သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, January 13, 2012

 - နိုင်ငံရေးပိုင်သူကို မျှော်လင့်နိုင်ပါပြီ

 
..ဦးဖိုးသာအောင်--၁၀-၁ -၂၀၁၂

ကြက်ဥအရောင်တိမ်တောင်သဖွယ် မင်းရေးကြယ်၏တဲ့၊
နိုင်ငံရေးဆိုတာ အလွန်ကျယ်ဝန်းလှပါတယ်၊ ဒါကြောင့်လည်း ဆရာမောင်သာနိုးက ၂၀၁၀ ခု ဒီဇင်ဘာလမှာ “ နိုင်ငံရေး ပိုင်သူရှားပါး ” ဆိုတဲ့ ဆောင်းပါးကို ရေးသားထားတာကို ဖတ်လိုက်ရပါတယ်၊

ဆရာရဲ့ဆောင်းပါးကို ဖတ်ပြီး စိတ်ထဲမှာ မကောင်းဖြစ်မိပါတယ်၊ မြန်မာနိုင်ငံကြီးဟာ စုတ်ပြတ်မွဲတေသွားပြီး လူတွေလည်း စာရိတ္ထတွေ ပျက်ပြားကာ ပညာမဲ့တွေ ဖြစ်ကုန်ကြရပါတယ်၊
အဲဒီအရှိတရားအတိုင်း လက်ခံသုံးသပ်ကြည့်တဲ့အခါ မြန်မာနိုင်ငံမှာ “ နိုင်ငံရေးပိုင်သူ ” တနည်းအားဖြင့် “ နိုင်ငံရေးနားလည်သူ ” ရှားပါတယ် ဆိုတာကိုတော့ ထောက်ခံရမှာ အမှန်ပါပဲ။

သည်တော့ နိုင်ငံရေးဆိုတာဘာလဲလို့ မေးရင် အဲဒီမေးခွန်းရဲ့ အဖြေဟာ အလွန်ကျယ်ဝန်းလှ ပါတယ် သို့သော်လည်း အနှစ်ချုပ် လိုက်ရင်တော့ နယ်နိမိတ်အတိအကျ သတ်မှတ်ပြီးဖြစ်တဲ့ နိုင်ငံတခုရဲ့ အရေးပါပဲ၊
အဲဒီလိုဘာကြောင့် ပြောရသလဲဆိုရင် နိုင်ငံရေးသမားဆိုသည်မှာ သူကိုယ်စားပြုနေတဲ့ နိုင်ငံမှာရှိတဲ့ လူထုကြီးအတွက်လို့ အဓိကအားဖြင့် ခံယူရပါလိမ့်မယ်၊ အဲဒီခံယူချက်သည် လူတန်းစားခံယူချက်နှင့် မတူပါဘူး။


 
 

ဒီလိုဆိုတော့ လူတန်းစားခံယူချက်ဖြင့် လုပ်ခဲ့ကြတဲ့ ကွန်မြူနစ်စနစ်တို့ ဆိုရှယ်လစ်စနစ်တို့ဆိုတာတွေကို နိုင်ငံရေးလို့ မခံယူကြ ရတော့ဘူးလားလို့ မေးရင်တော့ နိုင်ငံရေးဆိုတာထက် ကမ္ဘာ့ပစ္စည်းမဲ့ လူတန်းစားရေးလို့ပဲ ပြောရင် ပိုပြီးမှန်ပါလိမ့်မယ်၊
လူတန်းစားခံယူချက်နဲ့ ကြိုးပမ်းလုပ်ဆောင်ခဲ့ကြတဲ့ သူတွေသည် သူတို့ရည်ရွယ်သည့် ကမ္ဘာ့ပစ္စည်းမဲ့ လူတန်းစား အောင်ပွဲဆိုတာလည်း မရသည့်အပြင် ထိုသူတွေကိုယ်စားပြုကြသည့် နိုင်ငံတွေသည်လည်း ပြိုသူပြို ပြောင်းသူ ပြောင်းနှင့် အပူလုံးကြွပြီး လူလုံးမလှ သည့်ဘဝနှင့် ရင်ဆိုင်နေကြရသည်သာဖြစ်ပါသည်၊
ဒါကြောင့် လူတန်းစားခံယူချက်ဖြင့် လုပ်ကိုင်ကြိုးပမ်းမှုများကို နိုင်ငံရေးလုပ်သည်ဟု မပြောချင်သလို၊ ထိုသူများကိုလည်း နိုင်ငံရေးသမား များဟု မသတ်မှတ်ချင်တော့ပါ။



ဤသို့ဆိုလျှင် ဘာကိုနိုင်ငံရေးဟုခေါ်ပြီး ဘယ်လိုလူမျိုးကို နိုင်ငံရေးသမား ဟုခေါ်ဆိုပါမည်နည်းဟု ဆိုသော် ကမ္ဘာနှင့် လူတန်းစား တို့ကို အသာထား၍ မိမိတို့ ကိုယ်စားပြု နေထိုင်သည့် နိုင်ငံတခု အတွက် တိုးတက်ရာ တိုးတက်ကြောင်း ဆောင်ရွက်လုပ် ကိုင်နေကြသည့် ပုဂ္ဂိုလ်အပေါင်းကို နိုင်ငံရေးသမားများဟု ခေါ်ချင်ပါသည်၊
ထိုသူတို့လုပ်ကိုင်ဆောင်ရွက်နေသည့် အလုပ်များကို နိုင်ငံရေးဟုပင် ဆိုရပါတော့မည်၊
လူတန်းစားရေးနှင့် ကမ္ဘာရေးသမားများကတော့ လူတန်းစားရေးနှင့် နိုင်ငံရေးကို ခွဲခြားသတ်မှတ်လို့ မရပါဟု ဆိုကြမည် အမှန်ပါ၊
ဒါကတော့ သူတို့အမြင်မို့ ဘာမှ မပြောလိုပါ၊
သို့သော် သူတို့ကိုယ်သူတို့ နိုင်ငံရေးသမားများအနေနှင့် နိုင်ငံရေးကို လုပ်ခဲ့ကြပါသည် လုပ်နေကြပါသည် ဆိုသော်လည်း ယနေ့ကမ္ဘာ ပေါ်တွင် သူတို့လုပ်သည့် နိုင်ငံရေးကြောင့် သူတို့ကိုယ်စားပြုသည့် လူတန်းစားနှင့် လူသမဂ္ဂများ၏ တိုးတက်ဖြစ်ထွန်းမှုကိုပြပါဆိုလျှင် ဘာကိုပြကြမည်နည်း၊ ဒီမေးခွန်းနှင့်ပင် သူတို့နိုင်ငံရေးသည် လုံလောက်နေပါပြီ။

