သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, June 22, 2011

အလုံးစုံကျန်းမာရေးအပေါ် တိုက်ရိုက် သက်ရောက်နေသော သွားနှင့်ခံတွင်း ကျန်းမာရေး


သင်ညတိုင်း သွားတိုက်ပြီးမှ အိပ်ရာဝင်ရဲ့လား။ ခံတွင်းနဲ့ သွားတွေ အခြေအနေကို မှန်ထဲမှာ ဘယ်နှရက်တစ်ခါ ကြည့်ပါသလဲ။ သွားနဲ့ ပတ်သက်တဲ့ ပြဿနာ တစ်ခုပေါ်လာတိုင်း သွားဆရာဝန်နဲ့ သေချာသွားပြဖြစ်လား။ သင့်ရဲ့ နေ့စဉ် အာဟာရ ပြုရေးမှာ အရေးပါဆုံး အခန်းကဏ္ဍက ပါဝင်နေတဲ့ သူတို့ကို သင်ဘယ်လောက် သန့်ရှင်းအောင် ထားပါသလဲ။ ဂရုစိုက်ပါသလဲ။ သင်က သိပ်အရေးမကြီးဘူးလို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမဲ့ သွားနဲ့ ခံတွင်း ကျန်းမာရေးဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုံးစုံ ကျန်းမာရေးအပေါ် ကြီးစွာသော သက်ရောက်မှု ရှိနေပါတယ်။













အသက်ငါးဆယ်အရွယ် မစ္စဂျိုနေးမက်ဂ်လဲ ဟာ ရေခဲတုံးကို ၀ါးစားရင်း သွားတစ်ချောင်း ကျိုးသွားလို့ သွားဆရာဝန်ဆီ ရောက်လာခဲ့ပါတယ်။ အဲဒီလို လာပြတုန်းကတော့ သူမဟာ သွားပြုပြင်ဖို့ပဲ စိတ်ထဲရှိပြီး ဒီအခြေအနေဟာ သူမရဲ့ အလုံးစုံ ကျန်းမာရေးအပေါ် ပျက်စီးယိုယွင်းလာစေ လိမ့်မယ်လို့ ယောင်လို့တောင် မတွေးမိပါဘူး။

နယူးယောက်မြို့ရဲ့ နာမည်ကျော် အထက်တန်းကျောင်းတစ်ခုက ဆရာမတစ်ယောက်ရဲ့ တာဝန်နဲ့ ကလေးလေးယောက် မိခင်အဖြစ် မိသားစုဝတ္တရားတွေကြား မအားမလပ်လွန်းတဲ့ သူမဟာ ကျန်းမာရေးအတွက် ဂရုစိုက်ဖို့ အချိန်မပေးနိုင်သလောက်ပါပဲ။



သွားဆရာဝန်က သူမရဲ့ ခံတွင်းကို သေချာကြည့်ပြီး ကျန်းမာရေး ပြဿနာတစ်ခုခု ရှိနေပြီလို့ ပြောပါတယ်။ ရုတ်တရက်မို့ သူမ ထိတ်လန့်သွားသလို မယုံတစ်ဝက် ယုံတစ်ဝက် ဖြစ်သွားပါတယ်။ ပါးစပ်က လွဲလို့ ဘာစမ်းသပ်စစ်ဆေးမှုမှ မလုပ်ပဲ ဒီလို ပြောလို့ မယုံပေမယ့် ပြောတဲ့ သွားဆရာဝန်က သူမပြနေကျ Stony Brook သွားဖက်ဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ ခံတွင်းဇီဝဗေဒနှင့် ရောဂါဗေဒ ပါမောက္ခ မာရီယာ အီမန်နျူရန် ဖြစ်နေလို့ မယုံရအခက် ဖြစ်နေပါတယ်။ သွားဆရာဝန်ဘက်ကလည်း သေချာပါတယ်။ သူမရဲ့ ခံတွင်းထဲမှာ သွားတွေ အက်နေတာ၊ အရှိန်ရနေတဲ့ သွားဖုံးရောဂါတွေ ဖြစ်နေတာကို တွေ့ရပြီး ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ရာ ရှိနေကြောင်း ကောက်ချက်ချလိုက်တာ ဖြစ်ပါတယ်။









