သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, August 20, 2012

သျှင်ဥက္ကဌ

သျှင်ဥက္ကဌ

2011 May 27
Posted by Shwe Dream
သိမှုဆိုင်ရာပြဿနာများ
(၁) သျှင်ဥက္ကဌဘယ်လဲ…
ဤမေးခွန်းကို အစဦးစွာမေးလိုက်ရသော်လည်း ကျွန်ုပ်တို့တွင် မေးချင်သောစိတ် ပေါ်လာသည်မှာကား သူ၏စာစုအတော်များများကို ဖတ်ပြီးနောက်တွင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် သျှင်ဥက္ကဌကဲ့သို့ ပုဂ္ဂိုလ်မျိုး ပေါ်ပေါက်လာခြင်းသည် ကျွန်ုပ်တို့အဖို့ ၀မ်းနည်းစရာဟု မြင်ရန်အကြောင်း မရှိ ၀မ်းသာစရာကောင်းသော အချင်းအရာတစ်ရပ် ဖြစ်သည်ဟုသာ ထင်မြင်မိသည်။ ဤသို့ဆိုလိုက်သောကြောင့်ျှင်ဥက္ကဌကိုမလိုလားကြသော
ရဟန်းရှင်လူတချို့က ကျွန်ုပ်တို့အား အပြစ်မြင်ကြမည်လား မဆိုနိုင်။ ဤမျှကြီးကျယ်သော သာသနာ့ ဆူးငြှောင့်ခလုတ်ကြီး တစ်ခုပေါ်ပေါက်လာခြင်း ကို ၀မ်းသာရသလောဟု မေးချင်ကြဦးမည်လား မပြောတတ်။ မည်သို့ပင်ဆိုစေ ရှေးမဆွက စကားဦးတွင် ဆိုခဲ့ပြီးသကဲ့သို့ သျှင်ဥက္ကဌအား သာသနာ့ဆူးငြောင့်
ဟူ၍ အဆုံးအဖြတ်ပေးရန် ကျွန်ုပ်တို့တာဝန်မဟုတ်ရကား ဘာမျှမပြောလိုပေ။
သျှင်ဥက္ကဌလို ပုဂ္ဂိုလ်မျိုး ရဟန်းအဖြစ် ပေါ်ပေါက်လာသည်ဖြစ်စေ၊ လူအဖြစ် ပေါ်ပေါက်သည်ဖြစ်စေ ကျွန်ုပ်တို့ ၀မ်းသာရပေမည်။ အဘယ်ကြောင့် သင်တို့ ၀မ်းသာနေရသနည်းဟု တချို့ကမေးချင်ကြပေဦးမည်။ အဖြေမပေးမီ
သျှင်ဥက္ကဌ ရပ်တည်နေသော အခြေအနေကလေးတချို့ကို စာဖတ်သူ ရဟန်းရှင်လူ ပုဂ္ဂိုလ်တို့ သဘောပေါက်ရန် အနည်းငယ် ရှင်းပြလိုပါသေးသည်။ ကျွန်ုပ်စာရေးနေသော စားပွဲပေါ်တွင် သျှင်ဥက္ကဌ၏ စာအုပ်များဖြစ်သော -
(၁) ဗုဒ္ဓလမ်းစဉ် (၂) ဗုဒ္ဓစာချွန်တော် (၃) အနတ္တရောင်ခြည် (၄) ဘ၀ရေစီး (၅) စဉ်ပြိုင်သာသနာ (၆) လူသေလူဖြစ် (၇) အိုယောဂီ သင်ဘယ်ဆီသွားမလဲ စသောစာအုပ်များ ပြန့်ကြဲနေလေသည်။ ဤစာအုပ်ကိုမရေးမီ သူ၏စာအုပ်များ ကို (ယခင်ဖတ်ဘူးသော်လည်း) ထပ်တလည်းလည်း ပြန်ဖတ်ရသည်။
ဖတ်တိုင်း ဖတ်တိုင်း ဤစာအုပ်တွင် ဝေဖန်တင်ပြထားသော ချွတ်ချော်မှု အတွေးအခေါ် ယုတ္တိမတန်မှုများကလွဲ၍ ကျန်အပိုင်းမှာ မြန်မာနိုင်ငံအတွက် အတော်ပင် ကျေးဇူးများကြောင်း တွေ့ရပေသည်။ သျှင်ဥက္ကဌ၏ စေတနာကိုလည်း စာအုပ် တိုင်းလိုမှာပင် တွေ့ရသည်။ ထိုသို့တွေ့ရသောအခါ
ကျွန်ုပ်စိတ်ထဲတွင် ဖြစ်ပေါ်နေသော သျှင်ဥက္ကဌနှင့် ပြင်ပလောကတွင် ဖြစ်ပေါ်နေသော (အများသူငါ စွဲချက်တင်နေသော) သျှင်ဥက္ကဌသည် အတော်ပင် ခြားနားနေပေ တော့သည်။ ကျွန်ုပ်အထင်သာ မှန်သည်ဟူသော အစွဲမျိုးမထားသော်လည်း၊ မိမိတို့အထင်အမြင်တို့ အဘယ်ကြောင့်မတူညီရပါသနည်းဆိုသော
အချက်ကို မူ မေးမြန်းစစ်ဆေးကြည့်ချင်သော စိတ်များ တဖွားဖွားပေါ်လာလေသည်။
