သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, January 13, 2012

နိုင်ငံရေးအကျဉ်းသားလွှတ်မှု ဗြိတိန် ကြိုဆို

နိုင်ငံရေးအကျဉ်းသားလွှတ်မှု ဗြိတိန် ကြိုဆို


ချင်းမိုင် (မဇ္ဈိမ) ။         ။ ယခုလအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဗြိတိန်
နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝီလျံဟိတ်က နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှုကို ကြိုဆိုလိုက်ပြီး ဤသို့ လုပ်ဆောင်မှုသည် မြန်မာအစိုးရမှ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်းကို ဖေါ်ပြခြင်းဟု ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။

"၈၈ မျိုးဆက်နဲ့ တိုင်းရင်သားခေါင်ဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသား တော်တော်များများ လွှတ်ပေး တာကို  ကြားရတာ အရမ်းဝမ်းပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ နိုင်ငံတကာ အသိုင်းအဝန်းကား
တောင်းဆိုနေတာ ကြာပါပြီ" ဟု  ဖေါ်ပြပါရှိသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ နိုင်ငံရေး အကျဉ်းသား ကူညီမှုကွန်ယက်မှ ဦးနိုင်းနိုင်းက ယခု လွှတ်မြောက်မှုကို ကြိုဆိုသော်လည်း ကျေနပ်လောက်သည့် အဆင့် မရှိသေးဟု မဇ္ဈိမကို ပြောသည်။
william-hague-and-suu-kyi-speak-to-the-press-2
မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ် William Hague နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် သတင်းထောက်များအား သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်။ (ဓါတ်ပုံ။ မဇ္ဈိမ)

 
"ကျေနပ်လောက်တဲ့ အဆင့်အထိတော့ မရှိသေးဘူးကွ။ အားရလောက်စရာတော့ ရှိပါတယ်။ တောင်းဆိုနေတာ ရာနှုန်းပြည့် မရသည့်တိုင်အောင် ၆၅ လောက်တော့ ရတယ်လို့ ဦးတို့က ယူဆတယ်။ ဒီကိစ္စကိုတော့ ကြိုဆိုပါ တယ်" ဟု မဇ္ဈိမကို ပြောသည်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်တွင် KNU မှ တပ်ဖွဲ့ဝင်များ၊ လက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်မှုကြောင့် ထောင် ကျခံနေရသူများ၊ လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ပါဝင်ခြင်း မရှိသေးခြင်းကြောင့် ထိုသူများကိုလည်း လွှတ်ပေးရန် လိုကြောင်း ဦးနိုင်းနိုင်းက မဇ္ဈိမကို ဆက်ပြောသည်။

ယခုတကြိမ် အကျဉ်းသားများ လွှတ်ပေးမှုတွင် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီနှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်းထွန်းဦးတို့ ပါဝင်သော်လည်း ကျန်နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လိုနေသေး
ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B မှ အတွင်းရေးမှူး ဦးတိတ်နိုင်ကလည်း မဇ္ဈိမကို ပြောသည်။

"ကျန်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား မထင်ပေါ်တဲ့ အညတြ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း  ပြန်လွှတ်ပေးဖို့ လိုပါတယ်။ ကျန်နေသေးတဲ့သူတွေကို ကျနော်တို့ အသိအမှတ်မပြုရာ ကျပါတယ်။ လက်နက်ကိုင်တယ် ဆိုတာက
နိုင်ငံရေးအရ လက်နက်ကိုင်ခဲ့ကြတာပါ။ အဲဒါကြောင့် သူတို့ကိုလည်း လွှတ်ပေးဖို့ လိုပါတယ်" ဟု ပြောသည်။

သမ္မတ၏ ကြာသပတေးနေ့ ကြေညာချက်တွင် အကျဉ်းသား ၆၅၁ ဦး လွှတ်ပေးသည်ဟု ဆိုသော်လည်း ထိုအထဲ တွင် လက်ရှိစုံစမ်းသိရှိရသမျှ နိုင်ငံရေးအကျဉ်းသား ၂၂ဝ ယောက်သာ ပါဝင်သည်ဟု ဦးနိုင်းနိုင်းနှင့် ဦးတိတ်နိုင် တို့က မဇ္ဈိမကို ပြောသည်။

NLD မှ ယခုလ ၂ ရက်နေ့တွင် ပြုစုထားသည့် စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၄၅၂ ယောက်ရှိနေပြီး၊ ယခု တကြိမ် သမ္မတ အမိန့်မထုတ်ပြန်ခင်အထိ AAPP-B မှ ပြုစုထားသည့် စာရင်းအရ ၁၅၅၁ ဦး ရှိနေခဲ့သည်ဟုလည်း သိရသည်။

သမ္မတမှ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄ဝ၁ (၁) အရ လွှတ်ပေးခြင်းဖြစ်ပြီး အဆိုပါပုဒ်မသည် ထောင်မှလွတ် အပြီး ပြစ်မှုကျူးလွန်ပါက ထောင်ကျခံရန် ကျန်ရှိနေသေးသည့် ပြစ်ဒဏ်များကို ကျခံစေရသည့် ဥပဒေပုဒ်မဖြစ် သည်ဟုလည်း ရှေ့နေနှင့် လွှတ်တော်အမတ်တဦးဖြစ်သူ ဦးသိန်းညွန့်က မဇ္ဈိမကို ရှင်းပြခဲ့သည်။

၂ဝ၁၁ ခုနှစ် မတ်လအတွင်း သမ္မတဖြစ်လာသည့် ဦးသိန်းစိန်သည် မေလ ၁၆ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် အကျဉ်းသား ၁၄,၆ဝဝ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ဒုတိယအကြိမ်အဖြစ် အောက်တိုဘာ ၁၁ ရက်နေ့ တွင် အကျဉ်းသား ၆,၃၅၉ ဦးကို လွှတ်ပေးခဲ့သည်။

ယင်းအပြင် ယခုလ ၂ ရက်နေ့ကလည်း ၆,ဝ၈၇ ဦးလွှတ်ပေးခဲ့ပြီး၊ ကြာသပတေးနေ့တွင် ထပ်မံ ထုတ်ပြန်သည့်
လေးကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား ၆၅၁ ဦးလွှတ်ပေးခဲ့သည်။ လေးကြိမ် လွှတ်ပေးမှုတွင် ယခုအကြိမ်သည် နိုင်ငံရေးအကျဉ်းသားအရေအတွက် အများဆုံး လွှတ်မြောက်လာလိမ့်မည်ဟု နိုင်ငံရေး အကဲခတ် များက ဆိုကြသည်။

No comments:

Post a Comment