သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, August 16, 2011

လောကရဲ့ အမှန်ဆုံး ဓမ္မတရား

လောကရဲ့ အမှန်ဆုံး ဓမ္မတရား

Wednesday, May 18, 2011

လူထုစိန်ဝင်း
(၂၀၁၁ ခုနှစ် မတ် ၁၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာ လူထုစိန်ဝင်းရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာက လွတ်လပ်ရေး ရပြီးထဲက ဘယ်အစိုးရ လက်ထက်မှာမှ တရားဥပဒေကို လိုက်နာတဲ့ အစိုးရ မရှိသေးဘူးလို့ ဆိုသွားသလို ကွန်မြူနစ်ဝါဒဟာ အာဏာရှင် စနစ် မဟုတ်ဘူးလို့ ဆိုသွားတာကို သုံးသပ်နိုင်ဖို့ မျှဝေ ပေးလိုက်ပါတယ်။)
လူတိုင်းလူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပြီး ငြိမ်းချမ်း သာယာတဲ့ တိုင်းပြည် နိုင်ငံတစ်ခု ဖြစ်ဖို့ ဘာအရေးကြီးဆုံးလဲ ဆိုတဲ့ မေးခွန်းကို အခုတလော အမေးများကြတယ်။ အဖြေတွေလည်း အမျိုးမျိုး ပေးကြတယ်။ အားလုံး သဘော အကြိုက်ညီဆုံး အဖြေကတော့ အစိုးရကောင်း တစ်ခုရှိဖို့ပဲ ဆိုတာ ဖြစ်တယ်။
ကိုယ့်အတွက် အကောင်းဆုံး ဖြစ်ဖို့ပဲ အစိုးရကောင်း ဆိုတာနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ရှိနိုင်တယ်။ အမေရိကန်ရဲ့ အစိုးရကောင်း ဆိုတဲ့ စံနှုန်းနဲ့ တရုတ်ပြည်ရဲ့ အစိုးရကောင်း ဆိုတဲ့ စံနှုန်း တူချင်မှ တူလိမ့်မယ်။ အလားတူပဲ အိန္ဒိယရဲ့ စံနှုန်းနဲ့ ပါကစ္စတန်ရဲ့ စံနှုန်းလည်း တူချင်မှတူမယ်။ တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသလို အမျိုးမျိုး ကွဲပြားခြားနား နေကြမှာပဲ။
ဒီလို ကွဲပြား ခြားနား တာတွေကို ကြည့်ပြီး စိတ်ပျက်စရာ မလိုသလို အငြင်းပွား နေစရာလည်း မလိုဘူး။ ကိုယ့်အခြေအနေနဲ့ ကိုယ့်လိုအပ်ချက် အရ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်တဲ့ အစိုးရမျိုး ဖြစ်ဖို့ပဲ အရေးကြီးတယ်။ မြန်မာလူမျိုး တစ်ယောက် အဖြစ် နှစ်ပေါင်း ၇၀ တိတိ နေထိုင်လာခဲ့တဲ့ အတွေ့အကြုံအရ ပြောရမယ် ဆိုရင်တော့ တရား ဥပဒေကို တိတိကျကျ လေးစား လိုက်နာတဲ့ အစိုးရမျိုးဟာ အကောင်းဆုံးပဲလို့ ပြောရပါလိမ့်မယ်။
မကြုံဖူးလို့
ဘာကြောင့်လဲ ဆိုတော့ အဲဒီအစိုးရမျိုး တစ်ကြိမ်တစ်ခါမှ မကြုံဖူးခဲ့လို့ပဲ။ လွတ်လပ်ရေး ရတဲ့ အချိန်မှာ အသက် ရှစ်နှစ်သားပဲ ရှိသေးတယ် ဆိုတော့ ကိုလိုနီခေတ် အကြောင်းတွေ ဘာတွေ သိပ်မသိပါဘူး။ လူကြီးသူမတွေ ပြောတာ လောက်ပဲ ကြားဖူးခဲ့ရတယ်။
ဖဆပလခေတ် ပါလီမန်ဒီမို ကရေစီကိုတော့ ကောင်းကောင်း သိမီလိုက်တယ်။ အာဏာရ ပါတီက ဥပဒေကို လိုတစ်မျိုး၊ မလိုတစ်မျိုး ကြိုက်သလို အသုံးချပြီး ထင်သလို လုပ်နေတာတွေလည်း မျက်ဝါး ထင်ထင် တွေ့မြင်ခဲ့ရတယ်။ နာမည်ကြီး ဓားပြဗိုလ်က အာဏာရပါတီရဲ့ အမတ် ဖြစ်လာပြီး ရမ်းကားချင်တိုင်း ရမ်းကား တာတွေလည်း ကြုံတွေ့ခဲ့ရ ဖူးတယ်။
