သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, February 11, 2012

နာကြည်းနေသောဆရာကြီးများအတွက်(ဦးဖိုးသားအောင်)


“ နာကြည်းနေသော ဆရာကြီးများအတွက် ”
-ဦးဖိုးသာအောင်
-၁၂.၂.၂၀၁၂


NLD ၏ အပြောင်းအလဲ ခေါင်းစဉ်နဲ့ ဆရာကြီး ဖိုးသံချောင်းရဲ့ 02.01.2012 နေ့စွဲ့ပါ ဆောင်းပါးကို ဖတ်ရတယ်။
ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်တို့ သဟဇာတဖြစ်မှုအပေါ် ကြားကဝင်ပြီး မပြောချင်ဘူး ဆိုပြီး ပြောပြော နေတယ်၊ ပြောရုံတင်မက ကိုယ်ထိလက်ရောက်လည်း ဝင်ပြီး လုပ်နေတယ်၊
ဘက်ပေါင်းစုံကပဲ ဗ.က.ပ ဟာ မြန်မာ့နိုင်ငံရေးမှာ လုပ်သင့်ပြောသင့်တာတွေကို လုပ်နေတယ် ပြောနေတယ်လို့ ဗြောင်ပဲ ရဲရဲဝံ့ဝံ့ပြော သင့်တယ်၊
သွယ်ဝှက်ပြီး ဟိုအဖွဲ့ဝင် ဒီအဖွဲ့ထွက်နဲ့ တောင်ပြော မြောက်ပြော မပြောသင့်တော့ဘူး၊
ခေတ်ပြောင်းနေပြီ၊ မြန်မာ့နိုင်ငံရေးမှာ အမေရိကန်နှင့် တရုတ် မပါရင် မပြီးဘူး၊ ဒါလောက်တော့ နားလည်သင့်တယ်၊
နားလည်မယ်လို့လည်း ယူဆပါတယ်၊ ဆရာကြီးတွေပဲ မဟုတ်လား၊ အခု ဦးသိန်းစိန်၊ ဒေါ်စု၊ အမေရိကန် (စိန်၊ စု၊ ကန်) သဟဇာတမူနဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြတယ်၊
ဒါကို ဗ.က.ပ က မကြိုက်ဘူး၊
ဒေါ်စု၊ ဦးသိန်းစိန်နဲ့ တရုတ်တို့ (စိန် စု ရုတ်) သဟဇာတဖြစ်တဲ့ မူနဲ့ဆိုရင်တော့ ဗ.က.ပ တို့ ဘယ်လို ပြောမလဲ၊
အနည်းဆုံးတော့ မချစ်သော် လည်း အောင့်ကာနမ်းကြလိမ့်မယ်။



အမေရိကန်နဲ့ အင်္ဂလိပ်ဆိုရင် “ နိုး ” ပဲဆိုတဲ့ ဗ.က.ပ တို့ဟာ အခု ဒေါ်စုကို အဆိုးမြင်လာကြပြီ၊
ဝေဖန်လာကြပြီ၊ ရှစ်လေး လုံးပြီးကတည်းက ဒေါ်စုကို ဝန်းရံကြဆိုတဲ့ ဗ.က.ပ တွေ၊ အခုတော့ ဒေါ်စုကို တော်လှန်ကြ ဆိုတာမျိုး ပြောချင်နေကြပြီ၊
ဒါလည်း တကယ်တော့ မဆန်းပါ၊
နှလုံးသား နိုင်ငံရေးသမားတို့ရဲ့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။



ချက်နိုင်ငံ ကတ္တီပါ တော်လှန်ရေးလမ်းကြောင်းအတိုင်း လျှောက်ခဲ့ကြတဲ့ “ ရရင်ရ မရရင်ချ ” ဆိုတဲ့ အဖွဲ့တွေလည်း ရာကျော် အောင်ကွဲရပြီ၊
စု ကတော့ ဆုတွေ ရာကျော် ရလိုက်ပြီလို့လဲ ရိထားပါသေးတယ်၊ ဟုတ်ပါတယ် နိုင်ငံရေးဆိုတာ ရရင်ရ မရရင်ချကြရမှာ လူတိုင်းအလွယ်တကူ သိနားလည်တဲ့ အရာပါ၊

သို့သော် “ ချ ” တယ်ဆိုတဲ့ ပုံစံက အမျိုးမျိုးရယ်၊ ဒါကို ဗ.က.ပ တို့ သဘောက်ပေါက်ဖို့ ခက်ပါတယ်၊
အရေးကြီးတာက လူများစုနဲ့ ကမ္ဘာ့နိုင်ငံအများစုက လက်ခံအတည်ပြုတဲ့ ဒီမိုကရေစီမျိုးကို ရဖို့နဲ့ တိုင်းသူပြည်သား လူများစုရဲ့ အထွေအထွေ တိုးတက် ချမ်းသာလာရေးပဲ မဟုတ်လား၊

ကတ္တီပါတော်လှန်ရေး လမ်းစဉ်ကကော မြန်မာပြည်ရဲ့ ယနေ့အချိန်အခါ၊ အခြေအနေနဲ့ ကမ္ဘာ့အခြေအနေတို့နဲ့ရော ကိုက်ညီနေလို့လား၊
လိုအပ်ချက်အရ ရာနှုန်းအနည်း အများ သုံးရင် သုံးရမယ်၊ ကတ္တီပါတစ်စုံလုံးကို သုံးနေမှဆိုရင် အဲဒါ ရှုးနေတာပဲ ဖြစ်မယ်၊
ဒါဆိုရင် ကတ္တီပါ၊ ရချနဲ့ မြန်မာပြည်အနေအထားကို သဘောပေါက်လောက်ပါတယ်၊ နှစ်ခြောက်ဆယ် ဗ.က.ပ တော်လှန်ရေးကိုပဲ ပြန်လည် ဆန်းစစ်ကြည့်ပါ။

