သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, June 4, 2011

4.06.2011နေ.သတင်းများ

မြန်မာ၊ အမေရိကန် ဆက်ဆံရေး ကောင်းမွန်ဖို့ အပြောထက် လက်တွေ့လုပ်ရပ်လိုအပ်
By Thar Nyunt Oo  သောကြာ, 03 ဇွန် 2011


ဇွန် ၃၊ ၂၀၁၁။ မြန်မာအစိုးရသစ်အနေနဲ့ အမေရိကန်မြန်မာ နှစ်နိုင်ငံဆက်ဆံရေးပိုကောင်းအောင် လုပ်ဆောင်ရာမှာ နွေးထွေးပျူငှာတဲ့စကားလုံးတွေထက်၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ခိုင်မာတဲ့အလုပ်တွေအပေါ်မှာ အခြေခံဆောင်ရွက်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ပြောဆိုလိုက်ပါတယ်။

၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အပြီး ဇွန် ၃ ရက် နေ့ ရန်ကုန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း  အမေရိကန်အထက်လွှတ်တော်အမတ် မက်ကိန်းက ခုလို တိုက်တွန်းပြောဆိုသွားတာပါ။ မြန်မာအစိုးရအနေနဲက အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်ဖို့ လိုလားသလိုပဲ၊ အမေရိကန်ပြည်ထောင်စုဖက်ကလည်း အလားတူ စိတ်ဆန္ဒသဘောထားရှိတဲ့အကြောင်း မစ္စတာမက်ကိန်းက ပြောဆိုပါတယ်။

လွန်ခဲ့တဲ့ ၁၅နှစ်အတွင်း မြန်မာနိုင်ငံကို ခုလို လာရောက်ဖို့ကြိုးစားခဲ့ပေမယ့်၊ အခု အစိုးရသစ်လက်ထက်ကျမှ လာရောက်ခွင့်ရတာဟာ အပြောင်းအလဲတခုလို မြင်တဲ့အကြောင်းလည်း မစ္စတာမက်ကိန်းက ပြောသွားပါတယ်။

မြန်မာအစိုးရအနေနဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ လက်တွေ့ကျကျ လုပ်ဆောင်ရမယ့်ကိစ္စတွေထဲ အရေးအပါဆုံးကိစ္စတခုကတော့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ဖြစ်ကြောင်း မစ္စတာ မက်ကိန်းက ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်မယ့် အခွင့်အရေးနဲ့ လုံခြုံရေးအတွက် သေချာအောင် ဆောင်ရွက်ပေးဖို့ကိုလည်း အစိုးရသစ်ကို တိုက်တွန်းသွားပါတယ်။

မြောက်ကိုရီယားနဲ့ စစ်ရေး ဆက်ဆံမှုတွေမှာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ နူကလီးယားမပြန့်ပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့ကိုလည်း မစ္စတာမက်ကိန်းက မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင်နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပြီး၊   မြန်မာ့ဒီမိုကရေစီခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအင်အားစုတေါ တိုင်းရင်းသားအင်အားစုတွေနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးဆွေးနွေးမှုတွေ   စတင်ဖို့ကိုလည်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက တိုက်တွန်းသွားခဲ့ပါတယ်။


SSA နဲ့ အစိုးရတပ်ဖွဲ့များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွား

2011-06-03  RFA



ရှမ်းပြည်နယ် တန့်ယန်းမြို့နယ်အတွင်း မိုင်းကောင်မြို့တောင်ဘက် ၇ မိုင်အကွာရှိ SSA စခန်းထိုင်ထားတဲ့ နေရာမှာ မြန်မာအစိုးရ တပ်ဖွဲ့တွေနဲ့ ဒီကနေ့ မနက်ပိုင်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည် ၂ နာရီ လောက်အထိ တိုက်ပွဲတွေ မရပ်သေးဘူးလို့ သိရပါတယ်။


ရှမ်းပြည်နယ် စစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို လေ့လာနေတဲ့ ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပြပါတယ်။

“ဒီမနက် လင်းအားကြီး ၅ နာရီ ၁၅ မိနစ်ကနေ စပြီးမှ ရှမ်းတပ်က အခြေချ တပ်စိုက်ထားတဲ့နေရာမှာ (ဖြစ်တာ)။ မတ်လ ၁၃ ရက်နေ့ကစပြီး ဒီနေ့လောက် ရှည်ကြာတဲ့တိုက်ပွဲ မရှိသေးဘူး။ အခုထက်ထိ သေနတ်သံက မစဲသေးဘူး။ နအဖ တပ်က အင်အားအနည်းဆုံး ၁ ရာကျော်တယ်လို့ ပြောတယ်။ တောင်ပေါ်တပ်ကို တက်တိုက်တာပေါ့။ ရှမ်းတပ်ဘက်က SSA တပ်မဟာ (၃၆)။ နောက်ပြီးတော့ သူတို့ရဲ့ မြို့နယ် အုပ်ချုပ်ရေး။ နောက် သူတို့ လက်နက်ကြီးတပ်တွေ တောင်ပေါ်တပ်မှာ စခန်းချထားတယ်”

တိုက်ပွဲတွေ ပိုပြီးပြင်းထန်ပြီး နှစ်ဘက် ကျဆုံးတဲ့ အခြေအနေကိုတော့ အခုအချိန်အထိ မသိရသေးဘူးလို့ ဆိုပါတယ်။

“ဒါပေမယ့် ဒီ အရပ်သတင်းအရတော့ ရှမ်းတပ်က အခိုင်အမာ နေရာယူထားတော့ မြန်မာတပ်ဘက်က တက်တယ်ဆိုတော့ သူတို့ အကျအဆုံး များမှာတော့ သေချာတယ်လို့ ပြောတယ်။ SSA ဘက်ကတော့ ပြောတာ နအဖ ဘက်က ပစ်တဲ့ လက်နက်ကြီးတွေက ဓာတုဗေဒလက်နက် ပါသလိုလို ပြောတယ်။

