သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, March 19, 2016

မာက်စ်. ရဲ. စာပေလေ.လာမှု

The Left = The People’s Side's photo.

"မာ့က်စ် ဘယ်လိုလေ့လာခဲ့သလဲ"
တရက် မနက်စောစော။ လန်ဒန်မြို့၊ ဂရိတ် ဗြိတိန်ပြတိုက်၊ စာကြည်တိုက်ရဲ့ စာဖတ်ခန်း အတွင်း။ စာဖတ်သူတဦးဟာ လက်မှာ စာအုပ် တအုပ်ကို ကိုင်ရင်း နေရာလွတ်တခုမှာ ထိုင်မလို့လုပ်နေတုန်း စာကြည့်တိုက်တာဝန်ကျ အမှုထမ်းက သူ့ထံရောက် လာပြီး “မိတ်ဆွေ အဲဒီနေရာဟာ မာ့က်စ် ရဲ့နေရာ ပါခင်ဗျာ။ ကျေးဇူးပြုပြီး အဲဒီနေရာကို မထိုင်ပါနဲ့ခင်ဗျာ။ သူလာပါလိမ့်မယ်”လို့ ရှင်းပြပါတယ်။
‘မာ့က်စ်။’။ ကွန်မြူနစ်ပါတီ ကြေညာစာတမ်းကို ရေးသားသူ၊ အလုပ်သမားခေါင်းဆောင်လား။။ အဲဒီစာဖတ်သူ မှင် တက်မိနေတယ်။

“ကျွန်တော် သတိထားလိုက်မိပါပြီ။ ဒါ တွေဟာ မာ့က်စ်ထံသို့ စက်ရုံတွေမှ ပို့လာတဲ့ အစီရင်ခံစာတွေ ထပ်ထားတာကိုး။ ယခု ဒီအစီရင်ခံစာတွေကို သူ စူးစမ်းလေ့လာနေတာကိုး”။
“သူနေ့တိုင်းလာသလား။ ဒီနေ့ကော သူ မုချလာမလား”။
“မုချလာပါလိမ့်မယ်။ မာ့က်စ် နေ့တိုင်း ဒီနေရာကို လာပြီးအလုပ်လုပ်နေတာ နှစ်တချို့တောင် ရှိသွားပြီ။ တနေ့တနေ့ ၁၀ နာရီ ထိတောင် အလုပ် လုပ်ပါတယ်။ ကျွန်တော် ဒီမှာ အမှုထမ်းနေတာ အနှစ် ၂၀ ရှိသွားပြီ။ ကျွန်တော်တွေ့နေရတဲ့ စာဖတ်သူတွေအထဲမှာ သူဟာ အပတ်တကုတ် အကြိုးစားဆုံးနဲ့ အချိန်အမှန်ဆုံးပါပဲ” လို့ စာကြည့်တိုက်အမှုထမ်းက ရယ်ရယ်မောမောနဲ့ ဖြေလိုက်တယ်။
စာကြည့်တိုက်အမှုထမ်းလည်း ရှင်းပြပြီးတာနဲ့ သူ့အလုပ်တာဝန်ရှိရာကို လှည့်ထွက် သွားတယ်။ ခုနက စာဖတ်သူကတော့ အဲဒီနေရာမှာရပ်ရင်း မာ့က်စ် နေရာမှာ ချထားတဲ့ စာအုပ်ပုံကို စူးစိုက်ကြည့်ကာ တွေးတောစဉ်းစားနေမိတယ်။
နှစ်တချို့အတွင်း မာ့က်စ်ဟာ လန်ဒန်၊ ဂရိတ်ဗြိတိန်စာကြည့်တိုက်သို့ နေ့တိုင်းလာပြီး တနေ့ ၁၀ နာရီ လေ့လာရေးလုပ်တယ်။ အိမ်ပြန်ရောက် တော့လည်း ညဥ့်နက်သန်ကောင်အထိ ဆက်လက် အလုပ်လုပ်ပါတယ်။ သူဟာ စာအုပ်ပေါင်း ၁၅၀၀ ကျော် ဖတ်ရှုလေ့လာခဲ့တယ်။ စာဖတ်ရင်း သူဟာ စစ်တမ်းတွေ၊ အတွင်းသဘောကောက်နုတ်ချက်များနဲ့ မှတ်စုတွေလည်း ရေးပါတယ်။ အဲဒီစစ်တမ်းတွေ၊ အတွင်းသဘောကောက်နုတ်ချက်နဲ့ မှတ်စုတွေကနေ စာအုပ်ပေါင်းများစွာ ရေးသားနိုင်ခဲ့တယ်။ ပညာရပ် အားလုံး၊ အရေး ကြီးတဲ့၊ ဥပမာ - သမိုင်း၊ အဘိဓမ္မာ၊ ဘောဂ ဗေဒ၊ ဥပဒေပညာ၊ ရူပဗေဒပညာ၊ ဓာတု ဗေဒပညာ၊ သင်္ချာ၊ ဘာသာဗေဒ၊ စာပေပညာတို့ကို သူဟာ အလွန်ကြီးမားလှတဲ့ ဇွဲလုံ့လနဲ့ နှိုက်နှိုက် ချွတ်ချွတ် ဆည်းပူးလေ့လာလိုစိတ်ဖြင့် စူးစမ်းလေ့လာ ခဲ့တယ်။ သူတွေ့ရှိခဲ့တဲ့ အတွေးအခေါ်တွေဟာ အဲဒါ တွေထဲက ရှာဖွေခဲ့တာပါ။ သူ့ရဲ့မိတ်ဆွေကြီး အိန်ဂယ် က “မာ့က်စ်ဟာ ရေးသားပြုစုတဲ့အခါ တိတိကျကျ မသိသေးဘူးဆိုရင် အဲဒီအချက်နဲ့ ပတ်သက်တဲ့ စာအုပ် အားလုံးကို အကိုးအကားပြုပြီး သံသယ ဖြစ် တဲ့အရာ အားလုံးကို အကုန်အစင် စူးစမ်းလေ့လာတယ်။ ငြင်း စရာမလိုတော့မှ စတင်ရေးသား တတ်ပါ တယ်”လို့ ရှင်းပြခဲ့ဖူးပါတယ်။
“လေ့လာကြ။ လေ့လာကြစမ်းပါ”ဆိုတာ မာ့က်စ်က သူ့ရဲ့ရဲဘော်တွေနဲ့ နောက်လိုက်တွေကို အကြိမ်ကြိမ်ပြောဆိုခဲ့တဲ့ ကြွေး ကြော်သံပါ။ သူဟာ အသိပညာသာ ရနိုင်မယ်ဆိုရင် ကြံစည်လုပ်ဆောင် လို့ရသမျှ အရာအားလုံးကို ဆောင်ရွက်ပါတယ်။ သူဟာရသမျှ အသိအမြင်တွေကို မှတ်တမ်းပြု ပြီးနောက် ပြုပြင်အချောကိုင်ပါတယ်။ အချိန်တန်တဲ့အခါ အတွင်းသဘောနဲ့ ဘာသာစကားအရပါ သူ့တောင်းဆိုချက်နဲ့ ကိုက်ညီတဲ့အထိရောက်အောင် အသစ်တဖန် တကြိမ် ပြန်လည် ရေးပါတယ်။
မာ့က်စ်ဟာ ပညာဆည်းပူးရာမှာ စွဲစွဲမြဲမြဲ ရှိလှတယ်။ ကြံ့ခိုင်ပြီး ခံနိုင်ရည်လည်း ရှိပါတယ်။ လေ့လာဆည်းပူးတဲ့အခါမှာလည်း အမြဲတမ်း ရွေးချယ်ကောက်နုတ် ရေးသားထားတတ်တယ်။ ဒါ့အပြင် အရေးကြီးတဲ့နေရာတွေမှာ လှန်လှောဖတ်ရင် အလွယ်တကူ ဖတ်မိစေရန် မျဉ်းသားထားတတ်ပါတယ်။ ဒီလိုမျဉ်းသားထားခြင်းအားဖြင့် တခြားလူတွေကိုလည်း အလေးထား ဖတ်ရှုမိစေပါတယ်။ ပြဿနာတခုဟာ ယုံမှားသံသယဖြစ်ပြီး အဖြေရခက်ဖွယ်ရှိနေရင်၊ အမြင် ကွဲပြားမှုတွေနဲ့ကြုံရင် သူဟာ သူ့မိတ်ဆွေတွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးငြင်းခုံတတ်ပါတယ်။ တခါတရံ ညလုံးပေါက် နောက်တနေ့မနက်အထိ ဆွေးနွေးနေတတ်တယ်။ မောတယ်။ ပန်းတယ်လို့လည်း မထင်မိတတ်ပါဘူး။
သူဟာ လန်ဒန်ရှိ အရက်ဘားတွေကို သွားပြီး အလုပ်သမားတွေ၊ လက်မှုအလုပ်သမားတွေ၊ ဂျာမန်က(နိုင်ငံရေး ကြောင့် မိမိဇာတိနဲ့ အမိမြေကို စွန့်ခွာထွက်ပြေးလာရတဲ့) ပြည်ပြေးတွေနဲ့ ဆက်ဆံရတာကို အထူးနှစ်သက်တယ်။ သူဟာ အဲဒီလူတွေနဲ့ အတူထိုင်ပြီး သူတို့ရဲ့ သဘောထားတွေကို မေးမြန်း စူးစမ်းတယ်။ သူတို့အား ဝါဒဖြန့်ပြောဆို ရှင်းလင်းပြတယ်။ တချိန်တည်းမှာ သူတို့ထံကလည်း ထက်ထက်သန်သန် လေ့လာတယ်။ ဒါကြောင့် သူဟာ ရဲဘော် အမြောက်အမြားထံမှ စူးစမ်းလေ့လာခြင်း၊ လုပ်သားပြည်သူအမြောက်အမြားနှင့် ထိတွေ့ခြင်းဟာ မကုန်ခမ်းနိုင်တဲ့ ဗဟုသုတနဲ့ ကြွယ်ဝတဲ့ အတွေ့အကြုံတွေ ရရှိစေနိုင်တယ် ဆိုတာကို သိရှိလာခဲ့ရတာပါ။
သူဟာ စာကြည့်စားပွဲမှာ ညဥ့်နက် သန်းကောင်ထိ အမြဲတမ်း စာဖတ်တတ်ပါတယ်။ သူဟာ ပြဿနာတခုကို စူးစမ်းလေ့လာတဲ့အခါ စာကြည့်ခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန်လျှောက်ပြီး၊ လျှောက် ရင်းစဉ်းစား တွေးတောတတ်ပါတယ်။ ပြတင်းပေါက်၊ နံရံမီးလင်းဖိုနဲ့ စာအုပ်ဘီရိုအကြား မီတာအချို့ ရှည်တဲ့နေရာလေးရဲ့ ကော်ဇော်ပေါ်မှာ ခြေရာတွေ ထပ်နေပြီး ဟောင်းနွမ်းအရောင်လွင့်နေပါပြီ။ အဲဒီ အကြား နေရာလေးဟာ အလွန်ကိုပါးလွှာနေကာ မြက်ခင်းပေါ်မှာ လမ်းကလေးတခု ဖောက်ထားတာနဲ့ တူနေ တော့တယ်။ လေးဘက်လေးတန်က ကော်ဇောကတော့ အသစ်စက်စက်အတိုင်း အကောင်း ပကတိ ဖြစ်နေဆဲပါ။ တခါတရံ စာအုပ်ဘီရိုထဲမှ စာအုပ်တအုပ်ကို ဆွဲထုတ်ကာ အကြောင်းအရာ တခုခုကို စူးစမ်း စစ်ဆေးနေတတ်တယ်။ တခါတလေတော့လည်း ကလောင်တံကိုကိုင်ပြီး ရေးမှတ်နေတတ်ပြန်တယ်။ တခါတရံကျပြန်တော့ စာရေးစားပွဲမှာ ထိုင်ချလိုက်ပြီး တရှဲရှဲနဲ့ တရွက်ပြီးတရွက် ရေးချတတ်ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ကျော်ကြား လှတဲ့ကျမ်းတွေ ပေါ်ထွက်ခဲ့တာပါ။ စားပွဲပေါ်မှာတော့ မှောက်လှန်ထားတဲ့စာအုပ်တွေ၊ စာမူတွေနဲ့အပြည့်။
သူဟာ အချိန်နာရီကို ကြည့် မနေပါဘူး။ တအိမ်သားလုံးရော၊ တမြို့လုံးပါ စောစွာ ကတည်းက အိပ်မောကျကုန်ကြပြီ။ ဘယ်နှစ်နာရီ ရှိပြီဆိုတာကို သူ ဂရုမမူမိပါဘူး။
မာ့က်စ်ဟာ လူသားတရပ်လုံး လုံးဝ လွတ်မြောက်ရေးအတွက် ပညာရပ်တွေကို အဲဒီလို ဂရုတစိုက် လေ့လာဆည်းပူးခဲ့တာ ပါ။သူဟာ သူ့ရဲ့ တသက်တာ ရှိသမျှ ကိုယ်စွမ်းဉာဏ်စွမ်းထုတ်ကာ နိုင်ငံတကာ အလုပ်သမား လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့ပါတယ်။ သူဟာ ကြီးမြတ်တဲ့ သဘောတရားကို ထူထောင်ပြီး ၎င်းသဘောတရားဖြင့် တော်လှန်ရေးတိုက်ပွဲကို ရှေ့ဆောင်ညွှန်ပြခဲ့ပါတယ်။ မာ့က်စ် ဟာ ကြီးမြတ်တဲ့ တော်လှန်ရေးရဲ့ ရှေ့ဆောင်ဆရာကြီး ဖြစ်ပါတယ်။ သူရဲ့အရေးပါဆုံး ကျမ်းတဆူကတော့ “အရင်းကျမ်း”ဖြစ်ပါ တယ်။ ဒီစံတင်ကျမ်းကို မာ့က်စ် ဟာ အနှစ် ၄၀ ကျော် အချိန်ယူ ပြုစုရေးသားခဲ့ရတာပါ။ ဆောင်းပါးတခုရဲ့ နိဒါန်းမှာ ခုလိုရေးသား ထား ပါတယ်။
“သိပ္ပံပညာရပ်မှာ ညီညာဖြောင့်ဖြူးတဲ့ လမ်းမကြီးရယ်လို့ မရှိပါဘူး။ ကြမ်းတမ်းခက်ထရော်တဲ့ တောင်တက်လမ်းမျိုးတွေသာ ရှိတာမို့အဲဒီ လမ်းတွေ အတိုင်း တက်လှမ်းပြီး ဆင်းရဲပင်ပမ်းမှာ မကြောက်သူတွေသာ ထွန်းပြောင်တဲ့ တောင်ထိပ်ကိုရောက်ဖို့ မျှော်မှန်း နိုင်ပါလိမ့်မယ်”တဲ့။ ။
ဘာသာပြန်သူ- ကျော်ဆွေ
၂၀၀၅ ဇူလိုင်လထုတ်- ဧရာ၊ မြစ်ဝါ။ ဂင်္ဂါ-------စာစောင်မှ

No comments:

Post a Comment