ဒေါ်စုဟာ ရှစ်ဆယ့်ရှစ်ပြီးကာစမှာ စစ်တပ်နဲ့ ဗ.က.ပကို လျှော့တွက်ခဲ့တယ်၊ သူပြောရင် ရမယ်ပေါ့၊ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ ကြီးပြင်းခဲ့ရသူပီပီ အလွယ်တကူတွက်ချက်တာပါ၊ လက်တွေ့မှာ စစ်တပ်ရော ဗ.က.ပ ပါ၊ မလွယ်ဘူးဆိုတာတွေ့ကြရတယ်၊
စစ်တပ်ထဲမှာ သဘောထား တင်းမာသူတွေရှိသလို ဗ.က.ပ ထဲမှာလည်း ခေါင်းမာသူတွေ အများကြီး ရှိနေတယ်ဆိုတာ ဒေါ်စုကိုယ်တိုင် တွေ့လာရတယ်၊
ပထမတော့ ရရင်ရ မရရင်ချ၊ မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြဆိုတဲ့ လမ်းစဉ်ကို ဗ.က.ပ တွေနဲ့ရော လက်ဝဲအယူ ကိုင်စွဲ သူတွေနဲ့ပါ အတူလက်တွဲခဲ့ပါသေးတယ်၊



ကိုယ့်ပြည်တွင်းရေး ကိုယ်ရှင်းရေး မူဆိုတာကို အသေဆုတ်ကိုင်ခဲ့ပါသေးတယ်၊ စစ်တပ်ဘက်မှာ တရုတ်နဲ့ ရုရှားတို့ ရပ်ပေးနေသ၍ မရနိုင် ဆိုတာကို လက်တွေ့သင်္ခန်းစာအရ နားလည်လာပြီးမှ ချက်ကတ္တီပါ လမ်းစဉ်မျိုးကို အသေဆုတ်ထားလို့ မရဆိုပြီး ဗျူဟာပြောင်း တာဖြစ်တယ်။

ကမ္ဘာမှာ နိုင်ငံရေးအရ စစ်တပ်မပါဘဲ ပြီးနိုင်တဲ့ နိုင်ငံတွေရှိကြသလို စစ်တပ်ပါမှပြီးတဲ့ နိုင်ငံတွေလည်း ရှိတယ်၊ မြန်မာပြည်ဟာ စစ်တပ်မပါရင် မပြီးတဲ့ နိုင်ငံမျိုး၊ စစ်အာဏာရှင်စနစ်ကို အမှီသဟဲနဲ့တည်ဆောက်ထားတာဖြစ်တယ်၊
ဒါကို သိသိကြီးနဲ့ ဗ.က.ပ က ဗြောင်ငြင်းချင်နေတယ်၊ ဗိုလ်နေဝင်းက ဘယ်သူ့အကိုင်ကိုမှ မခံဘူးလို့ ပြောပြောနေတယ်၊
ဟုတ်ပါတယ်၊ ဗိုလ်နေဝင်းက အနောက်အုပ်စုနဲ့ ခွာပြဲမယ့် အခြေအနေကို မြင်တော့ တရုတ်နဲ့ ရုရှားတို့လို နိုင်ငံတွေဘက် ပြေးကပ်တယ်၊
စစ်တပ်မှာ အမြဲပဲ အမှီသဟဲ ကျောထောက်နောက်ခံရှိရှိနေတယ်၊ ဒါဟာ သူရဲ့ မဟာဗျူဟာထဲက တစ်ခုပဲ။

အဲဒီ စစ်အာဏာရှင်စနစ်ကို ဒေါ်စုရော လူထုနဲ့ ဗ.က.ပ တွေပါ၊ ကိုယ့်အားကိုယ်ကိုးပြီး အမှီသဟဲလွတ်တိုက်ပွဲ ဝင်ခဲ့ကြတာပဲ မဟုတ်လား၊
နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပြီ၊ ရခဲ့လို့လား၊ ကိုယ့်ဘက်ကချည်း ပေးဆပ်ခဲ့ကြရတာ၊ ဖြူကာပြာကာကျနေပြီ၊
ဒါကိုနားလည်လို့ ဗျူဟာပြောင်းလိုက်တဲ့ ဒေါ်စုကို ဘက်ပြောင်းသွားပြီလို့ ဗ.က.ပ က စွပ်စွဲတယ်၊
တကယ်တော့ ဒေါ်စုဟာ လူထုဘက်မှာပဲ အမြဲရပ်တယ်၊ လူထုမျက်နှာကိုပဲ ကြည့်တယ်၊ လူထုကို ကယ်တင်ရမယ့် လမ်းစဉ်နဲ့ ဘက်မှာပဲ အမြဲနေတယ်၊ ဒေါ်စုသည် ဘယ်တော့မှ ဘက်ပြောင်းသည်ဟူ၍ မရှိ။