နိုင်ငံရေးဆိုသည်မှာ မိမိနိုင်ငံကို တိုးတက်ကြီးပွားစေရန်လုပ်သည့် အလုပ်ဖြစ်သဖြင့် လွတ်လပ်ရေး ရရှိရန်လုပ်သည့်အလုပ်ကိုလည်း နိုင်ငံရေးပင်ဖြစ်သည်ဆိုတာကိုတော့ ပြောရန်လိုမည်မထင်ပါ၊
ဒါကြောင့် နိုင်ငံကို သူတပါး၏ ကျွန်ဘဝမှ လွတ်မြောက်ကြောင်း ကြိုးပမ်းလုပ်ဆောင်မှုများနှင့် လုပ်ဆောင်ခဲ့သူများ ကတော့ နိုင်ငံရေး သမားများပင် ဖြစ်ကြပါသည်၊


သို့သော် လွတ်လပ်ရေးရပြီး တိုင်းပြည်တိုးတက်ကောင်းစားအောင်လည်း လုပ်နိုင်သည်ဆိုသည့် နိုင်ငံရေးသမားများနှင့် တန်းတူတန်း ညှိတော့ မလုပ်နိုင်ပါ။

ဤသို့ဆိုလျှင် ဆရာမောင်သာနိုး၏ “ မြန်မာနိုင်ငံတွင် နိုင်ငံရေးပိုင်သူရှားပါး ” ဆိုသည်မှာ မည်သည့်အချက်ကို ကြည့်၍ ဆိုပါသနည်း၊
ဆရာထောက်ပြသည့် မြန်မာ ကွန်မြူနစ်တွေ ဖက်ဆစ်ဂျပန်နဲ့မှ ပေါင်းရသလားလို့ ချိုအင်လိုင်းရဲ့ ရှုတ်ချသံဆို တာကတော့ ဗိုလ်ချုပ် အောင်ဆန်းကို နိုင်ငံရေးနားမလည်တဲ့ သူထဲမှာထည့်လိုက်သလိုပဲ၊

တကယ်တော့ ဗိုလ်ချုပ်က တရုတ်ကွန်မြူနစ်ရဲ့ အကူအညီကို လိုချင်လို့ ဟိုင်နန်ကို သွားခဲ့တာပါ၊
ဘယ်လိုမှ အခြေအနေမပေးလို့ မီးစဉ်ကြည့်ပြီးကခဲ့ရတာလို့ ထင်ပါတယ်၊ ဒီလိုပဲ ဖတ်ခဲ့ရပါတယ်၊
အကယ်၍ တရုတ် ကွန်မြူနစ်နဲ့ ဆက်မိရင်လည်း အခုလောက်ဆို မြန်မာပြည်ဟာ တိဗက်လိုဖြစ်သွားနိုင်ပါတယ်၊
ကံကောင်းလို့ဟု ယူဆစရာပါ၊
သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးကိုအရယူ ပေးနိုင်ခဲ့တဲ့ နိုင်ငံရေး သမားဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ။

အောင်ဆန်းအက်တလီ၊ နုအက်တလီစာချုပ် စာတမ်းတွေနဲ့ ရယူခဲ့တဲ့လွတ်လပ်ရေးကို အသိအမှတ်မပြုနိုင်တဲ့ သူတွေကို နိုင်ငံရေး နားမလည်သူများစာရင်းထဲမှာ သွင်းတာကိုတော့ အပြည့်အဝ ထောက်ခံရမည်သာ ဖြစ်ပါတယ်၊

ဒါကြောင့် ယနေ့ထက်တိုင် နယ်ချဲ့ဆန့်ကျင်ရေး သမားဆိုသူများ ကိုတော့ နိုင်ငံရေး နလဗိန်းတုန်း စာရင်းမှာ သွင်းထားရ မည်သာ ဖြစ်ပါသည်။

စစ်အာဏာရှင်ဗိုလ်နေဝင်းအုပ်စုသည် အနောက်နယ်ချဲ့၏ လက်ကိုင်ဒုတ် သာဖြစ်သည်ဟု စွပ်စွဲသည့် သူများသည်လည်း နိုင်ငံရေး နားမလည်ဟု ဆိုထားပါသည်၊
ဆရာပြောသလို ဗိုလ်နေဝင်းသည် မည်သူ၏ လက်ကိုင်ဒုတ်မှ မဟုတ်ပါ၊
တတိယသီးခြားအင်အားစုတခု ဖြစ်နိုင်ပါသည်၊
သို့သော် ပ.ထ.စ အစိုးရ၏ ပြည်သူအပ်နှင်းထားသည့် တိုင်းပြည့်အာဏာကို အလွယ်တကူနဲ့ ဗိုလ်နေဝင်းက အဓမ္မသိမ်းယူလိုက်တဲ့ ကိစ္စ ကတော့ သိပ်ပြီးလွယ်ကူမြန်ဆန်လွန်း တဲ့အတွက် အနောက်ရဲ့အားပေးမှု တစ်စုံတစ်ရာ ရှိနိုင်မည်ဆိုက ဆိုနိုင်ပါသည်၊

