သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, November 12, 2011

ဘရူးတပ်စ်ရဲ့ စီးရီးများ(အောင်မိုးဝင်း)

ဘရူးတပ်စ်ရဲ့ စီးရီးများ(အောင်မိုးဝင်း)

by Maung Maung Wann on Thursday, November 10, 2011 at 1:39pm

ဘရူးတပ်စ် ရဲ့ စီးရီးများဆိုတာ အမေရိကန်ဖက်ဒရယ်စံနစ်တည်ထောင်မှုကို ဆန့်ကျင်တဲ့ Anti Federalist ခေါင်းဆောင် “ရောဘတ်ယိတ်” ရဲ့ စာတမ်းတွေကို ညွှန်းဆိုခြင်းဖြစ်တယ်။ နယူးယောက်ပြည်နယ်ရဲ့ ရှေ့နေချုပ်ဖြစ်ခဲ့သူ “ရောဘတ်ယိတ်” က ၁၈၇၈ ဖီလာဒဲဖီးယားညီလာခံမှာ သူ့ရဲ့စိုးရိမ်မှုတွေကို တင်ပြဆွေးနွေးခဲ့တယ်။ နှစ်ပေါင်း (၂၀၀) ကျော်လာတဲ့အခါ၊                       “ဘရူးတပ်စ်ရဲ့စီးရီး” မှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေ ဘယ်လောက်မှန်ခဲ့သလဲ။ စဉ်းစားလေ့လာကြည့်ကြမယ်။
လက်ဦးမှုယူ အနိုင်ရခဲ့သူများ
အနာခစ်ဝါဒီ ပါမောက္ခတဦးက ကျနော့ကို မေးခွန်းတခုမေးဘူးတယ်။ “ ခုလိုချိန်မှာ ကားမာက်စ် သာ လူပြန်ဖြစ်ခဲ့ရင်၊ အခုလို အရင်းရှင် ကမ္ဘာရဲ့ စီးပွားရေးပျက်ကပ်မှာ ဖြစ်ပျက်နေတဲ့ ဝရုန်းသုန်းကားတွေကို ဘယ်လိုသုံးသပ်မယ်ထင်သလဲ” တဲ့။                ကျနော်က မဆိုင်းမတွ ပဲ ပြန်ဖြေလိုက်မိတယ်။                                                                                                                  “ ခုခေတ်မှာ ကားမာ့က်စ်သာ လူပြန်ဖြစ်ခဲ့မယ် ဆိုရင်၊ သူဘယ်လိုတွေးမလဲ ဆိုတာတော့ မသိဘူး။ သေချာတာတခုကတော့       (၂၀) ရာစုမှာ သူမျှော်မှန်းခဲ့တဲ့ အစိုးရတရပ်ဆိုတာ တခါမှ မဖြစ်ခဲ့သလို၊ (၂၁) ရာစု စက်မှုလွန်နိုင်ငံတွေမှာ သူ မတွေးခဲ့တဲ့၊ ဟောကိန်းမထုတ်ခဲ့တဲ့ အချက်တွေက အများကြီးပါ” လို့ ပြန်ဖြေလိုက်တယ်။ အဲ့ဒီအချက်တွေကို သမိုင်းရေးဆိုင်ရာအမြင်၊ ဘောဂဗေဒဆိုင်ရာအမြင်၊ နိုင်ငံရေးအတွေးအခေါ်ဆိုင်ရာ အမြင် -- စတဲ့ ရှုထောင့်တွေကနေ ဆွေးနွေးပါမယ်။ လောလောဆည်တော့ ဝေါစထရိ လှုပ်ရှားမှုနဲ့ဆိုင်တဲ့အချက်အလက်တခုကို စတင်ဆွေးနွေးပါရစေ။
