သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Saturday, February 25, 2012

ညောင်သီးလည်းစား လေးညှို့သံလည်း နားထောင်------


by Aung Moe Win on Wednesday, February 22, 2012 at 10:14am ·
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြောင်းလဲမှုတွေအပေါ် မူတည်ပြီး နိုင်ငံတကာရဲ့ပါဝင်ပတ်သက်မှု ခြေလှမ်းတွေက သံသယရှိစရာကောင်းလောက်အောင် ခြေလှမ်းသွက်နေကြတယ်။ စိတ်ကောင်း စေတနာကောင်းရှိသူ အားလုံးကလည်း ပြည်သူလူထုအတွက် လုံခြုံကောင်းမွန်တဲ့ အနာဂတ်တခုအတွက် မျှော်လင့်နေကြတယ်။ ဒါပေမဲ့ နိုင်ငံရေး ဆိုတာ အာဏာပြဿနာဖြစ်တယ်။ လူတိုင်းမှာ ကစားပွဲအတွက် စည်းမျဉ်းစည်းကမ်းတွေ ကိုယ်စီရှိကြတယ်။ ဘယ်ဟာ ကို ပေးပြီး ဘယ်ဟာကို ယူမလဲ၊ အစားခံရမဲ့ပမာဏာ နဲ့ ပြန်လည်ရရှိမဲ့အခြေအနေတွေ တန်မတန်ဆိုတဲ့ အချက်တွေကလည်း အရေးပါတဲ့ စဉ်းစားချက်တွေဖြစ်လာတယ်။

 ဗမာပြည်နိုင်ငံရေးမှ မဟုတ်ပါဘူး။ နိုင်ငံတကာနိုင်ငံရေးဇာတ်စင် ဆိုတာလည်း ဒီအတိုင်းပဲ တည်ရှိနေတာပါ။ တိုကျိုသဘောတူညီမှု မူကြမ်း နဲ့ ကိုပင်ဟေဂင် ထိပ်သီးဆွေးနွေးပွဲတွေ ရဲ့ လျှို့ဝှက်ပါဝါတည်ဆောက်မှု တွေကိုလည်း ရှင်းရှင်းလင်းလင်းသိသင့်ပါတယ်။
ဒီ တပတ် လွတ်လပ်တဲ့ အာရှအသံရဲ့ အင်္ဂါနေ့ညပိုင်း အစီအစဉ်မှာ မောလ်ဒိုက်ဗ် နိုင်ငံ မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးပြဿနာတွေ၊ စစ်အာဏာသိမ်းမှုအကြောင်းတွေကို တင်ပြထားပါတယ်။

သောတရှင်များခင်ဗျား
၂၀၀၁ ခုနှစ်တုံးက အာဖကန်နစ္စတန်နိုင်ငံမှာ ရှေးဟောင်းဗုဒ္ဓဆင်းတုတော်ကြီးတွေကို ဖေါက်ခွဲဖျက်ဆီး ပစ်ခဲ့တဲ့ တာလီဘန်၊ ဘာသာရေးအစွန်းရောက်တွေရဲ့ လုပ်ရပ်တွေကို မှတ်မိကြပါလိမ့်မယ်။ သူတို့ရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ ဗိသုကာ ပညာရှင်တွေ၊ ယဉ်ကျေးမှု အမွေအနှစ်တွေကို ထိန်းသိမ်းချင်တဲ့ လူ့အဖွဲ့အစည်းတွေက တားမြစ်ဆန့်ကျင်ခဲ့ကြပါတယ်။ ဒါပေမဲ့  အယူအဆသည်းမှုတွေ၊ အကြမ်းဖက်ဖျက်ဆီးမှုတွေက ပေါ်ပေါက်နေဆဲပါ။ ဒီတခါတော့ အာဖကန်နစ္စတန်နိုင်ငံမှာ မဟုတ်ပဲ၊ တောင်အာရှ နိုင်ငံတခုဖြစ်တဲ့၊ မော်လ်ဒိုက်ဗ် နိုင်ငံမှာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ အပတ်က မော်ဒိုက်ဗ် နိုင်ငံမှာ စစ်အာဏာသိမ်းမှုတွေနဲ့အတူ၊ အမျိုးသားပြတိုက်ထဲက ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်ဆီးခဲ့ကြတဲ့ အစ္စလာမ်ဘာသာရေး အစွန်းရောက်အဖွဲ့တွေရဲ့လုပ်ရပ်ကိုကြည့်ပြီး၊ အာဏာရှင်စံနစ်ဟာ အစွန်းရောက်ဘာသာရေးတွေအတူတကွခေါင်းထောင်လာပြီ ဆိုတဲ့ သတိပေးချက်တွေကလည်း ဆူညံနေခဲ့ပါတယ်။