ဒေါ်စုသည် တဖြည်းဖြည်းပြောင်းလဲရေး အင်ဒိုနီးရှားလမ်းစဉ်ကို အာရုံကြပြီး ချက်ကတ္တီပါ လမ်းစဉ်ကို ကြောခိုင်းသွားပြီလို့ ဆိုတယ်၊
ဒီလို မဟုတ်ဘူး၊ လမ်းစဉ်နှစ်မျိုးလုံးကို လေ့လာပြီး သုံးနေတာသာဖြစ်တယ်၊ အခြေအနေအပေါ် မူတည်ပြီး ကိုက်ညီတဲ့ လမ်းစဉ်ကို သုံးရတာ ဖြစ်တယ်၊
ရှင်းရှင်းပြောရရင် ဘယ်သူကမှ ဘယ်သူ့အကူညီကို ယူချင်တာ မဟုတ်ပါ၊ မလွဲသာလို့ ယူရတယ်ဆိုတာ ဗ.က.ပ သိလောက်ပါတယ်၊
ဗ.က.ပလည်း တရုတ်အားကိုးပဲ မဟုတ်လား၊ အခုကော ကင်းလို့လား။


မြန်မာ့နိုင်ငံမှာ လွတ်လပ်ရေးကြိုးပန်းမှုကာလကတည်းက စစ်တပ်နဲ့ ဗ.က.ပ ဟာ ခွဲလို့ မရခဲ့ဘူး၊
ဒါကြောင့် နှစ်ဦးလုံးရဲ့ အခန်းကဏ္ဍက မပါမပြီးဖြစ်လာတယ်၊ အဲဒါ ယနေ့အထိပဲ၊
တိုင်းရင်းသားအဖွဲ့နဲ့ အစိုးရမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေက သီးခြားဖြစ်တယ် ရှင်းနိုင်တဲ့ ပြဿနာဖြစ်တယ်၊
တိုင်းရင်းသားအဖွဲ့တွေထဲမှာ ဗ.က.ပ လို လက်ဝဲအယူအဆတွေ ဝင်နေတဲ့အတွက်လည်း စစ်တပ်ရဲ့ အခန်းကဏ္ဍကို ကြီးသထက်ကြီးစေတာ ဖြစ်တယ်၊ ခြုံ့လိုက်ရင် ဗ.က.ပ အားကောင်းနေရင် စစ်တပ်က အားကောင်းနေ အုံးမယ်ဆိုတဲ့ အဖြစ်မျိုးနဲ့ ရင်ဆိုင်နေရတယ်၊

ဗ.က.ပ ဆိုတာ ကွန်မြူနစ်ဝါဒကို ယုံကြည်လက်ခံသူတွေ ဖြစ်တယ်၊
ကွန်မြူနစ်ဝါဒကို ယုံကြည်လက်ခံ ကျင့်သုံးနေတဲ့ နိုင်ငံတွေရှိသလို၊ အဖွဲ့အလိုက်လည်း နိုင်ငံအများအပြားမှာ ရှိနေကြတယ်၊
ဒါကြောင့် အရင်းရှင်အုပ်စုအတွက် ကြီးမားတဲ့အနှောင့်အယှက်တွေဖြစ်တယ်၊ မြန်မာပြည်မှာ ကွန်မြူနစ်ဝါဒကို ယုံကြည်လက်ခံတဲ့သူတွေ အားကောင်းခဲ့တယ်၊
ဒါကို ပါလီမံဒီမိုကရေစီ အစိုးရက မနှိပ်ကွပ်နိုင်လို့ စစ်တပ်အစိုးရပေါ်ပေါက်ရတာပဲ၊ အရင်းရှင်အုပ်စုကလည်း ကွန်မြူနစ်ကို နှိပ်ကွပ်မယ့် စစ်တပ်အစိုးရကို အားပေးခဲ့တယ်၊
စစ်တပ်အစိုးရကလည်း ယုတ်မာရက်စက်တာပဲ၊ မြန်မာပြည် ဖွတ်ဖြစ်သွားတယ်၊
ကွန်မြူနစ်ရော စစ်တပ်အစိုးရရော ဘယ်ကောင်မှ မကောင်းဘူး၊ ဒါပေမယ့် မြန်မာပြည်မှာ နှစ်ကောင်စလုံးကို အပြတ်ရှင်းနိုင်မယ့် ပြည်သူ့ အစိုးရမျိုးဖြစ်ဖို့က အလွန်မလွယ်ဘူး၊
ဒါကြောင့် စည်းရုံးသိမ်းသွင်း နားချပြီး ပြည်သူတင်မြှောက်တဲ့ အရင်းရှင် ဒီမိုကရေစီ လစ်ဘရယ် အစိုးရမျိုးဖြစ်အောင် အမေရိကန် အကူအညီနဲ့ ချော့တခါ ခြောက်တလှည့် လုပ်ရမယ့်ကာလ ဖြစ်နေတယ်၊
ဒီတာဝန်ကို ဒေါ်စုနဲ့ အင်အယ်ဒီသစ်က ထမ်းဆောင်နေရတယ်၊ လွယ်တာတော့ မဟုတ်ပါဘူး၊
စိုးရိမ်စရာကောင်းတာက ဗ.က.ပ မှာ အားရှိနေသ၍ စစ်တပ်ကိုလည်း အားဖြည့်ထားရအုံးမယ်ဆိုတာမျိုး ဖြစ်နေရင်တော့ တိုင်းပြည်နဲ့ လူထု နာနေမှာ အမှန်ပဲ။



