သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, August 15, 2011

ဒီမိုကရေစီအစိုးရဆိုတာ

ဒီမိုကရေစီအစိုးရဆိုတာ

ချိုတူးဇော်
(၂၀၁၀ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်ပါ ဆောင်းပါး ဖြစ်ပါတယ်။ ဂျာနယ်တွေမှာ အခုလို ဆောင်းပါးတွေ ဖော်ပြခွင့် ရလာတာကိုက ရွေးကောက်ပွဲလွန်ကာလ ဦးတည်ရာကို ပြနေတယ်လို့ ထင်မိပါတယ်။ ဖတ်ပြီးမှ ပဲ သဘောတူမတူ ဆုံးဖြတ်ကြပါ။)
ဒီမိုကရေစီ အစိုးရဆိုတာ ရွေးကောက်ပွဲ ကျင်းပပြီး ရွေးကောက် တင်မြှောက်ရုံနဲ့ ဖြစ်မလာနိုင်ပါဘူး။ ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီ အုပ်ချုပ်ရေး ယန္တရားရဲ့ အမြင့်ဆုံးသော ဇာတ်ရှိန်လည်း ဖြစ်၊ ပြည်သူတို့ရဲ့ လွတ်လပ်တဲ့ သဘောကို ဖော်ထုတ် ပြသနိုင်ရာလည်း ဖြစ်တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အစိုးရ တစ်ရပ်ဟာ ရွေးကောက် တင်မြှောက်ခံ လိုက်ရတာနဲ့ ဒီမိုကရေစီ အစိုးရ ဖြစ်သွားပြီလို့တော့ သတ်မှတ်ဖို့ မပြည့်စုံသေးပါဘူး။ တစ်ခါ တစ်ခါမှာ ရွေးကောက် တင်မြှောက် ခံရသည့်တိုင် ရွေးကောက်ပွဲမှာ မဲအများစု ရခဲ့ပြီး နိုင်ငံရဲ့ အုပ်ချုပ်ခွင့် အာဏာကို လက်ဝယ်ပိုင်ပိုင် ရခဲ့သည့်တိုင် အဲဒီ အစိုးရဟာ ဒီမိုကရေစီ အစိုးရ ဖြစ်ချင်မှ ဖြစ်လာတတ်ပါတယ်။
ဥပမာတွေ
သာဓကအားဖြင့် ဒုတိယကမ္ဘာစစ် မတိုင်မီ ဂျာမနီနိုင်ငံမှာ ဟစ်တလာရဲ့ နာဇီပါတီဟာ ၁၉၃၂ ရွေးကောက်ပွဲမှာ ပြိုင်ဘက် ပါတီတွေထက် မဲအပြတ် အသတ် အသာရပြီး ရွေးကောက် တင်မြှောက် ခံခဲ့ရပါတယ်။ နာဇီပါတီဟာ နိုင်ငံတော် အချုပ်အခြာ အာဏာကို ရယူခဲ့တဲ့ အစိုးရတစ်ရပ် ဖြစ်လာခဲ့ပေမယ့် ဒီမိုကရေစီ အစိုးရတစ်ရပ် ဟုတ်ခဲ့သလား၊ မဟုတ်ခဲ့ဖူးလား ဆိုတာ သမိုင်း ဖြစ်ရပ်တွေက သက်သေပြခဲ့ပါတယ်။
