သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, February 8, 2012

ဆေးဝါးလွန်ကဲ၍ အဆိပ်သင့်မှုများလာ (7 days news)


Photo
ဝတ်ရည်အောင်
အတွဲ (၁၀)၊ အမှတ်(၄၆)
အဆိပ်သင့်ကုသမှုဌာနများတွင် ဆေးဝါးလွန်ကဲခြင်းကြောင့်ဖြစ်သည့် အဆိပ်သင့်ခြင်းနှင့်   မတော်တဆဖြစ်ပွားသည့် အဆိပ်သင့်ခြင်းတို့တွင်  ဆေးဝါး
ကြောင့် အဆိပ်သင့်ခြင်းသည် ဖြစ်ပွားမှုများပြားလာကြောင်း ထိုဌာနများရှိ  တာဝန်ရှိသူအချို့က  ပြောသည်။


ယခုနှစ်ပိုင်းများအတွင်း ဆေးဝါးကြောင့်အဆိပ်သင့်ခြင်းသည် အဆိပ်သင့်ခြင်းအားလုံး၏   ၅၁ ရာ ခိုင်နှုန်းရှိပြီး၊  အဆိပ်သင့်မှုများတွင်   အများဆုံးဖြစ်သည်။  ထို အထဲတွင် သေကြောင်းကြံစည်ကာ ဆေးဝါးအလွန်အကျွံ အသုံးပြုသည့်သူများရှိသကဲ့သို့ ရောဂါအတွက် ဆေးသုံးစွဲရင်းများသွားခြင်းကြောင့် ဖြစ်သည့် အဆိပ်သင့် ခြင်းများလည်းရှိကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆေးရုံသစ်ကြီးဆီးချိုနှင့် အထွေထွေရောဂါကု သမားတော်ကြီး အဆိပ်သင့်ကုသဌာနမှ  ဒေါက်တာရဲမြင့်ကပြော သည်။
ဆေးဝါးများသုံး၍    သေကြောင်း ကြံစည်သူများတွင် အသက် ၂၁ နှစ်မှ ၃၀ နှစ်အတွင်းသည် အများဆုံးဖြစ်ကြပြီး  ၃၁နှစ်မှ ၄၀ အတွင်းမှာ   ဒုတိယအများဆုံးဖြစ်ကြသည်။ အများစုမှာ စီးပွားရေးဆိုင်ရာ ပြသာနာများကြောင့် များပြားကြောင်း သုတေသနဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။ သို့သော် အချို့မှာ ရောဂါကုသစဉ် ဆေးများသွား ခြင်းဖြစ်သည်။ရောဂါသက်သာစေရန် ဆေးအဖြစ်သုံးကြသည့်အခါ လူတစ်ဦးနှင့်တစ်ဦး ဆေးပမာဏခံ နိုင်ရည်ချင်းလည်း မတူညီကြသလို အသုံးများပြီး အသက်ပါသေစေသည့် အကိုက်အခဲပျောက်ဆေးများတွင်လည်း   ဆေးခံနိုင်ရည်အား  ခန္ဓာကိုယ်အလေးချိန်ဖြင့် သတ်မှတ်ကာပမဏများပြားပါက ခန္ဓာကိုယ်အား အဆိပ်အတောက် ဖြစ်စေလာခြင်းဖြစ်သည်။
“လွန်ခဲ့တဲ့ ၂ လလောက်က ၁၂ နှစ်အရွယ် ကျောင်းသားလေးက ကျောင်းမှာ ဖျားလို့ ကိုက်ခဲနာ ကျင်နေတယ်ဆိုတော့ သူငယ်ချင်းက   ပါရာစီတမောကို  တစ်ခါသောက်ရင် ၃ လုံးလောက်သောက်ရင်  သိသိသာသာကို  သက်သာသွားမယ်။ ၂ လုံးသောက်လို့လည်း ရတယ်လို့ပြောတယ်။ အဲဒီတော့ ကလေးက ပထမတော့ ၃ လုံးသောက်နေတာ ၄ နာရီ လောက်ကြာတော့ ဆေးအာနိသင် ပြယ်လာတဲ့အခါ  နောက်ထပ် ၃ လုံး ထပ်သောက်တယ်။ ညနေကျတော့၃ လုံးသောက်တာကနေပါရာစီတမော အဆိပ်သင့်ပြီး ရောက်လာတယ်”ဟု အဆိုပါ ဆရာဝန်က ဆက်လက် ပြောသည်။