ဒါကြောင့် တရုပ်ပြည်နယ်စပ်မှာ တရားမဝင် နေနေတဲ့ ဗ.က.ပ နဲ့ နောက်လိုက်များအားလုံး သဘောထားပြောင်းလိုက်ပါ၊
အင်္ဂလိပ်နဲ့ အမေရိကန်ဟာ ခေတ်သစ် နီရိုကိုလိုနီတွေမဟုတ်ဘူး၊
သူတို့နဲ့ပေါင်းမှ မြန်မာပြည်အသက်ရှုပေါက်ချောင်မယ်လို့ ဆိုတဲ့ ဘက်ကိုပါ။

လက်ရှိအနေအထားမှာ ဗ.က.ပ သည် လက်နက်ကိုင်အင်အားလုံးဝမဟုတ်တော့ပါ၊ သို့သော် စစ်တပ်က သူ့အင်အားကို တိုးချဲ့သထက် တိုးချဲ့နေတယ်၊
စစ်တပ်ဟာ ဗ.က.ပ ကို စစ်ရေးအရ ဂရုမစိုက်တော့ပေမယ့် သူ့အပြစ်နဲ့သူ ပြည်သူကို ကြောက်နေတယ်၊
ဒါကြောင့် သူ့စစ်အင်အားသည် ပြည်သူကို ခြိမ်းခြောက်ဖို့ပဲဖြစ်လာတယ်၊ နျူကလီးယား လုပ်ဟန်ပြလာတာက မြောက်ကိုရီးယား ပုံစံနဲ့ နိုင်ငံကြီးတွေကို အပေးအယူ အလျော့အတင်းလုပ်ဖို့ ကြိုးစားတာသာဖြစ်တယ်၊
ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင်တွေဟာ အနာဂတ်အတွက် ရှိမြဲဥစ္စာနဲ့ ဘဝလုံခြုံရေးပဲဖြစ်တယ်။

ဘာဘဲဖြစ်ဖြစ် စစ်အာဏာရှင် စနစ်နဲ့ စစ်တပ်ပြောင်းလဲလာဖို့ဆိုရင် အင်ဒိုနီးရှားပုံစံဟာ အညင်သာဆုံးဖြစ်နိုင်တယ်လို့ ဒေါ်စုတို့ဘက်က ယူဆနိုင်ပါတယ်၊
အမေရိကန်ရဲ့ အကူအညီကြောင့်လည်း အင်ဒိုနီးရှားပုံစံလို မြန်မာပြည်မှာ ဖြစ်နိုင်ခြေရှိပါတယ်၊
ချက်ကတ္တီပါလမ်းကြောင်းမျိုးကလည်း မလွှဲသာရင် လုပ်ကြရမှာပါ၊ ဒါပေမယ့် အမေရိကန်ရဲ့ အကူအညီကိုတော့ လက်လွှတ်လို့မဖြစ်ဘူး။

အင်ဒီနီးရှားပုံစံကို ဒေါ်စုက သဘောကျပြီး ဦးအောင်ကြည်မှ တဆင့် ဗိုလ်သန်းရွှေဆီကို အချက်ပြတာလို့ ဖိုးသံချောင်းကဆိုတယ်၊
ဖြစ်နိုင်ခြေရှိပေမယ့် ဒေါ်စုရဲ့ ဆန္ဒတစ်ခုတည်းနဲ့မရပါဘူး၊
အမေရိကန်နဲ့ ဗိုလ်သန်းရွှေတို့ ဆန္ဒက ပိုပြီး အဓိကကျတယ်၊
ဒါကြောင့် ကမ္ဘာ့စူပါပါဝါရဲ့ ကြားဝင်မှု့ကို ဒေါ်စုက အပြုသဘောဆောင်တဲ့ ယုံကြည်မှု့နဲ့ လက်ခံပြီး အင်ဒိုနီးရှား ပုံစံကို သွားကြည့်နေတာ သာဖြစ်တယ်၊
လူတိုင်းသိနေတဲ့ တရုတ်နဲ့ မြန်မာစစ်အစိုးရရဲ့ အလွန်အကျွံနီးကပ်မှု့ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကမ္ဘာ့မဟာဗျူဟာဆိုင်ရာ အန္တရာယ်တစ်ခုမှ လွတ်မြောက်ဖို့ အမေရိကန်တို့ရဲ့ ရွှေ့လိုက်တဲ့ အရွေ့ ဖြစ်တာက မြင်သာနေတယ်။

ဒါသည် ဒေါ်စုက ဒါရိုက်တာလုပ်ပြီး ရိုက်တဲ့ ဇာတ်လမ်းမဟုတ်ဘူးဆိုတာ ဗ.က.ပ တို့ သိသင့်တယ်၊
အမေရိကန်လွှတ်တော်ထဲက ထွက်ပေါ်လာတဲ့ နည်းဗျူဟာဖြစ်တယ်၊ ဗိုလ်သန်းရွှေက ရုတ်မက် (၇)ချက် အတိုင်း သွားချင်သွားမယ်၊
ဒါပေမယ့် ပန်းမဝင်သေးဘူး။




ဗိုလ်သန်းရွှေတို့ အုပ်စု ရုတ်မက် (၇)ချက် အတိုင်း ချောမွေ့သွားပြီလို့ ဗ.က.ပ တို့ ကောက်ချက်ချမစောကြနဲ့အုန်း၊
အခုမှ ပွဲက စရမှာ၊ ပွဲစဖို့အတွက် နည်းဗျူဟာ အသစ်နဲ့ အင်အယ်ဒီ အသစ်ကို ပြန်ဖွဲ့တာဖြစ်တယ်။

