သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, June 4, 2011

မိမိနှင်.သိန်းဖေမြင်.(ပါရဂူ)

'ပရကထာ' စာအုပ်ထဲတွင် ရေးထားသော ''မိမိနှင့်သိန်းဖေမြင့်''သည် သိန်းဖေမြင့်နှင့် ပတ်သက်ပြီး ကျွန်တော်ရေးသော ပထမဦးဆုံး ဆောင်းပါးဖြစ်သည်။ ယင်းဆောင်းပါး၌ ''စာပေဗိမာန်မှာလား (သို့) တက္ကသိုလ်မှာလား ဝန်ထမ်းတစ်ဦး အဖြစ် တာဝန်ထမ်းရွက် နေသော သူ၏ဇနီး ရုံးဆင်းချိန် သွားကြိုသောအဖြစ်အပျက်ကို ထည့်သွင်း ဖော်ပြထားသည်။ သိန်းဖေမြင့်သည် သူ့ဇနီး ရုံးဆင်းချိန်သွားကြိုရန် အတွက် အိမ်မှစက်ဘီးစီးပြီး ထွက်လာရာ မဟာစည်ရိပ်သာ လမ်းတစ်ဝက်လောက် ရောက်သောအခါ စက်ဘီးပေါ်က အောက်ဆင်းလျက် သူ့ဖိနပ်က ထွက်နေသောသံကို အနီးက အုတ်ခဲတစ်ခဲယူလျက် ထုနေသည့်အကြောင်း စကားစပ် ဖော်ပြထားသည်'' ကန်တော်ကြီး၌ သိန်းဖေမြင့်နှင့် တွေ့သည်။ 'ကန်တော်ကြီး၏ အတ္တကထာ'' စာအုပ် ထဲတွင် ကျွန်တော်ပြောလိုသော အကြောင်းများကို ကန်တော်ကြီးအား အပြောခိုင်း ထားသည်။ ကန်တော်ကြီး၏ 'အတ္တကထာ၌' ဒေါက်တာဘမော်နှင့် တရားဝန်ကြီးချုပ် ဦးသိန်းမောင်အကြောင်း ရေးသားဖော်ပြထားသည်။ ကန်တော်ကြီး၌ပင် နာမည်ကျော် ပုဂ္ဂိုလ်များနှင့်လည်းဆုံသည်။ ဦးကျော်ငြိမ်းနှင့်ဆုံသည်မှာလည်း ကန်တော်ကြီး၌ လမ်း လျှောက်ရင်းဖြစ်သည်။ ကန်တော်ကြီး၌ လမ်းလျှောက်ရင်း အသိမိတ်ဆွေ ဖြစ်သွားသော ဦးကျော်ငြိမ်းသည် ဦးထွန်းမြတ်လမ်းထိပ်က အကြော်ဖိုတွင် ကျွန်တော့်ကို အကြော်နှင့် ရေနွေးကြမ်းဝယ်ပြီး တိုက်သည်။ သိန်းဖေမြင့်နှင့် တွေ့ပြီး စကားပြောရသည်မှာလည်း ကန်တော်ကြီး၌ ဖြစ်သည်။ တစ်နေ့ကန်တော်ကြီးထဲ လမ်းလျှောက်သွားသော မိမိနောက်က သိန်းဖေမြင့်နှင့်သူ၏ သမီး လမ်းလျှောက်လိုက်လာသည်။ သူတို့ရှေ့က လျှောက်သွားသော ကျွန်တော့်ကို မီလာသောအခါ မိမိကို ''ပါရဂူ''မှန်း သိသည်ဖြစ်၍ သိန်းဖေမြင့်က ''ကျုပ် ယခု စုံထောက်မောင်စံရှား ဝတ္ထုဖတ်နေတယ်။ ဝတ္ထုထဲမှာ အရပ်ပုတဲ့လူက အသွားနှေးပြီး အရပ်ရှည်တဲ့လူက အသွားမြန်တယ်လို့ ရေးထားတယ်။ ယခုတော့ အရပ်ပုတဲ့လူနောက် မီအောင် အတော်လိုက်နေရတယ်''ဟုပြောသည်။
