သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, January 6, 2012

VOA နိုင်ငံတကာသတင်းများ

 

 

*အာရှ-ပစိဖိတ်မှာ အမေရိကန်စစ်တပ်ပိုထားမည်

 

*မူဘာရက်ကို သေဒဏ်ပေးဖို့ အစိုးရရှေ့နေ တောင်းဆို

 

*ဆန္ဒပြလို့ဖမ်းထားတဲ့ လူ ၅၀၀ ကျော် ဆီးရီးယားလွှတ်

 

အာရှ-ပစိဖိတ်မှာ အမေရိကန်စစ်တပ်ပိုထားမည်


ဒေါ်လာသန်းပေါင်း ထောင်ချီ ဖြတ်တောက်မယ့် ကာကွယ်ရေး အသုံးစရိတ် အစီအစဉ်သစ်ကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ချပြလိုက်ပြီး ဆယ်စုနှစ်တခုကြာ စစ်ပွဲတွေအပြီး အသွင်ကူးပြောင်းရေးကာလအတွက် ဆောင်ရွက်ချက်အဖြစ်နဲ့လည်း ရည်ညွှန်း ပြောဆိုလိုက်ပါတယ်။
မဟာဗျူဟာမြောက် အစီအစဉ်ကိုတော့ သမ္မတက ပင်တဂွန် စစ်ဌာနချုပ်မှာ ကြာသပတေးနေ့ကပဲ ရှင်းပြလိုက်တာပါ။ ကာကွယ်ရေးဝန်ကြီး Leon Panetta ပူးတွဲစစ်ဦးစီးချုပ်များရဲ့ဥက္ကဋ္ဌ Martin Dempsey တို့နဲ့အတူ စစ်ဌာနချုပ်မှာ ကာကွယ်ရေး အစီအစဉ်တွေကို ရှင်းပြရာမှာတော့ မူဝါဒသစ်မှာ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွေကို အာရုံစိုက်သွားမှာ ဖြစ်တဲ့အကြောင်း သမ္မတက ပြောခဲ့တာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံကို ရောက်စဉ်တုန်းက ပြောခဲ့သလို အာရှနဲ့ပစိဖိတ်ဒေသမှာ ရှိနေတဲ့ အမေရိကန်ရဲ့ အင်အားကို ပိုမိုအားကောင်းအောင် ဆောင်ရွက်မှာဖြစ်ပြီး ဘဏ္ဍာရေး အသုံးစရိတ် ဖြတ်တောက် မှုတွေရှိမှာဖြစ်ပေမယ့် ဒီလို အရေးကြီးတဲ့ဒေသကိုတော့ ထိခိုက်လို့ မဖြစ်နိုင်ဘူးလို့လည်း ပြောလိုက်တာပါ။ ဒီအစီအစဉ်ဟာ ဒေသတွင်းမှာ အဓိက မြေပြင်စစ်ပွဲကြီး ၂ ခုအတွက် ပြင်ဆင် ထားရမယ့် ပင်တဂွန် စစ်ဌာနချုပ်ရဲ့ ဆယ်စုနှစ်ချီ ကြာမြင့်နေပြီဖြစ်တဲ့ မဟာဗျူဟာကနေ အနည်းငယ် ပြောင်းလဲလိုက်တာ လည်း ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်အနေနဲ့ တခြား ရန်သူအများအပြားနဲ့ ရင်ဆိုင်နိုင်ဖို့အတွက်လည်း ပြင်ဆင်ထားမှာ ဖြစ်တဲ့အကြောင်း ကာကွယ်ရေးဝန်ကြီး Panetta ကပြောသွားပါတယ်။


မူဘာရက်ကို သေဒဏ်ပေးဖို့ အစိုးရရှေ့နေ တောင်းဆို

အီဂျစ်နိုင်ငံမှာ သမ္မတဟောင်း ဟော်စနီမူဘာရက်ခ်နဲ့ သူ့ရဲ့ သား ၂ ဦးကို သေဒဏ်ချမှတ်ဖို့ သူ့ကိုတရားရုံးတင်စစ်ဆေးနေတဲ့ တရားခွင်ရဲ့ အစိုးရရှေ့နေက ပြောပါတယ်။
ကိုင်ရိုမြို့တော်မှာ ကြာသာပတေးနေ့မှာ ပြုလုပ်တဲ့ တရားရုံးကြားနာမှုအတွင်းမှာ ရှေ့နေ မွတ်စတာဖာ ဆူလေမန်က အခုလိုတောင်းဆိုသွားတာပါ။
မစ္စတာ မူဘာရက်ခ်ကို အဂတိလိုက်စားမှု၊ မနှစ်က သူ့ကို အာဏာကဖြုတ်ချဖို့ လူထုအုံကြွမှုမှာ  အစိုးရဆန့်ကျင်သူ ရာပေါင်းများစွာ သေဆုံးရမှုတွေနဲ့ တရားစွဲထားတာဖြစ်ပါတယ်။ မစ္စတာမူဘာရက်ခ်ကတော့ သူ့မှာ အပြစ်မရှိကြောင်း ငြင်းဆိုထားပါတယ်။

