သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Monday, July 16, 2012

ကွန်မြူနစ် နှင့် ဆိုရှယ်လစ် ဗိုလ်ချုပ်များ (ဘိုဘိုကျော်ငြိမ်း)အပိုင်း ၎


ဗိုလ်ရဲထွဋ် နှင့် တပ်ရင်း (၃)

ကန္ဒီစာချုပ် အရ PBF တော်လှန်ရေးတပ် တွေဖွဲ့စည်းအပြီး Annual report အပြီးမှာ …ဗိုလ်ရဲထွဋ်ကို သူ့တပ်ရင်းမှူး က မလိုချင်တော့ဖူး။ တပ်ရင်မှူးတွေက အင်္ဂလိပ် ဒုဗိုလ်မှူးကြီးတွေ ….တပ်ရင်း (၄) ကိုပြောင်းဖို့လုပ်လို့ မရရင် ပြုတ်မယ်။ ဒါကြောင့် ဗိုလ်ကျော်ဇော် စီ အကူအညီ တောင်းလာတယ်။ အဲဒီအချိန်မှာ ဗိုလ်စန်းယု က ဗိုလ်မှူးဖြစ်ဖို့ အလှည့်။ ရဲဘော် (၃) ကျိပ်ဝင် ဗိုလ်ရဲထွဋ် အတွက် အနာခံ ခဲ့ကြရတယ်။ ဗိုလ်ကျော်ဇော် ပြောင်းသွားရတော့ ဗိုလ်ရဲထွဋ် တပ်ရင်းမှူး လုပ်ချင်တယ် လို့ဗိုလ်လက်ျာကို သွားပြောလို့ ဗိုလ်ချစ်မြိုင် ဟာ ခေတ္တတပ်ရင်းမှူးက ဒုတပ်ရင်မှူး (2IC) ကို ပြန်ဆင်းပေး ခဲ့ရတယ်။ု ဗိုလ်ရဲထွဋ် က အင်္ဂလိပ်စာ မတတ်ဖူး။ ဗိုလ်ကျော်ဇော် နဲ့မတူတာက ဗိုလ်ရဲထွဋ် ကဗိုလ်ကျော်ဇော်လို မကြိုးစားဖူး။ ဥပမာ အင်္ဂလိပ် လိုမတတ်တာကြောင့် Military Law ကိုနားမလည်ဖူး။ အထက်ကလာ အင်္ဂလိပ်လိုရေးထားတဲ့ အမိန့်တွေကို ကောင်းကောင်း နားမလည်နိုင်ဖူး။ တချိန်ထဲမှာ ဘယ်လို စာပြန် ရမှန်း မသိဖူး။ ဒါကြောင့် မကြာခဏ ဗိုလ်ချစ်မြိုင်ကို အကူအညီတောင်းရတယ်။ ဒါကြောင့် တပ်ရင်း (၃) ကို တပ်ရင်းမှူး ဗိုလ်ရဲထွဋ် ထက် ဒုတပ်ရင်းမှူး ဗိုလ်ချစ်မြိုင် က ပိုပိုင်ပိုင်နိုင်နိုင် ကိုင်နိုင်ခဲ့တာ ၊ ဗိုလ်ရဲထွဋ်ထက် တပ်ကိုပိုသြော်ဇာရှိတာ အခုမှရှင်း သွားတော့တယ်။ တပ်သားတွေ နဲ့ ထိတွေ့ရာမှာရော Admin မှာပါ ဗိုလ်ချစ်မြိုင်ကို မကျော်နိုင်ဖူး။ ပြီးနောက်မှ ရောက်လာတဲ့ တပ်ရင်းမှူး။


စဉ်းစားစရာရှိတာက

ဒီနေရာမှာ စဉ်းစားစရာရှိလာတာက ဗိုလ်စန်းယု ၊ ဗိုလ်စိန်ဝင်း ၊ ဗိုလ်သောင်းကြည် တို့ဟာ ရဲဘော် (၃) ကျိပ် နဲ့ ဆိုရှယ်လစ် ဗိုလ်ချုပ်တွေပြီးရင် စစ်တပ်ထဲမှာ 3rd Line စစ်ဗိုလ်တွေပဲ။ မင်္ဂလာဒုံ ဗိုလ်သင်တန်း ဆင်းစစ်ဗိုလ်တွေကို ပြောတာပါ။ ဂျပန်တော်လှန်တော့ ဒီစစ်ဗိုလ်တွေက ဗိုလ်ချုပ်အောင်ဆန်းထောင်ခဲ့တဲ့ BDA တပ်ကစစ်ဗိုလ်တွေ။ ဂျပန်တော်လှန်ရေး စ တော့ တပ်ရင် (၈) ရင်း ရှိတယ်။ တကယ်တိုက် ရတာ ဒီစစ်ဗိုလ်တွေပဲ။ BIA – BDA –BNA – PBF ထောက်လျှောက် ဒီစစ်ဗိုလ်တွေ နဲ့ အတူ ဗိုလ်ဇေယျ ၊ ဗိုလ်ကျော်ဇော် ၊ ဗိုလ်ရဲထွဋ် တို့က ဗိုလ်နေ၀င်းနဲ့ အတူ တပ်မှူးတွေပဲ။ ထို့အပြင် ရဲဘော် (၃) ကျိပ်ဝင် ကွန်မြူနစ် စစ်ဗိုလ်တွေရှိသေးတယ်။ ထိုမျှမက သခင်စိုးကြီးရဲ့ တောင်းဆိုချက်အရ သူ့ရဲ့တပည့်အရင်း သခင်တင်မြကို တပ်တွင်းမှာ ယူနီဖေါင်းပေးဝတ်ပြီး တရားဝင် စည်းရုံးခွင့် ဗိုလ်ချုပ်အောင်ဆန်းက ခွင့်ပေးခဲ့တာပဲ။

ကွန်မြူနစ်တွေ တောခိုတော့ ဘာကြောင့် ကွန်မြူနစ် တွေဖက်ကို ဒီ စစ်ဗိုလ်တွေ ပါမသွားတာလဲ။ ဗိုလ်နေ၀င်း ကို ပြိုင်ပြီး ကွန်မြူနစ် စစ်ဗိုလ် (၃) ဦးကဘာကြောင့် နိုင်အောင် ကိုယ့်စစ်ဗိုလ်တွေကို မစည်းရုံး နိုင်တာလဲ။

ကွန်မြူနစ်တွေတောခိုအပြီး အပြိုင်တိုက်ကြတော့လည်း ၊ နှစ်ဖက်စလုံးက စစ်ဗိုလ်တွေ ဟာ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းတွေပဲ။ ရန်ကုန်အစိုးရ လို့ အလှောင်ခံရတဲ့ အချိန်မှာ ဗမာစစ်သား တစ်ယောက် စီမှာ ကြည် (၂၁) ထောင့်စီပဲကျန်တော့တယ်။ အလံဖြူ - အလံနီ - ရဲဘော်ဖြူ - ကရင်သူပုန် - ရောင်စုံသူပုန်တွေ ကို ခံတိုက်ရတဲ့ အချိန် - ဗိုလ်ချုပ်နေ၀င်း - စစ်ဦးစီးချုပ် ဖြစ်တဲ့အချိန် က အစိုးရ စစ်တပ် မှာ တပ်သား ၂၀၀၀ လောက်ပဲကျန်တော့တယ်။