သျှင်ဥက္ကဌအား လူသေလူဖြစ်မှစ၍ ရဟန်းပုဂ္ဂိုလ်များနှင့် ဗုဒ္ဓ၀ါဒီလူပုဂ္ဂိုလ် များက အသိများလာကြပြီး ဆန့်ကျင်လာကြခြင်းဖြစ်သည်။ ထို့နောက် သတင်းစာများတွင် ဟိုးလေးတကျော်ဖြစ်လာရာမှ သျှင်ဥက္ကဌ၏ လူသေလူဖြစ် ကိုလည်းမဖတ်ဖူး၊ တခြားစာအုပ်များကိုလည်း မဖတ်ဖူး၊ ဖတ်ဖူးပါသော်လည်း အစအဆုံး ကုန်စင်အောင်နားမလည်သူများ အားလုံးလိုလိုသည် သျှင်ဥက္ကဌအား ဆန့်ကျင်သူများဖြစ်လာသည်။ သျှင်ဥက္ကဌ၏စာပေကို ဖတ်ဖူးသူနှင့် မဖတ်ဖူးသူ နှိုင်းစာလျှင် မဖတ်ဖူးသေးသူ များလှသည်။ ဖတ်ဖူးသူများအနက်တွင်လည်း နားလည်သူနှင့် နားမလည်သူများကို နှိုင်းစာ
လျှင် နားမလည်သူဦးရေက ပို၍များသည်။ သို့ရာတွင် သျှင်ဥက္ကဌကို လိုလားသူ နှင့် မလိုလားသူဦးရေကို နှိုင်းစာလျှင် မလိုလားသူတို့က ပို၍ များနေကြောင်း လူတိုင်းအသိ ဖြစ်သည်။ အဘယ်ကြောင့်ပါနည်း။ စဉ်းစားဖို့အချိန်တန်ကြပြီဟု ကျွန်ုပ်တို့ မြင်သည်။ ထို့ကြောင့် ဤစာအုပ်ကို ရေးချင်စိတ်ပေါ်ခဲ့ရခြင်း
ဖြစ်လေသည်။ သျှင်ဥက္ကဌ၏ စာအုပ်ကိုဖတ်မိသောအခါ မြန်မာနိုင်ငံလို နိုင်ငံမျိုးတွင် နားလည်သူဦးရေနည်းရခြင်း အကြောင်းများကို နားလည်လာမိ ပါသည်။ သျှင်ဥက္ကဌ၏ စာပေများကိုနားလည်လိုလျှင် (က) ဗုဒ္ဓကျမ်းဂန်များကို အတော်အတန် တီးမိခေါက်မိထားပြီးသူများ ဖြစ်ရမည်။ (ခ) လက်ရှိကမ္ဘာပေါ် တွင်
ပေါ်ပေါက်ဖြစ်ထွန်းနေသော အတွေးအခေါ်များ (Contemporary Philosophy) ကိုလည်း အတန်အသင့် ဖတ်ဖူးနားဝရှိသူ ဖြစ်ရမည်။ (ဂ) ခေတ်သစ်သိပ္ပံပညာ တိုးတက်ဖြစ်ထွန်းကြောင်း တရားများကိုလည်း သိရှိထားသူများဖြစ်ရပေမည်။ ယခုမြန်မာနိုင်ငံတွင် သျှင်ဥက္ကဌအား ဆန့်ကျင်နေသူများမှာ
သူ၏ရေးသားဟောပြောမှုများကို မကြိုက်၍ ဆန့်ကျင်ကြသည် ဆိုပါမူ၊ သူ့တရားများကို နားလည်နိုင်သူဦးရေ မည်မျှ ရှိကြပါမည်လဲ။ စဉ်းစားစရာရှိပေသည်။ မှန်သည်မှားသည်ဆိုသော အဆုံးအဖြတ် ကိစ္စမှာ မိမိတို့နားလည်သောကိစ္စတွင်သာ ပြုလုပ်နိုင်ကြသည် မဟုတ်ပါလော။ နားမလည်ပဲ မှားသည်မှန်သည်
အဆုံးအဖြတ်ပေးနေကြသော အလေ့အထကား လွန်စွာစိတ်ပျက်ဖွယ်ရှိလှ၏။
သျှင်ဥက္ကဌ၏ တရားများ မှန်သည်မှားသည်ကို ဝေဖန်တင်ပြမည်ဖြစ်ရကား ဦးစွာသူ့တရားများကို နားလည်ထားရန်လိုပါသေး၏။ သျှင်ဥက္ကဌ၏စာစုများ အားလုံးလိုလို၌ လူသားတို့မှာစွဲထင်နေသော အစွဲ (ဥပါဒါန်) များ ပပျောက်ရေး ကိုသာ ထပ်တလဲလဲ အင်အားရှိသမျှ တိုက်တွန်းထားလေသည်။ အစွဲဆိုရာမှာ လည်း ကြောင်းကျိုးမမှန်၊ ယုတ္တိမတန်၊ အထောက်အထားမရှိသောအစွဲများ ဖြုတ်ကြဖို့
အချိန်တန်ပြီဖြစ်ကြောင်းနှိုးဆော်ထား၏။ သူ၏နောက်ဆုံး ပြုစုခဲ့သော အစွဲပြုတ်၊ တဲကုတ်ရွှေနန်းတော် စာအုပ်သည် ဆိုခဲ့ပြီးသော ဥပါဒါန် ပပျောက်ရေး အကြောင်းကိုပင် ရှေ့ရှုထားသည်ကို တွေ့ရပေသည်။ အစွဲပြုတ် တဲကုတ်ရွှေနန်းတော်ကို သီးသန့်တခန်းဖွင့်၍ တင်ပြဦးမည်ဖြစ်ပေရာ ဤနေရာ တွင်
ထပ်လောင်းမရေးသားလိုတော့ပေ။ ယခုတင်ပြလိုသော အချက်တစ်ချက်ရှိပါသည်။ သျှင်ဥက္ကဌသည် ဗုဒ္ဓသာ သနာဝင်ရဟန်းတစ်ဦးအနေနှင့် ဤမည်သောရဟန်းရှင်လူတို့နှင့် (အထူးသဖြင့် ဗုဒ္ဓ၀ါဒီများ) ဆန့်ကျင်သော စာစုများကို အဘယ်ကြောင့်ရေးသားကာ ဘာသာရေးလှုပ်ရှားမှုကြီး တစ်ရပ်ကိုဖန်တီးနေရပါသနည်း။
