တို့မှာ တန်ခိုးအာဏာရလေလေ၊ သူတစ်ပါး အကျိုးဆောင်နိုင်လေလေ ဖြစ်ပါသည်။ အစိုးရနှင့် တိုင်းသူပြည်သားသည် တစ်စီးပွားတည်း ဖြစ်ပါသည်။ ပူလျှင်လည်း အတူ၊ အေးလျှင်လည်း အတူ ဖြစ်ပါသည်။ ယခုမြို့အုပ်မင်း စီမံချက်ကို ပညာရှိသော အရေးပိုင်မင်းကြီးများကလည်း သဘောကျသည်ဟု ကြားသိရပါသည်။ ၎င်းနည်းကို အခြားအရာရှိများ အတုယူရန် အားပေးသည်ဟု ကြားရသဖြင့် ၀မ်းမြောက်လှပါသည်။ 

၅။ ဆောင်ရွက်ကြရာတွင် လူသိနတ်ကြား ကျော်ကြားသူများလည်း ရှိပါသည်။ လူအများ မသိဘဲ ကိုယ်ကျိုးစွန့်၍ အဟုတ် အဟတ် ထိထိရောက်ရောက် ဆောင်ရွက်နေသူများလည်း ရှိပါသည်။ ယခု မြို့အုပ်မင်းမှာ နောက်လူစားမျိုး ဖြစ်ပါသည်။

၆။ ကျွန်တော်တို့မှာ အရပ်ရပ်သို့ ရောက်၍ လည်းကောင်း၊ သတင်းစာတွင် ပါ၍ လည်းကောင်း လူသိများပါသည်။ ယခု မြို့အုပ်မင်းမှာကား ကျိတ်၍ အလုပ်လုပ်နေသည်ကို ဤနယ်တစ်နယ်တွင်သာ သိပါသည်။ သို့သော်လည်း ကျွန်တော်တို့ထက် သူက ပိုမိုအလုပ်တွင်ကျယ် အရာရောက်နေပါသဖြင့် ကျေးဇူးတင် ၀မ်းမြောက်လှပါသည်။

၇။ ဤသို့ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူအား ပြစ်မှားမိသည်ကို တောင်းပန်ပြီး၍ ယခု မြို့နယ်အား တောင်းပန်လိုသည်မှာ မြန်မာနိုင်ငံတွင် ဤမြို့အုပ်မင်းမျိုး အလွန်လိုသော နေရာများစွာ တွေ့ခဲ့ရပါသည်။ ဤမြို့နယ်က သဘောကြီးကြီး ထားစေလိုပါသည်။ နောက်တစ်ကြိမ် မြို့အုပ်မင်း နယ်ပြောင်းရမည် ရှိသောအခါ မကန့်ကွက်ဘဲ အခြားနယ်သို့ ရောက်သွားခြင်းကို ကြည်ဖြူကြစေလိုပါသည်။ (ထိုအခါ ပရိသတ် လှုပ်လှုပ်ရွရွ ဖြစ်သွား၏။) အခြား မြို့ရွာတို့ကို ကရုဏာ ထားကြပါ။ မိမိတို့ မြို့နယ် ကြီးပွားလာသလို၊ အခြားဆင်းရဲအောက်ကျသော မြို့နယ်များကိုလည်း ကြီးပွားနိုင်စေရန် စေတနာ ထားတော်မူကြစေလိုပါသည်။ ဥပမာ - ဝေဿန္တရာမင်းကြီးသည် မိုးခေါင်ငတ်မွတ်နေသော ကလိင်္ဂရာဇ်ပြည်သို့ ဆင်ဖြူတော်ကို လှူဖူးပါသည်။ ဤမြို့နယ်ကလည်း ဘုရားလောင်း သဘောပိုက်၍ မြို့အုပ်မင်း ဆင်ဖြူတော်ကို မိုးခေါင်ငတ်မွတ်နေသော နယ်တို့သို့ လှူဒါန်းနိုင်ကြပါစေဟု ဆုတောင်းမိပါသည်။ လှူဒါန်းရန် မတွန့်တိုကြစေလိုကြောင်း လေးနက်စွာ တောင်းပန်ပါသည် ခင်ဗျား”

မပြန်မီ တစ်နေ့၌ ကျွန်ုပ်တို့နှစ်ယောက် အိမ်ရှေ့တွင် စကားပြောနေကြ၏။ ကျွန်ုပ်က စ၍ -

“အစည်းအဝေးမှာ ငါတောင်းပန်တော့ မင်းက ဘာပြုလို့ ထပြေးသလဲ”

“မကြားချင်လို့ပေါ့၊ ပြီးတော့ လိုလည်း မလိုပါဘူး”

“ဘာဖြစ်လို့ မလိုရမှာလဲကွဲ့၊ ငါက မင်းကို ပြစ်မှားမိတာပဲ”

“မင်းပြစ်မှားတယ်ဆိုတာက ကျူးလွန်လိုတဲ့ စေတနာ မဟုတ်ဘူး။ ငါ့အဖြစ်အပျက် ငါ့အခြေအနေက ဒီလို တလွဲထင်စရာ ဖြစ်နေတယ်။ မင်း ဖွင့်မပြောပေမယ့် မင့်စိတ်ထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပါတယ်။ ဟို သပိတ်မှောက်ပြီး ကျောင်းပြန်ဝင်ရတဲ့နေ့ကစပြီး ငါတစ်နေ့မှ စိတ်လက်မချမ်းသာဘူး။ နို့ပေမဲ့ ငါ့သဘောကို မင်းသိတဲ့အတိုင်းပဲ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲဆိုပြီး ငါရတဲ့ တန်ခိုးကို အသုံးပြုပြီး တတ်နိုင်သမျှ ဆောင်ရွက်ခဲ့တာပဲ။ ငါနဲ့ ရင်းနှီးတဲ့ သားမယား မိဘဆွေမျိုးအားလုံး သိကြကုန်ပြီ။ မင်းတစ်ယောက်ပဲ ကျန်တယ်။ တစ်နေ့နေ့ မင်းနဲ့ တွေ့ရရင် ငါ့အပေါ်မှာ မမှန်တဲ့ဟာတွေ ရှင်းသွားရင် ငါသေပျော်တာပါပဲ။ ဒါကြောင့်လည်း မင်းနဲ့ သင်္ဘောပေါ်မှာ တွေ့တွေ့ချင်း မင်းနဲ့ တွေ့ချင်တာ ကြာပြီလို့ ငါဆိုလိုက်တာ၊ အဲဒီအဓိပ္ပာယ်ပဲ။ အခုတွေ့ရပြီ၊ ရှင်းပြီ၊ ငါသေပျော်ပြီ”

“မသေနဲ့ဦး ဆရာရေ့၊ မင်းလုပ်စရာတွေ အများကြီး ရှိသေးတယ်။ ခုခါ မင်းလို လူတစ်ယောက်ကို အသေမခံနိုင်သေးဘူး မောင်ရေ။ မင်းတို့မှာ တန်ခိုးအာဏာ အထိုက်အလျောက် ရှိတော့ အဲဒီ တန်ခိုးကို သူ့အကျိုး ကိုယ့်အကျိုး ပြီးအောင် ဆောင်ရွက်နိုင်တာသာ လိုရင်းပဲ။ ကိုယ့်အထက်က အစိုးရလည်း ကျေနပ်၊ ကိုယ့်ကိုယ်တိုင်လည်း ကျေနပ်ဆိုတော့ အကောင်းဆုံးပေါ့၊ အဲဒီတော့ နောက်တစ်ခါ နယ်ပြောင်းရမယ်ဆိုရင် မင်းကိုယ်တိုင်ကပါပြီး ပြောင်းလိုက်မှပဲ၊ မင်းပြောင်းရလေလေ၊ အများအကျိုးရှိလေလေ နေမှာပဲ”

“ငါလည်း ဒီလိုကြံထားတာပါပဲ။ အခု အရေးပိုင်ကလည်း ငါ့ကို လူဆိုးသူဆိုး ပေါတဲ့အရပ်၊ ဆင်းရဲအောက်ကျနေတဲ့အရပ်ကို ရွေးပို့မယ်လို့ချည်း ပြောနေတာပဲ။ ငါကတော့ ၀မ်းသာပါတယ်။ နို့ပေမဲ့ တစ်ချက်တော့ ရှိတယ်ကွယ်၊ မတင်ကို ငါသနားတယ်၊ သူတို့ မိန်းမဆိုတော့ ပစ္စည်းဥစ္စာ ကြွယ်ဝချင်မှာပဲကွဲ့”
“ဒီလောက်လည်း မဟုတ်ပါဘူးကွယ်၊ မတင်လည်း ဥာဏ်ပညာသေးတဲ့ မိန်းမ မဟုတ်ပါဘူး။ ပစ္စည်းဥစ္စာပေါ်မှာချည်း လူတို့ ချမ်းသာမှုတည်မနေဘူးဆိုတာ သူလည်း တို့သိသလောက် သိတာပါပဲ။ ပြီးတော့လည်း မင်းတို့နှစ်ဖက်လုံးဟာ ဆင်းတောင့်ဆင်းရဲမှ မဟုတ်ဘဲကလားကွဲ့၊ ဒီတော့ ကိုယ်လုပ်ချင်တဲ့ အလုပ်ကောင်းတစ်ခုကို လုပ်ရတာဟာ ချမ်းသာကြီးတစ်ခုပေါ့ကွဲ့”

“ဒါတော့ ဟုတ်ပါရဲ့၊ နို့ပေမဲ့ ငါတို့ လင်ယောကျာ်းရဲ့ ၀တ္တရားတော့ ပျက်တာ အမှန်ပဲ”

“ဒါတော့ မတင်က ကျေနပ်ရင် ပြီးတာပဲ။ သူက အခု မင်းလုပ်နေတာတွေ မကျေနပ်ကြောင်းများ ပြဖူးသလား”
“ဒီလိုတော့လည်း မပြပါဘူး။ သို့ပေတဲ့ အလွန်အမင်း မလုပ်ဖို့တော့ အမြဲသတိပေးတယ်။ တစ်ခါက မင်းကြီးက ငါလုပ်ပုံကိုင်ပုံတွေ မသင်္ကာတယ်လို့ ကြားတာနဲ့ ငါတောင် မသိဘူး။ သူ့ဟာသူ မင်းကြီးဆီသွားပြီး ငါလုပ်ကိုင်တဲ့နည်းတွေ လမ်းမှန်ကျပုံ ပြောဆိုထင်ပါရဲ့ကွယ်၊ မင်းကြီးက ကျေနပ်ရုံတင်မက အဲဒီနည်းတွေ ပျံ့နှံ့စေမယ်လို့တောင် ပြောလိုက်သေးသတဲ့။ နောက် အတော်ကြာလို့ ငါနဲ့ မင်းကြီးနဲ့ တွေ့တော့ မင်းကြီးက ‘ဟေ့မောင် မင်းမိန်းမ မတင်က မင်းထက် အပုံကြီး သာပါကလား၊ ပညာရော၊ ပြောပုံဆိုပုံရော၊ အင်္ဂလိပ်စကားပြောများ မင်းထက် အပုံကြီး တော်ပါကလား’ လို့တောင် ငါ့ကို ပြောသေးတယ်။ ငါက အဲဒါ စိတ်မထွက်သေးလို့၊ စိတ်ထွက်လို့ ပြောရရင် ဒါထက် အများကြီး တော်ပါသေးတယ်လို့တောင် ငါက ရယ်ပြောခဲ့သေးတယ်”

“အေးလကွယ်၊ လိုရင်းမတော့ လူသတ်ထောင်မှူး ဖြစ်နေပစေ စေတနာထားတတ်လျှင် ဆောင်ရွက်တတ်လျှင် အထိုက်အလျောက် အကျိုးရှိတာပေါ့။ ကိုင်းကွယ် အခုတော့ အလွန်ချစ်ခင်တဲ့ လူတစ်ယောက်ကို သေပြီးမှ ပြန်တွေ့ရသလို ငါအင်မတန် ၀မ်းမြောက်တယ်”

“ငါကလည်း ငါ့အပေါ်မှာ အထင်လွဲနေတာတွေ ရှင်းသွားလို့ အင်မတန် စိတ်ချမ်းသာ သွားတာပဲကွ”

“အဲဒါတွေထက် ပိုပြီး ငါဝမ်းသာတာ ရှိသေးတယ်။ အခု အများအတွက် ဆောင်ရွက်ကြတဲ့ လူတွေမှာ အချို့လည်း အရပ်ရပ် အနယ်နယ်ရောက်၊ အစည်းအဝေးတွေရောက်၊ ဟောလား ပြောလားလုပ်၊ သတင်းစာတွေထဲပါ၊ အဲဒီတော့ အင်မတန် လူသိနတ်ကြား ရှိကြတယ်။ အခု တွေ့ရတာကတော့ လူသိခြင်း မရှိ၊ ကျော်စောခြင်း မရှိ၊ သူများ အကျိုးဖြစ်လျှင် ပြီးရော့ဟဲ့ဆိုပြီး အဟုတ်တကယ် အနစ်နာခံပြီး ကျိတ်ပြီး အလုပ်လုပ်နေတဲ့ မင်းတို့လို လူစားမျိုးတွေ ရှိသေးကြောင်း သိရတာနဲ့ မြန်မာနိုင်ငံကြီးအတွက် ငါဖြင့် အပုံကြီး အားတက်သွားတာပဲကွယ်၊ အမှန်မှာ မင်းအခု လုပ်နေတာဟာ ငါတို့ လွန်ခဲ့တဲ့ (၁၃) နှစ် အတွင်းမှာ လုပ်တဲ့ လုပ်ငန်းထက်တောင် အရေးရောက်၊ အကျိုးရောက်တယ်လို့ ထင်တာပဲ၊ သာဓုကွယ် - သာဓု၊ ငါ့သူငယ်ချင်း ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ မြင့်မြတ်တဲ့ အလုပ်ကို ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာနဲ့ လုပ်ဆောင်နိုင်ပါစေ၊ သာဓုကွယ် - သာဓု”

Friday, September 16, 2011

ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နေပြည်တော်မှ တိုက်ရိုက် သတင်းပို့

ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် နေပြည်တော်မှ တိုက်ရိုက် သတင်းပို့

