သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, December 26, 2011

လောကဓံ လေချိုသွေးတဲ့ နှစ်သစ်ပန်းချီ

လောကဓံ လေချိုသွေးတဲ့ နှစ်သစ်ပန်းချီ


“ပြာသိုလဆန်း တရက် ဒီနေ့ဟာထူးခြားတဲ့နေ့ဖြစ်တယ်။ ကရင်နှစ်သစ်ကူးနဲ့ ခရစ္စမတ်နေ့ တနေ့တည်း ဖြစ်နေတယ်။ ကျနော်တို့နေရင်း တိုင်းပြည်ကနေ စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ ဒုက္ခသည်တွေ၊ နိုင်ငံရေး ဖိနှိပ်မှု
ကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကို ခိုလှုံခွင့်ပေးထားတဲ့ ထိုင်းဘုရင်နဲ့ စစ်တပ်၊ ထိုင်းပြည်သူတွေနဲ့ ဒုက္ခသည်
တွေ အသက်ရှင်နေထိုင်ရေးအတွက် ကူညီပေးတဲ့ အလှူရှင်များကိုလည်း ကျေးဇူးတင်ကြောင်း နှစ်သစ်ကူး အခမ်းအနားမှာ အထူးပြောကြား လိုပါတယ်။” ဆိုတဲ့ စခန်းဥက္ကဋ္ဌ ဆရာစိုင်းရဲ့အသံက နို့ဖိုးတောင်ကို ပဲ့တင်ထပ်လို့ ဟိန်းထွက်နေပါတယ်။




နို့ဖိုးဘောလုံးကွင်းထဲမှာ ကရင့်အမျိုးသား အလံက လေထဲမှာ တဖျတ်ဖျတ် လွှင့်နေတယ်။ ဖားစည်ပုံပါတဲ့ ကရင့် အမျိုးသား အလံကို ကိုင်ဆောင်ပြီး လက်ရုံးကို အမြင့်ဆုံး လွှင့်ထူထားတဲ့ ကရင်လူငယ်လေးရဲ့ နာမည်က “အဲဆိုဒ်သုံးတ်” ဗမာလို “ချစ်မျိုးသွေးနီ”တဲ့။ သူ့နာမည်ပေးခဲ့တဲ့ သူ့ဖထီးက ကရင့်တော်လှန်ရေးထဲမှာ ကျသုံးသွား ခဲ့တာတဲ့။

မနေ့ကပဲ အဲဒီလူငယ်လေးက ဒုံးယိမ်းစင်ဘေးမှာ ယာယီနတ်စင်လုပ်ထားတဲ့ နတ်ကွန်းဆီလယ်စောင့် နတ်သမီး “ဖိဖိယော်” ကို ပင့်ဖိတ်လာတယ်။ သူတင်မဟုတ်ဘဲ ဒုံးယိမ်းအဖွဲ့သားတွေ ဝတ်စုံပြည့်နဲ့ သီချင်းသီဆို ကခုန်ပြီး ပင့်ဖိတ်လာတာ။
kareanfestavial1
“ဖိဖိယော်” နတ်စင်ကို မြေကြီးပေါ်မှာ ဝါးကပ်ကာပြီး ထောင့်လေးထောင့်မှာ ကြံပင်၊ ငှက်ပျောပင်နဲ့ တိုင်ထူထား တယ်။ အကိုင်းအခက်အလက်တွေ ဝေဖြာနေတဲ့ ဝါးကိုင်းမှာ ကောက်သစ်စပါး ကောက်ညှင်းနဲ့ လုပ်ထားတဲ့
ကောက်ညှင်းကျည်တောက်၊ ကောက်ညှင်းခေါပျဉ် အစရှိတဲ့ ကောက်ညှင်း မုန့်လေးတွေကို တွဲလွဲချည်ထားတယ်။

“ဖိဖိယော်” နတ်ကိုပင့်ဖိတ်လာတဲ့ ကရင်အဖိုးအိုက ရှေ့ဆုံးကနေ ကြက်ဖို ကြက်မ အရှင်နှစ်ကောင်ကို ပိုက်လာ တယ်။ နတ်ကွန်းရဲ့ဝင်းထဲဝင်ပြီး ကြက်ဖို ကြက်မကို ပူးချည်ထားတယ်။ ဒီအချိန်မှာ ကျွဲချို မှုတ်သံ၊ ဝါးလက်ခုပ်သံ
ပေါ်ထွက်လာပြီး မကြာခင်မှာဘဲ ဒုံးယိမ်းအဖွဲ့တွေ သီချင်းဆိုပြီး ကကြတော့တယ်။

