သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Sunday, February 12, 2012

သက်တမ်းလတ်တိုက်များ ကြံ့ခိုင်မှုအထူးဂရုပြုသင့်နေပြီဖြစ်ကြောင်း ၀ါရင့်တည်ဆောက်သူများ သုံးသပ်

ထားထားခင်

အတွဲ ၂၈ ၊ အမှတ် ၅၅၆ ( ၁၀ - ၁၆ ၊ ၂ ၊ ၂၀၁၂)

စက်ဆန်းကူတို့ဆိပ် ပေါက်ကွဲမှုအရှိန်ကြောင့် ဇန်န၀ါရီ လဆန်း ပိုင်းက ပြိုကျမှုဖြစ်ခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၂၄ လမ်းရှိ သုံးထပ်တိုက်ကို တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်
ယမန်နှစ် ဒီဇင်ဘာနှောင်းပိုင်းကဖြစ်ပွားခဲ့သော မင်္ဂလာတောင်ညွန့်၊ စက်ဆန်း ကူးတို့ဆိပ်ရှိ ဂိုဒေါင်များပေါက်ကွဲပြီး နောက်ပိုင်းတွင် အကျိုးဆက်အနေဖြင့် တိုက်ပြိုကျမှုများရှိလာရာ ရန်ကုန်ရှိ ၂၅-၃၀ နှစ်ရှိသော သက်တမ်းလတ် တိုက်များ၏ ကြံ့ခိုင်မှုသည် အထူးဂရု ပြုရမည့် အခြေအနေတွင်ရှိနေကြောင်း ၀ါရင့်တည်ဆောက်သူများက သုံးသပ်သည်။
၎င်းတို့၏ ပြောကြားချက်အရ ကန်ထရိုက် ခေတ်ဦးဟုခေါ်ဆိုသော ၁၉၈၀ ခုနှစ်ဝန်းကျင်တွင် တည်ဆောက်သော တိုက်များသည် ဆောက်လုပ်မှု အရည်အသွေးအားနည်းမှုရှိသည် သာမက သက်ဆိုင်ရာမှ လာရောက် စစ်ဆေးမှုအားနည်းခဲ့ခြင်းအပြင် အရည်အသွေးနိမ့်သည့် ဆောက်လုပ်ရေးပစ္စည်းများသုံးစွဲမှုကြောင့် တိုက်များ ၏ ခိုင်ခန့်မှုမှာဈေးကွက်ရှိ အခြားသော သက်တမ်းရင့် တိုက်များထက် သိသာစွာ အားနည်းလျက်ရှိသည်ဟု ၎င်းတို့က ပြောသည်။
"တိုက်တွေသက်တမ်းအားဖြင့် ၂၅-၃၀ ၀န်းကျင်လောက်ရှိတာတွေမှာ အရည်အသွေးပိုင်းဆိုင်ရာ လိုအပ်ချက် တွေရှိတာကို အများဆုံးတွေ့ရတယ်၊ အတွေ့အကြုံအရပြောရမယ်ဆိုရင် အဲဒီ အချိန်တုန်းက ဆောက်တဲ့ကန်ထရိုက်တွေက ကိုယ်ရမယ့်အကျိုး အမြတ်တစ်ခုကိုပဲ ကြည့်ကြတာများတယ်၊ စံချိန်စံညွှန်း မီဖို့၊ တိုက်အရည်အသွေးကောင်းဖို့ ကျတော့ ထည့်မတွက်ကြဘူး"ဟု ဗိုလ်တထောင်မြို့နယ်အခြေစိုက် တည်ဆောက်သူတစ်ဦးက ဝေဖန် ပြောဆိုသည်။
ထို့ပြင် ဆောက်လုပ်ရေးသံချောင်းများ စံချိန်စံညွှန်းမမီခြင်း၊ အရည်အသွေးနိမ့် ဘိလပ်မြေများသုံးစွဲခြင်းစသည့် အချက်များက တိုက်အရည်အသွေးကို များစွာကျဆင်းစေသည့်အချက်များ ဖြစ်ကြောင်း ၎င်းတို့ကဝေဖန်သည်။
"တည်ဆောက်ရေးဆိုင်ရာ ချို့ယွင်းအားနည်းမှုတွေကို လွန်ခဲ့သည့် ၂၅-၃၀ နှစ်ဝန်းကျင်မှာ ဆောက်ခဲ့တဲ့တိုက်တွေမှာ အများဆုံး တွေ့ရတယ်၊ ရာခိုင်နှုန်း အနေနဲ့ ပြောရရင်အဲဒီသက်တမ်းရှိတဲ့ တိုက်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းလောက် မှာတွေ့ရတယ်"ဟု ၎င်းကသုံးသပ်သည်။
ရန်ကုန်တွင် တိုက်ပြိုကျမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရပြီး ဇန်န၀ါရီလဆန်းပိုင်းတွင် မင်္ဂလာတောင် ညွန့်မြို့နယ်၊ ၁၂၄ လမ်းရှိ သုံးထပ်တိုက် ရေချိုးခန်းနောက်ဘက်ခြမ်းပြိုကျမှု ဖြစ်စဉ်မှာ စက်ဆန်းရှိဂိုဒေါင်များ ပေါက်ကွဲစဉ် တုန်ခါမှုကြောင့် တိုက်နံရံများ အက်ကွဲရာမှတစ်ဆင့် ပြိုကျမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့ပြီးဖြစ်သည်။