သိန်းဖေမြင့်နှင့် ရင်းနှီးမှုရှိသွားသည်မှာ (၁၉၅၈)ခုနှစ်ကုန်လောက်က နယူးဒေလီမြို့၌ ကျင်းပပြုလုပ်သော အာရှစာရေးဆရာများ ညီလာခံ၌ ဖြစ်သည်။ အာရှစာရေးဆရာ ညီလာခံတက်သော စာရေးဆရာအသင်း ဥက္ကဋ္ဌ သိန်းဖေမြင့် ခေါင်းဆောင်သော အဖွဲ့ဝင်တွင် ကျွန်တော် အဖွဲ့ဝင်တစ်ဦး အဖြစ် ပါသွားသည်။ ထိုအချိန်မှစ၍ သိန်းဖေမြင့်နှင့် အကျွမ်းတဝင် ရှိသွားသည်။ ညီလာခံကျင်းပနေချိန် အတွင်း တစ်နေ့ ညစာစားပွဲတစ်ခု၌ စကားဝိုင်း တစ်ခုတွင် သိန်းဖေမြင့်နှင့်ကျွန်တော် အတူရှိနေသည်။ ထိုအချိန်က စားပွဲဝိုင်းတွင်ရှိသော အိန္ဒိယအမျိုးသမီးတစ်ဦးအား သိန်းဖေမြင့်က 'ဒုတိယ ကမ္ဘာစစ်အတွင်းက ကျွန်တော်အိန္ဒိယ ရောက်နေစဉ် What happened in Burma အမည်ရှိတဲ့ စာအုပ်တစ်အုပ် ရေးခဲ့တယ်။ အဲဒီစာအုပ်ကို အေလဟာဘတ်မြို့ ကီတာဗိစတန် စာအုပ်တိုက်က ပုံနှိပ်ထုတ်ဝေထားတယ်။ အဲဒီစာအုပ် ကျွန်တော်လိုချင်တယ်။ ဟုပြောသည့်အခါ ကျွန်တော်က ''အဲဒီစာအုပ် ကျွန်တော့်ဆီမှာ ရှိတယ်။ မြန်မာပြည်ပြန်ရောက်ရင် ကျွန်တော်ပေးမယ်''ဟုပြောလိုက်သည်။ ၁၉၅ဝခုနှစ် ဝန်းကျင်လောက်က ဗာရာဏသီဟိန္ဒူ တက္ကသိုလ်တွင် ပညာသင်နေစဉ် တက္ကသိုလ်အထွက် စာအုပ်ဆိုင်က မြန်မာနှင့်ပတ်သက်သည့် စာအုပ်(၂)အုပ် ဝယ်ထားသည်။ ယင်းစာအုပ် (၂)အုပ်မှာ သိန်းဖေမြင့်၏ 'What happened in Burma'နှင့်ဒေါ်မြစိန်၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မြန်မာသမိုင်းစာအုပ် ဖြစ်သည်။
ရာဟုလာသံကိစ္စည်း ရေးသော ကျွန်တော့် သီဟသေနာပတိ စာအုပ်ထုတ်ဖြစ်သည်မှာ သိန်းဖေမြင့်၏ ပယောဂနှင့် မကင်းပေ။ ထိုအချိန်က သိန်းဖေမြင့်သည် ဒဂုန်ဦးလှဖေတို့၏ ရွှေပြည်တန် စာပုံနှိပ်တိုက်နှင့် အဆက်အသွယ် ရှိသည် ဖြစ်၍ ရွှေပြည်တန် ပုံနှိပ်တိုက်အား သီဟသေနာပတိ ထုတ်ဝေဖို့ သိန်းဖေမြင့်တိုက်တွန်းသည့် အတွက် သီဟသေနာပတိစာအုပ် ပထမရိုက်နှိပ်ပြီး ထုတ်ဝေဖြစ်သွားသည်။ သိန်းဖေမြင့်သည် သီဟသေနာပတိ စာအုပ်ကို အထုတ်ခိုင်းရုံမျှမက မြန်မာ့အလင်းသတင်းစာတွင် သီဟသေနာပတိ စာအုပ် ဝေဖန်စာကိုပင် ရေးသားထားသည်။
