သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Thursday, February 2, 2012

အရိုးပါးရောဂါကို ကာကွယ်ဖို့ အစားအသောက် ပုံစံမှန်ရပါမယ် (myanmar time)

စင်ကာပူနိုင်ငံ Mt. Elizabeth ဆေးရုံတွင် အဆင့်မြင့် အရိုး၊ အကြော၊ အဆစ် ရောဂါကုသမှုဌာနတွင် ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်နေသော အရိုး၊ အကြော၊ အဆစ်ခွဲစိတ်မှုဆိုင်ရာ ဆရာဝန်ကြီး Professor Sarbjit Singh သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ မြန်မာတိုင်း(မ်)သတင်းထောက် ယမုံဖူးသစ်က တွေ့ဆုံမေးမြန်းထားသည်။

အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

Professor Sarbjit Singh
* မြန်မာနိုင်ငံကို ဘယ်အချိန်ကတည်းက လာရောက်ပြီး ကုသမှုတွေ ပြုလုပ် ပေးခဲ့ပါသလဲ။
၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလကတည်းကစပြီး မြန်မာနိုင်ငံက ပန်းလှိုင် ဆေးရုံမှာ လာရောက်ကုသပေးနေတာပါ။ တစ်နှစ်ကို ၁၀ ကြိမ်ကနေ ၁၁ ကြိမ် အထိ လာရောက်ကုသပေးနေပါတယ်။