ဟစ်တလာနဲ့ နာဇီတွေဟာ မဟာ လူမျိုးကြီးဝါဒကို ကိုင်စွဲပြီး ဂျူးလူမျိုး သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့၊ သူတို့ရဲ့ ပစ္စည်း ဥစ္စာတွေကို အဓမ္မ သိမ်းပိုက်ခဲ့တာကို သမိုင်း သင်ဖူးတဲ့ သူတိုင်း သိပါတယ်။ နာဇီ အစိုးရဟာ ဂျူးတွေ အပေါ်မှာမှ ဒီလို လူမဆန်တဲ့ ဖိနှိပ်မှုတွေ ပြုခဲ့ရုံတင်မက သူတို့ နာဇီပါတီရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်တဲ့ တခြား နိုင်ငံရေး အဖွဲ့အစည်းတွေ၊ တခြား လွတ်လပ်တဲ့ ဂျာမန် အမျိုးသားတွေ၊ ပညာရှင်တွေကိုလည်း ရက်ရက် စက်စက် ဖိနှိပ်ချုပ်ချယ်ပြီး နှိပ်ကွပ်ခဲ့ပါတယ်။
၁၉၃၂-၃၃ ကစပြီး နာဇီပါတီ လုံးဝ ပြုတ်ကျသွားတဲ့ ၁၉၄၅ ဒုတိယကမ္ဘာစစ်ပြီး ကာလအထိ ဂျာမနီမှာ လွတ်လပ်စွာ ရေးသားခွင့်၊ ဟောပြောခွင့်၊ ဝေဖန်ခွင့်စတဲ့ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းခဲ့ပြီး ဒီမိုကရေစီ ကျင့်ထုံး တွေဟာလည်း ပျက်စီး ခဲ့ရပါတယ်။ နာဇီတွေဟာ သူတို့ကိုယ် သူတို့ မြင့်မြတ်တဲ့ အာရိယန် အမျိုးသား နိုင်ငံတော် ထူထောင်ရေးဆိုတဲ့ မဟာလူမျိုးကြီး ၀ါဒ၊ မျိုးချစ်ဝါဒကြီးကို ကြွေးကြော် ခဲ့ကြတယ်။ ပထမ ကမ္ဘာစစ်ရှုံးခဲ့တဲ့ အတွက် စီးပွားရေး ချွတ်ခြုံကျပြီး စိတ်ဓာတ်ကျနေတဲ့ ဂျာမန် ပြည်သူတွေ အတွက် အဲဒါဟာ ထွက်ပေါက် တစ်ခုလို ဖြစ်ခဲ့တယ်။ လူတိုင်း ဆင်းရဲနေတဲ့ အချိန်မှာ သူတို့နိုင်ငံမှာ လာနေထိုင်ပြီး ချမ်းသာ ကြွယ်ဝနေတဲ့ လုပ်ငန်းရှင် ဂျူးတွေဆီကို ပြည်သူလူထုရဲ့ အမျက်ဒေါသကို ဦးတည်ပေးခဲ့တယ်။ ဒီလိုနဲ့ အာဏာ ရခဲ့တယ်။ လတ်တလော ချမ်းသာဖို့၊ စီးပွားရေး အောင်မြင်ဖို့ဟာ စစ်မှန်တဲ့ ပြည်သူ့ ထွက်ပေါက် မဟုတ်ဘူး။ လူတိုင်း လူတိုင်း လူတန်းစေ့ အခွင့်အရေးတွေ ရဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီ ကျင့်ထုံးတွေ အောင်မြင်ဖို့သာလျှင် တိုင်းပြည်ရဲ့ မှန်ကန် အခြေခိုင်တဲ့ အုတ်မြစ် ဖြစ်တယ်။ ကမ္ဘာကြီးရဲ့ မှန်ကန်တဲ့ ထွက်ပေါက် ဖြစ်တယ်လို့ ဘယ်စာပေ ပညာရှင်၊ ဘယ်နိုင်ငံရေး သမားမှ မပြောသာခဲ့ပါဘူး။ ဒီလို တကယ့် စစ်မှန်တဲ့ အမှန်တရားကို ထုတ်ဖော်ဖို့ ကြိုးပမ်း အားထုတ်တဲ့ သူတိုင်းဟာ နာဇီ ရှပ်ညိုတွေရဲ့ ရက်ရက် စက်စက် နှိမ်နင်းခြင်းကို ခံခဲ့ရပြီး သေတဲ့သူတွေသေ၊ အဖမ်းခံရပြီး လူစဉ်မမီ ဖြစ်ရသူတွေ ဖြစ်ရ၊ တိုင်းပြည်က ထွက်ပြေးတဲ့သူတွေ ထွက်ပြေး ဖြစ်ခဲ့ရတယ်။
