သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, October 20, 2012

သားချစ်ဇော် သို့ ... စာရေးသူ နှင့် စာဖတ်သူ

by Bo K Nyein on Thursday, October 18, 2012 at 3:27pm ·

အပိုင်း (၂ )


(၈)
အနောက်နိုင်ငံ တွေ နဲ့ ကွာတာက 
အနောက်နိုင်ငံ တွေ နဲ့ ကွာတာက အနောက်နိုင်ငံ တွေမှာ စည်းရှိတယ်။ သူများရေးတာဆို credit ပေး ၊  အချက်အလက် မှန်ပါစေ။ မမှန်ရင် credibility ထိတော့တာပဲ။
ဒါတောင် သူတို့စီမှာလည်း (A) list  နဲ့ (B) list ကွာသွားတာရှိတယ်။ level မတူတာတွေရှိတယ်။
ဥပမာ Bertil Linter နဲ့ Martin Smith တို့ရဲ့ စာအုပ်တွေဟာ အဆင့်အတန်း ရှိတယ်။ facts တွေကို သေသေခြာခြာ check လုပ်ထားပြီး စာအုပ်ကို reference လုပ် ၊ ဘယ် Interview မှာ ဘယ်သူက ပြောတာပါ ဆိုပြီး နောက်ဆက်တွဲ ရှင်ပြထားတယ်။ Statement တစ်ခုကို လွယ်လွယ်မပေးဖူး။ ဘာကြောင့်လဲ။ သူတို့နံမည် ၊ သူတို့သိက္ခာကို သူတို့ လေးစားသည်မို့ပါ။ ဒီစာရေးဆရာ တွေရဲ့ one chapter မှာ reference လုပ်ထားတဲ့ စာအုပ် ဆောင်းပါးတွေဟာ ၀င့်တင်ထွန်း စာအုပ် တစ်တစ်အုပ်လုံးထက် အဆများစွာ ပိုပါတယ်။ ဒါက ဘာကိုပြတာလည်း ဆိုရင် နဲနဲလေးရေး ပြနိုင်ဖို့ ၊ ဘယ်လောက် ကြိုးစားရတယ် ၊ ဘယ်လောက် ဖတ်ရတယ် သုတေသန research လုပ်ရတယ် ဆိုတာကို ပြတာပါ။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ရေးတဲ့ Than Shwe: Unmasking Burma’s Tyrant ကိုရေးတဲ့ Benedick Rogers ဟာ ထင်ပေါ်ပြီးသား သတင်းသမား တစ်ယောက်ပါ။ သို့သော် မြန်မာ အက်တစ်ဖစ် တွေ နဲ့ အနေနီး ပြီး ၀ါရှင်တန်က မြန်မာ လုပ်စား တွေဖြီးတာ ယုံပြီး သွားရေးတော့ ဆားမပါတဲ့ ဟင်း စားရသလို ၊ ဟောလီဝုဒ် က (B) movie ကြည့်ရသလို ၊ ညံ့လိုက်တာ။ သတင်း နဲ့ အတင်း တွေရောနေတယ်။ ဗိုလ်ချုပ်သန်းရွှေ တို့ခေတ် က ပိတ်ကစားတာ ၊ ဘယ်သူမှ အနားအကပ် ခံတာမှ မဟုတ်တာ။
သူ့ထက်ဆိုးတာက Shelby Tucker ။ ဘာအဆင့်မှ မရှိ။