* ဆရာကြီးအနေနဲ့ မြန်မာနိုင်ငံမှာ အဓိက ဘယ်လိုအရိုးအကြောရောဂါ တွေကို ခွဲစိတ်ကုသပေးပါသလဲ။
အဓိကအားဖြင့် ဒူးခေါင်းရိုးအစား ထိုးခွဲစိတ်ကုသခြင်း၊ ပေါင်ထိပ်ရိုး အစားထိုးခွဲစိတ်ကုသခြင်း၊ မတော်တဆထိခိုက် ဒဏ်ရာကြောင့် အရိုးကျိုးတာတွေ၊ ကလေးတွေမှာ ခြေထောက်ပုံသဏ္ဌာန် ပျက်နေ တာတွေနဲ့ ခါးရိုးဆစ်၊ ကျောရိုးဆစ်တွေမှာ အာရုံကြောညပ်နေတာ တွေကို ဖယ်ထုတ်ပေးတဲ့ ခွဲစိတ်မှုတွေကို အဓိက ပြုလုပ်ပေးပါတယ်။
* ဆရာကြီးရဲ့အတွေ့အကြုံအရ မြန်မာနိုင်ငံမှာ အရိုး၊ အကြော၊ အဆစ်နဲ့ ပတ်သက်ပြီး ဘယ်လိုရောဂါတွေ အဖြစ်များတာကို တွေ့ရ ပါသလဲ။
များသောအားဖြင့် အသက်ကြီးတဲ့ လူတွေမှာ ဒူးနဲ့နောက်ကျောဆိုင်ရာ အရိုး၊ အကြောပြဿနာတွေ၊ တင်ပါးနဲ့ ဒူး ခေါင်းအရိုးအဆစ် ရောင်ရမ်းနာတွေကို တွေ့ရပြီး ကလေးတွေမှာတော့ မွေးရာပါ ခြေထောက်ပုံသဏ္ဌာန် ချို့ယွင်းတာတွေနဲ့ တင်ပါးအရိုးအဆစ် လွဲတာတွေကို တွေ့ရပါတယ်။
* အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ ပြဿနာတွေ ဘာကြောင့်အဓိက ဖြစ်ပေါ်ရပါသလဲ။
အဓိကကတော့ အားကစားလုပ်ရင်း ထိခိုက်မိတာတွေ၊ အသက်ကြီးလာလို့ အရိုးအဆစ်တွေ အားနည်းလာတာနဲ့၊ အဆစ်အမြစ်တွေ ရောင်ရမ်းကိုက်ခဲတဲ့ ရောဂါတွေကြောင့်ပါပဲ။
* အရိုး၊ အကြော၊ အဆစ်ဆိုင်ရာ ရောဂါတွေကို ကာကွယ်ဖို့ ဘယ်လိုဆင်ခြင် နေထိုင်သင့်ပါသလဲ။
ကာကွယ်ဖို့ဆိုရင် အရင်ဆုံးခန္ဓာကိုယ် အလေးချိန်ကိုချဖို့လိုပါတယ်။ အရမ်း အ၀လွန်တာမျိုးတွေ မဖြစ်စေရပါဘူး။ နောက်တစ်ချက် ကတော့ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို အမြဲထိန်းသိမ်းဖို့ပါပဲ။ ခန္ဓာကိုယ်အတွက် ကျန်းမာစေမယ့် ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လမ်း အမြန် လျှောက်ခြင်း စတဲ့ ပေါ့ပါးတဲ့ ကိုယ်လက် လှုပ်ရှားမှုတွေကို ပုံမှန်ပြုလုပ်သင့်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ စိတ်ဖိစီး မှုတွေကို တတ်နိုင်သလောက် ရှောင်ရှားဖို့ပါပဲ။ ဖိစီးမှုတွေက ရောဂါကို ပိုပြီးဆိုးစေလို့ပါ။
* အရိုး၊အကြော၊ အဆစ်လူနာတွေအတွက် ဘယ်လိုလမ်းညွှန်မှုတွေ ပေးချင်ပါသလဲ။
အဓိက ပြဿနာဖြစ်တဲ့ ဒူးဆစ်နဲ့ တင်ပါးဆုံရောင်ရမ်းခြင်းနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် လေးပင်တဲ့အရာ ၀တ္ထုတွေ မတာကို ရှောင်ကြဉ်ရပါမယ်။ ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းရပါမယ်။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် လည်းပြင်းထန်တဲ့ လေ့ကျင့်ခန်း တွေကို ရှောင်ပြီး သက်သက်သာသာပြုလုပ်လို့ ရတဲ့ လေ့ကျင့်ခန်းတွေကိုပဲ ပြုလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းတွေ ပြုလုပ်တဲ့ အခါမှာလည်း အဆစ်တွေကို ပျော့လွယ် ပျောင်းလွယ်အောင် ထားရှိပေးရပါမယ်။ တကယ်လို့ ရောင်ရမ်းနာကျင်မှု တစ်ခုခု ဖြစ်လာပြီ ဆိုရင် နားလည် တတ်ကျွမ်းတဲ့ အရိုး၊ အကြော၊ အဆစ် ဆရာဝန်နဲ့ စောစောစီးစီး သွားရောက် ပြသသင့်ပါတယ်။
* အခုနောက်ပိုင်း အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ အရိုးပါးရောဂါ အဖြစ်များတာကို တွေ့ရပါတယ်။ ကာကွယ်ရမယ့် နည်းလမ်း တွေကိုလည်း ပြောပြပေးပါ။
အရိုးပါးရောဂါဟာ မြန်မာနိုင်ငံမှာလည်း အဖြစ်များတာကို တွေ့ရပါတယ်။ အသက် ၅၀ ကျော်လာတာနဲ့ အမျိုးသမီး တွေရဲ့ကျောရိုး ဆစ်၊ တင်ပါးဆုံရိုးနဲ့ ပေါင်ထိပ်ရိုးတွေ ကျွတ်ဆတ်ပြီးအက်လာတတ်ပါတယ်။ အရိုးပါးရောဂါကို ကာကွယ်ဖို့ အရိုးရှင်းဆုံးနည်းလမ်းက တော့ အစားအသောက် ပုံစံမှန်ရပါမယ်။ အသက်ကြီးလာတာနဲ့ ကယ်လ်ဆီယမ် ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးသင့် ပါတယ်။ နောက်ပြီး သက်သောင့် သက်သာပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ အသက်ကြီးလာတာနဲ့ အရိုးသိပ်သည်းဆကို စစ်ဆေးတဲ့ Bone Density Test ကိုလည်း ပြုလုပ်သင့်ပါတယ်။
* ဆရာကြီးရဲ့ အတွေ့အကြုံနဲ့ ပညာရပ်တွေကို မြန်မာနိုင်ငံမှာ ဝေမျှခဲ့တာတွေရှိရင်လည်း ပြောပြပေးပါ။
လောလောဆယ်မှာတော့ ပန်းလှိုင် ဆေးရုံမှာ ပြည်တွင်းဆရာဝန်တွေနဲ့ ပူးပေါင်း လုပ်ဆောင်နေပါတယ်။ နောက်ပြီးတော့လည်း ပန်းလှိုင်ဆေးရုံအပြင် တခြားဆေးရုံတွေမှာလည်း ဆရာဝန်တွေအတွက် သင်တန်းတွေပေးဖို့ စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံအရိုး၊ အကြော ပညာအဖွဲ့မှာလည်း အခါအားလျော်စွာ ပို့ချခဲ့ပါတယ်။
* မြန်မာနိုင်ငံအနေနဲ့ အရိုး၊ အကြော၊ အဆစ်နဲ့ပတ်သက်ပြီး နိုင်ငံတကာ အဆင့်မီအောင် ဘယ်လိုတိုးမြှင့်သင့်တယ်လို့ ထင်ပါသလဲ။
ပထမအချက်ကတော့ ဆရာဝန်တွေကို လေ့ကျင့်သင်ကြားပေးဖို့ပါပဲ။ဆရာဝန်တွေကို နိုင်ငံခြားတိုင်းပြည်တွေကိုစေလွှတ်ပြီး အဆင့်မြင့်နည်း ပညာတွေ လေ့ကျင့်သင်ကြားပေးဖို့ လိုပါတယ်။ နောက်တစ်ချက်ကတော့ စက်ပစ္စည်းကိရိယာတွေကို အဆင့် တိုးမြှင့်ဖို့လည်း လိုအပ်ပါတယ်။ နောက်ဆုံး တစ်ချက်ကတော့ ဆရာဝန်ကျင့်ဝတ် သိက္ခာကို စောင့်ထိန်းဖို့ပါပဲ။ ကျွမ်းကျင်ပိုင်နိုင်ပြီး လူနာတွေရဲ့ လေးစားမှုကို လိုချင်တဲ့ ဆရာဝန်တိုင်းဟာ ကျင့်ဝတ်ကို လိုက်နာသင့်ပါတယ်။

No comments:

Post a Comment