ဤမေးခွန်းသည် ဦးစွာမေးသင့်သော မေးခွန်းတစ်ခုဖြစ်၏။ အဖြေကားရှင်း၏။
(၁) သျှင်ဥက္ကဌ သည် ဗုဒ္ဓ၀ါဒကိုလက်ခံစေကာမူ (လက်မခံဟူ၍လည်း ငြင်းမည်မဟုတ်) ယခုခေတ် နိုင်ငံတကာ၌ထွန်းကားနေသော ဗုဒ္ဓ၀ါဒမျိုးကို လက်မခံလိုသူ ဖြစ်သည်။ တနည်းဆိုရပါမူ လူနေမှုစံနစ်တစ်ခုက အတောင်အလက်တပ်ကာ ချဲ့ကားချင်တိုင်းချဲ့ကားပြီး နဂိုဟန်
ပပျောက်နေသော ဗုဒ္ဓ၀ါဒကို လက်မခံ လိုပေ။ ထို့ကြောင့် သူ၏ ဗုဒ္ဓစာချွန်တော် စာမျက်နှာ (၂၄) တွင် အောက်ပါ အတိုင်း ရေးပြထားသည်။ (၇) ဗုဒ္ဓ၀ါဒ၏ သက်တမ်းကား အနှစ် ၂၅၀၀ ကျော် တော့ အတော်ရှည်လျှား ပြီဟု ဆိုနိုင်သည်။ ထို့ပြင်ဗုဒ္ဓဓမ္မ၏ ခရီးစဉ်ကို ဂဏာန်းချ၍ကြည့်ခဲ့လျှင်
မိုင်ပေါင်းထောင်သောင်းကျော်လွန်နေပြီ ဖြစ်သောကြောင့် ၄င်း၏လမ်းစဉ်လည်း မတိုတောင်းလှဟု ဆိုနိုင်သည်။ ထိုမျှရှည်လျှား သော ခရီးစဉ်ကိုမရပ်မနား တွင်တွင်ကြီးနှင်လာခဲ့သော ထိုမျှမကြာငြောင်းတဲ့ အချိန်အတွင်းမှာ ဗုဒ္ဓဓမ္မသည် တိုင်းကြီးအသွယ်သွယ်၊ ပြည်နယ်အစို့စို့၊ မြို့ကြီးရွာကြီး၊ မြို့သိမ်ရွာငယ်
မဖယ်မကွင်းပဲ အလင်းရောင်ကို ပေးခဲ့လေပြီ။ ထိုမျှမကဘဲ ဖြတ်သန်း၍လာရာ နိုင်ငံများကို ဗုဒ္ဓဆိုင်ရာ ယဉ်ကျေးမှုများဖြင့် ကြွယ်ဝစေခဲ့ပြီ။ ထိုသို့ကြွယ်ဝစေသောကြောင့် ထိုထိုဒေသနှင့် ဒေသန္တရတို့က လည်း (ဗုဒ္ဓ၀ါဒကို ကျေးဇူးပြန်ပေးဆပ်သော အနေဖြင့် ၄င်းတို့၏ဒေသဆိုင်ရာ
ဥပါဒါန်အစွဲအလမ်းနှင့်တကွ ပူဇော်မှု၊ ကိုးကွယ်မှု၊ ပသမှုစသည်တို့ကို ရက်ရက်ရောရော မလွှတ်မငြင်းသာအောင် ဇွတ်အတင်းထိုးသွင်း၍ ပေးလိုက် လေပြီ။) သို့ဖြစ်ရာ ဗုဒ္ဓဓမ္မဟူသော သစ်ပင်ကြီးသည် အကိုင်းအခက်အလက် ဝေဆာပြီး ဧရာမရိပ်မြုံကြီးဖြစ်နေလေ၏။ (ဗုဒ္ဓဓမ္မဆိုင်ရာ ဗုဒ္ဓ၀ါဒအစစ်အမှန် ကြီးကို
လိုက်လံရှာဖွေရန် အလွန်မတန် ခက်ခဲတဲ့အခြေသို့ ဆိုက်ရောက်လျှက် ရှိနေချေပြီ။) အထက်က ဖေါ်ပြခဲ့သော သျှင်ဥက္ကဌ၏ တင်ပြချက်မှာ အဘယ်ကို
ဆိုလိုသနည်း။ အလွယ်ဆုံး အရှင်းဆုံးတင်ပြရလျှင်
(က) ဗုဒ္ဓပေါ်ပေါက်ခဲ့သည်မှာ ကြာပြီ
(ခ) ဗုဒ္ဓ၀ါဒကြီးမှာ တိုင်းနိုင်ငံတိုင်းသို့ ပြန့်နှံကာ လူမျိုးတိုင်း၏
ဓလေ့ထုံးစံများနှင့် ရောနှောလျှက်ရှိနေလေပြီ
(ဂ) လူမျိုးတိုင်း၏ ဓလေ့ထုံးစံများ ရောနှောပြီး ယဉ်ကျေးမှု အရောင်မျိုးစုံ ဆိုးထားပြီး ဖြစ်ရကား စင်းလုံးချော ဗုဒ္ဓ၀ါဒကိုမတွေ့နိုင်၊ တွေ့ဖို့အလွန် ခက်ခဲနေလေပြီ ဟူ၍ဖြစ်၏။ ထို့ကြောင့် သျှင်ဥက္ကဌက စင်းလုံးချော ဗုဒ္ဓ၀ါဒကို ရှာသည်ဟုဆိုသည်။ သို့သော် စင်းလုံးချော ဗုဒ္ဓ၀ါဒကို
သျှင်ဥက္ကဌ ရှာပုံတော် ထွက်ပုံ မှန်ပါလေသလော။ ဤမေးခွန်းသည် ကျွန်ုပ်တို့ကြပ်ကြပ်မေး လိုသော မေးခွန်းဖြစ်သည်။
(၂) သျှင်ဥက္ကဌသည် ဗုဒ္ဓ၀ါဒကို ယုံကြည်သည်။ ဗုဒ္ဓ၀ါဒတွင်မှ သမ္မာဒိဌိကို ရှာသည်ဟု သူ၏စာအုပ်အသီးသီးတွင် ဖေါ်ပြရာ၌ ခေတ်အလျောက်
တိုးတက်ဖြစ်ထွန်းလာသော သိပ္ပံပညာကို လက်မလွှတ်ဘဲ မိမိရရ ဆုပ်ကိုင်ထား သည်ကို တွေ့ရသည်။ သျှင်ဥက္ကဌသည် သိပ္ပံပညာမှ ချမှတ်ထားသော