ဝေါစထရိလှုပ်ရှားမှုမှာ အဓိကကြွေးကြော်သံတခုဖြစ်တဲ့ လူတန်းစားကွာဟမှု သိတ်ကြီးလာတာတွေ၊ ကော်ပိုရေးရှင်းကြီးတွေရဲ့ အခန်းကဏ္ဍတွေ ကြီးထွားလွန်းလာတယ် --ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ အခုလိုဖြစ်ပျက်နေတဲ့  လူတန်းစားပဋိပက္ခကို အရင်းရှင်တွေက ကြိုတင်တွေးဆခဲ့ပုံရပါတယ်။ ၁၇၈၇ မှာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို  ရေးဆွဲဖို့ကြိုးစားတယ်။  ကားမာ့က်စ် ရဲ့ ကွန်မြူနစ်ကြေငြာစာတမ်းက ၁၈၄၈ မှာ ထွက်လာတယ်။ အမေရိကန်ပြည်ထောင်စု ကို ဖွဲ့စည်းတည်ထောင်လိုက်မှုဟာ ကွန်မြူနစ်ကြေငြာစာတမ်းထက် နှစ်ပေါင်း(၆၀) လောက်စောပါတယ်။ တချို့က အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာ လူတန်းစားပြဿနာတွေကို လက်ဦးမှုယူ ချုပ်ကိုင်အနိုင်ယူတဲ့ ဥပဒေတွေဖြစ်တယ် လို့ ယူဆကြတယ်။ ကားလ်မာ့က်စ် မတင်ပြမီကတည်းက လူတန်းစားပြဿနာကို သဘောပေါက်တဲ့ အရင်းရှင်တွေဟာ ပါဝါအပျော့နဲ့ပါဝါအမာတွေကို ပေါင်းစပ်ပြီး လူ့အဖွဲ့အစည်းကို ပြောင်းရွေ့ပုံဖေါ်ဖို့ကြိုးစားခဲ့ကြတယ်။ လက်ဦးမှုယူခဲ့ကြတယ်။ အမေရိကန်ပြည်ထောင်စု ကို ဖွဲ့စည်းတည်ဆောက်ဖို့ တွန်းအားပေးစေတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို လေ့လာကြည့်ရအောင်။  
ဒန်နီရယ် ရှေး နဲ့ လယ်သမားပုန်ကန်မှု (၁၇၈၆- ၁၇၈၇)
“အမေရိကန်ပြည်ထောင်စု ကို ဘာကြောင့် စတင်ဖွဲ့စည်းခဲ့သလဲ” ဆိုတဲ့မေးခွန်းကို မေးရင် ဖက်ဒရယ်စံနစ်ရဲ့အားကောင်းမှုတွေ၊ ပါဝါခွဲဝေမှုဆိုင်ရာအခွင့်အရေး( Separation of power) ၊ တခုကိုတခု လေ့လာစောင့်ကြည့်ခြင်း၊ထိန်းသိမ်းခြင်း( Check and Balance) လို့ခေါ်တဲ့အရာတွေကို သမရိုးကျလေ့လာသင်ကြားကြတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု တည်ထောင်ရတဲ့ အကြောင်းရင်းကို သမိုင်းရေးအမြင်ကနေလေ့လာတဲ့အခါကျတော့ ဖြောင့်ဖြောင့်ချည်းကွာခြားနေတယ်။ ၁၇၈၇ မှာဖြစ်ပွားခဲ့တဲ့ လယ်သမားပုန်ကန်မှု က သက်သေခံနေတယ်။