လိုလေသေးမရှိ
အဲဒီ နောက်ခေတ်တွေမှာလည်း တရားဥပဒေ စိုးမိုးရေး ချည့်နဲ့ အားနည်းခဲ့တာပဲ တွေ့ရကြုံရတယ်။ အုပ်ချုပ်သူ လူတန်းစားက သူ့အုပ်ချုပ်ရေး တည်မြဲဖို့ အတွက် တရားဥပဒေကို လိုသလို အသုံးချ သွားကြတယ်။ ဘယ်လို အစိုးရမျိုး မဆို ရှိနေတဲ့ တရား ဥပဒေတွေကို လေးစား လိုက်နာပြီး ဥပဒေအတိုင်း အုပ်ချုပ်သွားမယ် ဆိုရင် ဘာမှကို ပြောစရာ မရှိအောင် ကောင်းတဲ့ အစိုးရမျိုး ဖြစ်မှာ သေချာတယ်။ မြန်မာနိုင်ငံမှာ ရှိနေတဲ့ တရားဥပဒေတွေဟာ အဘက်ဘက်က လိုလေသေး မရှိအောင် ပြည့်စုံတယ်လို့ ပြောနိုင်လောက် ပါတယ်။ အခုခေတ် ပြောဆိုနေကြတဲ့ လူ့အခွင့်အရေးတို့ စာနယ်ဇင်း လွတ်လပ်ခွင့်တို့ ဆိုတာတွေ အတွက်လည်း အပြည့်အ၀ အာမခံချက် ပေးထားတဲ့ ဥပဒေ ပြဋ္ဌာန်းချက်တွေ ရှိပြီးသားပါ။ နိုင်ငံသားတိုင်းရဲ့ အခြေခံ ရပိုင်ခွင့်တွေကို ပြဋ္ဌာန်း သတ်မှတ် ပေးထားတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ ဘက်ပေါင်းစုံ လိုလေသေး မရှိလို့တောင် ဆိုနိုင်တယ်။
အုပ်စိုးသူများ အကျုံးမ၀င်
ဥပဒေတွေက ပြည့်စုံတယ်။ ရှိနေတဲ့ ဥပဒေတွေကို လူတွေက လေးစား လိုက်နာခြင်း မပြုလို့သာ ပြဿနာတွေ ဖြစ်နေရတာပါ။ ခေတ်အဆက်ဆက် အတွေ့အကြုံ အရ ပြောရမယ်ဆိုရင် ခေတ်တိုင်း ခေတ်တိုင်းမှာ ဥပဒေဆိုတာ နိုင်ငံသူ နိုင်ငံသားများ လိုက်နာဖို့ အတွက်သာ ဖြစ်ပြီး အုပ်စိုးသူ လူတန်းစားနဲ့ အကျုံးမ၀င်သလို သဘော ထားကြတာပဲ တွေ့ရတယ်။ ဥပဒေကိုသာ အတိအကျ အမှန်အကန် လိုက်နာကြမယ် ဆိုရင် အကျင့်ပျက် ခြစားမှုတွေ၊ အာဏာ အလွဲသုံးစား ပြုမှုတွေ များများစားစား ရှိမလာနိုင်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာ အကျင့်ပျက် ခြစားမှုတွေ များရတဲ့ အကြောင်းရင်းက တရားဥပဒေကို အုပ်စိုးသူ လူတန်းစားက လိုသလို ခြယ်လှယ် အသုံးချနေလို့ ဖြစ်ရတာပါ။
မီဒီယာဆိုတာ အစိုးရမိတ်ဆွေ
အကျင့်ပျက် ခြစားမှုနဲ့ အာဏာ အလွဲသုံးစား ပြုမှုတွေ ပပျောက်ဖို့၊ ဥပဒေ စိုးမိုးရေး ခိုင်မာဖို့ အတွက် အကောင်းဆုံး အာမခံချက် ကတော့ သတင်း မီဒီယာတွေ လွတ်လပ်ခွင့် ရှိအောင် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်။ သတင်းမီဒီယာ ဆိုတာ အစိုးရ အတွက် အထူး အားထားရတဲ့ မိတ်ဆွေ ဖြစ်တယ်။ ပြည်သူတွေ ကြားမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန် တွေကို နေ့စဉ် ဖော်ပြ နေတာကြောင့် အစိုးရများ အတွက် အများကြီး အထောက်အကူ ရစေတယ်။ ရှေးခေတ် ရှေးအခါက မင်းကောင်း မင်းမြတ်များဟာ တိုင်းပြည်ရဲ့ အခြေအနေ မှန်များကို သိဖို့အတွက် ရုပ်ဖျက်ပြီး စနည်းနာ ထွက်ကြလေ့ ရှိကြတယ်။ ၀န်ကြီး ၀န်ကလေးတွေရဲ့ လျှောက်တင်မှုတွေ နဲ့တင် ရောင့်ရဲနေလေ့ မရှိကြဘူး။ မှူးကြီး မတ်ကြီးတွေ၊ ၀န်ကြီး ၀န်ကလေးတွေ ဆိုတာက ဘုရင် အကြိုက်ကိုသာ လိုက်ပြီး သံတော်ဦး တင်လေ့ ရှိကြတာ မဟုတ်လား။
