သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, June 6, 2012

အရင်းရှင်စနစ်ဆိုတာဘာလဲ

အရင်းရှင်စနစ်ဆိုတာဘာလဲ

by Bo K Nyein on Wednesday, June 6, 2012 at 7:49am ·
အပိုင်း(၂)

အရင်းရှင်စနစ်ဆိုတာဘာလဲ

တကယ်တော့ အရင်းရှင်စနစ်ဆိုတာက စီးပွားရေး စနစ်သက်သက်သာဖြစ်ပါတယ်။ နိုင်ငံရေးစနစ် မဟုတ်ပါ။ စစ်ကြီးအပြီး လွပ်လပ်တဲ့ ကမ္ဘာမှာ တနည်းအားဖြင့် အနောက်ဖက်ခြမ်းလို ခေါ်ကြတဲ့ နိုင်ငံ တွေမှာ အစိုးရကို ပြည်သူလူထု ကရွေးချယ်တဲ့ လစ်ဖရယ် ဒီမိုကရေစီ ကိုပြန်လည်ကျင့်သုံးလာကြပြီး စီးပွားရေးအရ အရင်းရှင်စနစ်ကို ပြန်လည်အကောင်အထည်ဖေါ်လာကြပါတယ်။

ဥရောပကနိုင်ငံတွေထူထောင်ဖို့ မာရှယ်ပလင် (Marshall Plan) ကိုအမေရိကန်ငွေ နဲ့စတင် အကောင် အထည်ဖေါ်လာကြပါတယ်။ ဂျပန်နိုင်ငံမှာလည်း ဗိုလ်ချုပ်ကြီးမက်ကာသာက ဦးဆောင်ပြီး ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေအသစ်ပိုရေးဆွဲပြီး ပါလီမန်ဒီမိုကရေစီစနစ်ကိုပြန်လည်ထူထောင်ခဲ့ပါတယ်။


ဆိုဗီယက်တွေစိုးမိုးထားတဲ့ အရှေ့ဥရောပမှာတော့ ဆိုဗီယက်ပုံသဏ္ဍန်ကွန်မြူနစ်ပါတီအသီးသီး ပေါ် ပေါက်လာကြရာ အင်္ဂလိပ် ၀န်ကြီးချုပ် ချာချီက (သံမဏိ) လိုက်ကာ Iron Curtain ဆိုပြီး သမုတ်ခဲ့ ပါတယ်။

ဒါကြောင့် စစ်ပြီးကာလမှာ ကမ္ဘာကြီးဟာ နိုင်ငံရေးအရ ဒီမိုကရေစီကျင့်သုံးပြီး စီးပွားရေးအရ အရင်းရှင် စနစ်ကို ဖေါ်ဆောင်တဲ့ အနောက်အုပ်စု နဲ့ နိုင်ငံရေးအရ ပစ္စည်းမဲ့အာဏါရှင်စနစ်ကိုထူ ထောင်ပြီး သကာလ စီးပွားရေးအရ မာ့က်စ်၏ ဆိုရှယ်လစ်စီးပွားရေးစနစ် ကိုဖေါ်ဆောင်သော အရှေ့ အုပ်စုဆိုပြီး ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းအသစ်ပေါ်ပေါက်ခဲ့ရပါတယ်။

ဒီမှာ စာဖတ်သူများကို သတိပြုစေချင်တာက ဒီမိုကရေစီဆိုတာက လွပ်လပ်စွာရွေးချယ်ခွင့်နဲ့ အရင်းရှင် စီးပွားရေး စနစ်က လွပ်လပ်စွာ ရောင်း/၀ယ် ခွင့်ရှိတာကြောင့် (လွပ်လပ်မှု) ကိုအရင်းတည်ပါတယ်။

ကွန်မြူနစ်စနစ်ကတော့ နိုင်ငံရေးအရ အာဏါရှင်စနစ်ကို အခြေခံပြီး ဆိုရှယ်လစ်စီးပွားရေးစနစ်ဆို တာ ကလည်း အားလုံးကိုထိန်းချုပ်တဲ့ (ထိန်းချုပ်မှု) (Control) ကိုအခြေခံကြပါတယ်။ နောက်ဆုံးတနေ့မှာ ကွန်မြူနစ်စနစ်ကျဆုံးသွားရာတာ ဒီ (ထိန်းချုပ်မှု) (Control) ကြောင့်ပဲဆိုတာကိုသိမြင်စေချင် ပါတယ်။

တချိန်ထဲမှာ (လွပ်လပ်ခွင့်) ရှိတယ်ဆိုတာနဲ့ (မျှတမှု) (Fair) ဖြစ်ပြီလို့မဆိုနိုင်ပါ။

အရင်းရှင် စနစ်ဟာ စီိးပွားရေးစနစ် သက်သက်ဖြစ်တာကြောင့် (မျှတခြင်း) ဟာ ၎င်းရဲ့ တာဝန်မဟုတ်ပါ။
(မျှတခြင်း) ဟာ နိုင်ငံရေးစနစ် မှာသာတာဝန်ရှိပါတယ်။