ဒီလိုပဲ အီတလီမှာလည်း မူဆိုလိုနီရဲ့ ဖက်ဆစ်ပါတီဟာ ပါလီမန်ထဲ အမတ် ၃၅ နေရာကနေ အစပြုပြီး အာဏာကို ရယူခဲ့တယ်။ ဒီဖြစ်ရပ်တွေကို လေ့လာ ကြည့်မယ် ဆိုရင် ရွေးကောက်ပွဲတွေနဲ့ ရွေးချယ် တင်မြှောက်ခြင်း ခံရတိုင်း ဒီမိုကရေစီ အစိုးရ ဖြစ်တယ်လို့ သတ်မှတ်လို့ မရတာကို သိသာ ထင်ရှားစွာ တွေ့ရပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ ရွေးကောက်ပွဲတွေက ထွက်လာတဲ့ ရလဒ်တွေတိုင်းဟာ ဒီမိုကရေစီစနစ်လို့ ကံသေကံမ ပြောလို့ မရနိုင်တာကို သမိုင်းမှာ အထင်အရှား ပြခဲ့တဲ့ သာဓကတွေပါ။
ဘယ်လိုအစိုးရမျိုးလဲ
ဒီလိုဆိုရင် ကျွန်တော်တို့ဟာ ဘယ်လို အစိုးရမျိုးကို ဒီမိုကရေစီ အစိုးရလို့ သတ်မှတ်ပါမလဲ။ လွတ်လပ်စွာ ပြည်သူလူထုရဲ့ သဘော ဆန္ဒတွေကို ဖော်ထုတ် ပြသခွင့်ရတဲ့ ရွေးကောက်ပွဲတွေ ဆိုတာကိုတော့ ကျွန်တော်တို့ ချန်လှပ်ထားလို့ မရပါဘူး။ ဒါပေမယ့် ရှေ့မှာ ဖော်ပြခဲ့တဲ့ ဥပမာတွေက အဲဒီအချက် တစ်ချက်တည်းနဲ့တော့ အဲဒီအစိုးရကို ဒီမိုကရေစီ အစိုးရလို့ သတ်မှတ်လို့ မရနိုင်တာ ထင်ရှားပြီး ဖြစ်ပါလိမ့်မယ်။
အစိုးရဟာ ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုဖို့ လိုပါလိမ့်မယ်။ ရွေးကောက်ပွဲနဲ့ ရွေးချယ် တင်မြှောက် ခံရပြီးသည့်တိုင် အဲဒီအစိုးရ၊ အဲဒီနိုင်ငံရေးပါတီ၊ အဖွဲ့အစည်းဟာ ပြည်သူ လူထုကို အမှန်တကယ် ကိုယ်စားပြုရဲ့လား ဆိုတဲ့ ပေတံနဲ့ တိုင်းရမှာပါ။ တစ်နည်းအားဖြင့် အေဘရာဟင်လင်ကွန်း ပြောခဲ့တဲ့ ပြည်သူလူထုအတွက်၊ ပြည်သူလူထုနဲ့ ပြည်သူလူထုရဲ့ အစိုးရ (The government of the people, by the people, for the people) ဆိုတဲ့ စကားကိုပဲ အခိုင်အမာ ကိုးကားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အစိုးရ (၀ါ) ပြည်သူ့အစိုးရ ဆိုတဲ့ စကားရပ် အတွက် အဲဒါထက်ကောင်းတဲ့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်တဲ့ စကား မရှိတော့ပါဘူး။ မည်မျှပင် ရွေးကောက်ပွဲမှာ ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရပါစေ၊ အဲဒီ အစိုးရရဲ့ လုပ်ရပ်တွေဟာ ပြည်သူလူထုရဲ့ အကျိုး စီးပွားတွေကို အမှန်တကယ် ရှေ့ရှုပါရဲ့လား၊ ပြည်သူ လူထုကော အစိုးရရဲ့ လုပ်ရပ်တွေတိုင်းမှာ သဘော တူညီစွာ ပါဝင်ခွင့် ရပါရဲ့လား ဆိုတာကပဲ ဒီမိုကရေစီ အစိုးရ ဟုတ်မဟုတ်၊ စစ်မစစစ်ကို မှတ်ကျောက် တင်ပေးမယ့် အချက်အလက်တွေ ဖြစ်ပါတယ်။
ပြည်သူမပါတဲ့ အစိုးရ
နာဇီအစိုးရဟာ ဂျူးတွေကို ဖိနှိပ်ဖို့ ဥပဒေတွေ တစ်ရပ်ပြီး တစ်ရပ် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေတွေဟာ တရားမျှတမှုကို လိုလားတဲ့ ဂျာမန် နိုင်ငံကြီးသားတိုင်း၊ စိတ်မသက်မသာ ဖြစ်ခဲ့ရ၊ ဆန့်ကျင် ကန့်ကွက်ခဲ့ရတဲ့ ဥပဒေတွေပါ။ ဒါပေမယ့် ဆန့်ကျင် ကန့်ကွက်တဲ့ နိုင်ငံရေး သမားတိုင်း၊ စာပေပညာရှင်၊ ဥပဒေ ပညာရှင်တိုင်း ရက်ရက် စက်စက် နှိပ်ကွပ်ခံရတဲ့ အတွက် ဘယ်သူမှ ခေါင်းမထောင်ရဲတော့ဘဲ အဲဒီ ဥပဒေတွေဟာ အတည်ပြုခဲ့ပါတယ်။ ဒါ ဘာအချက်ကို ပြနေသလဲဆိုတော့ ပြည်သူလူထု မပါတဲ့ အစိုးရဆိုတာကို ပြနေတာပါ။ ဒီမိုကရေစီစနစ် ဆိုတာ ဘယ်နေရာမှာ မဆို ပြည်သူ့ သဘောဆန္ဒ သာလျှင် လွှမ်းမိုး ခြယ်လှယ်ခွင့် ရှိရမယ့် စနစ် ဖြစ်ပါတယ်။ အဲဒီလို လွှမ်းမိုး ခြယ်လှယ်ခွင့်ကို အကြောင်း တစ်စုံတစ်ရာပြပြီး ပိတ်ပင် တားဆီး ခဲ့တာနဲ့ ဒီမိုကရေစီ စနစ်က သွေဖည်ပြီး ဖြစ်တယ်ဆိုတာ ငြင်းဖွယ်ရာမရှိ သိရပါလိမ့်မယ်။
ဒါမှ ဒီမိုကရေစီ
တရားဥပဒေ ဆိုတာ အာဏာပိုင် အဖွဲ့အစည်းက ရေးချင်လိုရေး၊ ပြဋ္ဌာန်းချင်သလို ပြဋ္ဌာန်းလို့ ရတဲ့ အရာတွေ မဟုတ်ပါဘူး။ တရားဥပဒေကို ပြဋ္ဌာန်းမယ်ဆိုရင် တိုင်းသူ ပြည်သားတွေရဲ့ သဘောဆန္ဒတွေနဲ့ ပြဋ္ဌာန်းခွင့်သာ ရှိပါတယ်။ ရင့်ကျက်တဲ့ ဒီမိုကရေစီ နိုင်ငံကြီးတွေမှာ တရားဥပဒေ မပြောနဲ့၊ သာမန် ရေခွန်၊ မီးခွန်၊ အခွန်အခတွေကိုတောင် ပြင်ချင်တိုင်း ပြင်၊ တောင်းချင်တိုင်း တောင်းလို့ မရပါဘူး။ ပြည်သူ လူထုကို ကြောင်းကျိုး ဆီလျော်စွာ တင်ပြပြီး သဘောတူညီမှု ရယူပြီးမှ လုပ်ခွင့် ရှိပါတယ်။ အဲဒါ ဒီမိုကရေစီပါ။ ငါ ရှင်ဘုရင် ဘယ်နှပတ်လှည့်လှည့် ဆိုတာ ဒီမိုကရေစီမှာ မရှိပါဘူး။ ပဒေသရာဇ်သုံး စကားပါ။ ဒီမိုကရေစီစနစ် ဆိုတာ တိုင်းသူပြည်သား တစ်ဦးချင်း တစ်ယောက်ချင်းကို တန်ဖိုးထားပြီး တစ်ဦးချင်း တစ်ယောက်ချင်းက လွတ်လပ်စွာ သူတို့ သဘောဆန္ဒတွေကို ဖော်ထုတ် ပြသခွင့် ရှိတဲ့ စနစ်ပါ။ အေဘရာဟင်လင်ကွန်းကပဲ ဒီလို ပြောခဲ့ပါတယ်။
