သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, December 24, 2011

လူငယ်ဂျာနယ်လစ်တွေ ခြေမကျွန်စေချင်လို့ – လူထုစိန်ဝင်း


လောကမှာတူသလိုနဲ့မတူတာတွေ ရှိသလို၊ မတူသလိုနဲ့ တူနေတာမျိုးတွေ လည်း ရှိတယ်။ သတင်းစာဆရာနဲ့ စာ ရေးဆရာဟာ စာတွေရေးနေကြတာချင်း တူပေမယ့် သဘောသဘာဝကျတော့ အခြေခံကစပြီး မတူကြဘူး။အတော်လေး ကွဲပြားခြားနားတယ်။

Read more>>
ခံစားမှုကိုအခြေခံစာရေးဆရာက အဖြစ်အပျက်တစ် ခု အကြောင်းအရာတစ်ခုမြင်တွေ့လိုက် ရတဲ့အခါမှာ ရုတ်တရက်သူ့ရင်မှာဖျိုးကနဲ ဖျတ်ကနဲဖြစ်ပေါ်လာတဲ့ခံစားမှုကိုအခြေ ခံပြီး စာဖတ်သူများကို သူခံစားရသလို ခံစားစေလိုတဲ့ ဆန်္ဒနဲ့ ၀တ္ထုတစ်ပုဒ်ဖြစ် အောင်ရေးသားတယ်။ အဲ့ဒီလိုရေးသား ရာမှာ အဖြစ်အပျက်အကြောင်းအရာကို စာပန်းချီချယ်မှုန်းသလို အရောင်အသွေး စုံအောင်ထည့်ရတယ်။ အလင်းအမှောင် ညီညွတ်မျှတအောင်လည်း ဂရုစိုက်ရ တယ်။ အကျယ်ချဲ့သင့်တဲ့နေရာမှာချဲ့ပြီး ချုံ့သင့်တဲ့နေရာမှာ ချုံ့ရတယ်။ ၀တ်္ထု တစ်ပုဒ်ကောင်းမကောင်းဆိုတာ ဇာတ် လမ်းအဖြစ်အပျက်ကောင်းမကောင်းဆို တာထက် ၀တ္ထုရေးဆရာရဲ့ခံစားမှုစူးရှ ထက်မြက်မှုရှိမရှိဆိုတာအပေါ်ပိုပြီးတည် တယ်။ ဇာတ်လမ်းဘယ်လောက်ကောင်း ကောင်း စာရေးဆရာရဲ့ ခံစားမှုစူးရှထက် မြက်မှုမရှိရင် ၀တ်္ထုကောင်းကောင်း စာရေးဆရာရဲ့ခံစားမှု စူးရှထက်မြက်မှု မရှိရင် ၀တ်္ထုကောင်းတစ်ခု ဖြစ်မလာ နိုင်တော့ဘူး။ဝတ္ထုရေးဆရာကောင်းတစ်ယောက် ဖြစ်ဖို့အတွက် နက်နက်ရှိုင်းရှိုင်းခံစားတတ် တဲ့ အလေ့အကျင့်ရှိဖို့လိုပါတယ်။
ခံစားမှုကိုချိုးနှိမ်သတင်းစာဆရာကျတော့ အဲဒီလို မဟုတ်ဘူး။ ကိုယ်ပိုင်ခံစားချက်လိုလုံးဝ ချိုးနှိမ်ထားရတယ်။ ဖြစ်တာကိုဖြစ်တဲ့ အတိုင်း၊ မြင်တာကိုမြင်တဲ့အတိုင်း၊ ကြား တာကိုကြားတဲ့အတိုင်း အပိုအလိုမရှိ အတိုအကျဖော်ပြရတယ်။ အဖြစ်အပျက် ကို ပုံကြီးမချဲ့ရသလို ချုံ့ပစ်ဖျောက်ပစ် လည်းမလုပ်ရဘူး။ သတင်းရေးတဲ့အခါ ၀တ်္ထုရေးသလို ဖွဲ့ကာနွဲ့ကာနဲ့ စာပန်းချီ ချယ်မှုန်းတာမျိုးမလုပ်ရဘူး။ စာမျက်နှာ တိုင်းမှာ စာဖတ်ပရိသတ်အတွက် တန် ဖိုးရှိတဲ့ သတင်းတွေများများပါအောင် ထည့်နိုင်ဖို့အတွက် အရေးအသားသိပ် သည်းကျစ်လျစ်ရမယ်၊ လိုတိုရှင်းဖြစ်ရ မယ်။ မလိုအပ်တဲ့စကားလုံးပိုတွေမပါ လေ၀ါကျကခွန်အားရှိလေဖြစ်တယ်။ သတင်းရေးတဲ့အခါမှာ ကိုယ့်အမြင်၊ ကိုယ့်အယူအဆတွေ၊ ကိုယ့်အာဘော် တွေ လုံးဝကင်းစင်စေရမယ်။ ကိုယ့်အမြင်၊ ကိုယ့်အယူအဆ၊ ကိုယ့်အာဘော်ကို ဖော်ထုတ်ချင်ရင် ကိုယ့်နာမည်ခံပြီး ဆောင်းပါးအဖြစ်ရေးနိုင်တယ်။ သတင်း မှာတော့ ကိုယ်မြင်တာကို မြင်တဲ့အတိုင်း ပဲရေးရမယ်။
တိုက်ပွဲတိုင်းရှေ့ကပါ
စာရေးဆရာနဲ့ သတင်းစာဆရာတူ သလိုနဲ့ မတူသလို၊ သတင်းစာဆရာနဲ့ နိုင်ငံရေးသမားဟာလည်း တူသလိုနဲ့ မတူ ကြဘူး။ နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံရေး သမားတွေဟာ အရေးပါတဲ့မရှိမဖြစ်နေ ရာကပါဝင်နေသလို သတင်းစာဆရာ တွေဟာလည်း စတုတ်္ထမဏ္ဍိုင်ရယ်လို့ သတ်မှတ်ရလောက်အောင် အရေးပါသူ တွေဖြစ်ကြတယ်။ အထူးသဖြင့်လွတ်လပ် ရေးအတွက် ဒါမှမဟုတ် ဒီမိုကရေစီရေး အတွက် တိုက်ပွဲဝင်နေရတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးသမားတွေနဲ့ တန်းတူသတင်းစာ ဆရာတွေလည်း ရှေ့တန်းက အမြဲတန်း တိုက်ပွဲဝင်ခဲ့ကြတယ်။““မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးတိုက် ပွဲမှန်သမျှမှာ သတင်းစာဆရာတွေ ရှေ့ တန်းကမပါတဲ့တိုက်ပွဲတစ်ခုမှမရှိခဲ့ဘူး”” ၀န်ကြီးချုပ်ဦးနုကို ဘ၀ရှင်မင်းတရားကြီး ဖြစ်နေပြီလို့ ဝေဖန်ပြီး ယဉ်ကျေးမှုဝန်ကြီး ရာထူးက ထွက်ခဲ့တဲ့ နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ဆရာဦးထွန်းဖေပြောခဲ့ တဲ့စကားပါ။
ရန်သူတော်နံပါတ်တစ်
ဟုတ်ပါတယ်။ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲစဉ်တစ်လျှောက်လုံးမှာ သူရိယတို့ မြန်မာ့အလင်းတို့ဆိုတဲ့ သတင်းစာကြီး တွေဟာ ရှေ့တန်းကပါခဲ့ကြပါတယ်။ ဖက်ဆစ်တော်လှန်ရေးကာလမှာလည်း ပါခဲ့ပါတယ်။ ဆရာကြီးသခင်ကိုယ်တော် မှိုင်းဆိုရင်နယ်ချဲ့အင်္ဂလိပ်အစိုးရက ရန်သူတော်နံပါတ်တစ်အဖြစ် သတ်မှတ် ခဲ့သလို၊ ဂျပန်ခေတ်မှာလည်း တိမ်းရှောင် ပုန်းအောင်းနေခဲ့ရပါတယ်။ နိုင်ငံရေးကိစ်္စ မှန်သမျှမှာ သတင်းစာဆရာတွေဟာ ခေတ်တိုင်းမှာရှေ့တန်းက ပါခဲ့ကြတာ မှန်ပေမယ့် သတင်းစာဆရာနဲ့ နိုင်ငံရေး သမားဟာ သဘာဝချင်းဖြင့် မတူဘူး။ အများကြီးခြားနားတယ်။