ဒန်နီရယ်ရှေး ဆိုတာ မာဆာချုးဆက်ပြည်နယ်မှ လယ်သမားတယောက်ဖြစ်တယ်။ အမေရိကန်တော်လှန်ရေးဆင်နွဲတဲ့အခါ စစ်မှုထမ်းခဲ့ပြီး၊ ဘန်ကာတောင်ကုန်းတိုက်ပွဲ ( လက်ဇင်တန်)၊နဲ့ ဆာရာတိုဂါ တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပြီး စစ်မြေပြင်မှာ ကြိမ်ဖန်များစွာ ဒဏ်ရာရခဲ့တယ်။ ၁၇၈၀ မှာ လခတပြားမှ မပေးတဲ့ စစ်တပ်ကနေ အနားယူခဲ့တယ်။ သူ့ရဲ့ အိမ်ကိုရောက်တဲ့အခါမှာတော့ သူ့ကို စောင့်ကြိုနေတဲ့အရာက တရားရုံးက ဆင့်ခေါ်စာ၊ မပေးဆပ်နိုင်သေးတဲ့အကြွေးတွေအတွက် တရားရုံးက ဆင့်ခေါ်တာဖြစ်တယ်။ တကယ်တော့ ဥရောပစစ်ပွဲတွေမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ကုန်သည်ကြီးတွေဟာ ပေးချေငွေကို ရွှေ ( ဒါမှမဟုတ်) ငွေနဲ့ပေးဖို့တောင်းဆိုတယ်။ ပြည်နယ်တိုင်းမှာ စစ်အတွက်ပေးဆပ်ရမဲ့ ရွှေ ငွေက အလုံအလောက်မရှိဘူး။ ဒါကြောင့် ပြည်နယ်ခွန်၊ မြို့ခွန်၊ ဒေသခွန် -- စတဲ့ --အခွန်အကောက်ပေါင်းများစွာကို ပြည်သူတွေဆီကနေ အတင်းအဓမ္မကောက်ခံခဲ့တယ်။ တော်လှန်ရေးအတွက် စစ်မှုထမ်းခဲ့တဲ့ လယ်သမားတွေဟာ ဝင်ငွေမရှိကြဘူး။ ဒါပေမဲ့ အခွန်အကောက်တွေက စောင့်ကြိုနေတယ်။ အကြွေးမပေးနိုင်တဲ့ လယ်သမားတွေဟာ ဖမ်းဆီးထောင်ချခံရတယ်။ ဒီလိုဖြစ်ရပ်တွေဟာ သူတယောက်တည်းကြုံတွေ့နေရတဲ့  အရာမဟုတ်ဘူး ဆိုတာကို သဘောပေါက်သွားတဲ့ ဒန်နီရယ်ရှေးဟာ သူလိုဘဝတူ လယ်သမားတွေကို စည်းရုံးတယ်။ ပထမအဆင့်အနေနဲ့ တရားရုံးရှေ့မှာသွားပြီး “ အကြွေးတွေကိုလျော့ချပေးဖို့” အတွက် ဆန္ဒပြတောင်းဆိုကြတယ်။ အာဏာပိုင်တွေက တားဆီးဖြိုခွဲ ဖမ်းဆီးဖို့ကြိုးစားလိုက်တဲ့အခါမှာတော့ လယ်သမားတွေဟာ လက်နက်ကိုင်ပုန်ကန်မှုကို စတင်လိုက်ကြတယ်။
လယ်သမားပုန်ကန်မှုဟာ ၁၇၈၆ သြဂတ်စ်လမှ ၁၇၈၇ ဖေဖေါ်ဝါရီလအထိကြာမြင့်ပါတယ်။ ရာချီနေတဲ့ လယ်သမားလက်နက်ကိုင်  တပ်တွေဟာ မာဆာချူးဆက်ပြည်နယ်မှစတင်လိုက်ပြီး တမြို့ပြီးတမြို့တက်သိမ်းဖို့ကြံစည်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ပုန်ကန်မှုဟာ မဟာဗျူဟာမြောက်တဲ့ လှုပ်ရှားမှု မဟုတ်ခဲ့သလို၊ အစိုးရစစ်တပ်တွေရဲ့လက်နက်အင်အား၊ လူအင်အားကို ယှဉ်လို့မရခဲ့ဘူး။ ချုပ်ပြီးပြောရရင် လယ်သမားပုန်ကန်မှုကို ဦးဆောင်ခဲ့သူနှစ်ဦးဖြစ်တဲ့ ဂျွန်ဘလီ နဲ့ ချာလီရို့စ် နှစ်ဦးဟာ ကြိုးပေးအသတ်ခံခဲ့ရတယ်။ ဒန်နီရယ်ရှေးကို သေဒဏ်ချမှတ်ခဲ့ပေမဲ့ ၁၇၈၈ မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တယ်။ “ဒန်နီရယ်ရှေး” တယောက် သူမသေခင်  အချိန်အထိ ဆင်းရဲပင်ပမ်းကြီးစွာ ဘဝကိုရုန်းကန်ရတော့တယ်။

ပုန်ကန်မှု ဂယက်
လယ်သမားပုန်ကန်မှုဖြစ်တော့ သောမတ်ဂျက်ဖာဆင် က ပြင်သစ်မှာရောက်နေတယ်။ သူက လယ်သမားပုန်ကန်မှုအပေါ် သိတ်ပြီးစိုးရိမ်စိတ်မရှိဘူး။ “တော်လှန်ရေးအနည်းအကျဉ်းဖြစ်တာဟာ ကောင်းတယ်။ မျိုးချစ်စိတ်ရှိသူတွေ၊ အာဏာရှင်တွေရဲ့သွေးနဲ့ လွတ်မြောက်မှုသစ်ပင်ဟာ အချိန်နဲ့အမျှ လတ်ဆတ်သစ်လွင်နေရမယ်” လို့  ဆိုခဲ့တယ်။ ဒါပေမဲ့ ကျန်တဲ့ပြည်နယ်က ခေါင်းဆောင်တွေအတွက်တော့ လယ်သမားပုန်ကန်မှု ဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ခြိမ်းခြောက်လာပြီ ဆိုတာ သဘောပေါက်နေကြတယ်။ အဲ့ဒီတုံးက ပြည်နယ် (၁၃) ခုပဲရှိတဲ့  Article of Confederation အစိုးရဟာ ပြည်နယ်တွေဆီကို တစချင်းတောက်လောင်လာတဲ့ လယ်သမားပုန်ကန်မှုကို အစိုးရတွေဟာ တောင့်တင်းခိုင်မာစွာ မတားဆီးနိုင်ခဲ့ဘူး။ ကွန်ဂယက် မှာ ငွေကြေးမရှိဘူး။ တချို့ပြည်နယ်တွေဆိုရင် အစိုးရကိုပေးဆောင်ရမဲ့ ရံပုံငွေက အစ မပေးဆောင်ခဲ့ကြဘူး။  အားနည်းလွန်းတဲ့ ကွန်ဂယက်ကို ပြောင်းလဲချင်သူတွေရှိနေတယ်။ အထူးသဖြင့် ဂျော့ဝါရှင်တန် ရဲ့ စာတွေကိုလေ့လာမယ်ဆိုရင်၊ အထင်အရှားတွေ့ရမယ်။ သူက ရထားလမ်း ဆက်သွယ်ရေးစီးပွားရေးလုပ်ငန်းတွေကို စိတ်ဝင်စားနေသလို၊ စစ်တပ်ကနေ အနားယူတော့မဲ့အချိန်မှာ အနားမယူနိုင်တော့ပဲ အင်အားတောင့်တင့်တဲ့အစိုးရတရပ်ကို ဖွဲ့စည်းဖို့အတွက် ပြင်ဆင်ကြဖို့ တိုက်တွန်းခဲ့တယ်။ သူတို့ရဲ့ပိုင်ဆိုင်မှုနဲ့ဘဝလုံခြုံမှုတွေကို အကာအကွယ်ပေးနိုင်တဲ့အစိုးရတရပ်ကို ဖွဲ့စည်းချင်ခဲ့တယ်။ ဒီလိုနဲ့ ဖီလာဒဲဖီးယား ညီလာခံကို (၁၇၈၇) စက်တင်ဘာလမှာ ကျင်းပဖြစ်ခဲ့တယ်။ ဖီလာဒဲဖီးယား ညီလာခံမှာ တက်ရောက်ကြခဲ့တဲ့ ၊ အမေရိကန်ခေါင်းဆောင်တွေကို နည်းနည်းလောက်လေ့လာကြည့်ရအောင်၊