ဘာကြောင့်လဲဆိုရင် ပြည်သူ့အာဏာကို ဒီလိုမတရားသိမ်းပိုက်တဲ့ လုပ်ရပ်အပေါ်မှာ အနောက်အုပ်စုက ထိရောက်တဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှု မျိုးမရှိခဲ့လို့ပါပဲ၊
များမကြာခင်မှာဘဲ ဗိုလ်နေဝင်းအစိုးရကို အလိုက်သင့်ဆက်ဆံပြီး အကူအညီအချို့လည်း ပေးခဲ့ပါတော့တယ်၊
ဒါကြောင့် ဗိုလ်နေဝင်းသည် အနောက်အုပ်စု၏ လက်ကိုင်ဒုတ်တော့ အဖြစ်မခံဘဲ အနောက်အုပ်စု အကြိုက်အပေးအယူကို ပိုင်ပိုင်လေး လုပ်ပြီး သူ၏ စစ်အာဏာရှင် စနစ်ကို ထူထောင်နိုင် ပါတော့တယ်။




အမေရိကန်နှင့်အနောက်အုပ်စုသည် သူတို့၏နိုင်ငံရေးနှင့် စစ်ရေးမဟာဗျူဟာကို မထိခိုက်စေဘဲ တစ်စုံတစ်ရာ အထောက်အကူပြုနိုင်မည့် အစိုးရမျိုးကို အားပေးအားမြှောက်ပြုမည်မှာ သေချာပါသည်၊
ဦးနုအစိုးရနှင့်စာလျှင် ဗိုလ်နေဝင်းအစိုးရဟာ ပိုပြီး စိတ်ချရသည်ဟု အနောက်အုပ်စုက ယူဆပါလိမ့်မည်၊
အကြောင်းမှာ အဲဒီအချိန်က ကွန်မြူနစ်ကို တိုက်ရန် အရင်းရှင်အုပ်စုက လုံးပန်းနေချိန်တွင် ကိုယ့်ကိုယ်ကို အထင်ကြိးပြီး ဘက်မလိုက်ကြား နေလုပ်ချင်တဲ့ ဒီမိုကရေစီ အစိုးရထက် အာဏာရှင် အစိုးရတခုက ပိုပြီးအနောက်အုပ်စု အတွက် ကိုင်ရတာ လွယ်ကူလို့ပါပဲ၊

ဒါကြောင့်လည်း အနောက်အုပ်စု၏ အားပေးထောက်ခံမှု အနည်းအကျဉ်းရခဲ့တဲ့ ဗိုလ်နေဝင်းအစိုးရကို နယ်ချဲ့လက်ကိုင်ဒုတ်လို့ အလွန် အကျူးစွပ်စွဲကြတာဖြစ်ပါတယ်၊
စွပ်စွဲသူများကတော့ သူတို့ဝသီအတိုင်း လျှောမွေးကို ဗာရာဏသီချဲ့လေ့ရှိကြပါတယ်၊
နိုင်ငံရေးနားလည်မှုထက် ပါတီရေးကို ပိုပြီးနားလည်နေသူတွေဆိုရင်လည်း မမှားပါဘူး။

အဖြူတွေရော အနီတွေရော ဆိုရှယ်လစ်တွေနဲ့ ရောတော ရောင်တောင်တွေ မ.ဆ.လ ပါတီထဲကို ဝင်ပြီး ဗိုလ်နေဝင်းကို အလုပ် အကြွေးပြုသူ မှန်သမျှသည်လည်း နိုင်ငံရေးပိုင်သူများ မဟုတ်ကြပါဆိုသည်ကိုတော့ သဘောကျရပါသည်၊
နာမည်ကျော် ပ.မ.ည.တ ခေါင်းဆောင်ကြီးနှင့် နစ်ဖြူဗဟိုလ်ကြီးများ ဖြစ်ခဲ့ကြတဲ့ ဦးသိန်းဖေမြင့်တို့ ဦးချမ်းအေးတို့က သခင်ရှုမောင်ရဲ့ အောက်ကို ပြားပြားမှောက်ခဲ့ကြပြီး နစ်နီခေါင်းဆောင်ကြီး သခင်စိုးကတော့ ကျေးဇူးခံ ကျေးဇူးစား ဗိုလ်နေဝင်းနှင့် အလွှမ်းသင့် ဆက်ဆံပြီး အရိုးထုတ်ခဲ့ပါတော့သည်။

ဝန်ကြီးချုပ်ဟောင်း သခင်နုခေါင်းဆောင်ပြီး ပြည်ချစ်တပ်ကြီးဖွဲ့စည်းကာ မ.ဆ.လ အစိုးရကို လက်နက်ကိုင် ပုန်ကန်ခဲ့တဲ့အရေး တော်ပုံတခုလည်း ၁၉၇၁ ခုနှစ် ဝန်းကျင်မှာ ပေါ်ပေါက်ခဲ့ပါသေးတယ်၊
ဦးနု၊ ဦးလောရုံ၊ ဗိုလ်မှူးကြီး စိန်မြတို့ ခေါင်းဆောင်ကြပြီး မြန်မာပြည်ကို ဟိုနေ့ပြန်သိမ်းမယ် ဒီနေ့ပြန်သိမ်းမယ်နဲ့ ထိုင်းမြန်မာ နယ်စပ်က နေပြီး ကြုံးဝါးခဲ့ကြပါသေးတယ်၊