ဘာကြောင့် ကွန်မြူနစ် တွေ နိုင်အောင်မတိုက် နိုင်တာလဲ

အစိုးရ စစ်တပ်ဖက် က အဓိက ခံတိုက်မှု ကို ဦးစီးခဲ့တာ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းတွေပဲ။ ကွန်မြူနစ်ဖက် က စစ်ဗိုလ်တွေကလည်း ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း ဆင်းတွေပဲ။ ဘာကြောင့် ကွန်မြူနစ်စစ်ဗိုလ်တွေ ထဲမှာ စစ်တိုက်တော်တာ နံမည်ကျော်တဲ့ ရဲရဲတောက်စစ်ဗိုလ် တွေ မပေါ်ခဲ့တာလဲ။ ကွန်မြူနစ်တွေက တိုက်တိုင်းအောင်လို့သာ လူကြားကောင်းအောင် ဖိအော်နေကြတာ ..လက်တွေ့မှာ ဘယ်တပ်က..တိုက်တိုင်းအောင်လို့လဲ။

ဂျပန်ပြန် ဗိုလ်ဇေယျ ၊ ဗိုလ်ရဲထွဋ် နဲ့ အတူ ရဲဘော် (၃) ကျိပ်ဝင်တွေ ကွန်မြူနစ် တွေဖက်မှာ ရှိတာပဲ ၊ ဘယ်သူ ထူးထူးချွန်ချွန် ရှိတယ်ကြားဖူးပါသလဲ။ ဘယ်သူ ထူးထူးခြားခြား စစ်တိုက်တော်တယ်လို့ နံမည်ကြီးခဲ့ပါသလဲ။ ကွန်မြူနစ်တွေ လိုပဲပြန်ကိုးကားရရင် တရုတ်ပြည်တော်လှန်ရေးမှာ လင်ပြောင် (Lin Biao) ဟာ စစ်ဗိုလ်ချုပ်တွေ အထဲမှာ အငယ်ဆုံး ၊ သို့သော် စစ်တိုက်တော်တယ် ၊ စစ်ဗျူဟာ တော်တယ်လို့ နံမည်ရှိတယ်။ ကာကွယ်ရေးဝန်ကြီးဟောင်း နဲ့ ကိုရီးယားစစ်ပွဲမှာတရုတ်တပ်တွေကို ဦးဆောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး မာရှယ် ပန်ဒူးဝှါ (Peng Dehuai) ဟာ စစ်တိုက်တော်တဲ့နေရာမှာ လင်ပြောင်နဲ့ အပြိုင်ပဲ။ ချန်ကေရှိတ် Jaingxi Soviet ကိုသိမ်းဖို့ကြိုးစားတော့ အောင်မြင်အောင်ခုခံခဲ့တဲ့ စစ်ဗိုလ်ချုပ်ပဲ။  ဗမာကွန်မြူနစ်ပါတီမှာ လင်ပြောင်တို့လို စစ်တိုက်တော်တဲ့ စစ်ဗိုလ်တွေ ကြားဖူးကြပါလား။  တခါ လာ လည်း ဗိုလ်ချုပ်ကျော်ဇော်။ ဗိုလ်ချုပ်ကျော်ဇော်က အင်းစိန်တိုက်ပွဲ  နဲ့ တရုတ်ဖြူတိုက်ပွဲတွေကို  အောင်နိုင်ခဲ့တဲ့ အတွက် နံမည်ကျော်ခဲ့ရတာပါ။ အစိုးရစစ်တပ်က ဗိုလ်မှူးချုပ်။ ဒီလောက်နံမည်ကျော် တဲ့ စစ်ဗိုလ်ချုပ်ကြီး ကွန်မြူနစ်စစ်တပ် လည်းရောက်ရော ကတုတ်ကျင်း research လုပ်ရတဲ့ စစ်ဗိုလ်ချုပ် အဖြစ် အဖျားရှူးခဲ့ရတာပဲ။ အစိုးရ စစ်တပ်မှာ နံမည်ကျော်ခဲ့တဲ့ ဗိုလ်ချုပ်ကျော်ဇော်ဟာ အဘယ်အတွက် ကြောင့် ကွန်မြူနစ်စစ်တပ်ဖက်ကို ရောက်ရော အောင်ပွဲ မခံနိုင်တော့တာလဲ။

ဂျပန်ခေတ်က စစ်တက္ကသိုလ်ဆင်း ဗိုလ်ကြီးတွေ ဘာကြောင့် စစ်နိုင်အောင် မတိုက်နိုင်ကြတာလဲ။ ကွန်မြူနစ် တောခိုတော့ ပါသွားတဲ့ ဗိုလ်ပု ဟာ ဗိုလ်မှူးကြီး စောမြင့်နဲ့ အတူတူ ဂျပန်ကို စစ်ပညာသင်ဖို့ အရွေးခံရတဲ့ အတော်ဆုံး (၃၀) ထဲမှာပါတာပဲ။ ဗိုလ်မှူးကြီးစောမြင့် ဟာ တောင်ငူ တပ်မဟာ (၂) မှူးအနေနဲ့ ဗိုလ်မှူးချုပ်မောင်မောင်တို့ ကိုကရင်လက်က ကွန်မင်ဒို စစ်သားတွေနဲ့ အောင်မြင်အောင်ကယ်တင် ခဲ့တဲ့ စစ်ဆင်ရေးကို ဦးဆောင်တော့ ဂျပန်ပြည်ဘုရင့်စစ်တက္ကသိုလ်ကကျောင်းဆင်းခါနီးမှာ သင်ပေးလိုက်တဲ့ “ တေရှင်ခိရှူး “ လို့ခေါ်တဲ့ စစ်ဗျူဟာကို သုံးခဲ့ကြတယ်။ ၎င်းအောက်ရှိ ဗမာ့သေနပ်ကိုင်တပ်ရင်း (၃) နဲ့ ခလရ(၅) တပ်ရင်မှူးတွေဟာလည်း ၎င်းနဲ့အတူ ပထမအပတ်စစ်တက္ကသိုလ် ကျောင်းဆင်းတွေဖြစ်တာကြောင့် နိပွန်ဆရာတွေသင်ကြားပေးလိုက်တဲ့ စစ်ပညာကိုမှီုငြမ်းပြီးအကောင်းဆုံးဖြစ်အောင် တိုင်ပင် ရေးဆွဲကြတယ်လို ၀န်ခံထားတယ်။ (ဗိုလ်မှူးကြီးစောမြင့် မှတ်တမ်း စာမျက်နျာ ၂၈၁ ၊ အလင်းရောင်စစ်ဆင်ရေး) ။ အဲဒီအချိန်က ဗမာစစ်တပ်ရဲ့ အခြေအနေက ပြောက်ကျားတပ်သာသာပဲရှိတာပါ။ ဂျပန်ပြန်ဗိုလ်ပု တို့လို တောခိုသွားတဲ့ ကွန်မြူနစ် စစ်ဗိုလ်ကြီးတွေ ကွန်မြူနစ်တပ်မနီ ကြီး ၊ ကြီးထွားလာအောင် ၊ အောင်ပွဲ အဆင့်ဆင့် ရအောင် အဘယ်အတွက်ကြောင့် မစွမ်းဆောင် နိုင်ခဲ့ကြတာလဲ။

လူကြောင့်လား။ စနစ်ကြောင့်လား။ မစဉ်းစားသင့်ဖူးလား

ပြိုင်ဆိုင်မှုတွေများခဲ့ကြတယ်

တချိန် က ကွန်မြူနစ်တွေ နဲ့ ဆိုရှယ်လစ် တွေရဲ့ပြိုင်ဆိုင်မှုက အရှိန်မြင့်ခဲ့ကြတယ်။ နာကြည်းမှု က ကြီးမားခဲ့ကြတယ်။ ထို့ကြောင့် တခြားဖက်ဆိုရင် အကောင်းမမြင်နိုင်ကြဖူး။
ဗိုလ်ချုပ်ကျော်ဇော် နဲ့ စကားပြောကြည့်ရင် ဆိုရှယ်လစ်စစ်ဗိုလ်တွေ စစ်မတိုက်ဖူးလို့ ဆိုလိမ့်မယ်။ ဗိုလ်ချုပ်မောင်မောင် တို့နဲ့ စကားပြောကြည့် ရင် အင်္ဂလိပ်စာ မတတ်ဖူး။ ခပ်ထိုင်းထိုင်းတွေလို့ ဆိုလိမ့်မယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မောင်မောင်ရဲ့ စာအုပ်မှာ ဗိုလ်ချုပ်ကျော်ဇော်ကို Honest ဖြစ်တယ်လို့ ၀န်ခံထားတယ်။ သို့ပေမဲ့ Not very bright ဆိုတာလေးကို ထပ်ဖြည့်ထားပြန်တယ်။ အမှန်က နှစ်ဖက်စလုံး မျက်မှန် စိမ်းတွေတပ်ကြည့် နေကြတာ။