မူလအခြေခံတရားများကိုလည်း ယုံကြည်စွာ လက်ခံထားသူ ဖြစ်ကြောင်း သူ၏ဘ၀ရေစီး စာအုပ်တစ်အုပ်တည်းနှင့်ပင် လုံလောက်သော သက်သေရှိသည်။
တနည်းဆိုရလျှင် ယခင်ကလူသားတို့၌ စွဲထင်နေသော ဥပါဒါန်များကို သျှင်ဥက္ကဌ အစွဲဖြုတ်ရာ၌လည်း ခေတ်သစ်သိပ္ပံပညာမှ အယူအဆများကို သူ၏မူလလက်နက်ကြီးများအဖြစ် သုံးထားသည်ကို တွေ့ရသည်။ ဤကား သျှင်ဥက္ကဌ မငြင်းသာအောင် ရှင်းရှင်းကြီး အထင်းသား ပေါ်နေသော ကိစ္စသာဖြစ်လေသည်။ ဗုဒ္ဓ၀ါဒသည် သိပ္ပံပညာနှင့် အံဝင်ဂွင်ကျ ရှိသည် ဟုပြလိုသည်ကို မဝေဖန်သင့်ဟု ဆိုသော်မှပင် ဝေဖန်ရတော့မည့် အကြောင်းမူကား သူက ဒါဝင်သီအိုရီလောက်ကိုသာ တကဲ့သိပ္ပံပညာဟု ယူဆထားသောကြောင့်တည်း။ သို့ဆိုလေသောကြာင့် ကျုပ်က ခေတ်မဆန်တဲ့ ၀ါဒကို
ခေတ်မှီလာအောင် မီးရှုးတန်ဆောင် ထွန်းပြတာဘဲ ဟူ၍ သျှင်ဥက္ကဌ ဆင်ခြေ ပေးလေဦးမည်လား မပြောတတ်ပေ။ ပေးမည်ဆိုလျှင် ပေးနိုင်ကောင်း သော အချက်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤခေတ်ကြီးတွင် အင်အားကြီးမားသော သိပ္ပံပညာ၏ လွှမ်းမိုးမှုကို လူတိုင်းခံရသည့်အတွက် ဖြစ်သည်။
ထို့ကြောင့် သျှင်ဥက္ကဌလည်း ဗုဒ္ဓ၀ါဒကို သိပ္ပံနည်းကျ၊ ယုတ္တိတန် သော ဘာသာရေးဝါဒ (Scientific Religion) အဖြစ်ဖန်တီးရခြင်းဖြစ်၏။ ဤသို့ ဆိုလျှင် စဉ်းစားစရာဖြစ်လာပြန်၏။ (ရှေးကဗုဒ္ဓ၀ါဒသည် လူမျိုးတကာ၏ ယဉ်ကျေးမှု လွှမ်းမိုးခံနေရသောကြောင့် စင်းလုံးချောမဖြစ်နိုင်ခဲ့သကဲ့သို့ ယခု သျှင်ဥက္ကဌလက်ထက်တွင် ဗုဒ္ဓ၀ါဒသည် သိပ္ပံပညာလွှမ်းမိုးခံရသော (စင်းလုံးချော မဟုတ်သော) ဗုဒ္ဓ၀ါဒပင် ပြန်ဖြစ်ရပြန်လေပြီတကား။ ရှေးကတော့ ဗုဒ္ဓ၀ါဒထဲတွင် ဓလေ့တွေ ထုံးစံတွေ ရောနေ၍ ဗုဒ္ဓ၀ါဒအစစ် မဟုတ်ဟူ၍ဆို၏။ ယခုတော့ သျှင်ဥက္ကဌလက်ထက်တွင် သိပ္ပံပညာလောင်းရိပ် မိသော ဗုဒ္ဓ၀ါဒဖြစ်ချေသောကြောင့် ဗုဒ္ဓ၀ါဒအစစ်ဖြစ်ပြီလော။ ဟုတ်တယ် ဗုဒ္ဓ၀ါဒအစစ်ဘဲ။ ဘာကြောင့်လည်းဆိုတော့ သိပ္ပံပညာဟာ လက်တွေ့ မျက်တွေ့ဖြစ်လို့
မှန်တယ်။ ဒါကြောင့် သိပ္ပံပညာလွှမ်းမိုးမှ သိပ္ပံနည်းတွေ့ ဂွင်ကျမှ ဗုဒ္ဒ၀ါဒဟာလည်းမှန်တော့မပေါ့ဟု သျှင်ဥက္ကဌဆိုချင်ဦးမည်လား။ သို့ဆိုလျှင်ကား အတွေးအခေါ်အတန်ရှိသူများ၏ မျက်မှောက်တွင် သျှင်ဥက္ကဌ၏ အတွေးအခေါ် ယုတ္တိမတန်၊ မှောက်မှားလေပြီ ဖြစ်ကြောင်း လယ်ပြင်တွင် ဆင်သွားသလို
အထင်းသားပေါ်လာပေလိမ့်မည်။ (၃) သျှင်ဥက္ကဌက ဗုဒ္ဓစာချွန်တော် စာမျက်နှာ (၂၅) တွင် တိကျမှန်ကန်သော ဗုဒ္ဓ၀ါဒကား ဥပါဒါန်အဆွယ်အပွါးနှင့် အစွဲအလမ်းများ လုံးဝကင်းစင်၏။ ဟူ၍ ဖေါ်ပြထားရာ၌ သိပ္ပံနည်းကျမှုသည် အဓိကဟုဖေါ်ပြထားခြင်းမရှိပေ။ ၄င်းကိုယ်တိုင်ကလည်း သိပ္ပံပညာနှင့် ဗုဒ္ဓ၀ါဒဘောင်ဝင်အံကျရှိမှ ဗုဒ္ဓ၀ါဒသည်
စစ်မှန်ရမည်ဟူသော ယုံကြည်မှုမျိုး မထားသောကြောင့်ပင် ဖြစ်တန်ရာ၏။ သို့ရာတွင် ဤနေရာ၌ ဥပါဒါန် အဆွယ်အပွါးနှင့် အစွဲအလမ်းများ လုံးဝကင်းသည် ဆိုသော စကားမှာ အဓိပ္ပါယ်အယူအကောက် လွှဲမှားစွာ ကောက်ယူ ရရှိနိုင်၏။ သျှင်ဥက္ကဌသည် ဥပါဒါန်ဆိုရာ၌ အဘယ်ဥပါဒါန်မျိုးကို ဆိုသနည်း ဟုမေးရန်