သနပ်ခါးလိမ်းပန်းပန်
အခုခေတ်တော့ သတင်း မီဒီယာတွေက တိုင်းသူ ပြည်သားများရဲ့ အခြေအနေမှန်၊ အဖြစ်အပျက် မှန်တွေကို အမြဲတမ်း ရှာဖွေစူးစမ်း ဖော်ပြနေတာ ဖြစ်လေတော့ အစိုးရများ အနေနဲ့ ရုပ်ဖျက် စနည်းနာဖို့ မလိုတော့ပါဘူး။ အမှန်တွေကို သိနိုင်ပါတယ်။ သတင်း မီဒီယာတွေမှာ ဖော်ပြတဲ့ သတင်းတွေက ဌာနဆိုင်ရာက အစီရင်ခံစာ တွေထက် စိတ်ချရပါတယ်။ ဌာနဆိုင်ရာ အစီရင်ခံစာ ဆိုတာက သနပ်ခါးလိမ်း ပန်းပန်ပြီးမှ တင်ပြကြတာ သဘာဝ ဖြစ်တယ်။ သတင်း မီဒီယာကတော့ သနပ်ခါး လိမ်းထားတဲ့ သတင်း ဖော်ပြလို့လည်း မျက်နှာကောင်း ရစရာ အကြောင်း မရှိတော့ စိတ်မချစရာ မရှိဘူး။
မီဒီယာကိုကူညီသင့်
အဲဒါကြောင့် သတင်းမီဒီယာ ဆိုတာ အစိုးရများ အတွက် မိတ်ကောင်း ဆွေကောင်းလို့ ဆိုခဲ့တာ ဖြစ်တယ်။ ဒီ အချက်ကို အစိုးရများ သဘောပေါက် နားလည်ပြီး သတင်း မီဒီယာများ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုး တိုးတက် လာအောင် ကူညီသင့်ပါတယ်။ သတင်း မီဒီယာကို ကူညီခြင်းဟာ အစိုးရကောင်း တစ်ခုရဲ့သင်္ကေတ ဖြစ်တယ်။ အစိုးရကောင်းရှိမှ သတင်း မီဒီယာကောင်း ရှိနိုင်သလို၊ သတင်း မီဒီယာကောင်း ရှိမှလည်း အစိုးရကောင်း ရှိနိုင်တယ်။ သတင်း မီဒီယာကောင်းက သန့်ရှင်းတဲ့ အုပ်ချုပ်ရေး ယန္တရား ဖြစ်အောင်လည်း ကူညီ ဆောင်ရွက် သေးနိုင်တယ်။
အမှန်ဆုံးဓမ္မတရား
တိုင်းပြည် တစ်ပြည်ကို ဘယ်စနစ်နဲ့ အုပ်ချုပ် အုပ်ချုပ် တရားဥပဒေ စိုးမိုးမှု မရှိရင် ဘယ်နည်းနဲ့မျှ မအောင်မြင်နိုင်ပါဘူး။ လွတ်လပ်ရေး ရပြီး နှစ်ပေါင်း ခြောက်ဆယ်ကျော် ကြာခဲ့ပြီ ဖြစ်တာတောင် ငြိမ်းချမ်းမှု မရှိဘဲ ဆင်းရဲမှု ချောက်ကမ်းပါးကြီး ထဲက မတက်နိုင်အောင် ဖြစ်နေရတာဟာ အမှန်စင်စစ်တော့ တရားဥပဒေကို မျက်ကွယ် ပြုခဲ့ကြလို့ပါ။ ကမ္ဘာပေါ်က ဆိုရှယ်လစ် နိုင်ငံတွေနဲ့ ကွန်မြူနစ် နိုင်ငံတွေ ပြိုလဲသွားခဲ့ ကြရတာလည်း မတ်ဝါဒက မကောင်းလို့ မဟုတ်ဘဲ အာဏာရှင် စနစ် ကျင့်သုံးပြီး တရားဥပဒေကို မျက်ကွယ် ပြုခဲ့ကြလို့ပဲ ဖြစ်တယ်။ တကယ်တော့ အာဏာရှင် စနစ်ဟာ မတ်ဝါဒ မဟုတ်သလို မတ်ဝါဒ ဟာလည်း အာဏာရှင် စနစ် မဟုတ်ပါဘူး။ တရား ဥပဒေကို နင်းချေပစ်ပြီး ငါတကော ကောတဲ့ အာဏာရှင်တွေကြောင့် မတ်ဝါဒ နာမည်ပျက် ရတာ ဖြစ်တယ်။ တရားဥပဒေကို နင်းချေပစ်ရင် ဘယ်လို အစိုးရမျိုးမဆို ကျဆုံးရမှာပဲ ဖြစ်တယ်။ ဒါဟာ လောကရဲ့ အမှန်ကန်ဆုံး ဓမ္မတရား ဖြစ်တယ်။
လူထုစိန်ဝင်း

No comments:

Post a Comment