ခရမ်းရောင်၊ ပန်းရောင်၊ အစိမ်းရောင်၊ အဝါရောင်ပါတဲ့ ကရင်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဒုံးယိမ်းကသူတွေရဲ့ လှုပ်ရှားဟန်က ကျွမ်းကျင်တဲ့ စုတ်ချက်နဲ့ရေးပြသွားတဲ့ ရိုးရာပန်ချီကား တချပ်ပါပဲ။

နတ်တင်ပေးတဲ့ ကရင်အဘိုးအိုက “စပါးအထွက်များပါစေ၊ ကျန်းမာပါစေ၊ ချမ်းသာသုခနဲ့ပြည့်စုံပါစေ။” လို့ “ဖိဖိယော်” ဆိုတဲ့ လယ်စောင့်နတ်သမီးဆီမှာ ဆုမွန်တောင်းတယ်။ ကိုယ့်ဘယ်မြေက ထွက်တဲ့ ကောက်သစ်စပါးကို အရင်ဆုံး နတ်တင်ပြီးမှ နောင်နှစ်တွေအတွက် တဖန် လယ်မြေကောင်းဖို့ ဆုတောင်းတဲ့ပွဲ ပါပဲ။
kareanfestavial
ဒီနှစ်မှာတော့ ကရင်ဒုံးယိမ်းအဖွဲ့ ခြောက်ဖွဲ့ပဲ ရှိတော့တယ်။ တဖွဲ့မှာကတဲ့သူ ယောက်ျားလေး ၁၆ယောက်၊ မိန်းကလေး ၁၆ယောက် ရှိရတယ်။ ကရင်ဒုံးယိမ်း မကခင်မှာ အသံကောင်းသူ အဆိုကောင်းသူ မိန်းကလေးက ကိုယ်ဟန်နွဲ့၊
ခြေဖျားထောက်ပြီး ဒူးပေါ် လက်ကလေးတင်ပြီး သီချင်းစဆိုပါတယ်။ သူ့အသံ အေးအေးလေးနဲ့ “ကျမ တို့ဒေသ ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးလိုချင်တယ်။ ပညာတွေသင်ချင်တယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ ပျောက်မသွားချင် ဘူး။ တဦးနဲ့တဦး တန်ဖိုးထား လေးစားခြင်းနဲ့ လူ့ဘောင်တခုကို တည်ဆောက်ချင်တယ်။” လို့ သီဆိုပါတယ်။ မိန်းကလေး သီချင်းသံဆုံးမှ ဝါးလက်ခုတ်တီးသူက “တောက် တောက် တောက်” လို့ သဘာဝ အသံကို ပေးလိုက်ချိန် မှာ ဒုံးယိမ်းကသူတွေ မြူးကြွ လှုပ်ရှားသွားပါတော့တယ်။

ဒုံးယိမ်းကသူ ယောက်ျားလေးရော၊ မိန်းကလေးပါ ခေါင်း၊ ခါး၊ ခြေ၊ လက် စည်းချက်ကျရမယ်။ အားမာန်ပါပြီး နွဲ့နှောင်း ရမယ်။ မျက်နှာထား ပြုံးရွှင်စွာထား ရမယ်လို့ သတ်မှတ်ထားပါတယ်။ ဒုံးယိမ်းကသူတွေရဲ့ အားမာန်ပါတဲ့ လှုပ်ရှားမှု က ကြည့်နေသူတွေကိုပါ ကူးစက်သွားတယ်။ နှစ်သစ်ကူး ညအမှောင်မှာ ကောင်းကင်ပေါ်က ကြယ်တွေ ကျွဲချို မှုတ်သံ၊ ဖားစည်သံ၊ ဝါးလက်ခုတ်သံနဲ့ ကခုန်နေသူ ကရင်လူငယ်တွေကို မျက်တောင်မခတ် ငေးကြည့်နေတယ်။ ကရင့် အမျိုးသားတွေရဲ့ အနာဂတ်ကို ဖန်တီးမယ့် လူငယ်တွေရဲ့ ဒုံးယိမ်း စည်းချက်သံက ပြာသိုညရဲ့ ဆောင်းလေနုအေး ကြား နှစ်သစ်ဂီတကို ကျူးရင့်နေလေရဲ့။