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ။
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ။ စက်တင်ဘာ ၁၅၊ ၂၀၁၁။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခြေအနေနဲ့ သတင်းမီဒီယာတွေကို ပထမဆုံး အကြိမ်အဖြစ်နဲ့ လွတ်လွတ်လပ်လပ် သတင်းယူခွင့် ပြုတာနဲ့ ကြုံခဲ့ရတာပါ။ အရင်တုန်းကဆိုရင် အဲဒီကို တယ်လီဖုန်းတွေလည်း ယူခွင့်မပြုပါဘူး။ တယ်လီဖုန်းတွေ ယူလို့ရှိရင်လည်း ပိတ်ခိုင်းထားပါတယ်တဲ့။ ပြီးတော့ ၀င်သွားတဲ့သူတွေ အကုန်လုံးကိုလည်း စစ်ဆေးတာတွေ လုပ်တယ်၊ ပစ္စည်းတွေ ပါသွားရင် ကင်မရာတွေ ပြရတယ်။ ဒီနေ့ကတော့ ဘာမှလည်း ပြစရာ မလိုဘူး၊ တယ်လီဖုန်းလည်း ပိတ်စရာ မလိုဘူး။ အကုန်လုံးကို လွတ်လွတ်လပ်လပ် ယူခွင့်ပေးပါတယ်။
နေပြည်တော် ပြည်သူ့လွှတ်တော် ၀န်းကြီးထဲက သဘင်ဆောင်ဆိုတဲ့ ခန်းမကြီးထဲမှာ ကျင်းပတာပါ။ အဲဒီမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရရွှေမန်းက သူတို့ကို ကမ္ဘာက စောင့်ကြည့် ကြိုဆိုနေကြသလို ကမ္ဘာ့မီဒီယာတချို့နဲ့ မြန်မာမီဒီယာတွေက လေ့လော စောင့်ကြည့် ဝေဖန် အကြံပြုမှုတွေ ပြုလုပ်ဖို့ အသင့်ဖြစ်နေကြပါပြီလို့ ပြောသွားပါတယ်။ နောက် ဒီအချိန်မှာ ပြည်တွင်း ပြည်ပက မီဒီယာတချို့ဟာ ဒီခန်းမကြီးထဲမှာ သူတို့နဲ့အတူ ရောက်ရှိနေပြီး နိုင်ငံတကာ ဒီမိုကရေစီနေ့ရဲ့ ထူးခြားတဲ့ သမိုင်းမှတ်တိုင် တခုအဖြစ် မြန်မာနိုင်ငံရဲ့ လွှတ်တော်တွေ အတွင်းမှာ စိုက်ထူနိုင်ပြီ ဖြစ်တယ်လို့ သူက ပြောသွားပါတယ်။
အရင်တုန်းက လွှတ်တော်တွေထဲမှာ သတင်းထောက်တွေ ဓာတ်ပုံလောက်ပဲ ရိုက်ခွင့်ရှိပြီး လွှတ်တော်တွင်းက လွှတ်တော်အမတ်တွေကိုတောင်မှ တွေ့ဆုံမေးမြန်းခွင့် မရှိပါဘူး။ ဒီနေ့တော့ လွှတ်တော်အမတ်တွေ ရောက်လာတာနဲ့ တပြိုင်နက် ကျမတို့ သတင်းမီဒီယာသမားတွေ လွတ်လွတ်လပ်လပ် မေးမြန်းနိုင်ခဲ့ပါတယ်။ ကျမလည်း ဒီနေ့ RNDP ရခိုင်အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုပါတီက ဒေါက်တာအေးမောင်ကို မေးနိုင်ခဲ့ပါတယ်၊ NDF ပါတီက ဒေါက်တာ မြတ်ဉာဏစိုးကိုလည်း မေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမတ်တွေလည်း မေးခဲ့ပါတယ်။
အထူးသဖြင့် ပြောလေ့ပြောထ မရှိတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေကိုပါ ကျမ မေးမြန်းခွင့် ရခဲ့ပါတယ်။ အဲဒီ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်အတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့် အဆိုကို သူတို့ ထောက်ခံခဲ့ကြတယ်လို့ ကျမကို ၀မ်းသာအားရ ပြောပြတာ တွေ့ရပါတယ်။
နောက်တခုက အဲဒီ ဒီမိုကရေစီနေ့ အခမ်းအနားမှာ စာတမ်းတွေ ဖတ်ကြပါတယ်။ စာတမ်းတွေက တော်တော်လေး များပါတယ်။ တော်တော်လေး သည်းခံပြီး နားထောင်ရတယ်၊ ရှည်လည်းရှည်တယ်၊ ကောင်းလည်း ကောင်းပါတယ်၊ ဒီမိုကရေစီနေ့နဲ့ ပတ်သက်ပြီး ပြောတာဆိုတော့။ အဲဒီမှာ ထူးခြားတဲ့ အချက်တချက်က RNDP ပါတီက ဒေါက်တာအေးမောင်ကလည်း စာတမ်းဖတ်ပါတယ်။ အဲဒီမှာ သူ့ရဲ့ စာတမ်းအပိတ်ကလေးက တော်တော်လေး ထူးခြားလို့ပါ။
ပြည်သူ့ခေတ်ဂျာနယ်မှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည် ရေးခဲ့တဲ့ ပုဂံဘုရားဖူး ဆောင်းပါးကို ဘာသာပြန်ထားတဲ့ အထဲက နိဂုံးအပိုဒ်ကလေးပါ။ မနုဟာ ဘုရားကြီးနဲ့ ပတ်သက်ပြီးတော့ လူမျိုးစုံ လူနည်းစု တိုင်းရင်းသားတွေရဲ့ ပဋိပက္ခ ဖြစ်နေတာတွေ၊ နောက် ယုံကြည်ချက်ကြောင့် လွတ်လပ်မှုအတွက် အဓိက မျှော်မှန်းနေကြတဲ့ အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးတော့ ရေးထား၊ တင်စားထားတာလေးကို ဒေါက်တာအေးမောင်က ဖတ်ပြသွားတာပါ။ အဲဒါကိုလည်း အကုန်လုံး ၀ိုင်းပြီးတော့ လက်ခုပ်တီး သြဘာပေးကြပါတယ်။
နောက် ဒီနေ့အခမ်းအနား ပြီးတဲ့နေရာမှာ ပြည်သူ့လွှတ်တော် ရေးရာအဖွဲ့တွေရဲ့ ကော်မတီဝင် ၁၂ ဦး ပါဝင်တဲ့ အဖွဲ့က သတင်းစာ ရှင်းလင်းပွဲ ကျင်းပပါတယ်။ အဲဒီ သတင်းစာ ရှင်းလင်းပွဲမှာ လွှတ်တော်ထဲမှာ အဆိုတင်သွင်းတာတွေ၊ အချေအတင် ဆွေးနွေး မဲခွဲကြတာတွေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းရင်းသား လွှတ်တော်တွေက ပွင့်ပွင့်လင်းလင်း ဖြေပေးပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး လူထုရဲ့ စိုးရိမ်မကင်း ဖြစ်ရတာတွေကိုလည်း သူတို့ ၀ိုင်းဝန်း ဆွေးနွေးပေးကြပါတယ်။
ဒါနဲ့တဆက်တည်းမှာပဲ ကျမတို့ သတင်းမီဒီယာတွေကို တာဝန်ခံပြီး ဖိတ်ကြားခဲ့တဲ့ ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်းကိုလည်း ကျမ တွေ့ဆုံ မေးမြန်းနိုင်ခဲ့ပါတယ်။ သူကလည်း ပြည်ပ သတင်းမီဒီယာတွေက သတင်းတွေကို မျှမျှတတ၊ မှန်မှန်ကန်ကန်ဖြစ်အောင် ရေးပြပါ၊ ပြီးတော့ သူတို့ရဲ့ အမြင်တွေကိုလည်း ထုတ်ဖော် ပြောဆိုချင်ပါတယ်လို့ ပြောပါတယ်။
ပြီးတော့ မျှမျှတတ၊ မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်နိုင်ဖို့ဆိုတဲ့ နေရာမှာ ကျမကလည်း ပြန်ပြောလိုက်ပါတယ်၊ ပြန်ကြားရေး ၀န်ကြီးဌာနကနေ ဖွဲ့စည်းထားတဲ့ သတင်းပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့် ရှိသူတွေ အနေနဲ့ ကျမတို့နဲ့ ဆက်သွယ်လို့ရအောင် တယ်လီဖုန်းနံပါတ်တွေ ထားပြီးတော့ ကျမတို့က မေးတဲ့အခါမှာ ဖြေပေးလို့ရှိရင် ကျမတို့ သတင်းတွေကို မျှမျှတတ၊ မှန်မှန်ကန်ကန် လုပ်နိုင်မှာပါဆိုတော့ သူကလည်း အဆင်ပြေသလို ကြည့်ရှု စီစဉ်ပေးမယ်လို့ ပြောပါတယ်။

ကမ္ဘောဒီးယားနှင့် သင့်မြတ်ရေး ထိုင်းဝန်ကြီးချုပ် ကြိုးစားမည်

ကမ္ဘောဒီးယားနှင့် သင့်မြတ်ရေး ထိုင်းဝန်ကြီးချုပ် ကြိုးစားမည်

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ နယ်စပ်မှာ လူတွေ သေကျေစေတဲ့အထိ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် ဆက်ဆံရေးတွေ ပုံမှန် ပြန်ဖြစ်လာအောင် ကြိုးစားတဲ့ အနေနဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ခ် ရှင်နာဝပ် (Yingluck Shinawatra) ဟာ ကမ္ဘောဒီးယားနိုင်ငံကို ကြာသပတေးနေ့က ရောက်သွားပါပြီ။
ပြီးခဲ့တဲ့လက အာဏာရလာတဲ့ ၀န်ကြီးချုပ် ယင်းလပ်ကို ကမ္ဘောဒီးယားနိုင်ငံက တရားဝင် အခမ်းအနားနဲ့ ကြိုဆိုပြီးတဲ့နောက် ၀န်ကြီးချုပ် ဟွန်ဆန် (Hun Sen) နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက်မှတော့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ခ်ဟာ ကမ္ဘောဒီးယားဘုရင် နိုရိုဒွန်မ် စီဟာမိုနီ (Norodom Sihamoni) နဲ့ တွေ့ဆုံဖို့ ခီမာရင် (Khemarin) နန်းတော်ကို သွားရောက်ခဲ့ပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားတဲ့ ပဋိပက္ခကြောင့် လူပေါင်း ၂၈ ယောက် သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးအိမ် စွန့်ပြေးခဲ့ရတာကြောင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့ နှစ်ဘက် အစိုးရတွေက လိုလားနေကြတာပါ။ အရင် ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝ (Abhisit Vejjajiva) အစိုးရလက်ထက်မှာ ဆက်ဆံရေးတွေ တင်းမာခဲ့ပေမဲ့ ၀န်ကြီးချုပ် ယင်းလပ် အစိုးရ တက်လာတဲ့ အချိန်ကစလို့ ဆက်ဆံရေးတွေ သိသိသာသာ တိုးတက် ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။
အခြေအနေပေးရင် စီးပွားရေးနဲ့ဆိုင်တဲ့ အကြောင်းအရာတွေပါ ဆွေးနွေးဖြစ်မယ်လို့ ၀န်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ပြောတာကို ကိုးကားပြီး ဒီကနေ့ထုတ် Bangkok Post သတင်းစာမှာ ဖော်ပြထားပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ထိုင်းပင်လယ်ကွေ့အတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ပူးတွဲ ရှာဖွေကြဖို့ ကမ္ဘောဒီးယားက အဆိုပြုထားပါတယ်။

ဆီးရီးယား အတိုက်အခံတွေ တပ်ပေါင်းစုဖွဲ့စည်း

ဆီးရီးယား အတိုက်အခံတွေ တပ်ပေါင်းစုဖွဲ့စည်း

ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ် (Bashar al-Assad) ရဲ့ အတိုက်အခံ အဖြစ်နဲ့ ညီညွတ်တဲ့ တပ်ပေါင်းစု အနေနဲ့ ရပ်တည်နိုင်မယ့် အမျိုးသားကောင်စီ တရပ်ကို ဖွဲ့စည်းလိုက်နိုင်ပြီလို့ ဆီးရီးယား အတိုက်အခံ အဖွဲ့ဝင်တွေက ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
ဆီးရီးယားနိုင်ငံမှာ သမ္မတ ဘာရှားကို ဆန့်ကျင် ဆန္ဒပြမှုတွေ စခဲ့တာ ၆ လပြည့်တဲ့ အချိန်မှာ အတိုက်အခံ အဖွဲ့ဝင်တွေဟာ အစ္စတန်ဘူလ် (Istanbul) မြို့မှာ စုဝေးကြပြီး အဖွဲ့သား ၁၄၀ ပါဝင်တဲ့ အမျိုးသားကောင်စီကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တာပါ။
အတိုက်အခံ အဖွဲ့ဝင်တွေရဲ့ ထက်ဝက်လောက်ဟာ ပြည်တွင်းမှာ ရှိပေမဲ့ ကျန်ထက်ဝက်က ပြည်ပကနေ လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။ ဒီအဖွဲ့ကို ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရက ပြောကြားခဲ့ပေမဲ့ ဒီအဖွဲ့ဟာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လိုအပ်သလို အမျိုးသားကောင်စီဟာလည်း စိန်ခေါ်မှုတွေ အများအပြားကို ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
တချိန်တည်းမှာပဲ ဆီးရီးယားမှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေကို ဆီးရီးယားက အမြန်ဆုံး ပြန်ပြီး ထွက်ခွာဖို့ တိုက်တွန်းလိုက်ပြီး ဆီးရီးယားကို ခရီးသွားလာခွင့် သတိပေးချက်လည်း ထုတ်ပြန်လိုက်ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကတော့ ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ်ဟာ ပြန်လည် ပြုပြင်ပြောင်းလဲမယ်ဆိုတဲ့ ကတိပေးချက်တွေကို ချိုးဖောက်နေတာမို့ ရပ်တန်းကရပ်ဖို့ တန်ပြီလို့ ဆိုပါတယ်။
ဆီးရီးယားရဲ့ နယ်စပ်ဒေသ တလျှောက်လုံးမှာလည်း လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတဲ့ကြားက အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတာပါ။ တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ၂ လလောက်က ဆီးရီးယားစစ်တပ်က အကြီးတန်း အရာရှိကြီး တဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ဟူစိန် အယ်လ် ဟာမွတ်ရှ် (Hussein al-Harmoush) ဟာ တူရကီနိုင်ငံကို ထွက်ပြေးပြီး ခိုလှုံခဲ့တယ်ဆိုတဲ့ သတင်းဟာ မှန်ကန်ကြောင်း ဆီးရီးယား အစိုးရ သတင်းဌာန SANA က ကြေညာခဲ့ပါတယ်။

အပြောင်းအလဲဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

အပြောင်းအလဲဖြစ်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

E-mail Print
မြန်မာနိုင်ငံသည် အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်နေပြီဟု ယုံကြည်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်သည်။

NLD_and_D_Day
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား (ဓာတ်ပုံ - NLD)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ကျင်းပသည့် ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “အခုဆိုလို့ရှိရင် ကျမတို့နိုင်ငံဟာ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေမှာ ရောက်နေပါတယ်။ အပြောင်းအလဲ ဖြစ်ပြီလို့လည်း ကျမ မပြောချင်ပါဘူး။ ဒါပေမယ့် ဒါ ကျမကလည်း လူသိရှင်ကြား ပြောပြီးသားလည်း ဖြစ်နေပါတယ်။ အပြောင်းအလဲဖြစ်နိုင်တဲ့ အခြေအနေရောက်နေပြီလို့ ကျမ ယုံကြည်တယ်” ဟု ပြောသည်။

NLD ရုံးချုပ်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ တခြားစိတ်ဝင်စားသူများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်သည်ဟု NLD ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းထိန်က ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် “အစိုးရများဆိုတာ သူ့အချိန်နဲ့သူ ပြောင်းလဲကြရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူတွေ ဒီလူတွေပဲ အုပ်စိုးနေတယ်ဆိုတော့ ဒီမိုကရေစီ မဟုတ်တော့ဘူး။ ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုလို့ရှိရင် အစိုးရ အပြောင်းအလဲတွေကိုလည်း လက်ခံတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအပြောင်းအလဲတွေဆိုတာ ညင်သာရမယ်။ ငြိမ်းချမ်းရမယ်။ သိက္ခာရှိရမယ်။ ပြည်သူကို မထိရဘူး။ နိုင်ငံကို မထိရဘူး။ ဆင်းသွားတဲ့ အစိုးရကိုလည်း မထိရဘူး။ တက်သွားတဲ့ အစိုးရကိုလည်း မလိုလားအပ်တဲ့ အခွင့်အရေးတွေ မပေးရဘူး။ အားလုံးဟာ မျှတတဲ့အခြေခံပေါ်မှာ တည်ရှိရမယ်” ဟု ထည့်သွင်းပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ အပြောင်းအလဲ ဖြစ်နိုင်သည့် အခြေအနေတွင် ရောက်နေပြီဟုဆိုလျှင် အပြောင်းအလဲများသည် ပြည်သူအတွက် အကောင်းဆုံး၊ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်ရန် မည်သို့မည်ပုံ လုပ်မည်ဆိုသည်ကို လူတိုင်းက တာဝန်သိသိနှင့် လေးလေးနက်နက် စဉ်းစားရမည်ဖြစ်ကြောင်း၊ တချို့က ပုံစံမပြောင်းနိုင်သေးကြောင်း၊ အခြေအနေပေါ်မူတည်ပြီး ပုံစံပြောင်းရန် လိုအပ်ကြောင်း၊ ပုံစံမပြောင်းလဲနိုင်လျှင် အခြေအနေကို ဆင်ခြင်သုံးသပ်နိုင်သည့် အရည်အချင်း အားနည်းသည်ဟု ပြောလိုကြောင်း ဆိုသည်။

“ကျမက စဉ်းစားကြည့်တယ်။ ကျမတို့အတွက် တကယ်တော့ တနှစ်မှတခါ ကျင်းပတဲ့ ကမ္ဘာ့ဒီမိုကရေစီနေ့မျိုးဟာ တကယ်တော့ လိုတာမဟုတ်ဘူး။ ကျမတို့ဟာ နေ့တိုင်းနေ့တိုင်းကို ဒီမိုကရေစီနေ့အဖြစ်နဲ့ သတ်မှတ်ပြီး အလုပ်လုပ်ရမယ့် အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နှစ်က နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း မြန်မာအစိုးရ ကိုယ်စားလှယ် ၀န်ကြီး ဦးအောင်ကြည်နှင့် ၂ ကြိမ်တွေ့ဆုံဆွေးနွေးပြီး ပူးတွဲကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်များတွင် မြန်မာနိုင်ငံသားများ အကျိုးအတွက် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မတူသည်များကို ရှောင်ရှားပြီး တူညီမှုများမှ အစပြုကာ ပူးပေါင်း လုပ်ဆောင်သွားကြမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မကြာသေးမီကလည်း ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့်လည်း သမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးမှုနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက်စလုံးက အားရကျေနပ်ကြောင်း ပြောဆိုကြသည်။

အပြုသဘောဆောင်သည့် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး၊ အဓိပ္ပာယ်ရှိသည့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးများ ဆက်လက်ဖြစ်ထွန်းလာစေရန် မျှော်လင့်နေကြောင်း နိုင်ငံရေးလေ့လာသူတချို့က ဆိုသည်။

“အခုလို ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေရှိတာကို ယုံကြည်တယ်လို့ ဒီနေ့ ထုတ်ပြောလိုက်တော့ အကောင်းဘက်ကို ကျနော်တို့ မျှော်လင့်ချက် ပိုလာတာပေါ့ဗျာ” ဟု ယနေ့အခမ်းအနား တက်ရောက်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက ပြောသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားကို နေပြည်တော်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ ပူးပေါင်းလျက် လွှတ်တော် အဆောက်အအုံသဘင်ဆောင်၌ ယနေ့နံနက်တွင် ကျင်းပသည်။ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ ဖိတ်ကြားထားပြီး ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းထောက်များ၊ ပြည်တွင်းသတင်းထောက်များအပြင် ပြည်ပအခြေစိုက် သတင်းဌာနတချို့မှ သတင်းထောက်များ သတင်းယူခွင့်ပြုကြောင်း အစိုးရ၏ ကြိုတင်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကြယ်မှိန် နဲ. လ ပဲ.

ကြယ်မှိန် နဲ. လ ပဲ.

by Tharchit Zaw on Thursday, September 1, 2011 at 9:21pm
အမှောင်ယံဖုံးနေတဲ.
သန်းခေါင်ယံညလုံးလုံး
အလင်းပျောက်လို.
လမ်းမှောက်နေလဲ
မကြောက်စမ်းနဲ.
မှိန်တခါလင်းတလဲ.နဲ.
ဖော်မစုံတော.တဲ.
ကြယ်မှိန်တွေရှိနေသေးတယ်

ကိုငှက်နဲ.အတူ ရာဇဝင်ထဲကသူတို.သမီးကိုခိုးပြေးရင်း

ကိုငှက်နဲ.အတူ ရာဇဝင်ထဲကသူတို.သမီးကိုခိုးပြေးရင်း

by Tharchit Zaw on Friday, September 9, 2011 at 11:26pm
ကိုငှက်ရေ
ရာဇဝင်ထဲကသတို.သမီးကို
ရာဇဝင်ထဲမှာပဲထားရစ်တော.မှာလား
အခုတော.ဧရာဝတီဟာ
အလွမ်းများနဲ.သက်သေတည်တော.မယ်
ဧရာဝတီကိုသားကြောဖြတ်လိုက်ဖို.သူတို.လုပ်နေကြလေရဲ.လို.