() ဂျာနယ်သမား နဲ့ academic ကွာသွားပြန်တယ်။ 
Bertil ရဲ့ စာအုပ်က ဖတ်လို့ကောင်းတယ်။ ဂျာနယ်လစ် တွေဆိုတော့ စာရေးကောင်းကြတယ်။ သူတို့ က story telling ကောင်းတယ်။ ဒါပေမဲ့ academic တွေရေးတဲ့ စာအုပ်တွေက မှ စုံတဲ့ အပြင် သူတို့ကျတော့ complete picture ပါလာသလို ၊ analysis တွေပါလာတယ်။ ဥပမာ Mary Callahan ရဲ့ စာအုပ်ကို ကြည့်။ စစ်တပ်ကို အင်္ဂလိပ်က ဘယ်လို ပြန်ဖွဲ့ ကတည်းက ကြံစည်ခဲ့တယ်၊ two parts army ဆိုပြီး ရေးပြခဲ့တယ်။
Hugh Tinker ရဲ့ the Union of Myanmar, A study of the First Years of Independence ဆိုတာ အကောက်းဆုံးတစ်ခုပဲ။ သူတို့ကြတော့ story telling တင်မဟုတ်တော့ analysis တွေပါပါလာတယ်။ Tinker ရဲ့ နောက်တစ်အုပ်  Burma: The Struggle for Independence, 1944-48 (Constitutional relations between Britain & Burma)  မှာဆိုရင် အောင်ဆန်း အက်တလီ ဆွေးနွေးပွဲ အသေးစိပ်တွေ ၊ ဘုရင်ခံ နဲ့ ဗိုလ်ချုပ်တို့ အပြန်အလှန်ပေးတဲ့ စာတွေကို သေသေချာချာ research လုပ်ပြီးမှ အားလုံးကို ဖေါ်ပြထားတာ။ စာမျက်နှာ ၁၀၅၈ ရှိပြီး ဒေါ်လာ ၁၄၀ လောက် ပေးရတယ်။ စာရေးသူ ရဲ့ အကို နဲ့ သူ့ဇနီး နှစ်ယောက်စလုံးက Ph.D academic တွေ။ သူတို့မှာ အင်္ဂလိပ်စာအုပ် စုံတယ်။ စာရေးသူ မှာ မြန်မာစာအုပ် စုံတယ်။ အခုမှ ပြည့်စုံသွားတယ်။

(၁၀)

မြန်မာစာရေးဆရာတွေ နဲ့ နိုင်ငံခြားသားတွေ ဘာကွာသလဲ
Credibile ဖြစ်တဲ့ ဦးသိန်းဖေ တို့ ၊ ဦးနုတို့တောင် memory ကရေးကြတာများတယ်။ ဒါတောင်ဦးသိန်းဖေမြင့် က ဒိုင်ရာရီ ရေးတဲ့ အကျင့်ရှိတာကြောင့် ၊ ပိုသေချာတယ်။ ဥပမာ စစ်အတွင်းခရီးသည် စာအုပ်မှာ ဦးသိန်းဖေ က Force 136 ကနေ မြန်မာတော်လှန်ရေးသမားတွေကို လေထီးနဲ့ ချပေးတာပဲရေးခဲ့တယ်။ ဘာတွေ တောင်းတယ် ဆိုတာမပါဖူး။ Tinker ထဲမှာမှ အင်္ဂလိပ်တွေ အချင်းချင်း AFO ကို ကူဖို့သဘောမတူ ကြတာ တွေ။ Force 136 က ၁၉၄၄ခု နိုဝင်ဘာလမှာ မြန်မာဝါယာလက် သမား တစ်ယောက်ကို လေထီးနဲ့ ချပေးတော့ သခင်သန်းထွန်း နဲ့ အဆက်အသွယ်ရပြီး သခင်သန်းထွန်းက လက်နက် (၂) သောင်းနဲ့ ရွှေအမြောက်အမြား တော်လှန်ရေးအင်အားစု တရပ်ကို ထူထောင်ဖို့ တောင်းဆိုတာတွေကို အတိအကျ ရေးပြထားတယ်။ သူတို့က research လုပ်ပြီး ရေးထားကြတာကိုး ။ ဘယ်မြန်မာစာအုပ်မှာမှ ဒီအကြောင်း မပါကြဖူး။