ခံတွင်းကျန်းမာရေး - ပါးစပ်နှင့် ခန္ဓာကိုယ် ဆက်နွယ်မှု
ကားတစ်ခုရဲ့ ကောင်းမွန်နေမှု အတွက် အရေးကြီးဆုံး အပိုင်းဟာ အင်ဂျင်ဖြစ်သလို လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အရေးအပါဆုံး အပိုင်းဟာ ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေလို့ ဆိုနိုင်ပါတယ်။ ပါးစပ်ပေါက်ကို ဖွင့်ခြင်းဟာ ကားဘောနက်ဖုံးကို ဖွင့်သလိုပဲ ဖြစ်ပြီး ကျန်းမာရေး ချို့တဲ့မှုတွေ ရောက်ရှိမလာအောင် ခံတွင်းသန့်ရှင်းကျန်းမာရေးဟာ အထူးသဖြင့်ကို အရေးကြီးပါတယ်။ သွားနဲ့ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပေးခြင်းဟာ အရွယ်မတိုင်ခင် သွားတွေ ဆုံးရှုံးခြင်းအပြင် အခြားရောဂါတွေ အတော်များများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကို ဖွံ့ဖြိုးဆဲနိုင်ငံများ မှာရှိတဲ့ လူတွေအားလုံးရဲ့ ၃% ကသာ သိရှိကြောင်း၊ ၁% ကသာ လိုက်နာ ဂရုစိုက်ကြကြောင်း စစ်တမ်းများ အရ သိရပါတယ်။

သွားနဲ့ခံတွင်း ရောဂါတွေ ရှိနေခြင်းဟာ ပုံမှန်အားဖြင့် လက္ခဏာမပြတတ်တဲ့ အခြေအနေတွေ ဖြစ်ပါတယ်။ သို့သော် ဒီလို အနေအထားတွေဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အူလမ်းကြောင်း (သို့) ကလီစာ တစ်ခုခုမှာ ကူးစက်ရောဂါ ရနေခြင်း တွေကို ဖြစ်စေသလို အဲဒီရောဂါတွေ ရှိနေခြင်းရဲ့ လက္ခဏာ အဖြစ်လည်းကောင်း အပြန်အလှန် ဆက်စပ်တာ အခိုင်အမာ တွေ့နိုင်ပါတယ်။









ပါမောက္ခ မာရီယာဟာ မက်ဂ်လဲကို ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးဖို့ အထွေထွေ ရောဂါကု ဆရာဝန်ဆီ စေလွှတ်ခဲ့ပါတယ်။ ဆရာဝန်က လိုအပ်တဲ့ စမ်းသပ်မှုတွေ လုပ်ပြီး ဆေးစစ်ကြည့်တော့ ဒီအသက်ငါးဆယ်အရွယ် အမျိုးသမီးကြီးဟာ နှလုံးရောဂါနဲ့ သွေးတိုးရောဂါ ရှိနေပြီ ဆိုတာ တွေ့ရှိ အတည်ပြု နိုင်ခဲ့ပါတယ်။ ကုသမှု ခံယူခဲ့ပေမယ့် ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း သူမရဲ့ အထိုင်များပြီး အဆီအဆိမ့် အငန်တွေ များများစားတဲ့ Lifestyle ကို မပြင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် နောက်ထပ် ငါးလလောက်အကြာမှာ ပြင်းထန်တဲ့ နှလုံးသွေးကြောပိတ်ရောဂါကို စတင်ခံစားရပါတော့တယ်။