ဒါဆိုအရင်းရှင်စနစ်ရဲ့ရည်မှန်းချက်ကဘာလဲဆိုရင် Wealth Creationလို့ဆိုတဲ့ (ချမ်းသာမှုကိုဖေါ်ထုတ်) ခြင်းသာဖြစ်တယ်။

တနည်းအားဖြင့် မျှတမှုကို တတ်နိုင်သမျှ ဖေါ်ဆောင်တဲ့ Wealth Distribution ချမ်းသာမှု ကို (ဝေဖြန့်) ခြင်းလည်း မဟုတ်ပါ။

အများစု က Wealth Creation နဲ့ Wealth Distribution ကိုရောနေကြတဲ့အတွက် အရင်းရှင်စနစ်ကို ဖိဝေဖန်နေကြခြင်းဖြစ်သည်။

ဆိုရှယ်လစ်စနစ်ကမှ Wealth Distribution ကိုဦးတည်ပါတယ်။

ဒီလိုဆိုလို့ အရင်းရှင်စနစ်သည် တရားပါသလားဟုမေးလာလျှင် လုံးဝ (မတရား) ပါ။ အရင်းရှင်စနစ် တွင် (ငွေ) သည်သာအဓိကဖြစ်၍ (အမြတ်)ရရှိရေးသည်၎င်း၏ အသက်သွေးကြောဖြစ်သဖြင့် မည်သို့မှ မျှတမှုကို ဦးမတည်နိုင်ပါ။

တဖက်ကကြည့်ရင် မျှတမှု မရှိတဲ့ စနစ်ကြီးကို ဘာကြောင့် လက်ခံကျင့်သုံးနေကြရတာလဲ လို့မေး စရာ ရှိပါတယ်။

အဖြေကရိုးရိုးရှင်းရှင်းလေးပါ။ မွေးကတည်းကိုက လူသားတွေဟာ သာတူညီမျှ မွေးလာကြ သည်မှ မဟုတ်တာ။

ဥါဏ်ကောင်းသူများပါလာသလို၊ ဥါဏ်နဲ - ဥါဏ်ထိုင်း သူများလည်းပါလာသည်။ စိတ်ကောင်း ရှိ သူများ ရှိသလို၊ စိတ်ပုတ်သူများကလည်းမရှား။ ရုပ်ရည်ချောမောသူများရှိသလို၊ ရုပ်ဆိုးသူများကလည်း အနန္ဒ။ လူတော်များရှိသလို၊ လူညံ့များလည်းရှိသည်။ နောက်ဆုံး သဘာဝမှာပင် မက်တာ (Matter) ဒြပ်ထု ရှိသလို ၎င်း၏ဆန့်ကျင်ဖက် အင်တီမက်တာ (Anti Matter) လည်းရှိပြန်သည်။

ထို့ကြောင့်သဘာဝ ကိုဆန့်ကျင်၍မရ၊ သဘာဝအတွင်း အမျှတဆုံး၊ အကောင်းဆုံးဖြစ်နိုင်အောင်သာ ကျိုးစားကြရမည်။လွပ်လပ်ပြီဆိုပြီး ကိုယ်မုန်းသည့်သူကိုသွားသတ်၍မရ၊၊ လူုသတ်မှုနှင့်အဖမ်းခံ ရမည်။
ကျောက်ခေတ်ကကဲ့သို့ မိမိနှစ်သက်ရာ အမျိုးသမီးကို အိမ်သို့ဆွဲလာလို့မရ။ မှုဒိန်းမှုနှင့် အဖမ်းခံရမည်။ ဒီမိုကရေစီအရလွပ်လပ်သည်ဆိုရာတွင် ဥပဒေဘောင်အတွင်းမှသာ လွပ်လပ်ခွင့်ရှိသည်ပါ။

လူ့ဘောင်ကျင့်ဝတ်တွေကို လူ့ဘောင်အဖွဲအစည်းတွေက သတ်မှတ်ကြ၍ လူထုကိုကိုယ်စားပြုသူ အမတ်မင်းတွေက လွှတ်တော်မှာ ဥပဒေပြုကာ တရားဝင်မှုကိုဖန်ထီးကြရပါသည်။

ထို့နည်းတူစွာ အရင်းရှင်စီးပွားရေးစနစ် တွင်လည်း မျှတမှုအတွက် တရားဝင်မှု တရားမ၀င်မှု ကို ဥပဒေ နဲ့ပဲ ဘောင်ခတ် ကန့်သတ်ပေးရပါတယ်။ ဥပမာ တိုးတက်သောနိုင်ငံများတွင် တနေ့ ရှစ်နာရီသာအလုပ် ချိန်အဖြစ် သတ်မှတ်ထားပြီး၊ ပိုလာပါက အပိုလုပ်ခပေးရမည်။ ခလေးအလုပ်သမား မရှိစေရတဲ့ ဥပဒေ မျိုးတွေပါ။

အမေရိကန်နိုင်ငံတွင် အများမသိသော သတင်းကိုအသုံးပြု၍ စတော့အရောင်းအ၀ယ် မလုပ်ရဆိုတဲ့ Insider Trading ဥပဒေရှိပါတယ်။ ကျူးလွန်ရင် ထောင်ကျနိုင်ပါတယ်။

