သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Tuesday, January 3, 2012

၊ ဇန်နဝါရီလ ၀၃ ရက် ၂၀၁၂ ခုနှစ်သတင်း

မိုဘိုင်းဖုန်း Sim Card ကျပ် ၅၀၀၀ နှင့် သုံးရတော့မည်ဟုဆို


ရန်ကုန် (မဇ္ဈိမ) ။        ။ မိုဘိုင်းဖုန်း sim card တခုလျှင် မြန်မာငွေ ကျပ် ၅၀၀၀ ဖြင့် မတ်လအတွင်း စတင်
ရောင်းချနိုင်တော့မည် ဖြစ်သည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက အင်္ဂါနေ့က ပြောကြားလိုက်သည်။



ရန်ကုန်မြို့ Park Royal တွင် နံနက် ၁ဝ နာရီက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ရွှေပြည်တံခွန် ဥက္ကဋ္ဌနှင့် မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“စီမံကိန်း ပါဝင်သည့်ဒေသများမှာ ပထမနှစ် အနေဖြင့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ ပါဝင်ပြီး
နေပြည်တော်နှင့် မန္တလေးတိုင်း ဒေသကြီးတို့ကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည်” ဟု သတင်းစာ ရှင်းလင်းချက်ကို ဖတ်ပြသည်။

simcard
မိုဘိုင်းဖုန်း sim card တခုလျှင် မြန်မာငွေ ကျပ် ၅၀၀၀ ဖြင့် မတ်လအတွင်း စတင် ရောင်းချနိုင်တော့မည်ဟု ရွှေပြည်တံခွန် ကုမ္ပဏီက ပြောကြား

3G sim card တသန်းကို ပထမ ၆ လအတွင်း ရောင်းချသွားမည်ဖြစ်ပြီး 4G အား တနှစ်အတွင်း အကောင်အထည်
ဖော်မည်ဖြစ်ကာ ငါးနှစ်အတွင်း သန်း ၃၀ ထုတ်လုပ်သွားမည်ဟုလည်း ဆိုသည်။

ဤ sim card များ သုံးစွဲနိုင်ပါက ဖုန်းသုံးစွဲခသည် တမိနစ်လျှင် မြို့တွင်း ၂၅ ကျပ်နှင့် နယ်ဝေး ကျပ် ၃ဝ ဖြစ်မည်
ဟု သိရသည်။

Universal Mobile Telecommunication System (UMTS) ဟုခေါ်သည့် ယင်းမိုဘိုင်းဖုန်းစနစ်ကို ဂျပန်နိုင်ငံတွင် ၂ဝဝ၁ ခုနှစ်တွင် စတင်သုံးစွဲခဲ့ပြီး အမေရိကန်နှင့် ဥရောပတွင် ၂ဝဝ၄ ခုနှစ်က စတင်သုံးစွဲခဲ့ကာ မြန်မာနိုင်ငံတွင် ယခုနှစ်ဆန်းပိုင်းတွင် သုံးစွဲနိုင်ရန်စီစဉ်နေသည်ဟု ပြောသည်။

ရွှေပြည်တံခွန် ကုမ္ပဏီ၏ ရှယ်ယာများမှာ အစိုးရက ၄ဝ %၊ ကုမ္ပဏီက ၃ဝ % နှင့် ပြင်ပသို့ ၃ဝ % ရောင်းချ သွားရန် စီစဉ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှ စတင်ထွက်ပေါ်လာခဲ့သည့် သတင်းအရ မြန်မာနိုင်ငံတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်း sim card များကို ကျပ်သုံးသိန်းခန့်ဖြင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဇန်နဝါရီလကုန်ပိုင်းတွင် ရောင်းချမည်ဟု သတင်းများ ထွက်ခဲ့သော်လည်း ဈေးနှုန်းများစွာ ကွာခြားသည့် ယခု ကတ်များကိုသာ စောင့်ဆိုင်း ဝယ်ယူဖွယ် ရှိကြောင်း သုံးသပ်သူများက ပြောသည်။

လက်ရှိတွင် ကျပ်ငါးသိန်းတန် sim card များကို ဦးတေဇပိုင် အီးလိုက် ဆက်သွယ်ရေးကုမ္ပဏီက တခုလျှင် ကျပ်ငါးသိန်းဖြင့် ရောင်းချပေးနေသည်။

အကျဉ်းသားများအား ‘လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း’ ထပ်မံကြေညာ


ရန်ကုန် (မဇ္ဈိမ)။   ။ ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အကျဉ်းသားများအား ‘လွတ်ငြိမ်း ချမ်းသာခွင့်’ ပြုကြောင်း သမ္မတ ဦးသိန်းစိန်က အမိန့်အမှတ် ၁/၂၀၁၂ ဖြင့် တနင်္လာနေ့ ညနေက ထုတ်ပြန် လိုက်သည်။