အကြောင်းရှိ၏။ သို့သော် သူ၏စာစုများကို လိုက်လံရှာဖွေကာ စောကြောကြည့်မည် ဆိုလျှင်ကား၊ နောက်ဆုံး သူ၏ အစွဲပြုတ်တဲကုတ် ရွှေနန်းတော် စာမျက်နှာ (၁၂) တွင်ဖေါ်ပြထားသည့် ဒေသဆိုင်ရာအစွဲ၊ လူမျိုးဆိုင်ရာအစွဲ၊ ယုံကြည်မှုဆိုင်ရာအစွဲ (၀ါ) ကာမစွဲ၊ အယူစွဲ၊ ဓလေ့စွဲ၊ အတ္တစွဲ တို့ပင်ဖြစ်၏။
ထိုအစွဲများအနက်တွင်မှ ကာမစွဲသည် အရှိဝတ္ထုတို့ကို စွဲခြင်းဖြစ် ၍ လွဲမှားသောအစွဲမဟုတ်၊ သို့ရာတွင် အယူစွဲ၊ ဓလေ့စွဲနှင့် အတ္တစွဲတို့ကား မရှိတာကို တွေးတောကြံစည်၍ မရှိတာကို သဲသဲမဲမဲ လိပ်ခဲတင်းလင်း စွဲနေ ကြခြင်းကြောင့် ၄င်းတို့ကို ဖြိုခွင်းရန် အားထုတ်ရမည်။ ဤသို့ ရှင်းလင်းဖေါ်ပြ ခဲ့သည့်အတွက်
မရှိစွဲနှင့် အရှိစွဲတွင် သျှင်ဥက္ကဌက အရှိစွဲသည်မမှား၊ မရှိစွဲသာ အမှားဟူ၍လည်း ကောက်ချက်ချထားပြန်လေသည်။ ဤစကား မှားသည်ဟူ၍ (လူသားအနေနှင့်)
မဆိုသာသော်လည်း ဗုဒ္ဓ၀ါဒတွင် ဘယ်အစွဲပဲဖြစ်ဖြစ် မှားသည်သာဖြစ်၏။ ဤစကားကိုလည်း သျှင်ဥက္ကဌက အထက်တွင်ဖေါ်ပြသည့် အတိုင်း စစ်မှန်သောစင်းလုံးချော ဗုဒ္ဓ၀ါဒသည် ဥပါဒါန်အဆွယ်အပွါး လုံးဝ ကင်းစင်၏ ဟူသောစကားက လုံးဝထောက်ခံပြီးသား ဖြစ်၏။ သို့ပါလျှက် ဗုဒ္ဓ၀ါဒ အစစ်အမှန်ကိုရှာနေသော သျှင်ဥက္ကဌသည် အရှိစွဲဥပါဒါန်ကို မမှားဟု အဘယ့်ကြောင့် ဆိုပါလေသနည်း။ ဥပါဒါန်အဆွယ်အပွါး ကင်းမှ ဗုဒ္ဓ၀ါဒ စစ်မှန်မည်
ဆိုပြီး အရှိစွဲတော့ရှိနိုင်သည်ဆိုခြင်းမှာ သျှင်ဥက္ကဌ စိတ်မနှံ့ပင် ဖြစ်သလောဟု တွေးဖွယ်ဖြစ်လာပါသည်။ သျှင်ဥက္ကဌ၏ ရှေ့စကားနောက် စကား မညီညွတ်မှု၊ အဘိဓမ္မာ တိမ်းစောင်းမှုသည် အထင်းသားပေါ်နေလေပြီ။ ဤနေရာ၌လည်း သျှင်ဥက္ကဌ၏ ရပ်တည်နေသော အခြေအနေကို မြင်သာထင်သာ၏။ အရှိစွဲဆိုရာ၌
သျှင်ဥက္ကဌသည် သဘာဝတ္တသိပ္ပံပညာ၏ အယူအဆများနှင့် လက်တွေ့မျက်တွေ့ဝါဒကို ကိုင်ထားကြောင်းမှာ ထင်ရှားလှ ၏။ ဗုဒ္ဓ၀ါဒမှာကား အနတ္တ၀ါဒသာဖြစ်၍ အရှိစွဲ (အတ္တစွဲ) ကင်း၏။ သျှင်ဥက္ကဌက မူ အရှိစွဲ (အတ္တစွဲ) သည် မှန်သည်ဟု ဆိုချေသည်။ ဗုဒ္ဓပင် မှားသလော၊ သျှင်ဥက္ကဌပင် မှားသလော ဟု မေးရမလိုဖြစ်တော့သည်။ သို့လျှင်ဗုဒ္ဓ၀ါဒကို တစ်ဖက်ကကိုင် တစ်ဖက်ကမူ သိပ္ပံပညာကိုလည်း လက်မလွှတ်ဘဲ ဗုဒ္ဓ၀ါဒတည်း ဟူသော
အဆောက်အအုံတခုကို သိပ္ပံပညာတည်းဟူသော လက်တွေ့ မျက်တွေ့ ၀ါဒအုတ်မြစ်ပေါ်၌ တည်ဆောက်ရန် ကြိုးစားမှုသည် လည်း သျှင်ဥက္ကဌ၏ လုပ်ရပ်တစ်ခုပင် ဖြစ်လေသည်။ သို့သော် သျှင်ဥက္ကဌ သတိထားဖွယ်ကောင်းသော အချက်တစ်ခုမှာ အတွေးအခေါ်ပညာ၌ (Basic) ခေါ် အခြေခံ
မူလအုတ်မြစ်နှင့် (Superstructure) အဆောက်အအုံသည် အမြဲတမ်း လိုက်လျောညီညွတ်မှုနှင့် လိုက်လျောညီမှုရှိရန် လိုသော အချက်ပင် ဖြစ်လေသည်။
သျှင်ဥက္ကဌသည် မည်သူနှင့်ပင် ဆန့်ကျင်စေကာမူ မည်ကဲ့သို့ပင် သျှင်ဥက္ကဌအား ရဟန်းရှင်လူများက ဘာသာရေးရှုထောင့်မှ ကြည့်ရှု၍ ဝေဖန်ကြစေကာမူ ကျွန်ုပ်တို့အနေနှင့် ဘာသာရေးရှုထောင့်က ကြည့်သည် မဟုတ်၊ အတွေးအခေါ်ရှုထောင့်သက်သက်ကသာ ကြည့်ရှုဝေဖန်သည် ဖြစ်၍