(၁) ဂျိမ်းမက်ဒီဆင် ------ ဗာဂျီးနီးယားပြည်နယ်မှာ ဆေးရွက်ကြီးစိုက်ပျိုးဧကပေါင်း (၅) ထောင်ကျော် ပိုင်ဆိုင်တဲ့ မြေပိုင်ရှင်ကြီး  တယောက်ဖြစ်တယ်။ သူ့ပြည်နယ်မှာ သူဟာ အကြီးဆုံးမြေရှင်ကြေးရှင်တယောက်ဖြစ်ပြီး၊ နိုင်ငံရေး၊ စီပွားရေး၊ လှုမှုရေး
သိပ္ပံပညာရပ်တွေမှာ စိတ်အားထက်သန်စွာတွေးခေါ်လေ့ရှိတဲ့ ပညာတတ်တဦးဖြစ်တယ်။ ညီလာခံအတွက် စာရွက်စာတမ်းတွေကို သေသေချာချာရေးပြီး ပြင်ဆင်လာခဲ့သူတဦးဖြစ်တယ်။ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ကို ဖန်တီးသူအဖြစ်နာမည်ကြီးခဲ့တယ်။
(၂) အလက်ဇန္ဒား ဟန်မီလ်တန်- နယူးယောက်ဘဏ် ( ယ္ခု The Bank of New York Mellon) ကို စတင်တည်ထောင်ခဲ့  သူတဦးဖြစ်တယ်။
(၃) သောမတ်ဂျက်ဖာဆင်- ဆေးရွက်ကြီးစိုက်ပျိုးဧကပေါင်းများစွာရှိသလို၊ ကျွန်တွေကို ရာချီပိုင်ဆိုင်သူဖြစ်တယ်။ ဘာသာစကား ငါးမျိုးကို ကျွမ်းကျင်စွာပြောတတ်ပြီး၊ နိုင်ငံရေးအတွေးအခေါ်တွေနဲ့ သိပ္ပံပညာတွေကို စိတ်အားထက်သန်စွာ လေ့လာဆည်းပူး သူဖြစ်တယ်။
(၄)ဘင်ဂျာမင် ဖရန်ကလင် - အမေရိကန်နိုင်ငံမှာလွတ်လပ်တဲ့ သတင်းစာကို ပထမဆုံး ထုတ်ဝေခဲ့သူဖြစ်တယ်။ လူမှုဆန်းသစ်ရေးအတွေးအခေါ်တွေ၊ မိုက်ခရိုခရက်တစ် နဲ့ အဝေးသင်ပညာရပ်တွေကို တီထွင်ခဲ့သူဖြစ်တယ်။
ပြောရမယ်ဆိုရင်- ဖီလာဒဲဖီးယား ညီလာခံကို တက်ရောက်တဲ့၊ နိုင်ငံရေးခေါင်းဆောင်တွေအားလုံးဟာ ကျွန်ပိုင်ရှင်၊ မြေပိုင်ရှင်၊ ဘဏ်လုပ်ငန်းပိုင်ရှင်တွေ၊ ရှေ့နေတွေ၊ မီဒီယာလုပ်ငန်းပိုင်ရှင်တွေ၊ ပညာတတ်တွေဖြစ်တယ်။ ညီလာခံကို တံခါးပိတ်ဆွေးနွေးပွဲ လုပ်ကျင်းပခဲ့တာကြောင့်၊ သူတို့ဆွေးနွေးတဲ့အကြောင်းအရာအသေးစိတ်ကို အတိအကျမသိနိုင်ဘူး။ မှန်းဆလို့ရတဲ့အချက်တခု  ကတော့ လယ်သမားပုန်ကန်မှုလိုမျိုး သူတို့ရဲ့ပြည်နယ်တွေမှာ နောက်တကြိမ်အဖြစ်ခံချင်မှာ မဟုတ်ဘူး။ သူတို့ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှု တွေကို လုံခြုံမှုပေးနိုင်မဲ့ စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲပြီး အင်အားတောင့်တင်းတဲ့ စစ်တပ်နဲ့အစိုးရကိုဖွဲ့စည်းကြလိမ့်မယ်။