အနီးအနားမှာ ပေါက်ကွဲပြီးမှ ဘာဒဏ်ရာမှ မရဘဲနဲ့ အနံ့အသက်ရရင် တချို့ ရဲဘော်တွေ မူးဝေတာတွေ ဘာတွေ ဖြစ်တယ်တဲ့။ ရှမ်းတပ်က အဲဒီလို ပြောတယ်။ ရပခ လက်အောက်ခံ လင်းခေးနဲ့ မိုင်းပန်ဘက်က ပို့လိုက်တဲ့ တပ်တွေ၊ မိုင်းရှူးမြို့နယ်နဲ့ တန့်ယန်းမြို့နယ် အကြားမှာ လှုပ်ရှားနေတဲ့ တပ်တွေ၊ တပ်ရင်းနံပါတ် အတိအကျတော့ မသိဘူး”

မြန်မာအစိုးရတပ်က အခု တိုက်နေတဲ့ (၇) မိုင် ရှမ်းတပ်စခန်းဟာ SSA အတွက် စစ်ရေးအရ အရေးပါတယ်လို့လည်း သိရပါတယ်။ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဝ်ဆိုင်းကို မေးမြန်းကြည့်တော့ အောက်က အစီအရင်ခံစာ တက်မလာသေးတာကြောင့် ဘာမှ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်းနဲ့ တောင်ပိုင်းအဖွဲ့ကို မေလ ၂၁ ရက်နေ့က ပေါင်းစည်းလိုက်ပြီးနောက် ဒါဟာ အပြင်းအထန်ဆုံး တိုက်ပွဲလို့လည်း သိရပါတယ်။

မြန်မာအစိုးရသစ် လက်ထက်မှာ SSA နဲ့ တိုက်ပွဲဖြစ်တဲ့ အကြိမ် အရေအတွက် အတော်လေး များနေပြီလို့လည်း သိရပါတယ်။ မေလ ၂၆ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ဆောင်ကျဲတိုက်နယ် နောင်တုံကျေးရွာ အနီးမှာ မြန်မာအစိုးရ စကခ (၁) လက်အောက်ခံ၊ ကျောက်မဲအခြေစိုက် ခမရ (၅ဝ၄) တပ်ရင်းနဲ့ SSA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၆၄၁) နဲ့ တနာရီခွဲကြာ တိုက်ပွဲဖြစ်ပွားရာမှာ မြန်မာ အစိုးရတပ်က ဗိုလ်မှူးတယောက် အပါအဝင် ၁ဝ ယောက်လောက် ကျဆုံးသွားတယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

SSA တပ်နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်ပွားတာ ၂ လအတွင်း အကြိမ် ၆ဝ လောက်ရှိပြီး အစိုးရတပ်ဘက်က သေကြေ ဒဏ်ရာရတာ ၃ ရာကျော်၊ SSA ဘက်က သေကြေဒဏ်ရာရတာ ၁ဝ ယောက်ကျော်ရှိပြီး ဒီတိုက်ပွဲတွေမှာ SSA တပ်တွေက မြန်မာအစိုးရတပ်တွေကို ပြောက်ကြားနည်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရှမ်းသတင်းရပ်ကွက် အဆိုအရ သိရပါတယ်။


ရင်ကြားစေ့ရေးကိစ္စ အစိုးရ ကိုယ်တိုင် ဆန္ဒရှိမှ ဖြစ်မယ်

2011-06-03   RFA



အစိုးရ ကိုယ်တိုင်က ဆန္ဒရှိမှာသာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဇွန်လ(၂) ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။


မြန်မာနိုင်ငံကို (၃) ရက်ကြာ ခရီးအဖြစ် အလည်အပတ် ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း နဲ့ တွေ့ဆုံဆွေးနွေး အပြီး နေအိမ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဂျွန်မက်ကိန်းက မြန်မာနိုင်ငံမှာ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာအောင် သူ့ရဲ့ မြန်မာပြည် ခရီးစဉ် အတွင်း အစိုးရကို တိုက်တွန်းသွားမယ်လို့ ထိုင်းနိုင်ငံမှာ ပြောကြားခဲ့တဲ့ အကြောင်းပေါ် အခြေခံပြီး မြန်မာ သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။

"သူ့ဖက်က စေတနာကတော့ အပြည့်အ၀ဘဲ။ ဒါပေမဲ့ တဖက်က စေတနာရှိတိုင်းလည်း ပြီးတာတော့ မဟုတ်ဘူး။ ဒီလို ရင်ကြားစေ့ရေးဆိုတာ နှစ်ဖက်စလုံးက ပါမှ ဖြစ်မှာ။ အစိုးရဖက်ကလည်း လိုလားလာတဲ့အခါမှ ဖြစ်မှာ" ဒါ့အပြင် အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရတို့ကြား ဆက်ဆံရေးထက် အမေရိကန် ပြည်သူတွေနဲ့ မြန်မာ ပြည်သူတွေကြား ဆက်ဆံရေးက ပိုကောင်းတယ်လို့ သူမြင်မိကြောင်းလဲ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

 တဖက်မှာ တရုတ် အစိုးရနဲ့လဲ ကောင်းမွန်တဲ့ ရေရှည် ဆက်ဆံရေး ဖြစ်ပေါ်လာရေးကို လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ နေအိမ် ခြံဝင်းအတွင်း (၁၅) မိနစ်ကြာလောက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက် တွေနဲ့ ပတ်သက်ပြီး RFA၀ိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။


မြန်မာနိုင်ငံ ပြောင်းလဲရေး အမေရိကန် တနိုင်ငံတည်း မလုပ်နိုင်
By ကျော်ကျော်သိန်း  ကြာသပတေး, 02 ဇွန် 2011


အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒမှာ စိန်ခေါ်မှု အများအပြား ရှိနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း (Joseph Yun) က ပြောလိုက်ပါတယ်။ ဒီစိန်ခေါ်မှုတွေကို အောင်အောင်မြင်မြင် ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ရာ အမေရိကန် တနိုင်ငံတည်း အနေနဲ့ မလုပ်ဆောင်နိုင်ဘဲ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့လည်း သူက ဆိုပါတယ်။

ဇွန်လ ၂ ရက်၊ ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက်ပိုင်းက အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲ တခုအတွင်း မစ္စတာယွန်းက အဲဒီလို ပြောခဲ့တာပါ။ အောက်လွှတ်တော် ကြားနာပွဲကို ကိုယ်တိုင် သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြပေးထားပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ကြားနာပွဲမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တိဘက်နိုင်ငံတို့နဲ့ ပတ်သက်ပြီး အမေရိကန် ကွန်ဂရက်လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားတဲ့ သက်ဆိုင်ရာ ဥပဒေ အသီးသီးကို အကောင်အထည်ဖော် လုပ်ဆောင်နေမှု အခြေအနေတွေကို ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်း ဆန်းစစ်ကြတာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ဆိုင်တဲ့ ဥပဒေကတော့ ၂၀၀၈ ခုနှစ်မှာ အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ Block Burmese JADE Act ခေါ် မြန်မာနိုင်ငံပေါ် ဒဏ်ခတ်အရေးယူမှု ဥပဒေ ဖြစ်ပါတယ်။ ကြားနာပွဲမှာ မြန်မာ့အရေးကို အဓိက ပြောကြား ဖြေဆိုခဲ့သူကတော့ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကမှ မြန်မာနိုင်ငံကို ဒုတိယအကြိမ် သွားခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ၊ အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဖ် ယွန်း ဖြစ်ပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဋ္ဌ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်စ် အီလီယန်းနား ရော့စ်- လယ်တီနန် (Ileana Ros-Lehtinen) အပါအ၀င် ကော်မတီဝင် လွှတ်တော်အမတ်တွေက သမ္မတ အိုဘားမား (Barack Obama) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဖြစ်တဲ့ ထိတွေ့ဆက်ဆံတာရော၊ ဒဏ်ခတ် အရေးယူတာရော လမ်း ၂ သွယ်လုံးပါတဲ့ မူဝါဒကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ အဓိကအားဖြင့် ထိတွေ့ဆက်ဆံရေး မူဝါဒရဲ့ ထိရောက်အောင်မြင်မှု၊ အလုပ်ဖြစ်မှုအပေါ် စိုးရိမ်ချက်တွေကို ဖော်ပြခဲ့ပြီး အောင်မြင်မှုရှိအောင် အစိုးရက ဘာတွေလုပ်နိုင်မလဲ ဆိုတာ မေးခဲ့ကြတာပါ။

မေးခွန်းထုတ်သူတွေထဲမှာ ထိတွေ့ဆက်ဆံရေး မူဝါဒကို လက်မခံတဲ့၊ Tom Lantos’ JADE Act ကို ပူးတွဲ ကမကထ ပြုခဲ့သူတွေထဲမှာ တဦးဖြစ်တဲ့ လွှတ်တော်အမတ် မစ်စ် အီလီယန်းနားလည်း အပါအ၀င်ပါ။

“ထိတွေ့ဆက်ဆံရေး မူဝါဒကနေ အကျိုးရလဒ် မတွေ့ရသလောက်ပါပဲ။ အဲဒီမူဝါဒကို ချမှတ်ခဲ့ပြီးကတည်းက အမေရိကန် နိုင်ငံသားကို အကျဉ်းချတာ၊ မြောက်ကိုရီးယားနဲ့ နျူကလီးယားကိစ္စလို့ ယူဆရတဲ့ အဆက်အဆံတွေ လုပ်ခဲ့တာ၊ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ လုပ်ခဲ့တာ၊ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ဆက်ပြီး အကျဉ်းချထားတာတွေပဲ တွေ့ရပါတယ်။ ၂ နှစ်ကျော် ကြာလာပြီဖြစ်တဲ့ ဒီ လက်တွေ့ကျတဲ့ ထိတွေ့ ဆက်ဆံမှုကနေ တကယ်အစစ်အမှန် ဘာရခဲ့ပါသလဲဆိုတာ သိချင်ပါတယ်။”

ဒီအခြေအနေအောက်မှာမှ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ခန့်ထားမယ်ဆိုရင် အဲဒီသံတမန် အနေနဲ့ ဘာလုပ်ဆောင်နိုင်မှာလဲ ဆိုတဲ့ အပေါ်မှာလည်း မေးခွန်းထုတ်ခဲ့ကြပါသေးတယ်။

ထိတွေ့ဆက်ဆံရေး မူဝါဒ အောင်မြင်ဖို့ရာ စိန်ခေါ်မှု အများအပြား ရှိနေပြီး နည်းလမ်း ၂ သွယ် မူဝါဒရဲ့ ထိတွေ့ဆက်ဆံရေးပိုင်းကနေ ခုချိန်ထိ ရလဒ်တစုံတရာ မရသေးဘူး ဆိုတာကို မစ္စတာယွန်းက ၀န်ခံပေမဲ့ အခြေအနေ တခုလုံးအပေါ် ခြုံငုံ သုံးသပ်ချက်အရ နည်းလမ်း ၂ သွယ်စလုံးကို ဆက်ပြီး ကျင့်သုံးသွားရပါမယ်လို့ မစ္စတာယွန်းက တုံ့ပြန်ပါတယ်။

