သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, February 15, 2012

ကျွန်တော် လူကက်ဆက်(ပန်းချီထိန်လင်း----ABSDF မြောက်ပိုင်းအရေး၊ နောက်ဆုံးပိုင်း)



သေရေးရှင်ရေးဖြစ်လာတော့ လူတကိုယ် သီချင်းတပုဒ်တော့ရဘို့ဖြစ်လာတဲ့ခေတ်ကြီးမှာ ဘ၀မှာ သီချင်းတခါမှမညည်းဘူးတဲ့ ကိုကြောင် (ခ) ကျော်နိုင်ဦးလိုလူမျိုးလည်း ကြုံခဲ့ရဘူးပါတယ်။ သာယာဝတီ အကျဉ်းထောင်ကို ဖြတ်သန်းဘူးတဲ့အကျဉ်းသားမှန်ရင် သာယာဝတီဈေးထဲက ဦးကျားကြီးဆေးဆိုင်ကို မသိတဲ့လူ ရှိကိုမရှိဘူးလို့ ပြောချင်သဗျ။ နိုင်ငံရေးအကျဉ်းသားတွေကိုကူညီတဲ့အလုပ်ကို ကိုယ့်အသိစိတ်နဲ့ ကိုယ် သတ္တိရှိရှိလုပ်ခဲ့တဲ့ သာယာဝတီ အင်န်အယ်လ်ဒီပါတီဝင် ဦးကျားကြီးလိုလူမျိုး မြန်မာပြည်မှာ တော်တော်ရှားပါတယ်။
မန်းလေးထောင်လောကမှာ ဒေါ်ဝင်းမြမြတို့ကိုမသိဘူးဆိုရင် မန်းထောင်နေခဲ့သူလို့ ပြောမရသလိုမျိုးပါပဲ။ အဲဒီလို ထင်ရှားတဲ့ဦးကျားကြီးသား ကိုကျော်နိုင်ဦးကို NIP က ဗိုလ်ဆိုပြီး စွဲချက်တင် စစ်ပါတယ်။ ကိုကြောင် (ခ) ကိုကျော်နိုင်ဦး (ဓါတ်ပုံထဲ အစွန်လူ) ခမျာ လူကက်ဆက်ဘ၀မှာ နောက်ဆုံး တော်တော်အကြပ်ရိုက်ရှာပါတယ်။ နောက်ဆုံး နားဆူချင်ဆူစေတော့ ပါးပူတော့မခံတော့ဘူးလို့ဆုံးဖြတ်ပြီး ကိုကြောင်တယောက် သူ အစအဆုံးကောင်းကောင်းရတဲ့ သီချင်းတပုဒ်ကို ဟဲ ချလိုက်ပါတယ်။
 “ရောင်စုံ ဘောလုံး ရောင်စုံ ဘောလုံး တလုံးငါးပြား” ပါ။
           ကျွန်တော်တို့ကို ၁၉၉၈ ခုမှာဖမ်းတော့ ကိုကြောင်ကို ထောက်လှမ်းရေးက လိုက်ပါတယ်။ ခုတော့ သူ့ ကို လိုက်ခဲ့တုန်းကထောက်လှမ်းရေးတွေလည်း ၂၀၀၄ မှာ ထောင်ထဲ ရောက်ကုန်ပါတယ်။ ၂၀၀၅ မှာတော့ အေဘီက ကိုသံချောင်းကို အစိုးရဖမ်းမိပြီး သေဒဏ်ချလိုက်ပြီး ကိုသံချောင်းတယောက် သာယာဝတီထောင် ရောက်လာတယ်ဆိုတာ ကိုကြောင်ကပြောပါတယ်။ ပြီးတော့ ကိုသံချောင်းကို အပြင်ကနေတတ်သလောက် ကူညီပေးသင့်တယ်လို့ပြောတဲ့အခါ ကျွန်တော်တို့ထဲမှာ ပစ်ထားလိုက်လို့ တယောက်မှသဘောထားပေး မလာတဲ့အတွက်တော့ ဒီနေ့ထိ ကျေနပ်မိပါတယ်။ ကျွန်တော်တို့ သဘောကတော့ ကိုသံချောင်းပြုခဲ့တဲ့ကံက သူ့အကျိုးသူပေးပါလိမ့်မယ်။ ကျွန်တော်တို့ ကြုံခဲ့ရဘူတဲ့ငရဲမျိုးက သဘောထားမျိုးကိုတော့ ကျွန်တော်တို့နဲ့ ဆက်စပ်လာမယ့်အနာဂတ်မှာ သမိုင်းဘီး နောက်တပါတ်ထပ်မလည်ကြဘို့က အရေးကြီးဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့က ဦးကျားကြီးသား ကိုကြောင်ကို ကျားဆရာ၊ ကြောင် လို့ နောက်လေ့ရှိပါတယ်။ ငါ့သားကို တောထဲမှာ ရက်ရက်စက်စက်လုပ်ခဲ့တဲ့ကောင်တွေပဲ ထောင်ထဲမှာ အခု ခံစမ်း လို့ ပစ်မထားတဲ့ ဦးကျားကြီး ရဲ့စိတ်ဓါတ်ကို ပိုလို့လေးစားမိပါတယ်။
           ပြောတော့ ရန်ကုန်သား၊ ဆိုတော့ အမေနဲ့ရွာကိုလွမ်းတယ် လို့ မကြာခဏ ပြောတာခံရသူက စမ်းချောင်း အ၊ထ၊က ကျောင်းသားများသမဂ္ဂခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ ဖိုးကျော် (ခ) ကျော်ဝင်းဆွေပါ။ တွံတေးသိန်းတန်ရဲ့သီချင်းတွေကို တွံတေးသိန်းတန်လေသံအတိုင်း ဆိုတတ်ပါသဗျ။ တညမှာတော့ တွံတေး ရဲ့အသီးတရာ၊ အညှာတခု ကို ပိုင်ပိုင်နိုင်နိုင်ချွဲချွဲနွဲ့နွဲ့ဆိုတာမို့ ကျွန်တော်တို့အားလုံး စာသားအတိုင်း စီးမျောနေကြပါတယ်။ မကြာပါဘူး ဖိုးကျော်ဟာ ချွဲချွဲနွဲနွဲ့ဆိုနေရာကနေ ရုတ်တရက်ကြီး အလန့်တကြားထိုး ရပ်လိုက်သလို ကျွန်တော်တို့လည်း သူနဲ့အတူလိုက်ပါနေရာက ရယ်ရမလိုငိုရမလို စိတ်မောလိုက်ရသဗျ။ တခြားနေရာ ဟုတ်ပါရိုးလား။ ကြည်း..ရေ..လေ တပ်မတော်တွင်းက သူငယ်ချင်းတွေဆိုတဲ့နေရာပေါ့ဗျာ။ ကံကောင်းလို့ အဲဒီညက တုတ်စာမဖြစ်တာ။
           တညမှာတော့ ထောင်မှုးတာဝန်ကျတဲ့ ကိုလမျိုးနောင်ဆိုတဲ့ပုဂ္ဂိုလ်က တော်တော့်ကိုမူးနေသဗျ။ ထုံးစံအတိုင်း ကျွန်တော်တို့ကို တယောက်ပြီးတယောက် ထခိုင်းပြီး စည်းစိမ်ယူနေရာ မန္တလေးတက္ကသိုလ်က မြန်မာစာတတိယနှစ်ကျောင်းသား ကိုအောင်မင်း (ခ) ထိန်လင်း အလှည့်ရောက်လာပါသဗျ။ ကိုအောင်မင်းက တခါမှ သီချင်းဆိုဘို့ခိုင်းတာ မခံဘူးရလေတော့ ကျွန်တော်တို့တွေလည်း လှဲနေရာကနေ ကိုအောင်မင်း ဘာများဆိုမလဲ နားစွင့်နေကြသဗျ။ ကိုယ် အတန်တန်တားရက်နဲ့ သွားတော့မှာလား။ အို တခါတရံအမှား အတွက်နဲ့၊ အပြစ်ပုံပြီလား ဆိုတဲ့ ကိုနေ၀င်းရဲ့ သီချင်းစာသားတွေ ကိုအောင်မင်းဆီက ထွက်လာပါတယ်။ ကျွန်တော်တို့အားလုံး ကိုနေ၀င်းရဲ့သီချင်းစာသားတွေအတိုင်း စီးမျောပါသွားပါတယ်။ ကိုအောင်မင်းက ကိုနေ၀င်း ခရေဇီကိုး။