“ဒီတိုင်းပြည်ကြီးနဲ့ ဒီတရားဥပဒေတွေ ဆိုတာ ဒီတိုင်းသူ ပြည်သားတွေရဲ့ မွေးရာပါ ကိုယ်ပိုင် ဥစ္စာပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီတိုင်းသူ ပြည်သားတွေက အချိန်မရွေး ပြင်ဆင်ခွင့်၊ ရေးဆွဲခွင့်၊ ပြုပြင် ပြောင်းလဲ ပိုင်ခွင့်၊ အသစ် ပြန်လည် ရေးသားပိုင်ခွင့် ရှိပါတယ်”တဲ့။ အဲဒါ ဒီမိုကရေစီ စနစ်ပါ။ အဲဒီလို အခွင့်အရေးတွေ၊ နည်းစနစ်တွေကို မကျင့်သုံးရင် ဒီမိုကရေစီ အစိုးရ မဟုတ်ပါဘူး။ ရွေးကောက်ပွဲနဲ့ပဲ တက်တက်၊ ဘယ်လိုပဲ အာဏာရလာခဲ့ ရလာခဲ့ အဲဒီလို ဒီမိုကရေစီ အခွင့်အရေးတွေ၊ နည်းစနစ်တွေကို လေးလေး စားစား လိုက်နာ ကျင့်သုံးမှသာ ဒီမိုကရေစီ အစိုးရ ဖြစ်ပါတော့တယ်။
ဥပဒေအောက်ကလူ
ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ တိုင်းပြည်တွေမှာ တိုင်းသူ ပြည်သားဖြစ်လျှင်ပဲ တိုင်းသူ ပြည်သားတိုင်း ရရမယ့် သာတူညီမျှ အခွင့်အရေးကို ရရပါမယ်။ ဒီမိုကရေစီ စနစ်မှာ ကျွန်တော်တို့ တိုင်းသူ ပြည်သားတွေက လွတ်လပ်သော သဘောဆန္ဒနဲ့အညီ လွတ်လပ်စွာ ဆန္ဒမဲပေးပြီး အုပ်ချုပ်ခွင့် အာဏာကို အချိန်အကန့်အသတ်နဲ့ အပ်နှင်းခွင့် ရရပါမယ်။ အဲဒီလို အပ်နှင်းခံထားရတဲ့ အဖွဲ့အစည်း၊ နိုင်ငံရေးပါတီဟာ ဖောက်လွဲ ဖောက်ပြန် ဖြစ်လာခဲ့ရင် တိုင်းသူ ပြည်သားတွေက အချိန်မရွေး ဖြုတ်ချပိုင်ခွင့် ရှိရပါမယ်။ အစိုးရဟာ ပြည်သူလူထုကို အုပ်ချုပ်ရာမှာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းရာ မြူနီစပယ် အဖွဲ့အစည်း တစ်ရပ်သာသာ အခွင့်အရေးပဲ ရရှိရပါမယ်။ ဒီမိုကရေစီ နိုင်ငံတော်သူ နိုင်ငံတော်သားတွေဟာ မည်သူ တစ်ဦး တစ်ယောက်၊ မည်သည့် အဖွဲ့အစည်း တစ်ရပ်ရပ်ရဲ့ အုပ်ချုပ်မှု အောက်မှာမှ မနေဘဲ တရားဥပဒေရဲ့ စည်းမျဉ်း စည်းကမ်း အောက်မှာသာ နေထိုင်ကြခြင်း