(၁၁)
မြန်မာစာအုပ်ကိုဖတ်ရာမှာ
စာရေးသူကတော့ credible ဖြစ်တဲ့ ဦးသိန်းဖေမြင့် ၊ ဦးနု ၊ ဦးသန့် ၊ ဒေါက်တာဘမော် ၊ စတဲ့ လူကြီးတွေ ကိုယ်တွေ့ပြန်ရေးထားတဲ့ စာအုပ်တွေနဲ့ စဖတ်စေချင်တယ်။ ဒါပေမဲ့ ဦးသိန်းဖေမြင့် လိုစာရေးဆရာကြတော့ ရေးတာပါးနပ် လွန်းတယ်။ ဒါကြောင့် သူနဲ့ ပတ်သက်လာရင် (ဟ) ရုံ (ဟ) သွားတယ်။ ဖွင့် မပြခဲ့ဖူး။ ဥပမာ သူက ကွန်မြူနစ် ဆဲလ် ဖွဲ့ဖို့ လှုပ်ရှားမှု မှာ အဓိကပါလာခဲ့တဲ့သူပဲ။ဒါပေမဲ့ သူမပါခဲ့ရဖူး။ သူ့ရဲ့ (ကျော်ငြိမ်း) စာအုပ်မှာ သူဟာထင်ရာလုပ်တတ်လို့ ပေးမပါကြဖူး လို့ လုံးထွေးဖြေသွားတယ်။ အဲဒီအချိန်မှာ သူ က ရောင်းရင်းတွေကို မသိမပေးပဲ နိုင်ငံရေးသမားကြီး တစ်ယောက် ၊ (တချို့က (ဦးစော) လို့ပြောကြတယ် ) နဲ့ သွားတွေ့တာကြောင့် ဒို့ဗမာအစည်းအရုံးက ထုတ်ထားတယ်။ အပြစ်နဲ့ မို့ ဆဲလ်မှာ ပေးမပါတော့ဖူး။
ဒါကြောင့် ကျန်တဲ့ စာအုပ်တွေမှာ လိုက်ရှာဖတ်ပြီး ဂွင်းဆက်ကို ချိပ်ယူရတယ်။
ဦးသိန်းဖေမြင့် ကို ကွန်မြူနစ် ပါတီက နားထားပြီး စာတွေဖတ်ခိုင်းထားတာ (ကျော်ငြိမ်း) မှာပါပေမဲ့ သူ့ရဲ့ နိုင်ငံရေး အတွေ့အကြုံ စာအုပ်မှာမှ အသေးစိပ် သခင်သန်းထွန်း သူ့ကို ဘယ်လို နှိပ်ကွပ်တယ် ဆိုတာကို ရေးပြထားတယ်။ ဒါကြောင့် စာအုပ်စုံအောင် ဖတ်ဖို့လိုတယ်လို့ထင်မိတယ်။

(၁၂)
လူ ဆိုတာ အမှတ်မှားတတ်တာတွေ ရှိတတ်တယ်။
မကြာခင်က ဆိုရှယ်လစ်ဗိုလ်ချုပ် နှင့် ကွန်မြူနစ်ဗိုလ်ချုပ်များ ဆိုတဲ့ ဆောင်းပါးကိုရေးတော့ ဦးဗဆွေကြီးရဲ့ သား master thesis ကို ကိုးကားပြီး ပြည်သူ့အရေးတော်ပုံ ဌါနချုပ် မှာ ဗိုလ်အောင်ရွှေ (NLD ဥက္ကဋ္ဌဟောင်း) ပါတယ်လို့ ရေးခဲ့တယ်။ဒါ ဦးဗဆွေ ပြောတာကို သူ့သားက ပြန်ရေးတာပဲ။  ၂၀၁၂ ဇွန်လ ရန်ကုန်ရောက်တဲ့ အခေါက်မှာ ဗိုလ်မှူးချုပ်အောင်ရွှေကို ရာဇ၀င်အ ကြောင်းတွေ သိချင်လို့ Interview လုပ်တော့ အန်ကယ် မပါဖူးလို့ ဖြေတယ်။ သူက BIA စစ်ကြောင်း အထက် ဗမာပြည် တက်လာမှ စစ်ထဲဝင်တာလို့ဆိုတယ်။ ဒါကြောင့် လက်လှမ်းမှီရာ အသက်ရှင်လျှက်ရှိတဲ့ လူကြီးတွေ ကို လိုက်တွေ့ပြီး အချက်အလက် တွေစု ၊ rectify လုပ်မိတယ်။