           ကာယကံရှင်လူကိုယ်တိုင်၊ အသိထက် ဘယ်ပိုနိုင်မှာတုန်း၊ အများနဲ့တယောက်တုဖက်ပြောရင်၊  အားနည်းတဲ့ တယောက်က အရှုံးပေါ့၊ မသွားလည်းပဲ ရောက်ခဲ့မိပြီကိုး

 သီချင်းရဲ့ စာသားရောသံစဉ်ပါ အားအကောင်းဆုံးအလှဆုံးနေရာ အရောက်မှာ “ဖုန်း” “ဖုန်း” ဆိုတဲ့ အသံနဲ့ အတူ ကိုအောင်မင်းသီချင်းဆိုသံ ထိုးရပ်သွားပြီး ထပ်ကာထပ်ကာ ဆဲသံနဲ့ရိုက်သံတွေပဲ ထွက်လာပါ တယ်။
မင်းက အများနဲ့တယောက်မို့ ခံရသလေးဘာလေးနဲ့မင်းတို့ကို ငါတို့က မတရားစွပ်စွဲဖမ်းထားတယ် လို့ ဆိုလိုတာပေါ့။ အေး ငါ့ နံချပ်ကူအစွမ်း ပြရသေးတာပေါ့ကွာ။ မင်းတို့ကိုစစ်နေတဲ့ ထောက်လှမ်းရေး လောက်တော့ ငါလဲ ရိုက်တတ်ပါတယ်ကွ ဆိုတဲ့ စကားနောက်မှာ တဖုန်းဖုန်း ရိုက်သံငြီးငြူသံ ဆဲဆိုသံတွေ ဟာ ဆက်တိုက် စိတ်မချမ်းသာစရာ ထွက်ပေါ်လာပါတော့တယ်။
           ဒီနောက်ပိုင်းမှာတော့ ရိုက်လိုက်၊ မောရင် ရိုက်တာရပ်ပြီး ဆဲဆိုနေလိုက်။ ခဏနေတော့ ရိုက်လိုက်နဲ့ စိတ်ရှိသလို ထင်တိုင်းကြဲနေတာကို ဘယ်သူတဦးတယောက်ကမှလည်း လာမတားကြပါဘူး။ ကျွန်တော်တို့ လှဲအိပ်နေတဲ့လူတွေကလည်း တကယ်ကျတော့ အမှန်တရားအတွက်တိုက်ပွဲဝင်မယ်လို့ ကြွေးကြော်ချက်တွေနဲ့ တောထဲထွက်ခဲ့ကြသူတွေပါ။ တကယ်လက်တွေ့မှာတော့ ဒီ လူတယောက် မတရားသဖြင့်ခံနေရတာကြီးကို ကြားနေပါလျက်နဲ့ ကျွန်တော်တို့ လူ ၈၀ လောက်ထဲမှာဟေ့လူ ဒီလူမတရားသဖြင့်တော့ မလုပ်ပါနဲ့လို့ တယောက်မှ မပြောနိုင်ခဲ့တာ ခုထိ ရှက်လို့မဆုံးပါဘူး။ ကိုအောင်မင်းကို လှိမ့်ရိုက်နေတဲ့ထောင်မှုးက သူဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်နေတဲ့လူလို့ မူးမူးနဲ့ကြွေးကြော်ရင်း ရိုက်နေခဲ့တာကို ကြားနေရတဲ့ဘ၀ဟာ ကိုအောင်မင်းအတွက်သာမက ကျွန်တော်တို့အတွက်လည်း ငရဲညပါပဲ။
