သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, December 24, 2011

နိုင်ငံရေးပိုင်သူ ရှားပါး

by Wai Maw on Saturday, December 24, 2011 at 10:43am

-မောင်သာနိုး
-(၂၃-၁၂-၂၀၁၀)

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နောက်ပိုင်းသမိုင်းကို ပြန်ပြောင်းကြည့်လိုက်ရင် ကျွန်တော်တို့  နိုင်ငံမှာ နိုင်ငံရေးကို ပိုင်ပိုင်နိုင်နိုင်ခွဲခြမ်းသုံးသပ် သိမြင်တတ်သူ အတော်ရှားပါးတာကို တွေ့ ကြရတယ်။

ခေတ်ပညာအသိ မကြွယ်ဝသေးတဲ့ ပဒေသရာဇ်ဘုရင်ခေတ်ကို ထား လိုက်တော့။

လောကဓာတ်ကျောင်းဆိုတာတွေ စတင်ပေါ်ပေါက်၊ နောက် တက္ကသိုလ်ထွက် ပေါ်တဲ့ ကိုလိုနီခေတ်မှာကို ရှိသင့်ရှိအပ်တဲ့ နိုင်ငံရေး အသိရှိတဲ့သူ အင်မတန် ခေါင်းပါးတာကို တွေ့ ကြရတယ်။

အပြည်.အစုံသို. >>



ဥပမာ ဂျာမဏီမှာ ”အာဏာရှင်”ဟစ်တလာ (သူတို့ ခေတ်က ၀စ္စပေါက်သံထည့်ပြီး ရွတ်ကြပါတယ်။ နောက်မှ ၀စ္စပေါက်သံ ပျောက်ပြီး “ဟစ်တလာ” ခေါ်ကြတာ) ပေါ်လာတော့ တစ်တိုင်း တစ်ပြည်လုံး ဟစ်တလာ ဟစ်တလာ ဖြစ်လာတယ်။

အာဏာရှင် အာဏာရှင် ဖြစ်လာတယ်။
နိုင်ငံရေးခေါင်းဆောင်တစ်ဦးကိုတောင် “အာဏာရှင် ဦးချစ်လှိုင်”ခေါ်လိုက်ကြသေး။
သီချင်းထဲမှာတောင် “အာဏာရှင်ဟစ်တလာက ပျိုရွယ်သူတွေ ယှဉ်ကာဖက်လို့ ” ဘာညာ ဆိုလိုက်ကြသေး တာကလား။

ဒီလိုနဲ့  နောက်ဆုံး ဖက်ဆစ်ဂျပန်နဲ့ ပေါင်းတဲ့ထိ ဖြစ်ခဲ့ရတယ်။
ဒါ့ကြောင့်လည်း နောင် ဦးသိန်းဖေမြင့် (အဲဒီတုန်းက ရဲဘော်သိန်းဖေ)နဲ့ တွေ့ တဲ့အခါ တရုတ် ခေါင်းဆောင်ကြီး ချိုအင့်လိုင်က “ကမ္ဘာပေါ်မှာ ကွန်မြူနစ်မှန်သမျှ ဖက်ဆစ်ဆန့် ကျင်တာချည်း၊ မင်းတိုဗမာကွန် မြူနစ် တွေဘဲ ဖက်ဆစ်ဂျပန်နဲ့ ပူးပေါင်းတယ်” လို့  ရှုတ်ချတာဖြစ်တယ်။
(စစ်အတွင်းခရီးသည်)

တစ်ခါ အင်္ဂလိပ်ခေတ်က ကုလား- ဗမာ အဓိကရုဏ်းဖြစ်တော့ နိုင်ငံရေး ဆရာတော်တော် များများက ကုလားဆန့် ကျင်ရေး သမားတွေပါ။
ကုလားတွေကိုချဖို့  ဗမာဆင်းရဲသား တွေကို မှောက်ထိုး ပင့်ကော် လုပ်ခဲ့ကြ တာကလား။


ဆရာကြီးသခင်ကိုယ်တော်မှိုင်းဘဲ “ကုလားအရေးကိုလောက်ကိုဖြင့် ဓားသွေး လောက်တယ် ဆရာ မ ထင်လို့ မို့ ” စသဖြင့် ကဗျာဖွဲ့ ကာ အဓိကရုဏ်းရပ်ဖို့  မေတ္တာရပ်ခံကြိုးပမ်း ခဲ့တယ်။