အဆိုပါပြိုကျမှု ဖြစ်ခဲ့သော အခန်းတည်ရှိရာအလွှာမှာ သက်တမ်းနှစ် ၃၀ ခန့်ရှိပြီဖြစ်ရာ တည်ဆောက်သူများ မီးမောင်းထိုးပြနေသည့် အဆောက်အအုံစာရင်းတွင် ပါဝင်သောအဆောက်အအုံတစ်ခုဖြစ်သည်။
ထို့ပြင် အဆိုပါမြို့နယ်၌ပင် ဇန်န၀ါရီ ၃၁ ရက်နေ့ ၌ နှစ်ထပ်တိုက်အပေါ်ထပ် နောက်ဖေးမီးဖိုခန်း ပြိုကျမှုဖြစ်ပွားခဲ့သည်ဟု ဖေဖော်ဝါရီ ၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါတိုက်မှာ သက်တမ်းအားဖြင့် ၂၄ နှစ်ခန့်ရှိပြီး ၁၉၈၇ ခုနှစ်တွင်ဆောက် လုပ်ခဲ့သည်ဟုသိရပြီး ပြိုကျရသည့် အကြောင်းရင်းမှာ အုတ်များဆွေးမြည့်ကာ ဆယ်ပေပတ်လည်အကျယ်ရှိ မီးဖိုခန်းပြိုကျခဲ့သည်ဟု ရေးသားဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်များကို ကြည့်လျှင်ပြိုကျမှု ဖြစ်လာသည့် တိုက်အများစုသည် တည်ဆောက်သူများဝေဖန်သုံးသပ်နေသည့် သက်တမ်း များနှင့်နီးစပ်မှုရှိသည်ကို တွေ့ရပြီး ကန်ထရိုက်ခေတ်ဦးတည် ဆောက်မှုများ၏ ဆောက်လုပ်ရေးဆိုင်ရာ စံချိန်စံညွှန်းနှင့် အရည် အသွေး နိမ့်ပါးပုံကို ထင်ရှားစွာသာဓကပြလျက် ရှိသည်။
ထို့ကြောင့်ပင် ဆောက်လုပ်ရေးလော ကအတွက် ဆိုးရွားသော တည်ဆောက် ရေး အားနည်းမှုဖြစ်နိုင်သည့် အဆိုပါ သက်တမ်းရှိ တိုက်များကို စည်ပင်၊ တည်ဆောက်သူနှင့် အင်ဂျင်နီယာတို့ အတူတကွ ပူးပေါင်းဖြေရှင်းရန် လိုအပ်ကြောင်းလည်း ၀ါရင့် တည်ဆောက်သူ တစ်ဦးကပြောသည်။
"စည်ပင်၊ ကန်ထရိုက်နဲ့ အင်ဂျင်နီယာတွေက ဒီကိစ္စကိုစီမံချက်ချဖြေရှင်း ဆောင်ရွက်ဖို့လိုတယ်၊ သက်တမ်းရင့် အဆောက်အအုံ ၂၅-၃၀ နှစ်ဝန်းကျင်ထဲမှာရှိတဲ့ တိုက်တာတွေအားလုံးကို စစ်ဆေးသင့်နေပြီ၊ တချို့အဆောက်အအုံတွေက ပြုပြင်လို့လုံးဝမရတော့ တာမျိုးတွေရှိတယ်၊ ဒါကြောင့် အဲဒီ တိုက်တွေရဲ့ ခိုင်ခံ့မှုအလိုက်အဆင့်ခွဲပြီး စစ်ဆေးသင့်တယ်၊ ဒါမှ အဆောက် အအုံတွေပြိုကျတာ၊ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ကျရောက်တာတွေ သိသိသာသာနည်းသွားစေမယ့် အပြင် မြို့တော်အင်္ဂါရပ်နဲ့လည်း ပိုညီညွတ် လာမယ်"ဟု အဆိုပါ ၀ါရင့် တည်ဆောက်သူက ၎င်းအမြင်ကို ရှင်းပြ ပြောဆိုသည်။
သက်တမ်း ၂၅-၃၀ နှစ်ရှိသော အဆောက်အအုံများသည် မြို့စွန် ဧရိယာများထက် ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ၊ လမ်းမတော်၊ တာမွေ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်နှင့် အလုံ မြို့နယ်များတွင် တည်ရှိမှုများကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် အခြေစိုက် တည်ဆောက်သူတစ်ဦးကလည်း ယခုကဲ့သို့ ပြိုကျမှုဖြစ်စဉ်များကို ကြည့်လျှင် သက်တမ်းလတ် တိုက်များ၏ ခိုင်ခံ့မှုသည် ကြီးမားသည့် ပေါက်ကွဲမှုအရှိန်ကို တွန်းကန်ရပ်တည်နိုင် စွမ်းမရှိသည်ကို တွေ့ရပြီး ပြိုကျနိုင် ခြေအများဆုံး ရှိသော အဆောက်အအုံ များအဖြစ် သတ်မှတ်နိုင်သောကြောင့် စနစ်တကျ ကြပ်မတ်စစ်ဆေးသွားရန် အထူးလိုအပ်လှကြောင်း သတိပေးပြောကြားခဲ့သည်။

No comments:

Post a Comment