စစ်တပ်ဆိုတာက INSTITUTION။ ဒါကြောင့် တဦးကောင်းကြည့်လို့ မရ။ သူ့နေရာနဲ့သူ။ သူ့တာဝန် နဲ့ သူ ရှိကြတယ်။ အားလုံးက တာဝန်ကြေမှ as a whole စစ်တပ်တခုလုံး အနေနဲ့ အောင်မြင်မှာ။

ဒါကြောင့် စစ်တိုက်တော်တာ။ ဌါနချုပ် HQ မှာအုပ်ချုပ်မှုကောင်းတာကို ပဲ ကိုယ့်ဖက်ကိုယ် ယှက် ကြည့်လို့မရ။ Full Context ကြည့်နိုင်ရမယ်

ဒီလို Full Context ကိုကြည့်နိုင်တာ ဗိုလ်ချုပ်အောင်ဆန်းပဲ။

ဗိုလ်ချုပ်အောင်ဆန်း ဟာ စစ်တိုက်တော်တယ်လို့ နံမည်ကြီးတဲ့ စစ်ဗိုလ်ချုပ် မှ မဟုတ်တာ။

သူက စစ်တပ်ကို စတင် ဖွဲ့စည်းရုံ မက ထူထောင်နိုင်တဲ့ စစ်ဗိုလ်ချုပ်ရာထူး ယူထားတဲ့ ခေါင်းဆောင်။ ဘယ်သူု့ ကို ဘယ်နေရာ မှာ ဘယ်လို ခိုင်းရမယ် ဆိုတာကိုကောင်းကောင်း သိတဲ့သူ။ ဗိုလ်ချုပ်အောင်ဆန်း ဟာ ဗိုလ်မောင်မောင် မတော်ရင်သူ့ အနားမှာ ခေါ်ထားပါ့မလား။ ထို့အပြင် ဂျပန်တော်လှန်ရေးမှာ ဗိုလ်ချုပ်က အားလုံးကို ဦးစီးနေရတာကြောင့် သူ့ရဲ့ စစ်တိုင်းမှူးတာဝန်ကို ဗိုလ်မောင်မောင် ကိုလွှဲပါ့မလား။ ဆိုရှယ်လစ် ဗိုလ်မောင်မောင် စစ်တိုင်းတာဝန်ယူလိုက်ရတာမို့ နိုင်ငံရေးမှူး ကွန်မြူနစ် သခင်ဗဟိန်း ပေါ်မလာတော့ဖူး မဟုတ်လား။ ဗိုလ်မောင်မောင်စစ် မတိုက်တတ်ဖူးထင်ရင် ဗိုလ်ချုပ် အောင်ဆန်း ဟာသူ့ စစ်တိုင်းတာဝန်ကို ဗိုလ်မောင်မောင်ကို ဘယ်လွှဲလိမ့်မလဲ။

ထိုနည်းတူစွာပဲ အင်္ဂလိပ်စာ မကျွမ်းရင် Administration နဲ့ paper work မှာ အခက်တွေ့ နိုင်ပေမဲ့ စစ်တိုက်တော်တာ အင်္ဂလိပ်စာ တတ်မှ မဟုတ်ပါဖူး။ ဗိုလ်ချုပ်အောင်ဆန်းက ယုံလို့သာ ဗိုလ်ချုပ်ကျော်ဇော်ကို ဂျပန်ခေတ် စစ်တိုင်းတာဝန်ခံ ခန့်တာပေါ့။

ဗိုလ်မောင်မောင်တို့က Book smart ကလာတာကြောင့် Staff အလုပ်မှာတော်တယ်။ General HQ ကိုပြန်ထောင်တာဗိုလ်မောင်မောင်ပဲ။ ဒါကြောင့် Mary Callahan က သူ့စာအုပ်မှာ “Most army officers from the 1950s consider Maung Maung to be ‘architect’ of the modern army လို့ရေးခဲ့တာပေါ့ ။(စာမျက်နှာ ၁၅၄)။ တပ်မတော် Training Program ၊ တရုတ်ကိုခံ တိုက်ဖို့ military strategy ကိုရေးခဲ့တာ အားလုံးဟာ ဗိုလ်မောင်မောင် ရဲ့ လက်ရာတွေချည်းပဲ။ အင်းစိန်တိုက်ပွဲ မှာတိုက်ခဲ့တဲ့ တပ်တွေဟာ regular army တခုထဲမှ မဟုတ်တာ ၊ UMP စစ်ရဲ နဲ့ စစ်ဝန်ထမ်း တပ်တွေနဲ့ တွဲတိုက်ရတာပဲ။ စစ်ဝန်ထမ်းတပ်တွေကို အလျင်အမြန် ထူထောင်ရတာ ဗိုလ်အောင်ကြီးပဲ။ ဗိုလ်ချုပ်အောင်ဆန်းက တပ်တွေကို လှည့်စစ်ရင်း ဗိုလ်အောင်ကြီး လို နိုင်ငံရေးနားလည်တဲ့ စစ်ဗိုလ်တွေလိုတယ် ဆိုပြီး ဗိုလ်နေ၀င်း ရဲ့တပ်ရင်း (၄) က သူနဲ့ အတူ ပြန်ခေါ်သွားတာပဲ။

ဗိုလ်ချုပ်အောင်ဆန်း က စစ်တပ်ကို Full Context ကြည့်ပြီး သူ့နေရာနဲ့ သူ အားလုံး ကို ဆွဲခန့်သွားတာပဲ။ ဒါကြောင့် ငါတော်တယ် / သူညံ့ တယ်ပြောနေလို့ ဘာမှ အကျိုးမထူးပါဖူး။ သူ့နေရာ နဲ့ သူ အသုံးဝင်ကြတာပဲ။ စစ်တိုက်တော်တဲ့ ဗိုလ်ချုပ်ကျော်ဇော် စစ်တိုက်နိုင်ဖို့ စစ်သား - စစ်လက်နက် - ကျည်ဆံတွေ အားလုံး ဘယ်ကရမှာလဲ။ စစ်တိုက်တော်တဲ့ စစ်ဗိုလ်ချုပ်ဟာ တိုက်စရာ စစ်တပ်မရှိရင် ဘာများ တတ်နိုင်မှာလဲ။ အစိုးရ စစ်တပ် မှာ နံမည်ကျော်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး ဟာ ကွန်မြူနစ်ဖက်လဲရောက်ရော စစ်မတိုက် ရတော့ဖူး မဟုတ်ပါလား။ စစ်မတိုက်ဖူးတဲ့ ဥက္ကဌ သခင်ဗသိန်းတင်ရဲ့ လူရင်း စစ်ကောင်စီ ဥက္ကဌ အောက်မှာ ပြားပြားဝပ် သွားတာပဲ မဟုတ်ပါလား။ လူမှန် နေရာမှန် မပေးနိုင်တာ ၊  စနစ်ကြောင့်လား။