နောက် ဗိုလ်ချုပ်အောင်ဆန်းတို့  လွတ်လပ်ရေးကြိုးပမ်းကြတဲ့အခါ လက်ဝဲသမား အများက နယ်ချဲ့ သမားနဲ့  စေ့စပ်တယ် ဘာညာ ဝေဖန်ကြတယ်။

ဗိုလ်ချုပ်ကျဆုံးပြီး ဦးနုက စေ့စပ်ရေးဆက်လုပ်တော့လည်း ဆက်ဝေဖန်ကြတာဘဲ။
လွတ်လပ်ရေးကြေညာပြီး တော့လည်း ဗမာပြည်ကွန်မြူနစ်ပါတီက လွတ်လပ်ရေးမစစ်၊ အတုအယောင်သာဖြစ်တယ့် လို့ သုံးသပ်တယ်။

ကွန်မြူနစ်ဂီတပညာရှင်က-
“နု- အက်တလီစာချုပ်နဲ့  ဗမာပြည်ကြီးလည်း ရောင်းစားခဲ့ပြီလေ”
လို့  တေးဟစ်တယ်။

နောင် နှစ်အတန်ကြာမှ ရုသျှ၊ တရုတ်တို့ က လေသံပြောင်းကုန်မှ (သူတို့ ပါတီရဲ့  ဒုတိယကွန်ဂရက်မှာထင်တယ်) နိုင်ငံရေးအရတော့ လွတ်လပ်ပါတယ်၊ စီးပွားရေးအရ မလွတ်လပ်ဘူး လုပ်လာတယ်။


ဒီလိုနဲ့  ကွန်မြူနစ်၊ အလံနီ၊ ပြည်သူ့ ရဲဘော် စတဲ့ လက်ဝဲနိုင်ငံရေး ပါတီတွေရဲ့  ကြွေးကြော်သံမှာ နယ်ချဲ့ ဆန့် ကျင်ရေးဆိုတာ ထိတ်တန်းကရှိနေခဲ့တယ်။

ကိုယ့်ပြည်တွင် မှာမရှိတော့တဲ့ နယ်ချဲ့ဆိုတာက တစ္ဆေကြီးတစ်ကောင်လို ထိတ်လန့် ခြောက်ခြားနေသမို့  ပြည်တွင်းက ဖိနှိပ်သူဆိုတာကို ဦးစားပေးရကောင်းမှန်း မသိတော့ သလိုဖြစ်ကုန်တော့ တယ်။

သူတို့ ကို ဆရာတင်ထားကြတဲ့ ကဗျာဆရာဆိုသူတွေကလည်း ရေးလိုက်ရတဲ့ နယ်ချဲ့ဆန့် ကျင်ရေးကဗျာ၊ တော်လှန်ကဗျာ၊ မိုးဝေကဗျာ၊ စသဖြင့် စသဖြင့်။

၁၉၆၂ မှာ ဦးနေ၀င်းခေါင်းဆောင်တဲ့စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းတော့ ဗကပ လို လက်ဝဲဆရာကြီးတွေက လီနင်ကို ကိုးကားပြီး ဒါ ပါလီမန် စတဲ့ နည်းပေါင်းစုံနဲ့ တိုင်းပြည်ကို ချယ်လှယ်လို့ မရ၊ အုံကြွလာတဲ့ပြည်သူကို မဖိနိုင်တော့တဲ့ အခါ နောက်ဆုံးပိတ် နည်းလမ်းအဖြစ် နယ်ချဲ့ က စစ်တပ်ကို သုံးတာဖြစ်တယ်လို့  အတွေးခေါင် ဝေဖန်သေးတာကလား။

ဦးနေ၀င်းတို့ ဟာ ဦးနုအရပ်သားနိုင်ငံရေးအုပ်စုနဲ့ လည်း မဆိုင်၊ အင်္ဂလိပ်- အမေရိကန် နယ်ချဲ့ အုပ်စုနဲ့ လည်း မပက်သက်၊ သီးခြားအုပ်စု၊ တတိယ အုပ်စုသာဖြစ်တယ် ဆိုတာကို သဘောမပေါက်ကြဘူး။

နယ်ချဲ့ တစ္ဆေကြီးက ပူးတုန်း။

သူတို့ နဲ့ ပြောင်းပြန်၊ တချို့ လက်ဝဲနိုင်ငံရေးဆရာကြီးတချို့ ကြတော့လည်း ဘယ်တုန်း ကမှ သမိုင်း မပြောင်ခဲ့တဲ့ ဦးနေ၀င်းကို တကယ့်မျိုးချစ်ကြီး၊ တိုင်းပြည် ကယ်တင်ရှင်ကြီးနှယ် ရိုသေမြတ်နိုး ဦးသုံးကြိမ် ချကြ တော့တာကလား။