ခံတွင်း ကျန်းမာရေး - အလုံးစုံကျန်းမာရေး
ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာရဲ့ သွားနဲ့ ခံတွင်းကို သန့်ရှင်းစောင့်ရှောက်ခြင်း ဆိုင်ရာ အမူအကျင့်နဲ့ ၄င်းတို့ရဲ့ ဆေးမှတ်တမ်းများကို တိုက်ဆိုင်စစ်ဆေးခဲ့တဲ့ အခါမှာ ခံတွင်းကျန်းမာရေးနဲ့ ခန္ဓာကိုယ် တစ်ခုလုံးရဲ့ အလုံးစုံ ကျန်းမာရေးတို့ဟာ အတိအကျ ဆက်စပ်ကြောင်း သုတေသီများ အတည်ပြုနိုင်ခဲ့ပါတယ်။ (ဆရာဝန်ရဲ့ စစ်ဆေးမှု အမြင်အရ) သွားဖုံးဟာ ပုံမှန်မဟုတ်ဘဲ ရောဂါတစ်ခုခု ၀င်နေမယ်ဆိုရင် ဒီလူဟာ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်း ရောဂါတစ်ခုခု၊ အရိုးပွရောဂါ၊ လေးဖက်နာနှင့် တူသော အဆစ်ရောင်ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါတစ်ခုခု (ဥပမာ ၀မ်းလျှောဝမ်းကိုက် ရောဂါတစ်ခုခု၊ ပန်ကရိယ နာတာရှည်ရောင်ယမ်းခြင်း စသဖြင့်) တွေ၊ ဗိုက်တာမင် C, B2, B3, B12, E ချို့တဲ့ခြင်းတွေ၊ ခံတွင်း(သို့) လျှာကင်ဆာရဲ့ လက္ခဏာတွေ ရှိနိုင်ပါတယ်။

အမေရိကန် ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား သွားဆေးတက္ကသိုလ်က သုတေသီတွေရဲ့ လူနာတစ်ထောင်ကျော်အပေါ် စုပေါင်းလေ့လာချက်အရ ခံတွင်းရောဂါ ရှိသူတွေဟာ ပုံမှန်လူတွေထက် နှလုံးရောဂါ ရဖို့ နှစ်ဆ၊ လေဖြတ်ဖို့ သုံးဆ ပိုနီးစပ်တယ် ဆိုတာပါပဲ။
လူတိုင်းမသိတဲ့ ထူးခြားချက်တစ်ခုကို ပြောပြရရင် သွားဖုံးရောင်ယမ်းခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး နာတာရှည် ရောင်ယမ်းနာ တစ်ခုပါပဲ။ တော်တော်နဲ့ သတိမထားမိပဲ တိတ်တဆိတ် ဖြစ်ပွားနေတတ်ပါတယ်။ ပါးစပ်ထဲက ရောဂါပိုးတွေဟာ ကိုယ်ထဲကို ၀င်ရောက်လာပြီး ရောဂါတွေ ဖြစ်ပွားစေတာကို ရှေးယခင်ကတည်းက တွေ့ခဲ့ပြီး ဖြစ်ပါတယ်လို့ ဘော့စတွန် သွားဆေးတက္ကသိုလ်က ရောင်ယမ်းခြင်းရောဂါများ ကုသရေးစင်တာရဲ့ ပါမောက္ခ ဒေါက်တာ စလိုမန်က ပြောပြခဲ့ပါတယ်။ ဒီလို ပါးစပ်ကတစ်ဆင့် ၀င်ရောက်လာတဲ့ ရောဂါပိုးတွေဟာ သွေးစီးကြောင်းထဲက တစ်ဆင့် ပျံ့နှံ့သွားပြီး တစ်ခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရောဂါ ဖြစ်စေပါတယ်။ အဲဒီရောဂါတွေ ထဲကမှ အဆိုးဝါးဆုံး ရောဂါက ကူးစက်နှလုံးတွင်း ရောင်ယမ်းရောဂါ (Infective Endocarditis) ပဲ ဖြစ်ပါတယ်။ လေးဖက်နာ၊ နှလုံးအဆို့ရှင် ကျယ်/ကျဉ်း ရောဂါရှိသူတွေ၊ ခုခံအားကျနေသူတွေဟာ ပိုဖြစ်နိုင်ပါတယ်။

