သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, June 22, 2011

အမေစုမွေးနေ.မိန်.ခွန်း

ဒေါ်အောင်ဆန်းစုကြည်၏ လွတ်လပ်သော ၆၆ နှစ်မြောက် မွေးနေ့ပွဲကို ကျင်းပခဲ့၊ စစ်မဖြစ်ရေးနှင့် အမျိုးသားရင်ကြားစေ့ရေး မိန့်ခွန်း ပြောကြားခဲ့ 

ရန်ကုန် ၊ ဇွန် ၁၉

ဇွန်လ ၁၉ ရက်နေ့၌ ကျရောက်သော မြန်မာ့ဒီမိုကရေစီ အိုင်ကွန် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ကျင်းပခဲ့သည်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိပြီးနောက် ၉ နှစ်တာ ကာလအတွင်း ပထမဆုံး လွတ်လပ်သော မွေးနေ့ပွဲ အဖြစ် ကျင်းပခဲ့သော အဆိုပါ မွေးနေ့ပွဲကို သားငယ် ကိုထိန်လင်းခေါ် ကင်မ်အဲရစ်သည် ဗြိတိန်နိုင်ငံမှ မွေးနေ့ပွဲ မကျင်းပခင် မနက် ၉ နာရီခွဲခန့်က အချိန်မီ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။














သားငယ် ကိုထိန်လင်းကို ရန်ကုန်လေဆိပ်သို့ သူမကိုယ်တိုင် သွားကြိုခဲ့ပြီး ကိုထိန်လင်းရောက်လာသော အခါ အနမ်းပေးရင်း သူမအရမ်းပျော်ရွှင်ပါကြောင်း လာရောက်သတင်းယူနေသော သတင်းထောက်များကို ပြောပြခဲ့သလို သူမကို မွေးနေ့ဆုတောင်း ဆုတောင်းပေးနေကြသော ပြည်သူများကို ကျေးဇူးတင်ကြောင်း ပြောပြခဲ့သည်။ သားအမိနှစ်ဦးသည် ဆယ်စုနှစ်တစ်ခုကျော် ကွဲကွာနေခဲ့ရာမှ ၂၀၁၀ နိုဝင်ဘာလ ၁၃ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီးမှ ပထမဆုံး အကြိမ် ပြန်လည်ဆုံစည်းရခြင်း ဖြစ်လေသည်။






သံဃာတော်များကို ဆွမ်းကပ်လှူနေစဉ်

ဒေါ်အောင်ဆန်းစုကြည်က မွေးနေ့အထိမ်းအမှတ်အဖြစ် သူမ၏ သားနှင့်အတူ သံဃာတော်များကို ဆွမ်းကပ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များက ငှက်များ လွှတ်၍ ဇီဝိတဒါန ပြုခဲ့ကြောင်း သတင်းရရှိသည်။ ရွှေဂုံတိုင် ရုံးချုပ်၌ ကျင်းပသော မွေးနေ့ပွဲသို့ တက်ရောက်လာသော ပြည်သူများနှင့် သတင်းထောက်များသို့ သူမအနေဖြင့် မွေးနေ့တွင် အလိုချင်ဆုံး အရာကို တောင်းဆိုခွင့် ရမည်ဆိုပါက မြန်မာပြည်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းရေးတို့ကိုသာ လိုလားပါကြောင်း နှုတ်ခွန်းဆက် စကား ပြောကြားခဲ့သည်။








မွေးနေ့ပွဲသို့ ပါတီဝင်များ၊ ပြည်သူများ၊ မီဒီယာလောကသားများ စသဖြင့် လူပေါင်း ငါးရာကျော် တက်ရောက်ခဲ့ကြပြီး တစ်ဦးချင်းစီက မီးထွန်းညှိထားသော ဖယောင်းတိုင်များကိုင်ကာ သူမအတွက် မွေးနေ့ဆုမွန် တောင်းပေးခဲ့ကြသည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့ အခမ်းအနားကို ကမ္ဘာတစ်ဝန်း နိုင်ငံများရှိ မြန်မာလူမျိုးများကလည်း အသီးသီး ကျင်းပခဲ့ကြကြောင်း အင်တာနက် သတင်းများ အရ သိရသည်။