တချို့ ခေါင်းဆောင်ကြီးတွေကဆိုရင် ခွေးကတက်က အိပ်ရ အိပ်ရ ကျွန်ခံပါရစေ ကြွေးကြော် တော့တာ။

ဦးနေ၀င်းက “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်” ကြေညာတော့ ကျွန်တော်ဟာ အသက် သုံးဆယ် မပြည့်သေးပါဘူး။

လက်ဘက်ရည်ဆိုင်မှာထိုင်ရင်း ရေဒီယိုကဖတ်ပြတာကို နားထောင်နေမိရာက ဘေးကသူငယ်ချင်းကို “အလကားဟာကြီး၊ ဖြီးတာ ဖြန်းတာ”လို့  မှတ်ချက်ချမိတယ်။

အဲသလို ချာတိတ်ကျွန်တော်က သုံးသပ်မိချိန် ကျွန်တော့်ထက် အသက်နှစ်ဆမကကြီးသူ နိုင်ငံ့ခေါင်းဆောင်ဆိုသူများက ကျွန်တော့်လို မမြင်၊ ဇောက်ထိုးမိုးမျှော် မြင်နေတာများကို ကျွန်တော့် ငယ်နုနုဦးနှောက်က မစဉ်းစားတတ်အောင် ဖြစ်ခဲ့ရတော့တယ်။

သူတို့ ပြောတာဆိုတာများကို ဆက်လက်ကြားရလေလေ အံ့သြလေလေပါဘဲ။

“ကျွန်တော်တို့ နိုင်ငံချစ်သူတွေဟာ ဂိုဏ်းဂဏစိတ်တွေ ဖယ်ရှာသင့်ပြီ၊ ငါတို့ ပါတီမှ ငါတို့ ပါတီဆိုတဲ့ အစွဲအလမ်းတွေ မထားသင့်တော့ဘူး။ အခု ဦးနေ၀င်းရဲ့  မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ဟာ ကျွန်တော်တို့ ကွန်မြူနစ်တွေ၊ အလံနီတွေ၊ ဆိုရှယ်နီတွေ အားလုံး လက်ခံနိုင်မယ့် ဆိုရှယ်လစ် သဘောတရားကို ဘုံသဘော ရေးဆွဲထားတာဘဲ။

ဒီလမ်းစဉ်ကြီးကို အခြေခံကာ အားလုံး ညီညီညွတ်ညွတ် ဆိုရှယ်လစ် စနစ်တည်ထောင် ရေးကို ၀ိုင်းဝန်း လုပ်ဆောင်ကြ ရမယ်” တဲ့။


အဲဒီလူတွေဟာ အဲဒီအချိန်က ကမ္ဘာမှာ မော်စကိုနဲ့  ပီကျင်း ဘာတွေကွဲလွဲနေကြ တယ်ဆိုတာကို နကန်းတစ်လုံး သိနားလည်ပုံမရှိ။

“လူလူချင်း ခေါင်းပုံဖြတ်မှုကင်းသော” ဘာညာ ကြားလိုက်တာနဲ့ ဆိုရှယ်လစ်ဘဲလို့ အောက့်မေ့တဲ့ နိုင်ငံရေး မူလတန်း မအောင် သူတွေသာ ဖြစ်တော့တယ်။

သတ္တ၀ါအနန္တကို မေတ္တာထားရမယ်ဆိုကာမျှနဲ့  ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ အတူတူပါဘဲဆိုတဲ့ပုံစံမျိုး။
ဒါနဲ့ များ ဒီလူတွေ တောထဲဝင် လိုဝင်၊ မြို့ ခိုသူခိုကာ ဆယ်နှစ်ဆယ်မိုး ဆိုရှယ်လစ် တော်လှန်ရေး လုပ်လိုက်ကြ သေးတယ်။
မအောင်မြင်တာ ဘာဆန်းသလဲ ပြောရလိမ့်မယ်။


တောထဲရောက်နေသူကြီးတစ်ဦးက ဦးနေ၀င်းလက်ယက်ခေါ်လိုက်ရာ အူယားဖားယား ပြေးဝင်လာတယ်။ မြို့ ပေါ်ရောက်တော့ သူ့ အလုပ်က မနက်တိုင်း ဗကပ ပျက်၊ အလံနီ ပျက်တွေ မန်နေဂျာလုပ်နေတဲ့ အထူးပြည်သူ့ ဆိုင်ပေါက်စေ့ လျှောက်သွားကာ ဒီဆိုင်က ဓာတ်ဗူး၊ ဟိုဆိုင်က ဓာတ်မီး၊ အဲဟိုဆိုင်က နို့ ဆီ၊ အဲဒီ့ဆိုင်က နို့ မှုန့်  ရသမျှထုတ်ပြီး မှောင်ခိုကုန်သည်ဆီ သွင်းတဲ့အလုပ်ပါဘဲ။
အောင်မယ်လေးဟဲ့ တောခိုတော်လှန်ရေး သမားကြီး။


