သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Thursday, June 2, 2011

2.06.2011 နေ.သတင်းများ

ဒီနေ့ ဖတ်စရာသတင်းများ ( ဇွန်လ 2 ရက် )

by Burma Thwe on Thursday, June 2, 2011 at 9:04am
NLD နဲ့ နီးစပ်လာတဲ့ မြန်မာ ပညာရှင် တွေ
BBC News .။ 1-6-2011

daw suu kyiလူငယ်ကွန်ယက် တွေ လည်း NLD က တည်ဆောက် နေNLD က ဇွန်လ ထဲမှာ ဖွင့်လှစ်မယ့် နိုင်ငံရေး သင်တန်း မှာ အရင် က အတိုက် အခံ နဲ့ ကင်းကင်း နေခဲ့တဲ့ ပညာတတ် ပုဂ္ဂိုလ် တွေ ကလည်း သင်တန်း ပို့ချ မှာ ဖြစ်ပါတယ်။အဲဒီ နိုင်ငံရေး သင်တန်းမှာ ဟောင်ကောင် ရှိ စီးတီး တက္ကသိုလ် က အာရှ နှင့် နိုင်ငံတကာ လေ့လာရေးဌာန လက်ထောက်ပါမောက္ခ ဒေါက်တာ ကျော်ရင်လှိုင် နဲ့အတူ စင်ကာပူ အခြေစိုက် တက္ကသိုလ် တွေ က မြန်မာ ပညာရှင်တွေ နဲ့ အခြား နိုင်ငံခြားသား ပညာရှင် တွေ လည်း ပါဝင်ကြမယ် လို့ သိရပါတယ်။

သင်တန်း နည်းပြ တွေ အဖြစ်လုပ်ပေးဖို့ ဒေါက်တာ ကျော်ရင်လှိုင် တို့ ဖက် က စတင် ကမ်းလှမ်း ခဲ့ပြီးတဲ့ နောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင် ပိုင်း က သဘောတူ ကြတဲ့ အတွက် အခု သင်တန်း အစီအစဉ် ကို လုပ်ခဲ့ကြတာ လို့ NLD ရဲ့ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်၊ ပြောခွင့် ရ ပုဂ္ဂိုလ် တဦး လည်း ဖြစ်တဲ့ ဦးအုန်းကြိုင် က ဘီဘီစီ ကို ပြောပါတယ်။

အခု နိုင်ငံရေး သင်တန်း မှာ ပေးမယ့် အကြောင်းအရာ ခေါင်းစဉ် တွေ ကို NLD နဲ့ ပညာရှင် တွေ ၂ ဘက် ညှိနှိုင်း ခဲ့တာဖြစ်ပြီး အသွင်ကူးပြောင်းရေး ဆိုင်ရာ သီအိုရီများ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ ဥပဒေရေးဆိုင်ရာ စဉ်းစားပုံ စတဲ့ ခေါင်းစဉ် တွေ လည်း ပါဝင် ကြောင်း ဦးအုန်းကြိုင် က ပြောပါတယ်။

အရင် က အတိုက်အခံ နဲ့ မနီးစပ်ခဲ့ တဲ့ အဆိုပါ ပညာတတ်ပုဂ္ဂိုလ်များ NLD သင်တန်း ကို လာပေးတာနဲ့ ပတ်သက် လို့ ထူးခြား မနေဘူးလား လို့ ဦးအုန်းကြိုင် ကို ဘီဘီစီ က မေးရမှာ တော့ NLD အနေနဲ့ ချထားတဲ့ ပေါ်လစီ အတိုင်း ကျယ်ပြန့်တဲ့ ကွန်ယက် တည်ဆောက်ရေး ဆိုတဲ့ အောက်မှာ ကိုယ်နဲ့ နိုင်ငံရေး တူသည် ဖြစ်စေ၊ မတူသည် ဖြစ်စေ လက်တွဲ လုပ်ဆောင် သွားမယ် လို့ သူ က ပြန်ဖြေ ပါတယ်။NLD ရုံးချုပ်မှာ လုပ်မယ့် အဲဒီ နိုင်ငံရေး သင်တန်း ကို ဇွန် လ ၂၀ ရက် နေ့ ကနေ ၂၉ ရက် နေ့ အထိ ပြုလုပ်သွားမှာ ဖြစ်ပြီး NLD အဖွဲ့ဝင် ၈၀ ဦး ခန့် တက်ရောက် မယ် လို့ သိရ ပါတယ်။


မက်ကိန်းသည် အားသစ်တခုဟု ဦးဝင်းတင်ပြော
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၂ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။      ။ အမေရိကန် ဆီးနိတ်အမတ် ဂျွန်မက်ကိန်း John McCain မြန်မာ့အရေး လာရောက်ဆွေးနွေးသည်မှာ အင်အားသစ်တခု တိုးလာခြင်းဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။


“မြန်မာပြည်အရေးကို သံတမန်ချင်း လက်ဝါးရိုက်ပြီး ဗမာပြည်ကိုလည်း ပြန်မပြော၊ အဲလိုလုပ်မယ့်အစား ဂျွန်မက်ကိန်းလို ပွင့်ပွင့်လင်းလင်းပြောတဲ့ ပုဂ္ဂိုလ်မျိုးဟာ သူဆွေးနွေးသမျှကို လူသိရှင်ကြား ပြန်ပြောမှာပဲ၊ ဖွင့်ချမှာပဲလို့ ယူဆပါတယ်။ တခြားသော သံတမန်တွေထက် ပိုပြီး ပွင့်လင်းမှု ရှိလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါကြောင့် မက်ကိန်းလာခြင်းဟာ ဘာပဲပြောပြော အင်အားသစ်တခု တိုးလာတယ်လို့ ကျနော်ကတော့ ယူဆပါတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

၃ ရက်ကြာ မြန်မာပြည် ခရီးစဉ်ကို ဗုဒ္ဓဟူးနေ့တွင် စတင်လိုက်ကာ ဂျွန်မက်ကိန်းသည် ကြာသပတေးနေ့ နေ့လည် ၂ နာရီတွင် NLD ရုံးချုပ်၌ CEC အဖွဲ့နှင့် ဆွေးနွေးမည်ဖြစ်ပြီး၊ ဦးဝင်းတင်မှာမူ ကျန်းမာရေးအခြေအနေအရ တက်ရောက်နိုင်မည် မဟုတ်ပေ။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန် တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်လာရန်အတွက် ကြိုးပမ်းပေးရန် မစ္စတာဂျွန်မက်ကိန်းကို NLD ဘက်က ပြောဆိုရန် စီစဉ်ထားသည်။

“ဒီဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဟိုဘက်က ဦးသိန်းစိန်တို့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေး ကြိုးပမ်းပေးပါလို့ ပြောရမှာပေါ့။ နောက် ကျနော်တို့အဖွဲ့ချုပ် ဆက်လက်ရပ်တည်ရေး ကြိုးပမ်းနေတဲ့ ကိစ္စတွေ ရှင်းပြမယ်။ နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးရေးဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် အရေးကြီးတဲ့ အခြေခံဖြစ်တယ်။ ဒါကို ကူညီဆောင်ရွက်ပေးပါလို့ ပြောမယ်” ဟု NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

တနေ့တည်းတွင် မစ္စတာမက်ကိန်းက ဦးအေးသာအောင်၊ ပူးကျင့်ရှင်းထန် အပါအဝင် လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP နှင့်ပါ တွေ့ဆုံဦးမှာဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း နေအိမ်သို့ သွားရောက်တွေ့ဆုံမည်။


“ခက်တာက အမေရိကန်က ဒီမိုကရေစီနိုင်ငံဗျ။ လွှတ်တော်ကလည်း ၂ ရပ်၊ ကဏ္ဍ ကဏ္ဍအလိုက် check and balance လုပ်နေရတော့၊ လွှတ်တော်အမတ်ကလည်း လွှတ်တော်အမတ်တာဝန် လုပ်ရတာရှိတော့ သူ့ကဏ္ဍနဲ့သူ ဆောင်ရွက်ကြတာ ဖြစ်တယ်လို့ ထင်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

မစ္စတာကိန်းသည် ကြာသပတေးနေ့ နေ့လည် ၁၂ နာရီတွင် ၂ဝ၁ဝ ရွေးကောက်ပွဲဝင် ပါတီများဖြစ်သော အမျိုးသား ဒီမိုကရေစီအင်အားစု NDF ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ရခိုင်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ RNDP ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်များအပြင် ကချင်ဘာသာရေး ခေါင်းဆောင်တဦးနှင့်လည်း တွေ့ဆုံဖို့ရှိကြောင်း NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

“သူ့အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ဆက်ထားဖို့သင့်တယ်ဆိုရင် ကျနော်တို့က မေးစရာ ရှိတာပေါ့ဗျာ။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်ရေးအတွက် ပိတ်ဆို့ထားတယ်။ ဒီနှစ် ၂ဝ မှာ မရခဲ့ဘူး။ အခု ဆက်ပိတ်ထားမယ်ဆိုရင်ရော ရနိုင်မယ်လို့ ဘယ်သူက အာမခံချက်ရှိလို့လဲ။ ဘယ်အာမခံချက်နဲ့ ဆက်ပိတ်မှာလဲဆိုတာ ကျနော်တို့ မေးကောင်း မေးရဖို့ အကြောင်းရှိမှာပါ။ ကျနော်တို့နိုင်ငံမှာ စီးပွားရေးပိတ်ဆို့ထားမှုက နံပါတ်တစ် ဖြစ်နေတာကိုး” ဟု သူက ဆိုသည်။

မစ္စတာကိန်းအနေနှင့် အစိုးရ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံမည်ဖြစ်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး အကျဉ်းသားများအရေးနှင့် ဒုက္ခသည်များအရေးကို ဆွေးနွေးသွားမည်ဟု အင်္ဂါနေ့တွင် ထိုင်းနိုင်ငံ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ အမေရိကန်ခေါင်းဆောင်များ တလအတွင်း ၂ ကြိမ် လာရောက်ခဲ့သလို၊ အိမ်နီးချင်း တရုတ်နိုင်ငံမှ ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ကျာချင့်လင်လည်း ဧပြီလဆန်းပိုင်းတွင် လာရောက်ခဲ့ပြီး၊ မြန်မာသမ္မတ ဦးသိန်းစိန်လည်း တရုတ်နိုင်ငံသို့ မေလ ၂၆ ရက်နေ့တွင် သွားရောက်ခဲ့သေးသည်။

“အမေရိကန်အစိုးရနဲ့ တရုတ်နဲ့ ဗမာပြည်ပြင်ပမှာ ဆွေးနွေးစေချင်တယ်။ ဒီစစ်အစိုးရကို မဏ္ဍိုင်ပြုပြီးတော့ တရုတ်က ဆွေးနွေးလိုက်၊ အမေရိကန်က ဆွေးနွေးလိုက် လုပ်နေရင် အရပ်စကားနဲ့ ပြောရရင် လူရာသွင်းပြီး လုပ်နေသလို ဖြစ်နေတယ်။ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေ၊ အာရှမြောက်ပိုင်း၊ အာရှ အရှေ့မြောက်ပိုင်းဒေသပေါ့။ အဲလိုနေရာမျိုးမှာ ခိုင်ခိုင်မာမာ ဆွေးနွေးသင့်တယ်လို့ ယူဆတယ်ဗျ” ဟု ဦးဝင်းတင်က ဆိုသည်။

အမေရိကန် ခေါင်းဆောင်များအနေနှင့် မြန်မာနိုင်ငံသို့ လာရောက်တိုင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလေ့ရှိသည်။

ရန်ကုန်မြို့ရှိ တရုတ်သံရုံးသည် ၁၉၉ဝ ရွေးကောက်ပွဲ ကျင်းပအပြီး NLD ထံ လာရောက်တွေ့ဆုံသည့် ပထမဆုံးသော နိုင်ငံခြားသံရုံး ဖြစ်ခဲ့သော်လည်း ယခုအခါ NLD နှင့် တရားဝင် ဆက်ဆံရေး မရှိတော့ကြောင်း သိရသည်။


ဂျိုးဆက်ဖ် ယွန်း တွေ့ခဲ့ရတဲ့ မြန်မာ့အခြေအနေ အားတက်ဖွယ် မရှိ
By ဦးဝင်းမင်း  အင်္ဂါ, 31 မေ 2011


မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေဟာ စိတ်ပျက်ဖို့ ကောင်းတယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။ အခြေအနေတွေ တိုးတက်လာဖို့အတွက် စိတ်ရှည်ရှည်ထားပါလို့ မြန်မာအစိုးရက ပြောခဲ့ပေမဲ့ စောင့်လာတဲ့ အချိန်တွေသာ ကြာလာပေမဲ့ တိုးတက်မှု ရှိမလာဘူးလို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် (Kurt Campbell) က ပြောလိုက်တာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာ အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ အခုလို ပြောသွားခဲ့တဲ့အကြောင်း အပြည့်အစုံကို ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။

