*ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည်
*နည်းပညာတက္ကသိုလ်များ ဘာသာရပ်အလိုက် ပေါင်းဖို့ ညွန်ကြားချက်ထုတ်
*နိုင်ငံရေးအကျဉ်းသား လွှတ်ဖို့ မျှော်ကြပြန်* ပုဂ္ဂလိကဘဏ် ၄ ခု နိုင်ငံခြားငွေ လွှဲခွင့်ရ
*မြန်မာနဲ့ စီးပွားရေးတိုးမြှင့်ဖို့ ဂျပန်အကြံပြုမည်
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည်
2011-12-25
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Koichiro Gemba ဟာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိပြီး သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ အဲဒီလို တွေ့ဆုံတဲ့ အခါ ဂျပန်အစိုးရရဲ့ ODA ခေါ် နိုင်ငံရပ်ခြား အကူအညီတွေ ပြန်လည်ထောက်ပံ့ဖို့ ကိစ္စတွေ ဆွေးနွေးမယ်လို့ သိရပါတယ်။ဒါ့အပြင် ဂျပန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မနက်ဖြန် ဒီဇင်ဘာလ ၂၆ ရက် ညနေပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်ဟာ ၂ဝဝ၂ ခုနှစ် နောက်ပိုင်း အဆင့်မြင့်ဆုံး လာရောက်တဲ့ ဂျပန်အစိုးရ ကိုယ်စားလှယ် ဖြစ်ပါတယ်။ အခု ခရီးစဉ်အတွင်း မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံ အပြန်အလှန် ရင်းနှီးမြှပ်နှံမှုအတွက် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်းသွားဖို့ ရှိတယ်လို့ ဂျပန် ကျိုဒိုသတင်းဌာနက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်ဖို့ အတွက် ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ဖိတ်ခေါ်နိုင်တယ်လို့လည်း ကျိုဒိုသတင်း မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၂ဝဝ၃ ခုနှစ် က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထက်မြန်မာပြည် ခရီးစဉ်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းတိုက်ခိုက်မှုကြောင့် ဂျပန်အစိုးရ က မြန်မာနိုင်ငံကို ပေးနေတဲ့ ODA အကူအညီကို ရပ်ဆိုင်းခဲ့ပါတယ်။
နည်းပညာတက္ကသိုလ်များ ဘာသာရပ်အလိုက် ပေါင်းဖို့ ညွန်ကြားချက်ထုတ်
2011-12-24
မကွေး နည်းပညာတက္ကသိုလ်က ကျောင်းသားတွေနဲ့ ဆရာတွေအားလုံး ဘာသာရပ်အလိုက် ကျောက်ဆည်၊ မုံရွာ၊ မန္တလေးစတဲ့ နည်းပညာ တက္ကသိုလ်တွေကို ပြောင်းရွှေ့သင်ကြားဖို့ နေပြည်တော် သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာနက ဒီဇင်ဘာလ ၂ဝ ရက် နေ့စွဲနဲ့ ညွန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။အစီအစဉ်အရ ဇီဝ နည်းပညာ ကျောင်းသားတွေကို ကျောက်ဆည် နည်းပညာတက္ကသိုလ်၊ ချည်မျှင်နဲ့ အထည်အလိပ် ဘာသာရပ်ကို မုံရွာ၊ ရေနံတွင်းတူး ဘာသာရပ်နဲ့ ပိသုကာ ဘာသာရပ်တွေကို မန္တလေးကို ပြောင်းရွှေ့သင်ကြားရမှာ ဖြစ်ပါတယ်။ အဲဒီလိုပြောင်းရွှေ့ရမယ့်ထဲမှာ မကွေးနည်းပညာ တက္ကသိုလ် ကျောင်းသား ၁၂ဝ ကျော်နဲ့ ဆရာတွေ ပါဝင်ပါတယ်။