Suu Kyi leads International Democracy Day ceremonies at NLD headquarters

Monday, September 5, 2011

မြန်မာပြည်မှာ ငွေလဲလှယ်နှုန်း တကယ်ပြင်မှာလား (အပိုင်း ၁)

မြန်မာပြည်မှာ ငွေလဲလှယ်နှုန်း တကယ်ပြင်မှာလား (အပိုင်း ၁)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

burmamoney
ဒေါက်တာဦးမြင့်ရဲ့ စာတမ်းကို ဖတ်မိပြီး အတွေးပေါင်းများစွာ ခေါင်းထဲဝင်လာတယ်။ ပထမ အချက်က ဒီလို ငွေအလဲအလှယ် ပြဿနာကို ဗြောင်လူပုံအလည်မှာ တင်ပြ ဆွေးနွေးခွင့် ပြုတာကို ကျေးဇူးတင်ရမယ်။ ဘာကြောင့်လဲဆိုတော့ လောလောဆယ် ကမ္ဘာကြီးမှာ တွေ့ကြုံနေရတဲ့ ဒေါ်လာနဲ့ ယူရို (Euro) ပြဿနာဟာ ပိုဆိုးဖို့ပဲရှိတယ်။ ဒီငွေကြေးတွေ တန်ဖိုးကျလေ၊ မြန်မာကျပ်ငွေ တန်ဖိုးကြီးတဲ့ ပြဿနာက ရှင်းရခက်လေပဲ။

အမေရိကန်မှာ အမေရိကန် နိုင်ငံရေးသမားတွေဟာ အရက်မူးလွန်တဲ့ သင်္ဘောသားလို စည်းမရှိကမ်းမရှိ ငွေချေး
သုံးတဲ့ အကျင့်ကို မစွန့်လွှတ်နိုင်ကြဘူး။ ဒါကြောင့် စီးပွားရေး နလန်ထူဖို့ လမ်းမမြင်နိုင်ဘူးလို့ ကမ္ဘာ့ စီးပွားရေး ပညာရှင်တွေက ဝိုင်းပြောနေကြပြီ။

တချိန်တည်းမှာ ဥရောပမှာ နိုင်ငံရေး ပေါင်းစပ်မှု မပြည့်စုံသေးဘဲ ယူရိုဇုံဆိုပြီး ဥရောပငွေကြေးစံနစ်ကို
ထူထောင်ခဲ့တာ ဂရိလို အကြွေးနဲ့ ပိနေတဲ့နိုင်ငံတွေက ပြဿနာတက်လိုက်တာ ပြင်သစ်နဲ့ ဂျာမဏီတို့က
ငွေပံ့ပိုးကြရင်း အခု စပိန်၊ အီတလီအထိ ကူးစက်လာစရာရှိနိုင်ပြီး ပြင်သစ်ဘဏ်တွေပါ ထိပါးလာပြီလို့ သတင်း
တွေ ထွက်လာပြီ။ လက်ရှိ ကမ္ဘာ့အခြေအနေက တောင်မင်းကို မြောက်မင်း မကယ်နိုင်ပါဆိုတဲ့ အခြေအနေပဲ။

ဦးနေဝင်းရဲ့ မဆလ စီးပွားရေးစံနစ်မှာ ဦးဘငြိမ်းရဲ့
ဦးဘငြိမ်းရဲ့ကောင်းမှုနဲ့ မြန်မာ(ကျပ်) ငွေကို IMF က SDR(Special Drawing Rights) နဲ့ ချိတ်ဆက်ပြီး ၁၉၇၇ ကတည်းက နှုန်း သတ်မှတ်ထားခဲ့ပါတယ်။ အကြမ်းဖျင်း ၆ ဒေါ်လာ ကျော်ကျော် သတ်မှတ်ခဲ့တာ။ ဒို့မြန်မာ့ ဆိုရှယ်လစ်ကွ ဆိုတဲ့၊ မာနနဲ့ နည်းနည်းမှ မလျော့တန်း ကိုင်ထားခဲ့တာ ၂၁ ရာစုထဲ ဝင်လာတဲ့အထိပဲ
ကောင်းမှု နဲ့ မြန်မာ(ကျပ်) ငွေကို IMF က SDR (Special Drawing
Rights) နဲ့ ချိတ်ဆက်ပြီး ၁၉၇၇ ကတည်းက နှုန်း သတ်မှတ် ထားခဲ့ပါတယ်။ အကြမ်းဖျင်း ၆ ဒေါ်လာ ကျော်ကျော် သတ်မှတ်ခဲ့တာ။ ဒို့မြန်မာ့ဆိုရှယ်လစ်ကွဆိုတဲ့၊ မာနနဲ့
နည်းနည်းမှ မလျော့တန်း ကိုင်ထားခဲ့တာ ၂၁ ရာစုထဲ ဝင်လာတဲ့အထိပဲ။

ဒီတော့ (ကျပ်) နဲ့ ဒေါ်လာ လဲလှယ်နှုန်း (၃) မျိုးဖြစ် လာပါတော့တယ်။ တသက်လုံး မပြောင်းနိုင်တော့တဲ့ တရားဝင် နှုန်းက တခု၊ ကပ်စတန် (Custom) နှုန်းက တဒေါ်လာ ၄ဝဝ ဝန်းကျင်နှုန်းကတစ်ခုနဲ့ တကယ် အသုံးပြရတဲ့ မှောင်ခို နှုန်းရယ်လို့ ဖြစ်လာပါတယ်။ ဒီကြားထဲ FEC လို့ခေါ်တဲ့ ဒေါ်လာအတုက ဝင်လာပြန်တော့ သူ့ရဲ့ လဲလှယ်နှုန်းကလည်း ပါလာရပြန်တာပေါ့။


ကမ္ဘာ့ငွေကြေးစံနစ်

နိုင်ငံတိုင်းမှာ ဗဟိုဘဏ်ဆိုတာရှိပါတယ်။ တိုင်းပြည်ရဲ့ ငွေစက္ကူ (သို့) ပိုက်ဆံကို ဒီဗဟိုဘဏ်ကပဲ ရိုက်ထုတ်ရ
ပါတယ်။ အရင်က ရိုက်ထုတ်ချင်တိုင်း ရိုက်ထုတ်လို့မရပါ။ ၁၉၂ဝ ခုနှစ်များအထိ နိုင်ငံတခုရဲ့ ငွေစက္ကူကို
ထောက်ပံ့နိုင်ဖို့ (ရွှေ) နောက်ခံထားတဲ့ စံနစ်ကို အသုံးပြုခဲ့ကြပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၄ ခုနှစ်၊ ဇူလိုင်လ မှာ အမေရိကန်နိုင်ငံ နယူးဟန်ရှယ်ပြည်နယ် ဘရန်တင်ဝုဒ်
(Bretton Woods) ဆိုတဲ့ နိုင်ငံတကာ အစည်းအဝေးပွဲက IMF နဲ့ ကမ္ဘာ့ဘဏ်တို့ကို ထူထောင်ခဲ့ကြပြီး ကမ္ဘာ့
ငွေစက္ကူတွေက အမေရိကန် ဒေါ်လာကို ပြောင်းနိုင်ပြီး၊ အမေရိကန် ဒေါ်လာက (ရွှေ)ကို ပြန်ပြောင်းပေးနိုင်တယ်
ဆိုတဲ့ “ကမ္ဘာ့ငွေကြေးစံနစ်” ပေါ်ပေါက်ခဲ့ပါတယ်။ အမေရိကန် ဒေါ်လာဟာလည်း ကမ္ဘာ့ငွေစက္ကူ Global Currency အဖြစ် ရပ်တည်နေနိုင်ခဲ့တာ ယနေ့အထိပါပဲ။ ၁၉၇၁ ခုနှစ်မှာ သမ္မတနစ်ဆင်က ရွှေကို ပြန်ပြောင်း နိုင်တယ်ဆိုတဲ့ သဘော တူညီချက်ကို ရပ်ဆိုင်းလိုက်တယ်။

တခြားနိုင်ငံတွေက မြန်မာနိုင်ငံက ဓါတ်ငွေ့တွေဝယ်ရင် ဒေါ်လာပေးပြီး မြန်မာနိုင်ငံက တခါ တခြားနိုင်ငံက ထွက်ကုန်ပစ္စည်းပြန်ဝယ်ရင် ဒေါ်လာပဲ ပေးရပါတယ်။ လွယ်လွယ်ပြောရရင် အမေရိကန် နိုင်ငံဟာ ကမ္ဘာမှာ
အကြီးဆုံး စီးပွားရေးနိုင်ငံ၊ အခိုင်မာဆုံး၊ အတည်ငြိမ်ဆုံးနိုင်ငံ၊ ဒါ့ကြောင့်ဒေါ်လာကို (စံ) အဖြစ်ထားပြီး၊ ဒေါ်လာကို ကြားခံထားကာ နိုင်ငံတကာ ကုန်သွယ်မှု ပြုကြရပါတယ်။ နောက်တနည်းပြောရရင် မြန်မာကျပ်ဆိုရင် လူတွေ အားမကိုးရဲ၊ မယုံရဲဘူး၊ ဒေါ်လာဆိုရင် ယုံတယ်၊ ကိုင်ရဲတယ်ပေါ့။


ဗဟိုဘဏ်

နိုင်ငံရဲ့ ငွေစက္ကူကို ရိုက်ထုတ်ရတဲ့ တာဝန်ကြောင့် တိုင်းပြည်အတွင်းမှာ လည်ပတ်နေတဲ့ ငွေသား ပမာဏ
(Liquidity) ကို ဗဟိုဘဏ်က ထိန်းချုပ်ရပါတယ်။ ဥပမာ ဝိုင်တူးကေ (Y2K) လို့ ခေါ်ကြတဲ့ ရာစုနှစ်ပြောင်းတဲ့
အနှစ် ၂ဝဝဝ ပြဿနာ ကာလက အမေရိကန်ဗဟိုဘဏ်က အကယ်၍များ လူတွေလန့်ပြီး ငွေကြေး လည်ပတ်မှု
ပြဿနာပေါ်ခဲ့သော် ငွေကြေး လုံလုံလောက်လောက်ရှိအောင် ဗဟိုဘဏ် ခွဲတွေမှာ အပိုဒေါ်လာတွေ အဆင်သင့်
ပြင်ထားခဲ့ ရတယ်။

တခါအမေရိကန် စီးပွားရေး တဟုန်ထိုး တိုးတက်နေတဲ့ (Boom) ကာလကနေ လေပူပေါင်း ပေါက်ကွဲသွားသလို
(Bust) ကာလ ရောက်ခဲ့ရင် ဗဟိုဘဏ်တွေကပဲ အတိုးနှုန်းကို လျော့ပေးရပြန်တယ်။ အတိုးနှုန်း နည်းရင် ငွေချေးခ
လျော့သွားတော့ ငွေများများ ချေးလာကြတော့ ငွေလည်ပတ်မှုများလာပြီး စီးပွားရေး ပြန်ဦးထောင် လာတာပေါ့။

အကြောင်းက ဝုန်းဆို စီးပွားရေး ပူပေါင်းပေါက်တာဖြစ်ပြီး စီးပွားရေးကျပြီ ဆိုတာနဲ့ ကုမ္ပဏီတွေဟာ အသုံးရပ်၊ အလုပ်သမားတွေလျော့၊ ရှိတဲ့လက်ကျန်ငွေကို ခြိုးခြံ ကြရတာကြောင့် အရောင်းအဝယ်တွေထိုင်း၊ အလုပ်လက်မဲ့
တွေ ပေါလာတော့ လူတွေကလည်း စိုးရိမ်စိတ်နဲ့ အသုံးလျော့ကြကာ တိုင်းပြည် စီးပွားရေးကျပြီး မကိုင်တတ်ရင် စီးပွားရေးကပ် ဆိုက်တတ်ပါတယ်။

ငွေကြေးလည်ပတ်မှု များနေရင်လည်း ငွေကြေးဖေါင်းပွမှု (Inflation) ဖြစ်တတ်ပါတယ်။ ငွေကြေး ဖေါင်းပွမှုဟာ စီးပွားရေးတိုးတက်မှုနဲ့ ဒွန်တွဲပါမလာရင် ကုန်ဈေးနှုန်းတွေတက်၊ လစာကမတိုးနဲ့ တိုင်းသူ ပြည်သားတွေ ဒုက္ခရောက်တတ်ပါတယ်။ ဒါကြောင့် ဗဟိုဘဏ်တိုင်းရဲ့ အဓိကပစ်မှတ်ဟာ ငွေကြေးဖေါင်းပွမှု ကို နိုင်အောင်
ကိုင်နိုင်ဖို့ အကြောင်းဖြစ်လာရပါတယ်။

နောက်တခါ စီးပွားရေး ကောင်းလို့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုများလို့ နိုင်ငံခြားငွေ များများဝင်လာရင် မိမိငွေစက္ကူနဲ့
ပြန်လဲလှယ်ပေးရတော့ ပြည်တွင်း လည်ပတ်ဖို့ ငွေလျော့သွားရင် မိမိရဲ့ ငွေတန်ဖိုးဟာ မြင့်တက် လာတတ် ပါတယ်။ ဈေးကွက် စီးပွားရေးမှာ အားလုံးဟာ ဝယ်အား၊ ရောင်းအား Supply & Demand အပေါ်မူတည်တာပဲ။ တိုင်းပြည်ထဲမှာ ငွေလည်ပတ်မှုဟာ အတိုင်းတာတခု အထိပဲရှိတယ်။ ဒီမှာတိုင်းဝြည် ငွေသား (ငွေစက္ကူ)
အဝယ်အား Demand များလာရင်၊ ဝယ်အားတက်လာရင်၊ ငွေတန်ဖိုးလည်း တက်လာတာပါ။

ဒီလိုမြင့်တက်လာရင် ပြည်ပပို့ကုန်ဈေးကွက်ကို ထိခိုက်လာပါတယ်။ ဥပမာ ဆန်ဝယ်တဲ့ နိုင်ငံခြား ကုမ္ပဏီဟာ တလဆန်တန်ချိန် ၁ဝဝ ဝယ်တယ်ဆိုပါစို့။ တဒေါ်လာ ၁,ဝဝဝ ကျပ်ကနေ တဒေါ်လာ ၈ဝဝ ကျပ်ဖြစ်သွားရင် သူ့အတွက် မြန်မာဆန်ဟာ ဈေးကြီးသွားပြီ။ ဒါဆို မြန်မာဆန်ဟာ ထိုင်းဆန်နဲ့ ဈေးတူသွားရင် ထိုင်းဆန်ကို ဝယ်ချင် ဝယ်မှာပေါ့။ မြန်မာဆန်က ဈေးအသာ မရတော့ဘူး။ ၂ဝ၁၁ ၊ ဇူလိုင်လ ၂၂ရက်နေ့ သတင်းတခုမှာ မြန်မာနိုင်ငံရဲ့ စပါးထွက်နှုန်း တိုးလာသော်လည်း ပြည်ပသို့ ဆန်တင်ပို့မှုဟာ သုံးပုံနှစ်ပုံ ကျဆင်းလာခဲ့တယ်လို့ ဖတ်လိုက်ရပါတယ်။
မြန်မာကျပ်ငွေ တန်ဖိုးတက်မှုရဲ့ ရလဒ်တခုပါပဲ။

ဒီလိုပဲ မြန်မာပြည်မှာ မော်တော်ဆိုင်ကယ်ထုတ်တာ တစီးကို ၁ဝဝ,ဝဝဝ ကျပ် ကုန်ကျစရိတ်ရှိတယ် ဆိုပါစို့။ ဒါက တရုတ်မော်ဒယ်တွေ။ ထိုင်းကသွင်းလာတဲ့ ဟွန်ဒါ စီးချင်ပေမဲ့ ၁၂ဝ,ဝဝဝ၊ မို့ ဝယ်သူကမတတ်နိုင်။ မြန်မာပြည်ထုတ် တရုတ်မော်ဒယ်၊ မြန်မာဖြစ်ကိုပဲ ကြိတ်မှိတ် စီးနေရတယ်။ ဟော ဒေါ်လာဈေးကျပြီး၊ ဒေါ်လာ ဈေး ၈ဝဝ ကျပ်
ဖြစ်တော့ ဟွန်ဒါ ဈေးလည်း ကျပ် ၁ဝဝ,ဝဝဝ၊ မြန်မာပြည်ထုတ် တရုတ်မော်ဒယ်လည်း ၁ဝဝ,ဝဝဝ ဆိုတော့ အရင်စီးချင်နေတဲ့ ဟွန်ဒါပဲ ဝယ်တော့မပေါ့။ ဒီတော့ မြန်မာပြည်ထုတ် မော်တော်ဆိုင်ကယ်တွေ အရောင်း ကျလာ
တော့၊ အလုပ် သမားတွေလျော့ရတော့မယ်။ မိအေးနှစ်ခါနာ လာဖြစ်မနေဘူးလား။