ဒဲ့ဒိုးပြောရတယ်
သတင်းစာဆရာက အထက်မှာရေး ခဲ့သလို ဖြစ်တာကိုဖြစ်တဲ့အတိုင်း၊ မြင် တာကိုမြင်တဲ့အတိုင်း သနပ်ခါးလိမ်း၊ ပန်း ပန်မလုပ်ဘဲ အရင်းအတိုင်းဒဲ့ဒိုး (တဲ့တိုး)  ပြောရတယ်။ ပြုပြင်ဖာထေးလုံးဝမလုပ် ရဘူး။ နိုင်ငံရေးသမားရဲ့ သဘာဝကျ တော့ အဲဒီလိုမဟုတ်ဘူး။ ဖြစ်တာကိုဖြစ် တဲ့အတိုင်း၊ မြင်တဲ့၊ ကြားတဲ့အတိုင်း ပြောလို့မဖြစ်တဲ့ အခါတွေရှိတယ်။ လူအများလက်ခံချင်အောင် သကာရည် လောင်းပြီးပေးရတဲ့အခါတွေရှိတယ်။ သနပ်ခါးလိမ်း၊ ပန်းပန်ပေးရတဲ့အခါတွေ ရှိတယ်။ မချစ်သော်လည်း အောင့်ကာ နမ်းလုပ်ရတာမျိုးတွေရှိတယ်။ စိတ်ထဲက ခါးသီးနေပေမယ့်““သံတမန်ပြုံး”” (Diplomatic Smile) ပြုံးပြရတာတွေရှိတယ်။ ကတ်္တီပါလက်အိတ်အောက်မှာ သံလက် သီးစွပ်ထားရတာမျိုးလည်း လုပ်တတ်ရ တယ်။
ပါတီဝင်ကောင်းဆိုတာ
နိုင်ငံရေးသမားတွေမကောင်းဘူးလို့ ပြောတာမဟုတ်ဘူး။ နိုင်ငံရေးရဲ့သဘာဝ ကိုက အဲဒီလိုရှိတယ်ဆိုတာကို ပြောတာ ပါ။ အများနဲ့ဆက်ဆံရ၊ နိုင်ငံတကာနဲ့ ဆက်ဆံရတာဆိုတော့ ဒစ်ပလိုမေစီဆိုတဲ့ သံတမန်ပရိယာယ်ကို မသုံးမဖြစ်သုံးရ တယ်။ စိတ်ထဲမှာရှိတဲ့အတိုင်းပြောလို့ လုပ်လို့မဖြစ်ဘူး။ ကိုယ်ကလက်မခံနိုင်ပေ မယ့် ပါတီထဲမှာ အများစုကလက်ခံတယ် ဆိုရင် အများစုသဘောတူဆုံးဖြတ်တာ ကိုလိုက်နာလက်ခံရတယ်။ ကိုယ်မကြိုက် ပေမယ့် အများဆုံးဖြတ်တာကို လိုက်လုပ် ရတယ်။ ဒါမှပါတီဝင်ကောင်းလို့ ဆိုနိုင် တယ်။ ဒါဟာ ဒီမိုကရေစီရဲ့ သဘော သဘာဝလည်းဖြစ်တယ်။
ရယ်စရာစကား
၂၀၁၁-ခုနှစ်အတွင်းမှာ အပြောင်း အလဲတွေအများကြီးမြင်တွေ့ခဲ့ရတယ်။ နှစ်ပေါင်းငါးဆယ်အတွင်း မတွေ့မမြင်ရ တဲ့ အရာတွေကို မြင်တွေ့လာရတယ်။ မကြားဖူးတဲ့အရာတွေကိုကြားလာရတယ်။ ဒီမိုကရေစီဆိုတဲ့ အသံတွေညံနေအောင် ကြားရတယ်။ တချို့က အရိပ်အယောင် ကိုပဲ မြင်တွေ့ရသေးပြီး၊ အကောင်အ ထည်ကို မတွေ့ရသေးဘူး။ တချို့ကအသံ  သာကြားပြီး အရိပ်အယောင်ကိုမတွေ့ရ သေးဘူး။ တစ်လောကမိတ်ဆွေတစ် ယောက်ကနောက်ပြောင်ပြောဖူးတယ်။ ခုချိန်ထိတော့ ဒီမိုကရေစီရတာ ၃ ခုပဲ သူတွေ့တယ်တဲ့။ အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ သင်္ဃန်း ကျွန်းအမတ်ဦးသိန်းညွန့်ရယ် ဂျာနယ် တွေရယ်ပဲတဲ့။ သူကရယ်စရာအဖြစ်ပြော ခဲ့တာပါ။