ဒါထက်အဆင့်မြင့်တဲ့ မျှတမှု တွေအတွက်ကတော့ ဥပဒေအပြင် (ပေါ်လစီ) နဲ့ပဲ ဖေါ်ထုတ်နိုင်သလို၊ ထိန်းချုပ်နိုင်ပါတယ်။ ဥပမာ Universal Health လို့ခေါ်တဲ့ နိုင်ငံသားတိုင်း ဆေးကုသခွင့် ရှိတယ်ဆိုတဲ့ ပေါ်လစီမျိုးပေါ့။

တဖက်ကပြန်ကြည့်ရင် ဒီမညီမျှမှု ကပဲ အရင်းရှင်စနစ် ကိုအောင်မြင်စေတာလို့ ငြင်းချက်ထုတ် နိုင်ပြန် ပါတယ်။

ဆိုရှယ်လစ်စီးပွားရေးစနစ် ကျဆုံးရတဲ့ အကြောင်းအရင်းတခုဟာ Incentive လို့ခေါ်တဲ့ (ဆွဲဆောင်မှု- တွန်းအားပေးမှု) မရှိတာကြောင့်လို ငြင်းနိုင်စရာရှိပါတယ်။

ကောင်းပြီ ၊ ဒါဆိုရင် အရင်းရှင်စီးပွားရေးစနစ် ရဲ့ ဆွဲဆောင်မှု (၀ါ) တွန်းအားဟာဘာလဲဗျ လိုမေးရင်
(လောဘ) လို့ ဖြေနိုင်ပါတယ်။ ဒိထက်တဆင့်တက်ပြီး အရင်းရှင်စီးပွားရေးစနစ် ဟာ (လောဘ) ကို ၀ရဇိန် လက်နက် အဖြစ်အသုံးပြတာဗျ လို့ဖြေရင်တောင် မှန်ပါတယ်။

ဘာကြောင့်လဲ

လောဘဟာကောင်းပါတယ်တဲ့ - Greed is good

ဗမာစကားမှာ လူတွေဟာ လောဘသားတွေ လောဘနှင့် မကင်း ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။

မာ့က်စ်က ရုပ်ဝါကို ခြေခံသည်မို့ စိတ်ပိုင်းဆိုင်ရာ အားနဲချက်တွေကို မမှု ၊ အသိမှတ်မပြုဟု ငြင်းနိုင်သည်။

ဗုဒ္ဓဘာသာက လူသားတွေရဲ့ အားနဲချက်ဖြစ်တဲ့ လောဘ၊ဒေါသ၊ မောဟ တို့ကို အသိမှတ်ပြုတယ်။ ဒီစိတ်တွေကြောင့် အတ္တ နှင့် တဏှာ (Attachment) ရှိနေသမျှ ၊ တဏှာ မကျွပ်သ၍ သံသရာ က မလွပ်နိုင်သေး။ ထို့ကြောင့် ဗုဒ္ဓဘာသာက ဒီလောဘ စိတ်နဲ့အတူ အတ္တအစွဲနဲ့ တဏှာ ကို အဆုံးသတ် အနိုင်ယူဖို့ ကြိုး စားတယ်။ မဂ်ဥါဏ် - ဗိုလ်ဥါဏ် စိုက်မှ ဒီစိတ် တွေပျောက် ပြီး နိဗ္ဗန် ကို ရှေ့ရှုနိုင်မှာ မဟုတ်ပါလား။

အရင်းရှင်စီးပွားရေးစနစ် ကတော့ (လောဘ) ကို အသိမှတ်ပြုရုံမက လောဘ ကို အားပေးသည်။ (လောဘ) ကိုလက်နက်သဖွယ် အသုံးပြုသည်။ ကမ္ဘာကျော် Wall St ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ Mr Grecko ပြောခဲ့တဲ့ စကားဟာ အရင်းရှင် စီးပွားရေး စနစ် အတွက် အမှန်တရားဖြစ်တယ်။ Greed is good လောဘဟာကောင်းပါတယ်တဲ့။ တိန်ချောက်ပိန်ကလည်း ထို့နည်း၎င်း ပြောခဲ့တာပဲ။


 လောဘ မရှိရင် ၊ (အမြတ်) ကို ဘယ်ဂရုပြုတော့မှာလည်း။ လောဘ ရှိမှ အမြတ်မျာများ လိုချင်တော့မှာ ပေါ့ ။ လောဘ ရှိမှ ပြိုင်ဖက်တွေကို အနိုင်လိုချင်တော့မှာပေါ့။ ဒီပြိုင်ဆိုင်မှု အနိုင်ရလိုမှု က တွန်းအား (Driving Force) လာဖြစ်စေ တဲ့အတွက် (ကြိုးစားမှု) (တည်ထွင်မှု) တွေပေါ်ပေါက်ခဲ့ရတယ်။ ဒီကြိုးစား မှု၊ တီထွင်မှုတွေကနောက်ဆုံး အောင်မြင်မှု ကိုရရှိစေပြီး အဆုံးမှာ(ချမ်းသာမှု)(Wealth) ကိုလာပေးတာ
ဒါကြောင့် အရင်းရှင်စီးပွားရေးစနစ်ကို Wealth Creation ချမ်းသာမှုကိုဖေါ် ထုတ်ခြင်းလို့ ဆိုကြတာပါ။