ဒီညွန်ကြားချက်နဲ့ ပတ်သက်လို့ မကွေးနည်းပညာ တက္ကသိုလ် ကျောင်းအုပ် ဆရာကြီး ဦးထိန်ဝင်းက… ကျောင်းသားတွေ အတွက် အတက်ပညာပိုင်း ပိုပြီး ထိရောက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့် ကျောင်းသားတွေအနေနဲ့ အခက်အခဲ တော်တော်များများ ရှိတဲ့အကြောင်း တတိယနှစ် ကျောင်းသားတဦးက အခုလို ပြောပါတယ်။
“ကျနော်တို့ နည်းပညာတက္ကသိုလ် မကွေးတက်တယ်ဆိုကတည်းက ကိုယ်နဲ့လည်း နီးလို့လေ။ နောက်ပြီး အိမ်ကလည်း ဒီနားလေးမှာ ထားရင် အဆင်ပြေမယ် ထင်လို့ နဂိုကတည်းက ဒါကို ရွေးချယ်ခဲ့တာ။ ခုကျတော့ တော်တော် ဝေးသွားပြီ။ ကျနော်တို့ ဆိုရင် မုံရွာထိကို သွားရတော့မှာ။ တကယ်လို့များ ဘီအီးတွေက နောက်ထပ်တနှစ် ထပ်တိုးလိုက်မယ် ဆိုလို့ရှိရင် ကျနော်တို့ကျောင်းက ကျောင်းပြီးဖို့ ၆ နှစ် ဖြစ်သွားပြီ။ အဲဒီလိုမျိုး ခြောက်နှစ်ဆိုရင် Third years သမားအတွက်က နောက်ထပ် ၃ နှစ်က ဟိုမှာ ဆက်ပြီးနေရမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလေ ကျောင်းပြီးဖို့က။ မကျေနပ်တာ ကျောင်းသားတွေထက် မိဘတွေက ပိုဆိုးတာပေါ့”
အခု ထုတ်ပြန်လိုက်တဲ့ ညွန်ကြားချက်အရ မကွေး နည်းပညာတက္ကသိုလ်က ကျောင်းသားနဲ့ ဆရာတွေဟာ လာမယ့် ဇန်နဝါရီလ ၂ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးရမှာ ဖြစ်ပါတယ်
နိုင်ငံရေးအကျဉ်းသား လွှတ်ဖို့ မျှော်ကြပြန်
ချင်းမိုင်(မဇ္ဈိမ) ။ ။ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို ဇန်နဝါရီလ ၄ ရက်နေ့နှင့်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့များတွင် လွှတ်ပေးမည်ဆိုသော သတင်းများ ထွက်ပေါ်လာရာ မျှော်လင့်ချက်များလည်း တိုးလာပြန်သည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် ရထားဝန်ကြီး ဦးအောင်မင်းတို့ ၏ ပြောကြားချက်များကြောင့် လည်းကောင်း၊ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို ကတိပေးခဲ့ခြင်း များကြောင့် မိသားစုဝင်များမှ မျှော်လင့်နေကြခြင်း ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအနေဖြင့် “ တော်တော်လေးကို ခိုင်ခိုင်မာမာ မျှော်လင့်နေကြတယ်။ ” ဟု ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသား မိသားစု အကျိုးဆောင်ကွန်ယက်မှ ကိုအောင်ဇော်ထွန်းက ပြောသည်။
ကြာသပတေးနေ့က ထိုင်းနိုင်ငံ စံခလဘူရီတွင် ကျင်းပသော မွန်ပြည်သစ်ပါတီနှင့် အပစ်ခတ်ရပ်စဲရေး အလွတ် သဘော ဆွေးနွေးပွဲတွင် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လွတ်လပ်ရေးနေ့ သို့မဟုတ် ပြည်ထောင်စုနေ့ကို စောင့်ကြည့်သွားရန် ပြောကြားသွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက သတင်းထောက်များကို ပြောသည်။
အလားတူ ဗုဒ္ဓဟူးနေ့က KNU နှင့် ဆွေးနွေးပွဲတွင်လည်း ဦးအောင်မင်းမှ အကျဉ်းသားများကို လာမည့် နှစ်ဆန်းပိုင်း အတွင်း လွှတ်ပေးရန်ရှိပြီး နိုင်ငံရေး အကျဉ်းသားများလည်း ပါဝင်မည်ဟု ပြောခဲ့သည်ဟု ဆိုသည်။
