သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, January 16, 2012

အိမ်အလွမ်း

လူလည်းတစ်ထွေ ရေလည်းတစ်ခြား ဆိုသလို မွေးရပ်မြေနှင့် ပိုဝေးလေလေ၊ ကိုယ်နှင့် အသွင်မတူသူများကို ပိုတွေ့လေလေ၊ အမိမြေကို ပိုသတိရလေ ဖြစ်ရသည်။ အကြောင်းအမျိုးမျိုးကြောင့် အမိနိုင်ငံကို မပြန်နိုင်တာ အချိန်တော်တော်ကြာခဲ့ပြီ။ သည်လိုဝေးကွာနေတိုင်း နိုင်ငံကို မချစ်တော့ပြီလား။ နိုင်ငံတွင်းမှ လူများကသာ နိုင်ငံကို ချစ်ကြသလားလို့ တစ်ခါတစ်ရံ တွေးမိ၊ မေးမိသည်။ 
 
 
မချစ်ခြင်းတော့ မဟုတ်တာ သေချာသည်။ ခွဲခွာနေရတိုင်း မချစ်လို့မှ မဟုတ်တာ။ သည်လိုဆို ဖရန်ကလင် ဘယ်လိုလုပ်မလဲ။ သူ့နိုင်ငံ အမေရိကကို ခွဲပြီး အင်္ဂလန်၊ ပြင်သစ် စသည့် နိုင်ငံတွေမှာ ဆယ်စုနှစ်နဲ့ ချီပြီး နိုင်ငံတာဝန်တွေကို ထမ်းဆောင်နေရတာ နိုင်ငံကို မချစ်လို့လား။ မိဘ တိမ်းပါးတော့လည်း ပေါ်မလာ၊ ညီအစ်ကို မောင်နှမ ဆုံးပါးလို့လဲ ပြန်မလာ၊ ဇနီး ဆုံးတော့လည်း အနားမှာ မရှိ။ သူ့ကျေးဇူးတွေကို သတိရလို့ အမေရိကန်ပြည်သူတွေက ဒေါ်လာတစ်ရာငွေစက္ကူပေါ်မှာ သူ့ပုံရိုက်နှိပ်ဂုဏ်ပြုနေတာ သည်နေ့ အထိပါပဲ။ နောက်တစ်ဦးက ဦးလေးဟိုလို့ လူသိများသော ဟိုချီမင်း။ နိုင်ငံပြင်ပမှာ နှစ်သုံးဆယ်ကျော် ပုန်းအောင်း လှုပ်ရှားခဲ့ခြင်းသည် သူ့နိုင်ငံ ဗီယက်နမ်ကို မချစ်လို့လို့ ဘယ်သူ စောဒက တက်ဝံ့မလဲ။ သည်ပုဂ္ဂိုလ်တွေလို နိုင်ငံချစ်စိတ် မကြီးမား၊ နိုင်ငံတာဝန် မကျေပွန်ငြား၊ နိုင်ငံကို လွမ်းသည့်စိတ်ကတော့ အမြဲလိုလို ရှိနေပါသည်။ တို့နိုင်ငံမှာလည်း နိုင်ငံကို အသက်ပေး ချစ်သည့် သူများလည်းရှိနိုင်ပါသည်ဟု အတွေးရောက်မိသည်။ ဟိုလှန် သည်လှော လုပ်နေရင်းက ဆရာမင်းသုဝဏ်၏ သူ့မှာတမ်း ကဗျာကို ပြန်ဖတ်မိရာက ထိုမျိုးချစ်များအကြောင်း အတွေးဆက်နေမိတော့သည်။ 

သူ့မှာတမ်း ကဗျာကို ဆရာမင်းသုဝဏ်သည် ၁၉၆၃ ခုနှစ်တွင် ရေးစပ်ခဲ့သည် ဆိုသော်လည်း ကဗျာပါ အကြောင်းအရာများအရ ဖက်ဆစ်တော်လှန်ရေးအတွင်း ကျဆုံးသွားသော ရဲဘော် (များ) ကို ရည်စူးသည်ဟု ဆိုရပေမည်။ ဤကဗျာနှင့် ပတ်သက်၍ မှတ်သားဖူးသော အကြောင်းအရာ တစ်ခုရှိပါသည်။ ဆရာအောင်သင်း တပ်မတော် စစ်တက္ကသိုလ်တွင် မြန်မာစာ သင်ကြားခဲ့စဉ် အခါကပေါ့။ တစ်နေ့ ဗိုလ်လောင်းများကို ဆိုခဲ့ပါ ကဗျာအား ပေးပြီး စကားပြေ ပြန်ခိုင်းသည်။ အမြဲတက်ကြွ သတိရှိအောင် သင်ကြားပေးထားသော ဗိုလ်လောင်းများမှာ ကဗျာကို ဖတ်ပြီး စကားပြေ မပြန်နိုင်သေးဘဲ စိတ်ထိခိုက်ဟန်ဖြင့် ငေးမှိုင်နေသည်ကို မြင်ရသော ဆရာအောင်သင်းက အကြောင်းရင်းကို မေးကြည့်ရာ ရင်ထဲ ထိခိုက်လွန်း၍ စကားပြေ မပြန်နိုင်ခြင်း ဖြစ်ကြောင်း၊ စကားပြေ မပြန်ဘဲ ကဗျာအတိုင်း ထားခြင်းက ပိုကောင်းမည်ဟု ယူဆကြောင်း ဗိုလ်လောင်း ကျောင်းသားများက ပြန်ဖြေကြသည်။ နိုင်ငံအတွက် အသက်နှင့် ခန္ဓာကို ပေးအပ်ရန် အမြဲအသင့်ရှိနေကြသော မျိုးချစ်စစ်သည်များကိုယ်တိုင် ထိထိခိုက်ခိုက် ခံစားရအောင် ဆရာမင်းသုဝဏ် ဘယ်လိုများ ရေးဖွဲ့ခဲ့သနည်း။

