သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, August 14, 2011

လူသားတို့၏ ကမ္မဇီဝ သဘာဝနာရီကို ပြောင်းလဲပစ်လိုက်မည့် ဆေးသိပ္ပံလောက၏ မျိုးဆက်ပွားနည်းပညာသစ်

လူသားတို့၏ ကမ္မဇီဝ သဘာဝနာရီကို ပြောင်းလဲပစ်လိုက်မည့် ဆေးသိပ္ပံလောက၏ မျိုးဆက်ပွားနည်းပညာသစ်

နောက်ဆုံးပေါ် မျိုးဆက်ပွားနည်းပညာသစ် တစ်ခုအရ အသက်(၅၀)မှ (၆၀)နှစ်ကြားရှိ မိန်းမကြီးများ ကိုယ်ဝန်လွယ် ခလေးမွေးဖွားနိုင်ကြတော့မည်ဟု သိရှိရသည်။



လက်ရှိအောင်မြင်နေသော ၀မ်းဗိုက်ပြင်ပတွင် မမျိုးဥနှင့် သုက်ကောင်ပေါင်းစပ် မျိုးပွားစေသည့် IVF (In Vitro Fertilisation)နည်းစနစ် သို့မဟုတ် ဖန်ပြွန်သန္ဓေနည်းစနစ်မျိုးမဟုတ်သည့် မိန်းမခန္ဓာကိုယ်အတွင်း မျိုးပွားအင်္ဂါကို ပြန်လည်ဖွံ့ဖြိုးစေမည့် စတမ်းဆဲလ်များ (stem cells) ထိုးသွင်းသည့် ကုသနည်းတစ်မျိုးဖြင့် သက်ကြီးပိုင်းမိန်းမများအား ကိုယ်ဝန်ဆောင်နိုင်ရန် စွမ်းဆောင်ပေးနိုင်တော့မည်ဟု ဆေးသိပ္ပံလောက၌ သတင်းများထွက်ရှိလာခြင်း ဖြစ်သည်။

ယခုနည်းစနစ်မှာ မျိုးဥမအောင်သည့် သို့မဟုတ် စောစီးစွာသွေးဆုံးသည့် အသက်(၄၀)အောက် အမျိုးသမီးများအတွက် အထူးအားဖြင့် အကျိုးကျေးဇူး များနိုင်သည်။



ဝမ်းဗိုက်ပြင်ပတွင် သန္ဓေအောင်စေခြင်း IVFနည်းပညာဖြင့် ခလေးမွေးဖွား အောင်မြင်ခဲ့သည့် ဗြိတိန်မှ အသက်အကြီးဆုံးမိခင်မှာ Elizabeth Adeneyဆိုသူ အသက်(၆၆)နှစ်အရွယ် အမျိုးသမီးကြီးဖြစ်ပြီး မနှစ်က မေလတွင် မီးဖွားခဲ့ခြင်း ဖြစ်သည်။

အီဂျစ်လူမျိုး မျိုးပွားပညာရှင် ပရိုဖက်ဆာ အိုစမာ အစ်ဇ်မီက အောင်မြင်တိုးတက်အောင် ကြိုးစားနိုင်ခဲ့သည့် ယခုနောက်ဆုံးပေါ် နည်းပညာသစ်အား ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ပြုလုပ်ကျင်းပမည့် သန္ဓေအောင်ခြင်းနှင့် မြုံခြင်းဆိုင်ရာ ဆေးသိပ္ပံပညာ ဆွေးနွေးပွဲကြီး၌ ထုတ်ဖော်ပြသသွားမည်ဟု သိရသည်။ ဤနည်းစနစ်မှာ တရိစ္ဆာန်များဖြင့် စမ်းသပ်မှုများနှင့် ဓါတ်ခွဲခန်းကြွက်များဖြင့် စမ်းသပ်မှုများတွင် အန္တရာယ်ဆိုးကျိုးမရှိ အောင်မြင်ခဲ့ပြီးဖြစ်၍ လူသားမိန်းမတစ်ဦးဖြင့် ပထမဆုံးအကြိမ် စမ်းသပ်သွားရန် စီစဉ်နေကြပြီ ဖြစ်သည်။