တကယ်စဉ်းစားကြည့်ရင်

တကယ်နက်နက် တွေးကြည့်ရင် ကွန်မြူနစ် - ဆိုရှယ်လစ် ပြိုင်ဆိုင်မှုဟာ ကွန်မြူနစ်တွေ တောခိုသွားအပြီး ပါလီမန်ဒီမိုကရေစီ ခေတ် ၁၀ နှစ် ၁၀မိုး ဆက်ရှင်သန်လျက်ပဲ လို့ပြောနိုင်မယ်ထင်တယ်။ အကြောင်း က ကွန်မြူနစ်တွေ တောခိုတော့ ကွန်မြူန်စစ်တပ် နဲ့ ဆိုရှယ်လစ်စစ်တပ် ဗြောင်ကွဲသွားကြပြီး နှစ်ဖက်စလုံးဟာ အစမှာ ပြောက်ကျားစစ်တပ်တွေ အဖြစ်ပဲတည်ရှိကြတာပါပဲ။  ၁၉၄၉-၁၉၅၀ ခုနှစ်တွေဟာ အဆုံးအဖြတ် ပေးခဲ့တဲ့နှစ်တွေပဲ။ စစ်ပြေပြင်မှာ တိုက်နေရတဲ့ တပ်မှူးတွေဟာ နယ်မြေ militia တွေရဲ့ အကူနဲ့ နယ်မြေထိန်းနိုင်တဲ့ အဆင့်ပဲရှိတယ်။ စနစ်တကျ ထူထောင်ထားတယ်ဆိုတဲ့ ဗဟို ဆိုတာမရှိသေးဖူး။ အစိုးရ စစ်တပ်ဆိုတယ်သာပြောတာ တကယ်က ပြောက်ကျားတပ်သာသာပဲရှိတယ်။ ဒီအားနဲချက်ဟာ အမေရိကန် အကူနဲ့ လှိမ့်ဝင်လာတဲ့ တရုတ်ဖြူ တပ်ကိုရင်ဆိုင်ရတော့ အထင်းကြီးပေါ်လာတယ်။ ဒါကြောင့် ၁၉၅၁ ခုနှစ်မှာ ဗိုလ်ချုပ်နေ၀င်း က နောင် MPS ဟုအမည်တွင် သော ပြင်ဆင်မှုကော်မတီ ကို ဖွဲ့ဖို့ ဒုဗိုလ်မှူးကြီးအောင်ကြီးကို တာဝန်ပေးခဲ့တယ်။ တဖက်ကပြည်တွင်း စစ် ကိုတိုက်နေရတဲ့ အချိန်မှာ ad hoc ဖြစ်ကတပ်ဆန်း  နေ့တဓူဝ ဖြစ်ရပ်တွေနဲ့ပဲ အချိန်ကုန်နေကြရတယ်။ ကျကျနန စဉ်းစားပြီး ရေရှည်အတွက်ပြင်ဆင်မှုမရှိဖူး။ ဒါကြောင့် ရေရှည်ဗျူဟာဆွဲပြီး စစ်တပ်ကို တည်ဆောက်နိုင်မဲ့ Planning Staff လိုတယ်လို့ ရေးပြထားတယ်။ အစိုးရ စစ်တပ်ဟာ ပြည်တွင်းသူပုန်ကိုသာ ဖြစ်သလိုတိုက်နိုင်တယ် ၊ တရုတ်ဖြူလို ပြည်ပ ရန်ကိုရေရှည် မတိုက်နိုင်တာရှင်းတယ်။

၁၉၅၁ ခုသြဂုတ်လ မှာ စစ်ရုံးကိုရောက်လာတဲ့  ဗိုလ်မောင်မောင်ဟာ MPS ဟာ ဟိုဖတ် ဒီဖတ် ဟိုတွေးဒီတွေး နဲ့ဘာမှ မယ်မယ်ရရ လုပ်ထားတာမတွေ့ရဖူး။ အစိုးရ နဲ့ စစ်တပ်အတွက် အဓိက အန္တရယ်က တရုတ်ဖြူတပ်တွေက အမေရိကန် အကူနဲ့ တရုတ်ပြည်ကြီးထဲကို ယူနန်ကပြန်ဝင်ဖို့ ကြိုးစားနေကြတယ်။ ရှမ်းပြည်မှာ တရုတ်ဖြူတပ် တွေတပ်ဆွဲထားတယ်။ တရုတ်နီတပ် တွေ တရုတ်ဖြူတပ်ကို ရှင်းဖို့ လှိမ့်ဝင်လာပြီး ဗမာပြည်ကိုဝင်သိမ်းမှာကိုကြောက်တာပဲ။ ဒီအန္တရယ်ကို လက်တွေ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာက ပြဿနာပဲ။ ဗိုလ်မော်မောင်ရဲ့ တင်ပြချက်က သံလွင်မြစ် သည်ဖက်ကမ်း က တရုတ်တပ်တွေ ကို  (၃) လ ကုလသမဂ္ဂ ကတပ်တွေဝင်မကူနိုင်ခင် ခံတိုက်နိုင်ဖို့ပဲ။ ဒီအစီအစဉ် နဲ့ ဗဟိုစစ်ရုံးကို ဗိုလ်မောင်မောင် နဲ့ ဗိုလ်အောင်ကြီးတို့ ပေါင်းပြီးတည်ဆောက်ကြတာပဲ။ ဒီအစီအစဉ်ကို အကောင်အထည်ဖေါ်ဖို့ ငွေလိုတယ်။ အစိုးရမှာ ဆိုရှယ်လစ်ခေါင်းဆောင်တွေရှိပေမဲ့ ၀န်ကြီးချုပ်ဦးနု သဘောတူဖို့လိုလာပြန်တယ်။ ဗိုလ်အောင်ကြီးက ဦးနုရဲ့လူယုံ။ ဦးနု ကိုကိုင်နိုင်ဖို့က ဗိုလ်အောင်ကြီးရဲ့ တာဝန်။ (Mary Callhan စာအုပ် Reorganization of the Tatmadaw စာမျက်နှာ ၁၅၉ -၁၆၉)