(မှားသည်မှန်သည်အပထား၍) မြန်မာနိုင်ငံတွင် တွေးခေါ်မျှော်မြင်မှုဘက်က တိုးတက် ထွန်းကားလာအောင် လှုံ့ဆော်နိုင်သော ဆရာတော်အား ကျေးဇူး များစွာ တင်ရပေမည်။ တွေးခေါ်မျှော်မြင်မှု သဘောတရားသည် လူ့ဘ၀အား ရှေ့ဆောင်၏။ ထို့ကြောင့် အတွေးအခေါ် အမျှော်အမြင်မရှိသော လူ့အသိုင်း
အ၀ိုင်းသည် ဦးတည်ချက်မရှိသော လူ့အသိုင်းအ၀ိုင်းသာ တနေ့တခြား ဖြစ်လာရမည်။
ဤနေရာ၌ ဗုဒ္ဓအဘိဓမ္မာသည် မြန်မာလူမျိုးတို့၏ မြန်မာမှုယဉ်ကျေးမှု များဖြင့် ဘောင်ဝင်အံကျ ရှိနေပြီဖြစ်ရကား၊ မြန်မာ့လူမှု အဆောက်အအုံကို ဦးဆောင်နေသော အဘိဓမ္မာ မဟုတ်လောဟု မေးချင်သူများရှိကြပေလိမ့်မည်။ မေးချင်စရာကောင်းသော မေးခွန်းတစ်ရပ်လည်း ဖြစ်၏။ ဤနေရာတွင်
ကျွန်ုပ်တို့အနေနှင့် ခွဲခြားပြလိုသော အချက်တစ်ချက်ရှိပါသည်။ အမှန်မှာ အဘိဓမ္မာဆိုရာ၌ လောကီအဘိဓမ္မာနှင့် လောကုတ္တရာ အဘိ ဓမ္မာကို ခွဲခြားထားဖို့လိုပေသေးသည်။ ဘာသာရေးဆိုင်ရာ အဘိဓမ္မာသည် လူ့ဘောင်၌ လောကုတ္တရာ ရေးရာများကိုသာ ဦးစားပေး၍ ရှေ့ဆောင်သည် မဟုတ်ပါလော။ လောကီရေးရာ အတွေးအခေါ်များဖြစ်ကြသော လူမှုရေး အတွေးအခေါ် နိုင်ငံရေးအတွေးမှအစ ဒဿနိကဗေဒအဆုံး အားလုံးသည် ပစ္စက္ခလူ့ဘောင်နှင့် သက်ဆိုင်သည်သာ ဖြစ်၏။ ဗုဒ္ဓဓမ္မများတွင် (Philosophy) ခေါ် ဒဿနိကအမြင်သဘော သက်သက်က တစ်ပိုင်းရှိပြီး ဘာသာရေးက တစ်ပိုင်းရှိနေ၏။ မည်သို့ပင်ဆိုစေ ဗုဒ္ဓအဘိဓမ္မာကလည်း ဗုဒ္ဓဘာသာကို အားပေးထောက်ကူ ထားသည်သာဖြစ်၏။ ဤမျှဖေါ်ပြလိုက်ရုံနှင့် စာဖတ်သူ စာနာသူသည် သျှင်ဥက္ကဌ လျှောက်နေသော ခရီးလမ်းမှာ ဘယ်ဆီရောက်နေ
မှန်း သဘောပေါက်လာတန်ကောင်းပြီဟု မှတ်ယူမိပါသည်။ သျှင်ဥက္ကဌသည် ဗုဒ္ဓ၀ါဒ ဗုဒ္ဓအဘိဓမ္မာကို မူလအခြေခံပြောင်း၍ လောကီဆိုင်ရာ ၀ါဒများဖြင့် ပြန်လည်တည်ဆောက်ရန် ကြိုးစားခြင်းကား ဖြစ်နိုင်သော (၀ါ) ဖြစ်သင့်သော ကိစ္စမဟုတ်သည်ကို သာမန်လူပိန်းတစ်ဦးပင် နားလည်ကောင်းသော ကိစ္စတစ်ရပ်သာ ဖြစ်ပေသည်။ (၄) ဗုဒ္ဓစာချွန်တော် စာမျက်နှာ (၂၃) တွင် သျှင်ဥက္ကဌက (အမှန်ဓမ္မသည် အနာဒိဖြစ်၍ ၊ အစလည်းမထင်၊ ထို့ပြင် အနန္တ ဖြစ်သောကြောင့် အဆုံးလည်းမမြင်၊ အမှန်ကားအစအဆုံး ခွဲခြား၍ မရစကောင်း သော တစ်ခုတည်းသော သဘောဖြစ်သည်။ ဟူ၍ အမှန်တရား၏ သဘာဝကို ခွဲပြထား၏။ ကျွန်ုပ်တို့အနေနှင့်
အထက်ပါအမြင်သည် မှားသည်မှန်သည် ကိုမဖေါ်ပြမီ ထိုအယူအဆကား သျှင်ဥက္ကဌ၏ ပင်ကိုယ်အယူအဆသော်၎င်း၊ ဗုဒ္ဓ၏အယူအဆသော်၎င်း မဟုတ်ဘဲ အနောက်တိုင်းအဘိဓမ္မာဆရာတို့၏ အရိုးအရင်းစွဲ အယူဝါဒသာဖြစ်ကြောင်း ဖေါ်ပြလိုပါသည်။ အကယ်၍ အမှန်တရား အနက်ကို ထိုသို့သာ ၀ိဂြိုလ်ပြုပါက ဖြစ်ပေါ်လာမည့် အသိပညာ ဆိုင်ရာပြဿနာ အချို့ကို ထပ်လောင်း ဖေါ်ပြလိုပါသေးသည်။
အနောက်တိုင်း အတွေးအခေါ်များ၌ (Reality) ခေါ် အမှန်ဓမ္မ ကို အောက်ပါအတိုင်း သတ်မှတ်ယုံကြည်သည်။The real substance is infinite, unconditional, absolute and eternal.