လောဘလွန်ရင်ဘာလုပ်မလဲ

အရင်းရှင်ရဲ့ ဖခင်လို့ ပြောကြတဲ့ အဲဒမ်စမစ် Adam Smith က ဈေးကွက်ကို မမြင်ရတဲ့ လက် Invisible Hand က ထိန်းပေးလိမ့်မည်လိုဆိုခဲ့တာ အခုထိမှန်ပေမဲ့ ဈေးကွက်ကပဲ အားလုံးကို တာဝန်ယူသွားလိမ့် မယ်ဆိုတာကတော့ မမှန်ဖူးလို့ စာရေးသူအမြင်ရှိပါတယ်။

လူဆိုတာ လောဘသားများဖြစ်ကြရုံ မက ထိန်းကွပ်မှု မရှိလျှင် အဆုံးအထိ မိုက်ဖို့ရာ ၀န်မလေးကြ တာကြောင့်ပါ။ ၂၀ရာစု နှစ်ဦးပိုင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကမ္ဘာ့စီးပွားရေးကပ် (Great Depression) ၊ ၂၀၀၇ ကကြုံခဲ့ရတဲ့ ကမ္ဘာ့ငွေကြေးပြဿနာ (Financial Crisis) ၊ ယ္ခုဖြတ်ကျော်နေရတဲ့ ယူရိုဒုက္ခနဲ့ နိုင်ငံပိုင် အကြွေးထူမှု ပြဿနာ (Euro and Sovereign Debt Crisis) အားလုံးတွေဟာ လောဘလွန်ကြူးမှု တွေကြောင့်ပဲ။ ဒါကြောင့် အရင်းရှင်တွေ လောဘလွန်ကြူးတာကြောင့် တကမ္ဘာလုံး စီးပွားရေးကပ် မဆိုက်စေဖို့ရာ အစိုးရတွေက ဥပဒေနဲ့ ဘောင်ခပ်ပေးရပါတယ်။

ဒီဖက် ဂလိုပိုင်ဇေးရှင်း (Globalization) ခေတ်မှာတော့ တနိုင်ငံထဲနဲ့ မထိန်းနိုင် ကြတော့တာကြောင့် အစုလိုက် G8 - G20 စသည်ဖြင့် စီးပွားရေးအရ အကြီးဆုံး၊အရေးအပါဆုံး နိုင်ငံတွေကစုပေါင်း ဖြေရှင်း ရတဲ့ အဖြစ်ရောက်ရှိနေကြပါပြီ။

အရင်းရှင်စီးပွားရေးစနစ် နှင့် ဈေးကွက်စနစ်

တချို့က အရင်းရှင်စီးပွားရေးစနစ် နှင့် ဈေးကွက်စနစ် (Free Market) ကိုရော သုံးကြတယ်။ အမှန်က ဈေးကွက်စနစ် ဆိုတာက အရင်းရှင်စနစ် အထဲက ဂွင်းဆက် စပ်ဆက် (Subset) တခုသာဖြစ်တယ်။

စစ်အေးကာလ (Cold War) တုန်းက အနောက်ဖက်ကမ္ဘာက နိုင်ငံတွေမှာ လစ်ဖရယ်ဒီမိုကရေစီနဲ့ အရင်းရှင်စနစ်ကို ကျင့်သုံးကြပြီး အရှေ့ဖက်ကမ္ဘာကနိုင်ငံ တွေက ကွန်မြူနစ်စနစ်အောက်မှာ မာ့က်စ်ရဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ် ကိုကျင့်သုံးကြတော့ ခွဲခြားရတာလွယ်ပါတယ်။

တိန်လျောက်ပိန်တက်လာပြီး ကွန်မြူနစ်အုပ်ချုပ်ရေးအောက် မှာ ဈေးကွက်စီးပွားရေး စနစ်ကို ကျင့်သုံး နိုင်တယ် ဆိုလိုက်တော့မှ ရှုပ်ကုန်တယ်လို့ ခံစားရမိတယ်။ အခုတော့ တိန်လျောက်ပိန်ရဲ့ ရှေ့ပြေး အတွေးက ရုပ်လုံးပေါ်လာပါပြီ။ တိန်က နိုင်ငံရေးအာဏါကို ကွန်မြူနစ်ပါတီကပဲ ဆက်ကိုင်ထားပြီး စီးပွားရေးအရ ဈေးကွက်စီးပွားရေးကိုကျင့်သုံးတာကြောင့် တိန်ရဲ့ မူဝါဒကို State Capitalism လို့ သတ်မှတ် ခေါ်ဝေါ် နေကြပါပြီ။

အရင်းရှင် စနစ် မျိုးစုံ

အရင်းရှင်စနစ်ကို ပုံဖေါ်တဲ့ အပေါ်မူတည်ပြီး အရင်းရှင်ပုံသဏ္ဍန် အမျိုးမျိုးပေါ်ပေါက်လာပါတယ်။