တကယ်တော့ စစ်တပ်ဆိုတာ စနစ်ရှိဖို့လိုပါတယ်။

ကွန်မြူနစ်တွေဖက်က အဖြစ်အပျက်တွေကို Mary Callahan တို့လို သုတေသန ပြုပြီး ဖေါ်ပြမှု မရှိတဲ့ အတွက် အတိအကျ မပြောနိုင်ပါ။ စာရေးသူ ဥါဏ်မှီသလောက် သုံးသပ်ကြည့်ရတာ ကွန်မြူနစ်စစ်တပ်ဟာ နေ့တဓူဝ ad hoc အဆင့်ကထက်ပိုပုံ မရဖူး။ ပြောက်ကျားစစ်ပွဲမှာလည်း နိုင်အောင်တိုက်ပြီး နယ်မြေထိန်းနိုင်ဖို့ဟာ အရေးကြီးပါတယ်။ ဒီကတဆင့် တပ်ကိုထူထောင်နိုင်ဖို့ ကအရေးကြီးတယ်။ တရုတ်ဥပမာ ကိုယူရင် မော်စီတုန်း ဆိုတာ ပြောက်ကျားဗိုလ်ကြီးပဲ။ Long march ဆိုတာ ချန်ကေရှိပ် တပ်တွေရဲ့ ထိုးစစ်ကြောင့် တပ်နီကြီး အချေမှုန်း ခံရမှာစိုးရိမ်လို့ ထွက်ပြေးရတာပဲ။ နောက်ဆုံး စစ်သားထောင် ဂဏန်းလေးပဲကျန်တော့တာပဲ။ ဒီကမှ ကုပ်ကပ်တက်လာပြီး စစ်ကိုရသလောက် နိုင်အောင် တိုက် ၊ နယ်မြေသိမ်းထားနိုင်အောင်ကြိုးစားပြီး တပ်နီကြီးကို ပြန်ကြီးထွားအေင်ကြိုးစားယူရတာပဲ။ ဒီလို ပြန်ထူထောင်တဲ့ နေရာမှာ ခေါင်းဆောင်မှုက အရေးကြီးလာတယ်။ တရုတ်တွေက ကနဦးအစ ကတည်းက စစ်တပ်ကို စစ်ကောင်စီနဲ့ပဲ အုပ်ချုပ်တယ်။ စစ်ကောင်စီကပဲ ဗျူဟာရော ၊ planning ပါဆွဲတာပဲ။ မော်စီတုန်းကို အတုယူစရာကောင်းတာက မော်ဟာ စစ်ဗျုဟာကိုကောင်းကောင်း နားလည်တဲ့ နိုင်ငံရေးသမား။ စစ်ဗိုလ်ချုပ် မဟုတ်ဖူး။ ဒါကြောင့် သူ့ရဲ့  8th Route Army ကိုဦးစီးတိုက်တာ ချုတေး (Zhu De) ။ အသေးစိပ်ဝင်ရှုပ် ပုံမပေါ်ဖူး။ တိန်လျောက်ပိန် က 4th Route Army ရဲ့ နိုင်ငံရေးမှူး လုပ်တော့လည်း ထို့နည်း၎င်း ပဲ။ ဗမာကွန်မြူနစ် ပါတီ မှာ နိုင်ငံရေးမှူးက စစ်ရေးတာဝန်ခံ ရဲ့ အထက်က လို့နားလည်တယ်။ မှန်ခဲ့ရင် ဗမာကွန်မြူနစ်ပါတီ ဟာ ၀ါဒရေးကို ဦးစားပေးလွန်းပြီး စစ်ရေးမှာ ၀င်ရှုပ်ကြပုံရ တယ်။ သေခြာတာက တော့ ရန်ကုန်အစိုးရအချိန် ၊ စောစောပိုင်းမှာ ရထားတဲ့ စစ်ရေးအောင်မြင်မှု တွေကို Capitalized မလုပ်နိုင်ဖူး။ ရေရှည်ကိုကြည့်ရမဲ့ Forward Thinking နဲ့ Planning မှာအားနဲတယ်လို့ ထင်မိတယ်။

ဗိုလ်ဇေယျ ဟာ ဂျပန်တွေစီက training ရတဲ့အပြင် ဂျပန်ခေတ်မှာ စစ်အရာရှိချုပ် Chief-of-staff လုပ်ခဲ့ဖူးတာပဲ။ ထို့ပြင် ၁၉၆၃ခု ငြိမ်းချမ်းရေး ခေါ်မှ တရုတ်ပြည်ကပြန်ရောက်လာတာပဲ။ စစ်တပ်ထောင်တဲ့ အတွေ့အကြုံ ရှိခဲ့တဲ့သူပဲ။ ဗိုလ်မောင်မောင်တို့ ဗဟိုစစ်ရုံး ကိုစနစ်တကျ တည်ဆောက်တော့ ဂျပန်ခေတ်က အတွေ့အကြုံ ကိုမှီတာပဲလို့ Mary Callahan ကဆိုခဲ့တာပဲ။ ဘာကြောင့် ကွန်မြူနစ်တွေ ပြောက်ကျားဘ၀က မကျော်နိုင်တာလဲ။ စစ်ဗဟိုဌါနချုပ်ကို ထောင်ပြီး စစ်နိုင်အောင်မတိုက်နိုင်တာလဲ။ နယ်မြေနိုင်အောင် မထိန်းနိုင်တာလဲ ဆိုတာတွေကို အခွင့်အရေးရရင် သုတေသန လုပ်ချင်တယ်။

ကိုယ်အီးကိုယ် ပြန်ရှူမိသောကွန်မြူနစ်

တကယ်စစ်ပွဲကြီးတွေ အနိုင်ရတာ implementation ကြီးပဲမဟုတ်ဖူး။ Planning ကောင်းလို့ပါ။ ဒုတိယကမ္ဘာစစ်က Patton တို့က နာမည်ကြီးချင်တယ်။ ရှေ့ကထိုးတိုက်သွားတယ်။ နောက်က Bradley တို့ Marshall တို့က အထောက်အကူ support ပေးနိုင်လို့ အောင်မြင်တာပဲ။ ဥရောပကို တက်သိမ်းတဲ့ နော်မင်ဒီ စစ်ပွဲမှာ စစ်တိုက်ရာမှာ နံမည်ကြီးတဲ့ Patton လက်ထဲမအပ်ပဲ ကွက်ကဲမှုတော်တဲ့ Eisenhower ကိုဦးစီးစေတာပဲ မဟုတ်ပါလား။ ကွန်မြူနစ်တွေက Rhetoric သိပ်များသွားပြီး တကယ် လုပ်ရမဲ့ planning နဲ့ preparation ကိုမေ့သွားပုံရတယ်။ ဒုကာကွယ်ရေးဦးစီးချုပ် က စစ်တိုက်တော်တဲ့ ဗိုလ်မှူးကြီး တင့်ဆွေကို တပ်မ (၇၇) ဖွဲ့စေပြီး ဗကပ ဗဟိုကိုရှာပြီးချေမှုန်းဖို့ အမိန့်ပေးနေချိန်မှာ သခင်သန်းထွန်းတို့ က ပီကင်းပြန်တွေကို အားယူပြီး ဂိုရှယ် တို့ ရဲဘော်ဌေး တို့ကိုသုတ်သင် နိုင်ဖို့ မာ့က်စ် လီနင်ကျောင်း တွေထောင်ပြီး ၀ါဒရေးသင်တန်း တွေနဲ့အချိန်ကုန်နေကြတယ်။ စစ်ဗိုလ်တွေ စစ်တိုက်ဖို့ မလုံးပန်းနိုင်ဖူး။ ၀ါဒသင်တန်းလာတက်နေရတယ်။ နောက်ဆုံး ဖြတ်-လေး-ဖြတ် နဲ့ အစိုးရက ကိုင်တော့ သိန္ဒီတံထား တိုက်ပွဲမှာ အောင်မြင်ခဲ့တဲ့ ဗိုလ်မှူးချုပ်သန်းတင် ကို တိုင်းမှူးခန့်ပြီး တပ်မ (၇၇) နဲ့ ၀င်ထိုးတာပဲ။ ဗိုလ်မှူးချုပ်သန်းတင်ဟာ ဂျပန်ဗိုလ်သင်တန်း ပထမ အပတ်ဆင်းပဲ။

နောက်ဆုံးတော့ ဘယ်ပါတီ ၊ ဘယ်စစ်တပ် ၊ မဆို (ရှုံး) တယ်ဆိုရင် နိုင်ငံရေး ၊ စစ်ရေး ခေါင်းဆောင်မှု ညံ့ဖျင်း လို့ပဲလို့ ယူဆရမှာပဲ။

စာရေးသူရဲ့ သုံးသပ်ချက် ကတော့ အစိုးရတပ် တွေဟာ ရှေ့တန်းမှာ တိုက်နေရတဲ့ အချိန်မှာ နောက်တန်းလုံအောင် ဗိုလ်ချုပ်မောင်မောင် တို့က တည်ဆောက်သွားနိုင်တယ်။ ဗိုလ်ချပ်နေ၀င်း က အားလုံးကို အုပ်ချုပ် သွားနိုင်တယ်။ ဗိုလ်ချုပ်နေ၀င်း သူအာဏါ ရရှိရေးအတွက် စစ်တပ်ကို အသုံးချ သွားတာ က သပ်သပ် ဆွေးနွေးသင့်တယ်။

