သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, January 13, 2012

ခိုင်မာသောအာမခံရှိမှ ငှားဝယ်စနစ် တွင်ကျယ်မည်ဟုဆို

Myanmar time

အေးသီတာကျော် 
အတွဲ ၂၈ ၊ အမှတ် ၅၄၆ ( ၂ - ၈ ၊ ၁၂ ၊ ၂၀၁၁)


ပုဂ္ဂလိကဘဏ်များက ကုမ္ပဏီများနှင့် ချိတ်ဆက်ပြီး ငှားဝယ်စနစ်ဖြင့် ကုန် ပစ္စည်းများရောင်းချခြင်းမှာ လူလတ်တန်းစားများအတွက် အဆင် ပြေသည် ဟု ဆိုနိုင်သော်လည်း ယုံကြည်စိတ်ချရမှု ပြဿနာအတွက် ထင်သလောက် မတွင်ကျယ်လာသေးကြောင်း ဘဏ်နှင့် စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။
ငှားဝယ်စနစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိက ဘဏ်များက အောက်တိုဘာလက စတင် လုပ်ကိုင်ခဲ့သည်။


အဆိုပါဝန်ဆောင်မှုမျိုးကို ဘဏ်များက ၂၀၀၃ ခုနှစ်မတိုင်မီက တီဗီ၊ ရေခဲ သေတ္တာ စသော အီလက်ထရွန်းနစ် ပစ္စည်းများ ၀ယ်ယူရန် လုပ်ကိုင်ခဲ့သော်လည်း အာမခံအလွဲသုံးစား လုပ်သူ တချို့၏ အကြွေးများ ဘဏ်များတွင် ယခုထိ ကျန်ရှိနေသေးကြောင်း ဘဏ်တာဝန်ရှိ သူများက ပြောသည်။
သမ၀ါယမ(စီဘီ)ဘဏ်၏ မန်နေဂျင်း ဒါရိုက်တာ ဦးဖေမြင့်က ငှားဝယ် စနစ် ၀န်ဆောင်မှုအတွက် ၎င်းတို့ဘဏ်အနေဖြင့် ဘဏ်ဝန်ထမ်း များကိုသာ ကနဦး လုပ်ပေးနေကြောင်းနှင့် အပြင်လူအတွက် ၀န် ဆောင်မှုပေးရန် ချိန်ဆနေကြောင်း ပြောသည်။
"ဖုန်းဝယ်မယ်ဆိုရင် ၀ယ်တဲ့သူဘက်က လစဉ်ဝင်ငွေရှိရမယ်။ ထောက် ခံချက် ရှိရမယ် စတဲ့အခက်အခဲတွေအများကြီး ရှိနေသေးတယ်။ ဘဏ်ကို ၁၀ ပုံတစ်ပုံပဲ ပေးပြီး ကြားထဲက ဘဏ်က စိုက်ပေးထား ရမှာ"ဟု ၎င်းက ပြောသည်။
"ပစ္စည်းကို တကယ်ဝယ်တာမဟုတ်ဘဲ ဘောက်ချာပြပြီး လုပ်သွားတာ မျိုး ရှိဖူးတယ်။ ဘဏ်ကလည်း လိုက်မကြည့်နိုင်ဘူး။ အရောင်းကုမ္ပဏီတွေကလည်း တာဝန်မယူနိုင်ဘူး။ ဘဏ်နဲ့ ၀ယ်သူနဲ့ပဲ ထိပ်တိုက်တွေ့တော့တယ်"ဟု ၎င်းက ပြောသည်။
ယခုတစ်ဖန် ဗဟိုဘဏ်၏ စာဖြင့် တရားဝင်ခွင့်ပြုချက်ဖြင့် ဘဏ်တစ်ခုတွင် ရှိသင့်ရှိထိုက်သည့် ၀န်ဆောင်မှုများကို ပြန်လည် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