ခွေးကတက်ကဘဲ စောင့်ပါရစေဆိုတဲ့ မြို့ ခိုဆိုရှယ်လစ်ခေါင်းဆောင်ကြီးကတော့ ခွေးကတက်ကတောင် စောင့်ခွင့်မရရှာ။ သူ့ တပည့်သားမြေးတွေ ပေးစာကမ်းစာနဲ့ ဘဲ အသက်ဆက်နေခဲ့ရတယ်။

သူ့ တပည့်တွေကိုတော့ ဦးနေ၀င်းက အရိုးအရင်း ကိုက်ခွင့်ရတဲ့နေရာလေးတွေမှာ ထားပေးပါတယ်။

အဲ ကိုယ့်လူတို့ က သူတို့ ရတဲ့ အဲဒီနေရာလေးတွေမှာ စည်းစိမ်တော့ အယစ်သား။

တစ်ခါက ပျဉ်းမနား လယ်ဝေးမှာ ကျွန်တော်တို့  စာပေ ဟောပြောပွဲ လုပ်နေစဉ် ရုသျဆိုရှယ်လစ် စာပေအကြောင်း ထည့်ပြောမိရာ ဆိုရှယ်နီက၊ မြန်မာ့ဆိုရှယ်လစ် ပြောင်းလာသူက တင်မိုး၊ မောင်စွမ်းရည်၊ ကျွန်တော်တို့ ကို ညတွင်းချင်း သူ့ နယ်မြေက ခွာစေ နှင်ချလို့  ကသောကမျော ပြေးခဲ့ရဖူးတယ်။

နောက် ဦးနေ၀င်းတို့  အာဏာလက်လွှတ်ဖြစ်သွားတော့ အဲဒီ ဦးသာကူးဟာ NLD အမတ် ဖြစ်လာပါတော့တယ်။ တစ်ခါ NLD အမတ်က နုတ်ထွက်တာ ကြားရတယ်။

အခု အဲဒီ့ငနဲ ဘယ်ဇာတ်ထဲ ၀င်ရောက် ကပြနေလေပြီမသိ။
ဒါ ကျွန်တော်လက်လှမ်းမီတဲ့ ထိတ်တန်းမှသည် အောက်ခြေ နားအထိ နိုင်ငံ့ ခေါင်းဆောင်ဆိုသူတချို့  နိုင်ငံရေးအသိပညာ နုံနဲ့ ပုံနဲ့  နိုင်ငံချစ်စိတ်ကင်းမဲ့ပုံ သာဓကအချို့ ဖြစ်တယ်။


နိုင်ငံရေးပါတီတစ်ခုမှာ ခေါင်းဆောင်နေတယ်၊ ၀င်လုပ်နေတယ် ဆိုကတည်းက နိုင်ငံရေးသဘောတရား အထိုက်အလျောက် သိရမယ်။

နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွေကို မှန်မှန်ကန်ကန် ချင့်ချိန်သုံးသပ်နိုင်ရမယ်။
အဲသလို အစွမ်းအစမရှိဘဲ စားသာမယ်ထင်တိုင်း သာကူးလုပ်နေလို့ ကတော့ နိုင်ငံရေးသမားမဟုတ်၊ နိုင်ငံရေး ဖွတ်ကျား၊ မဆလ ထဲ ၀င်ခဲ့တဲ့ ဗကပ၊ အလံနီ၊ ပြည်သူ့ ရဲဘော်၊ ဆိုရှယ်နီ၊ ဖဆပလ၊ ပထစ မှန်သမျှ ဒီအမျိုးအစားထဲပါတယ် (၀န်ထမ်းမို့  မဆလ ဖြစ်ရသူများ မဆိုင်)။

- မောင်သာနိုး

( NEWS WATCH သတင်းဂျာနယ်၊ အတွဲ- ၇၊ အမှတ်- ၂၆ မှ )
ကိုအောင်မျိုးထွန်း --ကူးယူပေးပို့ ပါတယ် )
(၂၃-၁၂-၂၀၁၀)

No comments:

Post a Comment