နွားကွဲရင်ကျားကိုက်တတ်တယ်

ဒီမိုကရေစီ ဆိုတာ Diversity ကို အားပေးတယ်။ ဒီ Diversity က Factional Politics ကို ဖေါ်ထုတ်တယ်။ ဒီ အုပ်စု တွေက အုပ်စု အချင်းချင်းအားပြိုင်မှု ကို ဖေါ်ထုတ်တယ်။ နောက်အရေးကြီးတဲ့ အချက်က ဒီအားပြိုင်မှု ကို သတင်းသမားတွေက ဘေးက ၀ိုင်းပြီး ဘေးတီးပေးတယ်။ Mr Bucknell ရေးတဲ့ U Nu of Burma မှာ ဗမာသတင်းသမားတွေ မက နိုင်ငံခြားသတင်းသမားတွေ ကပါ တကယ်အာဏါရှိတာ ဆိုရှယ်လစ်ခေါင်းဆောင်တွေပါ ဆိုတော့ ဦးနု ကို ဆွပေးတာနဲ့ အတူတူပဲ။ ဒီအချိန်မှာ အာရှကို အလည်လာတဲ့ အင်္ဂလိပ်ဝန်ကြီးချုပ်က ဦးနု နဲ့ မင်္ဂလာဒုံလေဆိပ် မှာတွေ့ ဖို့စီစဉ်တော့ ဦးဗဆွေ နဲ့ ဦးကျော်ငြိမ်းကို လည်း ခေါ်ထားပါလို့ ခွင့်တောင်းလာတော့ ခံစားစရာဖြစ်လာတော့တာပေါ့။ ပိုဆိုးတာက အာဏါရှိတယ်ဆိုတာနဲ့ အနားကပ်ဖို့ ကြိုးစားသူ အများစုဟာ အခွင့်အရေး ကိုမျှော်ကိုးပြီး လာကြတာပဲ။ ဒီလူတွေကပဲ ကပ်ပြီး မြှောက်ပေးကြတာပဲ။ အားလုံဝိုင်း ဘေးတီးပေးကြတော့ ကြာတော့ အက်ကွဲလာကြတာပေါ့။ ဒါကြောင့် အာဏါဆိုတာသိပ်ကြောက်ဖို့ကောင်းပါတယ်။ စိတ်ခိုင်ဖို့လိုတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့လို တိုင်းပြည်အတွက်ပဲ ဆိုတဲ့စိတ်မွေးဖို့လိုတယ်။

၁၉၆၀ ရွေးကောက်ပွဲပြီးတော့ ဦးနုနဲ့ ဦးကျော်ငြိမ်းတို့ ပြန်တဲ့သွားကြပြီ။ ညနေဆို ၀န်ကြီးချုပ်က Fiat ကားအပြာလေးနဲ့ ဦးကျော်ငြိမ်း အိမ်ကိုရောက်ရောက်လာတတ်တယ်။ ဒီအချိန်မှာ စစ်တပ်ကို ဘယ်လိုကိုင်ရမလဲ ဆိုတာကို တာတပေါ ဆိုတဲ့ သင်္ဘောပေါ်မှာ တိုးတိုးတိပ်တိပ်ဆွေးနွေးကြတယ်။ ကံဆိုးတော့ ဗိုလ်ချုပ်နေ၀င်း သိသွားတယ်။ နိုင်ငံရေးဆိုတာ လျှင်မှ။

အချက်အလက် အမှန်ကိုသိနိုင်မှ

စာရေးသူတို့ နိုင်ငံရဲ့ နိုင်ငံရေးမှာ ကွန်မြူနစ်တွေ ရဲ့ ၀ါဒဖြန့်ချီရေး ဥါဉ် နဲ့ စိတ်ဓါတ်က ရိုးတွင်းချဉ်စီ အထိစွဲ နေကြပြီ။ တကယ့်အချက်အလက် ထက် မိမိ ပြိုင်ဖက် (သို့) ရန်ဖက် ဆိုရင် လက်ဦးအောင် နံမည်ဖျက် ထားလိုက်ရမှ။ အချက်အလက်မှန်အောင် ကြိုးစားပြီး သုတေသန လုပ်ဖို့ထက် ကြားသမျှ အတင်း နဲ့ သတင်းကိုရောသမ ပြီး ရေးထဲ့လိုက်ကြတာပဲ။ မိမိရဲ့ ထင်မြင်ချက်ကို လည်း ရာဇ၀င်အချက်အလက် သဘောရေးထဲ့ လိုက်ကြတာပဲ။ အကြောင်း က ကွန်မြူနစ် တွေရဲ့ ပင်ကိုယ်စရိုက် ကိုက မှန်ရဲ့လားလို့ စောဒက တက်ဖို့မှ မဟုတ်ပဲ။ အဆင့်ဆင့် ခေါင်းဆောင်က ပြောတာအမှန်ပဲ။ သဘာဝကျတာ ၊ Logical ဖြစ်တာ ၊ မဖြစ်နိုင်တာ အရေး မဟုတ်။ Politics is Perception ဆိုတဲ့အတိုင်း ရန်ဖက် ကိုသိက္ခာချဖို့ က အဓိကလာဖြစ်ကြတာကိုး။