အမေရိကန် တနိုင်ငံတည်းနဲ့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေ ရလာအောင် လုပ်နိုင်မှာ မဟုတ်ဘဲ နိုင်ငံတကာ အသိုက်အ၀န်းနဲ့ အပြုသဘောဆောင် ဆက်ဆံရေး၊ ကာလရှည်ကြာ ရှိနေခဲ့တဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းပေးရေး မြန်မာအစိုးရကို တိုက်တွန်းဖို့ရာ ဥရောပ မဟာမိတ်တွေ၊ အရှေ့တောင်အာရှနဲ့ ဒေသတွင်းက မိတ်ဘက်နိုင်ငံတွေနဲ့ ပူးတွဲ လုပ်ဆောင်နေပါတယ်လို့ မစ္စတာယွန်းက ပြောပါတယ်။

“ဒါကို ကျနော်တို့ တနိုင်ငံတည်း မလုပ်နိုင်ပါဘူး။ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာဖို့ရာ နိုင်ငံတကာ အသိုက်အ၀ိုင်းနဲ့အတူ လုပ်ဆောင်ရမှာပါ။ ဆိုလိုတာကတော့ အထူးသဖြင့် အာရှတိုက် နိုင်ငံတွေ၊ အရှေ့တောင်အာရှ နိုင်ငံတွေ၊ ဥရောပ နိုင်ငံတွေဟာ ကျနော်တို့နဲ့အတူ လုပ်ဆောင်ရပါမယ်။ ကျနော်တို့ချည်းပဲ မလုပ်နိုင်ပါဘူး။ အဲဒါဟာ အထူးသံတမန်ရဲ့ အဓိကအလုပ် ဖြစ်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ထိတွေ့ဆက်ဆံတာကို မကန့်ကွက်ပေမဲ့ အတိုင်းအတာ အကန့်အသတ်ရှိဖို့ လိုတယ်လို့ ကြားနာပွဲမှာ ကိုယ်တိုင် သက်သေထွက်ဆိုခဲ့သူတွေထဲက တဦးဖြစ်တဲ့ အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ USCB အမှုဆောင် ညွှန်ကြားရေးမှူး ကိုအောင်ဒင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ သူတို့ကို စကတည်းက ပြောပါတယ်။ Engagement လုပ်တဲ့နေရာမှာ တိကျတဲ့ အချိန်ဇယား ရှိဖို့လိုတယ်။ အဲဒီ တိကျတဲ့ အချိန်ဇယား အတွင်းမှာပဲ လိုချင်တဲ့ တောင်းဆိုမှုပေါ့၊ အဓိကကျတဲ့ တောင်းဆိုမှု ရှိဖို့လိုတယ်။ အချိန်ကာလ အကန့်အသတ် တခုတည်းမှာ လိုအပ်တဲ့ တောင်းဆိုချက်တွေ ပြည့်မလာဘူးဆိုရင် ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ အဆင်သင့်ဖြစ်ဖို့လည်း လိုတယ်။ တုံ့ပြန်ဖို့ဆိုတာ အကောင်းရော၊ အဆိုးရောပါ၊ တကယ်လို့ စစ်အစိုးရဘက်က ကောင်းတာတွေ လုပ်တယ်ဆိုရင်လည်း အဲဒါကို ကောင်းတဲ့အလျောက် တုံ့ပြန်ဖို့၊ မကောင်းတာတွေ လုပ်မယ်ဆိုရင်လည်း မကောင်းတဲ့အလျောက် တုံ့ပြန်ဖို့။ အဲဒီအတွက်လည်း အဆင်သင့်ဖြစ်ဖို့ လိုတယ်ပေါ့။ ဒါ ကျနော်တို့ အစကတည်းက ပြောပါတယ်။”

နှစ်လမ်း ၂ သွယ် မူဝါဒရဲ့ ရည်ရွယ်ချက်တွေကတော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူတွေ အားလုံး ပါဝင်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးဆီ ဦးတည်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့နဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ လိုက်နာ လုပ်ဆောင်ဖို့တို့ ဖြစ်ပါတယ်လို့ မစ္စတာယွန်းက ပြောပါတယ်။

ကြားနာပွဲမှာ မြန်မာ၊ မြောက်ကိုရီးယား၊ တိဘက် ၃ နိုင်ငံ အရေးကိစ္စတွေကို မေးမြန်း ဆန်းစစ်ခဲ့ကြတာ ဖြစ်ပေမဲ့ ဒီ ၃ နိုင်ငံစလုံးက တရုတ်အစိုးရနဲ့ ဆက်စပ်နေတာမို့ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေး၊ တရုတ်ရဲ့ ဒေသတွင်း လွှမ်းမိုးမှု၊ ကမ္ဘာ့နိုင်ငံတွေပေါ် သြဇာသက်ရောက်မှု စတာတွေလည်း ပါဝင်ခဲ့ပါတယ်။ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဝင် လွှတ်တော်အမတ်တွေထဲမှာ အမေရိကန် အစိုးရက တရုတ်နိုင်ငံကို ထိထိရောက်ရောက် ဖိအားမပေးနိုင်တဲ့အပေါ် အပြင်းအထန် ပြစ်တင်ဝေဖန် ပြောဆိုသူတွေလည်း ရှိနေပါတယ်။

ARV ဆေး တိုက်ကျွေးရေး ငါးနှစ် စီမံကိန်း
 ထွန်းထွန်း | သောကြာနေ့၊ ဇွန်လ ၀၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၃ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။      ။ HIV/AIDS ဝေဒနာသည်များကို ARV ဆေး စဉ်ဆက်မပြတ် တိုက်ကျွေးနိုင်ရေးအတွက် တနိုင်ငံလုံးဆိုင်ရာ ၅ နှစ်တာ စီမံကိန်းကို အစိုးရသစ်၊ ကုလသမဂ္ဂနှင့် အစိုးရမဟုတ်သော အဖွဲ့များ တက်ရောက်သည့် နေပြည်တော် အစည်းအဝေး တရပ်က ကြာသပတေးနေ့တွင် ချမှတ်လိုက်သည်။

