သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Wednesday, February 1, 2012

ပခုက္ကူခရိုင်တွင် ဒေသခံများ၏ လိုအပ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ကွင်းဆင်းမေးမြန်း

ကျော်ဆုမွန် (myanmar time)

အတွဲ ၂၈ ၊ အမှတ် ၅၅၅ ( ၃ - ၉ ၊ ၂ ၊ ၂၀၁၂)

ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလေ့လာရန် ပခုက္ကူမြို့သို့ ဇန်န၀ါရီလ ၃၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ လာရာ ဒေသခံများက လှိုက်လှဲစွာ ကြိုဆိုနေကြစဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ
 
မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ ဒေသဖြစ်သည့် မကွေးတိုင်း၊ ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာမှ ဒေသခံရွာသူ ရွာသားများ၏ လိုအပ်ချက် များကို မေးမြန်းခဲ့ပြီး ဗြိတိန်နိုင်ငံ နိုင်ငံ တကာဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် လိုအပ်ချက် များကို အကောင်အထည်ဖော်ပေးသွားမည် ဖြစ်သည်။
ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးဌာနမှ ဗြိတိသျှ ကူညီထောက်ပံ့မှုဖြင့် အဆိုပါကျေးရွာနှစ်ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချကာ စီစဉ်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများကို ဗြိတိန်နိုင်ငံမှ သံအမတ်ကြီး မစ္စတာ အင်ဒရူးဟင်းန်၊ ဩစတြေးလျသံအမတ်ကြီး ဘရောန်ထေမူးလ်စ်နှင့်အတူ ဒေါ်အောင် ဆန်းစုကြည်က ဇန်န၀ါရီလ ၃၁ ရက်နေ့က လိုက်ပါလေ့လာစဉ် ရွာသူ ရွာသားများ၏ လိုအပ်ချက်များကို မေးမြန်းခဲ့ခြင်းဖြစ်သည်။
ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရန်နှင့် ရပ်ရွာအသိုင်းအ၀ိုင်းများကို လုပ်ပိုင်ခွင့်များ ရရှိလာစေရန် ဒေသခံအစိုးရ မဟုတ်သော အဖွဲ့အစည်းများအား ဗြိတိန်နိုင်ငံက ကူညီထောက်ပံ့လျက်ရှိသည့် နေရာများသို့ သွားရောက်လေ့လာ ခဲ့ခြင်းလည်း ဖြစ်သည်။
"မြိုင်မြို့နယ်ထဲမှာ ဖွံ့ဖြိုးရေး အစီ အစဉ်အရ တစ်ခုမက ရှိပါတယ်။ တစ်ခု နဲ့ တစ်ခု မတူကြပါဘူး။ ဘယ်လို အစီအစဉ်က အအောင်မြင်ဆုံးလဲ၊ ဘယ်လို အစီအစဉ်တွေကို ပိုပြီး အောင်မြင်အောင် လုပ်ရမလဲဆိုတာကို အခု ဒေသခံ တွေဆီကနေ ပြောမှ ကျွန်မတို့ သိရမှာ ပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က မြိုင် မြို့နယ်၊ ပေပင်တိုက်ကျေးရွာမှ ဒေသခံ များသို့ ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ညောင်ဦးလေဆိပ်မှတစ်ဆင့် ပခုက္ကူ ခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ ပေပင်တိုက် ရွာနှင့် ကျစ်တီးရွာ နှစ်ရွာတွင် အလားတူ မေးခွန်းများကို မေးမြန်းခဲ့ခြင်းဖြစ်ကာ ရွာသားများက ၎င်းတို့၏ အဓိကလိုအပ် ချက်သည် ရေရရှိမှု၊ လျှပ်စစ်မီးနှင့် ရွာသူ ရွာသားများ ပြည်ပသို့ထွက်ခွာ၍ အလုပ် လုပ်ရန်မလိုဘဲ ဒေသတွင်း၌ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရန်ဖြစ် ကြောင်းတို့ကို ပြောသည်။