“အကျဉ်းသားတွေကို သူတို့ကလည်း လွှတ်ပေးချင်တဲ့ ဆန္ဒရှိတော့ ဇန်နဝါရီလ လေးရက်နေ့မှာ အကျဉ်းသားတွေကို လွှတ်ပေးမယ် အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေလည်း ပါမယ်။ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာလည်း
နောက်ထပ်တသုတ် ထပ်လွှတ်ပေးမယ် အဲဒီမှာလည်း ပါလာမယ်။” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သော KNU ဗဟိုအလုပ်မှုဆောင် ပဒိုဒေးဗစ်ထောက ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံသည့် ဆွေးနွေးပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေး အကျဉ်းသားများ လွတ်လာမည်ဟု ပြောဆိုခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက် သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က မဇ္ဈိမကို ပြောဆိုဖူးသည်။
အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ “တိုင်းရင်းသားများ ပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံသားများအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ ပါဝင်နိုင်ရေး အတွက်၊ နိုင်ငံ့ရဲ့ရေးရာကိစ္စများ ဆောင်ရွက်ပေးနိုင်ရေး အတွက် သူ (ဟီလာရီ ကလင်တန်) တိုက်တွန်း သွားတဲ့ကိစ္စ မိမိတို့ဘက်က အစွမ်းကုန် ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ကတိပြုလိုက်ပါတယ်။” ဟု ပြောကြားခဲ့သည်။
ရှမ်းပြည်နယ် မိုင်းဆတ်ထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ညီ ကိုအောင်ထွန်းကလည်း အကိုဖြစ်သူ လွတ်လာမည်ကို မျှော်လင့်နေသည်ဟု ပြောသည်။
“အရင်တွေလည်း ဒီလိုပဲ ကြားကြားနေတာပဲ။ ကျနော်တို့က နှစ်ပေါင်းများစွာဗျာ ကြာခဲ့ပါပြီ မိသားစုတွေ အတွက် က မဆန်းတော့ပါဘူး။ လွတ်လာရင်တော့လည်း ဝမ်းသာတာပေါ့။ မျှော်တော့ မျှော်ရတာပေါ့။ မလွတ်သေးတော့ လည်း ဗုဒ္ဓဘာသာအရ သူ့အကြောင်း မကုန်သေးဘူးပေါ့။” ဟု ပြောသည်။
ကရင်ပြည်နယ် ဘားအံထောင်တွင် ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသည့် အကိုဖြစ်သူ နေဘုန်းလတ်ကိုလည်း မိသားစုမှ မျှော်နေသည်ဟု နေဘုန်းလတ်၏ညီ ကိုသူရကျော်က မဇ္ဈိမကို ပြောသည်။
အောက်တိုဘာ ၁၂ ရက်နေ့တွင် ဦးသိန်းစိန် အစိုးရမှ အကျဉ်းသား ၆,၃၅၆ ဦး လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသား ၂၂၀ ဦးသာ ပါဝင်သည်ဟု ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်အရေး အသင်း (မြန်မာနိုင်ငံ) က ထုတ်ပြန်သည်။
ထိုအရေအတွက်သည် နည်းလွန်းသည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဖြိုးမင်းသိန်းက
ပြောဆိုလိုက်ပြီး ယခင်အကြိမ်များကဲ့သို့ အကျဉ်းသားများ မလွှတ်လာပါက မိသားစုဝင်များ ခံစားရသည်ဟုလည်း
ပြောသည်။
“သတင်းတွေကတော့ ကြားနေတာပဲဗျ၊ အားလုံးကတော့ ကြားနေတာပဲ။ မျှော်တော့ မျှော်နေကြတာပဲ။ အဲဒီလိုမျိုး
ကောလဟာလတွေ ထွက်လာရင် မိသားစုတွေကလည်း သတိထားရမယ်။ တကယ်လို့ မလွတ်လာရင် မိသားစုတွေ က တအားခံစားရတယ်။” ဟု မဇ္ဈိမကို ပြောသည်။
လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၆၀၀ ခန့်ရှိသည်ဟု NLD ၏ နိုင်ငံရေး အကျဉ်းသားများကို ကူညီနေသည့် လူမှုအထောက်အကူပြုအဖွဲ့မှ ဦးနိုင်းနိုင်းက မဇ္ဈိမကို ပြောဆို ဖူးသည်။ သို့သော် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အရေးအသင်း (မြန်မာနိုင်ငံ)၏ ယခုလ ၁၄ ရက် စာရင်းအရ နိုင်ငံရေး အကျဉ်းသား ၁,၅၄၆ ဦးရှိနေသည်ဟု ဖေါ်ပြပါသည်၊
ပုဂ္ဂလိကဘဏ် ၄ ခု နိုင်ငံခြားငွေ လွှဲခွင့်ရ
ပြည်တွင်းဘဏ် လေးခုကို ထိုင်း၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့ကနေ ပြည်တွင်းငွေ လွှဲပို့မှု လုပ်ကိုင်ခွင့် လိုင်စင်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခွင့်ပြုလိုက်ပါတယ်။ နိုင်ငံခြားမှာ အလုပ်လုပ်နေသူတွေဆီက အခွန်မကောက်တော့ဘူး ဆိုပြီး အစိုးရက ကြေညာပြီးနောက် အခုလို ဘဏ်တွေကနေ ငွေလွှဲလို့ ရလာမယ်ဆိုတဲ့အတွက် ပြည်ပ ထွက်ခွာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြည်တွင်း ငွေလွှဲပို့တဲ့အခါ ပိုပြီး လွယ်ကူလာနိုင်မလား ဆိုတာကိုတော့ မသိင်္ဂီထိုက်က ပြည်ပမှာ အလုပ်လုပ်ကိုင် နေကြသူတွေနဲ့ မေးမြန်းထားပါတယ်။
ပြည်တွင်းပုဂ္ဂလိက ဘဏ်လေးခုကို ပြည်ပကနေ ပြည်တွင်းငွေလွှဲ လုပ်ကိုင်ခွင့် ဗဟိုဘဏ်က ချထားပေး လိုက်တဲ့အကြောင်း နိုင်ငံပိုင် သတင်းစာကနေ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကြေညာပါတယ်။ မြန်မာနိုင်ငံသား သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံ၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေက ကနဦး စတင် ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရ ဘဏ် ၁၁ ခုထဲကနေ အစိုးရပိုင် သမ၀ါယမဘဏ်၊ ဆရာကျောင်းလို့ လူသိများတဲ့ ဦးအောင်ကိုဝင်းပိုင် ကမ္ဘောဇဘဏ်၊ ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နဲ့ ဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်တို့ကို ရွေးချယ်ပြီး လုပ်ပိုင်ခွင့် ပေးလိုက်တာဖြစ်ပါတယ်။
ဒီဘဏ်တွေအနေနဲ့ နေ့စဉ် နိုင်ငံခြားငွေ ပေါက်ဈေးအလိုက် လဲလှယ်ပေးနိုင်မှပဲ ပြည်ပကနေ ငွေလွှဲသူတွေ အတွက် အဆင်ပြေမယ်လို့ မလေးရှား အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုထွန်းထွန်းက ပြောပါတယ်။
“နေ့စဉ်ငွေလွှဲခကို အပြောင်းအလဲပေါ်မှာ အတက်အကျပေါ်မှာ မူတည်ပြီးတော့ ဘဏ်တွေကနေပြီးတော့ ကိုယ့်မြို့ကိုယ့်ရပ် ဒီနိုင်ငံသားတွေရှိတဲ့ အရပ်တွေကို လွှဲပေးနိုင်အောင်ဆိုလို့ရှိရင် ဒါ အင်မတန် ကောင်းတယ်။ ဒီကလွှဲပေးတဲ့ပိုက်ဆံကို ငွေမာပေါ့နော်။ အမေရိကန်ဒေါ်လာနဲ့ပဲဖြစ်ဖြစ်၊ ဥရောပ ယူရိုငွေနဲ့ပဲ ဖြစ်ဖြစ်ပေါ့ အကောင့်ဖွင့်ပြီးတော့ ထည့်ပြီးတော့ သိမ်းထားလိုက်ရင် အဲဒီအပေါ်မှာ အတိုးရမယ်ဆိုရင် အဲဒါ ပိုကောင်းတယ်။ အလုပ်သမားတွေအတွက်။”
ဘဏ်တွေအနေနဲ့ နှစ်ပေါင်းများစွာ ပြည်ပ ငွေလွှဲလုပ်ငန်းကို လုပ်ကိုင်လာတဲ့ တရားမ၀င် ဟွန်ဒီငွေလွှဲပို့ သူတွေနဲ့ ဈေးကွက်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လတ်တလော ဟွန်ဒီတွေက ငွေလွှဲတဲ့အခါမှာ စိတ်ချရမှု ရှိပေမဲ့ ငွေလွှဲခ ဈေးကြီးတဲ့အနေအထားမှာတော့ ရှိတယ်ဆိုပြီးလည်း သူက ပြောပါတယ်။