စီမံကိန်း တခုလုံးအတွက် ၂ဝ၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၉  သန်း ကုန်ကျမည်ဖြစ်ပြီး၊ ၂ဝ၁၅ တွင်မူ ၈၅ သန်းအထိပင် ကုန်ကျလိမ့်မည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

“စီမံကိန်းက ၅ နှစ်စာပါ။ မြန်မာအစိုးရနဲ့ UN နဲ့ ပေါင်းလုပ်တာလည်း မဟုတ်ပါဘူး။ တကယ်က မြန်မာအစိုးရရယ်၊ UN ရယ်၊ INGO တွေ၊ Donor တွေ၊ Community တွေ အကုန်လုံး ပေါင်းပြီးတော့ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက တိုင်းပြည်တခုမှာ HIV/AIDS အတွက်ကို လုပ်မယ်ဆိုလို့ရှိရင် ဒါက စီမံကိန်းတခုရှိမှ ဖြစ်မယ်လေ” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ ရန်ကုန် ကုလသမဂ္ဂရုံး အကြီးတန်း အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ဝေဒနာရှင်များကို ARV ဆေး စဉ်ဆက်မပြတ် တိုက်ကျွေးရေး သာမက လိင်ဆက်ဆံမှုနှင့် ဆေးထိုးအပ်မှ ရောဂါပျံ့နှံ့မှု
 လျော့ကျရေးနှင့် ဝေဒနာသည်များအပေါ် သက်ရောက်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ လျှော့ချရေးပါ တပြိုင်တည်း ဆောင်ရွက်သွားမည် ဖြစ်သည်။

“သန်း ၅၀ လောက်ကတော့ ရရှိထားပြီ။ ဒါပေမဲ့ ပိုပြီးတော့ လိုလာမယ် ထင်တယ်။ ပထမနှစ်မှာက ၄၉  သန်းလောက် လိုမယ်လေ။ ကျနော်တို့က တဆင့်ချင်း မြှင့်တင်သွားမှာဆိုတော့ ပထမနှစ်ကတော့ ဒီလောက် အများကြီး လိုမယ် မထင်ဘူး။ နောက်ပိုင်းနှစ်တွေကတော့ အလှူရှင် ရှာယူရမှာပေါ့” ဟု ကုလအကြီးတန်းအရာရှိက ပြောသည်။ လုပ်ငန်းများကို အစည်းအဝေး ပြီးကတည်းက စတင်ခြင်းဖြစ်သည်ဟု ဆိုသည်။

အစိုးရက ၂ဝ၁၁ ခုနှစ် ကျန်းမာရေး ကဏ္ဍအတွက် အစိုးရ အသုံးစရိတ်၏ ၀.၄ ရာခိုင်နှုန်းသာ ပေးထားသော်လည်း HIV/AIDS ဝေဒနာသည် ကူညီစောင့်ရှောက်ရေးကိုမူ မည်၍မည်မျှ သတ်မှတ်ထားကြောင်း ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် HIV/AIDS ဝေဒနာသည် ၂၃၆၀၀၀ ခန့်ရှိကာ ARV ဆေး လိုအပ်နေသူ ၇ သောင်း ၆ ထောင် ခန့်ရှိပြီး ၂၀၁၀ ခုနှစ်တွင် ထိုသူများထဲမှ ၃ သောင်းခန့်ကိုသာ ဆေးဝါးကူညီနိုင်ခဲ့သည်ဟု ကုလ ကိန်းဂဏန်းများက ဆိုသည်။

မြန်မာနိုင်ငံတွင် HIV/AIDS ကူးစက်မှုနှုန်းကို ယခင်နှစ်များထက် ထိန်းထားနိုင်ပြီး၊ အဓိကအားဖြင့် ARV လှူဒါန်းမှု များပြားလာခြင်းကြောင့် ဖြစ်သည်။

ဆေးရရှိမှုမှာ ၂၀၀၂ ခုနှစ်တွင် ၁၂ ဦး၊ ၂၀၀၉ ခုနှစ်တွင်မူ ၂ သောင်းခွဲကျော်နှင့် ၂၀၁၀ တွင် ၃ သောင်းခန့်အထိ
 မြင့်တက်လာခဲ့သည်။ ၂ဝဝ၉  ခုနှစ် စာရင်းများအရ HIV/AIDS ကူညီပေးနေသည့် AZG အဖွဲ့က လူ ၆ ထောင်ကျော်အထိ ကူညီခဲ့ကာ၊ အစိုးရ၏ National Aids ကမူ ၁၄၀၀ ခန့် ကူညီခဲ့သည်။

ARV ဆေးကို NGO များအနေဖြင့် ငွေကြေး မတတ်နိုင်သဖြင့် အပြည့်အဝ ကူညီရန် ခက်ခဲနေပြီး ပြင်ပဈေးနှုန်းအရ တဦးလျှင် တလစာအတွက် ကျပ် ၂ သောင်းခွဲမှ ၃ သောင်းအထိ ရှိသည်။

“တသက်လုံးသောက်ရမှာ ဖြစ်တဲ့အတွက် တသက်လုံးအတွက် အာမခံချက်ဖြစ်အောင် တယောက်ယောက်ကနေ တာဝန်ယူပြီး ပေးရမယ်ဆိုတဲ့ အဲဒီ Perfection (အလုံးစုံ) တွေကလည်း ရှိတယ်။ ကိုယ့်ကို ဘယ်သူက
 ဆေးပေးမလဲ၊ ပေးတဲ့သူက တသက်လုံး တာဝန်ယူပြီး ဆေးပေးရမယ်ပေါ့။ ဒီဆေးကလည်း မသေမချင်း သောက်ရမှာပဲလေ” ဟု HIV ကူညီရေး အဖွဲ့တခုတွင် လုပ်ကိုင်နေသည့် ရုပ်ရှင်သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်က မဇ္ဈိမကို ပြောသည်။