ဘရူးတပ်စ်ရဲ့ စီးရီးများ
ညီလာခံမှာ ဂျိမ်းမက်ဒီဆင် လိုပဲ စံနစ်တကျပြင်ဆင်လာသူ တဦးကတော့ ရောဘတ် ယိတ် ( Robert Yates) ဖြစ်တယ်။ သူက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မှု့ကို အပြင်းအထန်ဆန့်ကျင်တယ်။ သူ့ရဲ့စာတမ်းတွေကို “ဘရူးတပ်စ်ရဲ့စီးရီးများ” အဖြစ်လူသိများတယ်။ သူ့ရဲ့ ဆွေးနွေးချက်တွေက စိတ်ဝင်စားစရာအပြည့်ပါ။
“ သမိုင်းစဉ်တလျှောက်ကို ကြည့်လိုက်မယ် ဆိုရင် သန့်ရှင်းတဲ့ ဒီမိုကရေစီနိုင်ငံတော်ဆိုတာ တခုမှမရှိဘူး၊ ရောမန်အင်ပါယာ နဲ့ ရှေးဟောင်းဂရိတွေရဲ့ မြို့ပြနိုင်ငံတော်တွေကိုကြည့်လိုက်ပါ။ သူတို့ဟာ ဒီမိုကရေစီနိုင်ငံတော် လို့ ကြွေးကြော်ခဲ့ပေမဲ့ ကျန်တဲ့နိုင်ငံတွေကိုတိုက်ခိုက်သိမ်းပိုက်တယ်။ အာဏာရှင်တွေဖြစ်လာခဲ့ကြတယ်” လို့ ရှင်းလင်းတင်ပြခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို တည်ဆောက်ဖို့ကြိုးစားတာဟာ၊ အင်ပါယာတည်ထောင်ဖို့ကြိုးစားတာဖြစ်တယ်။ Executive Branch နဲ့ သမ္မတရာထူးထားရှိခြင်းကို သံသယရှိသူဖြစ်တယ်။ သမ္မတ အုပ်ချုပ်တဲ့စံနစ်ကို ငြင်းဆန်ရတဲ့ အကြောင်းရင်းကို သူကပွင့်ပွင့်လင်းလင်းပဲ တင်ပြဆွေးနွေးတယ်။ “လူတဦးတယောက်ရဲ့ အဆုံးအဖြတ်အောက်မှာ လေတပ်၊ ရေတပ်၊ ကြည်းတပ် အားလုံးကို  ထားရှိလိုက်ခြင်းဟာ အန္တရာယ်များတယ် ၊ လက်တစုပ်စာလူနည်းစုဆီမှာ ပါဝါတည်ဆောက်မှုဟာ အာဏာရှင်စံနစ်ကို တည်ဆောက်နိုင်ခွင့်ပေးလိုက်တာဖြစ်တယ်။ အခြေခံဥပဒေမှာ၊ ပြင်ဆင်ဖြည့်စွက်ချက်တွေ ဘယ်လောက်ပဲထည့်ထည့်၊ သမ္မတ စံနစ်ဟာ အာဏာရှင်စံနစ်ကိုသာ ဦးတည်နေတယ် လို့ ယုံကြည်ခဲ့သူ ဖြစ်တယ်။
“ရောဘတ်ယိတ်” ရဲ့ အဆိုပြုချက်တွေ၊ ဖက်ဒရယ်စံနစ် ဆန့်ကျင်မှုတွေကို ရောမန်အင်ပါယာအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းတချို့နဲ့ နှိုင်းယှဉ်ပြီး “ဘရူးတပ်စ်ရဲ့စီးရီးများ” လို့ အမည်ပေးခဲ့ကြတယ်။  ရောမန်အင်ပါယာခေတ်ကောင်းစဉ်ကာလကို လေ့လာကြည့်  လိုက်တဲ့အခါ၊  ဂျူးလိယက် ဆီဇာ ဟာ စစ်ပွဲပေါင်းများစွာအနိုင်ရပြီးတဲ့နောက် ရောမရဲ့ ဆီးနိတ်လွှတ်တော်ကို မခန့်လေးစား  လုပ်လာတယ်။ အာဏာရှင်ဆန်ဆန်ပြုမူလာခဲ့တယ်။ သမ္မတနိုင်ငံတော် ဟာ အင်ပါယာအဖြစ်ပုံစံပြောင်းလာခဲ့တယ်။ အင်ပါယာ ကို ဦးဆောင်မဲ့ ဂျူးလိယက်စ် ဆီဇာ ဟာ အာဏာရှင်အဖြစ် ရောက်ရှိလာခဲ့တယ်။ ဒါကြောင့် ဆီးနိတ်အမတ်တချို့ဟာ ဆီဇာ ကို လုပ်ကြံပစ်နိုင်မှသာ သမ္မတနိုင်ငံတော်ကို ဆက်လက်ထိန်းသိမ်းနိုင်လိမ့်လို့ ယုံကြည်ခဲ့ကြတယ်။ ဒါကြောင့်လည်း ဆီးနိတ်တာတချို့ခေါင်းဆောင်ပြီး ဆီဇာကို လွှတ်တော်အဆောက်အဦကြီးအတွင်းမှာ လုပ်ကြံပစ်လိုက်တယ်။ ဂျူးလီယက်ဆီဇာ ကို ဓါးနဲ့ထိုးသတ်ဖြတ်သူတွေအထဲမှာ “ဘရူးတပ်စ်” လည်းပါဝင်နေခဲ့တယ်။ ဒါကြောင့် အာဏာရှင်စံနစ်ကို သတ်ဖို့ကြိုးစားတဲ့ ရောဘတ်ယိတ် ရဲ့ ဆောင်းပါးတွေကို ဘရူးတပ်စ်ရဲ့စီးရီးများအဖြစ်နံမည်ပေးခဲ့ကြခြင်းဖြစ်တယ်။
ဒါ့အပြင်၊ သူက ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတွေရဲ့ အခွန်ကောက်ခံမှုစည်းမျဉ်းစည်းကမ်းတွေကို ထောက်ပြဝေဖန်ခဲ့တယ်။  ဒါပေမဲ့ သူ့အယူအဆ မအောင်မြင်ခဲ့ပါဘူး။ ဖက်ဒရယ်အစိုးရတရပ်ကို ဖွဲ့စည်းချင်တဲ့ ဘက်က အနိုင်ရခဲ့တယ်။ ဒီလိုနဲ့ အမေရိကန်ပြည်ထောင်စု စတင်ပေါ်ပေါက်လာခဲ့တယ်။
 ဒီမိုကရေစီကျတဲ့ ရွေးချယ်မှုလား
ဂျိမ်းမက်ဒီဆင် ရဲ့ ဖက်ဒရယ်စာတမ်း (၁၀) မှာ “ We are not Angle” လို့ ဆိုလိုက်ပြီး                                                    အာဏာ ဟာ လူတယောက်ကို ဘယ်လိုခြစားပျက်စီးစေကြောင်းတင်ပြဆွေးနွေးခဲ့တယ်။ တရားသူကြီးဟာ မိမိအတွက် သော်လည်ကောင်း၊ ပါတီတခုခုအတွက်သော်လည်ကောင်း မဖြစ်စေရဘူး လို့ ဆိုခဲ့တယ်။ ဒါပေမဲ့ အခြေခံဥပဒေရဲ့ အဆိုအရ၊ “တရားသူကြီးကိုရွေးချယ်ခံရသူဟာ အဲ့ဒီရာထူးကို တသက်တာထမ်းဆောင်ခွင့်ရှိတယ်” တဲ့။
(က) လူတယောက်ဟာ တရားစီရင်ရေး အာဏာကို တသက်လုံးရထားရင် အဂတိလိုက်စား ပျက်စီးမဲ့သူတဦးအဖြစ် ရောက်မလာနိုင်ဘူးလား။
(ခ) တသက်တာရာထူးရထားတဲ့ တရားသူကြီးချုပ် ဟာ သမ္မတတယောက်ယောက် နဲ့ နီးစပ်သွားရင်၊ အမေရိကန်စံနစ်တခုလုံးဟာ သွက်ချာပါဒ လိုက်မသွားနိုင်ဘူးလား။