(၁၃)
အကြောင်းအရာတွေက split ဖြစ်နေတတ်တယ်။
မြန်မာလူကြီးတွေက academic တွေလို အကြောင်းအရာကို ရွေးပြီးမှ research လုပ်ပြီးရေးတာ မဟုတ်ကြ။ မှတ်မိတာကိုရေးကြတာကိုး။ ဒါကြောင့် အကြောင်းအရာတွေကို လိုက်စု ရတယ်။ ဥပမာ စစ်တတ် ရဲ့ story ကိုသာရေးသွားတယ် ၊ စစ်တပ်ထဲမှာ ဆိုရှယ်လစ်ဗိုလ်ချုပ် တွေနဲ့ ကွန်မြူနစ်ဗိုလ်ချုပ် တွေဘယ်လို အားပြိုင် ခဲ့ကြသလဲ ၊ သူတို့အကြား dynamics ကဘယ်လိုဆိုတာတွေကို အရေးမစိုက်ခဲ့ကြဖူး။ ဒါကြောင့် ဆိုရှယ်လစ်ဗိုလ်ချုပ် နှင့် ကွန်မြူနစ်ဗိုလ်ချုပ်များ ဆိုတဲ့ ဆောင်းပါးကို ရေးမိတာပါ။
အလွန်စိတ်ဝင်စားစရာကေင်းတဲ့ အချက်တစ်ခု က ရန်ကုန်အစိုးရပဲ ကျန်တော့တဲ့  အစိုးရ ကို ဘာကြောင့် ဗကပ က စစ်ရေးအရ အနိုင်မတိုက်နိုင်တာလဲ။ နှစ်ဖက် စလုံး ဂျပန်ခေတ် မင်္ဂလာဒုံ စစ်ကျောင်းဆင်းတွေ နဲ့တိုက် တာ ပဲ။ ကွန်မြူနစ်တွေ Command and control အတွက် GHQ ကောင်းကောင်းတောင် မတူထောင်နိုင်ခဲ့ဖူး။ ဗမာ့တပ်မတောဖက် မှာဗိုလ်မှူးခေုပ်မောင်မောင်က GHQ ကိုဖြစ်ဖြစ်မြောက်မြောက်တည်ထောင် ခဲ့သလို၊ training programs တွေကို တည်ဆောက်ခဲ့တာ။ တရုတ် model မှာ နိုင်ငံရေးမှူး ဟာ တပ်ကိုင်တိုက်ရတဲ့ စစ်ဗိုလ်ချုပ် အထက်မှာမရှိ။ ဗကပ မှာ နိုင်ငံရေးမှူး တွေဟာ စစ်ဗိုလ်တွေ အထက်မှာ။ စစ်ရေး နားမလည်ပဲ ဘယ်လောက် အထိဝင်ရှုပ်ခဲ့ကြသလဲ။ ဘယ်နေရာမှာ စစ်ဗျူဟာ မှားသွားသလဲ။ အသေးစိပ် research လုပ်ချင်တယ်။ ဒါတွေကမှ သိသင့်တဲ့ ၊ သင်္ခန်းစာ ယူရမဲ့ ဟာတွေ။

ကွန်မြူနစ် က ငါတို့ ဦးဆောင်တာကွ ၊ ကွန်မြူနစ်က မှ ကောင်းတာကွ ဆိုတာတွေ ဟာ အရေမရ အဖတ်မရ ၊ အပိုတွေ ၊ propaganda တွေလို့ပဲ သဘောထားတယ်။
မော်စီတုန်း ဟာ military strategist။ ဒါပေမဲ့ သူက စစ်ဗိုလ်ချုပ်မဟုတ်။ ဒါကြောင့် 8th Route army မှ သူဗိုလ်ချုပ်မလုပ်။ ဘယ်တုန်းကမှ စစ်တပ်ကိုဦးစီး တိုက်တာမဟုတ်။ macro level ကပဲ strategy ကို ကစားတာ။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး စောမောင် ဟာ ပထမဆုံး ဗိုလ်ချုပ်မှူးကြီး Field Marshall လို့ထင်ခဲ့တာ။ ဗိုလ်ချုပ်နေ၀င်းတို့ခေတ်က ဗိုလ်ချုပ်ကြီး Full general (4 stars) တစ်ယောက်ပဲရှိခဲ့တာ။ ရဲဘော်ဘခက် စာအုပ်ဖတ်ရမှာ သခင်သန်းထွန်းဟာ မြန်မာနိုင်ငံရဲ့ အဦးဆုံးသာ ဗိုလ်ချုပ်မှူးကြီးဖြစ်နေပါလား။ တပ်နီရဲ့ ဗိုလ်ချုပ်မှူးကြီးသန်းထွန်းတဲ့ …
စာရေးသူက အချိန်ရရင် ကွန်မြူနစ်တွေရဲ့ တပ်ဖွဲ့စည်းပုံ ၊ ဗျူဟာ ၊ distribution ၊ implementation တွေကို စနစ်တကျ research လုပ်ချင်တယ်။ စစ်တပ်မှာ ရှိသလားတော့ မပြောတတ်။ နိုင်ငံရေးအရ ကွန်မြူနစ် တွေ (ရှုံး) ရတာကို နားလည်တယ်။ (စစ်ရေး) အရ (ရှုံး) ရတာကို နားလည်ချင်တယ်။