အမေရိကန်

အမေရိကန်ပုံသဏ္ဍန် က အရင်ဘရာဇီး ဘောလုံးကန်တာနဲ့တူပါတယ်။ ပီလီခေတ်က ဘရာဇီး ဘော်လုံးအသင်း ဟာတိုက်စစ်အားအလွန်ကောင်းတာကြောင့် ခံစစ်ကိုအားမထားလှပါ။ ပြိုင်ဖက် အသင်းက တစ်ဂိုးသွင်းရင် ပီလီတို့ နှစ်ဂိုးပြန်သွင်းပြပါလိမ့်မည်။ အမေရိကန် အရင်းရှင် စနစ်ကလည်း ထိုနည်း၎င်းပဲ အမေရိကန်ပြည် ကိုကြိုက်တဲ့သူ လာအရင်းအနှီးလုပ်၊ အဟန့်အတားမရှိပါ။ အလွပ်လပ် ဆုံးအရင်းရှင်စနစ်ဖြစ်တယ်။ ထို့ပြင် အမေရိကန်ပုံသဏ္ဍန်က စီးပွားရေးတိုးတက်မှု ကိုဦးစားပေးတာ ကြောင့် တချိုကလည်း Growth-based economy လို့လည်းခေါ်ကြပါတယ်။ အမေရိကန်ပုံစံက စီးပွားရေးအကြပ်အတဲတွေ့ရင် growth ကြီးထွားမှုနဲ့ရှင်းတာပဲ။


ဥရောပ

ဥရောပကတော့ ဒီမိုကရေစီး နည်းနဲ့ ဆိုရှယ်လစ်စနစ်ကို သွားမယ် ဆိုတဲ့ Democratic Socialism နဲ့ပို နီးတာကြောင့် အခွန်ပိုကောက်သလို အစိုးရထိန်းချုပ်မှု တွေပိုများပါတယ်။ တနည်းအားဖြင့် Wealth Distribution ပိုအားများပါတယ်။ စကင်တီ နေဗီးယား လို့ခေါ်တဲ့ နော်ဝေး၊  ဒင်းမတ်၊ ဆွီဒင်တို့မှာ ၀မ်းဗိုက်အတွင်းမှ သေသည်အထိ…. From Womb to Tomb အစိုးရကတာဝန်ယူတဲ့ စနစ်ကိုကျင့် သုံးကြပါတယ်။ အခွန်တိုးကောက်၊ ထိန်းချုပ်မှု regulation တွေပိနေတာကြောင့် ဥရောပ ပုံစံက growth ကြီးထွားမှုနေးကွေးတယ်။

ဂျပန်

ဂျပန်ကတော့ ပဒေသရာဇ် အငွေ့အသက်တွေ လုံးလုံးမကုန်သေးတာကြောင့် ပဒေသရာဇ် ဆန်ဆန် အရင်းရှင်စနစ်ကိုအသုံးပြုကြတယ်။ ဂျပန်လို ကီရက်စု keiretsu (系列) လို့ခေါ်တဲ့ စီးပွားရေးအုပ်စု တွေရှိတယ်။ ဥပမာ Mitsui - Mitsubishi စတဲ့ အုပ်စုတွေရှိကြတယ်။ ဥပမာ မစ်စူဘီရှီဘဏ်၊ မစ်စူဘီရှီ အကြီးစားစက်မှုလက်မှု၊ မစ်စူဘီရှီ ကူသန်းရောင်းဝယ်ရေးစသည်ဖြင့် ကုမ္ပဏီပေါင်းများစွာပါဝင်တဲ့ မစ်စူဘီရှီအုပ်စုရှိသလို မစ်စူအီ Mitsui အုပ်စုလည်းရှိပြန်တယ်။ ဒီကုမ္ပဏီတွေရဲ့ စတော့ နဲ့ ရှယ် (Stocks & Shares) တွေကို အချင်းချင်းပြန်ဝယ်ထားကြတယ်။ စတော့ဈေးအတက်အကျ ကိုထိန်း နိုင်အောင်နဲ့ တခြားသူတွေဝင်ရောက် မသိမ်းနိုင်အောင်ကာကွယ် ထားကြတယ်။ ဒါမှရေရှည်အတွက် ပလင်လုပ်နိုင်အောင်လို့ဆိုတယ်။ ကိုရီးယားပဲ ဂျပန်ပုံစံကို အတုခိုးတာကြောင့် Samsung ဆန်ဆမ် အုပ်စု ၊ Hyndai ဟွန်ဒေးအုပ်စု ဆိုပြီးပေါ်လာတယ်

ဒီပုံစံက အမေရိကန်ပုံးစံနဲ့ ပြောင်းပြန်ပဲ။ အမေရိကားမှာ သူဌေးတဦးထဲ (သို့) ကုမ္ပဏီတခုထဲက မအုပ်စီးထားနိုင်အောင် Anti Trust ဥပဒေရှိတယ်။ အုပ်စုဖွဲ့ပြီးဈေးမကစားနိုင်အောင်ပါ။ ကုမ္ပဏီ တခုဟာ သိပ်ကြီးလာပြီး ဈေးကွက်ကို မတရားစိုးမိုးထားပြီဆိုရင် အစိုးရက အစိုးရအာဏါနဲ့ ပြိုခွဲ ဖြစ်လိုက်လို့ရတယ်။ ဥပမာ Standard Oil  နဲ့ AT&T တို့ကိုအစိုးရက ဥပဒေနဲ့ ခွဲပြစ်လိုက်တယ်။ ပြိုင်ဖက်မရှိ အဖြစ်မခံဖူး။ နောက်အမေရိကန် ကုမ္ပဏီ တွေဟာ ရည်တို သုံးလပတ် အမြတ်အတွက်ပဲ ကြည့်လွန်းတယ်လို့အစွပ်စွဲခံရတယ်။ သုံးလ တခါ မိမိတို့ရဲ့ လုပ်ငန်းအခြေအနေ ကိုတင်ပြရတယ်။ ဒီတင်ပြချက် အပေါ်မှာ စတော့သုံးသပ်သူ (Stock Analyst) တွေက ဝေဖန်ချက်ပေးပြီး စတော့ တန်ဖိုး ကိုဖြတ် အတက်အကျ ကိုကစားကြတာကိုး။