ဒီတော့ ဗဟိုဘဏ်တွေက မိမိအရံ၊ ရန်ပုံငွေထဲကငွေနဲ့ ဒေါ်လာတွေလိုက်ဝယ်ပေါ့။ ဒါကို Intervention၊ ဗဟိုဘဏ် ဝင်ပါ၊ ဝင်ကယ်ခြင်းလို့ ခေါ်ပါတယ်။ လောလောဆယ် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ အကြွေး ထူလာပြီး သူတို့ငွေစက္ကူတွေ ဈေးကျလာတော့ ဂျပန် ယန်း Yen က ဈေးတက်လာတာကြောင့် ဂျပန် ဗဟိုဘဏ်က ဝင်ပါလာရတယ်။

ဗဟိုဘဏ်က အတိုးနှုန်းကို ကစားပြီး ငွေလည်ပတ်မှု လက်နက်ကို ကိုင်ပြီး ငွေကြေးလည်ပတ်မှု မျှတအောင်
လုပ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးကို ပဲ့ထိန်းပေးတာ၊ ငွေလဲလှယ်နှုန်း မျှတတည်ငြိမ်အောင် လုပ်ဆောင်တာတွေကို
ငွေကြေးပေါ်လစီ (Monetary Policy) လို့ ခေါ်ပါတယ်။

ငွေကြေးတည်ငြိမ်ဖို့ဟာ အစိုးရကလည်း ဝင်ငွေနဲ့ထွက်ငွေ မျှမျှတတ သုံးတတ်ဖို့လိုပါတယ်။ အစိုးရ အတွက် ဝင်ငွေဟာ နှစ်နည်းပဲရှိပါတယ်။ အခွန်ကောက် ဒါမှမဟုတ် ငွေချေး။ ငွေချေးတာများရင် ဒုက္ခတွေ့ပြီး စီးပွားရေး ထိလိုက်လာတတ်တယ်။ စီးပွားရေးကျရင် လူတွေရဲ့ ယုံကြည်မှုမရရင် အရင်းရှင် စံနစ်မှာ ငါးပါးမှောက်တာပဲ။

အစိုးရဘတ်ဂျက်က ဝင်ငွေနဲ့မမျှရင် ဘတ်ဂျက် လိုငွေ ပြရင် ငွေချေးရတော့မယ်။ တခါ အစိုးရ လိုငွေကြောင့် အခွန်တိုးကောက်ပြန်ရင် လုပ်ငန်းတွေ ဝင်ငွေထိခိုက်ရင် အလုပ်သမားတွေလျော့ စီးပွားရေး ကျဆင်းနိုင်ပါတယ်။
ဒီလို အစိုးရသုံးငွေ၊ အခွန်ကောက်ခြင်းနဲ့ ပတ်သက်တဲ့ စီးပွားရေး ပေါ်လစီကို Fiscal Policy လို့ ခေါ်ပါတယ်။

အစိုးရသုံးငွေဟာ ဝင်ငွေထက်များပြီး ငွေလိုလို့ ငွေချေးတာများလာရင်၊ တိုင်းပြည်ရဲ့စီးပွားရေး အခြေမခိုင်ရင်
ငွေတန်ဖိုးကို ထိခိုက်စေနိုင်ပါတယ်။ ဂရိမှာ ဖြစ်တာဒါပါပဲ။ အရင်အစိုးရတွေက ဝင်ငွေနဲ့ထွက်ငွေ မမျှအောင်
ချေးပြီး၊ ချေးငွေတွေကို တဘက်လှည့်နဲ့ ဝင်ငွေဆိုပြီး လိမ်ပြခဲ့ကြတယ်။

အမေရိကန် အရင်းအနှီးဘဏ် (Investment Banks) တွေက ပညာပါပါ ငွေချေးပြီး အစိုးရတွေလိမ်နိုင်အောင် ဝိုင်းကူကြပေါ့။ ခုမှ ပေါ်တော့၊ ပြဿနာက လွန်နေပြီ။ ပြဿနာပေါ်တော့ ဒီအစိုးရ မယုံရဘူးဆိုပြီး ငွေချေးသူတွေက အတိုးနှုန်းတွေတင်လာတာ၊ အတိုးနှုန်း ၇ ရာခိုင်နှုန်း ကျော်သွားတယ်။ ချေးထားတာများ၊ နိုင်ငံက သေးတော့ အတိုးနှုန်း ၇ ရာခိုင်နှုန်းကျော်ရင် အတိုးပေးရတာ များတာမို့ အစိုးရကမခံနိုင်တော့ဘူး။ ဒါကြောင့် ဂျာမန်နဲ့
့ပြင်သစ်တို့က ဦးဆောင်ပြီး အီးယူးက ဝင်ကူ၊ ငွေဝင်ချေးရတာ။ ဂရိပြဿနာ မရှင်းနိုင်ရင် ယူရိုပါ ထိလာတော့မယ်
လေ။ အရင်းရှင်စံနစ်မှာ ယုံကြည်ရမှု (Credibility) ဟာ သိပ်တန်ဖိုးကြီးပါတယ်။


မက်ခရို စီးပွားရေး (Macro Economy)

ဒီလို တိုင်းပြည်ရဲ့ စီးပွားရေးကို တတိုင်းပြည်လုံး အတိုင်းအတာနဲ့ကြည့်ပြီး ကိုင်တွယ်တာကို မက်ခရိုအဆင့်
စီးပွားရေး (Macro Economy) လို့ခေါ်ပါတယ်။ ဒီအဆင့်မှာ ဗဟိုဘဏ်က ငွေကြေးပေါ်လစီ (Monetary Policy) အတွက် တာဝန်ရှိပြီး အစိုးရကတော့ အစိုးရသုံးငွေ ဘတ်ဂျက်နဲ့ (Fiscal Policy) အတွက် တာဝန်ယူရပါတယ်။ ဒီပေါ်လစီနှစ်ခု ဟန်ချက်ညီမှ တိုင်းပြည်ငွေကြေး တည်ငြိမ်ပြီး စီးပွားရေးလည်း တည်ငြိမ်ရုံမက တိုးတက်မှုရှိမှ အရင်းရှိသူ၊ ရင်နှီးမယ့်သူတွေက စိတ်ဝင်စားကြတော့ မှာပေါ့။ ဒါမှ FDI (Foreign Direct Investment) လို့
ခေါ်တဲ့ နိုင်ငံခြားမှ ငွေရင်းမြှုပ်နှံမှုတွေ ပေါများလာပြီး စက်ရုံတွေဆောက်၊ အလုပ်သမားတွေအလုပ်ရ၊ ခေတ်မီ အတတ်ပညာတွေ ပြန့်ပွားလာ၊ စီးပွားရေး ခေါင်းထောင်လာနိုင်မှာပေါ့။


အများနဲ့မတူတဲ့ မြန်မာပြည်

နိုင်ငံအများအားဖြင့်မှာ ပြည်တွင်းလည်ပတ်တဲ့ ငွေသားဟာ ဗဟိုဘဏ်နဲ့ပဲ ဆိုင်ပါတယ်။ လွပ်လပ်တဲ့ နိုင်ငံတွေမှာ ဗဟိုဘဏ်တွေဟာ သီးခြား ရပ်တည်ခွင့် ရှိပါတယ်။ ဥပမာ အမေရိကန် ဗဟိုဘဏ်၊ ဂျပန်ဗဟိုဘဏ်၊ ထိုင်း ဗဟိုဘဏ်တွေဟာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်လုပ်ဆောင်ခွင့် ရှိကြတယ်။ အာဏာရ အစိုးရက အမိန့်ပေးပိုင်ခွင့်
မရှိ။ တရုတ်နိုင်ငံကတော့ အားလုံး ကွန်မြူနစ်ပါတီက အုပ်စီး ဦးဆောင်တာဆိုတော့ နောက်ဆုံးပါတီ ခေါင်းဆောင်
တွေပဲ ပါဝင်လာတာပါပဲ။ မြန်မာနိုင်ငံကတော့ ၁၉၆၂ ခုနှစ်ကစပြီး စစ်အစိုးရက အုပ်ချုပ်တာဆိုတော့ကာ စစ်ဗိုလ်ချုပ်တွေ စေခိုင်းရာ လုပ်ကြရတာပါပဲ။ ပြဿနာက မြန်မာစစ်ဗိုလ်တွေက စီးပွားရေး နားမလည်ကြ။

ချစ်တီးတွေဆီက ငွေလွှဲစံနစ် ဟွန်ဒီ ဟာလည်း မြန်မာနိုင်ငံမှာ ကျန်ရစ်ခဲ့တယ်။ Remission လို့ ခေါ်တဲ့ ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံငွေပြန်ပို့ရင် တခြားနိုင်ငံတွေမှာလို ဘဏ်ကနေပဲ ငွေမလွှဲ
ကြဘဲ ဟွန်ဒီနဲ့ လွှဲကြတာများပါတယ်။ ဒါကြောင့် ငွေလည်ပတ်မှုမှာ တရားဝင် ဘဏ်စံနစ် အပြင်မှာရှိတဲ့ ဟွန်ဒီ စံနစ်ကိုလည်း မေ့ထားလို့ မရ။


မဆလ အမွေ

ဦးနေဝင်းရဲ့  မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ စီးပွားရေးလမ်းစဉ် ပေါ်လစီအတွက် ဦးဘငြိမ်းရဲ့ စာတမ်းနဲ့ ဦးချမ်းအေး (မောင်စူးစမ်း)ရဲ့ စာတမ်း နှစ်ခု ပြိုင်တင်ရာ ဗိုလ်ချုပ်နေဝင်းက ဦးဘငြိမ်း စာတမ်းကိုရွေးချယ်ခဲ့ ပါတယ်။ ဦးဘငြိမ်းဟာ ထိုစဉ်က တော်လှန်ရေးကောင်စီမှာ နံပတ်နှစ် အဆင့်ရှိတဲ့ ဗိုလ်မှူးချုပ်တင်ဖေရဲ့ ဆရာ၊ ဗိုလ်မှူးချုပ် တင်ဖေဟာ ကုန်သွယ်ရေး ဝန်ကြီးလည်း ဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ဦးဘငြိမ်း လက်ထဲဝကွက် အပ်ခဲ့ကြတယ်လို့ ပြောနိုင်ပါတယ်။

ဦးဘငြိမ်းရဲ့ ချုပ်ကိုင်မှုအောက်မှာ စက်ရုံအလုပ်ရုံ စီးပွာရေး ထုတ်ကုန်မှုတွေ အားလုံးကို မာ့စ်ဆိုရှယ်လစ် အသိနဲ့ အားလုံးပြည်သူပိုင် သိမ်းလိုက်တာ၊ တိုင်းပြည်ရဲ့ ထုတ်ကုန်တွေကျ၊ ပစ္စည်းတွေ ရှားပါး၊ ပြည်သူတွေ ဒုက္ခရောက် လိုက်ကြတာ။ ဖဆပလ ဒီမိုကရေစီခေတ်က ကမ္ဘာ့ဆန်အထွက်ဆုံး နိုင်ငံစာရင်းဝင်၊ အရှေ့တောင်အာရှမှာ အလား အလာအရှိဆုံး နိုင်ငံကနေ ဦးနေဝင်း ဆိုရှယ်လစ်ခေတ် ဆုံးကာနီးမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့ အဆင်းရဲ ဆုံးနိုင်ငံ စာရင်းဝင်အဖြစ် နှစ်ပြန်ဂျွမ်းထိုးပြီး သက်ဆင်းခဲ့ရပါတယ်။

ပြည်တွင်း ထုတ်ကုန် မရှိပေမယ့် လူရှိရင်သုံးစွဲမှု ဆိုတာရှိမှာပဲ။ ဒါကြောင့် ဦးနေဝင်း၊ ဦးဘငြိမ်းတို့ ကျေးဇူးနဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံအတွက် ပစ္စည်းတွေထုတ်ဖို့ စက်ရုံကြီးတွေပေါ်၊ ထိုင်း အီလစ်တွေ ချမ်းသာသည်ထက် ချမ်းသာဖို့ အကြောင်းတခု ဖြစ်လာပါတယ်။ Outsourcing လို့ခေါ်တဲ့ တခြားတနေရာကို ပြောင်းမှာတဲ့ စံနစ်ဟာ အမေရိကားမှာ နောက်မှ ခေတ်စားလာတာ ဦးနေဝင်းတို့က ၁၉၆ဝ၊၁၉၇ဝ ခုနှစ်တွေကတည်းက တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ထိုင်းကို Outsource လုပ်ခဲ့ကြတာ။

ဒါကြောင့် မဆလ ခေတ်မှာ တရားဝင် စီးပွားရေးက ရုပ်ပြ၊ တကယ်ပြည်သူတွေ အသက်ဆက် နေနိုင်တာက
မှောင်ခို စီးပွားရေး ဈေးကွက်ကြောင့်လို့ ငြင်းချက် ထုတ်နိုင်ပါတယ်။

စီးပွားရေးကို မကိုင်တွယ်တတ်၊ တည်ငြိမ်အောင် မထိန်းနိုင်ရင် အဲဒီနိုင်ငံရဲ့ ငွေစက္ကူကို ဘယ်သူ ယုံကြည်မှု ရှိမလဲ။ ဒီတော့ မြန်မာကျပ်ရဲ့တန်ဖိုးဟာ ကျသထက်ကျ၊ ပစ္စည်းတန်ဖိုးတွေ တက်ပေါ့။ ဒီတော့ ဦးနေဝင်းရဲ့ ဝါဇီ စက်ရုံကနေ အစိုးရ မင်း အာဏါနဲ့ လိုသလောက် ရိုက်ထုတ်လိုက်တာ ဘိုးဘိုးအောင် တန်ခိုးနဲ့ ဝလုံးတွေ တိုးသထက် တိုးလာပါတော့တယ်။

တဘက်က လည်ပတ်ငွေ ကျပ်တွေက ဖေါင်းပွ၊ တဘက်ကလည်း မဆလစိတ်ဓါတ်နဲ့ မှောင်ခိုတွေ ချမ်းသာလာ
တာကို မနာလိုစိတ်နဲ့ Demonetization လို့ခေါ်တဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ဆိုပြီး ကြေညာခဲ့တယ်။ အမှန်က လုပ်ကွက် မရှိတော့ အစိုးရ အာဏာနဲ့ မတရားဗိုလ်ကျပြီး ပိုလျံနေတဲ့ ငွေတွေကို ပြန်သိမ်းတာပဲ။ ငွေကြေးဖေါင်းပွမှု Inflation ကို အာဏာနဲ့ ကိုင်တာပဲ။ ဆင်းရဲရခြင်း ဇစ်မြစ်ကို ဝါဒဆွဲနဲ့ အရင်းက မကိုင်ဘဲ ရှည်လာတဲ့ အကိုင်းတွေကို လိုက်ဖြတ်တော့ ပြန်ထွက်၊ တခါပြန်ဖြတ်နဲ့ မြန်မာနိုင်ငံသားတွေ ခါးစည်းခံခဲ့ကြရတယ်။

တခါ ဦးဘငြိမ်းက နောက်ဆုံး လိုချင်တဲ့ နံပတ်တွေကိုရွေးပြီးမှ သူ့တပည့်တွေကို ကြားက နံပတ်တွေ ရအောင်
ဖြည့်ခိုင်းပြီး တိုင်းပြည်နဲ့ ကမ္ဘာကြီးကို တွင်တွင်ညာခဲ့ပါတယ်။ ဥပမာ ပြည်တွင်းထွက်ကုန် (GDP) ဟာဒီနှစ်မှာ
တနှစ် ရှစ်ရာခိုင်နှုန်း တိုးစေသတည်းလို့ ဦးဘငြိမ်းက ဆုံးဖြတ်ရင် တပည့်တွေက ရှာကြံပြီး ရှစ်ရာခိုင်နှုန်းရအောင် လိုက်ဖြည့်ကြပေါ့။ လက်တွေ့ မကျတဲ့ ငွေလဲလှယ်နှုန်းကို ဆိုရှယ်လစ် မာနနဲ့ အသေကိုင် ထားပြီး ဒီလဲလှယ်နှုန်းနဲ့
ဖေါ်ပြထားတဲ့ စာရင်းဇယားတွေဟာ ဘယ်မှာ အဓိပ္ပါယ်ရှိမှာလဲ။

စစ်တပ်ခေတ် အဆက်ဆက် ဒီငွေလဲလှယ်နှုန်းကို ဆက်ကိုင်ထားကြတယ်။ အဆိုးဆုံးက ဦးဘငြိမ်းရဲ့ စာရင်း
လိမ်ပြတဲ့ ဇာတ်ကို ဆက်ကနေကြရတယ်။ ဈေးကွက် စီးပွားရေး စံနစ်မှာ ဝယ်သူက ရွေးပိုင်ခွင့် ရှိပါတယ်။ ဆိုရှယ်လစ်စံနစ်နဲ့ မတူတာက ဆိုရှယ်လစ် စီးပွားရေးစံနစ်မှာ အစိုးရကသာ အားလုံးကို ဆုံးဖြတ်တာ။

ဈေးကွက် စီးပွားရေးစံနစ်မှာ ဝယ်သူ ဝယ်ချင်လာအောင်၊ ငွေရင်းရှိသူတွေ မြန်မာနိုင်ငံမှာ ရင်းနှီး ချင်လာအောင် ဆိုင်ရှင်တွေဟာ သူတို့ပစ္စည်းတွေကို ခင်းကျင်းပြသရသလို အစိုးရသော်လည်းကောင်း၊ ကုမ္ပဏီသော် လည်းကောင်း သူတို့ရဲ့ စီးပွာရေး အခြေအနေကို ဗြောင်လူသိရှင်ကြား သိသာအောင် ခင်းကျင်းပြကြရပါတယ်။