ဖြစ်ပါတယ်။ အဲဒီ စည်းမျဉ်း စည်းကမ်းကို ချိုးဖောက်ခဲ့ရင် မည်သူမဆို သမ္မတဖြစ်စေ၊ ဘုရင်မ ဖြစ်စေ၊ မည်သူမည်ဝါ၏ သားသမီးဖြစ်စေ၊ မည်မျှပညာတတ်စေ၊ မည်မျှ ချမ်းသာစေ တူညီသော ပြစ်ဒဏ်ပေးခြင်းကို ခံရပါလိမ့်မယ်။ “တရားဥပဒေ၏ စည်းမျဉ်း စည်းကမ်းအောက်တွင် လွတ်လပ်စွာ နေထိုင်ကြသော လွတ်လပ်သော လူ့အဖွဲ့အစည်း ဖြစ်သည်”လို့ ကျွန်တော်တို့ ဂုဏ်ယူကြရပါမယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းဟာ အမှန်တကယ် လွတ်လပ်တဲ့ သခင် လူ့အဖွဲ့အစည်း ဖြစ်တယ်လို့ ကြွေးကြော်နိုင် ရပါမယ်။ အရေးကြီးတာကတော့ အဲဒီဥပဒေကို မည်သည့် အာဏာပိုင် အဖွဲ့အစည်း၊ မည်သည့် ဥပဒေ ပညာရှင်ကမှ သူ့သဘောနှင့် သူ ရွေးဆွဲပိုင်ခွင့်မရှိ၊ ကျွန်တော်တို့ ပြည်သူ လူထုကသာ “တို့ ဘယ်လိုနေမယ်၊ ဘယ်လို နေချင်တယ်” ဆိုပြီး တင်းပြည့် ကျပ်ပြည့် ရေးဆွဲခွင့် ရရမှာ ဖြစ်ပါတယ်။
စေတနာရှိရင်
တကယ်တော့ ကျွန်တော်တို့မြန်မာတွေဟာ ဟိုးပုဂံခေတ်ကစလို့ ပဒေသရာဇ်တွေရဲ့ ဖိနှိပ်မှုအောက်မှာ ကျေးတော်မျိုး ကျွန်တော်မျိုးတွေ အနေနဲ့ မင်းစိုးရာဇာတွေ လာရင် ဒူးတုပ် ခေါင်းငုံ့ခဲ့ရတဲ့ လူ့အဖွဲ့အစည်း ဖြစ်ခဲ့ရတယ်။ ကျွန်တော်တို့၊ ခင်ဗျားတို့ အဘိုးတွေ အဘွားတွေ အဲဒီလို နေထိုင်ခဲ့ကြပါသတဲ့။ ဟော်လန်တွေ၊ ဒိန်းမတ်တွေ၊ အင်္ဂလိပ်တွေ၊ အမေရိကန်တွေ ထက်များ ကျွန်တော်တို့က နိမ့်ကျနေလို့လားဗျာ။ ပုခုံးနှစ်ဘက်ကြားက ခေါင်းပေါက်တဲ့ လူချင်း အတူတူ ဖြစ်တယ်ဆိုရင် ကျွန်တော်တို့ မြန်မာတွေလည်း အောက်တန်းကျတဲ့ လူမျိုးတွေ မဟုတ်ဘူးဆိုရင် သူတို့လို တန်းတူညီမျှ အခွင့်အရေးတွေ ရှိတဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်သင့်ပါပြီ။ စနစ်ပြောင်းဖို့ ခေါင်းဆောင်နေတဲ့ သူတိုင်းက တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် စေတနာရှိရင် တခြား လူ့အဖွဲ့အစည်းတွေနဲ့ ပေမီဒေါက်မီ တန်းတူရည်မျှတဲ့ လူ့အဖွဲ့အစည်း တစ်ရပ် နိုင်ငံတစ်နိုင်ငံ၊ အစိုးရ တစ်ဖွဲ့ကို ရတော့မှာ ဖြစ်ပါတယ်။
ချိုတူးဇော်

No comments:

Post a Comment