အဆိုပါအမိန့်ကို ၂.၁.၂၀၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနဖြစ်သော MRTV-4 မှ ထုတ်လွှင့်သွားခြင်းဖြစ်သည်။

ဤလွတ်ငြိမ်းချမ်းသာခွင့်တွင် သေဒဏ်ကျခံနေရသော အကျဉ်းသားများအား တသက်တကျွန်းအဖြစ် လည်းကောင်း၊ အနှစ် ၃၀ နှင့်အထက် အကျဉ်းကျခံနေရသူများကို နှစ် ၃၀ သို့ လည်းကောင်း၊ နှစ် ၂၀ နှင့်အထက် နှစ် ၃၀ အထိ အကျဉ်းကျခံနေရသူများကို နှစ် ၂၀ သို့ လည်းကောင်း၊ နှစ် ၂၀ အောက် အကျဉ်းကျခံနေသူများကို ပြစ်ဒဏ်၏
လေးပုံတပုံသို့ လည်းကောင်း ပြစ်ဒဏ်လျှော့ချလိုက်ကြောင်း ပါရှိသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂ ရက် မတိုင်မီ ပြစ်မှုကျူးလွန်ခဲ့သူအားလုံး အကျုံးဝင်သည်ဟုလည်း ပါရှိသည်။

ထောင်ဒဏ် ၆၅ စီ နှစ် ကျခံနေရသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ မနီလာသိန်းတို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ နှင့် ထောင်ဒဏ် ၉၃ နှစ် ကျခံနေရသော တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး တို့လွတ်မြောက်လာနိုင်ဖွယ်မရှိပေ။

ယင်းလျှော့ပေါ့ပေးမှုကြောင့် လွတ်မြောက်ခွင့်ရလာသူများကို အင်္ဂါနေ့တွင် စတင်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဤအစိုးရသစ်လက်ထက်တွင် မေလ ၁၆ ရက်နေ့နှင့် အောက်တိုဘာ ၁၂ ရက်နေ့တို့တွင်လည်း အလားတူ ပြစ်ဒဏ်
လျှော့ပေါ့ ‘လွတ်ငြိမ်းချမ်းသာခွင့်’ ပေးခဲ့ဖူးသည်။


ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျော့ဆိုးရော့စ် တွေ့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ အမေရိကန် အခြေစိုက် Open Society Institute (OSI) ကို ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros သည် ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း သူမနေအိမ်တွင် တနင်္လာနေ့ ညပိုင်းက သွားရောက် တွေ့ဆုံခဲ့ကြောင်း NLD အသိုင်းအဝိုင်းက ပြောသည်။

တနာရီကြာ တွေ့ဆုံမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးကိစ္စဖြစ်သဖြင့် ဆွေးနွေးချက်များကို ဗဟိုဌာနချုပ် မှ မသိရသော်လည်း ပညာရေးကိစ္စများ ပါနိုင်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က ယူဆသည်။
davos
ဂျော့ဆိုးရော့စ် George Soros သည် ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်ရိပ်သာလမ်း သူမနေအိမ်တွင် သွားရောက် တွေ့ဆုံ (ဓါတ်ပုံ wikipedia.org)

“ဒီပုဂ္ဂိုလ်က သူ့ရဲ့အတွေးအခေါ်မှာ ဆင်းရဲတဲ့ လူတွေကို ပေးဖို့ကမ်းဖို့တို့၊ နိုင်ငံငယ်တွေကို ပေးကမ်းဖို့၊
ကျောင်းသားတွေကို ပေးဖို့ကမ်းဖို့တို့၊ ကျနော်ထင်တယ် အခု ဒေါ်စုကလည်း ပညာရေးကိစ္စကို တော်တော် စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်ဆိုတော့ ဒီကိစ္စမျိုးတွေ ဆွေးနွေးနိုင်မယ်လို့ ယူဆ တယ်ဗျ” ဟု ဦးဝင်းတင်က မဇ္ဈိမကို
ပြောသည်။

သမ္မတဦးသိန်းစိန်နှင့်လည်း ၎င်းနေ့မနက်ပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း ဂျော့ဆိုးရော့စ်နှင့် ရန်ကုန်တွင်
တွေ့ဆုံခဲ့သူ သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က ပြောသည်။

ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်နေသည့် ဂျော့ဆိုးရော့သည် အင်းလေးဒေသသို့ သွားရောက်လည်ပတ်ခဲ့ပြီး တနင်္လာနေ့ ညကပင် ကိုယ်ပိုင်လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာ သွားပြီ ဖြစ်သည်။