ဖရန်ကလင် ရုဒ်စဘက် ကတော့ “တရားရုံးမှာ မဲခွဲတဲ့အခါ သူရဲ့အဆိုပြုချက်တွေအနိုင်ရအောင်အတွက် သူ့ကိုထောက်ခံနီးစပ်မဲ့ တရားသူကြီးတွေကို များများရွေးချယ်တင်မြောက်ရမယ်” လို့ ပြောင်ပြောင်တင်းတင်းခြိမ်းခြောက်ခဲ့ဘူးတယ်။ အမေရိကန်ပြည်ထောင်စုကိုတည်ထောင်ခဲ့သူတွေရဲ့ ပါဝါခွဲဝေမှု ( separation of power) အယူအဆမှာ မေးခွန်းထုတ်ငြင်းခုန်  စရာတွေပြည့်နှက်နေတယ်။ သေချာတာတခုကတော့ သမ္မတရဲ့ Executive Branch နဲ့ တရားစီရင်ရေး ကို အာဏာပိုင်သောနေရာ    (Judicial Branch) ဟာ ယ္ခင်ကထက်ပိုပြီး နီးကပ်လာခဲ့တယ်။ စောင့်ကြည့် ထိန်းညှိမှု ( Check and Balance ) ဆိုတဲ့အရာက တဖြည်းဖြည်းပျောက်လာတယ်။
ဒါပေမဲ့ အနှစ် (၂၀၀) ကျော်အမြစ်တွယ်လာတဲ့ စံနစ်တခုအောက်မှာ- ခုတော့ လူတချို့က                                               “ ဝေါစထရိ နဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကြောင့် ဆင်းရဲချမ်းသာကွဟမှုတွေများလာတယ်။အလုပ်လက်မဲ့နှုန်းတွေများလာပြီး လူလတ်တန်းစားတွေပျောက်ကွယ်သွားအောင်လုပ်နေတယ် လို့ ကြွေးကြော်ရင်း ဆန္ဒပြပွဲတွေကို ဆင်နွဲလိုက်ကြတယ်။
တကယ်လို့ ခင်ဗျားသာ ဝေါစထရိ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတဦးဆိုရင်
(၁) အောက်ပါမေးခွန်းနှစ်ခုမှာ မည်သည့်အရာက ပိုပြီး ဦးစားပေးပြုပြင်ပြောင်းလဲရမဲ့အရာ လို့ ထင်ပါသလဲ။
(က) ဝေါစထရိ နှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ
(ခ) အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ
(၂) သမ္မတ နဲ့ တရားရေးစီရင်သူတွေ နီးစပ်သွားတဲ့ စံနစ်ဟာ ဒီမိုကရေစီနိုင်ငံတော်စီကို ရှင်သန်လန်းဆန်းစေလိမ့် လို့ ထင်ပါသလား။
(၃) ဝေါစတရိလှုပ်ရှားမှုဟာ မဟာဗျူဟာမြောက် တဲ့လှုပ်ရှားမှု လို့ ထင်ပါသလား၊ ပစ်မှတ်ပျောက်နေတဲ့ လှုပ်ရှားမှု လို့ထင်ပါသလား။
တတိယပိုင်းမှာ ဘောဂဗေဒ ဆိုင်ရာ ရှုထောင့်ကနေ ဆွေးနွေးသွားပါမယ်။
အောင်မိုးဝင်း



No comments:

Post a Comment