Mr Fone မိုဘိုင်းဖုန်း အရောင်းဆိုင် ၏ အထွေထွေမန်နေဂျာ ဦးစည်သူက ငှားဝယ်စနစ်ဖြင့် ဖုန်းအရစ်ကျဝယ်ခြင်းကို လူအတော် များများ စိတ်ဝင်စားသော်လည်း ဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်သည့်အခါ လိုအပ်သည့် အထောက် အထားများပြရခြင်း၊ စာချုပ် စာတမ်း အဆင့်ဆင့် လက်မှတ်ထိုးရခြင်းတို့ကြောင့် လက်ရှိအခြေအနေအရ ဖုန်း အရစ်ကျရောင်းရန် ခေတ္တရပ်နားထားပြီး ၎င်းတို့ ချိတ်ဆက်ထားသော ယူနိုက်တက် အမရဘဏ်နှင့် ပြန်ပြီး ဆွေးနွေးနေကြောင်း ပြောသည်။
"စနစ်အရကောင်းမွန်ပါတယ်။ ဘဏ်တွေကလည်း တစ်ဆင့်ပြီးတစ်ဆင့် ၀န်ဆောင်မှုပေးနေကြတာပါ။ အိမ်တို့၊ ကား တို့လို ပိုင်ဆိုင် မှုမျိုးအတွက်ကတော့ အဆင်ပြေတယ်။ မိုဘိုင်းဖုန်းလိုမျိုးကျတော့ သူ့ရဲ့ပိုင်ဆိုင်မှုက စာချုပ်ချုပ်ဖို့ ခဲယဉ်းတဲ့အတွက် ပိုပြီး တိတိ ကျကျ လုပ်ထားမှပဲ ရမယ်ဆိုတာ သူတို့ဘက် ကရော ကျွန်တော်တို့ဘက်ကပါ စဉ်းစားရတယ်"ဟု ၎င်းက ပြောသည်။
ထို့ပြင် ၀ယ်ယူသူဘက်ကလည်း အိမ်၊ ကား စသော တန်ဖိုးမြင့်ပစ္စည်းများအတွက် စာချုပ်အဆင့်ဆင့်ချုပ်ရန် ၀န်မလေးသော်လည်း ဖုန်းနှင့် အီလက်ထရွန်းနစ်စသော လူသုံးကုန်များအတွက်မူ အလုပ်ရှုပ်မခံချင်ကြကြောင်း ပြောကြားသည်။
"သူများနိုင်ငံမှာကတော့ လုပ်လေ့ လုပ်ထရှိပြီးသားပါ။ ဒီမှာက ဒီလိုတစ်ခါမှ မလုပ်ပေးဖူးဘူး။ တစ်ခါမှ မကြုံဖူးဘူးလေ။ အဲဒီအတွက် အသားမကျတဲ့ ခံစားမှုရတယ်။ လုပ်ငန်းသဘောတွေ အရလည်း လန့်ဖျပ်သွားနိုင်တယ်"ဟု ၎င်းက ပြောသည်။
"အခုမှစပြီး ထိတွေ့ဖူးတဲ့အတွက် ဒီ စနစ်ကို အသားမကျသေးဘူး။ ၀ယ်ရင် ကောင်းမလား၊ မ၀ယ်ရင်ကောင်းမလား ဆိုတာမျိုးဖြစ် နေတယ်။ ငါးသိန်းတန်ဖုန်းကို အရစ်ကျပေးတာက သုံးသိန်းတန်ဖုန်း ထွက်တော့မှာကြောင့်လို့လည်း သတင်းထွက်နေလို့လေ"ဟု အသက် ၂၈ နှစ် အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသမီး တစ်ဦးက ပြောသည်။