ဂငယ်ကွေ့တို့ သုံးရာ့ ခြောက်ဆယ် ဒီကရီကွေ့ကွေ့သွားပြီလို့ဆိုတဲ့ စကားတွေပြောနေလည်း အပိုပဲဖြစ်မယ်၊
အရေးကြီးတာက ၂၀၀၈ဖွဲ့စည်းပုံကို လူထုအလိုကျတဲ့အထိ ဖြစ်ဖို့ပဲ မဟုတ်လား၊ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့ပဲမဟုတ်လား၊
ဒီကိစ္စကို လွှတ်တော်ထဲမှာ ဖြစ်အောင်လုပ်ဖို့ အင်အယ်ဒီသစ်က ကြိုးပမ်းနေတာဖြစ်တယ်၊
မဖြစ်နိုင်ဘူးထင်ရင် ဗ.က.ပတို့ ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ပဲ ဖြစ်ပါတယ်၊
တရားဝင် အသင်းဖြစ်ဖို့အတွက် ဖွဲ့စည်းပုံပြောင်းဖို့ဆိုတာတွေကို ပြောနေစရာမလိုတော့ပါဘူး။

အင်အယ်ဒီသစ်က လွှတ်တော်ထဲဝင်မယ့် ကိစ္စသည် ဒေါ်စု၊ ဗိုလ်သန်းရွှေနဲ့ ဗိုလ်သိန်းစိန်တို့ အပေးအယူမျှတာသာဖြစ်ပြီး ဗိုလ်သန်းရွှေ ကို အာခံတာ မဟုတ်ဘူးလို့ ဗ.က.ပ က ပြောတယ်၊
တကယ်တော့ အပေးအယူမျှလို့ တိုင်းပြည်မှာ ဒီမိုကရေစီရပြီး လူထုကြီးပွါးတိုးတက်ရင်လည်း ပြီးတာပဲမဟုတ်လား၊
ဗိုလ်သန်းရွှေကို အာခံစရာမလိုပဲ ဒီမိုကရေစီ ရရင်လည်း မကောင်းဘူးလား၊
လူထုလက်ထဲကို ဒီမိုကရေစီ ရရင် အရာရာကို ဖန်တည်းနိုင်ပြီဆိုတာ ဗ.က.ပ တို့ သဘောပေါက်သင့်တယ်။

အမေရိကန်မှာ အိုဘားမားက ပေါ်လစီ ပြောင်းချင်တော့ ဘုရှ်ကိုလွှဲချတယ်၊
ဒေါ်စုက ချက်ကတ္တီပါလမ်းက အင်ဒိုနီးရှားလမ်းကို ပြောင်းတဲ့အတွက် ဘယ်သူ့ကိုမှ လွှဲချလို့မရဘူးလို့ ဗ.က.ပ က ဆိုတယ်၊
ဒေါ်စုက ဘယ်သူ့ကိုမှလည်း လွှဲချမှာ မဟုတ်ပါဘူး၊ လူထုလွတ်မြောက်ရေးအတွက် ရဲရဲတင်းတင်းနဲ့ ပွင့်ပွင့်လင်းလင်းပဲ တိုက်ကွက် ပြောင်းတာ နည်းဗျူဟာပြောင်းတာသာဖြစ်တယ်၊
ကတ္တီပါသမားတွေကို ထားခဲ့တာ သစ္စာဖေါက်တာမဟုတ်ဘူး၊
ဒေါ်စုက ပြောပြီးပြီပဲ နိုင်ငံရေးမှာ ဦးဏှောက်နဲ့ဆုံးဖြတ်ပါ၊ နှလုံးသားနဲ့ မဆုံးဖြတ်ရဘူးလို့၊
ဒါဟာ ဗ.က.ပ နဲ့ လက်ဝဲ တယူသန်တွေအတွက်ဖြစ်တယ်။

အင်ဒိုနီးရှားလမ်းက အောင်ကြီး တချိန်ကပြောခဲ့တဲ့ လမ်းစဉ်ဖြစ်တယ်၊ ခုတော့ အောင်ကြီးပြောတဲ့ လမ်းစဉ်ကိုပဲ ဒေါ်စုက လိုက်ရ တယ်တဲ့၊
ဟုတ်တယ် တချိန်က အောင်ကြီးပြောခဲ့စဉ်ကာလနဲ့ အခု ကာလနဲ့ မတူဘူး၊
ကမ္ဘာ့ နိုင်ငံရေး အခြေအနေက အတော်ကွာခြားပြောင်းလဲသွားပြီ၊ အခုအချိန်မှာ အောင်ကြီးပြောတဲ့ အင်ဒိုနီးရှားပုံစံဟာ မြန်မာပြည်နဲ့ အံဝင်နေရင် လိုက်ကိုလိုက်ရတော့မယ်၊
နှစ်ပေါင်းငါးဆယ်လောက် အံချော်ခဲ့တဲ့ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းဟာ ယခု ပြန်ပြီး အံဝင်လာတယ်၊
ဒီအခွင့်အရေးကို မြန်မာပြည်က အမိအရဆုတ်ကိုင်ရမယ်ဆိုတာ အင်္ဂလိပ် နိုင်ငံခြားရေးဝန်ကြီးကလည်း ပြောတယ်၊
ဒေါ်စုကလည်းပြောတယ်၊ အခြားနိုင်ငံခေါင်းဆောင်ကြီးတွေကလည်း ပြောနေတဲ့ အချိန်ပဲ၊
အောင်ကြီးပြောခဲ့တဲ့အတိုင်း အင်ဒိုလမ်းစဉ်ဟာ မြန်မာပြည်အတွက် နိုင်ငံတကာပြောင်းလဲမှုအရ အံဝင်လာတယ်၊
ဒါကြောင့် အံဝင်တဲ့လမ်းစဉ်နဲ့ အခွင့်အရေးကို အမိအရ ဆုတ်ကိုင်သင့်လို့ အင်အယ်ဒီအသစ်က ဆုတ်ကိုင်တယ်၊
သို့သော် ဗ.က.ပ တို့ သဘောပေါက်ရမှာက ပုံတူကူးချနေတာမဟုတ်ဘူးဆိုတာပါပဲ၊ အကြမ်းမဖက်သင့်တော့တဲ့ အချိန်မှာ အကြမ်း မဖက်လမ်းစဉ်ကိုသွားနေတာသာ ဖြစ်တယ်၊
ထိပ်တိုက်မတွေ့သင့်သေးတဲ့အချိန်မှာ ထိပ်တိုက်တွေ့မှု့ကို ရှောင်နေတာသာဖြစ်တယ်။