“ဟွန်ဒီသမားက သူ့အတွက် အမြတ်ချန်ပြီးတော့ ငွေဈေးကို သတ်မှတ်တယ်။ ဒီနေ့ ရန်ကုန်မှာ ဒေါ်လာဈေး ဘယ်လောက်ပေါက်သလဲတော့ ကျနော် မသိဘူး။ ဒီနေ့ ကွာလာလမ်ပူမှာ ငွေဈေးက မလေးရှား တစ် ရစ်ဂစ်ကို ၂၂ ကျပ်ပေါက်တယ်။ ဒါက ရန်ကုန်ကို။ မော်လမြိုင်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူဘက်ကို လွှဲမယ်ဆိုရင် လွှဲခဆိုပြီးတော့ ရစ်ဂစ် ၁၀ ကျနော်တို့ ထပ်ပေးရတယ်။”
မြန်မာ အလုပ်သမား သန်းနဲ့ချီ အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာဆိုရင်လည်း လစဉ် ဘတ်ငွေ သန်းနဲ့ချီ ပြန်ပို့ငွေတွေ ရှိနေတဲ့အတွက် တကယ်လို့ ပြည်တွင်း ဘဏ်တွေကသာ ထိထိရောက်ရောက် ငွေလွှဲတဲ့ လုပ်ငန်းကို လုပ်ကိုင်နိုင်မယ်ဆိုရင် နိုင်ငံခြားငွေ စီးဝင်မှု ပိုများလာမယ့် အနေအထားမှာ ရှိပါတယ်။
ဒါပေမဲ့လို့ တရားမ၀င် ငွေလွှဲတဲ့ ဟွန်ဒီတွေက ကျေးရွာတွေအထိ အိမ်တိုင်ရာရောက် ငွေပို့ပေးနိုင်ပေမဲ့ ပုဂ္ဂလိက ဘဏ်တွေကတော့ မြို့ကြီးတချို့မှာပဲ ဘဏ်ခွဲတွေ ရှိနေသေးတာ ဖြစ်ပါတယ်။ လတ်တလော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ငွေလွှဲပို့နေရတဲ့ အနေအထားကိုတော့ အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုကျော်သောင်းက အခုလို ပြောပါတယ်။
“မြန်မာ အလုပ်သမား တစ်ယောက်ဟာ တစ်လရက်ပေါင်း ၃၀၊ ငွေ ၆,၀၀၀ ဆိုပြီး တွက်လို့မရဘူး။ အဲဒီအတွက် ၅,၀၀၀ ပဲ ထားပါဦး။ ပုံမှန်အားဖြင့် တွက်လို့ရှိရင် ဘတ် ၃,၀၀၀ မပို့နိုင်ဘူး။ ၂,၀၀၀ လောက်ပဲ ပို့နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ ဒီမှာ မြန်မာအစိုးရ အလုပ်သမား ၀န်ကြီးဌာနက အတည်ပြုတဲ့ ကိန်းဂဏန်း ၂ သန်းနဲ့ပဲ တွက်မယ်။ ကျနော်တို့ စောစောကပြောတဲ့ ဘတ် ၂,၀၀၀ မျိုး၊ ၃,၀၀၀ မျိုး ဆိုတာကို ထားလိုက်။ မြန်မာတစ်ယောက်ကို အနည်းဆုံး ဘတ် ၁,၀၀၀ လောက်ကတော့ ပို့တယ်ခင်ဗျ။ အဲဒီ ဘတ် ၁,၀၀၀ ကို လူ နှစ်သန်းနဲ့ ပို့မယ်ဆိုရင် သန်းပေါင်း နှစ်ထောင် ဆိုတော့ ဘတ် နှစ် ဘီလီယံ ဖြစ်မှာပေါ့နော်။ အဲဒါ မြန်မာငွေနဲ့ဆိုရင် အများကြီးပဲ။ ဒါဟာ အနည်းဆုံး တွက်ချက် ချက်ပဲ ဖြစ်တယ်ခင်ဗျ။ နည်းတော့ငွေကြေးတော့ မဟုတ်ဘူးနော်။”
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကတော့ ပြည်ပရောက် မြန်မာတွေ ဘဏ်တွေကနေ တရားဝင်ငွေလွှဲလာရင် အမျိုးသားဝင်ငွေကို အလွယ်တကူ တွက်ချက်နိုင်မယ်၊ ဒါ့အပြင် ငွေလွှဲတာမှာလည်း လုံခြုံ စိတ်ချရမှု ရှိလာမယ်ဆိုပြီး ပြောဆိုထားပါတယ်။ ဒါ့အပြင် အရင်က ကောက်ခံနေတဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်သူတွေ ပေးဆောင်ရတဲ့ ၀င်ငွေခွန်ကိုလည်း လာမယ့် ၂၀၁၂ ခုနှစ်ကစပြီး ပယ်ဖျက်မယ်လို့ ပြည်ထောင်စုအစိုးရက ကြေညာထားပါတယ်။
ဒါပေမဲ့ ပြည်ပငွေလွှဲပို့ လုပ်ဆောင်မယ့် ပုဂ္ဂလိကဘဏ်တွေ အနေနဲ့ ဘယ်လိုစနစ်နဲ့ ငွေလွှဲပို့ လုပ်ဆောင်မယ် ဆိုတာနဲ့ ဘယ်တော့ စပြီး လုပ်မယ်ဆိုတဲ့ အသေးစိတ်တော့ ထွက်ပေါ်မလာသေးပါဘူး။