တရုတ်

တရုတ်ပုံစံကတော့ တချို့ နေရာတွေမှာ အမေရိကန်ပုံစံ လွပ်လပ်မှုရှိပေမဲ့ အဓိကကွာတဲ့ (၂)ချက်က တရုတ်က သွားမဲ့ရေရှည် ပလင်ကို မက်ကရို အဆင့်မှာ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် တွေကပဲ ဆုံးဖြတ်ပြီး တကယ့်ထုတ်လုပ်မှုကိုတော့ ပုဂ္ဂလိက ကုမ္ပဏီတွေကိုပဲ ထုတ်လုပ်စေတယ်။ နောက် အရေးကြီးတဲ့ ကုမ္ပဏီတွေရဲ့ အကြီးအကဲကို ရွေးတဲ့နေရာမှာ အစိုးရရဲ့ချယ်လယ်မှု နဲ့မကင်းဖူး။

မာ့က်စ် ရဲ့ဆိုရှယ်လစ် စီးပွားရေးစနစ်မှာ အရင်းအနှီးတွေကိုပိုင်တာလည်း အစိုးရပဲ၊ ပလင်လုပ်တာ လည်း အစိုးရပဲ၊ ထုတ်ကုန်ကိုဖေါ်ထုတ်တာ၊ဖြန့်ဝေတာ အားလုံးအစိုးရပဲ။ ပကထိထိန်းချုပ်မှုအောက်မှာ ဆိုရှယ်လစ် စီးပွားရေးစနစ်ကြီး အသက်မရှူနိုင်ပဲ အသက်ငင်ခဲ့ရတယ်။

တိန်လျောက်ပိန်ချသွားတဲ့ စီးပွားရေးစနစ်မှာ ပိုင်ဆိုင်မှုနဲ့ ထုတ်လုပ်မှုဟာ ပြည်သူတွေလက်ထဲမှာ။ ဒီထုတ်လုပ်မှု ကြောင့် သန်း၃၀၀ ကျော်ကိုဆင်းရဲတွင်းက ဆွဲတင်နိုင်ခဲ့တာ။ ချီးကျူးစရာ ကောင်းတာက တရုတ်ကွန်မြူနစ် ပါတီက တရုတ်လုပ်ငန်းရှင်တွေ ချမ်းသာလာကြတာကို မနာလို မဖြစ်ကြ။ ဘာ ကြောင့် လည်းဆိုတော့ ဒီလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းအောင်မှ သာမန်တရုတ်တွေ အလုပ် ရကြမယ် ၊ ဒါကိုကောင်းကောင်းသဘောပေါက်တယ်။ သန်းကြွယ်သူဌေးတွေကနေ အခု တရုတ်ပြည် မှာ ဘီလျံ နယ် တွေတဖြေးဖြေးများလာပြီ။

ရုရှားမှာ ကွန်မြူနစ်စနစ်က အရင်းရှင်စနစ်ကိုပြောင်းတော့ အမေရိကန် စီးပွားရေးပညာရှင်တွေရဲ့ စကားကို နားထောင်ပြီး အခြေခံအုပ်မြစ်မရှိပဲ ၀ုန်းတိုင်းကြီးပြောင်းတော့ ရုရှားပြည်စီးပွားရေးဟာ ဖရိုဖရဲ ဖြစ်၊ ထုတ်ကုန် GDP  ၄၀%အထိထိုးကျ ၊ လူတွေအလုပ်လက်မဲ့ဖြစ်၊ ရုရှမလေးတွေ ပျက်စီးနဲ့ အတော် ဒုက္ခရောက်ကြတယ်။ သေသေခြာခြာစဉ်းစားထားတာမရှိပဲ ရယ်ဆင် (Yeltsin) ဟာသူနဲ့နီးစပ်တဲ့ သူ တွေကို အစိုးရပိုင်လုပ်ငန်း (SOE) တွေကို နှစ်ပြားတပဲနဲ့ရောင်းချတော့ သန်းကြွယ်သူဌေးမက ခေတ် ပျက် ဘီလျံနယ် တွေပေါ်လာပြီး အရင်းရှင်စနစ်အစား လက်ရင်းအရင်းရှင်စနစ် (Crony Capitalism) ဘ၀ကို ရောက်သွားရတယ်။