သို့သော် နောက်ပိုင်းမှာ ဗ.က.ပ ကထုတ်ဝေတဲ့ စာတမ်းမှာတော့ အနီရောင် ကွန်မြူနစ်လှိုင်း တားဆီးရေးအတွက် အမေရိကန်ရဲ့ နည်းဗျူဟာ ထဲမှာ ဗိုလ်နေဝင်းနဲ့ပေါင်းပြီး လှုပ်ရှားခဲ့ကြတာပါတဲ့၊
ဒီဆရာကြီးတွေလည်း နိုင်ငံရေးခေါင်းဆောင်ကြီးတွေပါ၊
ဒါပေမယ့် ဘယ်လို နိုင်ငံရေးမျိုးလုပ်သွားကြသလဲဆိုတာတော့ ဦးနှောက်မမှီလို့ မစဉ်းစားတတ်တော့ပါဘူး၊
ဆရာဦးသာနိုးပြောတဲ့ နိုင်ငံရေးမပိုင်သူတွေထဲမှာ ပါနိုင်ကြပါတယ်။

ဒီလိုဆိုတော့ နိုင်ငံရေးပိုင်သူဆိုသည်မှာ ဘယ်လိုပုဂ္ဂိုလ်များဖြစ်နိုင်မည်နည်း၊
မိမိကိုယ်စားပြုသည့် နိုင်ငံတော်ကို တိုးတက်ချမ်းသာအောင် ပြည်သူအများစု၏ ဘဝများ တိုးတက်ပြီး ကျေနပ်မှုရရှိအောင် ပြုလုပ် ဆောင်ရွက်နိုင်ကြသည့် မြန်မာပြည်နှင့် မတိမ်းမယိမ်းနိုင်ငံများထဲမှ ခေါင်းဆောင်များဖြစ်တဲ့ စင်္ကာပူက လီကွမ်ယူ၊ မလေးရှားက မဟာသီယာ၊ ထိုင်းက ပရမ်တင်စူလာနွမ်ဒါ၊ တောင်ကိုရီးယားက ပတ်ချုံဟီးတို့လို့ ပုဂ္ဂိုလ်မျိုးတွေကို နိုင်ငံရေး ပိုင်သူတွေရဲ့စာရင်းမှာသွင်းမယ်ဆိုရင် ငြင်းချက်ထုတ်ကြအုံးမှာလား၊ ခေတ်တွေ စနစ်တွေနဲ့ မကြည့်ပါဘူး၊ အရွေ့နဲ့ ကြည့်တာပါ၊ ဒါကို မှားတယ်ဆိုရင် ဘယ်ဟာက မှန်မှာပါလိမ့်။ ကိုယ့်တိုင်းပြည်ကို ချမ်းသာအောင် လုပ်ပေးနိုင်တဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီးတွေကို နိုင်ငံရေးပိုင်သူများအဖြစ် စံနမူနာ မယူသင့် ပေဘူးလား၊
အဲဒီလို နည်းနမူနာယူနိုင်ကြရင်ဖြင့် မြန်မာပြည်မှာလည်း နိုင်ငံရေးပိုင်သူများ ပေါ်ထွန်းလာမည်မှာ မလွဲပါ။


သို့သော် နိုင်ငံရေးမှာ ရွေးလမ်းကို သဘောပေါက်ဖို့က အဓိကလိုအပ်ပါတယ်၊ မြန်မာ့နိုင်ငံရေးသမားကြီးတွေထဲမှာ ပိုင်သူတွေ တော်သူတွေ အများကြီးရယ်ပါ၊
ဒါပေမယ့် နိုင်ငံကြီးပွားတိုးတက်ရေးအတွက် မှန်ကန်တဲ့ လမ်းကိုရွေးချယ်ဖို့ အခွင့်မသာခဲ့ကြတာတွေ အများကြီးရှိခဲ့ပါတယ်၊
မြန်မာပြည်သည် မဖွံ့ဖြိုး မတိုးတက်သေးသည့် နိုင်ငံမျိုးလည်း ဖြစ်ပြီး နိုင်ငံရေးပထဝီ အနေအထားအရ မဟာဗျူဟာ ကျနေတဲ့အပြင် ကိုယ့်ကြမ္မာကိုယ် မဖန်တည်းနိုင်တဲ့အတွက် အချိန်တချိန်ကို မျှောလိုက်ပြီး စောင့်ကြည့်ခဲ့ရတဲ့ဘဝမျိုးတွေကို ဖြတ်သန်းခဲ့ကြရပါတယ်၊
ဒါကို ထည့်တွက်ကြရမှာပါ။