ကရင်နှစ်သစ်ကူးကို ကျမ လေးခါတိတိ ကြုံခဲ့ရပြီ။ KNU အစည်းအရုံး ဖဒိုမန်းငြိမ်းမောင်က နှစ်စဉ်နှစ်တိုင်း ကရင်
နှစ်သစ်ကူးမှာ မိန့်ခွန်းပြောနေကျ။ ဒီနှစ်မှာတော့ သူချစ်တဲ့ ကရင်လူမျိုးတွေ သူသံယောဇဉ်ကြီးတဲ့ ကရင်တော်လှန်
ရေး နယ်မြေမှာ မဟုတ်ဘဲ ရန်ကုန်အင်းစိန် အကျဉ်းထောင်တိုက် (၃) မှာ အကျဉ်းကျ ခံနေရတယ်။

ဖဒိုမန်းငြိမ်းမောင်က ၁၇နှစ် သားတည်းက ကရင့်တော်လှန်ရေးထဲမှာ ပါဝင်ခဲ့သူ တဦးပါ။ နောင်တော့ အကျဉ်းကျခံ
နေရပြီး ကိုကိုးကျွန်းကို အပို့ခံလိုက်ရပါတယ်။ ကိုကိုးကျွန်းကနေ ပင်လယ်ကို လှေနဲ့ အသက်စွန့် ဖြတ်ကူးခံပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ထပ်မံခံလိုက်ရတယ်။ အဲဒီနောက် အကျဉ်းထောင်က လွတ်မြောက်ပြီး ချက်ချင်းပဲ
တော်လှန်ရေး နယ်မြေထဲကို ပြန်ရောက်ခဲ့တာ ယနေ့အချိန်ထိပါ။
kareanfestavial2
သမိုင်းအတိတ်ကြိုးနဲ့ ပစ္စုပ္ပန်ကြိုးကို ကြိုးဆက်သူအဖြစ် ကျမဖြစ်ခွင့်ရခဲ့တာ လောကဓံရဲ့ အချိုးအကွေ့ တခုကြောင့် ပါ။ လောကဓံကလူတယောက်ကို ခံနိုင်ယုံလောက်ပဲ ခါးသီးစွာ ကျီစယ်တတ်တယ်။ တခါတရံတော့လည်း သနားလို့ ထင်ပါရဲ့ လူတွေကို လေချိုသွေးတတ်တယ်။ လောကဓံက လေချိုသွေးတာကို ကျမတို့က လက်ခံရယူပြီး စိတ်ခွန် အား မွေးရပြန်ပါတယ်။ ကျမဘဝရဲ့ အချိုးအကွေ့တခုမှာ ဦးမန်းနဲ့ တွေ့ဆုံးရခြင်းက လောက လက်ဆောင်ပါပဲ။

ဦးမန်းက မြစ်ဝကျွန်ပေါ် ဇာတိသားမို့ ကရင်ပေမယ့် အမူအယာ အပြောအဆိုမှာ မြန်မာနဲ့ အတော်တူပါတယ်။ “ဗိုလ်ဓမ္မ သမီး” ဆိုတာနဲ့ ကျမဖေဖေကို ချစ်ခင်တဲ့ အတီးမန်းရဲ့ ရဲဘော်ရဲဘက် စိတ်ကြောင့် ကျမရဲ့ ဒုက္ခသည် ဘဝခရီးမှာ လုံခြုံ ချောမွေ့ခဲ့ရပါတယ်။

ဦးမန်းက သူ့ကိုယ်သူရော သူတပါးကိုပါ နှစ်သိမ့်နိုင်သူ ဖြစ်ပါတယ်။ ဦးမန်းကသူတို့ ကိုကိုကျွန်းပေါ်မှာ အကျဉ်းကျခံ ရစဉ်က ထားတဲ့ စိတ်ထားကိုလဲ အခုလို ပြောပြဖူးတယ်။