ကီလို၅၀  (ပေါင်၁၁၀ခန့်)လူတစ်ဦးအတွက်   ပါရာစီတမော ၅၀၀အားရှိသည့် ဆေးတစ်လုံးသည် အန္တရာယ် မဖြစ်စေနိုင်သေးသော်လည်း ပါရာစီတမော
၁၀ လုံးဖြစ်သည့် ၅၀၀၀ အားသည်အန္တရာယ်ရှိပြီး အဆိပ်ဖြစ်စေသည့်ပမာဏ ဖြစ်သွားပြီဖြစ်ကြောင်း ဒေါက်တာရဲမြင့်ကပြောသည်။အကိုက်အခဲ ပျောက်ဆေးများ နေ့စဉ်သတိမမူမိဘဲ သောက်နေသည့်သူများတွင်လည်း အသည်းအား ထိခိုက်ခြင်းနှင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါကုသရေးဌာနများတွင် လည်း    အစာအိမ်သွေးကြောပေါက်ခြင်းများသည် အကိုက်အခဲပျောက်ဆေးများ၏ နောက်ဆက်တွဲပြဿနာများဖြစ်ကြောင်း သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံမှ သိရသည်။
ထိုကဲ့သို့ ဆေးအလွန်အကျွံ သောက်ခြင်းကြောင့် ဖြစ်သည့် အဆိပ်သင့်ခြင်းများတွင် ဆရာဝန်လက်မှတ်မပါဘဲအပြင်တွင် ဆေးဝါးများ အလွယ်တကူရခြင်း များသည်လည်း အကြောင်းအရင်း တစ်ရပ်ဖြစ်ပြီး  များသောအား ဖြင့် ဆေးပညာဗဟုသုတ  အားနည်းသည့် တောရွာများတွင် အဖြစ်များကြကြောင်း အထွေထွေ ရောဂါကုဆရာဝန်တစ်ဦးက  သုံး သပ်ပြောကြားသည်။“ကျွန်မ နေခဲ့ဖူးတဲ့ ကျောက် တန်းမြို့နယ်ထဲက ရွာတစ်ရွာမှာ ဆိုရင် ဆရာဝန်ကလည်း ရွာအကြီးကြီး တစ်ရွာလောက်မှာပဲရှိတာ။ အဲတော့ အများစုက ဆေးတွေကိုဘယ်လိုပုံစံနဲ့   သောက်ရမယ်ဆို တာလည်းမသိဘူး။ ဘယ်လောက် သောက်ရမယ်ဆိုတာလည်း မသိဘူး။ သက်သာတယ်လို့ တစ်ယောက်
ပြောတာနဲ့ လိုက်သောက်တယ်။ နေ့တိုင်းသောက်ကြတယ်။ ဆေးဆိုတာကို အများကြီးကိုသောက် နေကြတာ”ဟု ကျောက်တန်းမြို့ နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကျောင်းဆရာမတစ်ဦးကပြောသည်။
တစ်နှစ်ထက်တစ်နှစ် ဆေးဝါးများ လွန်ကဲခြင်းကြောင့်ဖြစ်သည့် အဆိပ်သင့်ခြင်းသည် များ ပြားလာပြီး အများစုမှာ မိမိကိုယ် မိမိ သေကြောင်းကြံစည်ခြင်းဖြင့် ပမာဏများပြားပြီး အသက်သေ ဆုံးသွားကြခြင်းဖြစ်ကြောင်း အဆို ပါ ဆရာဝန်က ပြောသည်။ မြန်မာနိုင်ငံအောက်ပိုင်းရှိ အဆိပ်သင့်ကုသဌာနနှင့် သုတေ သနဌာနများရှိ စာရင်းများအရ အမျိုးသမီးများသည် မိမိကိုယ်မိမိ သေကြောင်းကြံစည်မှုများပြားသည်။ သို့သော် ၂၀၀၈-၀၉ခုနှစ်များတွင်  စိုက်ပျိုးရေးသုံးပစ္စည်း