(၁၄)
အဖြူ academic တွေတောင် အကုန် မသိနိုင်ဖူး
Hugh Tinker ကဗိုလ်ချုပ်အောင်ဆန်းဟာ Common Wealth ကိုမ၀င်တဲ့ အတွက် ၊ စာမျာက်နှာ ၂၇ မှာ ဗိုလ်ချုပ်ကို “his concept of independence was narrowly nationalistic, and he failed to grasp the potentialities of the new multi-racial Commonwealth” ဆိုပြီး Commonwealth ထဲကို မ၀င်လို့ ဗိုလ်ချုပ်ကို ဝေဖန်ထားတယ်။ ဒါက Commonwealth ကိုမ၀င်တဲ့ ဆုံးဖြတ်ချက်ကို ကြည့်ပြီး သုံးသပ်တာ။

အမှန်က ဗိုလ်ချုပ် နဲ့ ဦးကျော်ငြိမ်း တို့ နှစ်ယောက် က အောင်ဆန်း-အက်တလီ မှာ တိုင်းပြည်ထူထောင်ဖို့ ကုန်ကျမဲ့ စရတ် နဲ့ အစိုးရစီမှ ကျန်မဲ့ ဘတ်ဂျက် မကိုက်ဖူးဆိုမြင်ပြီ။ ဒါကြောင့် Commonwealth ကို ၀င်ရင် ရမဲ့ အထောက်အပံ့ တွေ ၊ ငွေချေးနိုင်တာတွေ ၊ ပညာတော်သင်လွှတ်နိုင်တာတွေကို မြင်ပြီး Commonwealth ၀င်ရင် တိုင်းပြည် အတွက် အကျိုးရှိမှာကြောင့် ၀င်ချင်တယ်။ ဒါပေမဲ့ သခင်မြက Commonwealth သာဝင်ခဲ့ရင် ကွန်မြူနစ်တွေ တိုက်ခိုက်နေတဲ့ အင်္ဂလိပ်တွေကို အရှုံးပေးတာ ၊ အင်္ဂလိပ်အလိုတော်ကြီး စွပ်စွဲ တာတွေ နဲ့ ခက်ရချည်ရဲ့ … မ၀င်ပါနဲ့ ဆိုပြီး အတင်းအတိုက်အခံ ညင်းဆိုလာတယ်။ သခင်မြက ဆိုရှယ်လစ်ပါတီ ရဲ့ ဥက္ကဋ္ဌ ၊ သူ့ဆရာ ၊ ဗိုလ်ချုပ်ကလည်း သခင်မြ ကို ချစ်လည်းချစ် ၊ လေးစားတာနဲ့ အလျော့ ပေးလိုက်ကြတာ။

နောက်နိုင်ငံသားတွေ နဲ့ ကွာတာက ဗမာတွေက ဒီလို အရေးပါတဲ့ ဆုံးဖြတ်ချက် တွေကို ဘာကြောင့် ဘယ်လို ဆုံးဖြတ်ရတယ် ဆိုတာကို စာနဲ့ပေနဲ့ ရေးမှတ်တဲ့ (စနစ်) မရှိတော့ နောက်လူတွေ (မသိ) နိုင်တော့ဖူး။