မ.ဆ.လ ပါတီကို တည်ထောင်ပြီး စစ်အာဏာရှင်စနစ်ကို ကျင့်သုံးမယ့် ဗိုလ်နေဝင်းကို ဗ.က.ပ၊ နစ်နီနဲ့ ဖ.ဆ.ပ.လ တို့ ပ.မ.ည.တ တို့က အစကတည်းက စစ်အာဏာရှင်စနစ်နဲ့ သွားမယ်၊ စစ်အာဏာရှင်စနစ်ကိုပဲ တည်ဆောက်မယ်ဆိုတာသိတဲ့ သူကများပါတယ်၊
သို့သော် အဲဒီအချိန်က ဗိုလ်နေဝင်းသွားတဲ့လမ်းကို ဖျက်ပြီး သူ့ထက်ကောင်းတဲ့ လမ်းနဲ့ လျှောက်လှမ်းနိုင်တဲ့ နိုင်ငံရေးလမ်းစဉ်ဆိုတာကို တည်ဆောက်ဖို့ ကမ္ဘာ့နိုင်ငံရေးရေစီးကြောင်းက ခွင့်မပြုလို့လား ဒါမှမဟုတ် မြန်မာပြည်အတွက် ကောင်းမွန်တဲ့ နိုင်ငံရေး လမ်းစဉ်တခုကို ချမှတ်လုပ်ဆောင်နိုင်တဲ့ နိုင်ငံရေးပိုင်သူ၊ နိုင်ငံရေးနားလည်ကျွမ်းကျင်သူတွေ မရှိခဲ့ကြလို့လား၊
ရှင်းရှင်းပြောရရင် ကွန်မြူနစ်ဝါဒကိုလည်း မကြိုက်၊ စစ်အာဏာရှင်စနစ်ကိုလည်း လက်မခံနိုင်ရင် အနောက်အရင်းရှင် အုပ်စုနဲ့ အပေးအယူ လုပ်ပြီး လူထုကို ကိုယ်စားပြုမယ့် အရင်းရှင် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင် နိုင်မည့် နိုင်ငံရေးသမား ခေါင်းဆောင်ဆိုတာ မရှိခဲ့ကြ လို့လား၊
ဒီကိစ္စကို ဆရာဦးသာနိုးတို့လို ရှေးမှီ နောက်မှီ ပုဂ္ဂိုလ်ကြီးတွေက ပိုပြီးသိနိုင်ပါလိမ့်မယ်။

အကယ်၍ ကမ္ဘာ့စစ်အေးတိုက်ပွဲကာလမို့ ကွန်မြူနစ်တွေကို နိမ်နှင်းရေးသည်သာ အဓိကဆိုပြီး အနောက်အုပ်စုက စစ်အာဏာရှင်ဖြစ် တည်မှုအပေါ် အားပေး ထောက်ခံမှုကြောင့် လင်္ကျာဒီမိုကရေစီဝါဒ သမားများက ရွေးလမ်းပျောက်ပြီး မျှောလိုက်ခဲ့ကြတဲ့အတွက် မြန်မာပြည်ကြီး ငါးပါးမှောက်ခဲ့ကြရတာလား၊
ဒီလို ဖြစ်ခဲ့တာ အမှန်ဆိုရင်ဖြင့် ဆရာဦးသာနိုးပြောတဲ့ မြန်မာပြည်မှာ နိုင်ငံရေးပိုင်သူ ရှားသည်ဆိုတဲ့အချက်ကို ဘယ်သူမှငြင်းနိုင်မည် မဟုတ်တော့ပါ၊
မြန်မာတပြည်လုံးအတွက် အလွန်ဝမ်းနည်းစရာဖြစ်ရပါတော့သည်။


ဒါဆိုရင် ယနေ့လက်ရှိကာလမှာရော နိုင်ငံရေးပိုင်သူတွေရှိနေကြပါပြီလား၊
ရှစ်ဆယ့်ရှစ်နောက်ပိုင်း နိုင်ငံရေးရဲ့ ပကတိအခြေအနေကတော့ စစ်အာဏာရှင်တစ်စုက ပနက်ချရေးဆွဲခဲ့တဲ့ Road Map လို့ခေါ်တဲ့ အစီအစဉ် (၇) ချက် အတိုင်း အကောင်အတည် ဖော်ဆောင်ရွက် လာခဲ့ကြတာ တစ်ခုပြီးတစ်ခု အောင်မြင် အထမြောက်ခဲ့ပါတယ်၊
နောက်ဆုံး သူတို့ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံနှင့်အတူ အစိုးရသစ် ပေါ်ပေါက်လာခဲ့ပါတယ်၊
၁၉၆၂ ခုနှစ်အာဏာရှင်ဗိုလ်နေဝင်းမှသည် အာဏာရှင်ဗိုလ်သန်းရွေအထိ စစ်အာဏာရှင်စနစ်ကြီး အောင်မြင်ဖြစ်ထွန်းခဲ့ပါတယ်၊
တရားဥပဒေဆိုတာ ပျောက်ပြီးအမိန့်အာဏာအောက်မှာ လူထုတရပ်လုံး ပြားပြားမှောက်ခဲ့ကြရပါတယ်၊
၁၉၆၂ ခုနှစ်က စပြီး ပြည်သူလူထုရဲ့တရားဝင် ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်သိမ်းသည်ဆိုကာ စစ်ဗိုလ်တွေက သိမ်းလိုက်ကြတာ ဗိုလ်သန်းရွှေ လက်ထက်အထိ ပြည်သူတွေ လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာ ဥယျာဉ်ခြံမြေတွေကို သိမ်းကြတုန်းပါပဲ၊
ယခုနောက်ဆုံး ဧရာဝတီမြစ်နဲ့ အမိမြန်မာပြည်ရဲ့ အဓိက စစ်ရေး စီးပွားရေးနယ်မြေတွေကို ရောင်းချငှားရမ်း ပေါင်နှံ ထားကြပြန်ပါပြီ၊
ဒါတွေက ဘာကိုပြနေသလဲဆိုရင် လူထုဆိုတာကို လထုလို့ ထင်မှတ်နေပြီး စော်ချင်တိုင်းစော် ကားချင်တိုင်းကားနေတဲ့ ဖြစ်ရပ်မှန်တွေပါပဲ။ စစ်အာဏာရှင်အသိုင်းအဝိုင်းအဆက်ဆက်နဲ့ ရှမ်းလိုလို တရုတ်လိုလို စီးပွားရေးပါတနာတသိုက်ကသာ အတိုင်းအဆမပြနိုင် လောက်အောင် ချမ်းသာနေကြပြီး ပြည်သူလူထုတရပ်လုံးကတော့ ဖွတ်ကြောပြာစု ခရုဆံကျွတ် ဖြစ်ခဲ့ကြရပါတယ်၊