တောင်အာရှနိုင်ငံတခုဖြစ်တဲ့ မော်လ်ဒိုက်ဗ် နိုင်ငံဆိုတာ အိန္ဒိယ၊ တရုပ် နဲ့ အမေရိကန်နိုင်ငံတို့အတွက် မဟာဗျူဟာကျတဲ့ ပင်လယ်ရေကြောင်းခရီးတခုဖြစ်ပါတယ်။ ၁၂ ရာစုမှာ ဗုဒ္ဓဘာသာနိုင်ငံတခုကနေ ဆွန်နီ အစ္စလာမ်နိုင်ငံတော် တခုအဖြစ် အသွင်ကူးပြောင်းခဲ့တဲ့ နိုင်ငံလည်းဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် မတိုင်ခင်၊ နိုင်ငံကို နှစ်ပေါင်း (၃၀) နီးပါးအုပ်ချုပ်ခဲ့တဲ့ အာဏာရှင် “မာမွတ်ဂေယွန်” လက်ထက်မှာ ဆိုရင် အကြမ်းမဖက်တဲ့လူထုဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့သလို၊ အတိုက်အခံနိုင်ငံရေးသမားတွေ ထောင်ချီပြီး အဖမ်းခံရ၊ သတ်ဖြတ်ခံခဲ့ရပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဆူနာမီလှိုင်းတွေနဲ့ အတူနိုင်ငံတခုလုံး ငတ်မွတ်ခေါင်းပါး၊ ဝရုန်းသုန်းကားဖြစ်ပြီး လူထုဆန္ဒပြပွဲတွေကို ဆက်တိုက်ရင်ဆိုင်ခဲ့ရတာကြာင့်လည်း၊ အစိုးရဟာ နိုင်ငံရေးအကျဉ်းသမားတွေကို ပြန်လွှတ်ပေးခြင်း၊ ရွေးကောက်ပွဲကျင်းပပြိုင်ဆိုင်စေခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၈ ခုနှစ်မှာ၊ နိုင်ငံရေးအကျဉ်းသမားဟောင်းတဦးလည်းဖြစ်၊ ပြည်ပကိုနယ်နှင်ခြင်းခံရသူတဦးလည်းဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် “မိုဟာမက် နရှီးဒ်” တယောက် ရွေးကောက်ပွဲမှာ၊ အာဏာရှင် ဂေယွန် ရဲ့ ပါတီကို အနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။
“နိုင်ငံတကာအသိုင်းအဝိုင်းကတော့ “မိုဟာမက် နရှီးဒ်” ကို  သဘာဝ ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုဆိုင်ရာကိစ္စတွေကို တက်တက်ကြွကြွလုပ်ကိုင်သူအဖြစ် လူသိများခဲ့တယ်။ ပင်လယ်ရေအောက်မှာ ကျင်းပတဲ့ သူ့ရဲ့အစိုးရအစည်းအဝေးတွေက တဆင့်၊ မော်လ်ဒိုက်ဗ်နိုင်ငံဟာ သူ့တို့ရဲ့နိုင်ငံပင်လယ်ရေအောက် မှာ နစ်မြှုပ်တော့မဲ့အန္တရာယ်ကိုလည်း ကမ္ဘာတဝှမ်းလုံးက အာရုံစိုက်လာအောင်ကြိုးပမ်းခဲ့တယ်။ ၂၀၂၀ ခုနှစ်မှာ ကာဗွန်ဓါတ်ငွေ့ လွတ်ကင်းတဲ့ နိုင်ငံတခုဖြစ်ရမယ် လို့ ဆုံးဖြတ်လိုက်ပြီး ဒိန်းမတ်နိုင်ငံရဲ့ “ကိုပန်ဟေဂင် ထိပ်သီးဆွေးနွေးပွဲ” မှာလည်း ပူးပေါင်းပါဝင်သူတဦးဖြစ်တယ်”