ဒေလီမြို့ စာရေးဆရာညီလာခံ သွားတက်သောအခါ သူ၏ မိတ်ဆွေဟောင်း ရာဟုလာသံကိစ္စည်းနှင့် ဆုံခဲ့သည်။ ရာဟုလာသံကိစ္စည်း တိဘက်ပဉ္စမခရီး ထွက်လာသောအခါ ရန်ကုန်မြို့၌ ကျွန်တော်၏ ဧည့်သည်အဖြစ် ရောက်ရှိလာသည်။ ရာဟုလာသံကိစ္စည်းကို မြန်မာနိုင်ငံ စာရေးဆရာ အသင်းက ဆန်းကဖေးတွင် ဧည့်ခံဂုဏ်ပြုပွဲ ကျင်းပသည်။ ယင်းဧည့်ခံပွဲ၌ ရာဟုလာသံကိစ္စည်း၏ ပြောကြားချက်ကို ပြန်ကြားသည့် အနေဖြင့် စာရေးဆရာ အသင်းဥက္ကဋ္ဌ သိန်းဖေမြင့်က ဂုဏ်ပြုစကား ပြောကြားသည်။ ယင်းအခမ်းအနား၌ ရာဟုလာသံကိစ္စည်း ဟိန္ဒီလို ပြောသည့်စကားကို မြန်မာဘာသာဖြင့် လည်းကောင်း သိန်းဖေမြင့် မြန်မာလိုပြောသော စကားကို ဟိန္ဒီဘာသာဖြင့် လည်းကောင်း ကျွန်တော်ဘာသာ ပြန်ပြောပေးခဲ့ရသည်။
သိန်းဖေမြင့်သည် (၆၄)နှစ် အရွယ်တွင် ကွယ်လွန်သွားသည်။ မကွယ်လွန်မီ ''အရှေ့က နေဝန်းထွက်သည့်ပမာ'' စသော စာအုပ်ပေါင်းများစွာ ရေးသားပြုစုသွားသည်။ နောက်ပိုင်း၌ သိန်းဖေမြင့်နှင့်ပတ်သက်ပြီး ကျွန်တော်လည်း ဆောင်းပါးများစွာ ရေးသားခဲ့သည်။ သိန်းဖေမြင့်၏ ဝတ္ထုများကို အိန္ဒိယသံအမတ်ကတော်က အင်္ဂလိပ်လိုဘာသာပြန်ပြီး ထုတ်ဝေ သည်။ ယင်းဝတ္ထုဘာသာပြန် ထွက်ချိန်ကလည်း သိန်းဖေမြင့်အကြောင်း တခမ်းတနား ရေးခဲ့သည်။ ထို့နောက် အခါအခွင့်သင့်တိုင်း သိန်းဖေမြင့်နှင့် ပတ်သက်သော ဆောင်းပါးများကို မကြာခဏရေးသားသည်။ ယခုတစ်ဖန် သိန်းဖေမြင့်အကြောင်း ရေးဖို့ ဖန်လာပြန်သည်။ ကျွန်တော်တို့ ပါရဂူရှန်တိနိကေတန် စာကြည့်တိုက်သို့ လာရောက်လှူဒါန်းသော စာအုပ်များထဲတွင်'သိန်းဖေမြင့်၏'ဘုံဝါဒနှင့်တို့ဗမာ'အမည်ရှိ စာအုပ်တစ်အုပ် ပါလာသည်။ ယင်းစာအုပ်မှာ ယခင်က သိန်းဖေမြင့် ရေးသားခဲ့သော စာအုပ်များနှင့်မတူ ကွဲပြားခြားနားသော စာအုပ်ဖြစ်နေသည်။ ယင်းစာအုပ်မှာ သိန်းဖေမြင့် ကိုယ်တိုင်ရေးသော စာအုပ် မဟုတ်ဘဲ ''ဘုံဝါဒနှင့်တို့ဗမာ''နှင့် ပတ်သက်သော ဆောင်းပါးများကို စုစည်း တင်ပြထားသော စာအုပ်ဖြစ်သည်။ ယင်းစာအုပ်ကို ၁၉၅၃ခုနှစ်လောက်က ပြည်တော်စိုး စာအုပ်တိုက်က ထုတ်ဝေထားခြင်းဖြစ်သည်။ ယင်းစာအုပ်၌ သခင်ကိုယ်တော်မှိုင်း၏ ''ခေတ်ကာလ ပြုပြင်ပြောင်းလဲရေး'' နှင့် ''သခင်ကိုယ်တော်မှိုင်းနှင့် စစ်ကိုင်းသူတို့၏ မေတ္တာလက်ဆောင်''၊ သခင်အောင်ဆန်း၏ 'ကမ္ဘာစစ်နှင့်မြန်မာ'၊ မောင်နု၏ ''ကျွန်တော်ဘုံသမား' နှင့် 'ဘယ်လို လွတ်လပ်ရေးမျိုးလဲ'၊ မောင်စိုး၏ ''ရေနံမြေအရေးတော်ပုံ''၊ သခင်လေးမောင်၏ ''အလုပ်သမားနှင့် လယ်သမားများသာ တိုင်းပြည်၏ အရှင်သခင်''၊ သန်းထွန်း၏''ဆိုရှယ်လစ် ဝါဒနှင့် ဗမာရာဇဝင်''၊ မောင်ဗဆွေ ၏''လောကနိဗ္ဗာန် တည်ဆောက်နေသူ စတာလင်''၊ မောင်ဗဟိန်း၏'ကမ္ဘာကို ချောက်ချား တုန်လှုပ်စေခဲ့သော နိုင်ငံရေးပါတီတစ်ခု'၊ ဦးသန့်ပန်းတနော်၏ 'လက်ဝဲဂိုဏ်းများ၏ ဝါဒ'၊ မောင်လှဖေ၏ ''ငြိမ်းချမ်းရေးနှင့် ဗြိတိသျှ ခြေလှမ်း''၊ သခင်ကျော်စိန်၏ 'တို့ဗမာအစည်းအရုံးနှင့် ဆိုရှယ်လစ်ဝါဒ' ဆောင်းပါးများကို စုစည်းဖော်ပြထားသည်။ ထူးခြားသည်မှာ စာအုပ်၏နောက်ပိုင်း၌ ဆောင်းပါးရှင် စာရေးဆရာများ၏အကြောင်းကို သိန်းဖေမြင့်ကိုယ်တိုင် ရေးသား ဖော်ပြထားခြင်းဖြစ်သည်။ ယင်းစာရေးဆရာများထဲက သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်စိုး၊ သိန်းဖေမြင့်တို့၏ အကြောင်းကို ယခုဆောင်းပါး၏ အနှစ်သာရ အဖြစ် ဖော်ပြလိုက်သည်။
သခင်အောင်ဆန်း
၁၉၃၆ခုနှစ် တက္ကသိုလ်သပိတ်ကြီးသည် သခင်အောင်ဆန်းအား နိုင်ငံကျော် ပုဂ္ဂိုလ်တစ်ယောက် အဖြစ် မွေးထုတ်ပေးလိုက်သော သပိတ်ကြီးပင်ဖြစ်သည်။ ထိုသပိတ်မှာ ကိုနု(ဝါ)သခင်နု(ဝါ) ယခုဝန်ကြီးချုပ် ဦးနုကို တက္ကသိုလ်မှ ထုတ်ပယ်လိုက်ခြင်းကို အကြောင်း ပြု၍ ဖြစ်ပေါ်လာခဲ့သည်။ သခင်အောင်ဆန်းမှာ 'အိုးဝေမဂ္ဂဇင်း' စာတည်းအဖြစ်လည်း ဆောင်ရွက်ခဲ့လေသည်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကို တည်ထောင်ရာတွင် သခင်အောင်ဆန်းသည် ရှေ့တန်းခေါင်းဆောင်တစ်ဦး အနေနှင့် ပါဝင်ခဲ့လေသည်။ သခင်ဗစိန်တို့ လူသိုက်ကို ထုတ်ပစ်ပြီး တို့ဗမာ အစည်းအရုံးကြီးကို ဆရာကြီး သခင် ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်စည်းရုံးရာတွင် သခင်အောင်ဆန်းသည် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဘဝမှ တို့ဗမာအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး ဖြစ်လာခဲ့လေသည်။ ထိုသို့သခင်အောင်ဆန်း သခင်ဖြစ်လာအောင် ပါရမီဖြည့်ကာ သိမ်းသွင်းခဲ့သူကား ဂျပန်ခေတ်က ကွယ်လွန်သွားသူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌဟောင်း သခင် တင်မောင်(ပန်းတနော်)ပင် ဖြစ်လေသည်။