ဒီနေ့ ၀ါရှင်တန်မြို့တော်က CSIS ခေါ် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးအဖွဲ့မှာ လုပ်တဲ့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဆက်ဆံရေး ဆွေးနွေးပွဲမှာ အရှေ့အာရှနဲ့ ပစိဖိတ်ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းပ်ဘဲလ်က မကြာသေးခင်က မြန်မာနိုင်ငံက ပြန်လာခဲ့တဲ့ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းရဲ့ တင်ပြချက်တွေကို သုံးသပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အခုလို သုံးသပ်ရာမှာ ယေဘုယျအားဖြင့်တော့ စိတ်ပျက်ဖို့ ကောင်းတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ဆိုပါတယ်။

“ကျနော်ထင်ပါတယ်၊ ကျနော်တို့ မြင်ခဲ့ရတဲ့ တိုးတက်မှု အနေအထားက ယေဘုယျအားဖြင့်တော့ စိတ်ပျက်ဖို့ကောင်းပြီး အထင်ကြီးစရာ မရှိဘူးလို့ လုံးဝ ပြောနိုင်ပါတယ်။”

မစ္စတာ ကမ့်ပ်ဘဲလ်ဟာ နှစ်ပေါင်း ၁၄ နှစ်အတွင်း အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိအဖြစ် ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံကို သွားလည်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူမ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ်မှာ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကမ့်ပ်ဘဲလ်ကပဲ မြန်မာနိုင်ငံမှာ မနှစ်က ရွေးကောက်ပွဲတွေ အပြီးမှာ အမေရိကန်နိုင်ငံ အနေနဲ့ စိတ်ပျက်ခဲ့ရပေမဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်လင့်ပြီး ကြိုးစားခဲ့ရာမှာ အတိုက်အခံပါတီ အားလုံးနဲ့တော့ ပွင့်ပွင့်လင်းလင်း အတွင်းကျကျ ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲတွေကို ကျနော်တို့က စိတ်ပျက်ခဲ့ရပေမဲ့ ဒီနေရာမှာ တွေ့ဆုံ ဆွေးနွေးနိုင်ဖို့ အလားအလာတွေ ရှိတယ်လို့ ကျနော်တို့ ယုံကြည်ခဲ့ပါတယ်။ ဒါကြောင့် တိုင်းပြည်ထဲက အရေးပါတဲ့ တခြားပါတီတွေနဲ့ ကျနော်တို့ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ပါတီနဲ့ နက်နက်ရှိုင်းရှိုင်း အပြန်အလှန် ဆွေးနွေးခဲ့တယ်၊ အလားတူပဲ တခြားအဖွဲ့တွေဖြစ်တဲ့ ပါလီမန်ထဲက တိုင်းရင်းသား အုပ်စုတွေ၊ တခြားအုပ်စုတွေနဲ့လည်း အတွင်းကျကျ ဆွေးနွေးခဲ့ပါတယ်။”

သူကပဲ မြန်မာအစိုးရနဲ့လည်း အခုလို တိုက်ရိုက် ညှိနှိုင်းဆွေးနွေးနိုင်ပြီး မြန်မာဘက်က တိုးတက်မှုတွေ စလုပ်ပြလာရင် အပြုသဘော ပြန်တုံ့ပြန်ပေးဖို့ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တက်လာအပြီးမှာ လနဲ့ချီ အချိန်ယူပြီး ဖိအားပေးတာအပြင် ဆက်ဆံ ဆွေးနွေးတာတွေ လုပ်ဖို့ လမ်းစဉ်သစ် ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခုတက်လာတဲ့ မြန်မာအစိုးရသစ် အနေနဲ့လည်း သင့်တော်တဲ့ အပြောင်းအလဲတွေ လုပ်လာရင် အခုလို အပြုသဘော ပြန်တုံ့ပြန်ဖို့ အမေရိကန်ဘက်က အသင့်ပြင်ထားတယ်လို့ မစ္စတာ ကမ့်ပ်ဘဲလ်က ဆက်ပြောပါတယ်။

“ကျနော်ထင်ပါတယ်၊ ကျနော်တို့ ပေါ်လစီ ပြန်သုံးသပ်မှုတွေ လုပ်ခဲ့ရာမှာ နေပြည်တော်ဘက်ကနေ သင့်တော်တဲ့ တိုးတက်မှုတွေ လုပ်ပြလာမယ်ဆိုရင် ကျနော်တို့ဘက်ကလည်း မြန်မာအစိုးရသစ်နဲ့ အပြုသဘော ပူးပေါင်း ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပြီးသားပါ။”
ဒါပေမဲ့လည်း အခုလို တိုက်ရိုက် ဆက်ဆံမှုတွေ လုပ်ရာမှာ အမေရိကန်ဘက်ကပဲ လမ်းဖွင့်ပေးလို့ မရဘဲ မြန်မာအစိုးရဘက်ကလည်း တိုးတက်မှုတွေ စပြဖို့ လိုမယ်လို့ သူက ဆိုပါတယ်။ အထူးသဖြင့်တော့ မြန်မာအစိုးရသစ်ဘက်က တိုးတက်မှုတွေ မပြဘဲ စောင့်ပါဦး၊ တဖြည်းဖြည်းတော့ ဖြစ်လာမှာပါ ဆိုတာမျိုးနဲ့တော့ မရဘူးလို့ မစ္စတာ ကမ့်ပ်ဘဲလ်က သတိပေးလိုက်ပါတယ်။

“သည်းခံပါ၊ ကျနော်တို့ကို အချိန်ပေးပါဦးလို့ ပြောရုံနဲ့တော့ မလုံလောက်နိုင်ဘူးဗျ။ စောင့်ခဲ့တဲ့ အချိန်ကလည်း အများကြီး ကြာခဲ့ပြီးပြီ။ သည်းခံခဲ့ရတာကလည်း မနည်းတော့ဘူးလေ။ ပထမအနေနဲ့ အာဆီယံမှာပါတဲ့ ကျနော်တို့ မိတ်ဆွေတွေ အနေနဲ့ ဒီလို တိုးတက်မှုတွေ မြင်ရဖို့ မျှော်လင့်ချက်တွေနဲ့ စောင့်ခဲ့တာ နှစ်ပေါင်းများစွာပဲလေ။ ဒါပေမဲ့ ထူးထူးခြားခြား တိုးတက်မှုတွေ ရှိမလာခဲ့ပါဘူး။”
အမေရိကန် အစိုးရ အရာရှိတွေ အနေနဲ့ ဖိအားရော ဆက်သွယ် ဆောင်ရွက်မှုတွေကိုပါ နည်း ၂ ခုလုံးကိုသုံးပြီး ဆောင်ရွက်ခဲ့ရာမှာ ထူးခြားမှုတွေ မရှိသေးပေမဲ့ ဒီပေါ်လစီ ၂ ခုလုံးကို ဆက်လက် ကျင့်သုံးသွားမယ်လို့ ဆိုကြပါတယ်။

အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်းရဲ့ ပြီးခဲ့တဲ့ ၂ ပတ်က ခရီးစဉ်ထဲမှာလည်း အမေရိကန်ဘက်က ပိတ်ဆို့မှုတွေ လျှော့ပေးနိုင်ဖို့ဆိုရင် မြန်မာဘက်ကလည်း သိသာတဲ့ တိုးတက်မှုတွေ လုပ်ပေးရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ဒီအပတ်ထဲမှာလည်း အမေရိကန်နိုင်ငံမှာ ၂၀၀၈ ခုနှစ်တုန်းက လက်ရှိသမ္မတ ဘရက်ခ် အိုဘားမားနဲ့ ယှဉ်ပြိုင် အရွေးခံခဲ့တဲ့ လက်ရှိ ရီပတ်ဘလီကန်ပါတီ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ဟာလည်း မြန်မာနိုင်ငံကိုသွားပြီး အကျဉ်းသားတွေ လွတ်မြောက်မှု အပါအ၀င် တိုးတက်မှုတွေ ရှိလာရေး ကြိုးစားဖို့ ရှိပါတယ်။

တချိန်တည်းမှာပဲ CSIS ခေါ် အမေရိကန်နိုင်ငံက သုတေသနအဖွဲ့ရဲ့ ဆွေးနွေးပွဲထဲမှာ မစ္စတာ ကမ့်ပ်ဘဲလ်ကပဲ အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံ အားလုံးနဲ့ ပိုမို ထဲထဲဝင်ဝင် ဆက်ဆံရာမှာ ဒေသတွင်း တည်ငြိမ်ရေးအတွက် အင်အား ကြီးမားလာတဲ့ တရုတ်နဲ့လည်း နီးနီးကပ်ကပ် လက်တွဲဖော်အဖြစ် ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


ခုခံအား ကျဆင်းမှု တိုက်ဖျက်ရေး စီမံကိန်း စတင်
BBC News .။ 1-6-2011


မြန်မာ နိုင်ငံမှာ HIV / AIDS ခုခံ စွမ်းအား ကျဆင်းမှု ရောဂါ တိုက်ဖျက်ရေး အတွက် အစိုးရ ထိပ်တန်း အရာရှိတွေနဲ့ ကုလသမဂ္ဂ အရာရှိတွေ ပါဝင်တဲ့ အမျိုးသား မဟာဗျူဟာ စီမံကိန်း ဆိုင်ရာ ဆွေးနွေးပွဲကို နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

စီမံကိန်းကာလကို ၂၀၁၁ ခုနှစ် ကနေ ၂၀၁၅ ခုနှစ် အထိ လေးနှစ်ကာလ သတ်မှတ်ထား ပါတယ်။

အမျိုးသား မဟာ ဗျူဟာ စီမံကိန်း အစီအစဉ် အရ လာမယ့် ၂၀၁၅ ခုနှစ် နောက်ဆုံးထားပြီး မြန်မာ တစ်နိုင်ငံလုံးမှာ HIV ဗိုင်းရပ် ကူးစက်နေသူ အားလုံး ဆေးကုသခွင့် ရရှိ စေဖို့ ရည်မှန်းချက် ပြည်မှီအောင် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

AIDS ရောဂါ တိုက်ဖျက်ရေး အတွက် ရန်ပုံငွေ ရရှိမှု မှာ အကန့် အသတ်တွေ ရှိနေတဲ့ကြားကပဲ မြန်မာ နိုင်ငံဟာ ရောဂါ တိုက်ဖျက်ရေး မှာ တိုးတက်အောင်မြင်မှုတွေ လုပ်ဆောင်နိုင်ခဲ့တယ်၊ ဒါပေမဲ့ ရှေ့ဆက် လုပ်ဆောင်စရာတွေ တော့ အများကြီး ရှိသေးတယ်လို့ ဇွန်လ ၁ ရက်နေ့ နေ့စွဲနဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

၂၀၁၀ ခုနှစ် စာရင်း ဇယားတွေ အရ မြန်မာ နိုင်ငံမှာ HIV ဗိုင်းရပ်စ် ကူးစက်သူ နှစ်သိန်း သုံးသောင်း ခြောက်ထောင်ကျော် ရှိတယ်လို့ ခန့်မှန်း ထားပါတယ်။

ရောဂါ ထိန်းချုပ် နိုင်ရေး အတွက် ARV ဆေးဝါး လိုအပ်သူ လူပေါင်း ၇ သောင်း ခြောက်ထောင်မှာ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်း အထိ ကလေး၊လူကြီး သုံးသောင်း နီးပါးသာ ဆေးဝါး ပံ့ပိုးမှု ရကြ ပါတယ်။


အာရှ ပါမောက္ခများ NLD တွင် သင်တန်းပေးမည်
လင်းသန့် Wednesday, 01 June 2011 19:44


အရှေ့တောင်အာရှ တက္ကသိုလ်များရှိ နိုင်ငံရေး သိပ္ပံပညာရှင်များက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် အဖွဲ့ဝင်များကို တပတ်ကြာ သင်တန်းပေးမည်ဟု NLD က ပြောသည်။

ရန်ကုန်မြို့ NLD ရုံးတွင် ဇွန်လ ၂၀ ရက်နေ့၌ အစပြုမည့် ထိုသင်တန်းကို ပါတီဝင် ၈၀ ကျော် တက်ရောက် လေ့လာကြမည်ဟု NLD ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဧရာဝတီကို ပြောသည်။

သင်တန်းဆရာ ၈ ဦးမှာ ဟောင်ကောင်၊ စင်္ကာပူတို့ရှိ တက္ကသိုလ်များတွင် တာဝန် ထမ်းဆောင်နေသော ပါမောက္ခများ ဖြစ်သည်ဟု ဆိုသည်။

NLD က ပြည်ပ ပညာရှင်များ ပို့ချသည့် သင်တန်းကို ပါတီသက်တမ်း ၂၃ နှစ်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