“ကျနော်တို့က အဲဒီတုန်းက ကျောင်းသားလူငယ် အရွယ်တွေ စိတ်ဓာတ်အရကော ခွန်အားအရပါ တက်ကြွနေသူတွေ
ပေါ့။ ကျနော်တို့ လူငယ်တွေချင်းမှာ ပြိုင်ဆိုင်မှုတွေ ရှိတယ်။ ဘယ်လိုပြိုင်ဆိုင်မှုတွေလဲ ဆိုတော့ စွန့်လွှတ် အနစ်နာခံ စိတ်ကို ပြိုင်ကြတာ။ ငါးတကောင်ရလာရင် ကိုယ်မျှားတဲ့ငါး ကိုယ်မစားဘူး။ ဘယ်သူ့အရင်ကျွေးမလဲ စဉ်းစားတယ်။ ဖျားနေသူကို ပထမ ဦးစားပေး၊ ပြီးမှ အသက်ကြီးတဲ့သူ နောက်ဆုံးမှ ကျန်တဲ့ ရဲဘော်စားတယ်။ ကျနော်တို့ရဲ့ ရဲဘော်
တွေရဲ့ ရဲဘော်စိတ်က လေးစားတန်ဖိုးထားမှုပဲ။ ညီညွတ်ရေးဆိုတာ တိုက်ပွဲထဲမှာ တည်ဆောက်တဲ့ ညီညွတ်ရေးဟာ အခိုင်အမာ ဆုံးပဲ။”

“ကရင်တော်လှန်ရေးဟာ သီးခြားတော်လှန်ရေး မဟုတ်ဘူး။ မြန်မာပြည် လူ့အဖွဲ့အစည်း အတွင်းမှာ ဖြစ်တယ်။
တော်လှန်ရေးမှာ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒဟာ တော်လှန်ရေးကို အကျိုးမပြုတဲ့ အပြင် တော်လှန်ရေးကို ပျက်စေတယ်။ လူမျိုးစုံ သွေးစည်းချစ်ကြည်ရေးက ကိုယ့်အမျိုးသားကို ချစ်သလို တပါးအမျိုးသားကို မေတ္တာ မပျက် ရဘူး။”
kareanfestavial3
“ဥက္ကဋ္ဌကြီး မန်းဘဇံ ပြောသလို မြန်မာပြည်နဲ့ ကရင်ဘဝ ဖြစ်တည်မှုဟာ အပြန်အလှန် ဆက်စပ် မှီခိုနေတယ်။
မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေး အပြန်အလှန် ဖြစ်ပေါ် အကျိုးပြု
နေတယ်။ ကရင်-ဗမာ ပူးပေါင်းရာမှ တန်းတူမှုနဲ့ ဆန္ဒအရ ပူးပါင်းရေးကို ကျနော်တို့ လိုချင်တယ်။”တဲ့။

ကရင်နှစ်သစ်ကူး ပြာသိုလဆန်း တရက်နေ့မှာ သက်ကြီးရွယ်အို ကရင်အဘိုးအဘွားတွေကို လက်ဆောင်ပစ္စည်းတွေနဲ့ ကန်တော့ပြီးချိန်မှာ လယ်စောင့်နတ်သမီး “ဖိဖိယော်” နတ်ကို သီချင်းသီဆို ကခုန်ပြီး ပြန်ပို့ကြတယ်။ ကရင်နှစ်သစ်ကူး ဆိုတာ ဝေးကွာနေကြသူတွေ တနှစ်တခါ ပြန်ဆုံကြတဲ့ပွဲတဲ့။

ဒုံးယိမ်းစည်းချက်သံ၊ ကျွဲချိုမှုတ်သံ၊ ဖားစည်သံက တောတောင် အထပ်ထပ်ကို ကျော်ပြီး အင်းစိန် အကျဉ်းထောင်(၃) တိုက်မှာ အကျဉ်းကျခံနေရတဲ့ ကရင့်အမျိုးသား ဖဒိုမန်းငြိမ်းမောင်ဆီ ငြိမ်းချမ်းရေး ချိုးငှက်တွေနဲ့ အတူ ရောက်ရှိသွား မယ်လို့ ကျမတို့ အားလုံး ယုံကြည်နေကြပါတယ်။ ချိုးငှက်တောင်ပံခတ်သံ သဲ့သဲ့ကြားနေရပြီ။

နှင်းပန်းအိမ်

1 comment:

  1. အလည်ရောက်ခဲ့တယ်၊ ဖတ်ခဲ့ပါတယ် ကိုသားချစ်ရေ။

    ReplyDelete