မကြာသေးခင် က ကွန်မြူနစ်တွေကို အသားပေးတဲ့ ၀က်ဒ်ဆိုက်ဖြစ်တဲ့ (နေ့သစ်) ၀က်ဒ်ဆိုက်မှာ ဗိုလ်ချုပ်နေ၀င်း အကြောင်းဆောင်းပါးတက်လာတယ်။ ဗိုလ်ချုပ်နေ၀င်းရဲ့ ဘ၀ဖြစ်စဉ်ပါ။ မသိတဲ့သူဖတ်ရင်တော့ ဖတ်လို့ကောင်းပေမဲ့ ဗိုလ်ချုပ်နေ၀င်းအကြောင်းကို ဂဃနဏ လေ့လာထားသူ တစ်ဦးအဖို့ကတော့ Tabloid ဆန်လွန်းတယ်။ Yellow Journalism ဆန်လွန်းတယ်။ အတင်းနဲ့ သတင်းကို ရောမွှေထားတာ။ ဥပမာ ဦးနေ၀င်းကျောင်းထွက်ရတာ ရေးပြအပြီးမှာ ဦးနေ၀င်း ကိုခပ်ထိုင်းထိုင်းပုံသဏ္ဍန်ဖေါ်ပြထားတယ်။ ဦးနေ၀င်းဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ၊ ဦးကျော်ငြိမ်းတို့လို စာဂျပိုး မဟုတ်ဖူး။ သို့သော် Street smart။ နိုင်ငံရေးကစားကွက်မှာ ဂျင်အပေါ်ကထုံး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ခေါ်တော့ ကွန်မြူနစ်တွေက မြေပေါ်မြေအောက် ကွန်မြူနစ်တွေပြန်တွေ့ခွင့် ရပြီ ၊ ပျက်နေတဲ့ ကွန်ယက်တွေ ပြန်ဆက်ခွင့်ရပြီ ၊ သခင်ဗသိန်းတင် တောင် ဗကပ ဗဟိုစီ သွားခွင့်ရပြီ ဆိုပြီး ငါတို့တော်လှချီရဲ့ ..လို့သွေးနထင်ရောက်အောင် ၀င့်ကြွားနေတဲ့ အချိန်မှာ ဗိုလ်ချုပ်နေ၀င်း က မျှော်လင့်ချက် (HOPE) ပေးပြီး ရဲဘော်ဌေုးတို့လို moderate တွေကို အပင်းထဲ့ပေးလိုက်တာ။ ရဲဘော်ဂိုရှယ် နဲ့ သခင်သန်းထွန်းတို့ ရဲ့ ပဋိပက္ခ ကိုလည်း မသိပဲနေမှာတဲ့လား။ ယဉ်ကျေးမှုတော်လှန်ရေးကို မြင်ပြီး သွေးကြွနေတဲ့ ပီကင်းပြန်တွေကို ဗဟိုကိုပြန်ထဲ့ပေးလိုက်တာ။ ရလဒ်က ဟင်္သာကိုးသောင်း ပျက်တဲ့ ၊ ရာဇ၀င်မှ ဖျက်မရတဲ့ … အမဲစက်ထင်စေတဲ့ ဖြုတ်-ထုတ်-သတ် ဇာတ်လမ်းပါပဲ။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတော့ ရန်ကုန်ဆင်းလာတဲ့ ဗိုလ်နေ၀င်းဟာ အဦးဆုံးသခင်သန်းထွန်းစီ ၀င်ပြီး ခင်ဗျားတို့ကို အားကိုးပါတယ် ၊ ယုံပါတယ် ဆိုပြီး ကပ်ထဲ့သွားတာ ကွန်မြူနစ်ဥက္ကဋ္ဌကြီး ဟတ်ထိ သွားရတယ်။ ငြိမ်းချမ်းရေး ခေါ်တဲ့ပွဲမှာ ဦးနေ၀င်းစီ ရေးတဲ့ သခင်သန်းထွန်းရဲ့ စာမှာ (သတိရသေးတယ်ဗျာ) ဆိုပြီး ဖေါ်လန်ဖါးပြီး ချွဲချွဲပြစ်ပြစ် ရေးထားလို့သာ ကွန်မြူနစ်တွေ ငြင်းမရတာ။ မာ့က်စ်ဝါဒ နဲ့ လီနင်ရဲ့ ဗဟိုဦးစီး စနစ်ကို ငပိသုပ် ဘိန်းမုန့်ညှပ်ပြီး (အညမည) ပါဆိုပြီး ငြာရောင်း။ ကွန်မြူနစ် တွေကို ငါတို့လည်း ဗဟိုဦးစီး စနစ် ကိုယုံပါတယ် လို့ နားလှည့်ပါးရိုက် မျက်စ ပစ်လိုက်တော့ ကွန်မြူနစ်တွေ တပြုံ ကြီး အလင်းဝင်လာပြီး မဆလပါတီကို ၀င်ကြပြန်ရော။ ကွန်မြူနစ်တွေ အစုလိုက် အပြုံလိုက် အလင်းဝင်လာကြတာ ဗကပ တွေအတော် အထိနာတယ်။ ဗိုလ်ရဲထွဋ် တို့လည်း တော်ထဲမှာ ကြာကြာမခံလိုက်ဖူး သခင်တင်မြ နဲ့ အတူ ဗိုလ်နေ၀င်း အောက်ပြန်ရောက် သွားရတာပဲ မဟုတ်လား

ဦးနေ၀င်းတို့ လျှင်လိုက်ပုံများ အနားနားကပ်ပြီး ဒါးနဲ့ ထိုးလိုက်တာတောင် ကွန်မြူနစ်တွေ မသိလိုက်ရှာဖူး။ လစ်တာနဲ့ အားတာနဲ့ ဖဆဆိုရှယ် ၊ ဆိုရှယ်လစ် စစ်ဗိုလ်တွေကိုပဲ ဆဲနေရရှာတယ်။ ဦးနေ၀င်းဆိုရင် နာကြည်းမှု မပြကြ။ ဦးနေ၀င်းရဲ့ Modus Operandi က ဘယ်တော့မှ နာကြည်းသွားအောင် မလုပ်ဖူး။ သေမထူး နေမထူး မုန်းတီးသွားအောင် မလုပ်ဖူး။ သူနိုင်ပြီထင်ရင် အသာလေး လျှော့ပေးလိုက်တယ်။ ဦးကျော်ငြိမ်း တို့ ၊ ဗိုလ်အောင်ကြီးတို့ က ရန်သူ  (များ) မှာကို မကြောက်ကြဖူး။ ဗိုလ်နေ၀င်း က စစ်ဗိုလ်ကြီးတွေကို ဖမ်းပြီးရင် ငါဖမ်းချင်လို့ မဟုတ်ဖူး။ တင်ဦး (မျက်မှန်) ကြောင့် ဆိုပြီး ရော့ ကားတစ်စီးယူ သွားဆိုပြီး ချော့လွှပ်လိုက်တာ။  ဒါ စာရေးသူ ဗမာပြည်က မထွက်ခင် ၁၉၈၀ အစဦး နှစ်တွေကပါ။ စာရေးသူ နဲ့ စာရေးသူရဲ့ အကို ဒေါက်တာထွန်းကျော်ငြိမ်းတို့ ကတောင် ဦးနေ၀င်းတော့ Car Dealer ကြီးဖြစ်သွားပြီ လို့တောင် နောက်ကြသေးတယ်။ အဲဒီ ခေတ်က Mazda နဲ့ပေါင်းပြီး အကြီးစားစက်ရုံမှာ ကားတွေဆင်တယ်။

ကြည့်သောသူသာလျှင် မြင်တတ်၏

ဒီလောက် နိုင်ငံရေး အကွက်လျှင်တဲ့ နိုင်ငံရေးသမန်းကျားကို မှ ၀ါဒဖြန့်ချီရေး အမြင်နဲ့ ခပ်ထိုင်းထိုင်းပါလို့ တိမ်တိမ်လေးတွေးပြီး ရေးတော့ တကယ့်အချက်အလက်တွေ နဲ့ ကွာနေရုံမက ကွန်မြူနစ်တွေ ကိုယ့်အီးကိုယ်ပြန် ရှူမိပြီး ပြိုင်ဖက်ကို အမှန်မမြင်နိုင်ကြတော့။ ဒါကြောင့် ခေတ်အဆက်ဆက် ကွန်မြူနစ်တွေကို စစ်ဗိုလ်တွေက ငယ်နိုင်ပဲ။ ဖြတ်-လေး-ဖြတ် နဲ့ ကိုင်လိုက် ၊ ဖြုတ်-ထုတ်-သတ် နဲ့ ရှင်းလိုက်။ တခါ ကွန်မြူနစ်ဗဟို ရဲ့ ခေါင်းဆောင်မှု ညံ့ဖျင်းလို့ …. တိုင်းရင်းသားတွေက ပုန်ကန်ပြီး ပန်ဆောင်ကို အစိုးရလက် အပ်လိုက်တာပဲ မဟုတ်လား။ နောက်ဆုံး တရုတ်ကြီး ကဆင့် လည်ပင်းညှစ်ထားတာ ကွန်မြူနစ် တွေထာဝရ မြေတွင်းအောင်းနေရတာ အနှစ် (၂၀) ကျော်ခဲ့ကြပါပြီ။

ဒါတောင် မကြာသေးခင်က မြေအောက်ကထုတ်ဝေတဲ့ ကွန်မြူနစ် ကြေငြာချက်မှာ ကွန်မြူနစ်တွေဟာ အနှစ် (၅၀) ကျော် စစ်တပ်ကို ရင်ဆိုင်ခဲ့တာပါတဲ့ ။ စစ်တပ်အကြောင်း သိတဲ့ ပါတီအနေနဲ့ သတိပေးပါရစေ ဆိုပြီး NLD ကိုသတိပေးလာသေးတယ်။ Logically, Critical Thinking နဲ့ပြန် စဉ်းစားရင် … ဟုတ်ပါ့မလား မောင်ကာဋ္ဌု ရယ်လို့ မေးရမလိုဖြစ်နေပြီ။  မေးလိုက်ချင်တာက စစ်တပ် အကြောင်း တကယ်သိရင် ဘာကြောင့် စစ်တပ်ကို နိုင်အောင် မတိုက်နိုင်တာလဲလို့ ။ ပေထိ ဆိုရင် ကွန်မြူနစ်တွေ မှောက်လျက် လဲနေကြပြီ။