ဘောလုံးပွဲအသံလွှင့်သူလို
သူပြောသလိုပဲ ဂျာနယ်တွေက တော့ လက်တွေ့သိသိသာသာဒီမိုကရေ စီကို ထိတွေ့နေရတယ်။ အရင်ကရေးလို့ မရတာတွေအခုရေးလို့ရလာတယ်။ ဖြုတ် တာဖြတ်တာမရှိသလောက်နည်းသွား တယ်။ ရေးခွင့်ရလာလို့ရေးရင်းနဲ့ ဂျာနယ် သမားတွေနိုင်ငံရေးသမားဖြစ်မှန်းမသိ ဖြစ်မသွားအောင်တော့ သတိပြုဖို့လိုနေ တာတွေ့ရပါတယ်။ တချို့ဂျာနယ်သမား တွေက ဘောလုံးပွဲတိုက်ရိုက်အသံလွှင့် သူတွေနဲ့တူတူလာတာတွေ့ရတယ်။ ဘောလုံးပွဲသတင်းလွှင့်သူရဲ့တာဝန်က ကွင်းထဲမှာကစားနေတာတွေကို ပရိသတ် မျက်စိထဲရှင်းကနဲ ကွင်းကနဲမြင်လာ အောင်ပြောပြရမှာဖြစ်တယ်။ ဒါပေမဲ့ သတင်းကြေညာသူတွေက ကစားပုံတွေ ကို ပြောမယ့်အစားကစားကွက်နည်းဗျူ ဟာတွေမှားနေတဲ့အကြောင်း၊ နည်းပြက လူထုတ်ပုံမမှန်တဲ့အကြောင်း၊ ဘယ်နေရာ မှာဘယ်သူ့ကိုထားသင့်တဲ့အကြောင်းဝင် ၀င်ပြီးဆရာလုပ်လေ့ရှိကြတယ်။
ခြေမကျွံစေချင်လို့
ဘောလုံးပွဲသတင်းထောက်ရဲ့အလုပ် က ဘောလုံးကစားပုံတွေကို ပရိသတ်က ကိုယ်တိုင်ဝင်ကြည့်နေရသလို ခံစားရ အောင်ပြောပြဖို့၊ရေးပြဖို့ပဲ တာဝန်ရှိတယ်။ ဘော လုံးသင်းနည်းပြ ကိုသွားပြီး ဆရာ လုပ်ဖို့မဟုတ်ဘူး။ ဒါကသူ့အလုပ်မဟုတ် ဘူး။ တစ်ချို့ဂျာနယ်တွေက နိုင်ငံရေး သတင်းတွေအကြောင်းစာဖတ်ပရိသတ် သိအောင်ရေးပြရုံတင်မဟုတ်တော့ဘဲ ဘယ်ကိစ်္စလုပ်လိုက်တာမှားတယ်။ ဘယ် ဟာကိုဘယ်လိုလုပ်သင့်တယ်။ ဘယ်လို တော့မလုပ်သင့်ဘူး စသဖြင့်၊ စသဖြင့် ၀င်ပြီးဆရာလုပ်နေတာတွေ့ရတယ်။ တ ချို့ကျတော့ ပါတီတစ်ခုအတွက် သိသိ သာသာပြောင်ကျကျဝါဒဖြန့်ပေးနေတာ မျိုးလည်းရှိတယ်။ ဒူးနေရာဒူး၊ တော်နေ ရာတော်ဆိုတဲ့ မြန်မာစကားအတိုင်း ဂျာ နယ်သမားကဂျာနယ်အလုပ် လုပ်၊ နိုင်ငံ ရေးသမားက နိုင်ငံရေးအလုပ်လုပ်၊ သူ့ နယ်နဲ့သူ စည်းခြားမှုရှိဖို့ လိုပါတယ်။ ဂျာ နယ်သမားလူငယ်တွေခြေမကျွံစေချင်လို့ ပါ။

No comments:

Post a Comment