တကယ်တော့ “ကိုပန်ဟေဂင်” ထိပ်သီးဆွေးနွေးပွဲ နဲ့ ညီလာခံက ထွက်ပေါ်လာတဲ့ သဘောတူညီမှုတွေဟာ အင်အားကြီးနိုင်ငံတွေရဲ့ ညစ်ပတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အသက်သွင်းခြင်းဖြစ်တယ် လို့ စွပ်စွဲပြောဆိုခဲ့ကြပါတယ်။  စိမ်းလန်းစိုပြေတဲ့ စီးပွားရေးစံနစ်တခုနဲ့ ကမ္ဘာတခုကို ဦးတည်သွားမယ် ဆိုတဲ့  ကြွေးကြော်သံတွေကို ညီလာခံက အဆိုပြုဟစ်ကြွေးခဲ့ပေမဲ့၊ ထောင်ပေါင်းများစွာရှိတဲ့ သဘာဝဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူတွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုတွေကို ရင်ဆိုင်ခဲ့ကြပါတယ်။ တကယ်တော့ “ကိုပန်ဟေဂင်ညီလာခံ” ဟာ နိုင်ငံပေါင်း (၁၉၀) လက်မှတ်ရေးထိုးခဲ့ကြတဲ့ တိုကျိုသဘောတူညီမှု မူကြမ်း ကို အစားထိုးဖို့ကြိုးပမ်းတာဖြစ်တယ်။ သဘာဝဝန်းကျင် အပေါ် ထိခိုက်အန္တရာယ်ကျနိုင်တဲ့ ဓါတ်ငွေ့တွေလျော့ချဖို့အတွက် ကမ္ဘာ့နိုင်ငံအများစုက ကြိုးစားဖန်တီးခဲ့ကြတဲ့  တိုကျိုသဘောညီမှု စာချုပ်မှာ အမေရိကန်ပြည်ထောင်စုဟာ လက်မှတ်မထိုးခဲ့၊ ပူးပေါင်းပါဝင်မှုမရှိခဲ့ပဲ၊ “ကိုပန်ဟေဂင် ထိပ်သီးဆွေးနွေးပွဲ” ကို ကျင်းပတာဟာ ရိုးသားမှုမရှိဘူး လို့ ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။ မောလ်ဒိုက်ဗ်နိုင်ငံရဲ့ ခေါင်းဆောင်၊ “မိုဟာမက် နရှီးဒ်” ကတော့ သူ့နိုင်ငံအတွက် သန်း (၅၀) ကျော် အကူအညီတောင်းခံရင်း ကိုပန်ဟေဂင်သဘောတူညီမှု စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
“ မိုဟာမက် နရှီးဒ် ရဲ့ သမ္မတသက်တမ်းဟာ မအောင်မြင်တဲ့ ဒီမိုကရေစီလမ်းကြောင်းတခုလို့ ပြောဆိုရမှာဖြစ်တယ်။ သူ့ရဲ့နိုင်ငံတခုလုံးရေအောက်နစ်မြှုပ်မဲ့ အန္တရာယ်ကနေ လွတ်မြောက်ဖို့၊ နိုင်ငံသားတွေကို ရွေ့ပြောင်းဖို့ အတွက် အိန္ဒိယ                 ( ဒါမှမဟုတ်) သီရိလင်္ကာ နိုင်ငံမှာ မြေဝယ်ယူဖို့ကြိုးစားနေချိန်မှာ၊ နိုင်ငံတွင်းမှာတော့ အာဏာရှင်ဟောင်း ဂေယွမ်ရဲ့တပည့်တွေနဲ့ အစွန်းရောက်ဝါဒီတွေက အမေရိကန်ပြည်ထောင်စု ဦးဆောင်တဲ့ ကိုပင်ဟေဂင်သဘောတူညီမှုကို ရှုတ်ချခဲ့ကြတယ်။ တိုင်းပြည်အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းအများအပြားကို နိုင်ငံခြားကော်ပရေးရှင်းတွေရဲ့လက်ထဲထိုးထည့်ရောင်းချနေတဲ့ သူ့ရဲ့ စီးပွားရေးပေါ်လစီတွေကို ဝေဖန်ကြတယ်”