            တိုတိုပြောရရင် နောက်တနေ့ မနက်လင်းတော့ ကိုအောင်မင်း ထောင်အပြင်ကိုထွက် တန်းမစီနိုင်တော့ပါဘူး။ ကျွန်တော်တို့တွေကတော့ ထုံးစံအတိုင်း ကျောက်ထု၊ လမ်းခင်း၊ ထင်းသယ် စတဲ့ အလုပ်ကြမ်း ခွင်တွေဆီ ထွက်လုပ်ရတာမို့ ကိုအောင်မင်းကို ထားခဲ့ရပါတယ်။ ညနေအလုပ်တွေသိမ်းလို့ ထောင်ပြန်ရောက်တော့ ကိုအောင်မင်းအသက်ငင်နေပါပြီ။ နောက်ပိုင်း ထမင်းချက်တာဝန်နဲ့ကျန်ခဲ့တဲ့ နန်းစောတို့ပြောပြလို့သိရတာက ထောင်မှူးက ညက သူရိုက်ထားလို့မထနိုင်တဲ့ ကိုအောင်မင်းကို ပဲများပြီး (ထောင်စကား အလုပ်မလုပ်ချင်လို့ အချောင်ခိုသည့်အဓိပ္ပါယ်) နေခဲ့တာမို့ နံချပ်ကူအသစ်ကို လမိုင်းတင်ရ မယ်လို့ပြောပြီး တနေ့ခင်းလုံးဆက်ရိုက်နေတယ်လို့ သိရပါတယ်။ ကိုအောင်မင်း အနားကိုခွင့်တောင်းပြီး ကိုညီညီနဲ့ဘိုဘိုတို့က မှာစရာရှိတာမှာဘို့မေးတော့ သွေးတွေပဲ ပါးစပ်ကဆက်ထွက်လာပြီး စကားတလုံးမှ ဆက်မထွက်လာပဲ ကိုအောင်မင်း ကွယ်လွန်ခဲ့ပါတယ်။
           ၂၀၀၅ ခု ထောင်ကလွတ်လာပြီးနောက်ပိုင်းမှာ မကြခဏ ၀ိုင်အမ်စီအေက ကိုရဲ (ကိုရဲလွင်)ဆီ မကြာခဏ ရောက်ဖြစ်သလို ကိုနေ၀င်းနဲ့လည်း ရံဖန်ရံခါတွေ့ဖြစ် သူ့သီချင်းတွေအကြောင်း ပြောဖြစ်ပါတယ်။ ဒါပေမယ့် ကိုနေ၀င်းသီချင်းစာသားတွေသီဆိုရင်း လူ့လောကကိုကျောခိုင်းသွားခဲ့ရဘူးတဲ့ ဒီမိုကရေစီ ဘက်တော်သားတဦးရှိခဲ့ဘူးတယ်ဆိုတာများ ကိုနေ၀င်းသိခဲ့ရင် ဘယ်လောက်များ ကြေကွဲလိုက်မလဲလို့ စိတ်ထဲကတွေးမိပါတယ်။ ထုတ်တော့ မပြောဖြစ်ခဲ့ပါဘူး။ စာဖတ်သူကိုလည်း ကိုနေ၀င်းတယောက်ကိုတော့ ဒီအဖြစ်ကို ပြန်မပြောမယ့်သူလို့ ယုံကြည်ပါရစေ။
           ဒါဖြင့် ရိုက်သတ်လိုက်တဲ့ကိစ္စအတွက် ထောင်လုံခြုံရေးတာဝန်ခံ ဘယ်သူကမှလည်းလာပြီး မေးမြန်း တာ အရေးယူတာမလုပ်ခဲ့ပါဘူး။ ကိုအောင်မင်းရုပ်အလောင်းကို ညတွင်းချင်း ထောင်အပြင်ထုတ်ထားလိုက် ပြီးတော့ ကိုလမျိုးနောင်က သူ့ လုံခြုံရေးတပ်ဖွဲ့တွေဆီ အော်ပြောပါတယ်။ အရက်တလုံးနဲ့ စကားဝါတစည်းရမယ် ဘယ်သူတွေတာဝန်ယူချင်လဲ လို့ အော်မေးတာလဲ အတိုင်းသားကြားရသဗျ။ အဲဒါက ပေါက်ဈေးပါ။ အဲဒီအချိန်က စစ်ကြောရေးကြောင့် သေတဲ့လူတွေကို မြုပ်ပေးမယ်ဆိုရင် မြုပ်တဲ့အဖွဲ့က အရက်တလုံးနဲ့ စကားဝါဆေးပေါ့လိပ်တစည်းရပါတယ်။
