သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, January 27, 2012

နိုင်ငံတကာမှ ရွေးကောက်ပွဲစောင့်ကြည့်သူများအား လက်ခံရန် ဂျွန်မက်ကိန်းတိုက်တွန်း

ရွှေယင်းမာဦး

အတွဲ ၂၈ ၊ အမှတ် ၅၅၄ ( ၂၇ ၊ ၁ - ၂ ၊ ၂ ၊ ၂၀၁၂)

ရန်ကုန်မြို့၊ အမေရိကန် စင်တာတွင် သတင်းထောက်များနှင့် တွေ့ဆုံနေသည့် ဂျွန်မက်ကိန်း။
ဓာတ်ပုံ-ဘူးသီး
 
မြန်မာနိုင်ငံအစိုးရအနေဖြင့် ဧပြီလတွင် ကျင်းပရန် စီစဉ်ထားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာ သူများအား ဖိတ်ခေါ်ရန် နိုင်ငံတော်သမ္မတအား တိုက်တွန်းခဲ့ကြောင်း မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်သီတင်းပတ် က လာရောက်ခဲ့သည့် အမေ ရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဇန်န၀ါရီလ ၂၂ ရက် နေ့ ရန်ကုန်မြို့ အမေရိကန်စင်တာတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။
ဂျွန်မက်ကိန်းဦးဆောင်ကာ အခြားအမေရိကန် အထက်လွှတ်တော် အမတ် သုံးဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်န၀ါရီလ ၂၂ ရက်နေ့ မနက်ပိုင်းတွင် နေပြည်တော်၌ သမ္မတဦးသိန်းစိန်၊ လွှတ်တော် ဥက္ကဋ္ဌများနှင့် တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
သမ္မတနှင့်တွေ့ဆုံစဉ်အတွင်း အဆိုပါကိစ္စကို ဆွေးနွေးခဲ့သော်လည်း သမ္မတက ကတိတစ်စုံ တစ်ရာပေးခဲ့ခြင်းမရှိကြောင်း အစိုးရသစ်လက် ထက် မြန်မာနိုင်ငံအား ဒုတိယအကြိမ် လာရောက် ခြင်းဖြစ်သည့် ဂျွန်မက်ကိန်းက ပြောသည်။
နိုင်ငံတကာမှ လေ့လာစောင့်ကြည့်သူများ မြန်မာ နိုင်ငံကိုလာရောက်ကာ လွတ်လပ်မျှတသော ရွေးကောက်ပွဲများ၏ အခြေခံဖြစ်သည့် မဲဆန္ဒရှင် စာရင်းကောက်ခြင်း၊ ပါတီတည်ထောင်ခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းစသည်တို့တွင် ၀င်ရောက်ကူညီခြင်းကို ၎င်းတို့အနေဖြင့် မြင်တွေ့လိုကြောင်း ဆိုသည်။
"ကျွန်တော့အမြင်ကတော့ ရွေးကောက်ပွဲတွေက လွတ်လပ်မျှတမယ်ဆိုရင် အစိုးရအနေနဲ့ အဲလို လွတ်လပ်မျှတကြောင်း ကမ္ဘာကို ထုတ်ပြောပေးမယ့် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေကို လိုလားလိမ့်မယ်"ဟု ဂျွန်မက်ကိန်းက ဆိုသည်။
သမ္မတဦးသိန်းစိန်နှင့် ၎င်း၏အစိုးရအဖွဲ့သည် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအတွက် စစ်မှန်သောခြေလှမ်းများကို ဒေါ်အောင်ဆန်း စုကြည်၏ အရေးပါသော ကူညီထောက်ပံ့မှုများဖြင့် ရှေ့ဆက်နေပြီဖြစ်ကြောင်း ၎င်းကပြောသည်။
"မကြာသေးတဲ့အချိန်က ဖြစ်ပေါ်ခဲ့တဲ့ တိုးတက်ပြောင်းလဲမှုတွေကြောင့် အရမ်းကို အားရမိပါတယ်။ ဒါပေမယ့် ထပ်ပြီး လုပ်စရာတွေ အများကြီးရှိတယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်" ဟု အထက်လွှတ်တော်အမတ် မက်ကိန်း က ပြောသည်။