နိုင်ငံတကာမှာ ကျွန်ခံနေကြရတဲ့ အဖြစ်မျိုးပါ။


ဒီအခြေအနေဆိုးမှ မြန်မာပြည်ကြီး လွတ်မြောက်အောင် ဘယ်လိုအတိုက်အခံ နိုင်ငံရေးသမားတွေက ကယ်နိုင်သေး လို့တုန်းဟု မေးရင်လည်း ကြိုးစားနေကြဆဲပါလို့ပဲ ဖြေရတော့မှာပါ၊
မကယ်နိုင်ကြသေးပါဘူး၊

ဒါကြောင့် ဆရာမောင်သာနိုး ဆိုသလို နိုင်ငံရေးပိုင်သူ ရှားနေပါသေးသည်လို့ပဲ ပြောရပါတော့မယ်၊
ဒါပေမယ့် နိုင်ငံရေးဆိုတာလည်း သင်္ခါရတရားထဲကမို့ အပြောင်းအလဲကတော့ ရှိလာစမြဲပါ၊
အီဗော်မှ ရီဗော် ဖြစ်နိုင်သလို ကြွေတစ်လက် ကြက်တစ်ခုန် ဆိုတာမျိုးလည်း ဖြစ်တတ်ပါတယ်။

၂၀၁၁ ခုနှစ် ထဲမှာ မြန်မာ့နိုင်ငံရေးရဲ့ အရွေ့သဘောလေးကို စတင်ပြီး မြင်တွေ့လိုက်ရပါတယ်၊
ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းလိုက်ရခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံထဲက အချက်အချို့ ကို ပြင်ပေးပြီး ဒေါ်စုနဲ့ အင်အယ်ဒီကို ကြားဖြတ် ရွေးကောက်ပွဲ ပေးဝင်လိုက်ရခြင်း၊ နိုင်ငံရေးအကျဉ်းသားအချို့အပါအဝင် အကျဉ်းသားအနည်းငယ်လွတ်ပေးရခြင်းနှင့်အတူ အနည်းအကျဉ်းလောက် လွတ်လပ်စွာ ပြောဆိုတင်ပြနိုင်ခြင်း မီဒီယာလွတ်လပ်မှုအနည်းငယ် ရရှိလာခြင်းစတဲ့ ယခင်က မရရှိခဲ့ ဘူးတဲ့ အခွင့်အလန်းတွေကို ရရှိလာတာတွေ့ရပါတယ်၊

မဆိုစလောက် ရရှိထားတဲ့ အခွင့်အလန်းသည် ဆထက်တံပိုးတိုးပြီး ကြီးကျယ်လာမလား၊ ဒါမှမဟုတ် နောက်ကြောင်းပြန်ပြီး သွားမှာလား၊ ဟိုမရောက် ဒီမရောက်နဲ့ ကန့်လန့်ခံနေမှာလားဆိုတာကိုတော့ တွေးကြ ရေးကြ ငြင်းကြရတုံးပါပဲ၊

မည်သို့ဆိုစေ အတိတ်မှာ မရခဲ့ဘူးသေးတဲ့ အခွင့်အလန်းကို အမိအရကိုင်စွဲပြီး အောင်ပန်းကို အရယူကြရန်ကြိုးပန်း ဆောင်ရွက်နေကြတာကိုတော့ တွေ့မြင်နေကြရပါပြီ။

ဒီနေရာမှာ မြန်မာ့နိုင်ငံရေးအစဉ်အလာကို ပြန်လည်ပြီး အမှန်အတိုင်း ကြည့်မြင်ပြီး မိမိတို့ ကိုယ်ကိုလည်း အမှန် အတိုင်း သုံးသပ်ဖို့ လိုပါလိမ့်မည်၊
မြန်မာနိုင်ငံသည် အင်္ဂလိပ်၏ ကျွန်ဘဝမှ လွတ်လပ်ခဲ့ခြင်းသည် အခြေအနေနဲ့ အချိန်အခါကို စောင့်ကြည့် အသုံးချတတ် သောကြောင့်သာ ဖြစ်ပါသည်၊

ဖက်ဆစ်နာဇီနှင့် အင်္ဂလိပ်မဟာမိတ်တို့ စစ်ဖြစ်ချိန်မှာ အင်္ဂလိပ်အခက် ဗမာ့အချက်ဆိုသည့်အတိုင်း အခြေအနေမှန်ကို ကောင်းမွန်စွာ သုံးသပ်ပြီး လှုပ်ရှားနိုင်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်၊
နောက်တချက်က ပါဝါနဲ့အင်အားကို ကောင်းစွာနားလည် သဘောပေါက်တဲ့အတွက်လည်း အင်္ဂလိပ်ကို တိုက်ဖို့ရန် ပါဝါတူ စေမည့် ဂျပန်အကူအညီကို ယူခဲ့ရသလို၊ ဂျပန်ကိုပြန်ပြီးတိုက်တော့လည်း အင်္ဂလိပ်နဲ့ ပြန်ပေါင်းပြီး အကူအညီကို ရယူတိုက်ပွဲ ဝင်ခဲ့ကြရတာပါ၊

အဓိကက ကိုယ့်မြန်မာပြည်လွတ်လပ်ရေးရဖို့ပဲ မဟုတ်ပါလား၊ အမှန်တကယ်လည်း လွတ်လပ်ရေးရခဲ့တဲ့အတွက် အဲဒီနိုင်ငံရေး ခေါင်းဆောင်သည် နိုင်ငံရေးပိုင်သူအဖြစ် မှတ်တမ်းတင်ရပါလိမ့်မည်။