အစိုရကို ဤဆောင်းပါးက တဆင့်ပန်ကြားပါရစေ။

ဒီမိုကရေစီ ခိုင်မာလာတာနဲ့ အမျှ လူတွေရဲ့ အသိဥါဏ် Capacity ဟာလည်း တိုးတက်လာ စမြဲပါ။ တချိန်ထဲမှာ လည်း ပွင့်လင်းမှု transparency ကိုလည်း တမ်းတ တောင်းဆို လာကြမှာပါ။ Mary Callahan ကို ၁၉၆၂ ခုနှစ် အထိ တပ်မတော်မော်ကွန်းတိုက်မှာ ရှိတဲ့ စာရွက်စာတန်းတွေကို ဖတ်ရှုခွင့်ပြုတာမို့ သူရေးတဲ့ စာအုပ်ဟာ ရာဇ၀င်အချက်အလက် အမှန်တွေကို သိလိုတဲ့ ၊ ဗမာနိုင်ငံသားတွေ အတွက် အလွန်တန်ဖိုးရှိကြီးပါတယ်။ ထို့နည်းတူစွာ ပဲခူးရိုးမ နဲ့ ပန်ဆောင်က ရလာတဲ့ ကွန်မြုနစ် တွေရဲ့ စာရွက်စာတန်းတွေကို ပညာရှင်တွေကို ဖွင့်ပေးစေချင်ပါတယ်။ ဗမာနိုင်ငံရဲ့ လွပ်လပ်ရေး ရာဇ၀င်ကို လေးလေး နက်နက် လေ့လာထားတဲ့ ပြည်တွင်း ၊ ပြည်ပ ပညာရှင်တွေ ကိုလက်ချောင်း အပေါ် တင်ရေ လို့ရပါတယ်။ Mary Callahan, Bertil Lintner, Martin Smith တို့လို ပညာရှင်တွေ နဲ့ Australia ANU က ပါရဂူဘွဲ့ရတဲ့ ဦးကိုကိုကြီးရဲ့မြေး ဒေါက်တာ ကျော်ဇောဝင်း တို့သာ စာအုပ်ရေးနိုင်ရင် တိုင်းပြည် အတွက် အကျိုးရှိမှာပါ။ စာရေးသူက တော့ သခင်သန်းထွန်းရဲ့ Diary ကိုဖတ်လိုပါတယ်။ နောက် ကွန်မြူနစ်တွေ ရဲ့ Military Strategy Failures တွေကို သုတေသန ပြုစာအုပ်ရေးလိုပါတယ်။ စာရေးသူ ရဲ့ ရည်ရွယ်ချက် ကတော့ ရိုးရိုးရှင်းရှင်းလေးးပါ။ ကွန်မြူနစ်တွေ ၀ါဒဖြန့်ထားတဲ့ ယုံတမ်းပုံပြင် myth တွေကို ရာဇ၀င် အချက်အလက် အမှန်တွေ နဲ့ ချိန်ထိုးကြည်ချင်တဲ့ ဆန္ဒပါ။

ဦးသန့်ဟာ ဦးနုရဲ့ တိုက်တွန်းချက်အရ (ပြည်တော်သာခရီး)  ကိုရေးရတာပါလို့ သူ့စာအုပ် မှာ ၀န်ခံထားပါတယ်။ ဦးသန့်သာ သူ့စာအုပ်မှာ ကွန်မြူနစ်တွေ ဗိုလ်ချုပ်အောင်ဆန်းကို ဆဲဆိုထားတာကို အတိအကျ ရေးမပြခဲ့ရင် ကွန်မြူနစ်တွေ ဖင်လှန် ငြင်းဆို ကြဦးမှာပါ။ ဦးသိန်ဖေမြင့် ရဲ့ ကျော်ငြိမ်း ဆိုတဲ့စာအုပ် ကြောင့် လွပ်လပ်ရေးရာဇ၀င် က ဦးကျော်ငြိမ်းကိုဖျောက် ၍မရပါ။ ဦးနု ရဲ့တာတေစနေသား ကြောင့် နောင်လာ နောက်သား တွေ အသိတရားရခဲ့ကြရပါသည်။ လွပ်လပ်ရေးတိုက်ပွဲ ၀င်ခဲ့ကြသည့် ခေါင်းဆောင်များသာ အမြင်မကျယ် သတိမရှိခဲ့ ကြပါလျှင် ၀ါဒဖြန်ချီရေးသက်သက် အတွက် ကွန်မြူနစ်တွေ၏ လုပ်ကြံ သမိုင်း ကြားမှာ လွပ်လပ်ရေး ရာဇ၀င် လမ်းစပျောက်ခဲ့ ရပါမည်။

ကွန်မြူနစ်တွေ မှားခဲ့တာဖြစ်စေ ၊ မှန်ခဲ့တာဖြစ်စေ ၊ တိုင်းပြည် အနေနှင့် အဖြစ်ပျက် အမှန်အတိုင်း သိသင့်ပါသည်။ ကွန်မြူနစ်တွေ ရဲ့ ရာဇ၀င်ဆိုတာ လွပ်လပ်ရေးရာဇ၀င် ရဲ့ တပိုင်းတစ ပါပဲ။ ရာဇ၀င် အချက်အလက် အမှန်တွေကို စာရွက်စာတမ်း နဲ့ မဖေါ်ပြနိုင်ရင် ၊ ကွန်မြူနစ် တွေရဲ့ ၀ါဒဖြန့်ချီရေး သမိုင်းအလိမ် တွေနဲ့ပဲ လူတွေ ၀ိုးတိုးဝါးတား ဖြစ်နေကြဦးမှာပါ။ လူတွေ သမိုင်းအမှန်ကို သိသင့်သိတိုက် တယ်လို့ ယူဆမိလို့ပါ။ အင်္ဂလိပ်လို My2c လို့ပဲ အဆုံးသတ်ခဲ့ပါရစေ။

လူငယ်လေးတွေ အသိတရားတိုးပါစေ

ချင်းမိုင်
ဘိုဘိုကျော်ငြိမ်း

စာအုပ်အညွှန်း

၁။ Making Enemies : War and State Building in Burma by Mary P. Callahan
၂။ Burma and General Ne Win by Dr Maung Maung
၃။ Burmese Nationalist Movements 1940 – 1948 by Brigadier General Maung Maung
၎။ The Longest War by Louis Allen 1941 – 1945
၅။ U Nu of Burma by Mr Bucknell
၆။ ဦးနု ၏ တာတေစနေသား
၇။ ဦးနု ၏ ငါးနှစ်ရာသီ ဗမာပြည်
၈။ ဦးသန့်၏ ပြည်တော်သာခရီး
၉။ ဦးသိန်းဖေမြင့်၏ ကျော်ငြိမ်း
၁၀။ ကိုယ်တွေ့ဖြစ်ရပ်များ စစ်ဆင်ရေးပြီး စစ်ဆင်ရေးမှ ၊ ဗိုလ်မှူးချုပ်သန်းတင်
၁၁။ ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးမိန့်ခွန်းများ
၁၂။ ကျော့ပိုးအိပ်ကလေးကိုချီကာလွယ် ၊ တင့်ဆွေ (ဖျာပုံ) (ဗိုလ်မှူးချုပ်ဟောင်း)
၁၃။ ကျွန်ုတို့နှင့် ဦးကျော်ငြိမ်း။ မြောင်းမြဗဆွေ စီစဉ်သည်။
၁၄။ ဘုံဘ၀ ကြုံတွေ့ရ ဇာတ်လမ်းများ (မှူးသမိန်) (ဗိုလ်မှူးကြီးစောမြင့်)
၁၅။ "Burma Debate", Vol. IV, No. 3, August 1997

No comments:

Post a Comment