မြန်မာနဲ့ စီးပွားရေးတိုးမြှင့်ဖို့ ဂျပန်အကြံပြုမည်
မြန်မာတာဝန်ရှိသူတွေနဲ့ စကားပြောတဲ့အခါ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တရပ် ရရှိရေးအတွက် ဆွေးနွေးဖို့ အကြံပြုမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။ နှစ်နိုင်ငံကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပြီး ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေကို နိုင်ငံတကာ မူတွေအရ ဖြေရှင်းနိုင်ဖို့ ဒီသဘောတူညီချက်က ရည်ရွယ်ပါတယ်။
ကိုအီချီရို ဂမ်ဘာ (Koichiro Gamba) ဟာ ဂျပန်နိုင်ငံကနေ တနင်္ဂနွေနေ့က ထွက်ခွာသွားခဲ့ပြီး အခု မြန်မာနိုင်ငံကို ရောက်နေပါပြီ။ ဂမ်ဘာ ဟာ သမ္မတ ဦးသိန်းစိန်နဲ့ ထိပ်တန်း မြန်မာ တာဝန်ရှိသူတွေကို တွေ့ဖို့ရှိပါတယ်။ ဒီနေ့ တနင်္လာနေ့ ညနေ ၅ နာရီခွဲမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီးက အိမ်ကိုလာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုံး တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။
နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ပြန်လည် ဆက်ဆံဖို့ ကြိုးစားလာတဲ့ အစိတ်အပိုင်းတရပ်အဖြစ် ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာ အကူအညီတွေ ပြန်လည်ပေးအပ်ဖို့ စဉ်းစားနေတဲ့အချိန်မှာ ခုလို ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်က ဖြစ်လာခဲ့တာပါ။ သူ့ရဲ့ ခရီးစဉ်ဟာ ၂၀၀၂ ခုနှစ်ကတည်းကဆိုရင် ဂျပန် နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်အတွက် ပထမဆုံး မြန်မာနိုင်ငံကို သွားရောက်တဲ့ခရီး ဖြစ်ပါတယ်။
တခြား အနောက်နိုင်ငံတွေလို မဟုတ်ဘဲ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ခဲ့သလို ဆွေးနွေး ပြောဆိုခဲ့တာတွေလည်း ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ရှိခဲ့ပါတယ်။ သဘောထား တင်းမာတဲ့ ချဉ်းကပ်ပုံကြောင့် မြန်မာနိုင်ငံဟာ တရုတ် နဲ့ ပိုနီးသွားလိမ့်မယ်လို့ သတိပေးခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ လူသားချင်း စာနာထောက်ထားရေးနဲ့ အရေးပေါ် အကူအညီတွေကို ဂျပန်က ဆက်လက် ပံ့ပိုးခဲ့ပေမဲ့ စီးပွားရေး အကူအညီတွေကိုတော့ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်း လိုက်ကတည်းက ရပ်ဆိုင်းခဲ့တာပါ။
အနောက်နိုင်ငံတွေက ပိတ်ဆို့ အရေးယူထားတာတွေ ရုပ်သိမ်းပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့ အတွက် သမ္မတ ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်တိုက် လုပ်လာခဲ့ပြီးတဲ့နောက် အနောက်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတို့ကလည်း မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်လည် သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။
No comments:
Post a Comment