ကဗျာ၏ နောက်ခံကို ရန်သူတို့ ထောင်ထားရစ်သော ဗုံးထိမှန်၍ သေအံ့မူးမူးဖြစ်နေသော စစ်သားတစ်ယောက်ကို ရွာသူ၊ ရွာသားများက မေးနေသည့်ဟန် ဖွဲ့ထားသည်။ ဦးစွာ ငယ်ချစ်ဦးကို ဘာများ မှာလိုသနည်း။ ထို့နောက် မွေးမိဘများကို ဘာများ မှာလိုသနည်း ဟု မေးကြသည်။ ပြန်ဖြေဆိုသော စစ်သား၏ အဖြေမှာလည်း ဖြေရိုးဖြေစဉ် ပုံမှန်သာ။ သည်အထိ ဘာမှ သိပ်မထူးသေး။ သို့သော် ဆရာက ကဗျာ၏ နောက်အပိုဒ်တွင် ဇာတ်ရှိန်ကို အထွဋ်အထိပ်အထိ ဆွဲတင်လိုက်ပြီး ကဗျာဖတ်သူကို ရင်တွင်းအတွေးတွေ တသီကြီး ဖန်တီးပေးခဲ့သည်။

အမောင်ပြောက်ကျား တိုင်းပြည်အားကို
ဘာများမှာခဲ့လိုသနည်း။

ခရီးမတ်တပ် လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ ခွဲရပါ၍
အားနာခဲ့ကြောင်းပြောပါလေ။

တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်စွန့်တိုက်ခိုက်ရင်း သေလုမျောပါး ဖြစ်နေသော အမောင်စစ်သား၏ တိုင်းပြည် အပေါ်ထားသော စိတ်ထားကို ပြန်ဖတ်ရတိုင်း ရင်တွင်းထိရှရပါသည်။ တိုင်းပြည်အတွက် အသက်တောင် ပေးသွားခဲ့ရသူက ကျန်ရစ်ခဲ့သော တိုက်ဖော်တိုက်ဖက်များကို အခုလို လွတ်လပ်ရေး ပန်းတိုင် မရောက်မီ လမ်းခွဲသွားရ၍ အားနာပါသည်လို့ ပြောလိုက်သော စကား၏ အနှစ်သာရကို နှလုံးသားရှိသူတိုင်း ခံစားနိုင်လိမ့်မည်ဟု ယူဆပါသည်။ 

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို တိုက်ယူခဲ့ရာ ခရီးလမ်းတွင် မရေမတွက်နိုင်သော အညတရ စစ်သည်များသည် မိမိတို့ ချစ်သော နိုင်ငံ လွတ်လပ်ရန်ဟူသော စိတ်တစ်ခုကို ရင်ဝယ်ပိုက်၍ အသက်စွန့်လွှတ်ခဲ့ကြပေသည်။ သူတို့ကို မည်သူကမှ နိုင်ငံဂုဏ်ရည်၊ လွတ်လပ်ရေး မော်ကွန်းဝင် စသည့်စသည့် ဆုတံဆိပ်များ မပေးအပ်။ သူတို့ကလည်း ဒါကို ရယူလိုစိတ်ဖြင့် အသက်စွန့်ခဲ့ကြသည် မဟုတ်။ ရာထူး၊ စည်းစိမ်၊ အာဏာ အတွက် ပေးဆပ်ခဲ့ကြခြင်း မဟုတ်။ သူတို့၏ သမိုင်း၊ သူတို့၏ စွန့်လွှတ် အနစ်နာခံမှုများကို အများသူငါက မေ့လျော့ထားကြသော်လည်း၊ ဆရာမင်းသုဝဏ်က မမေ့။ သတိတရဖြင့် ကဗျာရေးဖွဲ့ ဂုဏ်ပြုခဲ့သည်။ မြန်မာစာပေတည်နေသ၍ သူ့မှာတမ်း ကဗျာသည်လည်း အစဉ်ရှိနေမှာပါ။ သည်ကဗျာကို ဖတ်မိသူတိုင်း တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်စွန့်သွားကြသော အညတရ စစ်သား၊ ပြည်သူများ၏ ကျေးဇူးကိုလည်းကောင်း၊ မြန်မာ့တပ်မတော်ဟူသည် ဤကဲ့သို့သော ကိုယ်ကျိုးစွန့် စစ်သည်ကောင်းများဖြင့် သန္ဓေတည်ခဲ့သည်ဟူသော အသိကိုလည်းကောင်း ရရှိနိုင်လိမ့်မည်ဟု စွဲမြဲစွာ ယုံကြည်မိပါသည်။ 

သည်လို သူရဲကောင်းများ အသက်စွန့်၍ လွတ်လပ်မှုကို ရယူပေးခဲ့သော အမိမြေကြီးကို လွမ်းဆွတ်မိခြင်းသည် ဖြစ်သင့် ဖြစ်ထိုက်သော အရာတစ်ခုပါလေ။

1 comment:

  1. ကိုသားချစ်ဇော်ရေ၊စာများများရေးပါအကို၊ရသစာပေလဲများများတင်ပေးပါနော် ညီမငယ်ငယ်

    ReplyDelete