ဗ.က.ပ က ထောက်ပြသလို အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းက မတူဘူးဆိုတာ မှန်ပါတယ်၊
ထပ်တူတော့ ဘယ်ဖြစ်ပါ့မလဲ၊ သို့သော် ကွန်မြူနစ်အားကောင်းတဲ့ နိုင်ငံတွေမှာ ကွန်မြူနစ်ကို နှိမ်နင်းမယ့် အစိုးရကို အမေရိကန်က အားပေး တဲ့အခြေခံသဘောကတော့ အတူတူပါပဲ၊
ဆူဟာတိုက ကွန်မြူနစ်နဲ့ တရုတ် ငါးသိန်းလောက်ကို သတ်လိုက်လို့ အမေရိကန်က ကူညီအားပေးမှု့တွေရှိခဲ့သလို ဗိုလ်နေဝင်း ကလည်း တက္ကသိုလ် သမဂ္ဂကို ဖြိုချပြတယ်၊
တရုတ် ဗမာ ရိုက်ပွဲလုပ်တယ်၊ ဖြတ်လေးဖြတ်နဲ့ ဗ.က.ပ ကို တိုက်ပြတယ်၊
ဒီတော့ အမေရိကန်က အားပေးကူညီခဲ့တာပဲ မဟုတ်လား၊ ဗိုလ်နေဝင်းရဲ့ စစ်အာဏာရှင်စနစ် ယနေ့ထိ ခိုင်မြဲနေတာပါပဲ၊
ဗိုလ်နေဝင်းက နိုင်ငံရေး ကစားတတ်လို့ဆိုတာထက် အနောက်အုပ်စုရဲ့ အားပေးမှုက ပိုပြီး ပဓါန နေရာမှာ ရှိနေတယ်။

တရုတ်နဲ့ ကုလားကြားမှာ မြန်မာပြည်ရှိနေတဲ့ ပထဝီနိုင်ငံရေးအနေအထားဆိုတာထက် တရုတ်နဲ့ ကပ်နေတဲ့အတွက်ဆိုတာကို ပိုပြီး နားလည်ရမယ်၊
ဒါကြောင့်လည်း မြန်မာပြည်ဟာ ဒုတိယ မြောက်ကိုရီးယား ဖြစ်မသွားအောင် အမေရိကန်က သတိထားနေတာသေချာပါတယ်၊
အမေရိကန်နဲ့ တရုတ်တို့က သူတို့ ဗျူဟာနဲ့ သူတို့အလုပ် သူတို့လုပ်နေကြတယ်၊ ကိုယ့် မြန်မာတွေ လုပ်ကြရမှာက မြောက်ကိုရီးယား လို ဖြစ်ချင်သလား၊
တောင်ကိုရီးယားလိုဖြစ်ချင်သလား၊ ဒါကို ဗ.က.ပ တို့ စဉ်းစားဆုံးဖြတ်ကြ။

ကမ္ဘာ့စနစ်သစ်လွန်ဆွဲပွဲမှာ မြန်မာပြည် မလွတ်ဘူး၊ သိပ်မှန်တဲ့စကားပါ၊
ဗ.က.ပ တို့ ပြောနေကျ “ အနေတတ်ရမယ်တဲ့၊ ” ဘယ်လို အနေတတ်တာကိုပြောတာလဲ၊
ကြားနေတာလား၊ ကြားနေလို့ကော ရမှာလား၊ တရုတ်နဲ့ အိမ်နီးချင်းမို့ တရုတ်ဘက်ကို ကပ်တာ အကောင်းဆုံးလို့ ပြောချင်တာလား၊
ရှင်းရှင်းပြောကြပါ၊ တရုတ်နဲ့ ကပ်နေတဲ့ နိုင်ငံတွေအများကြီးရယ်၊
ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့ပါ ထည့်တွက်လိုက်အုံး၊ သူတို့ ဘယ်လိုရပ်တည်နေကြသလဲ။



