သားချစ်ဘလောဒ်.မှမိတ်ဆွေတို.အားတံခါးဖွင်.လှစ်ကြိုဆိုပါသည်၊စိတ်ကြိုက်သာခံစားကြည်.ရှု.ဝင်ထွက်သွားလာနိုင်ပါတယ်မိတ်ဆွေ

Friday, February 10, 2012

ဗဟု ခေါင်းဆောင်များ မြန်မာပြည်သွား

By featured, ခင်ဦးသာ on February 10, 2012 4:25 pm 

 
ထိုင်းနိုင်ငံ အခြေစိုက် ဗဟု ဖွံ့ဖြိုးရေးအဖွဲ့က မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင် နေသည့် အခန်းကဏ္ဍများ၌ ပါဝင်ကူညီပေးနိုင်ရေး ကြိုးပမ်းသွားမည်ဟု ပြောဆိုသည်။
ဗဟု ခေါင်းဆောင်များ ဖြစ်သော ဦးအောင်သူငြိမ်း၊ ဦးတင်မောင်သန်း၊ ဒေါက်တာ ဇော်ဦးနှင့် ဦးအောင်နိုင်ဦး (ဓာတ်ပုံ - ဗဟု ဖွံ့ဖြိုးရေး အဖွဲ့)
ဗဟု (Vahu Development Institute) အဖွဲ့ ခေါင်းဆောင်များဖြစ်သော ဦးအောင်သူငြိမ်း၊ ဦးအောင်နိုင်ဦး၊ ဦးတင်မောင်သန်း၊ ဒေါက်တာ ဇော်ဦး တို့သည် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ ယနေ့ရောက်ရှိသွားပြီဖြစ်ပြီး သီတင်းပတ်၂ ပတ်ကြာ နေထိုင်မည် ဖြစ် သည်။
နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍများ၌ ပါဝင်ကူညီနိုင်ရေး အတွက် သွားရောက်လေ့လာခြင်း ဖြစ်ပြီး ရန်ကုန်၊ နေပြည်တော် တို့၌ ပြုလုပ်မည့် စီးပွားရေး ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကိုလည်း တက်ရောက်ကြမည်ဟု ဗဟု အဖွဲ့မှ ဦးအောင်သူငြိမ်း က ဧရာဝတီကို ပြောသည်။
အစိုးရ အဖွဲ့ဝင် တချို့အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ NGO စသည့် အဖွဲ့ အစည်းများနှင့် တွေ့ဆုံရန်ရှိကြောင်း လည်း ဦးအောင်သူငြိမ်းက ဆိုသည်။
၎င်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) အဖွဲ့၌ အတွင်းရေးမှူး တာဝန် ထမ်းဆောင် ခဲ့သူ တဦးဖြစ်ပြီး ၂၄ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်ဟု သိရသည်။
ဦးအောင်သူငြိမ်းက“အခုသွားတာက လေ့လာတဲ့အဆင့်ပါ၊ နောက်ပိုင်းမှာတော့ ရန်ကုန်မှာရုံးဖွင့်ပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆက်လုပ်ဖို့ ရှိပါတယ်”ဟု ဆိုသည်။
ဒေါက်တာဇော်ဦးသည် ပြီးခဲ့သည့် လအနည်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး နိုင်ငံတော် အဆင့်ပြုလုပ်သည့် စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်၍ စီးပွားရေးဆိုင်ရာ စာတမ်း တစောင်ဖတ်ကြားခဲ့သေးသည်။
ဗဟုအဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်နှင့်ချိတ်ဆက်ပြီး ပြည်တွင်းမှ သင်တန်းသားများခေါ်ယူ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘာသာရပ်များကို သင်ကြားပေးနေပြီး ထိုသင်တန်းသားများက မြန်မာနိုင်ငံတွင်း၌ သက်ဆိုင်ရာနယ်ပယ်များတွင် ပြန်လည် အသုံးချ လုပ်ကိုင်လျက် ရှိကြောင်း ဗဟုအဖွဲ့၏ ဒါရိုက်တာ တဦးဖြစ်သူ ဦးအောင်နိုင်ဦး က ပြောပြသည်။
“ကျနော်တို့ သင်တန်းသားတွေဟာ မြန်မာနိုင်ငံထဲက ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ပါဝင်ကူညီမှု လုပ်နေကြပါတယ်၊ နိုင်ငံ ရေး၊ စီးပွားရေး ကိစ္စ တချို့မှာလည်း ပါဝင်ကူညီပေးတာ ရှိပါတယ်”ဟု ဦးအောင်နိုင်ဦး က ဆိုသည်။
ပြည်တွင်းမှ သင်တန်းသား ၃၀၀ ကျော်အား သင်တန်းများပေးခဲ့ပြီး ရန်ကုန်အခြေစိုက် Myanmar Egress အဖွဲ့နှင့် ပူးပေါင်း ၍ ဆောင်ရွက်နေခြင်းများရှိကြောင်းလည်း သိရသည်။
ဗဟုအဖွဲ့သည် ချင်းမိုင် တက္ကသိုလ်၌ ဖွင့်လှစ်ထားသော Community Development and Civic Empowerment (CDCE) ၃ လ သင်တန်းသို့ ပြည်တွင်းမှ သင်တန်းသားများ ခေါ်ယူပြီး ကုန်ကျ စရိတ်များကို တာဝန်ယူ၍ သင်တန်းများ ပို့ချပေးခြင်း ဖြစ် ကြောင်း ဗဟု အဖွဲ့က ပြောသည်။
CDCE သင်တန်း တကြိမ်လျှင် လူဦးရေ ၃၅ ဦးဝန်းကျင်ခေါ်ယူ သင်တန်းပေးခဲ့သည်မှာ ၁၁ ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ မီဒီယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် CDCP ဂျာနယ်လစ်ဇင် သင်တန်းကိုလည်း ဘန်ကောက်မြို့၌ ၂ ကြိမ် ဖွင့်လှစ်ပြီးဖြစ် ကြောင်း၊ ထိုသင်တန်းများ အပြင် စီးပွားရေးဆိုင်ရာ သုတေသန လုပ်ငန်းများကိုလည်း လုပ်ဆောင်ကြောင်း ဗဟု အဖွဲ့ဝင် တဦး က ဧရာဝတီ ကို ပြောပြသည်။
ဗဟုအဖွဲ့၏ လုပ်ငန်းများအတွက် ကုန်ကျငွေများကို ဥရောပ နိုင်ငံများမှ အဖွဲ့တချို့ နှင့် တခြားသော အလှုရှင်များက ကူညီပေး ကြောင်းလည်း ၎င်းက ဆိုသည်။
၂၀၀၅ ခုနှစ်တွင် ဗဟုအဖွဲ့ကို စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျေးလက်ဒေ သ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်း လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗဟု ဖွံ့ဖြိုးရေးအဖွဲ့၏ ဗဟို အလုပ်မှုဆောင်အဖွဲ့၌ ဒေါက်တာ ဇော်ဦး၊ ဦးအောင်နိုင်ဦး ၊ ဦးအောင်သူငြိမ်း၊ ဦးဝင်းမင်း စသည်တို့ ပါဝင်သည်။ ၎င်းတို့သည် ၁၉၈၈ အရေးတော်ပုံအပြီးတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ABSDFအဖွဲ့သို့ဝင်ရောက်၍ ထိပ်ပိုင်း ခေါင်းဆောင် တာဝန်များကို ထမ်းဆောင်ခဲ့သူများ ဖြစ်သည်။

No comments:

Post a Comment