သင်တန်းဆရာတဦးဖြစ်သူ ဒေါက်တာကျော်ရင်လှိုင်က ဧပြီလ ၂၆ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီးနောက် ဤသင်တန်း အစီအစဉ်ကို အကောင်အထည် ဖော်ခြင်းဖြစ်သည်ဟု သိရသည်။

ရန်ကုန် အခြေစိုက် NGO တခု ဖြစ်သော မြန်မာအီးဂရက်စ် (Myanmar Egress)၏ ဒါရိုက်တာ အဖွဲ့ဝင် ဒေါက်တာကျော်ရင်လှိုင်သည် ၂၀၀၈ အခြေခံ ဥပဒေ၊ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသူ ဖြစ်သည်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတို့ ချမှတ်ထားသည့် စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှုကို အစဉ်တစိုက် ကန့်ကွက်လာသူ ဖြစ်သည်။

ဒေါက်တာကျော်ရင်လှိုင် တာဝန်ထမ်းနေသော ဟောင်ကောင်တက္ကသိုလ်မှ မြန်မာကျောင်းသားတဦးက “အခုဟာက အစလည်း အစ၊ ရက်ကလည်း တိုတယ်။ မိတ်ဆက်တဲ့ အဆင့်လောက်ပဲ ဖြစ်မယ် ထင်တယ်။ ဖြစ်နိုင်ရင်တော့ မြန်မာနိုင်ငံမှာ လူငယ်တိုင်းအတွက် လက်မှတ်ထုတ်ပေးနိုင်တဲ့ နိုင်ငံရေးသိပ္ပံကျောင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ဖွင့်နိုင်ရင် ပိုကောင်းမယ်”ဟု ဧရာဝတီကို ပြောသည်။

ရန်ကုန်မှ NLD လူငယ်တဦးကလည်း “အခုသင်တန်းက NLD လူငယ်တွေရဲ့ နိုင်ငံရေး အတွေးအမြင် ပိုကောင်းစေဖို့ အန်တီ(ဒေါ်အောင်ဆန်းစုကြည်) က လမ်းညွှန်တာဖြစ်လို့ အများကြီး အကျိုးရှိမယ်လို့ ယုံကြည်တယ်”ဟု ပြောသည်။

သင်တန်းတွင် သုတေသန ပြုလုပ်နည်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ဘာသာရပ်၊ ဘာသာရပ်ဆိုင်ရာ တွေးခေါ်ပုံများ၊ အရှေ့တောင်အာရှ နိုင်ငံများ၏ နိုင်ငံ တကာဆက်ဆံရေး ၊ ကောင်းမွန်သော အုပ်ချုပ်ရေး၊ ဓလေ့ထုံးတမ်းဆိုင်ရာ မနုဿဗေဒ ဟူသည့် ဘာသာရပ်များ ပါဝင်မည်ဟု ဆိုသည်။

ဤအတောအတွင်း NLD က လူငယ် နှီးနှောဖလှယ်ပွဲ တခုကို ပြုလုပ်လျက်ရှိသည်။ ရန်ကုန်တွင် ပြုလုပ်သည့် နှီးနှောဖလှယ်ပွဲသို့ အနယ်နယ်မှ ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်နေသည်။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်မှ လွတ်လာသည့် နောက်ပိုင်း တနိုင်ငံလုံးရှိ NLD လူငယ်များ ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။



စစ်တပ်က ကြံစိုက်မြေ ဧကရာချီသိမ်းယူသည့်အတွက် တောင်သူများ စားဝတ်နေရေး အကြပ်အတည်းဖြစ်နေ
June 1st, 2011 | စာရေးသူ - ရိုးမ ၃

နေပြည်တော်တိုင်းဒေသကြီး၊ လယ်ဝေးမြို့နယ်အတွင်း စစ်တပ်က လယ်မြေဧက ရာချီပြီးသိမ်းယူသွားသည့်အတွက် ဒေသခံတောင်သူများ စားဝတ်နေရေးအကြပ်အတည်းများ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူတဦးက ပြောသည်။

ယခုနှစ်(၁)လပိုင်းမှ စတင်ကာ (၅)လပိုင်း (၁) ရက်နေ့အထိ လယ်ဝေးမြို့နယ်၊ ပင်သောင်ကျေးရွာအုပ်စုများမှ လယ်ဧက (၂၀၀)ကျော်ကို နယ်မြေခံ ခမရ (၆၀၅) တပ်မှ ဗိုလ်ကြီးသန်းဝင်းအောင်က ဦးဆောင်သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း တောင်သူတဦးက ပြောသည်။

“ဗိုလ်ကြီးသန်းဝင်းအောင်နဲ့ မြို့နယ် မြေစာရင်းတို့ ပူးပေါင်းပြီးတော့ ဗိုလ်ချုပ် စိုးရှိန်အမိန့်နဲ့ တောင်သူတွေ နှစ်နှစ်ဆယ်ကျော် လုပ်ကိုင်လာတဲ့ မြေယာကို သိမ်းယူခဲ့တာ၊ ပိုင်ဆိုင်မှု မပြနိုင်တဲ့အကြောင်းပြချက်နဲ့ ဗိုလ်ကြီးသန်းဝင်းအောင် ဦးဆောင်ပြီး ခြံစည်းရိုးကာခဲ့တာ၊ အဲဒါတွေကို သိမ်းလိုက်တော့ တော်တော်နစ်နာတယ်၊ သိမ်းပြီးတော့ ဘာပြန်စိုက်မှာလဲဆိုတော့ ဗိုလ်ချုပ်တွေက သရက်ပင် ပြန်စိုက်မှာတဲ့” ဟု ဒေသခံ တောင်သူက ပြောသည်။

ယင်းလယ်မြေများ၏ ကာလပေါက်ဈေးမှာ တဧကလျှင် ကျပ်နှစ်သိန်းဝန်းကျင်ရှိပြီး စစ်တပ်မှ သိမ်းယူပြီး ထိုက်တန်သည့် လျော်ကြေးပေးဆောင်ခြင်း မရှိကြောင်း ဒေသခံတောင်သူက ဆက်ပြောသည်။
“မြေက တဧက ကာလပေါက်ဈေး နှစ်သိန်းကျော်တယ်၊ လျော်ကြေးက လေးသောင်းခွဲလောက်ဘဲ ရကြတယ် ဗိုလ်ကြီးသန်းဝင်းအောင်နဲ့ မြေစာရင်းက အာဏာပိုင်တွေက လျော်ကြေးငွေကို ပွဲစားလုပ်တော့ ရတဝက် မရတဝက်ဖြစ်နေတယ်၊ လောလောဆယ် တောင်သူတွေက မြေယာမဲ့ ဘဝရောက်ပြီး စားဝတ်နေရေး ပြဿနာဖြစ်နေတယ်” ဟု ဆက်ပြောသည်။