သူ့ရဲ့ ရောဂါလက္ခဏာ အနေနဲ့ ရုတ်တရက် အဖျားဝင်လာပြီး နှလုံးခုန်နှုန်းတွေ ပုံစံတွေ မမှန်တော့ပါဘူး။ အကောင်းကြီး ကနေ ထဖောက်လာပြီး သေချာမကုရင် ရက်ပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ Infective Endocarditis ရဲ့ လက္ခဏာတွေက အရမ်းမြန်ဆန်သလို တစ်ခါတစ်လေ အရမ်းသိမ်မွေ့လို့ အတွေ့အကြုံနုတဲ့ ဆရာဝန်များ ဆိုရင် သတိမပြုမိတတ်ကြတာမျိုး ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါရှိလို့ ဆေးရုံမှာ ရက်ရှည်လများ တက်နေတဲ့သူ တစ်ယောက်ဟာ ဆေးရုံမှာပဲလေ ဆိုပြီး ခံတွင်းသန့်ရှင်းရေး ဂရုမထားဘဲ နေရာကနေ Infective Endocarditis ၀င်သွားပြီး အခြေအနေ ရုတ်တရက် ဆိုးလာပေမယ့် ဆရာဝန်များက အချိန်မီ စမ်းသပ်သိရှိ ကုသလို့ ပျောက်ကင်းသွားတာ အလုပ်သင်ဆရာဝန် ဘ၀မှာ ကျွန်တော် ကြုံဖူးခဲ့ပါတယ်။


ဆီးချိုရောဂါနဲ့ ကျတော့ ခံတွင်း ရောဂါတွေက အပြန်အလှန် ဆက်စပ်ပါတယ်။ ဆီးချိုရောဂါ ရှိသူဟာ ကိုယ်ခံအားကျလာလို့ ခံတွင်းရောဂါတွေ ပုံမှန်လူတွေထက် ဖြစ်လွယ်လာတတ်ပါတယ်။ ဆီးချိုဝေဒနာရှင် တစ်ယောက်ကို သွေးတွင်း သကြားဓာတ်ကို ကုသမှုနဲ့ ပုံမှန်အနေအထားမှာ ထိန်းထားနိုင်ရင် ခံတွင်းရောဂါတွေ သက်သာသွားပြီး ခံတွင်းအနေအထား တိုးတက်ကောင်းမွန်လာတာ တွေ့ရပါတယ်။ ထူးခြားချက်တစ်ခုက ဆီးချိုဝေဒနာရှင် တစ်ယောက်ဟာ ခံတွင်းရောဂါတွေ ကင်းရှင်းပြီး တိုးတက်ကောင်းမွန် လာတာနဲ့ အမျှ အင်ဆူလင် လိုအပ်မှု (Insulin Requirement) လျော့ကျလာတာ တွေ့ရပါတယ်။