လူငယ်လေးတွေကို သိစေချင်တာက နိုင်ငံရေးမှာ (၂) ပိုင်းရှိတယ်။ နိုင်ငံရေးအာဏါ ရပြီး တာဝန်ယူ အုပ်ချုပ် ရတဲ့ အပိုင်း (Governance) နဲ့ နိုင်ငံရေး အာဏါ ရအောင်ပြိုင်ရတဲ့ အပိုင်း (Politics)။ ကွန်မြူနစ် တွေဟာ နိုင်ငံရေး အနိုင်ရဖို့ ၊ နိုင်ငံရေး မျက်စိ နဲ့ ကြည့်ပြီး ၊ ဗိုလ်ချုပ် နဲ့ ဖဆပလ ခေါင်းဆောင် တွေကို နိုင်ငံရေး တိုက်ခိုက်ဖို့သာ (သိ) ခဲ့ကြတယ်။ တိုင်းပြည်ဘယ်လောက် နစ်နာတယ် ဆိုတာကို ဒီကနေ့ အထိ မသိ ကြသေးဖူး။ သူတို့မှ တခါမှ တာဝန်ယူရတဲ့ အုပ်ချုပ်ရေး အဆင့် ကိုမှ မရောက်ခဲ့ရပဲ။
သားချစ်ဇော်ရဲ့ အရေးအသားတွေ မှာ တိုင်းပြည်ကောင်းစားစေချင်တဲ့ စေတနာတွေ တွေ့နေရပြီ။ တိုင်းပြည် ထူထောင်ရေးကို မြင်နေပြီ။ နိုင်ငံရေးမှာ ချချ အော်နေ ရုံနဲ့ မပြီးဖူး ဆိုတာကို သဘောပေါက်နေပုံပဲ။ ဒါ Capacity နဲ့ political maturity ပဲ။ ဗိုလ်ချုပ်တို့နေရာမှာ ၀င်ကြည့်။ ဘယ်လောက် ကွန်မြူနစ်တွေကို frustrated ဖြစ်မယ်ဆိုတာ။

(၁၅)
 အတွေးအခေါ်ပိုင်း
လူတွေဟာ တခါတရံ သစ်ပင်တွေပဲ မြင်ပြီး သစ်တောကို မမြင်ဖူး ဆိုတဲ့ စကားရှိတယ် မဟုတ်လား။
ကွန်မြူနစ် တွေရဲ့ စာတွေကို လေ့လာကြည့် ရင် ဒီကနေ့ အထိ ငါတို့ကြက်ဖ နိုင်နိုင် ၊ သူတို့ကြက်ဖ ရှုံးရှုံး ဆိုတဲ့ mindset အတွေးအခေါ်က လွပ်မထွက်နိုင်သေးဖူး။ ဘာရေးရေး ကွန်မြူနစ်သာလျှင် အကောင်း ဆိုတာကိုပဲ ဖိရေးချင်ကြတယ်။ အတွေးအခေါ် ပါတာမတွေ့ရ။
ဥပမာ မာ့က်စ် ၀ါဒဟာ အာဏါရှင် မဟုတ်ဖူးလို့ ဆိုရင် ဘာကြောင့် ဒီလို ဆိုရသလဲ ၊ သုံးသပ်ရသလဲ ဆိုတာကို (ရှင်း) ပြနိုင်ရမယ်။ ယူတိုးပီးယား ဟေ့ ဆိုရင်လည်း ဘာကြောင့် ယူတိုးပီးယား ကိုကြိုက်တာလဲ။ ယူတိုးပီးယား ဆိုတာ ဘာကိုဆိုလိုတာလဲ။ ယူတိုးပီးယား ရောက်အောင် ဘယ်လိုသွားမလဲ ဆိုတာ တွေကို ပြည့်ပြည့်စုံစုံ အတွေးအခေါ် ပါပါ ရေးပြနိုင်ရမယ် လို့ထင်မိတယ်။ နောက်မို့ဆို … ဥါဏ်မမှီတဲ့ တပည့်ကျော်တွေက ယူတိုးပီးယား ၊ ယူတိုးပီးယား လိုက်အော်ကြပြီး ၊ ဘာ ယူတိုးပီးယား မှန်းမသိတော့ ခွေးသားကို ဆိတ်သား ဆိုပြီး ညာရောင်းသလို ၊ ယူတိုးပီးယား မရပဲ မင်းမဲ့ဝါဒ Anarchism (အင်) ကြီး ရနေဦးမယ်။
ဝင့်တင်ထွန်း စာအုပ်မှာလည်း ဘာ အတွေးအခေါ် များပါလို့လဲ
ရဲဘော် ဖိုးသံချောင်း ဆိုရင် လည်း ငိုချင်းရှည်ကြီး ငိုပြနေတာက လွဲလို့ အတွေးအခေါ်ပါတာ ရှိလို့လား

(၁၆)
ကွန်မြူနစ်တွေသာ ဥါဏ်ရှိရင်
ကွန်မြူနစ်တွေသာ ဥါဏ်ရှိရင် ၊ capacity ရှိတဲ့ ပညာတတ်တွေကို မြှောက်မေးပြီး research နိုင်နိုင်နဲ့ ကွန်မြူနစ် ပါတီ ရာဇ၀င်ကျန်ခဲ့အောင် စာအုပ်ရေးခိုင်းမှာပေါ့။ ခက်တာက အနောက်နိုင်ငံ စံချိန်မှီ ရေးနိုင်တဲ့ ဗမာ ပညာ တတ်၊ ရာဇ၀င် လေ့လာတဲ့ သူတွေက အရှားသား။ ဆိုရှယ်လစ်ပါတီ ထောင်စဉ်က အကြောင်းရေးခဲ့တဲ့ ဦးကိုကိုကြီးရဲ့ မြေး ဦးကျော်ဇောဝင်း ရဲ့ ပါရဂူ ဘွဲ့စာတန်း ရှိသလို ၊ ဗိုလ်မှူးချုပ်မောင်မောင် ၊ မာစတာဘွဲ့ စာတန်း အတွက် ရေးခဲ့တဲ့ စာအုပ် တွေဟာ ကမ္ဘာ့ အဆင့်အတန်း မှီတယ်။ စာတန်း တွေဖြစ် တာမို့ ကမ္ဘာ့ တက္ကသိုလ်တွေမှာ reference အနေနဲ့ ကျန်ခဲ့တယ်။ ကျေးဇူးတင်စရာပါ။

ကွန်မြူနစ်ပါတီ သမိုင်းဆိုတာကတော့ သူတို့ website မှာတင်ထားတဲ့ ကွန်မြူနစ်ဆိုတာမှ အကောင်းဆိုတဲ့ ဘာအဆင့်အတန်းမှ မရှိတဲ့ မိုးပြောဂျိုးပြောတွေကို စုစည်းထားတဲ့ အရေးအသားပဲ ရှိတယ်။ ကျန်တဲ့ စာအုပ်တွေဟာလည်း အများ က propaganda တွေပဲ။ တိုင်းပြည်တိုးတက် လာတာနဲ့ လူငယ်လေးတွေ capacity မြင့်လာကြပြီး critical thinking ရှိလာတာနဲ့ propaganda အရေးအသားတွေ ဟာ ဘာတန်ဖိုးမှ ရှိတော့မှာမဟုတ်။ ဥါဏ်ရှိတဲ့ လူငယ်တွေ critical thinking နဲ့ မေးခွန်းထုတ်လိုက်ရင် စက္ကူစုတ် သာသာပဲ တန်ဖိုးရှိတော့မယ်။
ဗကပ ကိုထောက်ခံမဲ့ အဆင့်မြင့် ပညာရှင်ကလည်း ရှားသား။အင်္ဂလန် က ကွန်မြူနစ်မိသားစု က လူငယ် နှစ်ယောက်ကလည်း ၊ ဘ၀င်ခေါင်ခိုက်နေပြီး အင်တာာနက်မှာ ဒေါ်စု ကို တက်တက်ဝေဖန်တာလွဲလို့ ဘာမှ နိုင်ငံရေး အမြင်မရှိကြ။ မြေးတစ်ယောက် ရဲ့ ဇနီးတစ်ယောက် ပဲ တကယ့်ပညာတတ်ရှိတယ်။ သို့သော် ယောက်ျား ကို ရှာကျွေးနေရတာနဲ့ အချိန်ကုန်နေပုံ ရတယ်။
အရေအချင်းရှိတဲ့ ၊ Objective ဖြစ်တဲ့ ပညာတတ် ကရှားသား။