အမေရိကန်အခြေစိုက် OSI ကို ဂျော့ဆိုးရော့စ်က ၁၉၉၃ ခုတွင် ထူထောင်ခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ နိုင်ငံ ၇ဝ ကျော်တွင် ရုံးခွဲများထားရှိပြီး လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့်တို့အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀၀ ကူညီခဲ့ပြီးဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံခြားမှ ငွေလွှဲနိုင်ရန် ဧရာဝတီဘဏ် လုပ်ဆောင်နေဟု ဦးဇော်ဇော်ပြော

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ရန်ကုန်(မဇ္ဈိမ) ။        ။ နိုင်ငံခြားမှ မြန်မာနိုင်ငံသို့ ငွေလွှဲပို့ဆောင်နိုင်ရန် အတွက် စတင်ဆောင်ရွက်နေပြီ
ဖြစ်ကြောင်း  ဧရာဝတီဘဏ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောသည်။

အင်္ဂါနေ့ ညနေက ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီဘဏ် တနှစ်ပြည့် ညစာစားပွဲ တွင် ထည့်သွင်းပြောဆိုသွားခြင်းဖြစ်သည်။

“အခု မလေးရှားက အလုပ်သမားတွေ ဗမာပြည်ကို ငွေပြန်လွှဲဖို့အတွက် ဆောင်ရွက်နေပါပြီ။ သို့သော် authorised dealer ရတဲ့ပုံစံမျိုးနဲ့သွားတာ မဟုတ်သေးပါဘူး။ Swift code တွေ ရတဲ့အခါ နိုင်ငံတကာက ဘဏ်တွေနဲ့ ဆက်စပ် ပြီးလုပ်ဆောင်လို့ရမှာဖြစ်ပါတယ်” ဟု ပြောသည်။
zzkkh
ဦးဇော်ဇော်နှင့် ဦးကိုကိုထွေး (တော်ဝင်ဆောက်လုပ်ရေးကုမ္ပဏီ) (ဓါတ်ပုံ မဇ္ဈိမ)

မြန်မာအမျိုးသားပိုင် ဘဏ်များအနေဖြင့် နိုင်ငံတကာ ဘဏ်လောကသို့ ထိုးဖောက် ဝင်ရောက်နိုင်ရန်မှာ အလှမ်း
ဝေးနေဆဲဖြစ်ပြီး စီးပွားရေး ပိတ်ဆို့မှုကလည်း ဘဏ်လုပ်ငန်းအတွက် အဟန့်အတားတခု ဖြစ်နေသေးကြောင်း ထည့်သွင်း ပြောဆိုသွားသည်။

“ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ ပတ်သက်ပြီးတော့ ဒီဘဏ်တွေရဲ့ ငွေကြေးစီးဆင်းမှုနဲ့ လည်ပတ်မှု ဆိုတာ လည်း အတားအဆီး အနှောက်အယှက်တခု ရှိတယ်ဆိုတာတော့ မလွဲမသွေ တင်ပြလိုပါတယ်” ဟု ပြောသည်။

ဧရာဝတီဘဏ်ကို ၂၁.၈.၂ဝ၁ဝ ရက်နေ့တွင် နေပြည်တော်၌ စတင်ဖွင့်လှစ်နိုင်ခဲ့ပြီး တနှစ်အတွင်း နိုင်ငံတွင်း ဘဏ်ခွဲ ၁၇ ခု ဖွင့်လှစ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တနှစ်ပြည့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပုဂ္ဂိုလ်များ၊ မြန်မာ့ထိပ်တန်း စီးပွါးရေး လုပ်ငန်းရှင်များ၊
နိုင်ငံခြားဧည့်သည်များ စုစုပေါင်း ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသူ ပရိသတ်များထဲမှ မြို့တော်ဝန် ဦးလှမြင့်အပြင် ဦးအောင်ကိုဝင်း (ကမ္ဘောဇဘဏ်)၊ ဦးချစ်ခိုင် (မြန်မာ့ရှေ့ဆောင်ဘဏ်)၊ ဦးတေဇ (AGD ဘဏ်)နှင့် ဦးနေအောင် (United Myanmar ဘဏ်)တို့အား အထူးပြု
ကျေးဇူးစကား ဆိုသွားပြီး စီးပွားရေးလုပ်ဖော်ကိုင်ဖက်များအနေဖြင့် growing together, win-win situation
ဖြစ်ခဲ့ကြောင်း သုံးသပ်ပြောဆိုသွားသည်။

ဧရာဝတီဘဏ်မှာ ညီနောင်ဘဏ် ၈ ခုနှင့် မြို့နယ် ပေါင်း ၁၂ဝ ကို ချိတ်ဆက်ပြီး ငွေလွှဲလုပ်ငန်းများ လုပ်ဆောင်နေ ကာ စီးပွါးရေးလုပ်ငန်း ၃၅ဝဝဝ ခန့်နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် ဘဏ်တခုဖြစ်ကြောင်း ဦးလှမြင့်က ပြော သည်။

No comments:

Post a Comment