ကြာသပတေးနေ့ အစည်းအဝေးတွင်  ကျန်းမာရေး၊ ပြည်ထဲရေး၊ လူမှုဖူလုံရေး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနများနှင့် ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂဆိုင်ရာ အရာရှိများနှင့် အစိုးရ မဟုတ်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ၊ HIV/AIDS ဝေဒနာသည်များကို ကူညီနေသည့် အလှူရှင်များ စသဖြင့် လူဦးရေ ၁၂၀ ကျော်က အမျိုးသား မဟာဗျူဟာ စီမံကိန်းဆိုင်ရာ အစည်းအဝေး အမည်ဖြင့် ဇွန်လ ၁ ရက်နေ့မှစ၍ ၂ ရက်ကြာ ကျင်းပခဲ့ခြင်း ဖြစ်သည်။

၎င်းတို့က  အစိုးရ၏ ပါဝင်ပတ်သက်မှု၊ အားကောင်းသည့် ကျန်းမာရေး ကူညီစောင့်ရှောက်မှုစနစ် ဖြစ်ထွန်းရေးနှင့် မဟာဗျူဟာ စီမံကိန်းဆိုင်ရာ သတင်းအချက်အလက် ရရှိရေးတို့ လုပ်ကိုင်သွားရန်ပါ ချမှတ်ခဲ့သေးသည်။

မြန်မာနိုင်ငံတွင် HIV/AIDS ပျံ့နှံ့မှုမှာ လိင်အလုပ်သမများတွင် ၁၁.၂ ရာခိုင်နှုန်း၊ ဆေးထိုးအပ်မှ ကူးစက်ခြင်း ၃၄.၆ ရာခိုင်နှုန်း၊ လိင်တူဆက်ဆံမှုမှ ၂၂.၃ ရာခိုင်နှုန်းနှင့် ကိုယ်ဝန်ဆောင်မိခင်မှ ကူးစက်မှု ဝ.၉၆ ရာခိုင်နှုန်း ရှိကြောင်း ကုလသမဂ္ဂ စစ်တမ်းများအရ သိရသည်။ ဆေးထိုးအပ်မှ ကူးစက်ပျံ့ပွားမှုမှာ မြန်မာပြည်မြောက်ပိုင်းနှင့် နယ်စပ်ဒေသများ၌ အများဆုံးဟုလည်း သိရသည်။


မြောက်ဦး အထက်တန်းကျောင်းတွင် အတန်းပြောင်းကြေး ငါးသောင်းထိရှိ
News Date:6/3/2011 နိရဉ္ဖရာ သတင်းဌာန


ရခိုင်ပြည်နယ် မြောက်ဦးမြို့ အထက်တန်းကျောင်းတွင် အတန်းပြောင်းကြေးမှာ ကျပ် ငါးသောင်းထိ ဈေးရှိနေကြောင်း သိရသည်။
ယခုကဲ့သို့ အတန်းပြောင်းကြေးမှာ ငါးတန်းမှ ဒဿမတန်းထိ ဖြစ်ကြောင်း ကျောင်းသား မိဘ တစ်ဦးက ပြောသည်။

၎င်းပြင် မြောက်ဦးမြို့တွင် ဆရာ ဆရာမများက ကိုယ်ပိုင် ကျူရှင်များ ဖွင့်ထားပြီး မိမိကျူရှင်ကို ယူသော ကျောင်းသားများကို မျက်နာသာပေးပြီး ကျူရှင် မယူသော ကျောင်းသားများကိုမူ မျက်နာသာ မပေးသဖြင့် ကျောင်းသူ ကျောင်းသားများ ကြားထဲတွင်လည်း မညီမျှမူသော ဆက်ဆံရေးများ ပေါ်ပေါက်နေကြောင်း သိရသည်။ " အတန်းတိုင်းမှာ အေအခန်းက စာတော်တဲ့ ကျောင်းသားတွေကိုသာ ထားလေ့ ရှိတာပါ။ ဆရာ ဆရာမတွေကလည်း စာတော်တဲ့ ကျောင်းသားတွေကို ဂရုတစိုက်နဲ့ သင်ကြားပေးတဲ့ အလေ့အထ ရှိပါတယ်။

ဒီတော့ ကျောင်းသားတိုင်းက အခန်းအေမှာ နေချင်ကြတယ်။ ဒါကို ဆရာမကြီးက အခွင့်အရေး အတွက် အသုံးချလိုက်တာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။ မြောက်ဦးမြို့ အထက်တန်းကျောင်းတွင် အတန်းတိုင်းတွင် အနည်းဆုံး အေ ဘီစီ စသဖြင့် အခန်းများခွဲထားရပြီး အေအခန်းတွင် စာတော်သူ ကျောင်းသားများကိုသာ ထားလေ့ရှိပြီး အဆိုပါ အခန်းရှိ ကျောင်းသားများကို ဆရာ ဆရာမများက အလေးပေး စာပြသကြောင်း သူက ပြောသည်။

" အခု မြောက်ဦး အထက်တန်းကျောင်းမှာ ကျောင်း အုပ်ဆရာမကြီးက ကျောင်းအခန်း တွေကို သတ်မှတ်တဲ့နေရာမှာ ကျောင်းသားတွေရဲ့ ရမှတ်တွေ အပေါ်မှာ မသတ်မှတ် ဘဲ ပိုက်ဆံပေးနိုင်တဲ့ ကျောင်းသား ဆိုရင် A ၊ ပိုက်ဆံမပေးနိုင်တဲ့ ကျောင်းသားဆိုရင် B တို့ C တို့မှာ ထားတယ်။ အဲသလို အခန်းတွေကို ပြောင်းရွှေ့လိုရင် ကျပ် ငါးသောင်းထိ ပေးရပါတယ်" ဟု ပြောသည်။