တခါ နိုင်ငံခြားက ရင်းနှီးငွေလိုချင်ရင် သူတို့အမြတ်ရလို့ ငွေပြန်ထုတ်လိုလျှင် လွယ်လွယ်ကူကူ ထုတ်နိုင်အောင်
နိုင်ငံတော် အစိုးရက ဆောင်ရွက်ပေးနိုင်ရပါတယ်။ ဦးဘငြိမ်း အသေ ဆွဲကိုင်ထားတဲ့ ငွေလဲလှယ်နှုန်းနဲ့ စာရင်းဇယား အလိမ်တွေမျိုးနဲ့ဆို ဘယ်သူလာပြီးယုံပြီး မြန်မာနိုင်ငံမှာ ရင်းနှီးချင်တော့မှာလဲ။

ဒါကြောင့် စီးပွားရေးကို နည်းမှန်လမ်းမှန်ဖြစ်အောင် ကြံဆောင်တော့မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကျပ်ငွေလဲလှယ်နှုန်း
ကို မကိုင်လို့မရပါ။ လက်တွေ့ကျတဲ့၊ သဘာဝကျတဲ့ ငွေလဲနှုန်းနဲ့ တွက်ထားတဲ့ အစိုးရ ဘတ်ဂျက်၊ ပြည်တွင်းထုတ်ကုန် (GDP)၊ နိုင်ငံခြားတင်ပို့မှုထွက်ကုန်၊ သွင်းကုန်စာရင်းဇယားတွေဟာ မှန်ကန်မှုရှိပြီး၊ ယုံကြည်စဖွယ်ရှိကာ ထင်သာ
မြင်သာရှိလာမှ အရင်းအနှီးရှိသူတွေက မြန်မာနိုင်ငံမှာ လာရင်းနှီးလိုကြတော့မှာပါ။ ဒါကြောင့် ဦးမြင့်ရဲ့ စာတမ်းမှာ မက်ကရိုစီးပွားရေး ပြင်ဆင်မှုလို့ ပါတာပါ။


လက်ရှိပြဿနာ

လက်ရှိ ကျပ် ငွေဈေးတက်ပြီး စီးပွားရေးပြဿနာပေါ်ရတာ လူလုပ်တဲ့ပြဿနာလို့ ပြောရပါတယ်။ အဓိက အကြောင်းက ပေါ်လစီချတဲ့ တာဝန်ရှိသူတွေ ချမှတ်တဲ့ပေါ်လစီတွေကြောင့်လို့ ငြင်းဆိုလို့ ရနိုင်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဦးဘငြိမ်းလက်ထက် ကတည်းက စီးပွားရေး ပေါ်လစီတွေ ချမှတ်တဲ့ နေရာမှာ
တိုင်းပြည် အထိနာမယ် ၊ မနာဘူး၊ နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို  ထည့်သွင်း စဉ်းစားတာ ထက်၊ ပေါ်လစီ ချမှတ်သူတွေ ဖြစ်လိုတာကို ဖြစ်သလို ချမှတ်ကြတဲ့ အကျင့်ဟာ အရိုးထိဆွဲနေကြတယ်။ သုံးဆွဲနေတဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ဘူးလို့ ကြေငြာရဲတာက သက်သေထူခဲ့ပြီပဲ။

နိုင်ငံတိုင်းဟာ မိမိတို့နိုင်ငံကို ယုံကြည်မှုရှိအောင် ကြိုးစားကြရတယ်။ ကမ္ဘာ့ဘဏ်တို့လို အိုင်အမ်အက်စ် (IMF)
တို့လို ကမ္ဘာ့အဖွဲ့အစည်းတွေဆီက ငွေချေးကြရင် ကြိုးစားပြီး ပြန်ပေးကြတယ်။ ဦးနေဝင်း အုပ်ချုပ်တဲ့ နှစ်ဦးကာလ
တွေမှာ မာနနဲ့ ဒီကမ္ဘာ့ အဖွဲ့အစည်းတွေဆီက ငွေမချေးဘူး။ အဆုံးပိုင်းမှာ ငွေချေးတာ ဒေါ်လာ ၆ဘီလျံ ဖိုးလောက် အကြွေးတင်တယ်။ အကြွေးများလာရင် ဘယ်သူမဆို အတိုး ပေးရတဲ့ ဝန်ပိလာတယ်။ ဒီတော့ ဦးဘငြိမ်းက ခပ်မိုက်မိုက်ပဲ မပေးဘူးကွာဆိုပြီး ဆုံးဖြတ်ခဲ့တယ်။

ရလဒ်က ဒီနေ့အထိ မြန်မာနိုင်ငံကို ကမ္ဘာ့ငွေးကြေး အဖွဲ့အစည်းတွေက ငွေမချေးနိုင်တော့ဘူး။ စီးပွားရေး ပိတ်ဆို့မှု (Sanction) ကြောင့် တချို့ဘဏ်တွေက ငွေမချေးရဲဘူး။ ချေးရဲတဲ့ တရုတ်ဘဏ်တွေကလည်း သာမန်ထက် အတိုး ပိုယူတယ်။ ဒီလိုအခြေအနေမှာ ကမ္ဘာ့ဘဏ်တို့ ဆီကသာ ငွေချေးနိုင်ရင် အတိုး သက်သာနိုင်ပါတယ်။ ဒါပေမယ့်
ရှေ့နောက်မစဉ်းစားဘဲ၊ ဦးနေဝင်းတို့ခေတ်က လူကြီးတွေက မိမိအလိုနဲ့ မိမိမာနကိုသာ ရှေ့ထားပြီး ဆုံးဖြတ်ခဲ့ကြ
တဲ့ အတွက် တိုင်းပြည် နာခဲ့ရတယ်။


ပြည်တွင်းဘဏ်အတိုးနှုန်း

ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ ငွေကြေးနှုန်းနဲ့ ပတ်သက်
ငွေကြေးတည်ငြိမ်ဖို့ဟာ အစိုးရကလည်း ဝင်ငွေနဲ့ ထွက်ငွေ မျှမျှတတ သုံးတတ်ဖို့ လိုပါတယ်။ အစိုးရ အတွက် ဝင်ငွေဟာ
နှစ်နည်းပဲ ရှိပါတယ်။ အခွန်ကောက် ဒါမှ မဟုတ် ငွေချေး။ ငွေချေးတာများရင် ဒုက္ခ
တွေ့ပြီး စီးပွားရေး ထိလိုက်လာတတ်တယ်။ စီးပွားရေးကျရင် လူတွေရဲ့ ယုံကြည်မှုမရရင် အရင်းရှင် စံနစ်မှာ ငါးပါးမှောက်တာပဲ
လာရင် အနာဘက်ကချည်းပဲ။ ချစ်တီးတွေ လက်ထက် ကတည်းက အတိုးနှုန်းဟာ ခေါင်ခိုက်နေတယ်။ ခုထိ လက်သိပ်ထိုး ငွေချေးစားတဲ့ သူတွေဟာ တနှစ်မဟုတ်၊တလ အတိုးနှုန်း ၁ဝ ရာခိုင်နှုန်း ယူကြတယ်။ ရက်ရက်စက်စက်ပဲ။ အမေရိကန် ဂျပန်နိုင်ငံတို့မှာ စီးပွားရေး ကျလို့ဆိုပြီး ဗဟိုဘဏ်တွေက ချမှတ်ထားတဲ့ အတိုးနှုန်းတွေဟာ သုည နားကပ်နေကြပြီ။ အတိုးနှုန်းနဲတော့ ငွေချေးခ ပေါတာ
ကြောင့် လုပ်ငန်းရှင်တွေ၊ စီးပွားရေးသမားတွေ ငွေမျာများ လွယ်လွယ်ကူကူ ချေးနိုင်ရင် လုပ်ငန်းတွေ များလာပြီး
အောင်မြင်လာရအောင်။ ဒါမှ လူတွေ အလုပ်ရနိုင်အောင်။ မြန်မာနိုင်ငံမှာတော့ ဘဏ်အတိုးနှုန်းက ၁ဝ ရာခိုင်နှုန်း
တဲ့။ မများလွန်းဘူးးလား။

ဒီတော့ ပြည်ပကငွေတွေ ပြည်တွင်းဝင်လာပြီး အတိုးထိုင်စားရုံပဲပေါ့။ နောက် ကြောက်စရာ ကောင်းတာက ဘဏ်တွေက ဒီလောက်ကြီးမားတဲ့ အတိုး မပေးနိုင်ပေမယ့် နောက်ဝင်လာတဲ့ ငွေနဲ့ ရှေ့ကလူတွေကို ဣနြေ္ဒရရ မပျက်ပေးလို့ ရတယ်။ ပြဿနာပေါ်တာနဲ့ အားလုံးငါးပါးမှောက်နိုင်တယ်။ ဒါကို ပွန်ဇီ အကောက်ကြံမှု (Ponzi Scheme)လို့ ခေါ်တယ်။ အင်မတန် ကြောက်စရာကောင်းတယ်။ ဘဏ်တခုစ ပြိုရင် တောက်လျေက် လိုက်ပြိုရင် စီးပွားရေး ကမောက်ကမ ဖြစ်နိုင်တယ်။


စီးပွားရေး ပေါ်လစီ

နောက်စီးပွားရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီချတဲ့ အာဏါရှိ လူစုဟာ မိမိတို့ချလိုက်တဲ့ ပေါ်လစီရဲ့ နောက်ဆက်တွဲကို နက်နက်မတွေးကြတာ အတိတ်မှာ သာဓက တွေအများကြီးရှိခဲ့တယ်။ နိုင်ငံအများဟာ ကမ္ဘာ့ရေနံဈေး တက်တာ
တောင် ပြည်တွင်းဓါတ်ဆီဈေး မတက်အောင် ကြိုးစားကြရတယ်။ အကြောင်းက ဓါတ်ဆီဈေး တက်တာနဲ့ သယ်ယူ ပို့ဆောင်ခ တက်ပြီး ကုန်ဈေးနှုန်းတက်တာပဲ။ ချက်ချင်း ပြည်သူတွေ ခံစားရတာပဲ။

ထိုင်းနိုင်ငံမှာ နိုင်ငံရေး မငြိမ်သက်မှုကြောင့် ဓါတ်ဆီဈေး မတက်ရအောင် အစိုးရက ဝင်ထိန်းရတယ်။ အခုလည်း
အစိုးရ အသစ်က ဓါတ်ဆီ အခွန်ကောက်ခံတာကို လျော့ပြစ်လိုက်တယ်။ နိုင်ငံအစိုးရ အများစုဟာ ဓါတ်ဆီဈေး ၁ဝ ရာခိုင်နှုန်း ၂ဝ ရာခိုင်နှုန်း တက်မှာကို ပူနေကြရတယ်။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာတော့ ဓါတ်ဆီဈေး တိုးမယ်ဆိုရင်
ဖြစ်ချင်တာပဲသိတယ်၊ ဝုန်းဆို ၁၀၀ ရာခိုင်နှုန်း (တဆ) တိုးပစ်လိုက်ဖို့ လက်မတွန့်ဘူး။ စီးပွားရေးကို နားမလည်ရုံ တင်ပဲလား၊ ပြည်သူတွေခံစားရမယ် ဆိုတာကို ဂရုမစိုက်တာပဲလားဆိုတာ မစဉ်းစားတတ်အောင်ပဲ။

နအဖ အစိုးရ ပြီးဆုံးကာနီးမှာ ဦးနေဝင်း လက်ထက်က ပြည်သူပိုင် သိမ်းထားတဲ့ မြေနဲ့ အဆောက်အဦးတွေကို
လေလံတင် ရောင်းချ ခဲ့တယ်။ လေလံ အောင်မြင်သူတွေဟာ အခုအစိုးရအသစ် ကာလမှာ ငွေပေးချေရတယ်။ အဆောက်အဦးတွေ ဖြစ်တာကြောင့် တန်ဖိုးကြီးတယ်။

ဒေါ်လာကိုင်ထားတဲ့ ငွေရှင်တွေ ငွေဖေါ်တော့ ဒေါ်လာတွေ ဈေးကွက်ထဲ ပြုံဝင်ရုံမက လည်ပတ်နေတဲ့ ကျပ်တွေ လည်ပတ်မှုက ထွက်သွားတော့ ကျပ်တွေ ရှားကုန်တာပေါ့။ အစိုးရက ဒီ ကျပ်တွေ သိမ်းထားပြီး နိုင်ငံခြားက ပစ္စည်း
ပြန်ဝယ်တော့ ဒေါ်လာနဲ့ ပြန်ဝယ်ရမှာ။ တခါလိုမှ ပြန်လဲတော့ နှစ်ခါလဲ နေရတယ်။ ဒါကြောင့် ဒေါ်လာနဲ့ ချေခွင့်ပြုပြီး အရံငွေ (Reserve) အဖြစ် ကိုင်ထားရင် ငွေလဲမှုကြောင့် မနာတဲ့အပြင် မြန်မာကျပ်ငွေ ရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ အထောက်အကူ မပြုနိုင်ဘူး။

တခါ အစိုးရက ငွေရနိုင်တာကိုသာ ကြည့်ပြီး ကျောက်မျက်ရတနာနဲ့ တခြား လေလံတင်ပွဲတွေ အကြိမ်ကြိမ် ကျင်းပခဲ့တယ်။ ဒီလိုလေလံတင်ပွဲတွေ ကျင်းပသူတွေက ဝင်ငွေကိုသာ ကြည့်နေကြတာ ဝင်ငွေက ဒေါ်လာဆိုတော့ ကျပ်နဲ့ လဲရပြန်ရော။ ဒီအပြင် နိုင်ငံခြားကလာတဲ့ အင်ဂျီအိုနဲ့ ကျန်တဲ့ အဖွဲ့အစည်းတွေသုံးဖို့ အက်ဖ်အီးစီ (FEC)
ဆိုတာ အတွက်လည်း ကျပ်ငွေ လဲပေးရပြန်တယ်။ တရုတ်တွေက (FEC) ကို အချိန်တိုလေး သုံးပြီး ပြဿနာကို
မြင်လို့ထင်ပါရဲ့ ချက်ချင်း ရုပ်သိမ်း သွားတယ်။ မြန်မာနိုင်ငံမှာ (FEC) ဖေါ်ထုတ်လာတာ (၁ဝ) နှစ်ကျော်ပြီ။

ပြဿနာက ငွေရှာတဲ့ ဌာနတွေက မိမိတို့ ကဏ္ဍအတွက် မိုက်ကရို အဆင့် (Micro Level)နဲ့သာ ကြည့်ကြပြီး မက်ကရိုအဆင့်မှာ (Macro Level) ပါ ဘယ်လို သက်ရောက် ထိခိုက်နိုင်တယ် ဆိုတာကို စဉ်းစားမိကြပုံ မပေါ်ဘူး။ အစိုးရအများစုဟာ ဘယ်လက်ကလုပ်တာကို ညာလက်ကမသိကြဖူး။

လွပ်လပ်တဲ့ ဗဟိုဘဏ် တည်ရှိတဲ့ တိုင်းပြည်တွေမှာ လည်ပတ်ငွေ၊ စုငွေ၊ စတဲ့ MB, M1, M2, M3 ဆိုတာတွေကို
ဗြောင်ကြေငြာလေ့ ရှိပါတယ်။ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန် ယန် တို့လို ကမ္ဘာသုံး ငွေမာတွေက လွဲလို့ နိုင်ငံ
အများအားဖြင့်ဟာ မိမိတို့ တိုင်းပြည်အတွင်း လည်ပတ်တဲ့ ငွေသားဟာ အတိုင်းအတာတခု အထိပဲ ရှိပါတယ်။ အကြောင်းကြောင်းကြောင့် နိုင်ငံခြားငွေ ဝင်လာနှုန်းဟာ များလာရင် မိမိရဲ့လည်ပတ်မှုကို ထိခိုက်လာတယ်။

တနည်းအားဖြင့် ပြည်တွင်းငွေကြေး လိုအားကောင်းလာရင် မိမိရဲ့ ငွေရှားပါးမှုကြောင့် မိမိတို့ရဲ့ ငွေဈေးတက်လာ ပါတယ်။ ဒီအချိန်မှာ ဗဟိုဘဏ်က ဝင်ပြီး ပိုနေတဲ့  အရံ ရန်ပုံငွေ (Reserve) နဲ့ နိုင်ငံခြားငွေ၊ ဥပမာ ဒေါ်လာကို ဝင်ဝယ်ရပါမယ်။ ဒါမှ ကျပ်ငွေ ပြန်တည်ငြိမ်လာပါမယ်။ ဥပမာ ယနေ့ဈေး ၆ဝဝ၊ ၇ဝဝ နဲ့ဝယ်သိမ်းခဲ့လို့ ဝယ်အား၊
ရောင်းအား မျှတလာလို့ ၈ဝဝ၊ ၉ဝဝ ပြန်ဖြစ်ခဲ့ရင် အစိုးရက အမြတ်တောင် ရနိုင်ပါသေးတယ်။ ဒါမှမဟုတ် တန်ဖိုးကြီးသော အတိုးးအခများကို ဒေါ်လာနဲ့ ပေးချေ ခွင့်ပြလျှင်လည်း ကျပ် လိုအပ်မှု လျော့သွားရင် ကျပ်ဈေး
ပြန်တက်လာစရာ အကြောင်းရှိပါသည်။  နောက်တနည်းမှာ (FEC) ကို ရပ်ဆိုင်းခဲ့ပါ လျှင်လည်း သက်သာစရာ ရနိုင်ပါသည်။