မြန်မာပြည်ကို လွတ်လပ်ရေးရအောင် ယူပေးနိုင်ခဲ့သည့် နိုင်ငံရေးခေါင်းဆောင်၏ နိုင်ငံရေးပိုင်သည်ဆိုသည့် အရည်အချင်းမှာ ဘာပါလိမ့်ဟု ဆိုလျှင် ယဉ်ပြိုင်ရမည့် ဘက်နှင့် ကိုယ့်ဘက် စသည့် ဘက်နှစ်ဘက်၏ ပါဝါကို နားလည်နေခြင်း၊ အခြေအနေနဲ့ အချိန်အခါကို မှန်ကန်စွာ ရွေးခြယ်တတ်ခြင်း ဆိုတာကို တွေ့ရပါတော့သည်၊


လွတ်လပ်ပြီး မြန်မာနိုင်ငံတွင် သူပုန်သူကန်များ ထောင်ထားခြားနားခြင်းများ ဖြစ်ခဲ့ရပြီး စစ်အာဏာရှင် ဘီလူး၏ ဝါးမျိုခြင်းကို ခံရကာ ဘေးဒုက္ခအမျိုးမျိုး ကျရောက်ခဲ့သည့် ပြည်သူလူထုကို ကယ်တင်နိုင်မည့် နိုင်ငံရေးပိုင်သူများ မပေါ်ပေါက်သေး သဖြင့်လည်း ယနေ့ထက်တိုင် ငတ်မြဲ မွဲမြဲ ဖြစ်နေပါတော့သည်။

သို့သော် အရွေ့သဘောကိုဖြင့် တွေ့လာရပါပြီ၊ မြန်မာ့အတိုက်အခံနိုင်ငံရေးခေါင်းဆောင်များသည် စစ်အေးခေတ်လွန်ကာလ ကမ္ဘာ့နိုင်ငံရေးရေစီးကြောင်းကို သဘောပေါက်ရန်နှင့် သူ့ဘက်ကိုယ့်ဘက် ပါဝါ အင်အားကို အမှန်အတိုင်း ချိန်ဆနားလည်မှုဆို သော အရည်အချင်းနှင့် ပြည့်ဝသူများ ဖြစ်ကြလျှင်ဖြင့် မြန်မာ့ဒုက္ခကို အမြန်ဆုံးကယ်တင်နိုင်မည်ဟု ယုံကြည်ရပါမည်၊

ယနေ့ အရေးကြီးဆုံး ဆုံးဖြတ်လုပ်ကိုင်ရမည့် အလုပ်မှာ မိမိရင်ဆိုင်ရမည့်ဘက်နှင့် ပိုမိုသာလွန်သည့် ပါဝါအင်အားကို တည်ဆောက်ရန်ပင် ဖြစ်နေပါသည်၊

ယခင်က ရှိရင်းစွဲ အယူအဆများဖြစ်သည့် ကိုယ့်အားကိုယ်ကိုးတို့၊ ကိုယ့်ပြည်တွင်းရေး ကိုယ်ရှင်းတို့ ဆိုတာတွေနဲ့ လုံလောက် ပြီဟု ရပ်တန့်မနေသင့်တော့ပါ။

၂၀၁၁ နိုင်ငံရေးအရွေ့သည် ပါဝါရှင်ကြီးများ အဝင်အထွက်များမှုများအပြင် နိုင်ငံတကာ စီးပွားရေး ပြိုင်ဆိုင်မှု လှိုင်းကြီးများ ရိုက်ခတ်မှုကို အဓိက ထည့်တွက်ပြီး အဲဒါကို ပိုင်ပိုင်နိုင်နိုင် ကိုယ်တွယ်အသုံးချ နိုင်မည့် နိုင်ငံရေးခေါင်းဆောင်များလည်း ပေါ်ထွန်းနေပြီဟု ယူဆပါသည်၊



မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ မဟာဗျူဟာ ကျနေသည်ဆိုသည့် အချက်ကို မည်သူမျှ မငြင်းနိုင်ကြပါ၊
ထို့ကြောင့် ကိုယ့်အားကိုယ်ကိုး ပြီး ကိုယ့်ပြည်တွင်းရေးကို ကိုယ့်ဘာသာရှင်းမည်ဆိုသည်မှာလည်း နားထောင်ကောင်းသော သမာရိုးကျ ပျက်လုံးတခုထက် မပိုနိုင်ပါသဖြင့် အဲဒီမဟာဗျူဟာကျသည့် အချက်ကိုပင် ယနေ့ကောင်းစွာ အသုံးချတတ်သည့် နိုင်ငံရေးသမားတွေ ရှိနေမည်ဟု တွေ့မြင်လာရပါသည်၊
နှစ်ဆယ့်တစ်ရာစု ကမ္ဘာ့သိုက်တူးတိုက်ပွဲကာလ ကို ဖြတ်ကျော်နေရသည်ကို သတိပြုပြီး ပါဝါရှင်ကြီးများနှင့် ဆက်ဆံရေးကို ကျွမ်းကျင်မည့် နိုင်ငံရေးခေါင်းဆောင်များလည်း ပေါ်ထွန်းလာနေပြီ ဖြစ်ပါသည်၊ မှားယွင်းသည့် ယုံကြည်ချက် ခံယူချက်များကို တရားသေ ဆုတ်ကိုင်မထား တော့ဘဲ လက်တွေ့ကျသည့် လူထု၏ အကျိုးစီးပွားနှင့် တိုင်းတာသော ယုံကြည်ချက်ခံယူချက် မှန်များကို ရဲဝံ့စွာ ပြောင်းလဲ ခံယူနိုင်သည့် နိုင်ငံရေး ခေါင်းဆောင်ဆိုတာလည်း ပေါ်လာနေပြီ ဖြစ်ပါသည်။