ဖြစ်ခဲပေမယ့် ခံတွင်းကျန်းမာရေး ဂရုမစိုက်ရင် ဆီးချို ဖြစ်စေတတ်တဲ့ အချက်တစ်ခု တင်ပြချင်ပါတယ်။ ခံတွင်းထဲက ပိုးတွေဟာ အင်ဆူလင်ဟော်မုန်း ထုတ်ပေးတဲ့ ပန်ကရိယ (Pancreas) ကို ရောက်ရှိသွားကာ နာတာရှည် ပန်ကရိယရောင်ယမ်းနာ (Chronic Pancreatitis) ဖြစ်ပွားစေတတ်ပြီး အင်ဆူလင် ထုတ်လုပ်မှုကို လျော့ကျစေတဲ့ အတွက် ခဏခဏ ဒီလိုဖြစ်ရင် ဆီးချိုရောဂါ ဖြစ်ဖို့ အတော်လေး နီးစပ်သွားစေပါတယ်။ ဒါ့အပြင် ဖြစ်ပြီဆိုရင် လအနည်းငယ်အတွင်း သေနိုင်တဲ့ ပန်ကရိယကင်ဆာဟာ ခံတွင်းသန့်ရှင်းရေး ဂရုမစိုက်ခြင်းနဲ့ အထိုက်အလျောက် ဆက်စပ်ကြောင်း၊ ဒါကို ကာကွယ်ဖို့ သွားကြားကြိုးထိုးခြင်း (Flossing) လုပ်ပေးသင့်ကြောင်း အခြား သုတေသနများ အရ သိရပါတယ်။

အရိုးပါးရောဂါ (Osteoporosis) ပြင်းထန်လာရင် သွားနဲ့သွားဖုံးတွေ ကျိုးကြေလွယ်လာပါတယ်။ Vitamin C ချို့တဲ့ရင် ထိမိရုံနဲ့ သွားဖုံးသွေးယိုရောဂါ ဖြစ်နိုင်ပါတယ်။ Vitamin B2, B3 တွေ ချို့တဲ့ရင် ပါးစပ်ထဲ အနာတွေ၊ ကျီးကန်းပါးစပ်နာ ဖြစ်ပါတယ်။ (စိတ်ဖိစီးမှုနဲ့လည်း ဆက်စပ်လို့ Stress Ulcer လို့ လည်း ခေါ်ကြပါတယ်) B12 ချို့တဲ့ရင် လျှာရောင်ယမ်းခြင်း ဖြစ်နိုင်ပါတယ်။ ဒါတွေကို ဆောလျင်စွာ သိရှိနိုင်ဖို့ ခံတွင်းကို မကြာမကြာ ဂရုထား ကြည့်ပေးသင့်ပါတယ်။

ကွမ်းစားသူတွေနဲ့ ဆေးလိပ်သောက်သူတွေဟာ ခံတွင်းကင်ဆာ ဖြစ်လာနိုင်တာမို့ သူ့ရဲ့ အစဦးလက္ခဏာ တစ်မျိုး ဖြစ်တဲ့ ခံတွင်းမှာ အဖြူကွက် ပေါ်လာခြင်းကို နေ့စဉ် သတိထားကြည့် ပေးပြီး လက်ဦးမှု ရယူသင့်ပါတယ်။ နှစ်ရှည်လများ သုံးစွဲပြီးမှ ဖြတ်လိုက်သူတွေလည်း လိုအပ်ပါတယ်။ ဒီလို စိတ်ပူနေတာတွေ အတွက် အကောင်းဆုံး နည်းလမ်းကတော့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကို လုံးဝ လုံးဝ မသုံးစွဲတာပဲ ဖြစ်ပါတယ်။



