မတ် ၁၅ ရက်က ဖလော်ရီဒါတွင် အောင်ပွဲခံ မိန့်ခွန်းပြောနေသော ရီပက်ဘလီကင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရန့် (၀ဲ) (Photo : AFP)
အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ဒေါ်နယ်ထရန့် အနိုင်ရရှိနိုင်သည့် အလားအလာသည် ကမ္ဘာ့စီးပွားရေးကို မငြိမ်မသက်ဖြစ်အောင် ပြုလုပ်နေသော ဂျီဟတ်များနှင့်တန်းတူ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်စေလိမ့်မည်ဟု ဗြိတိန်သုတေသန အဖွဲ့ဖြစ်သော စီးပွားရေး စုံစမ်းထောက် လှမ်းမှုယူနစ် (EIU) က ပြောကြားခဲ့သည်။

EIU အဖွဲ့က ကမ္ဘာ့အန္တရာယ် သုံးသပ်မှုကို နောက်ဆုံးထုတ်ပြန်ခဲ့ရာတွင် အညွှန်းကိန်း၌ ဒေါ်နယ်ထရန့် အနိုင်ရရှိမှုကို ၁၂ ဟု သတ်မှတ်ခဲ့သည်။ လက်ရှိ၌ အမြင့်မားဆုံး ခြိမ်းခြောက်မှုမှာ တရုတ်စီးပွားရေး ထိုးကျခြင်းဖြစ်ပြီး အညွှန်းကိန်း ၂၀ ဖြစ်သည်။
အန္တရာယ်ခြိမ်းခြောက်မှု အဆင့်ကို သတ်မှတ်ရာတွင် EIU သည် ထရန့်၏ တရုတ်ကို ဖယ်ခွာမှုနှင့် အစ္စလာမ္မစ် အစွန်းရောက်ဝါဒနှင့် ပတ်သက်သော သူ၏မှတ်ချက်များကို အထူးပြု စဉ်းစားခဲ့သည်။ ထရန့်က မွတ်စလင်များအား အမေရိကန်ပြည်ထောင်စု အတွင်းသို့ ၀င်ရောက်ခြင်းကို ပိတ်ပင်ရန် အဆိုပြုချက်သည် ဂျီဟတ်အဖွဲ့များအတွက် လူသစ်စုဆောင်းရန် အားကောင်းသော လက်နက်တစ်ရပ် ဖြစ်လာလိမ့်မည်ဟု ဆိုသည်။
၎င်းအပြင် ထရန့်၏ အုပ်ချုပ်မှုအောက်တွင် ကုန်သွယ်ရေး စစ်ပွဲတစ်ရပ် ဖြစ်ပွားနိုင်ခြေရှိမှုက ခြောက်လှန့်နေနိုင်ကြောင်းနှင့် ထရန့်၏ မူဝါဒများသည် အဆက်မပြတ် ပြန်လည်သုံးသပ်မည့်ဘက်သို့ ယိမ်းနေကြောင်းလည်း ထောက်ပြခဲ့သည်။
"မြောက်အမေရိက လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (NAFTA) အပါအ၀င် လွတ်လပ်တဲ့ ကုန်သွယ်မှုအပေါ် ထရန့်က ထူးထူးခြားခြား ရန်လိုခဲ့ပြီး တရုတ်ကို ငွေကြေးကစားသူအဖြစ် အထပ်ထပ် ရည်ညွှန်းခဲ့ပါတယ်" ဟုလည်း EIU က ပြောကြားခဲ့သည်။
"အကြမ်းဖက်သမားတွေရဲ့ မိသားစုတွေကို သတ်ပစ်ဖို့ အကြံပြုမှုနဲ့ IS တွေကို မောင်းထုတ်ဖို့နဲ့ သူတို့ရဲ့ ရေနံတွေကိုယူဖို့ ဆီးရီးယားကို မြေပြင်ထိုးစစ်ဆင်နွှဲဖို့ အကြံပြုမှုတွေ အပါအ၀င် အရှေ့အလယ်ပိုင်းနဲ့ ဂျီဟတ် အကြမ်းဖက်မှု ဆိုင်ရာမှာလည်း ထရန့်က အလွန်အကျွံ လက်ယာယိမ်းတဲ့ ရပ်တည်ချက် ရှိပါတယ်" ဟုလည်း EIU က ပြောကြားခဲ့သည်။
EIU ၏ ထုတ်ပြန်ချက်တွင် တောင်တရုတ်ပင်လယ်ကိစ္စ၌ လက်နက်ကိုင် စစ်ပွဲတစ်ရပ် ဖြစ်ပွားနိုင်မှုကို ခြိမ်းခြောက်မှု အညွှန်းကိန်း ၈ ဟု သတ်မှတ်သည်။ ယင်းသည် ဥရောပသမဂ္ဂမှနေ၍ ဗြိတိန်နိုင်ငံ ထွက်ခွာသွားနိုင်မှုနှင့် တန်းတူဖြစ်သည်။ ဈေးကွက်၌ အကြွေးပြဿနာ အကျပ်အတည်း ဖြစ်နိုင်ခြေကို အညွှန်းကိန်း ၁၆ ဦး သတ်မှတ်သည်။
ထရန့်အနိုင်ရရှိ သွားမှုသည် အနည်းဆုံးအနေဖြင့် အမေရိကန်နှင့် အခြား အမေရိကနှင့် အာရှ ၁၁ နိုင်ငံတို့ ဖေဖော်ဝါရီလ အတွင်းက လက်မှတ်ရေးထိုးခဲ့သည့် ပစိဖိတ်ဒေသတစ်လျှောက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ဖျက်ဆီးနိုင်သည်ဟု ဆိုသည်။
အထူးသဖြင့် ထရန့်၏ မက္ကဆီကိုနှင့် တရုတ်ကို ဖယ်ခွာမှုနှင့် လွတ်လပ်သော ကုန်သွယ်ရေးအပေါ် ရန်လိုသော သဘောထား ရှိမှုတို့သည် ကုန်သွယ်ရေး စစ်ပွဲတစ်ရပ်အဖြစ် အလျင်အမြန် ရောက်ရှိလာစေနိုင်သည်ဟု EIU က ပြောကြားခဲ့သည်။
Ref : AFP