အကျဉ်းသားမလွှတ်ရင် မူဝါဒ မပြောင်းနိုင်ကြောင်း ဂျွန်မက်ကိန်းပြော

2011-06-03  RFA


အမေရိကန်အစိုးရက မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ပြန်ရုပ်သိမ်း ဖို့ ကိစ္စဟာ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးအပေါ် မူတည်နေကြောင်း အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်တွေ နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ၆ ယောက်နဲ့ ဇွန်လ ၂ ရက်နေ့က တွေ့တဲ့အခါမှာ မစ္စတာမက်ကိန်းက ပြန် ပြောပြတာပါ။ မစ္စတာမက်ကိန်းနဲ့ တွေ့ခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်းနိုင်းက RFA ကို အခုလို ပြောပါတယ်။

“သူတို့ ဒဏ်ခတ် အရေးယူတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲဖို့ စဉ်းစားဖို့ကိစ္စမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရမယ်ဆိုတဲ့ အခြေအနေကို သူက ဦးစားပေးပြီး ထည့်ပြောတာပါ။ နောက် သူကိုယ်တိုင်လည်း ပါးစပ်နဲ့ မဟုတ်ဘဲ စာနဲ့ပေနဲ့ ရေးပြီးတော့ ဒီနိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေများကို တိုးတက်နိုင်ရန်အတွက် ကမ္ဘာ့ကြက်ခြေနီအဖွဲ့က လူတွေ ဝင်ခွင့်ပြုဖို့ ကိစ္စကိုလည်း တရားဝင် ထပ်ပြောပါအုံးမယ်ဆိုပြီး အဲဒီနှစ်ခုကို သေသေချာချာ ပြောသွားတယ်”

မစ္စတာမက်ကိန်းနဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းနဲ့ ဦးနိုင်းနိုင်း၊ ဦးဝင်းထိန်၊ ကိုဇေယျာသော်၊ ဦးဇော်ညွန့်နဲ့ ဒေါ်နော်အုန်းလှတို့ ဖြစ်ပါတယ်။

မစ္စတာမက်ကိန်းဟာ ဇွန်လ ၂ ရက်နေ့ မနက်ကလည်း ထင်ရှားတဲ့ လူမှုရေးဆောင်ရွက်သူတွေ ဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း ရုံးခန်းနဲ့ မဖြူဖြူသင်း ဦးစီးဆောင်ရွက်နေတဲ့ HIV/ AIDS ဝေဒနာသည် စောင့်ရှောက်ရေးဂေဟာကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။



တောင်ကိုရီးယားကို တိုက်ဖို့ မြောက်ကိုရီးယား ခြိမ်းခြောက်
By ဗွီအိုအေ (မြန်မာဌာန)  သောကြာ, 03 ဇွန် 2011


တောင်ကိုရီးယားစစ်တပ်က မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းရဲ့ မိသားစု ဓာတ်ပုံတွေကို သေနတ်ပစ် လေ့ကျင့်တဲ့ နေရာမှာ အသုံးပြုနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် အဲဒီလို လုပ်ဆောင်ချက်အပေါ် စစ်ရေးအရ လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားက သောကြာနေ့မှာ သတိပေး ပြောလိုက်ပါတယ်။

မြောက်ကိုရီးယား ပြည်သူ့စစ်တပ်နဲ့ လယ်သမား တပ်နီတော် အနေနဲ့ အဲဒီ သစ္စာဖောက်အုပ်စုကို တချက်တည်းနဲ့ အပြုတ် သုတ်သင်နိုင်တဲ့ စစ်ဆင်ရေး ပြုလုပ်မယ်လို့ မြောက်ကိုရီးယား အစိုးရပိုင် သတင်းစာမှာ ရေးသား ဖော်ပြထားတာပါ။

ဘယ်နေရာကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ဖော်ပြမထားပေမဲ့လည်း အဲဒီလို လုပ်ဆောင်ချက်အတွက် တောင်ကိုရီးယားနိုင်ငံ အနေနဲ့ တောင်းပန်ရုံတင် မကဘဲ စက်ဆုပ် ရွံရှာဖွယ် ကောင်းပြီးတော့ ရန်လိုတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့တဲ့ အဲဒီတပ်ခွဲကို အပြစ်ပေး အရေးယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

တောင်ကိုရီးယား သမ္မတ အီမြောင်ဘက် (Lee Myung-bak) နဲ့ သူ့ရဲ့အစိုးရကို မြောက်ကိုရီးယားက သစ္စာဖောက်တွေလို့ ရံဖန် ရံခါ ရည်ညွှန်း ခေါ်ဝေါ်လေ့ ရှိပါတယ်။ သမ္မတ အီက အရင်သမ္မတ ၂ ယောက်ထက်စာရင် မြောက်ကိုရီးယားအပေါ် ပိုမိုတင်းမာတဲ့ ဆက်ဆံရေး မူဝါဒ ကျင့်သုံးနေတာဖြစ်ပြီး မြောက်ကိုရီးယား အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်ကို ဖျက်သိမ်းပါမယ်လို့ ပေးထားတဲ့ ကတိအတိုင်း ဆောင်ရွက်ဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန်တို့က မြောက်ကိုရီးယား အမျက်ဒေါသ ထွက်စေတဲ့ လုပ်ရပ်တွေ လုပ်ဆောင်ခဲ့ရင် မြောက်ကိုရီးယားက အခုလို ရန်လိုတဲ့ စကားလုံးတွေ သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ အခုတခေါက် ခြိမ်းခြောက်မှုဟာ နှစ်ဘက် ဆက်ဆံရေးတွေ တင်းမာနေတဲ့ အချိန်မှာ ဖြစ်ပေါ်လာတာပါ။