မိတ်ပြန်ရှာရတာ ခက်တယ်နော်

မြန်မာပြည်တွင်း လုပ်ငန်းရှင်တွေဟာ အရှုံးခံ ရပ်တည်နေကြရတယ်လို့ သိရပါတယ်။ ဘယ်လုပ်ငန်းမဆို ကြာကြာ အရှုံးမခံနိုင်ပါ။ စီးပွားရေးမှာ ဖေါက်သည် ပြန်တည်ဆောက်ရတာ အခက်ဆုံးပါ။ မြန်မာနိုင်ငံရဲ့ အားသာချက်က
ဈေးအသာရမှုပဲ။ ဒီအားသာချက် ပျောက်သွားရင် ပြည်တွင်း လုပ်ငန်းရှင်တွေ ပြန်ခေါင်းထောင်နိုင်ဖို့ အခက်ရှိနိုင် ပါတယ်။ မြန်မာနိုင်ငံရဲ့ ထွက်ကုန်တွေဟာ အရည်အချင်း (Quality) မှာ အားနည်းနေသေးတယ်။ ဥပမာ မြန်မာနိုင်ငံ
က ဆန်ဟာ လက်ရှိအခြေအနေမှာ ထိုင်းနိုင်ငံက ဆန် ကို မမီဘူး။


အရှင် ထားမလား၊ ဒေါ်လာနဲ့ ချိတ်ဆက် (pegged) ထားမလား

မြန်မာနိုင်ငံရဲ့ ကျပ်ငွေစက္ကူကို စီးပွားရေးအရ ဘာအဓိပ္ပပါယ်မှမရှိတဲ့ နှုန်းကနေ တကယ်မှန်တမ်း တန်ဖိုးကိုရွှေ့
ပြီးတာနဲ့ ကျပ်ကိုအရှင်ထားမလား၊ ဒေါ်လာနဲ့ချိတ်ဆက် ထားမလား ဆိုတာကို အစိုးရအနေနဲ့ ဆုံးဖြတ်ရပါလိမ့်
မယ်။ စီးပွားရေးစကားအရ ချိတ်ဆက်ထားမှု လုပ်တယ်ဆိုတာက ဒေါ်လာဟာ Global Currency ကမ္ဘာ့ငွေကြေး
ငွေစက္ကူဖြစ်တာကြောင့် ဒေါ်လာကျရင် မိမိငွေစက္ကူ လိုက်ကျမယ်၊ ဒေါ်လာဈေးတက်ရင် မိမိငွေစက္ကူ တန်ဖိုးလည်း လိုက်တက်နိုင်အောင် မိမိငွေသားကို ဒေါ်လာနဲ့ ချိတ်ထားခြင်းဖြစ်ပါတယ်။

ဒေါ်လာအတက်အကျကြောင့် မိမိငွေသားမထိခိုက်အောင် ကာကွယ်တဲ့နည်းပါပဲ။ ဥပမာ တရုတ်ပြည်ရဲ့ စီးပွားရေး
ဟာ မိမိရဲ့ ထုတ်ကုန်အပေါ်မှီတဲ့ စီးပွားရေး  ဖြစ်တာကြောင့် တရုတ်တွေဟာ သူတို့ရဲ့ စီးပွားရေးထူထောင်တဲ့
အနှစ် ၃ဝ ကာလမှာ ငွေစက္ကူ ယွမ် Yuan ကို ဒေါ်လာနဲ့ ချိတ်ဆက်လုပ်ထားပြီး တခြားနည်းတွေသုံးပြီး ယွမ် တန်ဖိုး
ကို ထိန်းထားပါတယ်။

ဒေါ်လာနဲ့ ချိတ် ထားတဲ့အတွက် ငွေကြေးပေါ်လစီ Monetary policy ကစားခွင့် ပျောက်သွားပါတယ်။ တချို့က တလွဲမာနထားကာ ဒါမိမိတို့ရဲ့ အုပ်ချုပ်ခွင့်အာဏာ Sovereign rights ပျက်သုဉ်းတယ်ဆိုပြီး မလိုလားကြဘူး။ တရုတ်ကွန်မြူနစ်တွေက လက်တွေ့ကျတယ်။ အလွတ်ဈေးကွက် Forex Open market မှာသာ ယွမ်ကို လွတ်လွတ် လပ်လပ် အရှင် လုပ်စေခဲ့ရင် ဒေါ်လာနဲ့ယှဉ်တဲ့ ယွမ်အတက်အကျဟာ ထွက်ကုန်တင်ပို့မှု Export ကို ထိခိုက်
စေနိုင်ပါတယ်။ ဒေါ်လာနဲ့ ချိတ်ထားခြင်းဖြင့် ယွမ် တန်ဖိုးဟာ တည်ငြိမ်တဲ့အတွက် ထွက်ကုန်တင်ပို့မှု ဈေးကွက် လှုပ်လှုပ်ရှားရှား မဖြစ်စေတော့ပါ။

တရုတ်အစိုးရဟာ ယွမ် အရောင်းအဝယ် ပြုခြင်းကို တင်းတင်းကျပ်ကျပ် ထိန်းသိမ်းထားပြီး တခြား နည်းလမ်းများ သုံးကာ ယွမ်ဈေးမတက်ရေးကို ထိန်းနိုင်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံရေးသမားတွေနဲ့ တချို့သော စီးပွးရေး ပညာရှင်တွေက တရုတ်အစိုးရဟာ မတရားနည်းနဲ့ ယွမ်ရှိသင့်တဲ့ တန်ဖိုးထက် ၁၅၊ ၂ဝ ရာခိုင်နှုန်းလောက် နှိမ့်ထား တယ်လို့ စွပ်စွဲကြပါတယ်။

တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်လာသည်နှင့်အမျှ ထိုတိုင်းပြည်ရဲ့ ငွေစက္ကူဟာလည်း တန်ဖိုးတက် လာတာ
ဓမ္မတာပါ။ အနှစ် ၃ဝ မျှ တောင့်ခံခဲ့ပြီးမှာ တရုတ်အစိုးရက ဒေါ်လာအစား ကမ္ဘာ့အသုံးများတဲ့ ငွေကြေးများ (ဒေါ်လာ၊ပေါင်၊ ဂျပန် ယန်၊ ယူရို) တို့နဲ့ တရုတ် ယွမ်ကို ပြောင်းလဲ ချိတ်ခဲ့ပြန်ပါတယ်။ စီးပွားရေးစကားအရ
Pegged to a Basket လို့ ခေါ်ပါတယ်။ ဒေါ်လာတခုတည်း မဟုတ်တော့ဘဲ ကမ္ဘာ့ငွေမာတွေကို ရောသမ
မွှေချိတ်ဆက်ခြင်းပေါ့။  ကမ္ဘာ့အရံငွေရဲ့ ၆ဝ ရာခိုင်နှုန်းကျော်ကျော်ဟာ ဒေါ်လာဖြစ်တာမို့ နားလှည့်ပါးရိုက် လူလည်ကျတာပါပဲ။


ဘီလူးဂုမ္ဘာန်တွေရဲ့ရန်

အကယ်၍ ယွမ် ကိုပဲဖြစ်ဖြစ်၊ ကျပ် ကိုဖြစ်ဖြစ် နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက် Forex မှာ အရှင်ထားပြီး၊ အတက်အကျကို ဈေးကွက်ကသာ ဆုံးဖြစ်စေသော်လို့ဆိုရင် စီးပွားရေးစကားအရ ဒါကို Float လုပ်တယ်
ခေါ်ပါတယ်။ ဒီလို အရှင်ထားကစားစေလျှင် တဘက်က အန္တရာယ်ရှိပါတယ်။

အရင်းရှင် စီးပွားရေးလောက မှာ Speculators ငွေကြေးကစားသူလို့ခေါ်တဲ့ ခေတ်သစ် ချစ်တီးတွေ ရှိပါတယ်။ သာမန်အားဖြင့် အရင်းရှင်စံနစ်ဆိုတာ ငွေကိုအရင်းတည်ပြီး ငွေဖေါ်ယူတာပဲ။ သို့သော် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တယ် ဆိုတာ၊ သေသေချာချာလေ့လာ သုံးသပ်ပြီး အချိန်အတိုင်းအတာ တခုအတွင်းမှာ အရင်းအပြင် အမြတ်ပါရအောင်
ပြုလုပ်ခြင်းပဲ။ အရမ်း မလုပ်ဘူး။ Risk မယူ၊ အရမ်းမစွန့်စားဘူး။

ငွေကြေးကစားတာကတော့ ရင်းနှီးမြှုပ်နှံမှုကနေ သွေဖယ်ပြီး ဖြစ်နိုင်ခြေကို မူတည်ပြီး အရောင်းအဝယ် လုပ်တာ။ အန္တရာယ်ကြီးတယ်။ Risk ယူပြီး ကစားတာပဲ။ ဥပမာ ရွှေဈေးတက်မယ် ထင်ပြီး ရွှေတွေ ဝယ်ထားမယ်။ ရေနံဈေး တက်မယ် ဆိုပြီး ရေနံ ဝယ်ကစားမယ်ပေါ့။ ဈေးတက်မှပြန်ရောင်း၊ မြက်မြက်လေး အမြတ်ရအောင်ပေါ့။ အမှန်
ကတော့ တရားဝင် လောင်းကစားးတာပဲ။

ပြဿနာက ဒီ လောင်းကစား လုပ်တဲ့ ငွေကြေး ကစားသူတွေဟာ ဖြစ်နိုင်ခြေကိုသာ ကံစမ်းကြတာ မဟုတ်ဘဲ
ဈေးကွက်ကိုလှုပ်ပြီး ဈေးကွက်ပျက်အောင် ဝင်ရမ်းပြီးမှ ရိုက်စားတတ်တာပဲ။ ဥပမာ ၁၉၉၇ ခုနှစ်မှာ အာရှငွေကြေး
ပြဿနာ ပေါ်ပေါက်ပြီး အာဆီယံနိုင်ငံတွေနဲ့အတူ ကိုးရီးယားနိုင်ငံတို့ စီးပွားရေး ဒုက္ခ ပင်လယ်ဝေခဲ့ကြရတယ်။

ပြဿနာက ထိုင်းနိုင်ငံက စတာပဲ။ ထိုင်းဘတ်ငွေကို ဒေါ်လာနဲ့ ချိတ်ထားရာက ငွေကြေးဖေါင်းပွမှုကို တိုက်ဖို့ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းမြှင့်တော့ ဒေါ်လာဈေးတက်လာပြီး ဘတ်ဈေးလည်း လိုက်တက်လာတာပေါ့။ ထိုင်းနိုင်ငံက နိုင်ငံခြားငွေ များများရအောင် ဆိုပြီး ဘဏ်အတိုးနှုန်း (ကာလတို) များများပေးပြီး မြူဆွယ်ခဲ့တယ်။
ချေးထားတာကလည်း နိုင်တာထက်ပိုနေတယ်။ အမေရိကန် ဘဏ်တိုးတွေမြှင့်တော့ ငွေရှင်တွေက ထိုင်းကငွေတွေ
ပြန်ထုတ်ကြတယ်။

ဒီမှာဘတ်ငွေ ကမှောက်ကမဖြစ်တော့ လူတွေကကြောက်ပြီး ငွေတွေပြန်ထုတ်ကြတော့ ထိုင်းဗဟိုဘဏ်က
ဝင်စွက် ဝင်ကူ ပေမယ့် နောက်ဆုံးမနိုင်တော့ ဒေါ်လာနဲ့ ချိတ်ထားတာကို ရပ်လိုက်ပြီး၊ အရှင် Float လုပ်ရတော့ ပိုမတည်မငြိမ် ဖြစ်လာပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီးယားတို့ကိုပါ ကူးကုန်ကြတယ်။ IMF က ဒေါ်လာ
ဘီလျံ ၄ဝ ချေးပြီး ဝင်ကူခဲ့ရတယ်။

ဘာကြောင့် Asian Financial Crisis အာရှငွေကြေးပြဿနာ ပေါ်ရသလဲဆိုတာ စီးပွးရေး ပညာရှင်တွေက အမျိုးမျိုး
ကောက်ချက်ချ ကြပေမဲ့ အာဆီယံ  ခေါင်းဆောင်တချို့က ငွေကြေး ကစားသမားတွေ ဝင်ကစား ဝင်မွှေကြတာ
ကြောင့်လို့ စွပ်စွဲကြတယ်။ (မှတ်ချက်။ အစွပ်စွဲခံရတဲ့သူတဦးဖြစ်တဲ့ ငွေကြေးကစားသူ ဂျော့ဆိုရော့စ်က သက်ဆိုင်ရာနိုင်ငံတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အုပ်ချုပ်မှုဆိုင်ရာ ညံ့ဖျင်းမှုတွေကြောင့်
ဖြစ်တာပါလို့ ပြန်လည်ချေပတယ်။)

ဥပမာ ငွေကြေးကစားသူတွေက တဖြည်းဖြည်းခြင်း မြန်မာနိုင်ငံမှာ ဝင်ရင်းနှီးကြမယ် ဆိုပါစို့။ ဒါဆိုရင် မြန်မာနိုင်ငံက
ဒေါ်လာတွေရမယ်။ မြန်မာကျပ်ကို လဲပေးပြီး ဒီငွေတွေဟာ ပြည်တွင်းငွေလည်ပတ်မှုထဲ ဝင်သွားမယ်ပေါ့။ ဒီတော့
မြန်မာနိုင်ငံခြားငွေ လဲလှယ်ရေးဘဏ်က ဒီဒေါ်လာတွေကို ဘဏ်တွေ လုပ်နည်းအတိုင်း တခြားမှာရင်းနှီးမယ်ပေါ့။ သာမန်ဆိုရင် ပုံမှန် လည်ပတ်သွားစရာရှိတယ်။ ဒါပေမဲ့ ငွေကြေးကစားသမားတွေက အကြံနဲ့ဝင်လာပြီး ဝုန်းဆို တပြိုင်တည်း ဒေါ်လာတွေပြန်လဲပေးဆိုရင် ပြဿနာ ပေါ်ပြီပေါ့။ ရုတ်ချည်းအပြောင်းအလဲနဲ့ ဝရုန်းသုန်းကားဖြစ်ရင် ကျန်တဲ့လူတွေကလည်း ကြောက်ပြီး ဒေါ်လာပြန်ထုတ်ကြ၊ ဒီတော့ ကျပ်ဈေးကျ။ ကျပ်ဈေးကျမှ အောက်ဈေးနဲ့
shot လုပ်ပြီး အမြတ်ယူကြတယ်။

ဒါကြောင့် အကွက်ဆင်ဈေးကစားတယ်လို့ စွပ်စွဲကြပြီး၊ ဒီလို ဝင်မကစားနိုင်အောင် Capital control ရင်းနှီးမြှုပ်နှံငွေ ထိန်းချုပ်မှုလုပ်ရတယ်။ တကြိမ် ငွေအရင်းအနှီးပြုရင် ငွေဘယ်လောက်ပဲ ဝင်နိုင်တယ်၊ ထွက်နိုင်တယ်။ ဘာမလုပ်
နိုင်ဘူးဆိုတဲ့ ထိန်းကွပ်မှုတွေကို အစိုးရတွေက ပြုလုပ်လာရပါတယ်။

၁၉၉၇ တုန်းက ခေတ်မရှိခဲ့တဲ့ ကြိုပွိုင့်ရန်ပုံငွေ Hedge Funds ဆိုတာတွေဟာ အခု အမေရိကားမှာ မှိုလိုပေါက်
နေပါတယ်။ ဥပမာ ရေနံဈေးဆက်တိုက်တက်မယ်လို့ ယုံကြည်ရင် လေယာဉ်ကုမ္ပဏီတွေဟာ ဓါတ်ဆီဈေး မတက်ခင် ကြိုပွိုင့်ဈေးနဲ့ဝယ်ပြီး ဈေးကိုလက်ရှိဈေးနဲ့ချီပြီး နောက် ၆ လစာ၊  တနှစ်စာ ဝယ်ယူစာချုပ်၊ ချုပ်ထားရပါတယ်။ ဒါကို Hedge လုပ်တယ်လို့ ခေါ်ပါတယ်။ ထင်တဲအတိုင်း ရေနံဈေး မတက်ခဲ့ရင်ရှုံးပြီပေါ့။ ဒီလိုအန္တရာယ်ရှိတဲ့ ဝယ်ယူမှုမျိုးကို အများနဲ့ဆိုင်တဲ့ ပင်စင်ရန်ပုံငွေ Pension Fund မန်နေဂျာတွေဟာ လုပ်ပိုင်ခွင့်မရှိပါ။ အစိုးရက စည်းမျဉ်းစည်းကမ်း
တွေနဲ့ ထိန်းထားပါတယ်။ စွန့်ရဲရင် မြက်မြက်ကလေးမြတ်နိုင်သလို ဝက်ဝက်ကွဲအောင်လည်း ရှုံးနိုင်တယ် မဟုတ်ပါလား။

ပိုက်ဆံ ရှိသူတွေအဖို့က ရှုံးလည်း အရှုံးခံနိုင်ကြသူများ ဖြစ်တာမို့ ပိုက်ဆံရှိသူတွေအတွက် အမြတ်များများရအောင် ကြိုပွိုင့်ရန်ပုံငွေ Hedge Funds တွေပေါ်လာပါတယ်။ ငွေရှင်တွေရဲ့ ငွေတွေဖြစ်တာကြောင့် အစိုးရက ဝင်မစွက်ပါ။ ဒါကြောင့် ကြိုပွိုင့်ရန်ပုံငွေ မန်နေဂျာတွေဟာ စွန့်ရဲတယ်။ ရမ်းရဲတယ်။ ဥပမာ ရာသီဥတု ဖေါက်ပြန်လို့ ကမ္ဘာမှာ ဂျုံ သော်၎င်း၊ စပါးသော်၎င်း အထွက်နည်းမယ်၊ ဈေးတက်မယ်ထင်ရင် ငွေပုံပြီးဝယ်လိုက်ကြတော့ ပိုရှားကုန်ရော။ ဒီတော့မှ ဒီလောဘသားတွေက ဈေးကြီးကြီးနဲ့ရောင်း အမြတ်များများရတာပါ။ ကမ္ဘာမှာ ရေနံဈေးမတရားတက်တာ သူတို့လက်ချက်လည်း ပါတယ်။ ဆန်ဈေး၊ ဂျုံဈေးတက်တာကြောင့် ဆင်းရဲသားတွေ ဒုက္ခပိုကြုံ ရတာလည်း ဒင်းတို့အပြစ် မကင်းဘူး။