ဒေသခံတောင်သူများအနေဖြင့် ယခင်က အဆိုပါ မြေယာများတွင် ကြံများစိုက်ပျိုးကြပြီး တဧကလျှင် ကြံတန်ချိန်(၃၀) ထွက်ရှိခဲ့သဖြင့် စားဝတ်နေရေး အဆင်ပြေခဲ့သော်လည်း ယခုအခါ မြေယာမဲ့ဘဝရောက်နေကြောင်း အဆိုပါတောင်သူက ဆက်ပြောသည်။

ထို့အပြင် ဗိုလ်ကြီးသန်းဝင်းအောင်သည်  လယ်ဝေးမြို့နယ်အတွင်းမှ ပေါက်မြိုင်အုပ်စု၊ သစ်ကြိမ်း၊ သဲကြီးကုန်းအုပ်စုများတွင်   ကျောက်ထုတ်လုပ်ခွင့် ဂရမ်များကို မြို့နယ်မြေစာရင်းတို့ဖြင့် ပူးပေါင်းကာ    ရောင်းစားနေလျှက်ရှိပြီး   မြေကွက်များရိုက်ကာ   ရောင်းချနေလျှက်ရှိသည်။


ကျောက်ဖြူမီးလောင်၊ ကျပ်သိန်း ၃၀ ဖိုးဆုံးရှုံး
Date:6/1/2011    နိရဉ္ဖရာ သတင်းဌာန 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယမန်နေ့က မီးလောင်မူ ဖြစ်ပွားရာ အိမ်တစ်လုံး မီးထဲပါသွားပြီ စုစုပေါင်း ကျပ်သိန်း ၃၀ ဖိုး ဆုံးရှုံးသွားကြောင်း သတင်း ရရှိသည်။

ယခုအခါ ဦးအောင်ဆန်းဌေးအား ရဲက မီးလောင်မူဖြင့် အရေးယူထားသည်ဟု သိရသည်။ "မီးသတ်ကားက မီးလောင်ပြီးမှ ရောက်လာပါတယ်။ ကျေးရွာလူတွေ ၀ိုင်းဝန်းမီးသတ်ပြီးမှ ရောက်လာတာ ဖြစ်ပါတယ်။ စိတ်ပျက်ဖို့ ကောင်းပါတယ်" ဟု သူက ဆက်ပြောသည်။ မီးမှာ ညနေ ၈ နာရီ ၃၀ ခန့်တွင် စတင် လောင်ကျွမ်းခဲ့သည်ဟု သိရသည်။ ကျောက်ဖြူမြို့ခံ တစ်ဦးက " မီးလောင်တာ စေတီယျရပ်ကွက်က ကိုအောင်ဆန်းဌေး အိမ်ကို လောင်တာပါ။ မီးပေးနေတဲ့ မီးစက်က အင်ဂျင်ပူပြီး စလောင်တာပါ။ အိမ်က မီးထဲပါသွားပါတယ်" ဟု ပြောသည်။

တောင်ကြီးမြို့ လိုင်စင်မဲ့ကား ထောင်ကျော်အား နေပြည်တော်ဖမ်းမိန့်ပေး
Wednesday, 01 June 2011 16:59 သျှမ်းသံတော်ဆင့်

E-mail Printနေပြည်တော်ဝန်ထမ်းများအသုံးပြုရေးအတွက်ဟု ဆိုကာ သျှမ်းပြည်မြို့တော် တောင်ကြီးရှိ လိုင်စင်မဲ့ ကားများ ဖမ်းရန် နေပြည်တော်မှ  ညွှန်ကြားထား ကြောင်း စုံစမ်းသိရှိရပါသည်။

“တောင်ကြီးက ဝှစ်သောက်ကား  အစီးပေါင်း ၁၅၀ဝ  ဖမ်းပေးရမယ်လို့ အစိုးရသစ် အာဏာပိုင်တွေက အမိန့် ချလာတယ်တဲ့။ နေပြည်တော်ဝန်ထမ်းတွေ သုံးဖို့ဆိုဘဲ” - ဟု အာဏာပိုင်များနှင့် နီးစပ်သည့် တောင်ကြီးမြို့ခံ တဦးကပြောပါသည်။

)မေလဆန်းပိုင်းမှစ၍ လိုင်စင်မဲ့ကားများစဖမ်းလာသဖြင့် တောင်ကြီးမြို့တွင် အခွန်မဆောင် ဝှစ်သောက် ကားများ သွားလာခြင်းမရှိတော့သလောက်ဖြစ်နေကြောင်း၊ ယာဉ်ထိန်းရဲ ပလိပ်များ၊ ဌာန ဆိုင်ရာများက လည်း မိမိတို့ရင်းနှီးသည့် ပုဂ္ဂိုလ်များအား လျှို့ဝှက်သတင်းပို့ထားသောကြောင့်  ထိရောက်စွာဖမ်းဆီးနိုင်ခြင်း မရှိ ကြောင်း တောင်ကြီးမြို့ခံတဦးက ဤကဲ့သို့ပြောပြပါသည်။

“ဖမ်းမယ်လို့ သတင်းကြားတာနဲ့ ဘယ်သူမှ ဝှစ်သောက်ကား ထုတ်မသုံးတော့ဘူး။ တကယ်တော့ အဲ့လိုင် စင်မဲ့ကားတွေ -  ဈေးပေါပေါနဲ့ဝယ် ထားတဲ့ ပုံစံတူ လိုင်စင်ရှိကားနဲ့ ပုံတူရိုက်လဲယူဖို့ဘဲ။ ရှောင်တိမ်း လို့ မရရင်တော့ ဘုန်းကြီးကျောင်းကို လှူလိုက်တာတွေလုပ်တယ်။ အစိုးရကိုတော့ ဘယ်သူမှ အလကား မပေး ချင်ဘူး”လူထုကလည်း မိမိနှင့်သက်ဆိုင်သည့် အဆက်အသွယ်များအား လိုင်စင်မဲ့ကားထုတ် မသုံးရန်အဆင့်ဆင့် အကြောင်းကြားခဲ့ကြသဖြင့် မေလမှစ၍ နေပြည်တော်၏ လိုင်စင်မဲ့ကားဖမ်းဆီးရေးစီမံချက်မှာ ယခုဂျွန်လ ဆန်းပိုင်းအထိ ၁၀ ဂဏန်းသာ ဖမ်းဆည်းရမိသေးသည်ဟုဆို၏။

၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်း နအဖ စစ် အုပ်စုက ဝစ်သောက်ကားများ ၃ ကြိမ်ထက်မနည်း  ဖမ်းဆီးသိမ်း ယူခဲ့ ပုံကို မြန်မာစစ်တပ် အရာရှိများနှင့် ရင်းနှီးသည့် ကျိုင်းတုံသားတဦးက ၂၀ဝ၅ ၊ ၂၀ဝ၇ က ဖြစ်ရပ်မှန် အား ဤကဲ့သို့ပြောဆို၏။“အဲဒီတုန်းက ကျိုင်းတုံတိုင်းမှူးက တာချီလိတ်က ဖမ်းပို့တဲ့  လဲန်ခရူဆာ၊ ဖော့တ်ကားကောင်းတွေကို သူ့ရဲ့ ပါဂျဲရိုးဟောင်း ကြီးနဲ့  လဲယူလိုက်တယ်၊

ကျိုင်းတုံရောက်သွားတဲ့ ပါဂျဲရိုးဟောင်းတွေကျတော့ ဗျူဟာမှူးတွေ ကသူတို့ရဲ့ တိုက်ဂါးပျက်ကြီးတွနဲ့ထပ်လဲယူပြန်တယ်။ တောင်ကြီး၊ သာစည်၊ ပျဉ်းမနား ရောက်တော့ အဲဒီက စစ်တပ် အရာရှိ တွေက သူတို့ရဲ့ ဖွတ်ချပ်ကားတွေနဲ့ ထပ်ဆင့်လဲယူလိုက်တော့  နေပြည်တော်ရောက်တော့ သုံးလို့မရတဲ့ ကားစုတ်တွေပဲရောက်သွားတယ်”ဖမ်းဆည်းရမိ ဝှစ်သောက်ကားများအား နအဖ ထိပ်ပိုင်းအာဏာပိုင်တို့ခွဲယူအသုံးပြုသကဲ့သို့ ကားလေလံပစ်ပွဲ  လည်း မကြာခဏ ပြုလုပ်လေ့ရှိသည်။


ဥရောပ-တရုတ် ဆည်စီမံကိန်းကြောင့် ဒေသခံလူထု ၈ထောင်ကျော် ပြောင်းရွှေ့ရန် အမိန့်ပေးခံရဟု KNGY ထုတ်ပြန်
မေလ ၃၁ရက်။ စောခါးစူးညား (ကေအိုင်စီ)

ရှမ်းပြည်နယ်၊ ပေါင်းလောင်းမြစ်အထက်ပိုင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် ဥရောပ-တရုတ် ပူးပေါင်းတည်ဆောက် မည့် ဆည်စီမံကိန်းကြောင့် ကျေးရွာပေါင်း ၂၃ရွာမှ ဒေသခံလူထု ၈ထောင်ကျော် အိုးအိမ်ပြောင်းရွှေ့ရန် နှင်ထုတ်အမိန့်ပေးခံရ သည်ဟု ကယန်းမျိုးဆက်သစ်လူငယ်(KNGY)က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ထုတ်ဝေသည့် “ပြောင်းစေအမိန့်ဖြင့် နှင်ထုတ်ခံရခြင်း”အမည်ရှိ အဆိုပါ အစီရင်စာတွင် မြန်မာ အာဏာပိုင်တို့က ရှမ်းပြည်နယ်အနောက်တောင်ပိုင်း ပင်လောင်းမြို့နယ်အတွင်းမှ ကယန်း၊ ပအို့ဝ်နှင့် မြန်မာလူမျိုးများ အခြေ ချ နေထိုင်သည့် ထိပ်ပင်ကျေးရွာအုပ်စုရှိ ရွာ ၁၂ရွာနှင့် သပြေကုန်းကျေးရွာအုပ်စုရှိ ရွာ ၁၁ရွာတို့ကို ယခုနှစ် အောက်တိုဘာလ ကုန် နောက်ဆုံးထား၍ အားလုံး ပြောင်းရွှေ့ရမည်ဟု ဖော်ပြထားသည်။

“ကျနော်တို့ကို ခြိမ်းခြောက်မှုတွေနဲ့ အမိန့်ပေးနှင်ထုတ်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ ဘယ်သွားနေရမှန်း မသိသလို၊ ဘယ် လို ဆက်လက်ရှင်သန်ရမယ်ဆိုတာလည်း မသိတော့ပါဘူး။”ဟု ဒေသခံကျေးရွာသားတစ်ဦးက ထိုကြေညာချက်၌ ပြောဆို ထားသည်။
အစီရင်ခံစာ၏ ပြောရေးဆိုခွင့်ရှိသူ KNGY မှ မူမိုးလေးက “လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကျမတို့ဒေသက ကယန်း အပါ အ၀င် လူထုတွေရဲ့ အဖြစ်အပျက်အမှန်တွေကို နိုင်ငံတကာကသော်လည်းကောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီတွေ သော်လည်းကောင်း ဒီကိစ္စကို ရပ်တန့်ဖို့ ရည်ရွယ်ချက်နဲ့ ဒီစာကို ထုတ်တာပါ။

မြန်မာအစိုးရက အခုလုပ်တာက လူထုအကျိုး မပါဘဲ သူတို့ကိုယ်ကျိုးအတွက်သာ ဖြစ်တယ်ဆိုတာ နိုင်ငံတကာက အဖြစ်မှန်ကို သိပြီး ဒီလုပ်ရပ်တွေကို ရပ်တန့်စေဖို့၊ ဖိအား ပေးသွားဖို့ မျှော်လင့်တယ်။”ဟု ကေအိုင်စီကို ပြောသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် အောက်တိုဘာလက အရှေ့ပိုင်းတိုင်းဌာနချုပ်-ရပခ တိုင်းမှူး ဗိုလ်ချုပ်ရန်ပြည့်သည် အဆိုပါ ဒေသရှိ ကျေးရွာများဆီကို လာရောက်၍ ပေါင်းလောင်းမြစ်အထက် ရေလှောင်တမံကြောင့် လူထုများနေထိုင်သည့် နေရာများတွင် ရေလွှမ်းမိုးနိုင်သည့်အတွက် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် အပြီးပြောင်းရွှေ့ရမည်ဖြစ်ပြီး အိမ်ပြန်လည် တည်ဆောက် ရန် တအိမ်ထောင်လျှင် နစ်နာကြေး ၅၀,၀၀၀ကျပ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ထိုမျှငွေနှုန်းဖြင့် ၎င်းတို့အတွက် ဘာမျှထိ ရောက်မှု မရှိကြောင်း ဒေသခံများက ဆိုသည်။


မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်၏ အရှေ့တောင်ဖက် ၅၀ကီလိုမီတာအကွာ၌ တည်ရှိသည့် အဆိုပါ ဆည်စီမံကိန်း တည်ဆောက်ရေးတွင် ဆွစ်ဇာလန်နိုင်ငံမှ Af Colenco ကုမ္ပဏီ၊ လန်ဒန်အခြေစိုက် Malcom Dustan Associates (မဲလ်ကွမ် နှင့် လုပ်ဖော်ကိုင်ဖက်များ)နှင့် တရုတ်နိုင်ငံမှ ယူနန်အကြီးစား စက်ပစ္စည်းများ ပြည်ပတင်ပို့ရေး ကုမ္ပဏီ (Yunnan Machinery and Export Company)တို့က ပါဝင်လျှက်ရှိပြီး နေပြည်တော်သို့ ထောက်ပံ့ပေးရန် ရည်ရွယ်ထားသည်ဟု ကြေညာချက်အရ သိရသည်။

ထိုဒေသတွင် ဆည်လုံခြုံရေးအတွက် ၂၀၀၄ခုနှစ်မှစ၍ ရောက်ရှိနေခဲ့သည့် စစ်တပ်၏ တပ်ရင်းများက ဒေသခံများအား အဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ ဒေသခံလူထုများ၏ လှုပ်ရှားသွားလာမှုများကို ချုပ်ချယ်ကန့်သတ်လာခြင်းနှင့် ဆည်တည်ဆောက် ရေးလုပ်ငန်းတွင် လုပ်ကိုင်နေကြသည့် လုပ်သားများအား တစ်လလျှင် အမေရိကန်ဒေါ်လာ ၃၀မျှသာပေး၍ ခိုင်းစေနေသည်ဟု ဆိုသည်။

ထို့အပြင် ဆည်တည်ဆောက်ရေးစီမံကိန်းကြောင့် ဒေသခံများ၏ အဓိကကျသော မြေနိမ့်ပိုင်း စပါးစိုက်မြေဧက ၂,၀၀၀ကျော် နှင့် ကုန်းမြင့်ပိုင်းရှိသည်ထက် ပိုများသော ဥယျာဉ်မြေဧကပေါင်းများစွာ ရေလွှမ်းမိုးနိုင်ကြောင်း၊ ကျေးရွာသားများအတွက် ပတ်ဝန်းကျင်ရှိ တောင်ကုန်းများပေါ်တွင် မြေသစ်ယာသစ် တည်ဆောက်ခြင်းအားဖြင့် အသက်ဆက်ရေးအတွက် ကြိုးပမ်းရ တော့မည်ဖြစ်ကြောင်းနှင့် နေရာသစ်၌ ပြန်လည်အခြေချနေထိုင်မှုကြောင့် သစ်တောပြုန်းတီးမှု များလာနိုင်ကြောင်း KNGY ထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။

၂၀၀၄ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် အထက်ပေါင်းလောင်းဆည်သည် ၂၀၀၉ခုနှစ်တွင် အပြီးသတ်ရန် သတ်မှတ်ထား သော်လည်း လက်ရှိအချိန်အထိ ၆၀ရာခိုင်နှုန်းသာ ပြီးစီးသေးသည့်အတွက် လာမည့် ၂၀၁၂ခုနှစ်မှသာ အပြီးသတ်နိုင်လိမ့်မည် ဟု မျှော်လင့်ကြောင်း KNGY က ပြောသည်။

ကယန်းမျိုးဆက်သစ်လူငယ်(KNYG)ကို ၂၀၀၂ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြေညာချက်ထုတ်ပြန်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်။


လာဒစ်ရှ်ကို သောကြာနေ့ The Hague မှာ ရုံးထုတ်မည်
By ဗွီအိုအေ (မြန်မာဌာန)  ဗုဒ္ဓဟူး, 01 ဇွန် 2011


စစ်အတွင်း ပြစ်မှုကျူးလွန်သူလို့ သံသယရှိနေတဲ့ ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ဟာ လူမျိုးတုံး သတ်ဖြတ်မှုနဲ့ အရေးယူထားတဲ့ အမှုကို တရားခွင်မှာ ရင်ဆိုင်ဖို့ နယ်သာလန်နိုင်ငံ The Hague မြို့က အကျဉ်းထောင်ရဲ့ အကျဉ်းခန်းထဲမှာ သူ့ရဲ့ ပထမညအဖြစ် စောင့်ဆိုင်း ဖြတ်သန်းခဲ့ရပါပြီ။

အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ မလာဒစ်ရှ်ကို မနေ့က အကျဉ်းထောင်ဆီ မော်တော်ယာဉ်တန်းနဲ့ ခေါ်သွားတဲ့လမ်းမှာ ရဟတ်ယာဉ်တွေကလည်း ကောင်းကင်ကနေ လိုက်ပါ စောင့်ကြပ်ခဲ့တာပါ။

၁၆ နှစ်ကြာ ၀ရမ်းပြေးအနေနဲ့ ထွက်ပြေးနေခဲ့တဲ့ မလာဒစ်ရှ်ကို ပြီးခဲ့တဲ့အပတ်က ဆားဘီးယားမှာ ဖမ်းဆီးမိခဲ့တာပါ။ အခုတော့ သူဟာ သူနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက် တဦးဖြစ်ပြီး စစ်အတွင်း ပြစ်မှုကျူးလွန်မှုနဲ့ တရားရင်ဆိုင်နေရသူ ရာဒိုဗန် ကာရားဒစ်ခ်ျ (Radovan Karadzic) နဲ့အတူ အကျဉ်းထောင် တခုထဲမှာ ရောက်နေပါတယ်။

ဇွန်လ 1 ရက်နေ့ နောက်ဆုံးရ သတင်းများ ပါ ဖတ်ရှုနိုင်လျှင် ပိုမိုပြည့်စုံမည်ဟု ထင်မိပါသည် ။ ဒီလင့်လေးကို နှိပ်ကာ ၀င်ရောက် ဖတ်ရှုနိုင်ပါပြီ ခင်ဗျာ....။ အားလုံး မင်္ဂလာ အပေါင်းနှင့် ပြည့်ဝကြပါစေ ။

http://www.facebook.com/note.php?note_id=2239<><>

No comments:

Post a Comment