သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, January 23, 2012

ကလေး တစ်ယောက်ရဲ့ကောင်းကင်(ပေါ်ပြူလာဂျာနယ်)

Posted by AF in ဆောင်းပါးများ

ကာလတစ်ခုတုန်းက ကျွန်တော်နေခဲ့ သော ရပ်ကွက်လေးက လူဦးရေ နည်းသည်။ လမ်းတွေက သန့်သည်။ ရေစီးရေ လာ ကောင်းသည်။ စတိုးဆိုင် နှစ်ဆိုင် နှင့် စာအုပ် အငှားဆိုင်လေး တစ် ဆိုင်ရှိသည်။ တစ် အိမ်နှင့် တစ်အိမ်ကပ် မနေသဖြင့် တစ် ယောက်၏ ကိုယ် ရေးမှတ်တမ်းကို တစ် ယောက်က မသိနိုင် သလို တစ်ယောက် မိသားစု ၏သန်းခေါင် စာရင်းပါ လူစာရင်းကို နောက် မိသားစု က မသိနိုင်ခဲ့ပေ။ အနည်းငယ် သူမေးစမ်းသည်ဟု ပြောလို့ ရသော်လည်း ကျွန်တော်က ကျေနပ်သည်။ အဘယ်ကြောင့် ဆိုသော် မည်သည့် စကားလုံး မျှ ကုလားဖန် အထိုးမခံရသောကြောင့် ဖြစ်သည်။