Currency imbalance လို့ခေါ်တဲ့ ငွေကြေးမညီမျှမှုကို ကောင်းကောင်း နားလည်တဲ့သူတွေက  ငွေကြေးကစားကွက်
ကို ဝင်ကစားနိုင်တယ်။ ယ္ခုအခါမှာ ကြိုပွိုင့်ရန်ပုံငွေ Hedge Funds ကများလာတာကြောင့် ဒီအထဲက ငွေကစားသူ များလာနိုင်တာကြောင့် အန္တရာယ်ကြီးလာတယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် မိမိငွေ ကျပ်ကို အရှင်ထားတော့မယ် ဆိုရင် capital market လို့ခေါ်တဲ့ ငွေပင်ငွေရင်းဈေးကွက်နဲ့ Forex လို့ခေါ်တဲ့ ငွေလဲလှယ်ဈေးကွက်ကို ကောင်း
ကောင်းနားလည်တဲ့ ပညာရှင်တွေ လိုပါတယ်။ ဒါမှ ငွေပင်ငွေရင်း ချုပ်ကိုင်မှု Capital control ရင်းနှီးမှု ချုပ်ကိုင်ခြင်း ကို ကောင်းကောင်း နိုင်ပါမယ်။

ဒါကြောင့် မြန်မာကျပ် လဲလှယ်နှုန်းကို မကိုင်မဖြစ် ကိုင်ရမှာဖြစ်ပေမယ့် အချိန်ယူပြီး လေးလေးနက်နက် စဉ်းစားစေချင်တယ်။ စလုပ်တဲ့ အစီအစဉ် Plan တွေမှာ အနဲဆုံး ၅နှစ် - ၁ဝနှစ် စီမံကိန်းနဲ့ လူငယ်တွေကို ပညာတော်သင်လွှတ်၊ IMF ၊  Wolrld Bank တို့မှာ လက်တွေ့လုပ်ပါစေ။ Capital market ငွေကြေး ဈေးကွက် ကို ကောင်းကောင်းနိုင်တာ အမေရိကန်ပြည်က Wall Street နဲ့ London Financial market ပါပဲ။

မြန်မာလူငယ်တွေ အတွေ့အကြုံရအောင် လူတော်တွေမွေးပြီး ဒီဈေးကွက်တွေမှာ အလုပ်လုပ်ကြရင်း အတွေအကြုံ ယူကြပါစေ။ လွန်ခဲ့တဲ့ အနှစ် ၂ဝ က တရုတ်ဗဟိုဘဏ်ကို ပဲ့ကိုင်သူ တွေနဲ့ ယခုပဲ့ကိုင်သူတွေ မတူကြတော့ပါ။ ယနေ တရုတ်ပညာရှင်တွေဟာ ကမ္ဘာ့အဆင့်အတန်းမီတဲ့ လူတော်ပညာရှင်တွေ။ အနောက်နိုင်ငံတွေရဲ့ လုပ်ထုံးလုပ်နည်းတွေကို နောကြေတဲ့သူတွေ။

တိန်လျောက်ပိန်ရဲ့ စကားတခွန်းကို သွားသတိရမိတယ်။ “When our thousands of Chinese students abroad return home, you will see how China will transform itself " တဲ့။ နိုင်ငံခြားမှာ ရောက်နေတဲ့ ထောင်ချီတဲ့ တရုတ်ကျောင်းသားတွေ ပြန်ရောက်လာရင် တရုတ်ပြည်ကြီး ဘယ်လို ပြောင်းလဲသွားမယ်ဆိုတာ မြင်ရပါလိမ့်မယ်တဲ့။ ပညာရှိတဲ့ ခေါင်းဆောင်ဆိုတာ ရေရှည်ကိုကြည့်တတ် တာကိုး။

အမေရိကန် ဗဟိုဘဏ်ရဲ့ ဥက္ကဋ္ဌက ၂ဝ၁၃ ခုနှစ်အထိ အတိုးနှုန်းမမြင့်ပါဘူးလို့ ထုတ်ပြောပြီးပြီ။ ဒါ့အပြင်
အမေရိကန်မှာ အလုပ်လက်မဲ့ တွေဟာ ကိုးရာခိုင်နှုန်း ကျော်နေတာကို ခုထိလျော့မချနိုင်သေးဘူး။ အမေရိကန် အစိုးရရဲ့ စီးပွားရေးကိုင်တွယ်ပုံ မမှန်ကန်တဲ့အတွက် အမေရိကန်ကုမ္ပဏြီကီးတွေဟာ ရင်းနှီးငွေ ဒေါ်လာ ၁၆,ဝဝဝ ဘီလျံ (၁.၆ထရီလီယံ) ကို နိုင်ငံက ဆွဲထုတ်သွားကြတယ်။ ဘဏ်တွေနဲ့ ကုမ္ပဏီကြီးတွေက နောက်ထက် ၁ ထရီလီယံ ကျော်ကျော်ကို မသုံးဘဲ ငွေ သားအဖြစ် ကိုင်ထားကြတယ်။ အစိုးရက ယုံကြည်အောင် မစွမ်းဆောင်နိုင် လို့ဘဲ။

ဒါကြောင့် စီးပွာရေးတိုးတက်ဖို့ ငွေကြေးလည်ပတ်မှုမရှိတော့ အမေရိကန် စီးပွာရေးဟာ မကြီးထွားဘဲ၊ လမ်း
အလယ်မှာ တန့်နေတယ်။ ပြဿနာက ဗဟိုဘဏ်က အတိုးနှုန်း ထပ်လျော့ဖို့ကလည်း အဆုံးနား ကပ်နေပြီ။
ဒါကြောင့် အမေရိကန် ဗဟိုဘဏ်က ဦးနေဝင်းရဲ့ (ဝါဇီ) အတိုင်း ဒေါ်လာတွေ ရိုက်ထုတ်ရတယ်။ တခုပဲ
ကွာတာက အမေရိကန် ဗဟိုဘဏ် က Electronic Printing လို့ခေါ်တဲ့ ကွန်ပြူတာကတဆင့် ဖြန့်ဝေပေးတာ။
ဒါကို လှလှပပ နာမည်ပေးထားတယ်။ Quantitative Easing (QE)တဲ့။ ဒုတိယ အကြိမ် ရိုက်ထုတ်ပြီးပြီမို့ ( QEII ) လို့ခေါ်ပါတယ်။ ထူးမခြားနားမို့ နောက်ထပ် (QE III) လာဦးမယ်လို့ ပညာရှင်တွေက ထင်ကြေးပေးနေကြပါပြီ။

အရပ်သားစကားနဲ့ ပြောရရင် နောက် ၃ ၊ ၄ နှစ် ဒေါ်လာဈေး မတက်နိုင်ဘူးလို့ ထင်မိတယ်။ ဒါကြောင့် ငွေကြေး ကစားသမားတွေ ရန်ကရှောင်ရအောင် ကျပ်ကို အရှင်မထားဘဲ ဒေါ်လာနဲ့ ချိတ်ထားတာက လောလောဆယ် အန္တရာယ်နည်းမလားလို့ ထင်မိတယ်။ ကြားထဲမှာ လူငယ်၊ လူတော် ပညာရှင်လေးတွေကို မွေးစေချင်တယ်။ ရမည်းသင်း ပတ်လည်ဘော်လုံးပွဲမှာ နိုင်တာနဲ့ ကမ္ဘာ့ဘော်လုံးပွဲမှာ ဘယ်သွားပြိုင်နိုင်ဦးမှာလဲ။ မြောက်ကိုရီးယား
တွေလို ခွက်ခွက်လန် ရှုံးရချည်သေးရဲ့။

နိုင်ငံရေးခေါင်းဆောင်တွေ စီးပွားရေး နားလည်ဖို့ လိုပါတယ်

နောက်ဆုံးတော့ စီးပွားရေးပေါ်လစီ ကိုလည်း နိုင်ငံရေး ခေါင်းဆောင်တွေကပဲ ဆုံးဖြတ်ရသလို ၊ တာဝန်ရှိတာ
လည်း နိုင်ငံရေး ခေါင်းဆောင်တွေပါပဲ။ အမေရိကန် သမ္မတ အိုဘားမား ရာထူးယူတော့ စီးပွားရေး ကမောက် ကမ ဖြစ်ချိန်ကြီး။ အိုဘားမားဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးတောင် မလုပ်ခဲ့ဘူးပါ။ ဒါကြောင့် ဘဏ်တွေပြုတ်ရင် ဒို့စီးပွားရေးတော့ ရေစုံမျောရချည်ရဲ့ဆိုတဲ့ ခြိမ်းချောက်မှုကို ကြောက်ပြီး ဘဏ်တွေကို ပံ့ပိုးခဲ့တာ။

ဘဏ်တွေရဲ့ရမ်းကားမှုကြောင့် ဖြစ်ပေါ်ရတဲ့ စီးပွားရေးဒုက္ခကို ကယ်တင်ဖို့ ဘဏ်တွေကိုဝင်ကူ ငွေပုံအောခဲ့တယ်။  ဘဏ်တွေက ငွေရွှင်ပြီး ငွေပုံအပေါ်ထိုင်ပြီး ငွေချေးရမှာကို ငွေမချေးတော့၊ အမေရိကန်ကုမ္ပဏီတွေက ငွေမလည်၊ မတိုးတက်ဘဲ အလုပ်မပေးနိုင်တာကြောင့် အလုပ်လက်မဲ့နှုန်းဟာ ၉ ရာခိုင်နှုန်းက မကျနိုင်ဘူး။ တဘက်ကလည်း ဘုရ်အစိုးရ ဘဏ်တွေကို ထိန်းချုပ်မှု နည်းလို့ ဖြစ်ရတာဆိုပြီး ဝိုင်းအပြစ်တင်ကြတော့ အပြစ်ကင်းအောင် ထိန်းချုပ်မှုတွေကို တိုးချဲ့လိုက်တာ အမေရိကန် ကုမ္ပဏီတွေအတွက် လုပ်ငန်းစရိတ်တွေ တက်ကုန်ပြန်ရော။ ၂ဝ၁၂ ရွေးကောက်ပွဲက နောက်နှစ်ဆို ရောက်လာပြီ။ စီးပွားရေးဦးထောင်အောင် မလုပ်နိုင်ရင် အလုပ်လက်မဲ့နှုန်း မကျရင်၊  ပြန်လည်အရွေးခံရဖို့ မလွယ်လှပါ။

တရုတ်တွေကတော့ သူတို့ခေါင်းဆောင်တွေကို ပိုးမွေး
မြန်မာနိုင်ငံမှာ ဦးဘငြိမ်းလက်ထက် ကတည်း က စီးပွားရေး ပေါ်လစီတွေ ချမှတ်တဲ့ နေရာမှာ တိုင်းပြည် အထိ နာမယ် ၊ မနာဘူး၊ နောက် ဆက်တွဲ ဖြစ်ပေါ်နိုင်တဲ့ ပြဿနာတွေကို
ထည့်သွင်း စဉ်းစားတာထက်၊ ပေါ်လစီ ချမှတ် သူတွေ ဖြစ်လိုတာကို ဖြစ်သလို ချမှတ်ကြတဲ့ အကျင့်ဟာ အရိုးထိဆွဲနေကြတယ်။ သုံးဆွဲနေတဲ့ ငွေစက္ကူတချို့ တရားမဝင်တော့ ဘူးလို့ ကြေငြာရဲတာက သက်သေထူခဲ့ပြီပဲ
သလို မွေးတာကြောင့် စီးပွားရေးကို ကောင်းကောင်း ကျွမ်းကျင်ကြတယ်။ အမေရိကန်နည်းတူ Stimulus လို့ခေါ်တဲ့ ငွေပိုကို စီးပွားရေး ဈေးကွက်ထဲ ထည့်တာပဲ။
ဒါပေမယ့် တရုတ်ကြီးက ဆောက်လုပ်ရေး ပရောဂျက်တွေ၊
ပြည်နယ်အစိုးရတွေ အထဲ ထည့်ပြီး လူတွေ အလုပ်ရအောင်
လုပ်၊ သက်သာအောင် ဆောင်ရွက်ပေးတော့ တခါတည်း စီးပွားရေး ခေါင်းထောင်လာပြန်တယ်။

အရင်တပတ်ကပဲ ငွေကြေးဖေါင်းပွမှု ဖြစ်မှာစိုးလို့ ဘဏ်တွေ အရံရန်ပုံငွေ တိုးဖယ်ထားရမယ်ဆိုပြီး အမိန့်ထုတ်တာ ယွန်ဘီလျံ ၉ဝဝ ဖိုး လည်ပတ်ငွေက လျော့သွား တယ်လို့
ဝေါလ်စထိ ဂျာနယ် (Wall St Journal) က သတင်းမှာဖေါ်ပြထားပါတယ်။ ဒါ မက်ကရို (Macro) အဆင့်က
လှလှပပ ကိုင်တာပဲ။ ခေါင်းဆောင်တွေစီးပွားရေး နားလည်တာပါ။

မနှစ်က အရှေ့ဒါးဖို့စ် (Davos East) လို့ခေါ်တဲ့ စီးပွားရေး ခေါင်းဆောင် လူတော် (Elite) တွေဆုံတဲ့ အခမ်းအနား
မှာ သတင်းသမားတွေနဲ့ အမေးအဖြေလုပ်ခဲ့ရာ တရုတ်ဝန်ကြီးချုပ် ဖြေကြား သွားတာတွေဟာ သိပ္ပံပညာရှင် စတီပင်ဟောကင်း (Stephen Hawking) ရဲ့ ပို့ချမှုကို နားထောင်ရသလို တန်ဖိုး ရှိမှရှိပဲ။

လီကွမ်ယူဟာ စီးပွးရေး ကျွမ်းကျင်သလို မလေးရှားက မဟာသီဟာလည်း အင်မတန် တော်တဲ့ ခေါင်းဆောင် တယောက်ပါပဲ။ ၁၉၉၇ ခုနှစ် အာရှငွေကြေး ပြဿနာပေါ်တော့ မလေးရှားဝန်ကြီးချုပ် မဟာသီဟာ ကမ္ဘာ့ငွေကြေး
ဈေးကွက်ကို ကောင်းကောင်း နားလည်တဲ့ ပညာရှိ လူတော် Tan Sri Nor Mohamed Yakcop ကို ကမ္ဘာငွေ လဲလှယ်ဈေးကွက် Forex အကြောင်း အာဂျင်တီးနားမှာ အစည်းအဝေး တက်တုန်း ခေါ်ရှင်းပြခိုင်းတယ်။ ပြီးတော့ မင်းငါ့ကို အခုရှင်းပြတာ သွားပြီးရေးချေ ဆိုပြီး ခိုင်းလိုက်တယ်။ အဲဒီကစပြီး မလေးရှား ဝန်ကြီးချုပ် မဟာသီယာဟာ
ငွေကစားသူတွေကို ငွေပင်ငွေရင်း ထိန်းချုပ်မှု Capital Control နဲ့ ရအောင်ကိုင်သွားတယ်။ ဒီပညာရှင်ဟာလည်း
ပထမ အကြံပေးကနေ ဝန်ကြီး ဖြစ်လာတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒီပညာရှင်၊ မလေးဝန်ကြီးချုပ်ကို ရေးးပြခဲ့တဲ့ စာစု ၄၅ခု ကို စာအုပ်အဖြစ် ပြန်ဖေါ်ပြထားတဲ့ Notes to the Prime Minister: The Untold Story of How Malaysia Beat the Currency Speculators ဆိုတဲ့စာအုပ် လောလောလတ်လတ် လွန်ခဲ့တဲ့အပတ်ကမှ ပူပူနွေးနွေး ထွက်လာပါတယ်။

ငွေကြေးဈေးကွက် ကိုစိတ်ဝင်စားသူများ၊ လေ့လာသူများ၊ ပေါ်လစီဆုံးးဖြတ်ရမယ့် လူကြီးမင်းများနဲ့ အကြံပေး ပုဂ္ဂိုလ်အားလုံး ဖတ်သင့်တဲ့ စာအုပ်လို့ သတင်းကောင်းပါးလိုက်ပါရစေ။

အိုင်အမ်အက် (IMF) ကိုဘာကြောင့် အကူအညီ တောင်းရတာလဲဆိုပြီး မေးခွန်း ထုတ်ချင်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ အာရှငွေငွေကြေး ပြဿနာ၊ မက်စီကို စီးပွားရေးပြဿနာ၊ ယနေ့ဂရိ၊ ကမ္ဘာမှာ ငွေကြေးပြဿနာ
ပေါ်တိုင်း IMF ကဝင်ကူရတာ ချည်းပါပဲ။ ဒါသူ့ရဲ့ တာဝန်ကိုး။ ဒါကြောင့် (IMF)ဟာ အတွေ့အကြုံရှိတယ်။
ငွေအင်အားတောင့်တယ်။ စာရေးသူ အမြင်အရ ငွေပင်ငွေရင်း ထိန်းချုပ်မှု Capital Control အတွက်လည်း အကြံဉာဏ် တောင်းသင့်တယ်။