သို့ဆိုလျှင် သျှင်ဥက္ကဌယုံကြည် လက်ခံသော အမှန်ဓမ္မသဘောတရားနှင့် အတူတူပင်ဖြစ်၏။ သို့သော် သျှင်ဥက္ကဌက မူမှန်ဓမ္မသည် အနာဒိဖြစ်၍ အစလည်းမထင်၊ ထို့ပြင် အနန္တဖြစ်၍ အဆုံးလည်းမမြင်၊ အမှန်ကား အစနှင့် အဆုံး ခွဲခြား၍ မရစကောင်းသော၊ တစ်ခုတည်းသော သဘောဖြစ်သည် ဆိုရာ၌
အမှန်ဓမ္မသည် နိစ္စထာဝရ ဖြစ်သည်ကိုကား ဖေါ်ပြ၍မထားပေ။ အမှန်ဓမ္မကို အနိစ္စဟူ၍ သုံးသပ်ထားသောကြောင့်လော မပြောတတ်ပေ။ အနိစ္စဆိုလျှင်ကား သျှင်ဥက္ကဌဆိုသကဲ့သို့ အနာဒိလည်းမဟုတ်၊ အနန္တလည်း မဟုတ်နိုင် တော့သည်ကို အနောက်တိုင်း အဘိဓမ္မာများကို နှံ့စပ်သော သျှင်ဥက္ကဌ
နားလည်သဘောပေါက် ပေလိမ့်မည်။ သို့သော် သူဖေါ်ပြသော အမှန်တရား သည် နိစ္စထာဝရဖြစ်မူ အဘယ်အရာကို ရည်၍ဆိုလေသနည်း။ အထက်က သဘောအတိုင်းဆိုရလျှင် (ဗုဒ္ဓ၀ါဒအရ) ဤလောကသံသရာတို့၌ အနိစ္စ၊ ထာဝရဟူသည် ဘယ်အရာရှိသနည်း။ အနိစ္စထာဝရမဟုတ်သော အရာတို့
သည် အဆုံးအစမထင်သော အရာများမဟုတ်ချေ။ အနိစ္စမှန်သမျှ အနန္တ မဖြစ်နိုင်၊ အနာဒိလည်း မဖြစ်နိုင်ချေ။ အနိစ္စမှန်သမျှ၌ ဖြစ်၊ တည်၊ ပျက် ကြ သည်သာဖြစ်၏။ သို့ဆိုလျှင် အစနှင့်အဆုံးရှိပြီး မဟုတ်လော။ သျှင်ဥက္ကဌ အနေနှင့် လောကတွင် အနိစ္စချည်း ဖြစ်ကြသည်ကား မှန်၏။ သို့သော် ထိုအနိစ္စဆိုသော သဘော(ဓမ္မ) ကား၊ နိစ္စထာဝရဖြစ်၏။ ဟူ၍ဆိုဦးမည်လား မပြောတတ်ပေ။ သျှင်ဥက္ကဌသည် သခါင်္ရတရားကိုပင် ထာဝရသစ္စာ၊
အမှန်တရားအဖြစ် ယူသလော၊ ရုပ်ကိုပင် ထာဝရသစ္စာအဖြစ်ယူသလော။
အကယ်၍ သျှင်ဥက္ကဌက ထိုသို့ငြင်းဆိုသည့်တိုင် ပြဿနာကား ရှင်းသွားပြီ ဟူ၍မဆိုသာချေ။ ပို၍ပင် ၀ိဝါဒကွဲပြားရမည့် သိမှုဆိုင်ရာ ပြဿနာတစ်ရပ် ဖြစ်လာပေတော့မည်။ သျှင်ဥက္ကဌအနေနှင့် ခေတ်သစ်တက္ကဗေဒမှ ခြုံယူဆင်ခြင် (Induction) သဘောကို အတော်အတန် တီးမိခေါက်မိထားမည်ဆိုလျှင်
အထက်ကအတိုင်း အဘယ်နိသျှကို အခြေပြု၍ဆိုနိုင်သနည်း ဟူသော မေးခွန်းနှင့် ရင်ဆိုင် ရမည်မှာ မုချဖြစ်တော့သည်။ တစ်နည်း လွယ်လွယ်ရှင်းရှင်း ပြောရလျှင် အနိစ္စ သဘောဓမ္မသည် နိစ္စဖြစ်ကြောင်း အဘယ်နည်းနှင့် သိပါသနည်း ဟူ၍ မေးရပေတော့မည်။ ဤနေရာ၌ ငါ တင်္ခဏုပ္ပတ္တိဥာဏ် (Intuition)
ဖြင့် သိတယ် ဟူ၍ ဆိုမည့် ပုဂ္ဂိုလ်မျိုးမဟုတ်ကြောင်း သူ၏အရေးအသားများက သိသာနိုင်၏။ အဘယ်ကြောင့်ဆိုသော် သျှင်ဥက္ကဌသည် လက်တွေ့မျက်တွေ့ ၀ါဒသမားတဦး ဖြစ်သောကြောင့်ဖြစ်၏။ တစ်နည်းဆိုရလျှင် သူ၏အရေးအသား များအရ သျှင်ဥက္ကဌသည် (Extreme Empiricist) လက်တွေ့မျက်တွေ့
အယူဝါဒ အယုံကျူးသူ ဟူ၍ပင်ဆိုနိုင်သေး၏။ သို့ဆိုလျှင် သျှင်ဥက္ကဌသည် လက်တွေ့ မမြင်ရသော ဤဓမ္မကြီးကို အဘယ်နည်းနှင့်သိနိုင်ပါသနည်း ဟူ၍ ထပ်မေးရန် ရှိပြန်ပါသည်။ တစ်နည်းရှိသည် မမြင်ရသောဓမ္မတရားကြီးကို လက်တွေ့ပြု၍ သိနိုင်သော နည်းတစ်နည်းရှိ၏။ ထိုနည်းမှာ ခြုံယူဆင်ခြင်နည်း
ယုတ္တိဗေဒနည်းပင် ဖြစ်သည်။ ဖေါ်ပြရပါမူ ဥပမာ (လောကတွင်ဖြစ်ဖြစ်သမျှ အရာတို့သည် အနိစ္စချည်း ဖြစ်ကြသည်) ဆိုရာ၌ ထိုသို့ဆိုနိုင်ရန်၊ တွေးခေါ်ရှင်သည် အရာဝတ္ထုတစ်ခုစီကို စစ်ကြည့်၏။ ထိုအခါ၌ သူတွေ့သမျှ၊ ဖြစ်၊ တည်၊ ပျက် ချည်း တွေ့ရ၏။ ထိုအခါ သူသည် (တွေ့သမျှ ပေါ်တွင်
အခြေတည်၍ ကျန်အရာဝတ္ထုတို့မှာ အနိစ္စ ဟုတ်မဟုတ် ထပ်မံ၍ မစစ်တော့ပဲ ယေဘူယျ အားဖြင့် ခြုံ၍ လောကမှာရှိရှိသမျှ အားလုံး အနိစ္စချည်းဖြစ်သည်။) ဟုဆိုလိုက် သည်။ သို့သော် သူလက်တွေ့မျက်တွေ့ သိသောအရာနှင့် မသိသောအရာတို့ တွင် (အားလုံးကိုခြုံ၍ ပြောသောကြောင့်) မသိသောအရာက