အင်အယ်ဒီသစ်က ရွေးချယ်တဲ့ လမ်းက စိန်စုကန် သဟဇာတမူနဲ့ မြန်မာပြည်ကို ထူထောင်မယ်၊
တရုတ်ကိုလည်းဆန့်ကျင်တာ တိုက်ခိုက်တာ ဝေဘန်တာမျိုး မလုပ်ဘူး၊
ကိုယ့်ပြည်ကောင်းစားရေးအတွက် ကောင်းကျိုးပေးမယ့် သူကို ပေါင်းမှာပဲ၊
ကိုယ့်တိုင်းပြည် နိမ့်ကျနေတဲ့ ဘဝက ရုန်းထွက်ဖို့ မှာ စွန့်စားသင့်ရင် စွန့်စားရမှာပဲ၊
ရှေ့မှာ အခက်တွေ့မယ်ဆိုတာကိုလည်း ကြိုပြီး သိကြပါတယ်၊ အဲဒီ့အခက်ကို ဘယ်လိုကျော်လွှားမယ်ဆိုတာလည်း အင်အယ်ဒီသစ်မှာ စဉ်းစားချေ ရှိထားပြီးသားဖြစ်မှာပါ၊
အရေးကြီးတာက မျက်မှောက်ခေတ်နဲ့ အညီ တွေးခေါ်မှု့ အခြေခံ ပုံစံ မှန်ဖို့ ပါပဲ၊ ကွန်မြူနစ် အတွေးအခေါ် ဆိုတာကတော့ ခေတ်မမှီတော့ဘူး ဆိုတာ ငြင်းစရာမလိုပါ။


မြန်မာက အာစီယံ ဥက္ကဋ္ဌဖြစ်မယ့် နှစ်မှာ (အာစီယံ လွတ်လပ်တဲ့ ဈေးကွက် AFTA) တွင် လမ်းဘေး ထ္မင်းဆိုင်လောက်ဖွင့်နိုင်မယ် ဖြစ်တဲ့အတွက် ဒုက္ခတွေ့မယ်ဆိုတာတော့ ဗ.က.ပ တို့ စိုးရိမ်လွန်တာနဲ့ တူပါတယ်၊
အာစီယံ ဆိုတာကို လိုသလို ပုံကြီးချဲ့ပြီး မရှုမြင်သင့်တော့ပါဘူး၊ စူပါယိမ်းရင် တိမ်းကြတာပါပဲ ဆိုတာ သဘောပေါက်ရပါမယ်၊
မြန်မာက ထ္မင်းဆိုင်ထက် နိမ့်တဲ့ မုန့်ဟင်းခါးဆိုင်လောက် ဖွင့်နိုင်လည်း ဘာမှမဖြစ်ပါဘူး။



စစ်အာဏာရှင်တွေထဲမှာ ပျော့ပျောင်းသူတွေရှိပါတယ်လို့ ဘယ်သူကမှ စိတ်ကူးမယဉ်ပါဘူး၊ စည်းရုံးရေးအရသာ ပြောနေတာပါ၊
ဒါပေမယ့် ပျော့ပျောင်းမှဖြစ်တော့မယ်လို့ သဘောပေါက်လာသူတွေ ရှိနေတာတော့ သေချာပါတယ်၊
ကမ္ဘာ့ ရေစီးကြောင်းပြောင်းလဲမူ့ဆိုတဲ့ ကမ္ဘာ့စနစ်သစ် လွန်ဆွဲပွဲနှင့်အတူ အခက်တွေ့လာတဲ့ စစ်အာဏာရှင်တွေထဲက အပြောင်းအလဲကို လိုလားကြသူများနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုတဲ့ နည်းဗျူဟာသည် အသင့်တော်ဆုံးဖြစ်နေတယ်လို့ အင်အယ်ဒီသစ်က ယူဆပါသည်၊
ဒါကို မကောင်းဘူးထင်ရင် သူထက်ကောင်းတာကို ဗ.က.ပ တို့ ချပြနိုင်ပါသည်။

ဗမာပြည်နိုင်ငံရေးသည် အမေရိကန်၊ အင်္ဂလန်နိုင်ငံရေးမျိုး မဟုတ်လို့ ခက်နေတာပါ၊
အမေရိကန်၊ အင်္ဂလန် သို့မဟုတ် အနည်းဆုံး ထိုင်းနိုင်ငံရေးမျိုးဖြစ်မှတော်ရာကျပါလိမ့်မည်၊
ဒီလိုဖြစ်အောင်လည်း ကြိုးစားကြရပါလိမ့်မည်၊ အရှိတရားကို မျက်ကွယ်မပြုကြပါနှင့်၊ ထိုင်းလူထု၏ စားနေဝတ် အဆင့်အတန်းကို မှီအောင် မြန်မာတွေဘယ်လောက်ကြိုးစားကြရအုံးမှာလည်းဆိုတာ ဗ.က.ပ တွေ စဉ်းစားမိကြရဲ့လား။

အင်အယ်ဒီက လမ်းခွဲသွားတယ်လို့ ဗ.က.ပ က ဆိုတယ်၊ ဟုတ်တယ် ဘယ်သူတွေနဲ့ လမ်းခွဲတာလည်း၊ အယူအစွဲဟောင်းနဲ့ ခေါင်းမာ အစွန်းရောက်တွေကို လမ်းခွဲသင့် ခွဲရမယ်၊ ပြည်သူနဲ့ လမ်းခွဲတာမဟုတ်ပါ၊
ဗ.က.ပ က သတိပေးတာကိုလည်း မပစ်ပယ်ပါဘူး၊
ဒါပေမယ့် ဗ.က.ပ ဆိုတာ ဆရာကြီးမဟုတ်တော့ဘူးဆိုတာ သတိထားသင့်နေပါပြီ။