ထိုရပ်ကွက်လေး အတွင်းမှာ ဘိလိယက် ခုံမရှိ၊ လက်ဖက်ရည်ဆိုင် မရှိ၊ အမိန့်ရ ပုဂ္ဂလိက ငွေချေးလုပ်ငန်း မရှိနှင့် ရပ်ကွက်လေးက အနည် အနှစ် နည်းခဲ့သည်။ သို့သော် ကံကြမ္မာ၏ လျှပ်တစ်ပြက် ရိုက်ချက်အောက်မှာပင် ကျွန်တော်တို့ မိသားစုလေး ရပ်ကွက်ဟောင်းကို စွန့်ခွာခဲ့ရလေသည်။ ယခု ရောက်ရှိနေသော ရပ်ကွက်လေး ကကာလာ စုံသည်၊ စရိုက် စုံသည်၊ အသံစုံသည်၊ မျက်နှာတွေစုံသည်၊ ဒဿနစုံ သည်၊ ဘောဂဗေဒစုံသည်။ အစုံဆုံးက ဘိလိယက်ခုံ၊ အပေါင်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် အရက်ဆိုင်လေး များပင်ဖြစ်သည်။ မှတ်တမ်း အရ ဒုတိယ အများဆုံးဆိုင်မှာ ရောဂါဝေဒနာ ကြီးကြီးသေးသေးကို အကျဉ်းချုပ် စနစ်နှင့် ကုသပေးသော ဆေးစပ်ရောင်း သည့် ဆိုင်လေး များပင်ဖြစ်သည်။
ကျွန်တော်က စာနည်းနည်း ရေးသည်၊ စာဖတ်သည်၊ အထီးကျန်နေရသည်ကို နှစ်ခြိုက်သည်။ ထို့ကြောင့် ကျွန်တော်က ရပ်ကွက်လေး ၏ သင်ရိုးညွှန်းတမ်းကို မသိတာလား။ ရပ်ကွက်လေးကပဲ ကျွန်တော့်ကို မဖတ်တတ်တာလား မသိ။ ကျွန်တော်နှင့် ရပ်ကွက်လေးက အနားမညီ တြိဂံနှစ်ခုလို တစ်ထပ်တည်းမကျခဲ့ပေ။ မနက် အလုပ်သွား ညနေ အလုပ်ပြန် အိမ်မှာ စာဖတ် (သို့မဟုတ်) စာရေးနှင့်ဘဝကို မိတ္တူစက်ထဲ ထည့်ထားမိသည်။ သို့သော် ကျွန်တော် နေသော လမ်းထဲမှာ ကျွန်တော် စိတ်ဝင်စားသော ကလေးတစ်ယောက် ရှိနေခြင်းက ကျွန်တော့် အတွက် ‘ရသ’ တစ်ခုဖြစ်နေ ပြန်လေသည်။
သူကအသက် ‘၁၂’အရွယ် ခြေထောက် မသန်သော (လမ်းအလျှောက် ရခက်သော) ကလေးတစ်ယောက် သာဖြစ်သည်။ သူနှင့်သူ့ အိမ်ကို ကျွန်တော် မသိသလို ကျွန်တော် ၏ နေထိုင်ခင်းနှင့် အမည်ကိုလည်း သူသိပုံ မရပေ။ သို့သော် ကျွန်တော့် စိတ်ထဲမှာ သူ့ကို ‘ကောင်လေး’ ဟုသတ်မှတ်ထားသည်။ ကျွန် တော်ညနေပိုင်းမှောင်စ ပျိုး အလုပ်ကပြန်လာတိုင်း ကျွန်တော်တို့ လမ်းထိပ်က အုတ်ခုံလေး ပေါ်မှာ သူထိုင်နေတတ်သလို တစ်ခါတစ်ရံ သူနှင့်ရွယ်တူ အဖော်များနှင့် သားရေကွင်း ပစ်နေတတ် သည်။ သူ၏ မသန်စွမ်းသော ဘဝလေးကို စာနာပြီး ပြုံးပြနှုတ်ဆက်ရင်းနှင့် ရက်ပေါင်းသုံး ဒါဇင်လောက်အရောက်မှာ အပြုံးများ၏ ဝန်ဆောင်မှုဖြင့် အသံတိတ် ရင်း နှီးခဲ့ကြလေသည်။
သည်လိုနှင့်တစ်ရက် ကျွန်တော်အလုပ် ကပြန်လာသည့် အချိန်မှာ မှောင်စ ပျိုးနေပြီဖြစ် သော်လည်း ကောင်လေးနှင့် သူငယ်ချင်းနှစ်ယောက်က သားရေကွင်း ပစ်နေဆဲဖြစ်၏။ ထို့ကြောင့် ကျွန်တော်လည်း သူတို့ကစားဝိုင်း လေးကို ရပ်ကြည့်နေမိသည်။ အားနည်းသည့် လူကိုအားပေးချင်သော ကျွန်တော်၏ အခြေ ခံ စိတ်ကြောင့် ကောင်လေး ကိုသာနိုင်စေချင် မိသည်။ သို့သော် အဖြေက ကျွန်တော် မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။ ကောင်လေး၏ ပစ်ချက်များက အတော်များများ လွဲနေသော ကြောင့် ကောင်းလေး၏ လက်ထဲမှာ တဖြည်းဖြည်းနှင့် သားရေကွင်းတွေ နည်းလာခဲ့၏။ ထိုစဉ် ကျယ်လောင်သော အသံတစ်သံက ကျွန်တော် တို့နေရာ သို့ ပြင်းပြင်း ထန်ထန် ရောက်လာခဲ့လေသည်။
”ဟဲ့. . .မင်းကိုဇင်နဲ့ မင်းညီဇင်. .  အခုထိအိမ်ပြန်မလာသေးဘူးလား။ စာကျက် ဖို့ အချိန်ရောက်ပြီလေ. . .အခုချက်ချင်း ပြန်လာခဲ့”
ထို့ကြောင့် ညီအစ်ကိုနှစ်ယောက်က သူတို့နိုင်သွားသည့် သားရေကွင်းများကို သိမ်းကာပြန်သွားကြလေသည်။ ကျွန်တော် ကတော့ သားရေကွင်းနည်းနည်းလေးသာ ကျန်တော့သည့် ကောင်လေးကို ကြည့်ရင်း စိတ်မကောင်းဖြစ်နေမိသည်။ သို့သော် စကား တစ်ခွန်းမှ မပြောဖြစ်ကြပေ။ ထိုစဉ်ကောင်လေး က ကျန်သည့် သားရေကွင်း များကိုပုံကာ ခပ် ဝေးဝေးမှနေပြီး သူတစ်ယောက်တည်း လှမ်း ပစ်နေပြန်သည်။ အံသြစရာ ကောင်းသည်မှာ သူ့ပစ်ချက်များက အလှည့်တိုင်း ထိနေခြင်းပင် ဖြစ်သည်။
”ကောင်လေး. . . အခုတော့လည်း မင်းလက်ကပစ်မလွဲပါလား”
ကောင်းလေးက ပြုံးသည်။ ထိုအပြုံးကို ကျွန်တော် ဘာသာမပြန်တတ်. .ထို့နောက် ကောင်းလေးက ကျွန်တော့်ကို ဆက်ပြောလိုက် ၏။
”ဒီလိုလေ ဦးလေးရဲ့. . .သူတို့က မိုးလင်းရင် ကျောင်းသွားပြီးတော့ အိမ်ပြန်ထမင်း စား၊ နောက်တော့ ကျူရှင်သွား၊ ကျူရှင်က ပြန်မှ ကစားရတာ. .ဒီတော့ ကျွန်တော်က အချိန်တိုတို အတွင်းမှာ သူတို့ဆီက သားရေ ကွင်းတွေကို အနိုင်ယူလိုက်လို့ ဘယ်ဖြစ်မလဲ။ တကယ်တော့ ကျွန်တော် သူတို့ဆီက လိုချင်တာက သားရေကွင်းတွေ မဟုတ်ပါဘူး ဦးလေးရယ်”
သူ့စကားက ကျွန်တော့်ရင်ကို သွေးသံ ရဲရဲဖြစ်မတတ် နာကျင်ခဲ့ရပြန်သည်။
 မောင်မြင့်အောင်

No comments:

Post a Comment