အဆပေါင်းများစွာ ပိုသည်။ ထို့ကြောင့်သူ၏ အဖြေသည်လည်း၊ မမှားစေကာမူ လုံးဝမမှန်ချေ။ ဖြစ်နိုင်သည် ဆိုရုံလောက်သာရှိ၏။ အနေကန်ဖြစ်၏။ ထိုအချက်၌ပင် ထိုသို့ အားလုံးခြုံပြောဘို့ရာ လွယ်ကူသော ကိစ္စမဟုတ်သကဲ့သို့ ပြောလိုက်သမျှ မှာလည်း အမြဲတမ်း မှားနိုင်ကြောင်း သတိပြုသင့်၏။
လောကတွင် မိမိတွေ့သမျှ မတည်မြဲဘူး ဆိုသော်လည်း တည်မြဲသောအရာ တွေ့သောအခါ စောစောက မိမိ၏အဆိုမှာ အမှားကြီး မှားပေမည်။ တည်မြဲသောအရာ မရှိဘူးဟူ၍ကော သိနိုင်၊ အတတ်သေချာပြောနိုင်သော အင်အား သျှင်ဥက္ကဌတွင် ရှိပါသလော။ ဤကား တရားလမ်းသင့်ရာ
ဖေါ်ပြခြင်းသာ ဖြစ်ပါသည်။ ဤနေရာ၌ လောကကြီးကို မသိနိုင်ဟူသော အယူသို့လိုက်၍ ကျွန်ုပ်တို့ဆိုခြင်းလည်း မဟုတ်။ လက်တွေ့တစ်ခုတည်းနှင့် ယေဘူယျတရား များကို သိဘို့မလွယ် သည်ကိုသာ ဖေါ်ပြလိုခြင်းသာဖြစ်သည်။ တဖန်တုံ ဆိုခဲ့ပြီးသကဲ့သို့ အနိစ္စချည်းဆိုသည့်တရားကိုပင် (မြတ်စွာဘုရား၏ သဗ္ဗညုတဥာဏ်နှင့် သိခြင်းကလွဲ၍) သျှင်ဥက္ကဌ၏ လက်တွေ့ မျက်တွေ့ ၀ါဒအရ မှန်မှန်ကန်ကန် သိဘို့ရန် မဖြစ်နိုင်လျှင် ထိုအနိစ္စတရားသည် အမြဲ(နိစ္စ) ရှိသည် ဟူ၍ပြောဘို့ရန်မှာ သာ၍ခက်သေး၏။
(ကျွန်ုပ်တို့၏ ရွှေဥဒေါင်းသို့ ပြန်ကြားချက် စာအုပ်တွင် ဓမ္မတာနှင့် သဘာဝဓမ္မတို့ကို ဝေဖန်တင်ပြရာ၌ ခေတ်သစ်သိပ္ပံအမြင်များနှင့် ယုတ္တိဗေဒမှ ဆင်ခြေတို့အကြောင်း အကျယ်တ၀င့်ရှင်းပြထား သောကြောင့် ထပ်မံရေးသား ရန်မလိုတော့ပေ။) (၅) သျှင်ဥက္ကဌကား စာအုပ်များစွာကို ရေးခဲ့ပြီ၊ သူ၏ဗုဒ္ဓ၀ါဒနှင့် သိပ္ပံ အယူအဆများ ရောမွှေထားသော ဖားတပိုင်း၊ ငါးတပိုင်း အဘိဓမ္မာများကိုလည်း များစွာ ပြောခဲ့ဟောခဲ့ပြီ။ အတွေးအခေါ်၌ ယုတ္တိတန်မှုသည် အရေးကြီးပြီး၊ ရှေ့နောက်စကား ညီညွတ်မှုသည် သာ၍အရေးကြီးကြောင်း
သျှင်ဥက္ကဌ သဘောပေါက်ဟန် မတူချေ။ အဆောက်အဦးနှင့် အခြေခံအုတ်မြစ်တို့ ကိုက်ညီမှု၊ လိုက်လျောညီညွတ်မှုသည် အတွေးအခေါ်တစ်ခု၌ သက်ခင်ဖြစ် ကြောင်း သျှင်ဥက္ကဌ သိနားလည်သင့်ပေသည်။ အတွေးအခေါ်စံနစ် တရပ်ကို ပြောင်းလဲလိုသော်၊ အခက်အလက်ကို ချိုင်၍မရ၊ အမြစ်ကလှန်ပြစ်ရသည်။ (၀ါ) အဘိဓမ္မာတစ်ခုကို ပြောင်းလဲလိုလျှင် မူလအခြေခံကို ပြောင်းပြစ်ရသည်။ ရှင်းရှင်းဆိုရလျှင် ဗုဒ္ဓဓမ္မ၏ အခြေခံကို
ဗုဒ္ဓ၏၀ါဒများဖြင့် မထားဘဲ၊ (Evolution) အီဗေါ်လူးရှင်း ကဲ့သို့သော သိပ္ပံရေးရာ ၀ါဒများနှင့် အခြားသိပ္ပံမူလ အခြေခံများ အစားထိုးလိုက်ပါက အထက်က အဆောက်အဦးလည်း ဗုဒ္ဓ၀ါဒ မဟုတ်တော့ဘဲ သိပ္ပံရေးရားဝါဒ တစ်ခုခုသာ ဖြစ်သွားဖွယ်ရှိသည်ကို သျှင်ဥက္ကဌ သဘောပေါက် ပါ၏လော။ ဗုဒ္ဓ၀ါဒ သဘောတရားများသည် သိပ္ပံနည်းကျရှိသည်ဟု ပြလိုလျှင်လည်း၊ ဗုဒ္ဓ၏ လောကအမြင်နှင့် ခေတ်သိပ္ပံ၏အမြင်များကို ယှဉ်နှိုင်း၍ ခိုင်ခိုင်မာမာဖြစ်အောင် ပြဖို့သာရှိပါသည်။ ဒါဝင် သီဝရီကြီးကို ဗုဒ္ဓ၀ါဒတွင်းသို့ အတင်းသွတ်သွင်းလာခြင်းသည် အခြေခံချင်းမတူညီသော အယူဝါဒနှစ်ရပ်ကို အတင်းပေါင်းစပ်ရာ ရောက်နေပေသည်။ အမှန်မှာ ဘာသာရေးနှင့် သိပ္ပံပညာ သည် အခြေခံခြင်း တူနိုင်ပါမည်လော။ စဉ်းစားစရာ ရှိပါသေး၏။ သျှင်ဥက္ကဌသည်
အဘယ်ကိုရည်၍ အဘယ်လမ်းကို လျှောက်လေသနည်း။ စူးစမ်းလေ့လာကြဦးစို့။

No comments:

Post a Comment