သမ္မတ အိမ်တော်ဝင်းကို တိုက်ခိုက်မှုအတွင်း ယီမင်သမ္မတ ဒဏ်ရာရ
By ဗွီအိုအေ (မြန်မာဌာန)  သောကြာ, 03 ဇွန် 2011



ယီမင်နိုင်ငံ ဆာနာ (Sana'a) မြို့တော်က သမ္မတ အိမ်တော်ဝင်း အတွင်းကို လက်နက်ကြီးနဲ့ တိုက်ခိုက်မှုကြောင့် ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ ဒါပေမဲ့ ယီမင်သမ္မတ အနေနဲ့ မကြာခင် အချိန်အတွင်းမှာ တနိုင်ငံလုံးကို မိန့်ခွန်းပြောဆိုဖို့ ရှိတယ်လို့ ယီမင် တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း မစ္စတာ ဆာလေး သေဆုံးသွားတယ်လို့ အတိုက်အခံ ရုပ်သံဌာနက လွှင့်ထုတ်ခဲ့ပြီး မကြာခင်မှာပဲ သမ္မတဟာ နိုင်ငံတော်ကို မိန့်ခွန်းပြောမယ်ဆိုပြီး အာဏာပိုင်တွေက ကြေညာသွားခဲ့တာပါ။

အခု သောကြာနေ့အတွင်း တိုက်ခိုက်မှုမှာပဲ ယီမင်ဝန်ကြီးချုပ် အလီ မိုဟာမက် မူဂျာဝါ (Ali Mohammed Mujawar) အပါအ၀င် အဆင့်မြင့် အရာရှိ အချို့လည်း ဒဏ်ရာရခဲ့ပါတယ်။ သမ္မတ ဆာလေးဟာ သမ္မတ အိမ်တော်ဝင်းအတွင်း ဘာသာရေး ၀တ်ပြုကျောင်းထဲမှာ ဘုရားဝတ်ပြုနေစဉ် ဒုံးကျည်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်တယ်လို့ အတိုက်အခံ ရုပ်သံဌာနရဲ့ သတင်းကို ကိုးကားပြီး အနောက်နိုင်ငံ မီဒီယာတွေမှာ ဖော်ပြပါတယ်။

သောကြာနေ့ အစောပိုင်းမှာတော့ သမ္မတ ဆာလေးရဲ့  တပ်တွေနဲ့ အတိုက်အခံ မျိုးနွယ်စုခေါင်းဆောင် ရှိတ်ခ် ဆာဒက်ခ် အယ်လ်အာမာ (Sheik Sadeq al-Ahmar) ကို သစ္စာခံတဲ့ တပ်တွေအကြား တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့ပြီး မြို့တော်မှာရှိတဲ့ အတိုက်အခံ ရုပ်သံလွှင့်ဌာန ပျက်စီးသွားခဲ့ပါတယ်။


ဆီးရီးယားလုံခြုံရေး လက်ချက် ဆန္ဒပြသူ ၃၀ ကျော် သေဆုံး
By ဗွီအိုအေ (မြန်မာဌာန)  သောကြာ, 03 ဇွန် 2011



ဆီးရီးယားသမ္မတ ဘာရှား အယ်လ်-အာဆဒ် (Bashar al-Assad) ကို ဆန့်ကျင် ဆန္ဒပြသူတွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဟာမာ (Hama) မြို့မှာ သောကြာနေ့က ဆန္ဒပြကြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၄ ယောက်လောက် သေဆုံးသွားတယ်လို့ ဆီးရီးယား လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မြို့တော် ဒမတ်စကတ် (Damascus) ရဲ့ မြောက်ဘက် ၁၈၆ မိုင်လောက်ဝေးတဲ့ အဲဒီ ဟာမာမြို့မှာ သောကြာနေ့ ဘုရားဝတ်ပြုပွဲအပြီး လုံခြုံရေးတွေက စတင် ပစ်ခတ်တာလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဘုရားဝတ်ပြုအပြီး ထောင်နဲ့ချီတဲ့သူတွေ လမ်းမတွေပေါ်ထွက် ဆန္ဒပြကြတဲ့အချိန် လုံခြုံရေး တပ်ဖွဲ့တွေက ကျည်ဆံအစစ်တွေသုံးပြီး ပစ်ခတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

သမ္မတ အာဆဒ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ သေဆုံးသူတွေထဲ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကလေးငယ် အရေအတွက် များပြားလာတဲ့အပေါ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြကြဖို့ အတိုက်အခံ အင်အားစုတွေက တောင်းဆိုခဲ့တာကြောင့် သောကြာနေ့က မြို့တော် ဒမတ်စကတ်နဲ့ တခြား မြို့အတော်များများမှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။

အာဏာပိုင်တွေဘက်က ဘယ်လိုပဲ ငြင်းနေပေမဲ့ မကြာခင် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေအတွင်း အနည်းဆုံး ကလေးငယ် ၂၅ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဆန္ဒပြပွဲတွေကို ဦးဆောင် ကျင်းပသူတွေက ပြောပါတယ်။ အဲဒီ သေဆုံးသူတွေထဲ လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးနှိပ်စက်ပြီး သတ်ဖြတ်ပစ်လိုက်တဲ့ ၁၃ နှစ်သားလေးလည်း ပါပါတယ်။ ဆီးရီးယား အာဏာပိုင်တွေကတော့ အဲဒီကလေးငယ်ကို သတ်ပစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။


မင်္ဂလာပါ မိတ်ဆွေတို့.......။

မနေ့က ညနေပိုင်း သတင်းလေးများကို အောက်ပါလင့်လေးကို နှိပ်ကာ ၀င်ရောက်ဖတ်ရှု နိုင်ပါပြီ....။

http://www.facebook.com/note.php?note_id=223979840949025%E1%80%A1%E1%80%AC%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8 ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ........။ ခင်မင်လေးစားလျှက်

ဗမာ့သွေး


No comments:

Post a Comment