သခင်အောင်ဆန်း တို့ဗမာအစည်းအရုံးသို့ ရောက်လာပြီးနောက် ဖြစ်ပေါ်ခဲ့သော (၁၃ဝဝ)ပြည့် အရေးတော်ပုံတွင် သခင်အောင်ဆန်းသည် ဦးစီးခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့လေသည်။ သခင်စိုး၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်ဗဟိန်း၊ ရဲဘော်ဘတင်(ဂိုရှယ်) တို့နှင့်အတူ ၁၉၃၉ ခုနှစ်တွင်စကော့ဈေး (ယခုဗိုလ်ချုပ်ဈေး) အနောက်ဘက်တန်း နဂါးနီစာအုပ်အသင်း အပေါ်ထပ်၌ ''ကွန်မြူနစ်ကလာပ်စည်း''တစ်ခုကို အိန္ဒိယ ကွန်မြူနစ် ပါတီ ပါတီလက်အောက်ခံအဖြစ် ဖွဲ့စည်းခဲ့သည်။ ဗမာ့ထွက်ရပ်ဂိုဏ်း ဦးစီးအဖွဲ့တွင်လည်း သခင်အောင်ဆန်း ပါခဲ့လေသည်။ တို့ဗမာအစည်းအရုံး၏ မော်လမြိုင် ညီလာခံသဘင်မှ လည်းကောင်း၊ သာယာဝတီ ညီလာခံကြီးမှလည်းကောင်း၊ သခင်အောင်ဆန်းကို အထွေထွေ အတွင်းရေးမှူးအဖြစ် ဆက်၍ဆက်၍ တင်မြှောက်ခဲ့ကြသည်။
၁၉၄ဝပြည့်နှစ် အိန္ဒိယပြည် ရမ္မဂါကွန်ဂရက်သို့ စေလွတ်ခဲ့သော တို့ဗမာအစည်းအရုံး၏ ကိုယ်စားလှယ်ငါးဦး အဖွဲ့တွင် သခင်အောင်ဆန်းသည် ခေါင်းဆောင်အဖြစ် တာဝန်ခံခဲ့ရလေသည်။ ထိုငါးဦးအဖွဲ့ဝင်တို့မှာ တို့ဗမာအစည်းအရုံး အလုပ်အမှုဆောင်များ ဖြစ်ကြသော သခင်အောင်ဆန်း၊ သခင်တင်မောင်၊ သခင်သန်းထွန်း၊ သခင်အုန်းဖေ (ဝါးခယ်မ)နှင့် သခင်ခင်အောင် (သာယာဝတီ) တို့ ဖြစ်ကြလေသည်။
ထိုအခါမှစ၍ သခင်အောင်ဆန်းသည် မဟတ္တမဂန္ဒီနှင့် လည်းကောင်း၊ ပန်ဒစ်နေရူးနှင့် လည်းကောင်း ရင်းနှီးခဲ့လေသည်။
၁၉၄ဝပြည့်နှစ်မေလတွင် နယ်ချဲ့စနစ်ဆန့်ကျင်ရေး၊ တရားများဟောပြီး စည်းရုံးခဲ့သဖြင့် နယ်ချဲ့သမားတို့က ဆုငွေငါးကျပ်ထုတ်ခြင်း ခံခဲ့ရလေသည်။
၁၉၄ဝပြည့်နှစ် ဇွန်လတွင် တရုတ်ကွန်မြူနစ်များထံ အရောက်သွားမည်ဟူသော ရည်ရွယ်ချက်ဖြင့် တိုင်းပြည်မှ ထွက်ခွာခဲ့သည်။ တရုတ်ပြည် အေမွိုင်မြို့တွင် သောင်တင်နေစဉ် ဂျပန်များနှင့်တွေ့ပြီး နိုင်ငံလွတ်လပ်ရေးအတွက် ဆက်လက်ဆောင်ရွက်ခဲ့လေသည်။ ဂျပန်တစ်ခေတ်လုံးတွင် ကာကွယ်ရေးဝန်ကြီး အဖြစ်နှင့် တပ်မတော်ကြီးကို ထူထောင်ခဲ့သည်။ ဖက်ဆစ်ဂျပန်နှင့် ပေါင်းမိသောအမှားကြီးကို မြင်တွေ့လာသောအခါ နောင်တရလျက် ဖက်ဆစ်ဂျပန် ဆန့်ကျင်ရေးတွင် တပ်မတော်ကြီးတစ်ခုလုံးနှင့် ပါဝင်ခဲ့သည်။ ဖ-ဆ-ပလ အဖွဲ့ချုပ်ဥက္ကဌ ဖြစ်လာသည်။ ''တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်''ဟူသော ကြွေးကြော်သံနှင့်အညီ လွတ်လပ်ရေးရအောင် အားထုတ်နေဆဲ ပယောဂပူးသော ဂဠုန်ဦးစောတို့၏ ရက်စက်စွာ လုပ်ကြံခြင်းကို ခံခဲ့ရလေသည်။