ညဖက် အိပ်ရာဝင်ရင် သွားမတိုက်ဘဲ ၀င်တဲ့ အကျင့်ဟာ အတော်လေး ဆိုးတဲ့ အကျင့်ဖြစ်ပါတယ်။ အထက်မှာ ဆိုခဲ့တဲ့ ဆိုးကျိုး အားလုံးကို လက်ယပ်ခေါ်တာနဲ့ တူသလို အသက်ရှိနေသ၍ တူတူရှိနေဖို့ လိုအပ်တဲ့ အာဟာရပြုရေး အဖော်ကောင်းများနဲ့ တူတဲ့ သွားများကို မြန်မြန် ပျက်စီး ခွဲခွာသွားအောင် လုပ်သလိုပါပဲ။ စားကြွင်းစားကျန်တွေကို ခံတွင်းထဲမှာ နေထိုင်တဲ့ ဘက်တီးရီးယားတွေ ကနေ သူတို့ သုံးစွဲလို့ ရအောင် သကြားဓာတ်အဖြစ် အသွင်ပြောင်းပါတယ်။ ဒီအခါမှာ အက်ဆစ်ဓာတ်တွေ ဖြစ်ပေါ်လာပြီး သွားတွေရဲ့ ကြွေလွှာ (Enema) ကို တစ်နေ့နည်းနည်းချင်း ပျက်စီးကာ ကွဲအက်ညိုမည်းပြီး သွားပိုးစားခြင်းကို ဖြစ်စေပါတယ်။ သွားပိုးဆိုတာ တကယ်မရှိဘဲ ကြွေလွှာနဲ့အတူ သွားပျက်စီးခြင်းကို ခေါ်တာ ဖြစ်ပါတယ်။ ပိုးတွေကြောင့် ဖြစ်ရတာတော့ မှန်ပါတယ်။ အရွယ်မလွန်ခင် သွားတွေ ကျိုးပဲ့ ပျက်စီးခြင်းဟာ အစားကောင်းတွေ အရသာရှိရှိ မစားနိုင်တော့တဲ့ ဒုက္ခ၊ အလှပျက်ရတဲ့ ဒုက္ခ၊ သွားကိုက်တဲ့ ဒုက္ခ၊ နောက်ဆုံး သွားစိုက်ရတဲ့ ဒုက္ခ စတဲ့ ဆိုးကျိုးတွေ ရရှိစေနိုင်တာမို့ သင့်ရဲ့ ၃၂ ယောက်သော သူငယ်ချင်းကောင်းများကို အနည်းဆုံး တစ်နေ့နှစ်ကြိမ် (ညအိပ်ရာဝင်ချိန် ပါရမည်) သွားတိုက်ပေးခြင်း၊ သွားကြား ကြိုးထိုးပေးခြင်း၊ သွားနဲ့ခံတွင်း ပျက်စီးစေတဲ့ ရောဂါတွေ ၀င်မလာအောင် ထိန်းသိမ်းပေးခြင်း တို့နဲ့ ကာကွယ်စောင့်ရှောက်ပေးသင့်ပါတယ်။









မက်ဂ်လဲဟာ အခုဆိုရင် သက်သာစပြုနေပါပြီ။ သူမဟာ နေ့စဉ်နေထိုင်စားသောက်ပုံကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြုပြင်ကာ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း လုပ်ဖို့ နာရီဝက်လောက်ကို နေ့စဉ် အိမ်အလုပ်တွေထဲကနေ ရအောင် ဖယ်ထားနိုင်ပါပြီ။ ဆေးလည်း မှန်မှန် သောက်လို့ သွေးတိုးကော ရင်ဘတ်အောင့် တာပါ မထတော့ပါဘူး။ သူမရဲ့ သွားဆရာဝန်နဲ့ ကုသပေးတဲ့ ဆရာဝန်တွေကိုလည်း ကျေးဇူးတင်လျက် ရှိပါတယ်။



“ကျွန်မသာ အဲဒီနေ့က သွားဆေးခန်း မသွားမိရင် ဒီနေ့ အသက်ရှင်တောင် ရှင်ပါ့ဦးမလားလို့ တွေးမိပါတယ်။ ကျန်းမာရေးကိုရော သွားနဲ့ ခံတွင်းကိုပါ ကောင်းကောင်း သတိထားပြီး စောင့်ရှောက်ပါတော့မယ်။ ဒါတွေဟာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတယ်ဆိုတာ ကျွန်မ အသေအချာသိလိုက်ပါပြီ” လို့ မက်ဂ်လဲ က ပြောပြခဲ့ပါတယ်။

No comments:

Post a Comment