ဒါကိုကြည့်ပြီး တရုတ်ခေါင်းဆောင်တွေက ရုတ်တရက်မပြောင်းပဲ ဖြေးဖြေးချင်းပြောင်းတဲ့ ပေါ်လစီကိုချ မှတ်ခဲ့ကြတယ်။ တိန်လျောက်ပိန်ကိုယ်တိုင်ကလည်း မလျှောက်ဖူးတဲ့လမ်းကို လမ်းထွင်လျှောက် ကြရ တာမို့ မြစ်ကိုကူးရင်ခြေတလမ်းချင်းမိမှနောက်တလှမ်း၊ လှမ်းသလိုဖြေးဖြေးကူးကြလို့မှာခဲ့တာကိုး။ ဥပမာ အစိုးရပိုင် လုပ်ငန်းတွေကို ပုဂ္ဂလိကပြောင်းတဲ့နေရာမှာ အစိပ်အပိုင်းတစ်ခုချင်း (Sector by sector) ဖြေးဖြေးချင်းပြောင်းတယ်။ ဥပမာ လျှပ်စစ်လုပ်ငန်း ၊ ဆက်သွယ်ရေး ၊ ပြီးမှ retail ၊ ဖရုတ် ဖရက်မဖြစ်ရအောင် စနစ်တကျစီစဉ်ပြီးမှ အစိုးရပိုင်တွေကို ပုဂ္ဂလိကကို ပြောင်းတာ။ အနှစ် ၂၀ ကျော်လုံးလုံး တရုတ်ရဲ့ GDP တိုးတက်မှုဟာကြောက်ခမန်းလိလိပဲ။ ဥပမာ ပလင်လုပ်ရာမှာလည်း လျှပ်စစ်လိုအပ်ချက်ကို (၄ဆ) တိုးပြီး လိုအပ်ချက်ကိုရေရှည်အတွက် ၊ အမျှော်အမြင် ကြီးစွာနဲ့ ကြိုတင် တည်ဆောက်တာတောင် လောက်ရုံလေးပဲရှိတယ်။ တရုတ်တွေဥါဏ်ရှိတာ ..ချီးကြူးအတု ယူစရာပဲ။

တရုတ်တွေက တိုင်ဝမ်တရုတ်ကို နိုင်ငံရေးအရသာဘာဘာညာညာပြောနေကြတာ စီးပွားရေး နဲ့ ပတ် သက် လာရင် တရုတ်တွေပဲ ဖြစ်သွားတယ်။ ဥပမာ ကလင်တန်လက်ထက်မှာ မြောက်အမေရိက လွပ် လပ်စွာရောင်းဝယ်မှုစာချုပ် ဆိုပြီး ကနေတာ၊ အမေရိကန်၊ နဲ့မက်စီကို တို့စာချုပ်ရေးသဘောတူကြပြီး အမေရိကန် စက်ရုံအချို့ လုပ်အားခ ပေါတဲ့ မက်စီကို ၊ ကိုရွှေ့ သွားကြလို့ ၀ိုင်းအော် လိုက်ကြတာ။ နောက်သိပ်မကြာလိုက်ဖူး လူမသိသူမသိ တရုတ်ပြည်ကိုရောက်ကုန်ကြပြန်ရော။ ကြားပွဲစားတွေက ဘယ်သူထင်ပါသလဲ၊ တိုင်ဝမ်တရုတ်တွေ။ ထို့နည်းတူစွာပဲ အဝေးရောက်တရုတ် (Overseas Chinese) တွေစီက အကူအညီအများကြီးရကြတယ်။ အတုယူစရာပါ။

အရင်းရှင်စနစ်ကိုကျင့်သုံးပါတယ်ဆိုပေမဲ့ မိမိရဲ့ ယဉ်ကျေးမှု ၊ အတွေးအခေါ် နဲ့ လိုက်ဖက်တဲ့နည်းကို ရွေးကြရတာပဲ။ ဒါကြောင့်

အမေရိကန်ပုံစံ -     Growth-Based စီးပွားရေးတိုးတက်မှုကိုအားကိုးတယ်။ ယုန်လိုပေါ့။ မြန်မြန်ပြေး ၊
                             လဲကျ ၊ ပြန်ထ ၊ ပြန်ပြေးပဲ

ဥရောပ -                ဆိုရှယ်လစ်အဖြစ်ဆုံးပဲ။ safety net လို့ခေါ်တဲ့ အစိုးရ အစောင့်အရှောက် အများ
                             ဆုံး။ အခွန်တွေကောက်လွန်းတော့ growth သိပ်နှေးတယ်။ ပက်ကြိပဲ။

ဂျပန် -                    ပဒေသရာဇ်သြဇာမပျောက်သေးဖူး။ အများက လခစားတွေ။ ချမ်းသာတာက
                              ကုမ္ပဏီကြီးတွေ။ Japan Inc.။ ဖါးတပိုင်းငါးတပိုင်း။

တရုတ် -                  ဖြေးဖြေးနဲ့မှန်မှန်။ လိပ် အစစ်။ သူလည်း Growth-Based စီးပွားရေးပဲ။