သခင်အောင်ဆန်းသည် စာပေအရေးအသား ဝါသနာပါသော်လည်း စာတစ်အုပ် ဖြစ်မြောက်အောင် ရေးသားရချိန် မရခဲ့သဖြင့် သခင်အောင်ဆန်းရေးခဲ့သော စာအုပ်ဟူ၍ ပြစရာမရှိ ဖြစ်ခဲ့ရသည်။ သို့သော် သူ၏မိန့်ခွန်းများကို စုပေါင်းလိုက်လျှင် ''သခင်အောင်ဆန်း၏ သြဝါဒများ'' ကျမ်းကြီးတစ်ကျမ်း ဖြစ်လာနိုင်လေသည်။ သခင်အောင်ဆန်းသည် အမြော်အမြင်ရှိရှိနှင့် အလွန်ရိုးသား တည်ကြည်ပြီး ဇွဲအရှိဆုံးခေါင်းဆောင် ဖြစ်သည်ကို အားလုံးဝန်ခံကြရမည်သာ ဖြစ်လေသည်။
ယနေ့ပြည်ထောင်စုနိုင်ငံတော်ကြီးကို မွေးထုတ်ခဲ့သူမှာ သခင်အောင်ဆန်း(ဝါ) ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်လေရာ ပြည်ထောင်စုကြီး တည်နေသမျှ ဗိုလ်ချုပ်အောင်ဆန်း (ဝါ) သခင်အောင်ဆန်း၏ ကျေးဇူးကို အစဉ်သတိရလျက် ရှိကြရန် အရေးကြီးလှသတည်း။
သခင်သန်းထွန်း
(၁၉၃၆)ခုနှစ်တွင် လူငယ်များကြီးပွားရေး အသင်းတွင် ပါဝင်ခဲ့သည်။ ရန်ကုန်ခရိုင် တို့ဗမာအစည်းအရုံးနှင့် နီးစပ်ခဲ့သည်။ (၁၉၃၇)ခုနှစ်တွင် နဂါးနီ စာအုပ်အသင်းကို သခင်နု၊ သခင်စိုးတို့နှင့် အတူ ထူထောင်ခဲ့သည်။ ဗမာ၊ မူဆလင်အမျိုးသား အထက်တန်းကျောင်းတွင် စာပြရင်း တို့ဗမာအစည်းအရုံး လုပ်ငန်းများကို လုပ်ခဲ့သည်။ (၁၃ဝဝ)ပြည့်အရေးတော်ပုံကို ခေါင်းဆောင်ခဲ့သူ တစ်ယောက်ဖြစ်သည်။ တောင်သူလယ်သမား လုပ်ငန်းများကို အာရုံစိုက်သည့် အတိုင်း ဗမာတစ်နိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး အထွေထွေ အတွင်းရေးမှူးအဖြစ် လည်းကောင်း၊ ဌာနချုပ် တို့ဗမာအစည်းအရုံး၊ လယ်သမားဌာန တာဝန်ခံအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ နိုင်ငံခြား၊ နိုင်ငံရေး ဂျာနယ်များတွင် ဆောင်းပါးများ ရေးခဲ့သည်။ တို့ဗမာအစည်းအရုံး မော်လမြိုင် ညီလာခံကြီးတွင် တင်သွင်းသမျှ အဆိုတို့ကို 'အိန္ဒိယကွန်ဂရက် ဆိုရှယ်လစ်ပါတီ' ဆုံးဖြတ်ချက်များနှင့် ညှိနှိုင်းပြီး ရေးဆွဲခဲ့သည်။ (၁၉၄ဝ) ပြည့်နှစ်တွင် မြောင်းမြမြို့၌ စစ်ဆန့်ကျင်ရေး တရားဟောသဖြင့် ထောင်ကျခဲ့သည်။ ဂျပန်ဖက်ဆစ်များ ရောက်လာသောအခါ ပထမအုပ်ချုပ်မှု ပြင်ဆင်ရေး ကော်မတီတွင်ပါခဲ့သည်။ ဂျပန်တစ်ခေတ်လုံး လယ်ယာစိုက်ပျိုးရေး ဝန်ကြီး၊ ကုန်စည် ဖြန့်ချိရေးဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သဖြင့် ဂျပန်ဘုရင်က 'တက်နေတံဆိပ်'ဖြင့် ချီးမြှင့်ခြင်း ခံရသည်။ (၁၉၄၄)ခု၊ ဒီဇင်ဘာလတွင် ဖက်ဆစ်ဆန့်ကျင်ရေး လုပ်ငန်းတွင် ပါဝင်ခဲ့သည်။ စစ်ပြီးသောအခါ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။ ဖဆပလအဖွဲ့ ချုပ်ကြီး၏ အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ နောက်ဗမာပြည် ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်လာသည်။ ယခု တောခိုလျက်ရှိသည်။
သခင်စိုး
ခွဲရေးတွဲရေးခေတ် ဟံသာဝတီကြား ရွေးကောက်ပွဲတစ်ရပ် ကျင်းပသည်မှ အစပြုပြီး တို့ဗမာအစည်းအရုံးနှင့် ရင်းနှီးလာသည်။ နောက် ဘီ-အို-စီမှ အလုပ်ထွက်လိုက်ပြီး တို့ဗမာ အစည်းအရုံးလုပ်ငန်းများကို အားပေးလာသည်။ အရှင်ကျော် အင်္ဂလန်မှ ပြန်ရောက်သောအခါ ပါရှိလာသော လက်ဝဲစာပေများကို သခင်သန်းထွန်း၊ သခင်ဗိုလ် (ကွယ်လွန်သူ)တို့နှင့် အတူယူပြီး လေ့လာခဲ့သည်။ အလုပ်သမားအရေးကို အထူးဂရုစိုက် လေ့လာသည်။ သခင်ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာအစည်းအရုံး ပြန်လည်စည်းရုံးရာတွင် အလုပ်အမှုဆောင်တစ်ဦး ဖြစ်လာသည်။ (၁၉၃၇) ခုနှစ်၊ နဂါးနီစာအုပ်အသင်းကို သခင်နု၊ သခင် သန်းထွန်းနှင့်အတူ ထူထောင်ခဲ့သည်။ 'ဆိုရှယ်လစ်ဝါဒ' ကျမ်းကိုပြုစုခဲ့ပြီး 'ဗမာ့တော် လှန်ရေး'နှင့် 'အလုပ်သမားလောက'ကျမ်းတို့ကို ရေးသားခဲ့သည်။ (၁၃ဝဝ)ပြည့် အရေး တော်ပုံတွင် ဦးဗဆွေ၊ သခင်ဗဟိန်းတို့နှင့်အတူ ထောင်ကျခဲ့သည်။ (၁၉၄ဝ)ပြည့်နှစ်တွင် စစ်ဆန့်ကျင်ရေး လှုံ့ဆော်မှုကြောင့် ကာကွယ်ရေး ဥပဒေအရ ထောင်ကျခဲ့သည်။ ဂျပန်များ မန္တလေးသို့ မဝင်မီကလေးတွင် ထောင်မှ သခင်နု၊ သခင်ကျော်စိန်၊ သခင်မြသွင်တို့နှင့် အတူလွတ်သည်။ တရုတ်တပ်များနှင့် တရုတ်ပြည်သို့လိုက်ရန် စီစဉ်ရာ၌ ပါခဲ့သည်။ နောက်မှ နေရစ်ခဲ့သည်။ ဂျပန်တစ်ခေတ်လုံးတွင် တောခိုခဲ့သည်။ ''ဗမာပြည် ကွန်မြူနစ်ပါတီ''ကို စည်းရုံးခဲ့သည်။ ဂျပန်ဖက်ဆစ် ဆန့်ကျင်ရေးကို