၂၀၂၀ မှာ ၂၀၂၅ မှာ အင်အယ်ဒီက လုံးဝ အနိုင်ရမယ်ဆိုပြီး စိတ်ကူးယဉ်ခွင့်ရှိပါတယ်၊
ဒေါ်စု အသက် ၉၀ထိနေရပြီး နှစ်ပေါင်း နှစ်ဆယ် အစိတ်လောက်မှာ ဒီမိုကရေစီရမယ်လို့ အာမခံထားသလားမသိ ဆိုပြီး ဗ.က.ပ က ရိတိတိ ပြောနေတယ်၊
ဒါကတော့ ဗ.က.ပတို့ဟာ သူတို့ ဝသီကို မဖျောက်ဘူး၊ ဒီလိုပဲ ကြီးစဉ်ငယ်လိုက် ကလိတတ် ရိတတ်တယ်၊
လူကြီးလူကောင်းဆန်တယ်ပေါ့။ ၂၀၀၈ အခြေခံဥပဒေကို လွှတ်တော်တွင်းမှာ ပြင်မယ်ဆိုတာကို ဗ.က.ပ နဲ့ သူ့နောက်လိုက် ကလေးတွေက ရှေ့တန်းတင်ပြီးပြောနေကြတယ်၊ သူတို့ နိုင်ငံရေးနားလည်မှု့ကို အံ့သြစရာကောင်းတယ်၊
ဥပဒေ ဘယ်ကလာသလဲဆိုတာ သဘောပေါက်အောင် ဆန်းစစ်ကြပါ၊ ပါဝါနိုင်ငံရေး ခေတ်ဟာ အမြဲရှိနေတယ်၊
အင်အယ်ဒီသစ်သည် ပါဝါရှိအောင် လုပ်နိုင်ရင် ဥပဒေပြင်ဖို့ဆိုတာ လွယ်လွယ်လေးပါ၊
ဒေါ်စုနဲ့ အင်အယ်ဒီသည် လူထု ပါဝါကို ရနေတယ်၊ နောက်ပြီး စူပါ ပါဝါဆီက အကူအညီရနေတယ်။ အဲဒီ့ ပါဝါနဲ့ ဥပဒေပြင်မယ်၊
ရှင်းပါတယ် ဒေါ်စုပြောခဲ့ပြီးပါပြီ၊ စွန့်စားရအုံးမှာပဲဆိုတာ၊ ရာနှုန်းပြည့်ရမှ လုပ်မယ်ဆိုတာမျိုးက နိုင်ငံရေးမှာ မရှိနိုင်ပါဘူးတဲ့၊
ရင်ဆိုင်နေရတာက စစ်အာဏာရှင်ဆိုတာလည်း ဘယ်သူမှ မမေ့ကြသေးပါဘူး။



နိုင်ငံတကာ အခြေအနေကို ကိုယ်က မဖန်တည်းနိုင်ဘူး၊ မီးစင်ကြည့်ကရတာ ဆိုတာ မှန်ပါတယ်၊
ဒါကြောင့် အင်အယ်ဒီသစ်က မီးစင်ကြည့်ပြီး ကနေတာပါ၊ ဗမာပြည်နိုင်ငံရေးမှာ ကြံ့ဖွံ့နဲ့ အင်အယ်ဒီပဲရှိနေတာ မဟုတ်ပေမယ့် ၉၀ ခုနှစ် အတွေ့အကြုံအရတော့ တနိုင်ငံလုံးက အင်အယ်ဒီ ဖြစ်ခဲ့တယ်မဟုတ်ပါလား၊
အဲဒီ့တုံးက ဗ.က.ပ တို့လည်း အင်အယ်ဒီပဲ မဟုတ်ပါလား၊ အခုအခြေအနေမှာ ဗ.က.ပ တို့ က အင်အယ်ဒီမဟုတ်တော့ဘူးဆိုတာလည်း သိနေပါပြီ၊ ဒါပေမယ့် တိုင်ပင်ဆွေးနွေးမှု့တွေနဲ့ ညှိ့လို့ရကြမှာပါ၊
ဗ.က.ပ တို့ဆိုတာလည်း အဖွဲ့အစည်းပါပဲ၊ ညှိ့နှိုင်းပြီး သဘောတူလာနိုင်တဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိနေနိုင်ပါတယ်။

ကြံ့ဖွံ့နဲ့ အင်အယ်ဒီအပြင် ဒို့ ဗ.က.ပ တွေရှိနေတယ်ဆိုပြီး သတိပေးတာ ဆိုရင်လည်း သတိထားနေမှာပါပဲ၊
အင်အယ်ဒီက ဟိုဘက်ဝိုင်းထဲဝင်သွားတာလည်း ဗ.က.ပ ကို ရန်လုပ်ဖို့ လုံးဝ ရည်ရွယ်မှာ မဟုတ်ပါ၊
လက်ရှိ တရုတ်အစိုးရနဲ့ ဗ.က.ပ တို့ ပြန်ပေါင်းထုတ်ရင်တောင်မှ အင်အယ်ဒီသစ်မှ ရန်ငါစည်းမခြားသေးပါ၊
အားလုံးကို စည်းရုံးသိမ်းသွင်းပြီး လူထုကောင်းစားရေး အကျိုးကိုပဲ ရှေးရှုလုပ်ဆောင်ပါလိမ့်မယ်၊
ဗ.က.ပ အနေနဲ့ ဆန္ဒ မစောပဲ သံသယပျောက်ပြီး အမှန်ဘဝ ရောက်ဖို့ကိုပဲ ကြိုဆိုမျှော်လင့်မိပါကြောင်း။


ဦးဖိုးသာအောင်

No comments:

Post a Comment