ဒီကြားထဲမှာ စင်ကာပူ၊ အိန္ဒြိယ၊ ဘရာဇီး၊ ကိုရီးယားကွာတာတွေရှိသေးတယ်။

အခုလို ပုံစံ ခွဲပြောရတဲ့ အကြောင်းအရင်းက နိုင်ငံတိုင်းဟာ သူ့ယဉ်ကျေးမှု၊ အတွေးအခေါ် အပေါ် မူတည် ပြီး  အရင်းရှင်စနစ်ကို ပုံဖေါ် ကြတာကြောင့့်် စီးပွားရေးကျဆင်းတဲ့ အချိန်အခါ မှာ ကိုင်တွယ် ကြတာ ချင်း မတူ ကြလို့ပါ။

ဥပမာလေးတင်ပြပါရစေ။

၁၉၈၀ ခုနှစ်ပတ်ဝန်းကျင်လောက်၊ ရောနယ်ရီကင်ခေတ်မှာ တရှိန်ထိုးစီးပွားရေးကြီးထွားမှု Boom နှစ်နေရာမှာဖြစ်တယ်။ Real Estate လို့ခေါ်တဲ့ အိမ်ရာမြေ နယ်ပယ်နဲ့ Thrift Banks လို့ခေါ်တဲ့ ဘဏ် အသေး စားတွေမှာပါ။ Mortage ဆိုတဲ့ အိမ်ယာမြေငွေခြေးမှု ကိုဦးစားပေးတဲ့ နယ်ပယ်ဘဏ် အသေး စား လေးတွေပါ။ တချို့ကလည်း Saving and Loans လို့ခေါ်ကြပါတယ်။

တချိန်ထဲမှာ ဂျပန်မှာလည်းပဲ အိမ်ရာမြေ နယ်ပယ် Real Estate Boom ဖြစ်ပါ တယ်။

ဝုန်းဆို Bust ပေါက်ကွဲမှုလည်းဖြစ်ရော အမေရိကန် လွှတ်တော်က ဒီဘဏ်တွေမှာ ချေးငွေကို ကြား ကန် ပေးဖို့ နောက်ခံငွေသား ဘယ်လောက်ရှိရမယ်ဆိုပြီးဥပဒေထုတ်၊  Resolution Trust Corp. (RTC) ကိုငွေရင်း (မ)တည်ပေးပြီး ဒီပြဿနာကို RTC လက်ထဲတဲ့လိုက်တယ်။ RTC က ပြဿနာ မရှိတဲ့ Thirfts တွေကိုချန်ထားပြီး ငွေရှုံးနေတဲ့ Thirfts တွေကို အရှုံးခံပြီးရောင်းထုတ်ပြစ်လိုက်တယ်။

အနာတည်နေတဲ့ ပြီပုတ်တွေကို ညှစ်ထုတ်လိုက်သလိုပေါ့။ အချိန်တိုတို အတွင်းမှာ ဒီပြဿနာရှင်း သွားတော့ နိုင်ငံရဲ့စီးပွားရေးတခုလုံးကို လာဒုက္ခ မပေးတော့ဖူး။ ဒီနယ်ပယ်ကလူုတွေတော့ အလုပ် တွေပြုတ် ၊ ဖရိုဖရဲပေါ့။ ဒါပေမဲ့ ကျန်တဲ့နယ်ပယ်တွေမှာ အလုပ်အသစ်ရှာကြပြီး ဘ၀သစ်ထူထောင် အသက်ဆက်ကြပေါ့။ ဒီပြဿနာရှင်းသွားတော့ RTC ကိုဖျက်ပြစ်လိုက်တယ်။ အမေရိကန်နည်းက ရက်စက်တယ်။ သို့သော် ထိရောက်မှုရှိတယ်။

တချိန်ထဲမှာလိုလို ဂျပန် နိုင်ငံမှာလည်း Real Estate Bust ဖြစ်တယ်။ အမေရိကန်နည်းတူ ချေးတာတဲ့ ငွေတွေ ၀င်ငွေမရှိပဲ ငွေမလည်တော့တဲ့ ပြဿနာပေါ်တယ်။ ဂျပန်ယဉ်ကျေးမှုကပိုင်ဆိုင်မှုတွေ ဆက်စပ် နေတယ်။ အားနာမှု တွေရှိတယ်။ အစုလိုက် အပြုံလိုက် အလုပ်ဖြုတ် အပြတ်ရှင်းလို့မရဖူး။ ဒါကြောင့် မျက်နှာနာမှာကို စိုးရိမ်ပြီး တအိအိကျိပ်ရှင်းနေကြတာ အနှစ် ၂၀ နီးပါးကြာသွားတယ်။ ဂျပန် နိုင်ငံရဲ့ စီးပွားရေးပြန်ခေါင်းထောင်လာတာ မကြာသေးဖူး။

ဒါကြောင့် နိုင်ငံရဲ့ အတွေးအခေါ် ၊ ယဉ်ကျေးမှုတွေက ၊ နိုင်ငံရဲ့ ပြဿနာတွေကိုရှင်းတဲ့ အခါ အရေးပါ လာတယ်လို့ ဆိုနိုင်ပါတယ်။ ယနေ့တွေ့ကြုံ နေရတဲ့ စီးပွားရေး ဒုက္ခ တွေကို လေ့လာတဲ့ အခါ ပိုထင်ရှား လာပါလိမ့်မည်။

ဆက်ရန် အပိုင်း (၃)

No comments:

Post a Comment