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံ အပေါ် ထားရှိသည့် ပိတ်ဆို့မှုများ ဖြေ လျှော့ရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတစွာ ကျင်းပနိုင်မှုမှာ အလွန် အရေးပါသော်လည်း အခြားသောကိစ္စများတွင်လည်း တိုးတက်မှုများ မြင်တွေ့ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
"ကျွန်တော်တို့ အံ့ဩဖွယ်ရာကိစ္စတွေကို တွေ့ရဖို့ မမျှော်လင့်ပါဘူး။ ဖြစ်ပေါ် တိုးတက်မှုတွေ လမ်းကြောင်းမှန်ပေါ်မှာ ဆက်သွား နေဖို့ပဲ မျှော်လင့်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ အပြီးတွင် မက်ကိန်းက သတင်းထောက်များအား ပြောကြားသည်။
ရာနှင့်ချီသော အကျဉ်းသားများ လွှတ် ပေးပြီးနောက် ကျန်ရှိနေသေးသော ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အချို့ကိုလည်း ခြွင်းချက်မရှိ ထပ်မံလွှတ် ပေးရန်နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ ကို မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များသို့ ၀င်ရောက် အထောက်အပံ့များ ပေးခွင့်ပြုရန် နိုင်ငံတော်သမ္မတအား တိုက်တွန်းခဲ့ကြောင်း ၎င်းကပြောသည်။
ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ကာလကြာရှည်စွာ ဖြစ်ပေါ် နေသော ပဋိပက္ခများ အဆုံးသတ်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတက အဆိုပါ ဒေသတွင် အစိုးရတပ်များဘက်မှ အပစ် အခတ်ကိုရပ်တန့်ရန် အမိန့်ပေးခဲ့ခြင်းကို အားရကြောင်း ၎င်းက ပြောသည်။
ဒီမိုကရေစီစနစ် ထူထောင်ရာတွင် တရားဥပဒေစိုးမိုးရေးကို အခြေခံရန် ဆက်လက်တိုက်တွန်းမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုး ရေးသည် ပြည်သူများ ၏ လူ့အခွင့်အရေးနှင့် လွတ်လပ်မှု အတွက်သာမက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များအား ဆွဲဆောင်ရာတွင်လည်း မရှိ မဖြစ် အရေးပါကြောင်း ဂျွန်မက်ကိန်းက ဆိုသည်။
"သမ္မတဦးသိန်းစိန်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ တောင်းဆိုမှုကြောင့် မဟုတ်ဘဲ ပြည်သူတွေရဲ့ဘ၀ အဆင့် မြင့်လာဖို့အတွက် ဒီတိုးတက်မှုတွေကို ဖော်ဆောင်လိမ့်မယ်လို့ ယုံကြည်ပါ တယ်"ဟု ၎င်းကဆိုသည်။
အမေရိကန်နိုင်ငံက ပိတ်ဆို့မှုများ ရုပ်သိမ်းခြင်းနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ယင်းတို့သတ် မှတ်ထားသော ခြေလှမ်းများကို မြန်မာအစိုးရက လှမ်းပြီးပါက ရုပ်သိမ်းမည်ဖြစ်ကြောင်း ၎င်း၏ အမြင်ကိုပြောသည်။
"ဒီခြေလှမ်းတွေက ကြားဖြတ်ရွေးကောက်ပွဲတစ်ခုတည်းတော့ မဟုတ်ပါဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က ဂျွန်မက်ကိန်းနှင့် တွေ့ဆုံ အပြီးတွင် ပြောကြားသည်။

No comments:

Post a Comment