(၁၇)
ဖြစ်သင့်တာက
မြန်မာတွေရဲ့ အကျင့်က (လူ) ကို ဦးတည်ကြတယ်။ ဦးကျော်ငြိမ်း မကောင်းဖူး ၊ ဦးနု မကောင်းဖူး ၊ ဟိုလူမကောင်းဖူး ၊ ဒီလူမကောင်းဖူး ဆိုပြီး တိုက်ခိုက်ချင်ကြတယ် .. ပုဂ္ဂိုလ်ရေးသိပ်များကြတယ်။

ဖြစ်သင့်တာက ဖဆပလ ခေတ်က အုပ်ချုပ်ရေး စနစ် မှာ (မှား) တာတွေ ရှိတယ် ၊ ကောင်းတာတွေရှိတယ် ၊ တိုင်းပြည် နဲ့ နောက်လူငယ် တွေ ထပ်မမှားရအောင် ရှောင်နိုင် ၊ ဆောင်နိုင်အောင် ၊ ပညာပေးတာ မတွေ့ရဖူး။  (အာဏါ) ပါလာရင် ဘယ်လို ဖြစ်တတ်တယ်ဆိုတဲ့ (အသိ) မပေးချင်ကြဖူး။ မကောင်းတဲ့ (လူချ) တာတွေကိုပဲ ခေတ်အဆက်ဆက် သင်ခဲ့ကြတော့ လူငယ်လေးတွေဟာ မကောင်းတာတွေနဲ့ ပဲ ကြီးပြင်းလာကြရတယ်။

စာအုပ်တစ်အုပ် မှာ ဖဆပလ ခေတ်အကြောင်းရေးထားတာ သိပ်ကောင်းတာပဲ။ မှန်မှန်ကန်ကန် ဝေဖန် ထားတာ။ ဒါပေမဲ့ ရှားပါးစာအုပ် ဖြစ်သွားပြီ။ ဖတ်မိတဲ့ သူသိပ်မရှိတော့။ ဥပမာ ဖဆပလ က အတိုက်အခံ မရှိ တော့ ကက်ဘိနက် နဲ့ အီးစီ ရောနေကြပြီး ဒီလူတစု ကပဲ အားလုံးကို ဆုံးဖြတ်တာတွေ။ အင်္ဂလိပ် လေဘာ ပါတီလို နှစ်စဉ် ပါတီညီလာခံ မခေါ်တာကြောင့် အောက်ခြေ grass root နဲ့ ကင်းလွပ်လာတာတွေ။ Structural weakness ကိုပြောတာ။

အမှန်ကဦးနု ဖဆပလ ကိုပြန်ပြုပြင်ဖို့ ကြိုးစားတာမှန်တယ်။ သို့သော် (အာဏါ) ပါလာတော့ ဘေးနားမှာ ကပ်ဖါးရပ်ဖါးတွေ ကသိပ်များတယ်။ ဦးနု ရဲ့ အားနဲချက် က အရင်ပြော ၊ အရင်ယုံ တာ။ emotional ဖြစ်တတ်တယ်။ တဖက် ဆိုရှယ်လစ်တွေဖက်မှာလည်း ကပ်ဖါးရပ်ဖါးတွေရှိလေတော့ ၊ ညီအကိုလို ချစ်ခဲ့ကြသူတွေ နောင်ချိန်ကြ ကုန်ကြရော။ နောင်ဒီလို မဖြစ်ရအောင် (စနစ်) နဲ့ တားရမယ်။ ဘယ်လို တားနိုင်တယ် ဆိုတဲ့ … (အသိ) လူငယ်လေးတွေ သိအောင် ကြိုးစား သင့်တယ်။
အချိန်ရမှ ဒီလို objective ဖြစ်တဲ့ စာတွေ ရေးပြပါဦးမယ်။

လူငယ်လေးတွေ အမြင်တိုးပါစေ

သားချစ်ဇော်ကို ကျေးဇူးတင်လျက်

ဘိုဘိုကျော်ငြိမ်း
ခေတ္တ ချင်းမိုင်
အောက်တိုဘာလ ၁၆ ရက် ၂၀၁၂

No comments:

Post a Comment