ကမ္ဘောဇဘဏ်၏ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးချစ်မြတ်နိုးသူက ၎င်းတို့ ဘဏ်မှ တိုက်ခန်း၊ ကား၊ ဖုန်း၊ လူသုံးကုန် နှင့် လယ်ယာသုံးစက်ပစ္စည်းများ အရစ် ကျစနစ်ဖြင့် ၀ယ်ယူနိုင်ရန် ၀န်ဆောင်မှု ပေးရာတွင် ဖုန်းကို အများဆုံး စိတ်ဝင်စားကြောင်း ပြောသည်။
အဆိုပါစနစ်သည် ၀ယ်သူ၊ ရောင်းသူ နှင့် ဘဏ်သုံးဦးစလုံး အဆင်ပြေသည့် စနစ်ဖြစ်ကြောင်းနှင့် စိတ်ဝင်စားသူဦးရေ သိသာများပြား ကြောင်း ၎င်းက ပြောကြားသည်။
"ဒီစနစ်က ယုံကြည်မှုကို တည်ဆောက် ပြီးလုပ်ထားတဲ့ စနစ်တစ်ခုဆိုတော့ သူနဲ့ ကိုယ်နဲ့ကြားမှာ ခိုင်မာတဲ့ အာမခံတစ်ခု ရှိမှဖြစ်မယ်" ဟု Crown Electronic ကုမ္ပဏီ၏ မန်နေဂျာဦးထွန်းမင်းက ပြောကြားသည်။
"အရစ်ကျစနစ်ကကျတော့ ငွေကို တစ်ဖက်နဲ့တစ်ဖက်(ကုမ္ပဏီနဲ့ဝယ်သူအကြား) အပြန်အလှန် သွင်းတဲ့ပုံစံမျိုးပဲ။ အခုလို ငှားဝယ်စနစ် ကကျတော့ စာရွက် စာတမ်းတွေကို ဘဏ်က ကိုင်ထားတာ။ အငြင်းပွားစရာမရှိဘူး။ ဘဏ်နဲ့ အလုပ် လုပ်ရတာကိုပိုကြိုက်တယ်"ဟု ၎င်းက ဆိုသည်။
အီလက်ထရွန်းနစ်ပစ္စည်းများမှာ ယခင်ကဲ့သို့ ဈေးနှုန်းမမြင့်မားနေတော့ပဲ ပြည်တွင်းသို့လည်း အ၀င်ပေါများနေသည့်အတွက် တန် ဖိုးမြင့် လျှပ်စစ်ပစ္စည်း မျိုးကိုသာ ငှားဝယ်စနစ်ဖြင့် ကုမ္ပဏီအတွက် ပိုကိုက်ကြောင်း ၎င်းက ပြောကြားသည်။
လွန်ခဲ့သော လေး၊ ငါးနှစ်က တီဗီတစ်လုံးလျှင် ကျပ်နှစ်သိန်းနှင့်အထက် ဖြစ်သော်လည်း ယခု ကျပ်တစ်သိန်းဝန်းကျင်သာ ရှိတော့ ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ငွေလဲနှုန်းအနေအထားအရ ယခုလို အီလက်ထရွန်းနစ် ဈေးအပြောင်းအလဲ အရမ်းမများချိန်တွင် ကုမ္ပဏီများဘက်က ငှားဝယ် စနစ်ဖြင့် အလွန်သင့်တော်ကြောင်း ၎င်းက ပြောသည်။
အခြေခံအားဖြင့် ငှားဝယ်စနစ်ဖြင့် ပစ္စည်းဝယ်ယူခြင်းသည် လုပ်ငန်းတစ်ခု လည်ပတ်ရန်လိုအပ်သည့် ပစ္စည်းဖြစ်ပါက အမှန်တကယ် အကျိုးရှိသော်လည်း အိမ်သုံး(သို့)ဇိမ်ခံပစ္စည်းဝယ်ယူခြင်းမှာမူ လူနေမှုစားရိတ်ကို ပိုတက်စေကြောင်း ဘဏ်နှင့် ငွေကြေးပညာရှင် ဦးဝင့်ကျော် ၏ 'ဘဏ်အကြောင်း၊ ငွေအကြောင်း' စာအုပ်တွင် ရေးသားထားသည်။

No comments:

Post a Comment