လုပ်ခဲ့သည်။ ဗမာ ပြည်ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာလေသည်။ (၁၉၄၇) ခုနှစ်တွင် 'အချောင်သမားတွေနှင့် စေ့စပ် ကျေအေးနေခြင်းသည် အချောင်သမားဝါဒကို အားပေးခြင်းဖြစ်သည်'' ဆိုပြီး အလံနီကွန်မြူနစ်ပါတီကို ခွဲထူထောင်ခဲ့သည်။ တောခိုခဲ့ရာ ယနေ့တိုင်ပင် ဖြစ်သည်။
သိန်းဖေမြင့်
(၁၉၃၄-၃၅)ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအလုပ်အမှုဆောင်၊ (၁၉၃၅-၃၆)ဗမာနိုင်ငံလုံးဆိုင်ရာ တိုဗမာအစည်းအရုံးတွင်တွဲဖက် အတွင်းရေးမှူး။ (၁၉၃၆ -၃၇)ဘင်္ဂလားပြည်နယ် ကျောင်းသားများ အဖွဲ့ပေါင်းချုပ် အလုပ်အမှုဆောင်။ ၁၉၃၆ တက်ဘုန်းကြီးဝတ္ထုရေး။ ၁၉၃၇-၃၈နဂါးနီ စာအုပ်အသင်းပညာရေးအဖွဲ့ငယ်အမှုဆောင် (၁၉၃၉-၄ဝ)ရုပ်ရှင် ဒါရိုက်တာ (၁၉၄ဝ-၄၁)တက် ခေတ်နတ်ဆိုးဝတ္ထုနှင့် ဦးစောဘိလပ် သွားပြဇာတ်ရေး။ (၄၁-၄၂) ဂျပန်အဝင်တွင် ဂျပန်ဆန့်ကျင်ရေး အင်အားစုများ၏ စည်းရုံးရေးမှူးတစ်ဦး ဖြစ်ပြီး ၄င်းတို့ ကိုယ်စားလှယ် အဖြစ်ဖြင့် အိန္ဒိယနှင့် တရုတ်ပြည်များသို့သွား။ (၁၉၄၅)ဗမာပြည်ပြန်ရောက်။ (၁၉၄၅)အောက်တိုဘာလမှ (၁၉၄၆) ဇွန်လအထိ ဗမာပြည် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး။ ¤င်းနောက် ဖဆပလ အဖွဲ့ချုပ်တွဲဖက် အထွေထွေအတွင်းရေးမှူး (၁၉၄၈)ဘဲလားရေး သဘင်သစ်ကိုကပြ။ (၁၉၄၈)မတ်လထိ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီလူကြီး၊ ၄င်းနောက် ကွန်မြူနစ်ပါတီမှ ထွက်ပြီးလက်ဝဲ အင်အားစုများ ညီညွတ်ရေး အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးများကိုလုပ်။ (၁၉၄၈) သြဂုတ်လမှ (၄၉)ဇူလိုင်ထိ ထောင်ကျနေ။ ထောင်တွင်းမှ ''လမ်းစပေါ်ပြီ''ဝတ္ထု။ ချစ်၍ခေါ်ရာ ဇာတ်ညွှန်းနှင့် ဒီမိုကရေစီသစ် မော်စီတုံး၏ သင်ကြားချက်များ စာအုပ်သုံးအုပ်ကို ရေးသည်။ ''စိမ်းရောင်စို'' ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး သဘင်သစ်ကို ကပြသည်။ ယခု ပြည်သူ့ ညီညွတ်ရေးပါတီ။ တရုတ်-ဗမာ မိတ်ဆွေဖြစ်အသင်း။ ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်။ စာရေးဆရာများ အသင်းတို့တွင် ခေါင်းဆောင်ပိုင်းမှ ပါဝင်ဆောင်ရွက်လျက် ရှိ၏။ 

No comments:

Post a Comment