များအသုံးပြု၍ သေကြောင်း ကြံစည်မှုများပြားပြီး ၂၀၀၉ နောက်ပိုင်းမှစ၍ အလွယ်တကူပိုရသည့် ဆေးဝါးများ   အသုံးပြု၍   သေကြောင်းကြံစည်မှုများပြားလာ သည်ဟုဆိုသည်။
“တစ်နှစ်နဲ့    တစ်နှစ်တော့ မတူဘူး။   ထူးထူးခြားခြားတော့ ခြံစည်းရိုး ကြက်ဆူပင်တွေ စိုက် ကြတဲ့နှစ်တွေမှာတော့ ကလေးတွေ ကျောင်းသွားရင်း ကြက်ဆူ စေ့တွေစားမိပြီး အဆိပ်သင့်တာ တော့ရှိခဲ့တယ်။   အသက်တော့ မသေခဲ့ကြပါဘူး”ဟု သုတေသန ပညာရှင်တစ်ဦးကပြောသည်။အဆိပ်သင့်မှုများတွင် ဆေး
ဝါးများ ပါရာစီတမော  အိပ်ဆေးများ၊ စိတ်ကျန်းမာရေးအတွက်အသုံးပြုသည့် ဆေးဝါးများ၊ ဘာမီတွန်ကဲ့သို့ ဆေးဝါးများ သောက်ခြင်း၊ ရက်လွန်အစားအသောက် များကြောင့် အဆိပ်သင့်ခြင်း၊ စိတ်ထွက်ပေါက်အဖြစ် အက်ဆစ်ကဲ့သို့သော   စက်ရုံ၊   အလုပ်ရုံသုံး ပစ္စည်းများသုံးခြင်းဖြင့်  အဆိပ်သင့်ခြင်း၊ သောက်၍မရသည့် အ ရက်များသောက်ခြင်းကြောင့် အဆိပ်သင့်ခြင်းများ၊ ရေရှည်ခဲဆိပ် သင့်၍အဆိပ်သင့်ခြင်းများလည်း ရှိကြောင်းသိရသည်။
အဆိပ်သင့်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာသည့်အခါအချို့ဆေးဝါးများမှာ ပြန်အန်အောင်မလုပ်သင့်သည့် ဆေးများလည်းရှိသဖြင့် နီးစပ်ရာဆေးခန်းသို့သွား ရောက် အကူအညီတောင်းခံခြင်း သာလျှင် အကောင်းဆုံးဖြစ်ကြောင်းသိရသည်။“ဥပမာ-အက်ဆစ်တို့၊ ဆပ်ပြာတို့ သောက်ထားတဲ့ သူတွေဆိုရင်၊   နောက်တစ်ခုက ဓာတ်ဆီ သောက်ထားတဲ့သူတွေဆိုရင် ပြန်အန်အောင်လုပ်လိုက်ရင်ပိုပြီး အန္တရာယ်များနိုင်တဲ့အတွက် ကျွမ်းကျင်ဆရာဝန်ဆီသွားပြီး အကူအညီတောင်းသင့်တယ်။ ချက်ချင်းအစာအိမ်လမ်းကြောင်းကနေ မဖယ်ထုတ်သင့်တာတွေလည်းရှိတယ်”ဟု ဒေါက်တာရဲမြင့် က ပြောသည်။ ထိုကြောင့်အစာ အိမ်လမ်းကြောင်းမှ   ချက်ချင်း ဖယ်ရှားသင့်၊ မသင့်ကို ကျွမ်းကျင်ဆရာဝန်များသာသိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။အဆိပ်သင့်ခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များအား ဖုန်းနံပါတ် ၃၇၉၄၈၀ သို့ မေးမြန်းနိုင်ကြောင်းသိရသည်။

No comments:

Post a Comment