တချို့ ငွေရှင်ကြေးရှင်တွေ၊ ကုမ္ပဏီကြီးတွေရဲ့ ဝင်ငွေဟာ မြန်မာနိုင်ငံလို ဆင်းရဲသား နိုင်ငံတွေရဲ့ ထွက်ကုန် ဝင်ငွေထက် ပိုကြတယ်။ ဒါကြောင့် အကယ်၍များ ဒင်းတို့ ငွေကြေးကစား တိုက်ခိုက်လာရင် မြန်မာနိုင်ငံမှာ
ခုခံနိုင်တဲ့ ဓနအင်အား မရှိဘူး။ IMF ရဲ့ အကူအညီ လိုလာလိမ့်မယ်။ တချိန်ထဲမှာ IMF က အကူအညီပေးဖို့ဆို ဒီမိုကရေစီ ရှိရဲ့လား၊ လွပ်လပ်ခွင့်ရှိရဲ့လား၊ ပွင့်လင်းမှုရှိရဲ့လားဆိုတဲ့ အချက်တွေကို သုံးသပ်လာလေ့ရှိတယ်။ ပိုမိုပွင့်လင်းတဲ့ ဒီမိုကရေစီကို ဦးတည်ဖို့ အခွင့်ကောင်းပါပဲ။

နိုင်ငံတခု စီးပွားရေးအောင်မြင်ဖို့ ဆိုတာ စီးပွားရေးအခြေခံ တွေရှိရပါမယ်။ ထို့အပြင် အခြေခံအဆာက်အအုံတွေ တည်ဆောက်ရပါမယ်။ ဦးနေဝင်းဟာ အင်စတီကျူးရှင်းလို့ခေါ်တဲ့ လူ့ဝန်းကျင်ရဲ့ အဆောက်အအုံဟူသမျှကို စစ်တပ်ကလွဲ၍ ကျန်တာတွေကို ဖျက်စီးခဲ့သလို၊ ဆိုရှယ်လစ်စီးပွားရေး တည်ဆောက်မှုကာလက အားလုံးကို
ပြည်သူပိုင် သိမ်းခဲ့တာကြောင့် မြန်မာနိုင်ငံမှာ စီးပွားရေး အခြေခံ အုတ်မြစ်ဟူသမျှ ပျက်စီးခဲ့ရပါတယ်။

နိုင်ငံတိုင်းအတွက် အရေးအကြီးဆုံးက လူသားအရင်းအမြစ်လို့ ခေါ်တဲ့ စီးပွားရေးကို တည်ဆောက်မယ့် လူ တွေပဲ။ မြန်မာနိုင်ငံဟာ အကြောင်းကြောင်းကြောင့် ပညာတတ်တွေ၊ တိုင်းပြည်ကို အကျိုးပြုလိုသူတွေဟာ တိုင်းပြည်ကို စွန့်ခွာခဲ့ရတယ်။ ကမ္ဘာအနှံ့ပြန့်နေတဲ့ ဒီလူတွေဟာ ရပ်တည်နိုင်ဖို့ ကြိုးစားကြရင်း မျက်စိတွေပွင့်၊ ကမ္ဘာ့အမြင် အတွေ့အကြုံတွေ ရှိလာကြတယ်။ လူတိုင်းအတွက် မိမိမွေးဖွားရာ မိခင်တိုင်းပြည်ဆိုတာ တခုတည်းရှိတာပါ။ မိခင်တိုင်းပြည် တိုးတက်ဖို့ အစိုးရတဦးတည်းက မဆောင်ရွက်နိုင်ပါ။ လူတိုင်း ပါဝင်ပံ့ပိုးကြမှ အောင်မြင်ကြတာပါ။

စီးပွားရေးမှာ မုချဧကန် အမြတ်ရနိုင်မှာ စွန့်စားမည် ဆိုလျှင် ဘာမှလုပ် နိုင်စရာမရှိပါ။ မသေချာ၊ မရေရာတဲ့
ကြားက စွန့်စားရဲမှ “အမြတ်” ဆိုတာကို ခံစားနိုင်မှာပါ။ ငွေသား အကျိုးထက် ပြည်သူတွေရဲ့ အပြုံးကို မြင်ရခြင်း ကိုလည်း “အမြတ်” လို့ မသတ်မှတ်နိုင်ဘူးလား။ စဉ်းစားစရာပါ။

(အပိုင်း ၂  ကို ဆက်လက်ဖော်ပြပါမည်။)

မြစ်ဆုံ အချက်အလက်မှန် ထုတ်ပြန်ဖို့ အစိုးရကို တရားစွဲရန် ပြင်ဆင်

မြစ်ဆုံ အချက်အလက်မှန် ထုတ်ပြန်ဖို့ အစိုးရကို တရားစွဲရန် ပြင်ဆင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ မြစ်ဆုံရေကာတာ တည်ဆောက်မှုနှင့် ပတ်သက်၍ မှန်ကန်သည့် သတင်း အချက် အလက်များ ထုတ်ပြန်ရန် ဖွဲ့စည်းပုံ အခြေခံပါ နိုင်ငံသား အခွင့်အရေးအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်
တွင် အစိုးရကို တရားစွဲဆို တောင်းဆိုသွားရန် ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် တသီးပုဂ္ဂလနှင့် ပါတီ ကိုယ်စားလှယ်များက ပြင်ဆင်နေသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ ဒေါ်ဘောက်ဂျာနှင့် ဦးမင်းအောင်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး
ပါတီမှ ဦးအောင်မျိုးဦး၊  ဦးစိုးကြည် နှင့် တသီးပုဂ္ဂလကိုယ်စားလှယ် ဦးဝင်းချိုတို့က တရားလိုအနေဖြင့် အစိုးရကို တရားစွဲဆိုမည် ဖြစ်သည်။

“အဲဒီမြစ်ဆုံဆည်ကြီးဟာ အကျိုးဖြစ်ထွန်းမှုမှာ ကျနော်တို့ နိုင်ငံသားတွေ ဘယ်လောက်ထိသက်ဆိုင်မှု ရှိသလဲ။ ဒီအတိုင်းပဲ အကျိုးရှိမှာဖြစ်သလို အပြစ်ရှိမှာဖြစ်တဲ့အတွက် အပြစ်နဲ့ပတ်သက်တဲ့ဒုက္ခတွေ၊ ဒီမြစ်ဆုံ ဆည်ကြီးနဲ့ပတ်သက်တဲ့ အပြစ်တွေကို ကျနော်တို့ ပြည်သူပြည်သားတွေ ဘယ်လောက်ထိခံရမလဲ” ဟု ဦးဝင်းချိုက မဇ္ဈိမကို ပြောသည်။
maka-malika
တသီးပုဂ္ဂလနှင့် ပါတီ ကိုယ်စားလှယ်များက မြစ်ဆုံရေကာတာ တည်ဆောက်မှုနှင့် ပတ်သက်၍ အစိုးရကို တရားစွဲဆိုရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် တောင်းဆို (ဓါတ်ပုံ မဇ္ဈိမ)

သူက ဆက်ပြီး “အဲဒီဆည်တွေ အားလုံးရဲ့ဆိုးပြစ်တွေကို မြန်မာပြည်သူတွေ ခံရမှာ ကျိန်းသေတယ်။ ဒါပေမဲ့
ကောင်းကျိုး ဘယ်လောက်ခံစားရမလဲဆိုတဲ့ကိစ္စကိုကျတော့ ကျနော်တို့ကိုယ်တိုင် တိတိကျကျ မသိဘဲနဲ့ ပြည်ပ မီဒီယာတွေက နေပြီးတော့ ထုတ်လွှင့်သလောက်ကိုပဲ သိရတဲ့အခါမှာ ကျနော်တို့ ပြည့်ပြည့်စုံစုံ နားထောင်ချင်တာပါ။ သိချင်တာပါ” ဟု ဆိုသည်



ဆည်စီမံကိန်းနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် မည်မျှအကျိုးရရှိမည်၊ ဆိုးကျိုးမည်မျှခံရမည်ကို တိကျစွာ ထုတ်ပြန်သေးခြင်းမရှိသည့်အပြင် ဆည်ကြောင့် ဧရာဝတီမြစ် ပျောက်ကွယ်မည့်အရေး စိုးရိမ်မှုများကြောင့် ယခုကဲ့သိုလုပ်ဆောင်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက “နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ” ကဏ္ဍအရ ပြည်သူ လူထု အနေဖြင့် မိမိ၏ အခွင့်အရေးနှင့်ပတ်သက်၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှတဆင့် နိုင်ငံတော်အား တရားစွဲဆိုပိုင်ခွင့်ရှိသည်။

နိုင်ငံသား အခွင့်အရေးနှင့် ပတ်သက်၍ ပြည်သူက တောင်းဆိုလာပါက စစ်ဆေးရန် အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ် အနေဖြင့် ရှေ့တော်သွင်း၊ အာဏာပေး၊ တားမြစ်စေ၊ အာဏာပိုင်မေးနှင့် အမှုခေါ် စာချွန်လွှာများကို သင့်လျော်သည့်အတိုင်း ထုတ်ဆင့်ပေးခွင့် အာဏာရှိကြောင်း ပြဋ္ဌာန်းထားသည်။

တရားစွဲဆိုမှုကို တားမြစ်စေနှင့် အာဏာပိုင်မေးစာချွန်တော်များအပေါ် အခြေခံ၍ လျှောက်ထားမည်ဖြစ်ကာ ယခုကျင်းပနေသည့် လွှတ်တော်အတွင်း ဆည်တည်ဆောက်မှုနှင့်ပတ်သက်၍ တစုံတရာ ဆွေးနွေးပြောဆိုခြင်း၊ တရားဝင်ထုတ်ပြန်ခြင်းမရှိပါက လွှတ်တော်ပြီးသည်နှင့် တင်သွင်းသွားမည် ဖြစ်သည်။

“လွှတ်တော်ပြီးဆုံးတဲ့အချိန်မှာမှ ဧရာဝတီမြစ်ရဲ့ မြစ်ကြီးပျောက်ပျက်သွားနိုင်တဲ့အကြောင်းအရာနဲ့ မြစ်ဆုံမှာ တည်ဆောက်နေတဲ့ စီမံကိန်းနဲ့ အကြောင်းအရာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေတောင်မှ မသိသေးဘူး
ဆိုရင် ကျနော်တို့ အဲဒီအခွင့်အရေးကို အသုံးချရမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းချိုက ဆိုသည်။



ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် စစ်မတ်ဖြစ်ပွားချိန်၊ တိုင်းတပါးမှ ကျူးကျော် ဝင်ရောက်ချိန်နှင့် နိုင်ငံ
တွင် ဆူပူမှုဖြစ်နေချိန်တွင် အများပြည်သူ လုံခြုံရေးအတွက် လိုအပ်သည့်ကိစ္စမှတပါး အခွင့်အရေး တောင်းခံပိုင်ခွင့်
ကို ရပ်ဆိုင်းထားခြင်းမပြုဟုလည်း  ပြဋ္ဌာန်းထားသည်။ 

ရေအားလျှပ်စစ် မီဂါဝပ် ၆ဝဝဝ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” အရ မေခမြစ် အပိုင်းတွင်
တာ ငါး ခု၊ မလိခမြစ်မှာနှစ်ခု ပိတ်ရမည် ဖြစ်ပြီး ထွက်ရှိသည့် လျှပ်စစ်များကို တရုတ်နိုင်ငံသို့ ရောင်းချသွားမည်
 ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီးဖြစ်သည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံရေး
ကော်ပိုရေးရှင်း CPI က ရင်းနှီးမြှုပ်နှံကာ ဦးဆောင်တည်ဆောက်နေပြီး၊ မြန်မာနိုင်ငံဘက်မှ အစိုးရပိုင် မြန်မာ့ လျှပ်စစ်လုပ်ငန်း MEPE၊ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် စတီဗင်လောနှင့် မိသားစုပိုင် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြစ်ဆုံဆည်နယ်မြေ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈ဝဝဝ ရှိကာ ဆည်အမြင့် ၁၅၂ မီတာ (ပေ ၅ဝဝ) နှင့် အထက် ရေလှောင်ကန်အမြင့်မှာ ၂၉၉  မီတာ (ပေ ၉၈ဝ) ရှိသည်။

ဆည်နှင့် ရေလှောင်ကန်တည်ဆောက်မှုကြောင့် ရေလွှမ်းမိုးနစ်မြုပ်ခံရမည့်နေရာ အကျယ်အဝန်းသည် စင်္ကာပူ
နိုင်ငံထက် ကျယ်ပြီး၊ ကျေးရွာအများအပြား ပျက်စီးပြောင်းရွှေ့ရမည်၊ ကျေးရွာလူထု ၁၅,ဝဝဝ ခန့်အထိ ထိခိုက် နစ်နာဖွယ် ရှိနေသည်။

အလားတူ မြစ်ဆုံရေကာတာ ရပ်ဆိုင်းပေးရန် နာမည်ကြီးစာရေးဆရာများနှင့် အနုပညာရှင်များအပါအဝင် ပြည်သူ ၁၆ဝဝ က သမ္မတဦးသိန်းစိန်ထံ လက်မှတ်ရေးထိုးတောင်းဆိုမှုကို စက်တင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့သည်။

သမ္မတဦးသိန်းစိန်ထံလိပ်မူ၍ “ဧရာဝတီမြစ်ကြီး မတိမ်ကော မပပျောက်စေရေးနှင့် မြန်မာနိုင်ငံ ပြည်သူပြည်သား
များ မပျက်စီး မဆုံးရှုံးစေရေးအတွက် မြစ်ဆုံရေကာတာစီမံကိန်း ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံခြင်း” အမည်ဖြင့် ဧရာဝတီ ထာဝရရှင်သန်လိုသူများက စာတိုက်မှတဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

“မြစ်ဆုံရေကာတာကြီး ဆောက်လိုက်လို့ ဧရာဝတီမြစ်ကြီး တိမ်ကောသွားရင် အမတို့ နောင် အနာဂတ် မျိုးဆက်သစ် အားလုံးအတွက် ကောင်းမွေတွေကို ထားခဲ့နိုင်မှာ မဟုတ်ဘဲနဲ့ ဆိုးမွေများသာ ဖြစ်သွားလိမ့်မယ်” ဟု လက်မှတ်ထိုး
တောင်းဆိုမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသူ မနုနုက မဇ္ဈိမကို ပြောသည်။



meetlotdaw0101
ပြည်သူလူထု အနေဖြင့် မိမိ၏ အခွင့်အရေးနှင့် ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တဆင့် နိုင်ငံတော်အား တရားစွဲဆိုပိုင်ခွင့်ရှိသည်ဟု ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိ (ဓါတ်ပုံ မဇ္ဈိမ)

သမ္မတအပါအဝင် ဒုသမ္မတနှစ်ဦးထံ့ ပေးပို့ခဲ့သည့် ပန်ကြားလွှာတွင် မြစ်ဆုံရေကာတာ အပါအဝင် မြစ်ချောင်းများ၊ ဆည်မြောင်းတာတမံ ဆိုင်ရာ ဆန်းစစ် သုသေနပြုချက်များကို နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များနှင့် စနစ်တကျ ပြန်လည် သုံးသပ်ရန်နှင့် ပြည်သူလူထုထံ မှန်ကန်ပွင့်လင်းစွာ ထုတ်ဖော်အသိပေးရန် တောင်းဆို
ထားပြီး သုတသနပြုနေချိန်အတွင်း စီမံကိန်းများ ရပ်တန့်ထားရန်ပါ မေတ္တာရပ်ခံထားသည်။

လက်မှတ်ထိုးကောက်ခံမှုကို သြဂုတ်လ ၁၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့ တခုတွင်းသာ
ကောက်ခံရသေးသည်။ လက်မှတ်ထိုး ကောက်ခံမှုကို အချိန် တလ သတ်မှတ်ထားသော်လည်း  လက်မှတ်များ ရရှိနေသည့် အတွက် ကြိုတင်ပေးပို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ထပ်မံရရှိသည့် လက်မှတ်များကိုလည်း စက်တင်ဘာလလယ်ပိုင်းတွင် ထပ်မံပေးပို့သွားမည် ဖြစ်သည်။

“နဂိုအခြေအနေကိုတောင် ကျနော်တို့က ပြန်ပြုပြင်ရမယ့်အနေအထားရှိတယ်။ သောင်ထွန်းတာတို့ ဘာတို့ ဒါတွေက တော်တော်များနေတဲ့အချိန်မှာ ဒီလိုရေကာတာဆောက်တယ်ဆိုတော့ ဒါ အန္တရာယ် အလွန်များ တယ်။ နဂိုအနေအထားကိုက ကျနော်တို့ ပြန်ပြီးပြုပြင်ဖို့၊ ပြန်ပြီး ပြုပြင်ထိန်းသိမ်းဖို့က ကျနော်တို့အားလုံးရဲ့ တာဝန်
ဖြစ်တယ်” ဟု တောင်းဆိုလက်မှတ်ရေးထိုးရာတွင်ပါဝင်ခဲ့သည့် နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက
ဆိုသည်။



လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း “ဧရာဝတီအတွက် ပန်ကြားခြင်း” အမည်ဖြင့် ပန်ကြားလွှာ တစောင်ကို သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ကာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိန်းသိမ်းမှု ဆိုင်ရာ ဥပဒေများ မလိုက်နာခြင်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းများကြောင့် ဧရာဝတီမြစ် ပျက်စီးနေခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

“ဧရာဝတီမြစ်က ကျနော်တို့မြန်မာပြည်ရဲ့ အသက်သွေးကြောလေ။ ဧရာဝတီမြစ်မရှိရင် မြန်မာလူမျိုးဆိုတာ လည်း ရှိမှာမဟုတ်ဘူး။ ပျောက်သွားလိမ့်မယ်။ ကျနော်တို့က မြန်မာလူမျိုးပီသရင်တော့ မြန်မာနိုင်ငံ မပျောက်ကွယ်ဖို့က တာဝန်ရှိပါတယ်။ အဲဒီတော့ မြန်မာ လူမျိုးပီသစွာနဲ့ ထိန်းသိမ်းဖို့ အရေးကြီးပါတယ်” ဟု ဦးကျော်သူက ပြောဆိုသည်။