"ကျွန်မတို့ စီမံကိန်းတွေနဲ့ ပတ်သက် ပြီးတော့ ဒေသခံတွေက လိုတာရှိရင် ရဲရဲ ၀ံ့ဝံ့ ပြောပါ။ အဲဒီလိုပြောမှ ကူညီတဲ့အဖွဲ့ တွေကလည်း ဗြိတိသျှအဖွဲ့တွေကို ဘယ်လိုအခြေအနေရှိသလဲ၊ ဒေသခံ တွေအတွက် အထောက်အကူပြုသလား ဆိုတာကို သိချင်နေကြတာပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ ယခု မြိုင်မြို့နယ်အတွင်းသို့ လာသည့်ခရီးစဉ်မှာ နိုင်ငံရေးခရီးစဉ် တစ်ခုမဟုတ် ကြောင်း၊ ဖွံ့ဖြိုးရေးခရီး တစ်ခုသာဖြစ်ကြောင်း၊ ကျေးလက်ဖွံ့ဖြိုး ရေးအတွက် မည်ကဲ့သို့ ဆောင်ရွက် ရမည်ဆိုသည်ကို အဖြေရှာ ရန်ဖြစ် ကြောင်း ဖြည့်စွက်ပြောသည်။
"ကျွန်မတို့နိုင်ငံ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ ကိုယ်တိုင်ရုန်းကန်ချင် တဲ့စိတ် ရှိရမယ်။ ပြင်ပကလည်း ကူညီချင်တဲ့စိတ် ရှိရမယ်။ ဒါမှ ဖွံ့ဖြိုးတိုးတက် မယ်။ ကြိုးစားကြရမယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သွားရောက်ခဲ့သည့် ကျေးရွာများ အတွက် ဗြိတိန်နိုင်ငံ၏ ကူညီထောက်ပံ့မှုကို အသက်မွေးမှုနှင့် အစားအသောက် လုံခြုံရေး ယုံမှတ် အပ်နှံမှုရန်ပုံငွေအဖွဲ့ (Livelihoods and Food Security Trust Fund) မှ ပေးအပ်နေသည်။
ဩစတြေးလျ၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ နယူးဇီလန်တို့နှင့်အတူ ယူကေနိုင်ငံမှ Department for International Development (DFID) က အဓိက အလှူရှင်တစ်ဦးဖြစ်သည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်က စတင်ပြီး မြန်မာနိုင်ငံကို ယူကေနိုင်ငံက ဖွံ့ဖြိုးရေး အကူအညီပြန်ပေးရန် သဘောတူခဲ့ရာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွက် ပေါင် စတာလင် ၁၈၅ သန်း (ကန်ဒေါ်လာ ၂၈၆ သန်း) ကျခံသုံးစွဲသွားမည်ဖြစ်သည်။
ယူကေအစိုးရ၏ ကူညီထောက်ပံ့မှု အဓိကအချက်မှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် ပံ့ပိုးပေးရေးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကို လက်ရှိ ဖွံ့ဖြိုးရေးအစီအစဉ်တွင် လုပ်ဆောင်နေသည့် စီမံကိန်းအကုန်ကို ပြသနိုင်ခြင်းတော့ မရှိခဲ့ကြောင်း၊ သို့ရာတွင် အချို့ရွာ များတွင် ပြုလုပ်နေသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းအချို့ကို ပြသနိုင်ခဲ့ကြောင်း DFID ၏ အကြီးအကဲ မစ္စတာ ပေါလ်ဝစ် ထင်ဂမ်က ပြောသည်။
"ဒုတိယရွာဖြစ်တဲ့ ကျစ်တီးရွာမှာဆိုရင်တော့ ကျေးရွာက အမျိုးသမီးတွေ အတွက် အသက်မွေးဝမ်းကျောင်းပညာ တွေဖြစ်တဲ့ စက်ချုပ်သင်တန်းတို့၊ အချက် အပြုတ်သင်တန်းတို့ကို ပြသနိုင်ခဲ့တယ်"ဟု ၎င်းက ပြောသည်။
"ရွာသားတွေက သူ့ကိုပြောခဲ့တာတွေက ဒီဒေသတွေမှာ အဓိကလိုအပ်နေတာ ရေဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြောခဲ့တာကတော့ လက်ရှိ အလှူရှင်နိုင်ငံတွေအပြင် ဒီစီမံကိန်းတွေကို ထောက်ပံ့ပေးနိုင်မယ့် တခြားအလှူရှင်နိုင်ငံတွေလည်း လိုတယ်လို့ ပြောခဲ့တယ်"ဟု ၎င်းက ပြောသည်။

No comments:

Post a Comment