             ဒါဆိုရင် ခု ကိုလမျိုးနောင် ဘယ်မှာလဲလို့ ဆောင်းပါးအောက်မှာ မေးလာမယ့်သူတွေအတွက်လည်း တခါတည်း ဖြေလိုက်ပါမယ်။ နောက်ပိုင်းမှာ ကျွန်တော်အပါဝင် ဖမ်းထားသူတွ ညသန်းခေါင်လောက် ထွက်ပြေးလွတ်မြောက်သွားတဲ့ကိစ္စအတွက် သူနဲ့ ညတာဝန်ကျတို့ကို လက်ရှိ ဗဟိုကော်မီတီအဖွဲ့က သေဒဏ်ပေးပြီး ကိုထွန်းအောင်ကျော်တို့ကိုသတ်ခဲ့တဲ့ကုန်းပေါ်မှာပဲ ခေါင်းဖြတ်ခဲ့တယ်လို့ သိရသဗျ။ ကိုလမျိုးနောင်က သူ့ကိုမသတ်မီ အရက်အ၀သောက်ခွင့်တောင်းဆိုတယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီတပ်သားရဲဘော်တဦးကို တာဝန်ပေါ့လျော့လို့သာ ခေါင်းဖြတ်ဘို့အမိန့်ပေးလိုက်ရပေမယ့် လူ့အခွင့်အရေးကို အပြည့်အ၀လေးစားလိုက်နာတဲ့ ကိုအောင်နိုင်၊ ကိုသံချောင်းအပါအ၀င် ခေါင်းဆောင်များကခွင့်ပြုခဲ့တာမို့ ကိုလမျိုးနောင်ခမျာ တပ်ဖွဲ့ဘက်ဂျက်ထဲကငွေနဲ့ အရက်မူးအောင် သောက်သွားခွင့်ရသွားရှာတယ်လို့ သိရပါတယ်။
            ဟုတ်ကဲ့။ ဒါ ဖြစ်ခဲ့ပါတယ်။ ဆိုးဝါးလှတဲ့အဖြစ်တွေ ကျွန်တော်တို့သမိုင်းမှာ ရှိခဲ့ပါတယ်။ တကယ်က ကျွန်တော်တို့ ဖြတ်သန်းချိန်မှာ တာဝန်မကျေနိုင်ခဲ့ကြပါဘူး။ မိမိ အသက်ကိုငဲ့ပြီး အမှန်တရားကိုမျက်ကွယ်ပြု မသိချင်ယောင်ဆောင် ရေငုံနုတ်ပိတ်နေခဲ့ရတာလောက် ပြန်တွေးတိုင်းရှက်စရာကောင်းတာမရှိတော့ပါဘူး။ စာကိုဖတ်သူတွေထဲမှာ ကိုအောင်မင်းနဲ့နီးစပ်သူများရှိခဲ့ရင် ကျွန်တော်တို့ သူရဲဘောကြောင်မှုအတွက် တောင်းပန်လိုက်ပါတယ်။
            တခါတခါကျတော့လည်း  ဘ၀မှာ ကိုယ့်ကိုကိုယ် ခွင့်လွတ်နိုင်ဘို့ကြိုးစားရတာ သူများကို ခွင့်လွတ်နိုင် ဘို့ ကြိုးစားရတာထက် အဆတရာ ခက်ခဲတယ်ဆိုတာ ကိုယ်တိုင်ကြုံတွေ့ရဘူးသူလောက်ပဲ နားလည် ခံစားနိုင်ပါလိမ့်မယ်။         ။

ပန်းချီထိန်လင်း



Art for Prison by Artist Htein Lin

No comments:

Post a Comment