“မိုဟာမက်နရှီးဒ်” ကလည်း သူရင်ဆိုင်နေရတဲ့ အခြေအနေတွေကို သတိထားမိပါတယ်။ ဒါကြောင့်လည်း အာဏာရှင်ဟောင်း ဂေယွမ်ရဲ့ ဒေါ်လာသန်းပေါင်းများစွာခြစားပျက်စီးမှု ကို အရေးယူဖို့အတွက် ကာကွယ်တားဆီးဖို့ကြိုးစားနေတဲ့ တရားသူကြီး ကို ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူထင်သလိုဖြစ်မလာခဲ့ပါဘူး။ အာဏာရှင်ဟောင်း ဂေယွမ်ရဲ့ သစ္စာခံတွေက ဆန္ဒပြပွဲတွေကို ကျင်းပကြသလို၊ ငွေနဲ့စည်းရုံးသိမ်းသွင်းခံထားရတဲ့ ရဲတပ်ဖွဲ့နဲ့တပ်မတော် တို့ဟာ နိုင်ငံတော် အာဏာကို သိမ်းယူလိုက်ပါတယ်။ မောဒိုက်သမ္မတ နရှီးဒ် နဲ့ သူ့မိသားစုကို သမ္မတအိမ်တော်ရာကနေ ဒရွတ်တိုက်ဆွဲခေါ်သွားပြီး သမ္မတရာထူးမှ နှုတ်ထွက်ပေးဖို့ဖိအားပေးခဲ့ပါတယ်။
“ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က မောဒိုက်ဗ်ခေါင်းဆောင် နရှီးဒ် ဆိုတာ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်တယ် လို့ ပြောခဲ့ဘူးတယ်။ ဒါပေမဲ့ မောဒိုက်ဗ် စစ်တပ်က အာဏာသိမ်းတဲ့ အခါကျတော့ အင်အားကြီးနိုင်ငံတွေဟာ အစိုးရသစ်အနေနဲ့ ဥပဒေကိုလေးစားလိုက်နာလိမ့်မယ် လို့ မျှော်လင့်ကြောင်း လောက်သာပြောဆိုပြီး ၊ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ အတွက် အကြံပေးခဲ့တယ်။ မောဒိုက်နိုင်ငံရဲ့ ဒုတိယသမ္မတ ဟာ စစ်အာဏာသိမ်းအဖွဲ့နဲ့ပူးပေါင်းသွားသလို၊ လွှတ်တော်ထဲမှာလည်း အာဏာရှင်ဟောင်းဂေယွမ်ရဲ့ ပါတီခေါင်းဆောင်တွေက တဖြည်းဖြည်းအင်အားကြီးလာခဲ့တယ်လေ။ရာထူးက ဖြုတ်ချခံရတဲ့ သမ္မတ နရှီးဒ်ကတော့၊ သူ့အနေနဲ့ ရွေးကောက်ပွဲတွေကတဆင့် လှုပ်ရှားတက်ကြွလာမဲ့ ပြည်သူတွေရဲ့ အသံကိုသာ နားထောင်ချင်တယ် လို့ ဆိုခဲ့တယ်”
သောတရှင်များခင်ဗျား
“အာဏာရှင်တယောက်ကို တရက်တည်းနဲ့ဖြုတ်ချနိုင်ပေမဲ့ အာဏာရှင်တွေနဲ့ ပတ်သက်ဆက်နွယ် နေတဲ့ ယန္ဓရားလက်တံတွေကို ဖြတ်ချနိုင်ဖို့ ဆိုတာကတော့ နှစ်ပေါင်းများစွာ အချိန်ယူကြရတယ်” ဆိုတာကို အီဂျစ်၊ယီမင်၊  မောဒိုက်ဗ် နဲ့ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံတကာ နိုင်ငံရေးအခင်းအကျင်း တွေက သတိပေးလေ့ရှိပါတယ်။ ကျနော်တို့ နိုင်ငံမှာလည်း ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ကြတဲ့အခါမှာ အင်အားကြီးနိုင်ငံတွေရဲ့ မဟာဗျူဟာကျတဲ့ပြိုင်ဆိုင်မှုနယ်မြေတခု ခပ်ကွင်းတခုအဖြစ် ကျရောက်မသွားဖို့လိုသလို၊ ဒီမိုကရက်တစ်စံနှုန်းတွေကို အလိုမရှိတဲ့ အစွန်းရောက်တွေရဲ့ အန္တရာယ်ကိုလည်း ကာကွယ်နိုင်ဖို့ လိုပါလိမ့်မယ်။ သောတရှင်တို့လည်း ညောင်သီးလည်စား၊ လေးညှို့သံလည်း နားထောင် ဆိုတဲ့ စကားပုံတခုကို သတိယနိုင်ကြပါစေ။


No comments:

Post a Comment