ဆန္ဒပြလို့ဖမ်းထားတဲ့ လူ ၅၀၀ ကျော် ဆီးရီးယားလွှတ်

အစိုးရ ဆန့်ကျင်ဆန္ဒပြမူနဲ့ ဖမ်းဆီးထားတဲ့   ၅၀၀ ကျော်ကို  ပြန်ပြီးလွှတ်ပေးခဲ့တယ်လို့ ဆီးရီးယား အစိုးရက ပြောကြားလိုက်ပေမယ့်  အာဏာရှင်အစိုးရဟာ  နှိပ်စက်ညှင်းပမ်းတာနဲ့ သတ်ဖြတ်မှုတွေကို လုပ်နေသလို လူထုအုံကြွမှု စခဲ့တဲ့ မတ်လကစပြီး အဖမ်းခံခဲ့ရသူ အရေအတွက်ဟာ ပိုပြီး များလာတယ်လို့ အတိုက်အခံအဖွဲ့ကပြောပါတယ်။
အခုပြန်လွှတ်ပေးလိုက်သူတွေဟာ “ဆီးရီးယားပြည်သူတွေကို သတ်ဖြတ်တယ်”  လို့ သမ္မတ Bashar al-Assad အစိုးရ သတ်မှတ်ထားတဲ့ အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ပါဝင်သူတွေ မဟုတ်ဘူးလို့ ဆီးရီးယား အစိုးရရုပ်သံက ကြာသပတေးနေ့က ကြေညာပါတယ်။
ဒါပေမယ့် တချိန်တည်းမှာပဲ  တက်ကြွလှုပ်ရှားတဲ့ Avaaz  အဗက်ဇ် အဖွဲ့ကတော့  အာဆတ်ဒ် အစိုးရဟာ သတ်ဖြတ်မှုနည်းဗျူဟာတွေသုံးပြီး  နှိပ်စက်ညှင်းပမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။
အထူးသဖြင့်  လူတွေကြပ်ညပ်နေတဲ့ အကျဉ်းထောင်တွေ၊ တရားမ၀င်ဖွင့်ထားတဲ့ ထိန်းသိမ်းရေး စခန်းတွေမှာဆိုရင် ဆီးရီးယားအစိုးရ ဆန့်ကျင်မှုတွေ စတင်ဖြိုခွင်းခဲ့ချိန်ကစပြီး သေဆုံးရသူ စုစုပေါင်း ၆၁၇ ဦး ရှိနေတယ်လို့ ဆိုပါတယ်။ ဆီးရီးယားနိုင်ငံမှာ  ဖြစ်ပွားတဲ့  လူထုအုံကြွမှုကြောင့် သေဆုံးရသူ အရေအတွက်ဟာ  ၇ ထောင်လောက်ရှိနေပြီလို့  Avaaz  အဗက်ဇ် အဖွဲ့က ပြောပါတယ်။ ကုလသမဂ္ဂကတော့ သေဆုံးသူအရေအတွက် ၅ထောင်ရှိပြီလို့ ဆိုပါတယ်။
ဆီးရီးယား အာဏာရှင်အစိုးရရဲ့ ညှင်းပမ်းနှိပ်စက်တဲ့ နေရာတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ ကိစ္စဟာ အာရပ်အဖွဲ့ချုပ်က စေလွှတ်ထားတဲ့  စုံစမ်းစစ်ဆေးရေးမှုးတွေအတွက် စိန်ခေါ်နေတဲ့ ပြဿနာ ဖြစ်နေသလို  ဆန့်ကျင်ဆန္ဒပြသူတွေ ကို ပြင်းထန်တဲ့ ပြစ်ဒဏ်ပေးမှုတွေ အဆုံးသတ်သွားစေမှာလည်း ဖြစ်ပါတယ်။


No comments:

Post a Comment