သူမရဲ.မွေးနေ.မိန်.ခွန်း
ကျွန်မရဲ့မွေးနေ့မှာ အားလုံးက လာဆုတောင်းပေးတဲ့အတွက် အားပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောပါရစေလို့။ မွေးနေ့တစ်ခု၊ တစ်ခုကို ဖြတ်သန်းသွားပြီလို့ဆိုရင် တစ်နှစ်၊ တစ်နှစ် ကြီးသွားပြီ ဆိုတဲ့အဓိပ္ပာယ် ရှိပါတယ်။ လူတယောက်က အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က လူတွေကို အကျိုးပြုနိုင်သလား ဆိုတာ ပြန်ပြီးတော့ သုံးသပ်ဖို့ လိုပါတယ်။

ကျွန်မအနေနဲ့ အခုလို လာရောက်ပြီးတော့ အားပေးတဲ့သူတွေရဲ့ အကူအညီနဲ့ ကျွန်မတို့နိုင်ငံတင် သာမက၊ အခြားနိုင်ငံက ကမ္ဘာသူ ကမ္ဘာသားတွေ အားလုံး အကျိုးအတွက် လုပ်နိုင်ဖို့ရာ ကြိုးစားနေပါတယ်။ အခုအချိန်မှာ အထူးသဖြင့် အရေးကြီးတာက ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ အားလုံးသိတဲ့အတိုင်း အခု ကျွန်မတို့နိုင်ငံမှာဆိုရင် စစ်မီးစ ပြန်ပြီးတော့ ပွားနေတဲ့သဘော ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဒီနေ့ကျွန်မရဲ့ မွေးနေ့မှာ ငြိမ်းချမ်းရေးကိစ္စကို အလေးထားပြီး ပြောချင်ပါတယ်။ အဲဒီတော့ ကျွန်မကို မွေးနေ့ဆုတောင်း ဘာလိုချင်လဲလို့ မေးရင် ကျွန်မတို့ နိုင်ငံမှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေးနဲ့ သာသာယာယာနဲ့ ဝဝပြောပြောနဲ့ နေနိုင်ဖို့။ နိုင်ငံ တစ်နိုင်ငံက တိုးတက်ဖို့ သာယာဖို့ဆိုတာ ပထမဦးဆုံးတော့ ငြိမ်းချမ်းဖို့ လိုပါတယ်။

ကျွန်မရဲ့ မွေးနေ့ဆုတောင်းက ကျွန်မတို့အားလုံး ငြိမ်းချမ်းကြပါစေဆိုတဲ့ ဆုတောင်းပါ။ အဲဒီတော့ ဒီလို ငြိမ်းချမ်းဖို့ဆိုတာ ကျွန်မ တစ်ယောက်တည်း လုပ်လို့လည်း မဖြစ်ဘူး။ ကျွန်မတို့ တစ်ဖွဲ့တည်း လုပ်လို့လည်း မဖြစ်ဘူး။ အားလုံးက ဝိုင်းလုပ်ပေးမှ ဖြစ်မှာပါ။ အဲဒါကြောင့် ကျွန်မတို့နိုင်ငံမှာ ပထမဦးဆုံးအနေနဲ့ ငြိမ်းချမ်းရေးရဖို့ အတွက် အားလုံးက ဝိုင်းဝန်းပြီး ကူညီကြပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းတဲ့အခါ ကျွန်မ အခြားကိစ္စတွေကို တစ်ဆင့်ပြီး တစ်ဆင့် သွားနိုင်မှာပါ။ အားလုံးသိတဲ့အတိုင်း အခု အနှစ် ၂ဝကျော်လာပြီ။ ကျွန်မတို့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ကျွန်မတို့နိုင်ငံမှာ တိုးတက်ရေး၊ သာယာရေး ကြိုးစားခဲ့ပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး ဆိုတာကလည်း ငြိမ်းချမ်းရေး မရှိလို့ မဖြစ်ပါဘူး။ ငြိမ်းချမ်းရေးက ပထမခြေလှမ်းပါ။ ကျွန်မတို့ ငြိမ်းချမ်းရေးရဖို့ အားလုံးကူညီကြပါ။ အခြားမွေးနေ့လက်ဆောင်တွေက ဒီလောက် အရေးမကြီးပါဘူး။ တကယ် အရေးကြီးတဲ့ လက်ဆောင်က ဘာလဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေး ရစေမယ့် စိတ်ထားတွေ တစ်ဦးချင်း၊ တစ်ဦးချင်း ပွားပေးကြပါလို့။ တစ်ချို့ပြောမယ် ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းဖို့ ကူညီပေးပါဆိုရင် ကျွန်တော်တို့က ဘယ်လို ကူညီပေးနိုင်မှာလဲ၊ ကျွန်မတို့က ဘယ်လို ကူညီပေးနိုင်မှာလဲ ဆိုပြီး မေးကြတယ်၊ မေးကြလို့ရှိရင် ကိုယ့်စိတ်ထဲက ဒီကမ္ဘာကြီးမှာ ဖြစ်သမျှ ကိစ္စမှန်သမျှ စိတ်ထဲကနေ စရမှာပဲ။ ကမ္ဘာကြီးမှာ ဖြစ်ခဲ့တဲ့ အပြောင်းအလဲက ဘယ်က စသလဲဆိုတော့ လူသားတွေရဲ့ အတွေးအခေါ်က စခဲ့တာပဲ။ အဲဒီတော့ ဒီအတွေးအခေါ်တွေ ပြောင်းလဲမှ ကမ္ဘာကြီး ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ လူ တစ်ယောက်ချင်း၊ တစ်ယောက်ချင်းက နေပြီးတော့ ငြိမ်းချမ်းရေးကို ဦးတည်မယ့် အတွေးအခေါ်တွေ ပြုစုပျိုးထောင်မယ်ဆိုရင် ကျွန်မတို့နိုင်ငံတင်မက တကမ္ဘာလုံးမှာ ငြိမ်းချမ်းရေး ရနိုင်မှာ ဖြစ်ပါတယ်။ ကျွန်မမွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဆိုပြီး သတ်မှတ်ကြပါတယ်။

အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးတော့ ငြိမ်းချမ်းရေးကို လိုလားမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တွေ ဖြစ်ပြီ၊ အကြမ်းဖက်မှုတွေ ဖြစ်ပြီဆိုလို့ရှိရင် ပထမဦးဆုံး၊ အများဆုံး လာခံရတာတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်ဆိုတာ အားလုံး၊ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့လို အမျိုးသမီးတွေက ပိုပြီးတော့ ငြိမ်းချမ်းရေးဘက်ကို အားသန်တယ်၊ ငြိမ်းချမ်းရေး ဘယ်လောက် လိုလားတယ်၊ လိုအပ်တယ် ဆိုတာလည်း ကောင်းကောင်း နားလည်ကြပါတယ်။ ဒါကြောင့် ကျွန်မတို့ အမျိုးသမီးများနေ့လို့ ဆိုတဲ့ ကျွန်မမွေးနေ့မှ စပြီးတော့ နောင် နှစ်ပေါင်းများစွာ၊ နှစ်အဆက်ဆက်၊ ခေတ်အဆက်ဆက် ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့အတွက် အားလုံး ဝိုင်းပြီးတော့ ကူညီအားပေးကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။

မွေးနေ့ရှင်က သိပ်ပြီး စကားရှည်ရှည် ပြောနေရင် မကောင်းပါဘူး။ ကိုယ်လိုချင်တဲ့ဆုကို တောင်းပြီးရင် ဒါ ပြီးလောက်ပါတယ်။ ကျွန်မ လိုချင်တဲ့ဆုက ဒါပါပဲ။ ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေး ရချင်တယ်၊ ငြိမ်းချမ်းရေးမှတဆင့် ကျွန်မတို့နိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပြီးတော့ အဲဒီကမှတဆင့် ပြည်သူပြည်သားများ လိုလားတဲ့ စနစ်တစ်ခု ဒီနိုင်ငံမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နိုင်အောင်လို့ အားလုံး ဆုတောင်းကြပါ။ ကျွန်မတို့နိုင်ငံကအစ တစ်ကမ္ဘာလုံးမှာလည်း ငြိမ်းချမ်းရေး၊ သာယာရေး၊ ချမ်းသာရေး၊ အားလုံး ရနိုင်ပါစေလို့ ကျွန်မနဲ့အတူ ဆုတောင်းကြပါလို့ ထပ်မံပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။

No comments:

Post a Comment