ယနေ့မြန်မာနိုင်ငံရေးတွင် စစ်ဦးစီးအစိုးရနှင့် အတိုက်အခံပါတီကြီး တစ်ခုတို့ ပေါင်းစည်းကြရုံနှင့် မပြီးပါ၊
အစိုးရထဲမှာ တိုင်းပြည်မျက်နှာထက် ကိုယ့်ကျိုးစီးပွားကိုပိုပြီး ကြည့်နေသူတွေနဲ့ ပြုပြင်ပြောင်းလဲချင်စိတ် မရှိသူတွေ၊ ခိုးဝှက်တိုက်ခိုက် ရယူပြီးသားစီးပွားရေးနဲ့ သူတို့ရင်းနှီးမြှပ်နှံမှုများကို အထိအခိုက်မခံနိုင်သူတွေအတွက် ဘယ်အခြေအနေ မျိုးမှာ ရောက်ရောက်သူတို့သာ စင်ပေါ်မှာ ရှိနေချင်သူတွေရဲ့ အင်အားကလည်း မနည်းလှပါ၊


အတိုက်အခံဘက်က မြေပေါ်မြေအောက် ပြည်တွင်းပြည်ပ တောပုန်းမြို့နေ စသည်တို့အထဲမှာလည်း နိုင်ငံရေးဖြင့် စီးပွားဖြစ်နေသူများ၊
နိုင်ငံရေးဖြင့် နာမည်ရနေကြသူများ၊
နိုင်ငံရေးဖြင့် အလုပ်အကိုင် ရာထူးရာခံ လေးများ ရနေသူများ ၊
နိုင်ငံရေးဖြင့် ပြည်ပမှာ သုံးနိုင်ဖြုန်းနိုင် တပည့်မွေးနိုင်နေကြသူများ၊
နိုင်ငံရေးဖြင့် ပညာတတ်ဘွဲ့ရ ဖြစ်နေကြသူများ၊
နိုင်ငံရေးဖြင့် ဆက်လက်ပြီး လုပ်ကိုင်စားသောက်ချင်ကြသူများ၊
ခြုံငုံ၍ မှတ်ချက်ချရလျှင် ကိုယ်ကျိုးအတွက် နိုင်ငံရေးခံတွင်း တွေ့နေသူများ
ကလည်း ရှစ်ဆယ့်ရှစ်နောက်ပိုင်းမှာ အနမတက္ကပေါ်ပေါက်နေကြပြန်ပါသည်၊

ဒါ့အပြင် နိုင်ငံရေးအစွန်းရောက် အယူသီးအရည်းကြီးဂိုဏ်းကလည်း မှောင်ခိုကြီးထွားနေလျှက် ရှိပါသည်၊
အနှီပြည်တွင်း ပြဿနာများကို ကျော်ဖြတ်အောင်မြင်အောင် ကြိုးစားနိုင်မည့် နိုင်ငံရေးပိုင်သူများကိုလည်း မျှော်လင့်လို့ ရနေပြီဟု ထင်ပါသည်။

တိုင်းပြည်အတွက် အတိုက်အခံလုပ်ရမည့် ဘက်နှင့် ပါဝါတူ ဖြစ်စေဖို့အတွက် ကမ္ဘာ့ပါဝါရှင်ကြီးများနှင့် ဆက်ဆံရာမှာလည်း မိမိတို့ဘက်မှ ပေးဆပ်ရမည့် အရင်းအနှီးသည် အကျိုးအမြတ်နှင့် တွက်ခြေကိုက်စေဖို့ ချိန်ဆရမည့် ကိစ္စသည်လည်း လွယ်ကူသည့် ကိစ္စမျိုး မဟုတ်ပါ၊

အလွန်အရေးကြီးပြီး မြန်မာနိုင်ငံသားအားလုံး၏ ရှေ့ရေးကံကြမ္မာနှင့် ပတ်သက်ပါသည်၊
သို့သော်လည်း မိမိတို့ရှေ့မှာတိုးတက်ဖြစ်ထွန်းနေသည့် နိုင်ငံများကို ကြည့်၍ သူတို့ခေါင်းဆောင်များကို နမူနာယူ လေ့လာနိုင်သည်ဖြစ် သဖြင့် ကြီးမားသည့် ဖြေရှင်းမရသော အခက်အခဲ မျိုးတော့ မဟုတ်ပါ၊
ဒါတွေကို နားလည်သဘောပေါက်နေမည့် နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားများလည်း မြန်မာနိုင်ငံတွင် ရှိနေကြပြီဟု ယုံကြည်နိုင် သည့် အခင်းအကျဉ်းမျိုးကို တွေ့နေရပါသည်။

ဒါကြောင့် ၂၀ ရာစုတွင် မြန်မာပြည်လွတ်လပ်ရေးရအောင်ယူပေးနိုင်သည့် နိုင်ငံရေးပိုင်သူပေါ်ပေါက်ခဲ့သလို ယနေ့ ၂၁ ရာစုတွင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပေါ်ထွန်းပြီး လွတ်လပ်ရေးရဲ့ အရသာကို လူတိုင်း ခံစားခွင့်ရှိအောင် စွမ်းဆောင်နိုင်မည့် နိုင်ငံရေး ပိုင်သူ ရှိနေပြီဟု ယူဆပါကြောင်း။


ဦးဖိုးသာအောင်

No comments:

Post a Comment