သိပ္ပံပညာရှင်များမှာ ဥအိမ်တစ်သျှူးစများ အစားထိုးထည့်သွင်းခြင်းဖြင့် မျိုးဥပေါက်ပွားမှု အောင်မြင်အောင် ပြုပြင်ကုသမှုများးဖြင့် သွေးဆုံးနေသော မိန်းမအချို့အား အောင်မြင်စေခဲ့သော်လည်း ထိုနည်းစနစ်မှာ အလွန်ဈေးကြီးပြီး နာကျင်မှုကြီးမားစွာ ခံစားရကြောင်း သိရသည်။

စတမ်းဆဲလ်များမှာ ခန္ဓာကိုယ်တည်ဆောက်သည့် အစိတ်အပိုင်းငယ်များ ဖြစ်ပြီး ပျက်စီးသွားသော တစ်သျှူးများအား ပြုပြင်ပေးပြီး ကောင်းမွန်ဖွံ့ဖြိုးစေသည့် ဂုဏ်သိတ္တိရှိသည်။ စတမ်းဆဲလ်များဖြင့် နှလုံးနှင့် အရိုးအက်ကွဲသည့် လူနာများအား စမ်းသပ်ကုသမှု ပြုလုပ်ဖူးကြသည်။ ပရိုဖက်ဆာ အစ်ဇ်မီက ကြွက်များ၏ စတမ်းဆဲလ်များဖြင့် ကြွက်မကြီးများများတွင် စမ်းသပ်ခဲ့မှု အောင်မြင်ခဲ့ပြီးနောက် မျိုးပွားခြင်း သန္ဓေအောင်စေခြင်း ကိစ္စမျိုးတွင် အသုံးပြုရန် ယခုအခါ ပထမဆုံးအကြိမ် တင်ပြလာခဲ့ကြခြင်းပင် ဖြစ်သည်။ ပရိုဖက်ဆာ အစ်ဇ်မီက "စတမ်းဆဲလ်တွေက မျိုးဥအိမ်ရဲ့ လုပ်ဆောင်မှုကို ပြန်လည်ကောင်းမွန်စေတာ တွေ့ရပါတယ်။ ဒီဆဲလ်တွေနဲ့ ကုသထားတဲ့ ဥအိမ်တွေဟာ မျိုးဥတွေ ပြန်လည်ပေါက်ဖွားလာကြပါတယ်"ဟု ရှင်းပြခဲ့သည်။

သို့သော် သန္ဓေသားထံမှ ရယူသည့် စတမ်းဆဲလ်ဖြင့် ကုသပြုပြင်မှု ဖြစ်နေသဖြင့် အငြင်းပွားစရာများ ရှိနေဆဲဖြစ်သည်။ လူသားများတွင် ဖျက်ချသည့်သန္ဓေသား အချင်းမှ ရရှိနိုင်ပြီး နောက်ပိုင်း(အနာဂတ်)တွင် ယခုရည်ရွယ်ချက်ဖြင့် ဓါတ်ခွဲစမ်းသပ်ခန်းတွင် ပြုလုပ်ဖန်တီးထားသော သန္ဓေသားများထံမှ ရယူနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။



မြူးနစ်ကွန်ဖရင့်တစ်ခု၌ ခန္ဓာကိုယ်၏ ဇီဝနာရီကို ထိန်းချုပ်ညှိပေးသည့် ဦးနှောက်၏ ဓါတုသတ္တိတစ်ခုမှာ မျိုးပွားခြင်းအောင်မြင်ရန် ကုသမှု၏ အဓိကဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့ဖူးသည်။ ချို့တဲ့အားနည်းသော မျိုးဥများပိုင်ရှင် အမျိုးသမီးများအတွက် IVF နည်းစနစ် အောင်မြင်စေရန် ဦးနှောက်၏ မယ်လာတိုနင် (Melatonin)က နှစ်ဆပိုမို ထောက်ကူပေးခြင်းဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
Translated by : ဟိဏ်းခန့်

No comments:

Post a Comment